← Chapters

အခန်း (၅၇၁)

Vol. 58 Ch. 571

အခန်း (၅၇၁)

Vol. 58 Ch. 571

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၇၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ပိုင်ဆယ်မြို့ရိုးအထက်တွင်... လီဝမ်ဟွေ့ ၊ မြို့စားမင်း ကျီရှီရှောင် ၊ မင်းသမီး ယွီကျိန်း နှင့် လီလင်းတို့သည် တစ်ဦးလျှင် စစ်သည် ၁ သောင်းစီကို ဦးဆောင်ကာ မြို့ရိုးလေးဘက်လေးတန်ကို အသီးသီး ကာကွယ်စောင့်ကြပ်နေကြသည်။

မြို့အတွင်း၌ စုစုပေါင်း စစ်သည်အင်အား ၄ သောင်း ၂ ထောင်ကျော် ရှိလေ၏။ သို့သော် ထိုအထဲတွင် တိုက်ရည်ခိုက်ရည် အလွန်ကောင်းမွန်ပြီး စည်းကမ်းလိုက်နာသော လက်ရွေးစင်စစ်သည်များမှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည် ၁ ထောင် နှင့် ကောင်းကင်မိစ္ဆာ သွေးစစ်သည် ၅ ရာ ၊ စုစုပေါင်း ၁ ထောင် ၅ ရာခန့်သာ ရှိသည်။

ထို့နောက် ဂုဏ်သိက္ခာနှင့် စည်းကမ်းကို နားလည်ပြီး တိုက်ရည်ခိုက်ရည် ကောင်းမွန်သူများမှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အရံစစ်သည်တော် ၂ သောင်း ဖြစ်သည်။

ကျန်ရှိနေသေးသော လူ ၆ ထောင်မှာ အရှေ့ဘက်ကွပ်ကဲရေးရုံးမှ သိုင်းသမားများ ၊ အပြာရောင်နဂါးဂိုဏ်းမှ သိုင်းသမားများ ၊ ကွေ့မင်းသားအိမ်တော်မှ မြင်းတပ်ဖွဲဝင်များနှင့် ကျန်းနန်နယ်စားကတော်၏ တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့သည် သစ္စာရှိကြပြီး တိုက်ရည်ခိုက်ရည်လည်း မဆိုးလှပေ။

ကျန်ရှိသော ၁ သောင်း ၅ ထောင်မှာ မိုမိသားစု တပ်ဟောင်းမှ သုံ့ပန်းများ ဖြစ်ကြသည်။ သူတို့သည် တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း သစ္စာရှိမှုအပိုင်းတွင်မူ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ကံကောင်းသည်မှာ ဤတိုက်ပွဲသည် မြို့ကို ကာကွယ်ရသော တိုက်ပွဲဖြစ်ပြီး ထွက်ပြေးချင်လျှင်ပင် ထွက်ပြေးရန် ခက်ခဲလှသည်။ ထို့အပြင် ဤလူ ၅ ထောင်ကို ကျန်တပ်ဖွဲ့များကြားတွင် ဖြန့်ခွဲရောနှောထားလိုက်သည်။ သို့မှသာ ပုန်ကန်မှု ဖြစ်လာလျှင်ပင် ကြီးမားသော သက်ရောက်မှု မရှိနိုင်မည် ဖြစ်၏။

မြို့ရိုးအထက်မှနေ၍ လီဝမ်ဟွေ့သည် ရွှမ်ချန်နယ်စားမင်း လုကျန့်အား လှမ်းအော်ပြောလိုက်သည်။

“နယ်စားမင်း... ယွမ်ထျန်ကျောက်ရဲ့ စစ်တပ်က မိုင် ၆၀ အကွာမှာ ရပ်တန့်နေပြီ... ခင်ဗျားလက်ထဲမှာ စစ်သားနည်းနည်း ရှိတာနဲ့တင် ကိုယ့်ကိုယ်ကိုယ် စစ်ဘုရင်တစ်ပါးလို့ ထင်နေတာလား... သူများအတွက်နဲ့ မီးခဲကို လက်နဲ့ မကိုင်စမ်းပါနဲ့ဗျာ...”

