← Chapters

အခန်း (၅၇၂)

Vol. 58 Ch. 572

အခန်း (၅၇၂)

Vol. 58 Ch. 572

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၇၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ဤယမ်းအိတ်များကို ပိုးသားဖြင့် ပြုလုပ်ထားပြီး ရေနံဆီထဲ၌ စိမ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် လောင်ကျွမ်းမှု အားကောင်းပြီး ပေါက်ကွဲမှု ပြင်းထန်ကာ အကြွင်းအကျန် ပြာမှုန်ဟူ၍ မရှိသလောက် နည်းပါးလှသည်။

၈ မိနစ် နှင့် မိနစ်ဝက်ကျော်။ ကွာခြားချက်မှာ မိုးနှင့်မြေကဲ့သို့ ကွာခြားလွန်းလှသည်။ ထို့ကြောင့် လီမိသားစု စစ်တပ်သည် ပထမအကျော့ ပစ်ခတ်ခံရမှုမှ ပြန်လည် နာလန်မထူနိုင်သေးခင်မှာပင် တုပိုင်၏ ၁၂ ပေါင်အမြောက် ၇၀ သည် ဒုတိယအကျော့အဖြစ် ထပ်မံ ဟိန်းဟောက်လာပြန်သည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

ကမ္ဘာမြေကြီး တုန်ဟီးသွားစေသည့် ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ထပ်မံ ထွက်ပေါ်လာပြန်၏။ အမြောက်ဆံ ၇၀ သည် အနက်ရောင် လျှပ်စီးတန်းများကဲ့သို့ လေထုကို ခွင်းလျက် ထပ်မံ ပျံသန်းသွားကြပြန်သည်။

ပထမအကျော့ ပစ်ခတ်မှုတွင် အမြောက်ဆံ ၇၀ အနက် ၅၀ ထိမှန်ခဲ့ပြီး ကျန် ၂၀ မှာ လီမိသားစု စစ်တပ်အကြားရှိ ကွက်လပ်များကို ကျရောက်ခဲ့သည်။

ယခု ဒုတိယအကျော့တွင်မူ ချိန်ညှိမှုများ ပြုလုပ်ပြီးပြီ ဖြစ်သဖြင့် ပစ်မှတ်ထိမှန်မှုနှုန်းမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

သွေးပျက်စရာကောင်းသော ရက်စက်ကြမ်းကြုတ်သည့် မြင်ကွင်းများ ထပ်မံ ပေါ်ပေါက်လာရပြန်၏။ လျင်မြန်စွာ ပျံသန်းလာသော သံလုံးကြီးများသည် သွေးလမ်းကြောင်းကြီးများကို ထပ်မံ ထွန်ယက်သွားကြပြန်၏။

မရေမတွက်နိုင်သော လီမိသားစု စစ်သည်များသည် ငိုကြွေးအော်ဟစ်နေကြပြီး ခြေလက်အင်္ဂါအစိတ်အပိုင်းများ လေထဲသို့ လွင့်စဉ်ကုန်ကြသည်။

ပြင်းထန်စွာ ပြန်ကန်ထွက်လာသော အမြောက်ဆံများသည် ဦးတည်ချက်မဲ့စွာဖြင့် လူအုပ်ကြီးကြားတွင် မွှေနှောက်သွားရာ ရောက်လေရာ အရပ်တိုင်းတွင် အလောင်းကောင်များ ပုံသွားလေတော့သည်။

အမှန်တကယ်တော့ ဤဒုတိယအကျော့ ပစ်ခတ်မှု၏ အဓိကပစ်မှတ်မှာ ရန်သူ၏ ကျောက်ခဲပစ်စက်များ ဖြစ်သည်။

ဒုတိယအကျော့ ပစ်ခတ်မှုတွင် ပစ်မှတ်ထိမှန်မှုနှုန်း ၁၀၀ ရာခိုင်နှုန်း တိုးတက်လာပြီး ရန်သူ့ ကျောက်ခဲပစ်စက် ၆ လုံးကို တည့်တည့်မတ်မတ် ထိမှန်သွားသည်။

“ဝုန်းးး”

နောက်ထပ် ကျောက်ခဲပစ်စက်ကြီးများ စုတ်ပြတ်သတ်သွားကာ အပိုင်းပိုင်းအစစ ဖြစ်သွားရပြန်သည်။

“ဒီလောက်တောင် မြန်ရသလား...” အိမ်ရှေ့စံ လီကျန့် တုန်လှုပ်သွားရသည်။

ထို့နောက် သူသည် ခမည်းတော် လီရူဟိုင်ကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။ လီရူဟိုင်၏ မျက်နှာမှာ ဖြူဖျော့နေပြီး စကားတစ်ခွန်းမျှ မဆိုပေ။

တုပိုင်၏ အမြောက်များ ပစ်ခတ်နှုန်း မြန်ဆန်လွန်းလှသဖြင့် အိမ်ရှေ့စံ လီကျန့်က စစ်သည်များကို တိုက်ရိုက် ဝင်ရောက်စီးနင်းရန် အမိန့်ပေးချင်နေသည်ကို သူသိသည်။

သူတို့၏ ကျောက်ခဲပစ်စက်များ တစ်ကြိမ်ပစ်ခတ်ရန် ပြင်ဆင်နေချိန် ၈ မိနစ် အတွင်း၌ တုပိုင်၏ အမြောက်များက ၁၀ ကြိမ်မက ပစ်ခတ်နိုင်နေသည်။

ထိုအချိန်အတောအတွင်း လီမိသားစု စစ်တပ်မှာ ဘာမှပြန်မလုပ်နိုင်ဘဲ အဖက်ဖက်မှ ခံနေရခြင်း ဖြစ်သည်။ ထိခိုက်သေဆုံးမှု များပြားလွန်းလှပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလည်း ကြီးမားလွန်းလှသည်။

သို့သော် အိမ်ရှေ့စံသည် အနာဂတ်ဘုရင် ဖြစ်သည်။ သူက ကျောက်ခဲပစ်စက်ဖြင့် တာ့လုံပေါင် တံတိုင်းကို ဖြိုခွင်းမည်ဟု ပြောထားပြီးဖြစ်ရာ ဒုတိယအကျော့ ပစ်ခတ်မှုကို မဖြစ်မနေ ပြီးဆုံးအောင် လုပ်ရမည် ဖြစ်သည်။ ဘုရင်တို့ မည်သည် စကားမတည်၍ မဖြစ်ပေ။

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

တုပိုင်၏ အမြောက်များကတော့ မိနစ်ဝက်ကို တစ်ခါ အကြိမ်ကြိမ် ဟိန်းဟောက်နေဆဲပင်။ ထို့အပြင် အကြိမ်တိုင်း ပိုမို တိကျလာပြီး ၊ အကြိမ်တိုင်း ပိုမို အံ့ဩစရာ ကောင်းလာသည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

ဤ တိုတောင်းလှသော ၈ မိနစ်ခန့် အချိန်ကာလသည် အိမ်ရှေ့စံ လီကျန့်အတွက်တော့ တစ်နှစ်လောက် ကြာညောင်းနေသကဲ့သို့ ခံစားရသည်။

၈ မိနစ်အတွင်း သူ၏ စစ်တပ်သည် တဖြုတ်ဖြုတ် ကြွေလွင့်သေဆုံးနေရသည်။ သူ့စစ်တပ်၏ စိတ်ဓာတ်ရေးရာသည်လည်း နိမ့်သထက် နိမ့်ကျလာသည်။ သူသည် ကျောက်ခဲပစ်စက် ဒုတိယအကျော့ ပစ်ခတ်မှုကို မစောင့်တော့ဘဲ တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်ရန် အမိန့်ပေးလိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေသည်။

သို့သော် သူ မလုပ်ရဲပေ။ အဘယ်ကြောင့်ဆိုသော် ခမည်းတော်က ဘာမှ ဝင်မပြောသောကြောင့် ဖြစ်သည်။

ခမည်းတော် လီရူဟိုင်သည် ကြောက်မက်ဖွယ်ကောင်းသော အသေအပျောက်များကို သည်းခံပြီး အိမ်ရှေ့စံ၏ အမိန့်တည်မြဲရေးနှင့် ဂုဏ်သိက္ခာကို စောင့်ထိန်းပေးနေခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် အံကိုကြိတ်ပြီး ဤမြင်ကွင်းကို ရပ်ကြည့်နေရုံသာ တတ်နိုင်တော့သည်။ တုပိုင်၏ အမြောက် ၇၀ သည် အလွန် မောက်မာဝင့်ကြွားနေပြီး ခဏကြာတိုင်း တစ်ပြိုင်နက် ဟိန်းဟောက် ပစ်ခတ်နေကြသည်။

ပစ်ခတ်လိုက်တိုင်း ကမ္ဘာမြေကြီး တုန်ဟီးသွားပြီး ၊ ပစ်ခတ်လိုက်တိုင်း သူ၏ ကျောက်ခဲပစ်စက် အများအပြား ပျက်စီးသွားရကာ ၊ ပစ်ခတ်လိုက်တိုင်း လီမိသားစု စစ်သည် ရာပေါင်းများစွာ၏ အသက်ကို နှုတ်ယူသွားသည်။

မရေမတွက်နိုင်သော လီမိသားစု စစ်သည်များ၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်ကို သူ ကိုယ်တိုင် မြင်တွေ့နေရသည်။ လုံးဝကို တစ်ဖက်သတ် အတိုက်အခိုက် ခံနေရခြင်း ဖြစ်ပြီး ပြန်လည်တိုက်ခိုက်ရန် နည်းလမ်းမရှိပေ။

ထိုအခိုက်အတန့်တွင် လီရူဟိုင် နှင့် လီကျန့် နှစ်ဦးစလုံး၏ ရင်ထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။

‘ကျောက်ခဲပစ်စက် ခေတ်ကုန်သွားပြီ... လုံးဝ ပျောက်ကွယ်သွားတော့မယ်...’

‘အမြောက်က အနာဂတ်စစ်ပွဲတွေရဲ့ အကြွင်းမဲ့ အဓိကလက်နက် ဖြစ်လာတော့မယ်...’

‘အက်စ် ကြွားတာ မဟုတ်ဘူးပဲ... အမြောက်ဆိုတာ တကယ့် စစ်ပွဲရဲ့ ဘုရားသခင်ပါလား...’

ကံကောင်းသည်မှာ သူတို့သည် မီးနတ်ဘုရားဘာသာနှင့် မဟာမိတ်ဖွဲ့ထားခြင်း ဖြစ်သည်။ တုပိုင်ကို သုတ်သင်ပြီးသည်နှင့် အနောက်ပိုင်းဒေသ မီးနတ်ဘုရားဘာသာထံမှ အမြောက် ရာပေါင်းများစွာနှင့် အမြောက်တပ်သား ထောင်ပေါင်းများစွာကို ဝယ်ယူရမည်။ ထိုအချိန်သို့ရောက်လျှင် လီမိသားစုသည် တာ့နင်အင်ပါယာ တစ်ခုလုံးကို သိမ်းပိုက်နိုင်ပေလိမ့်မည်။

နောက်ဆုံးတွင် ၈ မိနစ်ကျော် ကြာပြီးနောက် လီမိသားစု တာ့ယန်တိုင်းပြည်၏ ကျောက်ခဲပစ်စက်များ အားလုံး အဆင်သင့် ဖြစ်သွားပြီဖြစ်လေ၏။

ဤအချိန်အတောအတွင်း သူတို့သည် တုပိုင်၏ အမြောက်ဒဏ်ကို ၁၃ ကြိမ်တိုင်တိုင် ခံလိုက်ရပြီး ဖြစ်သည်။

ကျောက်ခဲပစ်စက် ၂၀၀ ကျော်အနက် အလုံး ၈၀ ခန့် ပျက်စီးသွားခဲ့သည်။ ရှေ့တန်းမှ သိပ်သည်းစွာ နေရာယူထားသော လီမိသားစု စစ်သည်တန်းကြီးသည်လည်း စုတ်ပြတ်သတ်နေပြီ ဖြစ်သည်။ ဟိုနားတစ်ပေါက် ၊ ဒီနားတစ်ပေါက်ဖြင့် ကွက်လပ်များ ဖြစ်ပေါ်နေသည်။

သေဆုံးဒဏ်ရာရသူ ၁ သောင်းကျော် ရှိသွားခဲ့ပြီဖြစ်လေ၏။

‘နောက်ဆုံးတော့ ငါ့အလှည့် ရောက်ပြီ...’

အိမ်ရှေ့စံ လီကျန့် အော်ဟစ်လိုက်သည်။

“ကျောက်ခဲပစ်စက်တွေ အားလုံး... တံတိုင်းကို ဖြိုခွင်းလိုက်ကြ... ပစ်...”

“ရွှီးးး ရွှီးးး ရွှီးးး”

ကျန်ရှိနေသော ကျောက်ခဲပစ်စက် ၁၀၀ ကျော်သည် ရူးသွပ်စွာဖြင့် ထပ်မံ ဟိန်းဟောက်လိုက်ကြသည်။ ထိုအချိန်၌ပင် တုပိုင်သည် ၁၂ ပေါင်အမြောက် ၇၀ ဖြင့် ၁၄ ကြိမ်မြောက်အဖြစ် ပစ်ခတ်လိုက်ပြန်၏။

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

“ရွှီးးး ရွှီးးး ရွှီးးး”

ကြောက်မက်ဖွယ်ကောင်းသော အမြောက်ဆံများသည် ထပ်မံ၍ လူသတ်ပွဲ ဆင်နွှဲကြပြန်သည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

ဤတစ်ကြိမ်တွင် နောက်ထပ် ဧရာမ ကျောက်ခဲပစ်စက် ဒါဇင်အနည်းငယ် ထပ်မံ ပျက်စီးသွားရပြန်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် လီမိသားစု ကျောက်ခဲပစ်စက်များမှ ပစ်လွှတ်လိုက်သော ကျောက်တုံးကြီး ၁၀၀ ကျော်သည် ပြင်းထန်စွာ ကျရောက်လာသည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

ဤတစ်ကြိမ်တွင်မူ ရလဒ်များစွာ ထွက်ပေါ်လာသည်။

စုစုပေါင်း ကျောက်တုံးကြီး ၆ လုံးသည် တာ့လုံပေါင် တံတိုင်းကို ဝင်ဆောင့်မိလေသည်။ တစ်ခဏအတွင်းမှာပင် တံတိုင်း၌ အပေါက်ကြီး ၆ ပေါက် ကွဲအက်သွားပြီး တုပိုင်၏ စစ်သည် ၁၀၀ ကျော် သေဆုံးသွားရသည်။

“ကောင်းတယ်...” အိမ်ရှေ့စံ လီကျန့် အော်ဟစ်လိုက်သည်။

‘တုပိုင်... မင်း မောက်မာနေတာ ကြာလှပြီ...’

‘အခုတော့ မင်း သေလမ်းပဲ ရှိတော့တယ်...’

အိမ်ရှေ့စံ လီကျန့်၏ အမြင်တွင် သူတို့သည် ဤစစ်ပွဲကို နိုင်ပြီးသားဟု မှတ်ယူလိုက်သည်။ အဘယ်ကြောင့်ဆိုသော် တုပိုင် ခုခံကာကွယ်နေသော နေရာသည် မြို့မဟုတ်ဘဲ စွန့်ပစ်ထားသော စစ်စခန်းဟောင်းကြီးတစ်ခုသာ ဖြစ်သည်။ ယခုအခါ တံတိုင်းတွင် အပေါက်ကြီး ၉ ပေါက် ဖြစ်ပေါ်နေပြီ ဖြစ်သည်။

ထိခိုက်သေဆုံးမှု ၁ သောင်းကျော် ရှိခဲ့သော်လည်း လီမိသားစုတွင် စစ်သည် ၃ သိန်းနီးပါး ကျန်ရှိနေသေးသည်။

မြို့ရိုး အကာအကွယ်မရှိဘဲ လီမိသားစု၏ စစ်သည် ၃ သိန်းက ၄ သောင်းကျော်ကို တိုက်ခိုက်မည် ဖြစ်သည်။

ရန်သူ့စစ်တပ် မည်မျှပင် ထူးချွန်သည်ဖြစ်စေ ၊ ကျိန်းသေပေါက် ရှုံးနိမ့်မည်မှာ မလွဲဧကန်ပင်။ ထို့အပြင် တုပိုင်၏ စစ်သည် ၄ သောင်းကျော်အနက် ၁ သောင်း ၅ ထောင်မှာ စစ်သည်အသစ်များ ဖြစ်ကြသည်။

အိမ်ရှေ့စံ လီကျန့်သည် သူ၏ ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။

“တပ်မတော်ကြီး ချီတက်... တာ့လုံပေါင်ကို ချေမှုန်းကြ... တာ့နင်အင်ပါယာရဲ့ သင်းကွပ်ခွေးတွေကို သတ်ကြ...”

အမိန့်ပေးလိုက်သည်နှင့် မရေမတွက်နိုင်သော စစ်သည်အုပ်ကြီးသည် ရုတ်တရက် ရူးသွပ်စွာဖြင့် တုပိုင်၏ တာ့လုံပေါင်ဆီသို့ ပြေးဝင်လာကြတော့သည်။

ထိုအခိုက်အတန့်တွင် ငလျင်လှုပ်သကဲ့သို့ ကမ္ဘာမြေကြီးသည် ပြင်းထန်စွာ တုန်ခါသွားသည်။ လီမိသားစု စစ်တပ်သည် ကြောက်မက်ဖွယ်ကောင်းသော အမှောင်ဒီရေလှိုင်းကြီးတစ်ခုသဖွယ် ဖြစ်ပြီး ၊ တုပိုင်၏ တာ့လုံပေါင်သည် စက္ကူဖြင့် ဆောက်လုပ်ထားသော ရဲတိုက်လေးတစ်ခုအလား တစ်ခဏအတွင်း ပျက်စီးသွားတော့မည့်ပုံ ပေါက်နေသည်။

တုပိုင်၏ လူသစ်စစ်သည် ၁ သောင်း ၅ ထောင်မှာ ကြောက်ဒူးတုန်နေကြပြီး အသက်ပင် မရှူနိုင်သလို ခံစားနေကြရသည်။

လီစစ်ချောင်သည် ဒီရေလှိုင်းကဲ့သို့ ပြေးဝင်လာသော ရန်သူများကို ကြည့်ရင်း သူ၏ ဦးနှောက်မှာ ဗလာဟင်းလင်း ဖြစ်သွားကာ ခြေလက်များ တောင့်တင်းသွားသည်။

‘ပြီးပြီ... သွားပြီ... ငါ ဒီတစ်ခါတော့ သေချာပေါက် သေပြီ...’

‘လီစစ်ချောင်... လီစစ်ချောင်... မင်းရဲ့ မျက်လုံးကို ဝက်ဆီဖုံးပြီး တုပိုင်ကို တကယ်သွားယုံမိတာကိုး... အခုတော့ ဒီနေရာမှာ သေရတော့မယ်...’

‘သခင်ကြီးတုပိုင်... ခင်ဗျား ကျုပ်တို့ကို ဂျင်းထည့်လိုက်တာပဲ...’

လူတိုင်း၏ အမြင်တွင် တုပိုင်၏ တိုက်ပွဲသည် ရှုံးနိမ့်ရန် သေချာနေပြီး တစ်ခုတည်းသော ရလဒ်မှာ တပ်တစ်တပ်လုံး ပျက်စီးခြင်းသာ ဖြစ်၏။

အမြောက် ၇၀ သည် အလွန် အစွမ်းထက်ပြီး ၁၅ မိနစ်မပြည့်ခင် ရန်သူ ၁ သောင်းကို သတ်ဖြတ်နိုင်ခဲ့သည်မှာ မှန်၏။

သို့သော် အချိန်မရှိတော့ပေ။ လီမိသားစု၏ စစ်သည် သိန်းချီသည် မကြာမီ ရောက်ရှိလာတော့မည်။ တံတိုင်းတွင်လည်း အပေါက်ကြီးများ ဖြစ်နေပြီဖြစ်ရာ လှေကားပင် ထောင်စရာ မလိုတော့ပေ။

ထိုအချိန်အတွင်း တုပိုင်၏ အမြောက်များက အကြိမ်မည်မျှလောက် ထပ်မံ၍ ပစ်ခတ်နိုင်မည်နည်း။.လီမိသားစု စစ်သည် သိန်းချီသည် ပျက်စီးနေသော တံတိုင်းကို ကျော်ဖြတ်ဝင်ရောက်လာသည်နှင့် ဤအမြောက်များသည်လည်း အသိမ်းပိုက်ခံလိုက်ရမည်သာ ဖြစ်သည်။

လူ ၄ သောင်းကျော် ရှိသော်လည်း လူ ၃ သိန်းနီးပါးကို နိုင်အောင် မတိုက်နိုင်ပေ။

ဒီရေလှိုင်းကဲ့သို့ ဝင်ရောက်လာသော လီမိသားစု စစ်တပ်ကို ကြည့်ရင်း တုပိုင်သည် အလံကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။

“ကျည်စေ့ဗုံး ပြောင်းထည့်...”

အမြောက်တပ်သား ရာပေါင်းများစွာသည် စနစ်တကျနှင့် လျင်မြန်စွာပင် အမြောက်ပြောင်းများကို ဆေးကြောခြင်း ၊ ယမ်းအိတ်များ ထည့်ခြင်းနှင့် အသစ်စက်စက် ကျည်စေ့ဗုံးများကို ထည့်သွင်းခြင်းတို့ ပြုလုပ်လိုက်ကြသည်။

သိသာလှစွာပင် ဤခေတ်မှ ကျည်စေ့ဗုံးသည် ခေတ်သစ်ကာလကဲ့သို့ ကျည်ဖူးရှည် တစ်ခုလုံးကို တန်းထည့်၍ ရသည်မျိုး မဟုတ်ပေ။ ထည့်သွင်းချိန် နည်းနည်း ပိုကြာသော်လည်း သိပ်မကွာလှပေ။

ထို့အပြင် ထည့်သွင်းလိုက်သော ကျည်စေ့ဗုံး၏ အလေးချိန်မှာ သံလုံးကျည်ထက် ပိုလေးပြီး ၁၃ ကီလိုဂရမ် မှ ၁၅ ကီလိုဂရမ်အထိ ရှိသည်။ အတွင်း၌ ကြီးမားသော ကျည်စေ့ရာပေါင်းများစွာ ပါဝင်ပြီး တစ်ခုချင်းစီသည် သေနတ်ကျည်ဆန်များထက် ပိုမို လေးလံသည်။

အကယ်၍ ၁၂ ပေါင်အမြောက်သည် သံလုံးကျည်ကို ပစ်ခတ်ပါက တာဝေးပစ်ခတ်နိုင်မှုသည် ၂ ကီလိုမီတာအထိ ရောက်ရှိနိုင်ပြီး ၊ ထိရောက်သော အကွာအဝေးသည် ၁ ကီလိုမီတာ ဖြစ်သည်။

အကယ်၍ ကျည်စေ့ဗုံးကို ပစ်ခတ်ပါက တာဝေးပစ်ခတ်နိုင်မှုသည် မီတာ ၅၀၀ အောက်သာ ရှိပြီး ၊ ထိရောက်သော အကွာအဝေးမှာ မီတာ ၃၀၀ ခန့်သာ ဖြစ်သည်။

လီမိသားစု စစ်တပ်သည် ပို၍ ပို၍ နီးကပ်လာကြသည်။

တုပိုင် အော်ဟစ်လိုက်သည်။

“လေးသည်တော်တွေ အားလုံး... အဆင်သင့်ပြင်...”

ရုတ်တရက် တံတိုင်းနောက်ရှိ စစ်သည် ၄ သောင်းကျော်သည် လေးများကို ဆွဲတင်လိုက်ကြသည်။

မီတာ ၄၀၀။

၃၅၀ မီတာ။

၃၀၀ မီတာ။

၂၅၀ မီတာ။

တုပိုင်သည် ရုတ်တရက် အမိန့်ပေးလိုက်ပြီး ဟိန်းဟောက်လိုက်သည်။

“ပစ်...”

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

၁၂ ပေါင်အမြောက် ၇၀ သည် ရူးသွပ်စွာ ဟိန်းဟောက်လိုက်ကြပြီး အမြောက်ပြောင်းဝများမှ မီးတောက်များ ပန်းထွက်လာသည်။ ထို့နောက် ရွှေရောင်အလင်းတန်းများ လပ်ခနဲ ဖြစ်သွားသည်။

မိုးသက်မုန်တိုင်း ကျရောက်သကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော ကျည်စေ့ဗုံးများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

တစ်ချိန်တည်းမှာပင် တုပိုင်၏ စစ်သည် ၄ သောင်းကျော်သည်လည်း ပြင်းထန်စွာ မြားမိုးရွာချလိုက်ကြသည်။

“ရွှီးးး ရွှီးးး ရွှီးးး”

တစ်ခဏအတွင်းမှာပင် သောင်းချီသော သတ္တုကျည်စေ့များသည် တဝုန်းဝုန်း ကြွေကျလာသော သစ်တော်ပန်းပွင့်များကဲ့သို့ ယပ်တောင်ပုံစံ ဖြာထွက်သွားကြသည်။

သွေးများ ပေါက်ကွဲထွက်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် အလွန်တရာ ရင်သပ်ရှုမောဖွယ်ကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့သည်။

ရှေ့ဆုံးမှ ပြေးဝင်လာသော လီမိသားစု စစ်သည်များသည် ရိတ်သိမ်းခံလိုက်ရသော ဂျုံခင်းများကဲ့သို့ အတုံးအရုံး လဲကျကုန်ကြတော့သည်။ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း ၊ ရူးသွပ်ဖွယ် လူသတ်ပွဲကြီးပင်ဖြစ်လေတော့၏။

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၇၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters