အိပ်မက်မျှသာ
Vol. 1 Ch. 70
"ဂိုဏ်းတူအစ်ကို စန်းဝမ့် ခင်ဗျားရဲ့ဘဝက အဆုံးသတ်ခါ နီးနေပြီ။ ဘာလို့ ဆရာသခင်ဆီမှာ ဓာတ်လုံး သွားမတောင်း ရတာလဲ။ ဓာတ်လုံးသာရရင် နောက်ထပ် အနှစ်သုံးရာလောက် ဆက်ပြီး အသက်ရှည်နိုင်ဦးမှာ"
ကျင့်ကြံသူ လူငယ်က အလေးအနက် ပုံစံဖြင့် ပြောလိုက်လေသည်။
"ဓာတ်လုံးနဲ့ ဆိုရင်တောင်မှ ခဏပဲ အသက်ရှင်နိုင်မှာပါ။ ဒီတော့ လူဝင်စားဘဝနဲ့ ပြန်လာခဲ့မယ်"
တာအိုဆရာ စန်းဝမ့်က အေးစက်စွာဖြင့် ပြောလိုက်လေသည်။
"လူပြန်ဝင်စားတယ်ဆိုတာ တကယ်ရော အလုပ်ဖြစ်ပါ့မလား။ ကျုပ်ကတော့ ဒီဘဝကိုပဲ သဘောကျတယ်။ နောက်ဘဝ မလိုချင်ဘူး"
ကျင့်ကြံသူ လူငယ်က ပြောရင်း မတ်တတ်ရပ်လိုက်ပြီး အခန်းထဲမှ ထွက်ခွာ သွားလေသည်။
လရောင်မှာ အခန်းတွင်းသို့ ဖြာကျနေပြီး တာအိုဆရာ စန်းဝမ့်၏ ခြေထောက်များပေါ်သို့ ကျရောက် နေလေသည်။
လရောင်မှာ သဲများကဲ့သို့ ပေါင်းစည်းသွားပြီး တဖြည်းဖြည်းနှင့် လူတစ်ယောက်၏ ပုံသဏ္ဌာန် ဖြစ်ပေါ် လာလေသည်။ ထို လူပုံသဏ္ဌာန်မှာ တာအိုဆရာစန်းဝမ့်နှင့် တစ်ထေရာတည်း တူနေ လေတော့သည်။ အင်္ကျီစပင် လွဲချော်ခြင်း မရှိပေ။
သူက အခန်းတံခါးကို ပိတ်လိုက်သည်။ လရောင်မှာ ပျောက်ကွယ်သွားပြီး အခန်းထဲတွင် မှောင်မိုက်တိတ်ဆိတ် သွားလေသည်။
ဝိညာဉ်လွှင့်သည့် ပညာရပ်တွင် လရောင်ကို စုစည်းပြီး လူသားအသွင် ဖန်ဆင်းနိုင်လေသည်။ စန်းဝမ့်၏ ဝိညာဉ်မှာ ဆန်းလျန်၏ ဝိညာဉ်နှင့် ယှဉ်လျှင် မည်သူ၏ ဝိညာဉ်စွမ်းအားက ပိုကြီးမားသည်ကို စန်းဝမ့် သိချင်နေမိလေသည်။
ဆန်းလျန်မှာလည်း မိုးမြေစွမ်းအားများကို စုပ်ယူနိုင်သည့် သူတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် လရောင်ကိုလည်း စုပ်ယူနိုင်လေသည်။ သို့သော် သူ၏ လူသားပုံသဏ္ဌာန်ကိုတော့ ကြာရှည်စွာ ထိန်းသိမ်း ထားနိုင်မည် မဟုတ်ပေ။ ထိုအဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် လွန်စွာမှ ခက်ခဲဦးမည် ဖြစ်လေသည်။
သို့သော် သူတို့ နှစ်ယောက်လုံး၏ ဝိညာဉ် စွမ်းအားမှာ မူလ အနှစ်သာရတော့ တူညီလေသည်။
ဆန်းလျန်မှာ ဤနေရာတွင် ဖြစ်ပျက်နေသည့် အခြေအနေများကို သိမြင်နိုင်ခြင်း မရှိပါ။
မိုးမြေစွမ်းအားများ ဆန်းလျန်၏ ခန္ဓာကိုယ်တွင်းသို့ စုစည်းဝင်ရောက် လာပြီး သူ၏ ဝိညာဉ်စွမ်းအားမှာ မြင့်တက်လာကာ သူ၏ ရုပ်ခန္ဓာတွင်လည်း အပြောင်းအလဲများ ဖြစ်ပေါ် လာလေသည်။
သဲကန္တာရထဲတွင် လှည့်လည်သွားလာရင်း သေလုနီးပါး ရေငတ်နေသည့် အချိန် ရေတွေ့ လိုက်ရပြီး ရေကို အငမ်းမရ သောက်သုံးရသည့် ခံစားချက်မျိုး ဖြစ်လေသည်။
မိုးမြေစွမ်းအား အားလုံးမှာ သူ့ဝိညာဉ်အတွင်းသို့ စိမ့်ဝင်သည် မဟုတ်။ အချို့မှာလည်း ပြန်လည် စိမ့်ထွက် သွားကြလေသည်။ ဆန်းလျန်၏ ဝိညာဉ်မှာ စွမ်းအားများကြားတွင် လွတ်မြောက် နေသကဲ့သို့ ခံစား နေရလေသည်။
ထိုခံစားချက်မှာ ဝိညာဉ်လွှင့်သည့် ခံစားချက်နှင့်လည်း မတူညီပေ။ ကမ္ဘာလောကကြီး တစ်ခုလုံး ကို သူ့မျက်လုံးဖြင့် လေ့လာသိမြင် နိုင်သည်ထက် ပိုပြီး ထူးခြားနေလေသည်။
ဝါးအိမ်လေး အတွင်းမှ မိုးမြေ စွမ်းအားများမှာ အခြား နေရာများရှိ စွမ်းအားများထက် ပိုပြီး သိပ်သည်းပုံ ရလေသည်။ ဆန်းလျန်မှာ သူ့ကိုယ်သူ မှန်ဘီလူး တစ်ခုအောက် ရောက်နေသည့် အလား ခံစား နေရလေသည်။
ထို ခံစားချက်ကြောင့်ပင် လောကကြီးမှာ မိုးမြေ စွမ်းအားများသာမက ဒြပ်စင်စွမ်းအား ရှစ်ခုနှင့် ဖွဲ့စည်းထားသည်ဟု သိမြင် လာလေသည်။
ပြောပြရန်တော့ လွန်စွာမှ ခက်ခဲလေသည်။ ကောင်းကင်ထက်သို့ ပျော်ဝင်သွားပြီဟု ခံစား လိုက်ရပြီးနောက် ချက်ချင်းပင် မြေပြင်ပေါ်တွင် အစိုင်အခဲ ဖြစ်နေသည်ဟု ခံစားရပြန်သည်။
မြေပြင်ကြီး တစ်ခုလုံး မြင့်တက်လာသည်ကို သူမြင်တွေ့ နေရပြီး မြေမှုန်များ ပေါင်းစည်း သွားကာ တောင်တစ်တောင် ဖြစ်သွားသည်ကိုလည်း တွေ့မြင် နေရလေသည်။ ဘုံကိုးခုမှ မိုးနှင့်လေ၊ မိုးကြိုးများကိုလည်း မြင်တွေ့ နေရလေသည်။ ရေကန်နှင့် ပင်လယ်များမှာ တဖြည်းဖြည်း ပေါင်းစည်းသွားပြီး မြေပြင်တစ်ခုလုံး ရေထဲတွင် မျောနေသည်ကိုလည်း မြင်ရလေသည်။ သစ်တောများ ဖြင့် ဖုံးလွှမ်းနေသည့် မြေပြင်၊ ထို့နောက် သစ်တောများ အားလုံးကို မီးက လောင်ကျွမ်းသွားသည် ကိုလည်း မြင်တွေ့ရလေသည်။
"ပြောင်းလဲခြင်း သဘောတရား" စာအုပ်အကြောင်းကို သူတွေးလိုက်မိသည်။
ကောင်းကင်၊ မြေကြီး၊ တောင်၊ ရွှံ့နွံ၊ ရေ၊ မီး၊ လေနှင့် လျှပ်စီး…
ထိုဒြပ်စင်စွမ်းအား ရှစ်ခုမှာ မိုးမြေ စွမ်းအားများနှင့် ချိတ်ဆက် နေလေသည်။ ထိုအရာများက အဆုံးမရှိ ပြောင်းလဲဖြစ်ပေါ် နေခြင်းအားဖြင့် လူ့လောကကြီး တည်ရှိနေခြင်း ဖြစ်လေသည်။
ပြောင်းလဲခြင်း နောက်ကွယ်မှ နိယာမကိုတော့ ဆန်းလျန် လုံးလုံးလျားလျား နားလည်ခြင်း မရှိသေးပါ။
ထိုဒြပ်စင်စွမ်းအား ရှစ်မျိုးကိုလည်း ကောင်းကောင်း အသုံးမချနိုင်သေးပါ။
သူခန္ဓာကိုယ်မှ ပြန်စိမ့် ထွက်သွားသည့် စွမ်းအားများမှာလည်း သဘာဝ တရားအဖြစ် ပြောင်းလဲသွားပြီး မိုးမြေ စွမ်းအားများနှင့် ပြန်လည်ပေါင်းစည်း သွားလေသည်။ သူ၏ ဝိညာဉ်မှာလည်း ပုံမှန် အနေအထား ပြန်ဖြစ်သွားလေသည်။
လရောင်ကို စုပ်ယူထားသည့် ဆန်းလျန်၏ ဝိညာဉ်မှာ လရောင်နှင့် ပေါင်းစပ်ပြီး မီးတောက် တစ်ခုအလား တောက်ပ လာလေသည်။
ဝိညာဉ်က ဆန်းလျန်ရှေ့သို့ ဆင်းသက် လာလေသည်။ ဆန်းလျန်က သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး အသက်ရှူထုတ် လိုက်သည်။ ဝိညာဉ်မှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက် လာပြီး ယခင်က ကြီးမားလာသည့် ဝိညာဉ် စွမ်းအားများကို ခံစားလိုက်ရလေသည်။
***
နောက်တစ်နေ့ နံနက်တွင်တော့ လူစောယိက ဆန်းလျန်၏ တံခါးကို လာခေါက်လေသည်။
သူ့ကို ကြည့်ရသည်မှာ တစ်ညလုံး ကောင်းကောင်း အိပ်စက်ထားသည့်အတွက် အားအင် ပြည့်ပြီး လန်းဆန်း နေလေသည်။
"အစ်ကိုဆန်း တစ်ခုခုများ စားဖို့ အစီအစဉ် မရှိတော့ဘူးလား"
စင်္ကြံလမ်းအတိုင်း လမ်းလျှောက်ရင်း လူစောယိက ပြောလိုက်လေသည်။
"ကျုပ်လည်း ဒီနေရာ တစ်ခါမှ မရောက်ဖူးဘူး။ အစ်ကိုလူလည်း ဝမ့်ရှင်းလမ်း တစ်လျှောက်လုံး ဘာမှ မစားရသေးဘူး ဆိုတော့ ဗိုက်ဆာ နေရောပေါ့။ ကျုပ်တို့ ဒီတောင်ပေါ် လျှောက်ကြည့် ရအောင်လေ။ မကောင်းဘူးလား"
ဆန်းလျန်က ပြန်ပြော လိုက်လေသည်။
ချင်းရွှမ်နတ်တံခါးသို့ ဝင်ရောက် လာနိုင်သူများမှာ အလကား လူများတော့ မဟုတ်ကြကြောင်း လူစောယိ သိရှိလာပြီ ဖြစ်လေသည်။ ဝမ့်ရှင်းလမ်းမှ အခက်အခဲ အန္တရာယ်များမှာ ဆန်းလျန်ကဲ့သို့ လူမျိုး အတွက်တော့ ကြီးမားသည့် အခက်အခဲမျိုး မဟုတ်ပေ။ အရာအားလုံးမှာ ပုံရိပ်ယောင်များ ဖြစ်ကြောင်း သိရှိနေပြီး အစစ်အမှန်ဖြင့် ခွဲထုတ်နိုင်ရန်သာ လိုအပ်လေသည်။
"အစ်ကိုဆန်း မသိဘူး။ ကျုပ်က မင်းနဲ့မတူဘူး။ ငယ်ငယ်ကတည်းက အတွင်းအား မလေ့ကျင့်ဘဲ စာအုပ်တွေပဲ ဖတ်ခဲ့တာ။ ကျုပ်အသက် ဆယ့်နှစ်နှစ်မှာ မြို့နယ် စာပေပညာ စာမေးပွဲ အောင်မြင် ပြီးနေပြီ။ မနှစ်က ကျုပ်အသက် ဆယ့်ခုနစ်နှစ်မှာ နန်းတွင်းအဆင့် စာမေးပွဲ ဖြေဖို့ အဆင်သင့် ဖြစ်နေပြီ။ ဘုရင့်နန်းတွင်း စာမေးပွဲဖြေဖို့ သွားနေရင်း တည်းခိုခန်း တစ်ခုမှာ အဖြစ်အပျက် တစ်ခုသာ မဖြစ်ခဲ့ဘူးဆိုရင် ခုလောက်ဆို ဘုရင့်နန်းတွင်း စာမေးပွဲမှာ ရွှေတံဆိပ်ဆုတောင် ရနေလောက်ပြီ"
ဆန်းလျန်ကို ထိုအကြောင်းများ ပြောပြနေသည့် အချိန်တွင် လူစောယိ၏ မျက်နှာမှာ ထူးခြား နေလေသည်။
"ဘယ်လိုအရာမျိုးက အစ်ကိုလူကို တာအိုကျင့်စဉ် လမ်းဘက် ရောက်စေခဲ့တာလဲ သိခွင့်များ ရနိုင်မလား"
ဆန်းလျန်က အေးဆေးစွာပင် မေးလိုက်လေသည်။
"ကျုပ် တည်းခိုခန်းမှာ တည်းနေတုန်း။ အဲဒီတည်းခိုခန်းက ရွှေရောင်ထမင်းက တကယ့် နာမည်ကြီးပဲ။ ဒါနဲ့ ကျုပ်လည်း စားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ တည်းခိုခန်းကို ရောက်တာနဲ့ ရွှေရောင် ထမင်း တစ်ပန်းကန် မှာလိုက်တယ်။ ရွှေရောင်ထမင်းကို မှာတဲ့သူ လာမှ ချက်ချင်း ချက်ပေးတာ။ အဲဒါမှ အရသာက ပိုကောင်းမှာလေ။ ကျုပ်လည်း စားဖို့ စောင့်နေတုန်း စားပွဲတစ်လုံးမှာ ထိုင်နေတဲ့ တာအို ဆရာကြီးတစ်ပါးကို တွေ့လိုက်တယ်"
"တကယ်တော့ ကျုပ်က တော်တော်ပင်ပန်းနေတာ။ အရမ်းလည်း အိပ်ချင်နေပြီ။ တာအိုဆရာကြီးက ကျုပ်အိပ်ဖို့အတွက် နူးညံ့တဲ့ ခေါင်းအုံးတစ်လုံး လာပေးတယ်။ ကျုပ်က ခေါင်းအုံးကို စားပွဲပေါ် တင်ပြီး ခေါင်းအုံးနဲ့ခေါင်း ထိလိုက်တာနဲ့ အိပ်ပျော် သွားတော့တာပဲ။ အိပ်မက်ကလည်း ကောင်းလိုက်တာ။ အိပ်မက်ထဲမှာ ကျုပ်က ငွေကြေးချမ်းသာပြီး ဂုဏ်သရေရှိတဲ့ ဘုရင့် အမှုထမ်းဖြစ်နေတာ။ အားလုံးက လေးစားအားကျရတဲ့ ဘဝမျိုးပဲ။ ကျုပ်အိပ်ရာက နိုးလာတဲ့ အထိတောင် ရွှေရောင် ထမင်းက ရောက်မလာသေးဘူး"
"ပွင့်ပွင့်လင်းလင်း ပြောရရင်ဗျာ။ ကျုပ်က ငယ်ငယ်ရွယ်ရွယ်နဲ့ ကျော်ကြားချင်တယ်။ ဂုဏ်သရေရှိပြီး ငွေကြေးချမ်းသာတဲ့သူ တစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ဒါပေမယ့် အဲဒီ အိပ်မက်လည်း မက်ပြီးရော အဲဒါတွေ အားလုံးကို မလိုချင်တော့ဘူး"
"အဲဒီအချိန်ကစပြီး တာအို ကျင့်စဉ်လမ်းကို စိတ်ဝင်စား မိတော့တာပဲ။ ကျုပ်က ကျင့်စဉ်လမ်းကို လိုက်ပြီး အမှန်တရားကို ရှာဖွေချင်တယ်။ လူ့ဘဝဆိုတာ အိပ်မက်တစ်ခု မျှပဲလား ဆိုတာ ကျုပ်သိချင် မိတယ်"
လူစောယိမှာ အကြာကြီး မျိုသိပ် ထားခဲ့ရသည် များကို ဖွင့်ပြော လိုက်ရသည့်အတွက် များစွာ ကျေနပ်နေပုံ ရလေသည်။
ဆန်းလျန်၏ ရင်ထဲတွင် ပြုံးလိုက် မိလေသည်။ သူခေတ်ပေါ် ကမ္ဘာတွင် နေထိုင်ခဲ့စဉ်က သတင်း အချို့ကို သတိရလိုက် မိသည်။ ကျောင်းသားလေး တစ်ယောက်မှာ ဝတ္ထု ဖတ်ရင်း ဝတ္ထုထဲမှ အဓိက ဇာတ်ကောင်က အိပ်မက်ထဲသို့ ရောက်လာကာ တာအိုကျင့်စဉ် ကျင့်ကြံပြီး အမှန်တရားကို ရှာဖွေရန် တိုက်တွန်း လေသည်။ ထို ကျောင်းသားလေးလည်း အနီးဆုံး တာအိုဝတ်ကျောင်း ကျောင်းတော် တစ်ခုသို့ သွားကာ တာအိုကျင့်စဉ် ကျင့်မည်ဟု ပြောဆိုလေသည်။ သို့သော် ဝတ်ကျောင်းတော်မှ တာအို ဆရာက ကျောင်းသားလေး၏ မိဘများကို လှမ်းပြီး တိုင်သည့်အတွက် နောက်ဆုံးတွင် မိဘများ ရိုက်သည်ကို ခံလိုက် ရလေတော့သည်။
လူစောယိမှာ လူကောင်သာ ထွားနေခြင်း ဖြစ်ပြီး အသက်ကတော့ အလွန် ငယ်ရွယ်သေးသည်။ သူအိမ်မှ ထွက်လာပြီး ချင်းရွှမ်နတ်တံခါးသို့ ရောက်ရှိနေသည်ကို သူ၏ မိဘများတောင် သိပါရဲ့လားဟု ဆန်းလျန် တွေးနေမိလေသည်။
အကယ်၍ လူစောယိသာ ဘုရင့်နန်းတွင်း စာမေးပွဲကို အသက်ငယ်ငယ်နှင့် ဖြေဆို အောင်မြင်ခဲ့လျှင် သူ၏ အနာဂတ်မှာ ရွှေရောင်တောက်ပ နေလိမ့်မည် ဖြစ်လေသည်။ ထို့ပြင် ဘုရင့် နန်းတွင်း စာပေဘွဲ့ ဖြစ်သည့် ကျွမ်းယွမ်ဘွဲ့ကို ရရှိသူ အများစုမှာ ဂုဏ်သရေရှိ အိမ်တော်များမှ ဖြစ်ကြ လေသည်။ ဘုရင့်နန်းတွင်း စာမေးပွဲ ဖြေဆိုရန်မှာ လွယ်ကူသည် မဟုတ်ပေ။ သာမန် မိသားစုများမှ သားသမီးများမှာ ဂုဏ်သရေရှိ မိသားစုများမှ သားသမီးများကဲ့သို့ အဆင့်မြင့် ပညာများ သင်ယူရန် အခွင့်အရေး နည်းပါးကြလေသည်။ ဂုဏ်သရေရှိပြီး ကြွယ်ဝ ချမ်းသာသည့် မိသားစုများကသာ သူတို့၏ သားသမီးများအတွက် ဆရာကောင်းများ ငှားယမ်းကာ ဘုရင့်နန်းတွင်း စာမေးပွဲ ဖြေဆိုရန်အတွက် သေချာ သင်ကြားပေးကြခြင်း ဖြစ်လေသည်။ သာမန်မိသားစုမှ သားသမီးများမှာ မည်သို့တတ်နိုင် ပါမည်နည်း။
လူစောယိပြောသည့် စကားများကို နားထောင်ပြီး ဆန်းလျန်မှာလည်း သူ့အကြောင်းများကို ပြန်စဉ်းစား နေမိလေသည်။ ဆန်းလျန်မှာလည်း တာဝန် မသိတတ်သည့် သားသမီး တစ်ယောက်ပင် ဖြစ်လေသည်။ တာအို ကျင့်စဉ်လမ်းသို့ လိုက်လျှောက်ရန်အတွက် အိမ်မှ ထွက်လာခဲ့သည် မဟုတ်ပါလား။ သူနှင့် လူစောယိမှာ ထူးမခြားနားပင် ဖြစ်လေသည်။
"အစ်ကိုဆန်း ဘာလို့ ရယ်နေတာလဲ"
ဆန်းလျန် ရယ်နေသည်ကို တွေ့လိုက်ရသည့် အတွက် လူစောယိက မေးလိုက်ခြင်း ဖြစ်လေသည်။
"မင်းဒီလောက် အဝေးကြီး ထွက်လာတာ မင်းမိသားစုက စိတ်ပူ နေမှာပဲလို့ တွေးမိလို့ပါ"
ဆန်းလျန်က တစ်ချက်ပြုံးရင်း ပြောလိုက်လေသည်။
"ဒီလို ချင်းရွှမ်နတ်တံခါးကို ရောက်လာရတာက အိပ်မက်တစ်ခုသာ မဟုတ်ဘူးဆိုရင် ကျုပ် ကျင့်ကြံ အားထုတ်လို့ အောင်မြင်ခဲ့ရင် ကျုပ်ရဲ့ မိဘတွေကိုလည်း မသေမျိုးဖြစ်တဲ့ နတ်ဒေဝါတွေ ဖြစ်လာအောင် ကူညီဖို့ ဆုံးဖြတ်ထားတယ်။ ကျုပ်တရားရနိုင်ဖို့ ဆယ်နှစ် ကြာနိုင်မလား။ သူတို့ စိတ်မပူအောင်လို့ ကျုပ်အကြောင်း အသေးစိတ် ရေးပြထားတဲ့ စာတစ်စောင် ချန်ထား ပေးခဲ့ပါတယ်။ ကျုပ်ရဲ့ မိဘတွေ နားလည် နိုင်လိမ့်မယ် ထင်ပါတယ်"
လူစောယိက လေးနက်စွာ ပြောလိုက်လေသည်။
"ဂိုဏ်းတူညီလေးက ယုံကြည်မှု လွန်ကဲနေပြီပဲ။ ဆယ်နှစ် လေ့ကျင့်ရုံနဲ့ တရား ရနိုင်မယ်တဲ့လား။ ဗောဓိဿကျနဲ့ တာအို ဆရာသခင် ကြီးတွေတောင် တရားရဖို့ ဆယ်နှစ်မကကျင့်ကြံခဲ့ကြရတာ"
စင်္ကြံလမ်းဘေး တစ်ဖက်တွင် တိုင်တစ်လုံးကို မှီပြီး ရပ်နေသည့် လူငယ် ကျင့်ကြံသူ တစ်ယောက်ကို တွေ့လိုက်ရလေသည်။ သူက လက်ပိုက်ရပ်နေပြီး ဆန်းလျန်နှင့် လူစောယိကို ပြုံး၍ ကြည့်နေလေသည်။
***