ရွှမ်ချန်နယ်စားမင်း လုကျန့်က မြို့ရိုးပေါ်ရှိ လီဝမ်ဟွေ့ကို မထီမဲ့မြင် ပြုကာ ပြန်လည် လှောင်ပြောင်လိုက်သည်။

“ငါ့ရဲ့ လုမိသားစုက နန်းတော်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိထားတာ မျိုးရိုးစဉ်ဆက် နှစ်ပေါင်း ၂၀၀ လောက် ရှိပြီကွ... မင်း လီဝမ်ဟွေ့ဆိုတာက ဘာကောင်မို့လို့လဲ... ကိုယ့်ဥကိုယ် ဖြတ်ပြီး ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို ခံယူထားတဲ့ကောင်... ဆင်းရဲသားကနေ ကံကောင်းပြီး ချမ်းသာလာတဲ့ လူတန်းစားပါကွာ... မင်းမှာ ငါနဲ့ စကားပြောဖို့ ဘာအရည်အချင်း ရှိလို့လဲ...”

ဤသည်မှာ ဂုဏ်ကြီးရှင် အများစု၏ ဘုံလက္ခဏာပင် ဖြစ်သည်။ ခေါင်းမာခြင်း ၊ မာနကြီးခြင်းနှင့် အောက်ခြေလွတ်နေခြင်းတို့ ဖြစ်၏။ သူတို့သည် သမိုင်းကြောင်းရှိသော အရပ်ဘက်အရာရှိများကိုမူ လေးစားမှု ထားရှိကြသေးသည်။ သို့သော် မိန်းမစိုးများကိုမူ လုံးဝ အထင်သေးကာ ရန်လိုမုန်းတီးကြသည်။

‘ငါတို့ရဲ့ ဂုဏ်နဲ့ စည်းစိမ်ဥစ္စာတွေက ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်းလာခဲ့တာ... သမိုင်းကြောင်း အခိုင်အမာ ရှိပြီးသား... မင်းတို့လို သင်းကွပ်ထားတဲ့ကောင်တွေက ဆယ်နှစ် နှစ်ဆယ်လောက် ရုန်းကန်ရုံနဲ့ ငါတို့နဲ့ တန်းတူဖြစ်ချင်နေတာလား...’

‘ဘယ်သူက မင်းကို ငါနဲ့ တန်းတူ စကားပြောခွင့် ပေးလို့လဲ...’

‘မင်းတို့က ကျွန်တွေ ၊ အစေခံတွေပဲလေ...’

“ပါးစပ်ပိတ်ထားစမ်း လီဝမ်ဟွေ့... ဘာမှ ဆက်မပြောနဲ့တော့...” ရွှမ်ချန်နယ်စားမင်း လုကျန့်က ဆက်ပြောလိုက်သည်။

“သေဖို့သာ ပြင်ထားလိုက်... ပြီးတော့ ဟို မြင်းထိန်းလေး တုပိုင်ကော... သူ မြို့ထဲမှာ မရှိတာ နှမြောစရာပဲ... မဟုတ်ရင် ငါ တကယ် မေးချင်နေတာ... အသက် ၂၀ လောက်ပဲ ရှိသေးတဲ့ နွားသင်းကွပ်လေးက ပိုင်ဆယ်မြို့ရဲ့ စစ်သေနာပတိချုပ် ဖြစ်လာရတယ်လို့... ပြီးတော့ အနောက်ပိုင်းငြိမ်းချမ်းရေးနယ်စားတဲ့လား... ဟားဟားဟား... ဒီမျောက်လောင်းနဲ့ လူပြက်ကို ထွက်လာခိုင်းလိုက်စမ်းပါ... ငါတို့ မျက်နှာလေး ဘာလေး ကြည့်ရအောင်လို့...”

ရုတ်တရက် သူ့အနောက်ရှိ စစ်သည်သောင်းချီက လှောင်ပြောင်ရယ်မောလိုက်ကြသည်။

“ညီအစ်ကိုတို့... ပိုင်ဆယ်မြို့ထဲမှာ တုပိုင် ရှာဖွေသိမ်းဆည်းထားတဲ့ ပြည်သူ့သွေး ပြည်သူ့ချွေးတွေ အများကြီးပဲ... ငွေတုံး ၅ သန်းကျော်တောင် ရှိတယ်...” ရွှမ်ချန်နယ်စားမင်း လုကျန့်က အော်ဟစ်လိုက်သည်။ “မြို့ထဲ ဝင်ပြီး အဲဒီ ငွေတုံး ၅ သန်းကို လုကြ... ငါတို့အားလုံး အတူတူ ချမ်းသာကြမယ်ဟေ့...”

တကယ်တမ်းတွင်လည်း ပိုင်ဆယ်မြို့ထဲတွင် ငွေတုံး ၅ သန်းခန့် ရှိနေသည်။ တုပိုင်သည် မိုတပ်ဖွဲ့ဟောင်းမှ ၁၀ နှစ်တာ ကာလအတွင်း ဘိန်းရောင်းချ၍ ရရှိထားသော မဲညစ်သည့်ငွေများကို သိမ်းဆည်းထားခြင်း ဖြစ်သည်။

ထို့နောက် ရွှမ်ချန်နယ်စားမင်း လုကျန့်သည် မြို့ရိုးသုံးဖက်အောက်တွင် သူ၏ စစ်သည် ၇ သောင်းကို ဖြန့်ခွဲလိုက်သည်။

သို့သော် ကောက်ကျစ်စဉ်းလဲသော သူသည် စစ်တပ်သုံးခုလုံးကို တပြိုင်နက်တည်း တိုက်ခိုက်ခိုင်းခြင်း မရှိပေ။ စစ်သည် ၂ သောင်း ၃ ထောင်ခန့်သာ ရှိသော တပ်ဖွဲ့တစ်ဖွဲ့တည်းကိုသာ မြောက်ဘက်မြို့ရိုးကို တိုက်ခိုက်စေခဲ့သည်။

ကျန်ရှိသော စစ်သည် ၄ သောင်း ၆ ထောင်သည် အခြားမြို့ရိုးနှစ်ဖက်နှင့် မီတာ ၅၀၀ အကွာတွင် အမြဲတမ်း အဆင်သင့် စောင့်ဆိုင်းနေကြသည်။ သူတို့သည် တိုက်ခိုက်ခြင်း မပြုသော်လည်း အချိန်မရွေး တိုက်ခိုက်နိုင်သည့် အနေအထားတွင် ရှိနေသည်။ ရလဒ်အနေဖြင့် အခြားမြို့ရိုးများမှ ခံစစ်မှူးများသည် မြောက်ဘက်မြို့ရိုးကို လာရောက် ကူညီနိုင်ခြင်း မရှိတော့ပေ။

ထို့အပြင် မီတာ ၅၀၀ အကွာအဝေးဆိုသည်မှာ မြို့တွင်းရှိ ကျောက်ခဲပစ်စက်များအတွက်လည်း ရန်သူကို တိုက်ခိုက်ရန် အလွန်ခက်ခဲသော အနေအထား ဖြစ်သည်။

ရွှမ်ချန်နယ်စားမင်းသည် ကျောက်ခဲပစ်စက် တစ်လုံးမှ မပါဘဲ မိုင်ပေါင်းထောင်ချီ ချီတက်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ပိုင်ဆယ်မြို့သိမ်းတိုက်ပွဲတွင် နှစ်ဖက် ကျောက်ခဲပစ်စက်များဖြင့် အပြန်အလှန် ပစ်ခတ်သည့် အဆင့်ကို တိုက်ရိုက် ကျော်သွားခဲ့သည်။

“ဧကရာဇ်ဘက်တော်သားတွေ... သစ္စာဖောက်တွေကို အပြစ်ပေးကြ... တုပိုင်ကို သတ်ကြ...”

“သတ်... သတ်... သတ်...”

ရွှမ်ချန်နယ်စားမင်း အမိန့်ပေးလိုက်သည်နှင့် သူ၏ စစ်သည် ၂ သောင်း ၃ ထောင်သည် မြောက်ဘက်မြို့ရိုးဆီသို့ ကျွမ်းကျင်စွာပင် ဖြန့်ခွဲ၍ ပြေးဝင်လာကြသည်။

လီဝမ်ဟွေ့သည် အောက်ဘက်မှ ပြေးတက်လာသော စစ်တပ်ကြီးကို ကြည့်လိုက်ပြီးနောက် မြို့ရိုးပေါ်ရှိ ခံစစ်မှူးများကို ကြည့်လိုက်သည်။ သူ၏ မြို့ရိုးဘက်တွင် စုစုပေါင်း ခံစစ်စစ်သည် ၁ သောင်း ရှိသည်။ ယင်းတို့အနက် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အရံစစ်သည် ၅ ထောင်သည် တိုက်ခိုက်လိုစိတ် ပြင်းထန်နေကြပြီး ၊ မိုတပ်ဖွဲ့ဟောင်းမှ စစ်သည် ၄ ထောင်၏ မျက်လုံးများတွင်လည်း အရောင်များ တောက်ပြောင်နေကြသည်။

မြို့စားမင်းလေး ကျီရှီရှောင်၏ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည် ၁ ထောင်မှာမူ အထွေထွေ အရံတပ်ဖွဲ့အဖြစ် အန္တရာယ်အရှိဆုံးနှင့် အရေးအကြီးဆုံး အချိန်ကျမှသာ ထွက်ပေါ်လာမည် ဖြစ်သည်။

“သတ်... သတ်... သတ်...”

ရွှမ်ချန်နယ်စားမင်း၏ စစ်သည် ၂ သောင်း ၃ ထောင်သည် ရူးသွပ်စွာ ဟိန်းဟောက်ရင်း အရှိန်အဝါများ ကောင်းကင်သို့ ထိုးတက်လာကာ ပို၍ ပို၍ နီးကပ်လာကြသည်။

လီဝမ်ဟွေ့သည်လည်း ဓားကို မြှောက်လိုက်ပြီး အားကုန်လွှဲချလိုက်သည်။

“အားပြင်းလေးသည်တော် တပ်ဖွဲ့... ပစ်...”

ရုတ်တရက် သူတို့၏ အနောက်ဘက်ရှိ ဧရာမ လေးကြီးများ ရာပေါင်းများစွာသည် မြို့ရိုးကို ကျော်လွန်၍ မြားတံထောင်ပေါင်းများစွာကို ပစ်လွှတ်လိုက်ရာ လေထုထဲတွင် ထက်ရှသော မျဉ်းကွေးကြီးတစ်ခု ဖြစ်ပေါ်သွားပြီး ရွှမ်ချန်နယ်စားမင်း၏ စစ်တပ်ဆီသို့ ကျရောက်သွားသည်။

“ရွှီး... ရွှီး... ရွှီး...”

ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ ဧရာမ လေးကြီးများသည် အလွန် အားကောင်းလှသဖြင့် သာမန် သံချပ်ကာများကို အလွယ်တကူ ဖောက်ထွင်းသွားနိုင်သည်။

ချက်ချင်းပင် ရန်သူစစ်သည် ဒါဇင်ပေါင်းများစွာ သွေးအိုင်ထဲတွင် လဲကျသွားကြသည်။ မြားတံထောင်ချီ ပစ်ခတ်သော်လည်း လူဒါဇင်အနည်းငယ်သာ သေဆုံးရခြင်းမှာ ရွှမ်ချန်နယ်စားမင်း၏ စစ်သည်များ ဖြန့်ခွဲထားပုံ ကျဲလွန်းသောကြောင့် ဖြစ်သည်။

မကြာမီ ရန်သူများသည် မီတာ ၂၀၀ အတွင်းသို့ ဝင်ရောက်လာကြသည်။

လီဝမ်ဟွေ့ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

“လေးသည်တော်တွေ အားလုံး... အဆင်သင့်ပြင်... ပစ်...”

ရုတ်တရက် ဧရာမ လေးကြီး ရာပေါင်းများစွာနှင့် စစ်သည် ၁ သောင်းတို့သည် လေးများကို ဆွဲတင်လိုက်ကြပြီး တပြိုင်နက်တည်း ပစ်လွှတ်လိုက်ကြသည်။

“ရွှီး... ရွှီး... ရွှီး...”

မြားမိုး ရွာချလိုက်သကဲ့သို့ပင်။

ရန်သူ ရာပေါင်းများစွာ အော်ဟစ်ကာ လဲကျကုန်ကြသည်။

“အဆင်သင့်ပြင်... ပစ်...”

ဒုတိယအကြိမ် မြားမိုးရွာခြင်း ၊ တတိယအကြိမ် နှင့် စတုတ္ထအကြိမ်။

လေးနှင့် မြား ပစ်ခတ်မှု ပြီးဆုံးသွား၏။

တိုက်ပွဲရလဒ်မှာ ရန်သူစစ်သည် ၅၀၀ ခန့်ကို သေဆုံးဒဏ်ရာရစေခဲ့သည်။

“ဒုန်း... ဒုန်း... ဒုန်း...”

ရွှမ်ချန်နယ်စားမင်း တပ်ဖွဲ့မှ စစ်သည်များသည် လှေကားထောင်ပေါင်းများစွာကို သယ်ဆောင်လာပြီး မြို့ရိုးပေါ်သို့ တင်လိုက်ကြသည်။

ထို့နောက် ဒိုင်းများကို ကိုင်ဆောင်ထားသော စစ်သည်များသည် ပုရွက်ဆိတ်အုံ ပွင့်သွားသကဲ့သို့ လှေကားများပေါ်သို့ တက်လာကြသည်။

“ဝုန်း... ဝုန်း... ဝုန်း...”

မြို့ရိုးပေါ်မှနေ၍ ကြီးမားသော ကျောက်တုံးကြီးများကို ရူးသွပ်စွာ ပစ်ချလိုက်ကြသည်။ သစ်တုံးကြီးများ ဒလိမ့်ခေါက်ကွေး ကျဆင်းလာသည်။ ပြီးနောက် မီးလောင်စာဆီများကို အားကုန်လောင်းချလိုက်ကြသည်။

စစ်ပွဲစတင်ပြီး နာရီဝက်ပင် မပြည့်သေးခင်မှာပင် ရက်စက်ကြမ်းကြုတ်သော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

**--**--**--**--**--**--**--**

ရှေးကျသော ပိုင်ဆယ်မြို့သိမ်းတိုက်ပွဲနှင့် ယှဉ်လျှင် တုပိုင်၏ တာ့လုံပေါင်တိုက်ပွဲမှာ ပိုမို ခမ်းနားပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။

မီတာ ၄၀၀ မှ ၅၀၀ အကွာအဝေးအတွင်း ၁၂ ပေါင်အမြောက်၏ စွမ်းအားမှာ အံ့မခန်းပင် ဖြစ်၏။

အမြောက်ဆံများသည် လျှပ်စီးတန်းများကဲ့သို့ လီမိသားစု စစ်တပ်ထဲသို့ တိုးဝင်သွားကြသည်။ ခဏအတွင်းမှာပင် သွေးလမ်းကြောင်းကြီးများကို ထွန်ယက်လိုက်သကဲ့သို့ ဖြစ်ပေါ်သွားလေ၏။

ရောက်လေရာ အရပ်တိုင်းတွင် သွေးများ ၊ ပြတ်ရှနေသော ကိုယ်လက်အင်္ဂါများ ၊ အော်ဟစ်သံများနှင့် အလောင်းကောင်များသာ ကျန်ရစ်ခဲ့သည်။

ဤသည်မှာ ပထမဆုံးအကြိမ် ပစ်ခတ်ခြင်း ဖြစ်သဖြင့် တိကျမှုကို များစွာ မျှော်လင့်ထားခြင်း မရှိပေ။ သို့သော် လီမိသားစု၏ စစ်သည် ၃ သိန်းမှာ လူစုဖွဲ့ပုံ သိပ်သည်းလွန်းလှသည်။

အကယ်၍ ကျောက်ခဲပစ်စက်ဆိုလျှင် မည်သည့်နေရာသို့ ကျမည်ကို ခန့်မှန်းတွက်ချက်ပြီး ကြိုတင် ရှောင်တိမ်းနိုင်သေးသည်။ သို့သော် အမြောက်ဆံ၏ အမြန်နှုန်းမှာ မြန်လွန်းလှသည်။ မျက်စိတစ်မှိတ်အတွင်းပင် ဖြစ်၏။

တုပိုင်သည် ပထမအကျော့တွင် အမြောက် ၇၀ ကို ပြိုင်တူပစ်ခတ်ခဲ့ရာ အမြောက်ဆံ ၅၀ နီးပါး ထိမှန်ခဲ့သည်။

“ဝေါ... ဝေါ... ဝေါ...”

သွေးလမ်းကြောင်းကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ အကြောက်စရာအကောင်းဆုံးအချက်မှာ အမြောက်ဆံသည် မြေကြီးကို ထိမှန်ပြီးနောက် ပြီးဆုံးသွားခြင်း မရှိဘဲ ပြန်ကန်တက်လာခြင်း ဖြစ်သည်။

မည်သည့်စစ်သည်မဆို ထိမှန်သည်နှင့် တပြိုင်နက် မည်မျှထူထဲသော သံချပ်ကာကို ဝတ်ဆင်ထားပါစေ ၊ ခန္ဓာကိုယ်မှာ တိုက်ရိုက် ပေါက်ထွက်ခြင်း သို့မဟုတ် ထိုးဖောက်ခံရခြင်း ဖြစ်သွားရသည်။

အမြောက်ဆံ ၃ လုံးသည် လီမိသားစု၏ ဧရာမ ကျောက်ခဲပစ်စက်ကြီးများကို တည့်တည့်မတ်မတ် သွားရောက်ထိမှန်လေသည်။

“ခွမ်း...”

တစ်ခဏအတွင်းမှာပင်... သစ်သားဖြင့် ပြုလုပ်ထားသော ကျောက်ခဲပစ်စက်ကြီးများသည် အစအနမကျန် စုတ်ပြတ်သတ်သွားကြသည်။ တုပိုင်၏ အမြောက် ၇၀ ပထမအကျော့ ပစ်ခတ်မှုသည် ထောင်ပေါင်းများစွာကို သေဆုံးဒဏ်ရာရစေခဲ့ပြီး ကျောက်ခဲပစ်စက် ၃ လုံးကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။

ဤရလဒ်သည် တုပိုင်၏ စိတ်ကူးထက်ပင် ကျော်လွန်နေပြီး အက်စ်၏ ၆ ပေါင်အမြောက် ၁၃၀ ပစ်ခတ်ခဲ့စဉ်ကနှင့် လုံးဝ ကွာခြားလှသည်။

ထိုစဉ်က အက်စ်၏ ၆ ပေါင်အမြောက် ၁၃၀ ပစ်ခတ်မှုသည်လည်း ကမ္ဘာမြေကြီး တုန်ဟီးသွားစေခဲ့သည်။ သို့သော် သူပစ်ခတ်ခဲ့သည်မှာ မြို့ရိုးကို ဖြစ်သည်။ ထို့အပြင် ၆ ပေါင်အမြောက်သည် မီတာ ၄၀၀ ၊ ၅၀၀ အကွာအဝေးတွင် ၁၂ ပေါင်အမြောက်လောက် စွမ်းအားမပြင်းထန်ပေ။

အဓိကအချက်မှာ လီမိသားစု စစ်တပ်သည် သိပ်သည်းလွန်းနေပြီး မည်သည့် အကာအကွယ်မှလည်း မရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ပထမအကျော့ ပစ်ခတ်မှုတစ်ခုတည်းနှင့်ပင် ဤမျှ ပြောင်မြောက်သော မှတ်တမ်းကို ရရှိခဲ့ခြင်း ဖြစ်သည်။

လီကျန့် ဖြစ်စေ ၊ လီရူဟိုင် ဖြစ်စေ ၊ ဤမြင်ကွင်းကို ကြည့်ပြီး လုံးဝ ကြောင်အသွားကြသည်။

သူတို့သည် အမြောက်များအကြောင်း မသိမဟုတ် ၊ သိကြသည်။ အမှန်တကယ်တော့ အက်စ်၏ ကြွားလုံးများကို နားငြီးအောင် ကြားဖူးနေကြပြီ ဖြစ်သည်။ သို့သော် အက်စ်ကို စမ်းသပ်ပစ်ခတ်ပြပါဟု ပြောလိုက်တိုင်း အက်စ်က ထူးဆန်းစွာဖြင့် ငြင်းဆန်ခဲ့ပြီး အမြောက်ဆိုသည်မှာ စစ်ပွဲ၏ ဘုရားသခင်ဖြစ်ကြောင်း ၊ ပစ်လိုက်သည်နှင့် သွေးပင်လယ်ဝေသွားမည်ဖြစ်ကြောင်းသာ လေလုံးထွားခဲ့သည်။

သို့သော် အက်စ်၏ စစ်သည် ၅ သောင်းသည် ဖူကျိုးမြို့တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး သူ၏ အမြောက် ၁၀၀ ကျော်သည်လည်း ဘာအသုံးမှ မဝင်ခဲ့ပေ။

ထို့ကြောင့် လီမိသားစုအနေဖြင့် အမြောက်၏ စွမ်းအားဆိုသည်မှာ အက်စ်က အရှေ့တိုင်းသားများကို နားမလည်၍ လျှောက်ကြွားနေခြင်းသာ ဖြစ်သည်ဟု အလိုလို ခံစားမိခဲ့ကြသည်။

လူအများ၏ မျက်လုံးထဲတွင် အမြောက်ဆိုသည်မှာ ကျောက်ခဲပစ်စက်လောက်ပင် မကောင်းဟု ထင်မြင်နေကြသည်။ ကျောက်ခဲပစ်စက်က ပေါင်ချိန် ၁၀၀ ကျော်လေးသော ကျောက်တုံးကြီးများကို ပစ်ထုတ်နိုင်ပြီး အမြောက်က ပစ်ထုတ်သော သံလုံးမှာ ၁၀ ပေါင်ခန့်သာ ရှိသည် မဟုတ်ပါလော။

သို့သော် ယခုအခါ တုပိုင်၏ လက်ထဲရှိ အမြောက်များသည် အံ့မခန်းဖွယ်ရာ သေစေနိုင်သော စွမ်းအားကို ပြသလိုက်ပြီ ဖြစ်သည်။

ပထမအကျော့ ပစ်ခတ်မှုကပင် ထောင်ချီသော ထိခိုက်သေဆုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ အဓိကအချက်မှာ အပေါ့ပါးဆုံး ထိမှန်လျှင်ပင် ခြေပြတ်လက်ပြတ် ဖြစ်ကုန်ကြခြင်းပင်။ စွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းပြီး ကျောချမ်းစရာ ကောင်းလှသည်။

လီမိသားစု၏ ဧရာမ ကျောက်ခဲပစ်စက် ၂၀၀ ကျော်၏ ပထမအကျော့ ရလဒ်ကကော မည်သို့ရှိသနည်း။

ကျောက်ခဲပစ်စက်၏ တိကျမှုသည် ကံတရားနှင့်သာ သက်ဆိုင်သည်ဟု ပြောရမည်။

တာ့လုံပေါင်၏ မြေမျက်နှာသွင်ပြင် မြင့်မားနေသောကြောင့် ကျောက်ခဲပစ်စက် ပစ်ခတ်သူများ တွက်ချက်မှု မှားယွင်းသွားကြသည်။ ထို့ကြောင့် လီမိသားစု၏ ပထမအကျော့ ကျောက်တုံးဗုံး ၈၀ ရာခိုင်နှုန်းသည် တာ့လုံပေါင်၏ မြို့ရိုးအရှေ့ရှိ မြေကွက်လပ်သို့သာ ကျရောက်သွားသည်။

နောက်ထပ် ၁၀ ရာခိုင်နှုန်းကျော်သော ကျောက်တုံးဗုံးများသည် တာ့လုံပေါင် အတွင်းသို့ ကျရောက်သွားပြီး အိမ်ခြေ ဒါဇင်အနည်းငယ်ကို ဖျက်ဆီးပစ်လိုက်သည်။

သို့သော် ဧရာမ ကျောက်တုံးကြီး ၃ လုံးသည် တာ့လုံပေါင်၏ မြို့ရိုးကို ထိမှန်သွားသည်။

ကျောက်တုံးကျရောက်မည့် နေရာကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သဖြင့် မြို့ရိုးပေါ်ရှိ စစ်သည်များ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ကြသည်။

သို့သော်လည်း ထိခိုက်ဒဏ်ရာရသူ ဒါဇင်အနည်းငယ် ရှိခဲ့ပြီး တာ့လုံပေါင်၏ မြို့ရိုးတွင် ကြီးမားသော အပေါက်ကြီး ၃ ပေါက် ဖြစ်ပေါ်သွားသည်။

ပြောရလျှင် ဤသည်မှာ တကယ့်မြို့ရိုးအစစ် မဟုတ်ဘဲ သစ်သားနှင့် မြေကြီးဖြင့် ပြုလုပ်ထားသော တံတိုင်းသာ ဖြစ်သည်။

“ဝုန်းးး ဝုန်းးး ဝုန်းးး”

ကျောက်တုံးကြီး ၃ လုံး တံတိုင်းကို ဝင်ဆောင့်သော မြင်ကွင်းမှာ တုန်လှုပ်စရာ ကောင်းနေဆဲပင်။ ခိုင်ခံ့ပုံရသော တံတိုင်းကြီးသည် ကြီးမားသော ကွာဟချက်များ ဖြစ်ပေါ်ကာ စုတ်ပြတ်သွားရသည်။

မြင့်မားသော နေရာမှ ကြည့်နေသည့် အိမ်ရှေ့စံ လီကျန့်သည် ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားသည်။

သူ့စိတ်ထဲတွင် ပထမအကျော့ ယှဉ်ပြိုင်မှု၌ လီမိသားစု၏ ကျောက်ခဲပစ်စက်များက ရှုံးနိမ့်ခြင်း မရှိဘဲ အနိုင်ရသည်ဟုပင် ထင်မှတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် မြို့သိမ်းတိုက်ပွဲတွင် တစ်ဖက်ရန်သူ မည်မျှသေဆုံးသည်ဆိုခြင်းက ဒုတိယအချက်ဖြစ်ပြီး ၊ အဓိကအချက်မှာ မြို့ရိုးကို ဖောက်ထွင်းနိုင်ရန် ဖြစ်သောကြောင့်ပင်။

ပထမအကျော့ ပစ်ခတ်မှုမှာပင် တုပိုင်၏ တာ့လုံပေါင် တံတိုင်းကို အပေါက်ကြီး ၃ ပေါက် ဖြစ်အောင် ဖောက်ထွင်းနိုင်ခဲ့ခြင်းမှာ ကြီးမားသော အောင်ပွဲပင် ဖြစ်သည်။

သို့သော် တုပိုင်အတွက်မူ လုံးဝ ကွဲပြားခြားနားသော စစ်ပွဲဒဿနများ ရှိနေလေသည်။

အိမ်ရှေ့စံ လီကျန့်က အော်ဟစ်လိုက်သည်။ “ကျောက်ခဲပစ်စက်တွေ ဆက်ပစ်ထား... တာ့လုံပေါင် တံတိုင်းကြီး တစ်ခုလုံး စုတ်ပြတ်သတ်သွားအောင် ပစ်... တာ့နင်အင်ပါယာရဲ့ သင်းကွပ်ထားတဲ့ ကောင်တွေ ပုန်းစရာ နေရာမရှိအောင် လုပ်ပစ်...”

ထို့နောက် လီမိသားစု၏ ကျောက်ခဲပစ်စက် ၂၀၀ ကျော်သည် ရှုပ်ထွေးခက်ခဲသော လုပ်ငန်းစဉ်များကို တစ်ဖန် ပြန်လည် စတင်ကြပြန်သည်။

ပထမဦးစွာ ပထမအကြိမ်သည် လွဲချော်သွားသောကြောင့် ကျောက်ခဲပစ်စက်၏ နေရာကို ချိန်ညှိရသည်။ ချိန်ရွယ်မှုကို ပြန်လည် ပြုလုပ်ရသည်။ ထို့နောက် ရှည်လျားပြီး လေးလံသော ပစ်တံကြီးကို အားကုန်သုံး၍ ပြန်ဆွဲတင်ရသည်။

နောက်ဆုံးတွင် ပေါင်ချိန် ၁၀၀ ကျော်လေးသော ကျောက်တုံးကြီးများကို ပစ်ခွက်ထဲသို့ ထည့်ရသည်။ လုပ်ငန်းစဉ် တစ်ခုလုံးသည် ၈ မိနစ် ၊ ၉ မိနစ်ခန့် ကြာမြင့်လေသည်။

ထို့ဆိုလျှင် တုပိုင်၏ ၁၂ ပေါင်အမြောက်များ ဒုတိယအကျော့ ပြန်လည်ပစ်ခတ်ရန် မည်မျှ ကြာမြင့်သနည်း။

မိနစ်ဝက်ကျော်... မိနစ်ဝက်ကျော်မျှသာ။

အဘယ်ကြောင့်ဆိုသော် ဤအမြောက်တပ်သား ရာပေါင်းများစွာသည် အကျွမ်းကျင်ဆုံး ပညာရှင်များ ဖြစ်ကြသည်။ သူတို့သည် အမြောက်ပြောင်းကို အမြန်ဆုံး ဆေးကြောနိုင်ပြီး ၊ ယမ်းအိတ်ကို အမြောက်ပြောင်းထဲသို့ တန်းထည့်ကာ ၊ အမြောက်ဆံကို ထည့်ပြီး မီးရှို့ ပစ်လွှတ်လိုက်ရုံသာ ဖြစ်သည်။

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၇၁ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters