အခန်း (၅၇၃)
Vol. 58 Ch. 573
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၇၃
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
“ရွှီးးး ရွှီးးး ရွှီးးး”
သောင်းချီသော ကျည်စေ့ဗုံးများသည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာရာ ထိုအရှိန်သည် သေနတ်ကျည်ဆန်များထက်ပင် ပိုမို အားကောင်းလေသည်။
ကျည်စေ့တစ်ခုချင်းစီသည် ၁၀ ဂရမ်ခန့်သာ ရှိပြီး ၁၈ ရာစုနှစ်က အသုံးပြုခဲ့သော ကျည်စေ့ဗုံးများထက် သေးငယ်သော်လည်း ယင်းတို့၏ ဖျက်ဆီးနိုင်စွမ်းမှာ သာမန်ကျည်ဆန်များကို ကျော်လွန်နေပေသည်။
ဤသည်ကား မိုးသက်မုန်တိုင်း ရွာချလိုက်သကဲ့သို့ပင်။
လီမိသားစု စစ်သည်များ ဝတ်ဆင်ထားသော သံချပ်ကာများသည် ဤကျည်စေ့များကို တားဆီးနိုင်ခြင်း အလျဉ်းမရှိဘဲ စက္ကူများကဲ့သို့ တိုက်ရိုက် ပေါက်ထွက်ကုန်ကြ၏။
ကိုယ်ထည်ကို ထိမှန်လျှင် သေသည်။ ခေါင်းကို ထိမှန်လျှင် သေသည်။ ခြေထောက်ကို ထိမှန်လျှင် အရိုးကျိုးကာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားရသည်။
ထို့ကြောင့် ရှေ့တန်းမှ ဦးဆောင်ချီတက်လာသော လီမိသားစု စစ်သည်အုပ်ကြီးသည် ကြီးမားသော အင်အားတစ်ခုဖြင့် ပြင်းထန်စွာ ရိုက်ပုတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားရလေသည်။ ဒီရေလှိုင်းကြီးသည် ကျောက်ဆောင်ကို ဝင်ဆောင့်မိပြီး ရုတ်ခြည်း ပြိုကွဲသွားသကဲ့သို့ပင်။
ထိုခဏ၌ မြေပြင်ပေါ်သို့ လဲကျသွားသော စစ်သည်အရေအတွက်မှာ အနည်းဆုံး ၂ ထောင်ကျော် ရှိလေသည်။
အဘယ်ကြောင့်ဆိုသော် အမြောက်များသာမက သောင်းချီသော မြှားမိုးများကလည်း ရွာချနေသောကြောင့် ဖြစ်ပေသည်။ စစ်သည်သစ် ၁ သောင်း ၅ ထောင်ကို ထည့်မတွက်လျှင်ပင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များနှင့် ကောင်းကင်မိစ္ဆာ သွေးစစ်သည်များ၏ လေးပစ်စွမ်းရည်မှာ အလွန်တရာ ကျွမ်းကျင်တိကျလှပေ၏။
လီမိသားစု စစ်တပ်ကြီး၏ ချီတက်မှုသည် ရုတ်တရက် ရပ်တန့်သွားရခ၏။
မြင့်မားသော စင်မြင့်ပေါ်တွင် ရပ်နေသည့် အိမ်ရှေ့စံ လီကျန့်သည် သူ၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေရသည်။
သူသည် အမြောက်များ အစွမ်းထက်ကြောင်း သိထားသော်လည်း အစောက တုပိုင် ပစ်ခတ်ခဲ့သော ၁၀ ကြိမ်ကျော် ပစ်ခတ်မှုတွင် လူ ၁ သောင်းခန့်သာ သေဆုံးခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ် ပစ်ခတ်မှုတွင်မူ မရေမတွက်နိုင်သော ကျည်စေ့ဗုံးများ ပေါက်ကွဲထွက်လာပြီး ၊ သောင်းချီသော မြှားမိုးများကလည်း သူ၏ စစ်သည်ထောင်ပေါင်းများစွာ၏ အသက်ကို တစ်ခဏချင်း နှုတ်ယူသွားခဲ့လေသည်။
ရှေ့တန်းမှ တက်လာသော စစ်သည်များသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားရ၏။ ရုတ်တရက် သူ၏ ဘေးပတ်လည်ရှိ မရေမတွက်နိုင်သော အပေါင်းအပါများသည် မြေပြင်ပေါ်သို့ လဲကျသွားကြပြီး အလောင်းကောင်များသာ ကျန်ရစ်ခဲ့တော့သည်။
“တက်... တက်... တက်...” အိမ်ရှေ့စံ လီကျန့်သည် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ “ဆုတ်ရဲတဲ့ကောင် ရှိရင် သတ်ပစ်... အကုန်သတ်ပစ်...”
ထို့ကြောင့် ရှေ့တန်းမှ စစ်သည်များသည် ဒိုင်းများကို မြှောက်ကာ ခေါင်းငုံ့ပြီး ရှေ့သို့ မိုက်မဲစွာ တိုးဝင်လာကြပြန်သည်။
မိနစ်ဝက်ခန့် ကြာပြီးနောက် ငရဲခန်းမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာပြန်သည်။
“ဘုန်းးးး ဘုန်းးး ဘုန်းးး ဘုန်းးး”
တာ့လုံပေါင် အတွင်းမှ သောင်းချီသော မြှားမိုးများလည်း ထပ်မံ ပျံသန်းလာပြန်၏။ “ရွှီးးး ရွှီးးး ရွှီးးး”
မရေမတွက်နိုင်သော ကျည်စေ့ဗုံးများသည် မိုးသက်မုန်တိုင်းကဲ့သို့ ထပ်မံ ရွာချလာပြန်သည်။
“အားးး အားးး အားးး”
အသက်ပေါင်းများစွာသည် လမ်းဘေးမှ မြက်ပင်များကဲ့သို့ပင် သေဆုံးသွားကြရသည်။ လီမိသားစု၏ သိပ်သည်းသော စစ်သည်တန်းကြီးသည် မိုးသီးမုန်တိုင်းမိသော ဂျုံခင်းကဲ့သို့ ထပ်မံ၍ လဲကျပျက်စီးသွားရပြန်သည်။
ထောင်ပေါင်းများစွာသော စစ်သည်များသည် အော်ဟစ်ညည်းညူရင်း မြေပြင်ပေါ်သို့ ဘဝဆုံးသွားကြရ၏။
အိမ်ရှေ့စံ လီကျန့်၏ မျက်လုံးများသည် သွေးရောင်လွှမ်းနေပြီး အော်ဟစ်လိုက်ပြန်သည်။ “တက်စမ်း... တက်စမ်း... ရှေ့ဆက်တက်စမ်း...”
“ဝေါ... ဝေါ...”
လီမိသားစု၏ ဝင်ရောက်စီးနင်းသော တပ်ဖွဲ့သည် ရူးသွပ်လုမတတ် ဖြစ်နေကြ၏။.မလှမ်းမကမ်းတွင် ရှိနေသော တာ့လုံပေါင် တံတိုင်းကို လှမ်းကြည့်လိုက်သောအခါ လက်တစ်ကမ်းအလိုသို့ ရောက်နေပြီဟု ထင်မှတ်ရသည်။
တံတိုင်းသည် ထင်ရှားစွာပင် အလွန် ကျိုးပဲ့လွယ်ပုံရပြီး ၊ အပေါက်ကြီးအများအပြားလည်း ဖြစ်ပေါ်နေကာ တစ်ချက်တည်း ဝင်ဆောင့်လိုက်ရုံဖြင့် ပေါက်ထွက်သွားမည့်ပုံ ပေါက်နေသည်။
တံတိုင်းဆီသို့ ရောက်လျှင် နိုင်ပြီဖြစ်၏။ တံတိုင်းကို ကျော်နိုင်လျှင် အောင်ပွဲခံနိုင်ပြီဖြစ်၏။ လီမိသားစု စစ်သည်များသည် ဤစိတ်ကူးတစ်ခုတည်းဖြင့် ခေါင်းငုံ့ကာ ရှေ့သို့ အသက်စွန့် တိုးဝင်လာကြတော့သည်။
ရောက်တော့မည်... ရောက်လုနီးပါး ဖြစ်နေပြီဖြစ်၏။
အကွာအဝေးသည် မီတာ အနည်းငယ်သာ လိုတော့သည်။
သို့သော် ထိုအချိန်တွင် ငရဲမီးတောက်ကဲ့သို့ ပူလောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြန်သည်။
“ဘုန်းးးး ဘုန်းးး ဘုန်းးး ဘုန်းးး”
ငရဲမီးတောက်ကဲ့သို့ ပူလောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြန်၏။ ထို့နောက် မုန်တိုင်းကဲ့သို့သော ကျည်စေ့ဗုံးများ ရူးသွပ်စွာ ရောက်ရှိလာပြန်၏။
သွေးများ ထပ်မံ ဖွာထွက်လာပြီး ၊ လီမိသားစု စစ်တပ်သည် ထပ်မံ၍ အတုံးအရုံး လဲကျသွားရပြန်သည်။
“တက်... တက်... တက်...”
လီမိသားစု စစ်တပ်သည် ရူးသွပ်စွာဖြင့် ရှေ့တိုးလာကြသည်။ သူတို့၏ အသက်ကို လောင်းကြေးထပ်ကာ တိုက်ခိုက်နေကြခြင်းပင် ဖြစ်၏။
နောက်ဆုံးတွင် မော့ကြည့်လိုက်သောအခါ သူတို့၏ ရှေ့မှောက်တွင် တံတိုင်းကြီးကို တွေ့လိုက်ရသည်။ ၅ မီတာပင် မပြည့်သော တံတိုင်းနိမ့်နိမ့်လေး ဖြစ်သဖြင့် လှေကားပင် ထောင်စရာ မလိုဘဲ ကြိုးချိတ်ပစ်တင်ကာ တက်နိုင်ပေသည်။
အရေးအကြီးဆုံးအချက်မှာ တံတိုင်း၌ အပေါက်ကြီး ၉ ပေါက် ကွဲအက်နေခြင်း ဖြစ်၏။
လီမိသားစု စစ်သည်တစ်ချို့သည် ကြိုးချိတ်များကို ပစ်တင်ပြီး အသည်းအသန် တွယ်တက်ကြသည်။ အများစုမှာမူ တံတိုင်းရှိ အပေါက်များဆီသို့ ဦးတည်ပြေးဝင်ကြသည်။
တံတိုင်းပေါ်ရှိ တုပိုင်၏ စစ်သည်များသည် ဓားများကို ဆွဲထုတ်လိုက်ကြပြီး ကြိုးချိတ်များကို တိုက်ရိုက် ခုတ်ဖြတ်လိုက်ကြသည်။
ထို့နောက် လေးများကို ဆွဲတင်ပြီး တိကျစွာ ပစ်ခတ်လိုက်ကြသည်။
လေးငါးမီတာခန့်သာ ကွာဝေးသော အကွာအဝေးတွင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များ၏ လေးပစ်စွမ်းရည်မှာ အံ့မခန်း တိကျလွန်းလှပြီး ၅၀ ရာခိုင်နှုန်းကျော် ထိမှန်လေသည်။ ပျမ်းမျှအားဖြင့် မြှားနှစ်စင်းလျှင် ရန်သူတစ်ဦးကို သေချာပေါက် သတ်ဖြတ်နိုင်ပေသည်။
လီမိသားစု စစ်သည်များကလည်း လေးများကို ထုတ်ကာ ပြန်လည် ပစ်ခတ်ကြသည်။
သို့သော်... လုံးဝ အရာမထင်ပေ။
တုပိုင်၏ စစ်သည်အားလုံးသည် တစ်ကိုယ်လုံး လုံခြုံသော ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အထူးထုတ်လုပ်ထားသည့် သံချပ်ကာများကို ဝတ်ဆင်ထားကြသည်။ သာမန် မြှားများသည် ခန္ဓာကိုယ်ကို လာထိသော်လည်း ယားသလိုသာ ခံစားရပြီး မည်သည့် ထိခိုက်မှုမှ မရှိချေ။
လီမိသားစု၏ စစ်သည် ၃ သိန်းတွင်မူ အတော်ဆုံး လက်ရွေးစင်များသာ သံချပ်ကာ ဝတ်ဆင်နိုင်ပြီး ၊ စစ်သည်အများစုမှာ အဝတ်ကာနှင့် စက္ကူကာများကိုသာ ဝတ်ဆင်ထားကြရသည်။
အဝတ်ကာနှင့် စက္ကူကာများကို အထင်မသေးသင့်ပေ။ ယင်းတို့၏ ကာကွယ်နိုင်စွမ်းမှာ အတော်အတန် ကောင်းမွန်ပြီး မြှားဒဏ်ကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည် ရှိကြသည်။
သို့သော် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များ၏ လေးပစ်စွမ်းရည်မှာ အံ့မခန်း ကောင်းမွန်သည့်အပြင် ၊ သူတို့၏ လေးများသည်လည်း အလွန် အားကောင်းလှသဖြင့် တာ့နင်အင်ပါယာ၏ အခြားစစ်တပ်များကို များစွာ ကျော်လွန်နေပေသည်။ ဤမျှ နီးကပ်သော အကွာအဝေးတွင် အဝတ်ကာနှင့် စက္ကူကာများသည် စက္ကူစုတ်များကဲ့သို့ မည်သို့မျှ တားဆီးနိုင်စွမ်း မရှိတော့ချေ။
ဤအကွာအဝေး၌ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည် ၁ သောင်း၏ တိုက်ခိုက်မှုသည် သတ်ဖြတ်ပွဲ သက်သက်သာ ဖြစ်နေတော့သည်။
“ရွှီး... ရွှီး... ရွှီး...”
ကြောက်မက်ဖွယ်ကောင်းသော မြှားတံများသည် တိကျစွာ ပျံသန်းသွားပြီး အသက်များကို တစ်ချောင်းပြီး တစ်ချောင်း နှုတ်ယူသွားလေသည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
တစ်မိနစ် မပြည့်ခင် အချိန်တိုင်းတွင် အမြောက် ၇၀ သည် ရူးသွပ်စွာ ဟိန်းဟောက်နေပြီး ကြောက်မက်ဖွယ် ကျည်စေ့ဗုံးများကို ပစ်လွှတ်ကာ အသက်များကို ရိတ်သိမ်းနေပြန်သည်။
တုပိုင်၏ တာ့လုံပေါင် တံတိုင်းတွင် အပေါက်ကြီး ၉ ပေါက် ဖြစ်ပေါ်နေသဖြင့် လီမိသားစု စစ်သည်များသည် ထိုအပေါက်များထဲသို့ ရူးသွပ်စွာ တိုးဝင်လာကြရာ လူအုပ်ကြီးမှာ ပြည့်ကြပ်နေတော့သည်။
ရလဒ်အနေဖြင့် ပိုမို ဆိုးရွားသော အသုဘမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာရလေ၏။ ထိုအပေါက်ဝများ၏ ဘေးတစ်ဖက်တစ်ချက်တွင် အမြောက်နှစ်လက်စီကို ချိန်ရွယ်ထား၏။ တစ်လက်မှာ သံလုံးကျည်ဖြစ်ပြီး ၊ ကျန်တစ်လက်မှာ ကျည်စေ့ဗုံးဖြစ်သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
အမြောက်များက ပြင်းထန်စွာ ပစ်ခတ်လိုက်ကြသည်။
သွေးအပျက်ဆုံးနှင့် အကြမ်းကြုတ်ဆုံး မြင်ကွင်းတစ်ခု ပေါ်ပေါက်လာ၏။ မီတာအနည်းငယ်သာ ကွာဝေးသော အကွာအဝေးမှ ဟိန်းဟောက်လာသော သံလုံးကျည်၏ အရှိန်အဟုန် စွမ်းအင်မှာ အံ့မခန်းဖွယ်ရာပင်။
တစ်ခဏအတွင်း ယင်းသည် မီတာဆယ်ဂဏန်း ရှည်လျားသော လူအုပ်ကြီးကို တိုက်ရိုက် ဖောက်ထွင်းသွားလေသည်။ ဟုတ်ပေသည်။ ဖောက်ထွက်သွားခြင်း ဖြစ်ပေသည်။ ထိုအပေါက်ဝတွင် မူလက လီမိသားစု စစ်သည်များ ပြည့်နှက်နေပြီး တိုးဝှေ့နေကြသည်။
သံလုံးကျည် တစ်ချက် ဖြတ်သန်းသွားသည်နှင့် ဖောက်ထွက်သွားတော့သည်။ တစ်ချိန်တည်းမှာပင် နောက်ထပ် ကျည်စေ့ဗုံးတစ်ချက် ပစ်လွှတ်လိုက်ပြန်သည်။
ရုတ်တရက်... တံတိုင်းအပေါက်ဝ အပြင်ဘက်တွင် ပြည့်နှက်နေသော ရန်သူစစ်သည်အုပ်ကြီးသည် လုံးဝ ကွယ်ပျောက်သွားပြီး အားလုံး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သေဆုံးသူများ ရှိသကဲ့သို့ နာကျင်စွာ အော်ဟစ်နေသူများလည်း ရှိကြ၏။
အမြောက်ဆံ နှစ်လုံးတည်းဖြင့် လူရာချီ သေဆုံးသွားခဲ့ရသည်။ ရာပေါင်းများစွာသော အလောင်းကောင်များသည် တံတိုင်းတွင် ဖြစ်ပေါ်နေသော အပေါက်ကိုပင် ပိတ်ဆို့သွားစေခဲ့သည်။
“ဘုန်းးးး ဘုန်းးး ဘုန်းးး ဘုန်းးး”
၁၂ ပေါင်အမြောက် ၇၀ သည် ရူးသွပ်စွာဖြင့် ဆက်တိုက် ပစ်ခတ်နေလေ၏။ တုပိုင်၏ စစ်သည်သောင်းချီကလည်း မြှားများဖြင့် ပြန်လည် ပစ်ခတ်နေကြသည်။
၈ မိုင် ရှည်လျားသော တံတိုင်းကြီးသည် ရုတ်ခြည်းပင် သွေးစွန်းသော ငရဲခန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားရလေတော့သည်။
၅ မီတာပင် မပြည့်သော တံတိုင်းနိမ့်နိမ့်လေးသည် အလွန် ကျိုးပဲ့လွယ်မည့်ပုံ ပေါက်နေသော်လည်း ယခုအချိန်တွင်မူ ဖြတ်ကျော်၍ မရနိုင်သော တောင်တန်းကြီးတစ်ခုသဖွယ် ဖြစ်နေလေ၏။
လီမိသားစု တာ့ယန်တိုင်းပြည်၏ ပထမအသုတ် စစ်သည်အင်အား ၁ သိန်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။
ကြီးမားသော ထိခိုက်သေဆုံးမှုကို သည်းခံပြီး တံတိုင်းအောက်သို့ ရောက်ရှိရန်မှာ မခက်ခဲလှပေ။ သို့သော် ထင်မှတ်ထားသည်နှင့် ကွဲပြားခြားနားသည်မှာ တံတိုင်းအောက်သို့ ရောက်ရှိပြီးနောက် ဆက်လက် ထိုးဖောက်ဝင်ရောက်ရန် အလွန် ခက်ခဲနေခြင်းပင်။
တုပိုင်၏ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည်များ၏ လေးပစ်စွမ်းရည်မှာ တိကျလွန်းလှပြီး ၊ အမြောက် ၇၀ ၏ စွမ်းအားမှာလည်း အံ့မခန်း ပြင်းထန်လွန်းလှပေသည်။
အမြောက်တစ်ကြိမ် ပစ်ခတ်လိုက်တိုင်း လူတစ်ထောင်ကျော် သေဆုံးနေရသည်။
နာရီဝက်ခန့် ကြာပြီးနောက် တံတိုင်းအောက်တွင် မရေမတွက်နိုင်သော အလောင်းကောင်များ နေရာအနှံ့ ပြန့်ကျဲနေလေတော့သည်။
လီမိသားစု၏ တာ့လုံပေါင်ကို ပထမအကြိမ် တိုက်ခိုက်မှုတွင် စစ်သည် ၁ သိန်းအနက် ထက်ဝက်အောက်သာ ကျန်ရှိတော့သည်။ ကျန်ရှိနေသော စစ်သည် ၅ သောင်းအောက်သည် လုံးဝ စိတ်ဓာတ်ကျကာ အသက်လု၍ နောက်ပြန် လှည့်ပြေးကြတော့သည်။
အိမ်ရှေ့စံ လီကျန့်သည် ထွက်ပြေးသူများကို အော်ဟစ်ဆဲဆိုပြီး စစ်ကွပ်ကဲရေးအဖွဲ့အား ထွက်ပြေးသူများကို သတ်ပစ်ရန် အမိန့်ပေးချင်စိတ် ပေါက်လာသည်။
သို့သော် ဘုရင် လီရူဟိုင်က တိုက်ရိုက် အမိန့်ပေးလိုက်၏။ “မောင်းခေါက်ပြီး တပ်ဆုတ်ခိုင်းလိုက်...”
“ဒေါင်... ဒေါင်... ဒေါင်... ဒေါင်...” စူးရှသော အသံတစ်သံ ထွက်ပေါ်လာသည်။
“တပ်ဆုတ်... တပ်ဆုတ်... တပ်ဆုတ်ကြ...”
ပထမအကြိမ် တိုက်ပွဲတွင် အသက်ရှင်ကျန်ရစ်သော စစ်သည် ၄ သောင်းကျော်သည် ဝမ်းသာလွန်း၍ ငိုချင်စိတ်ပင် ပေါက်သွားကြသည်။
နောက်ဆုံးတော့ တပ်ဆုတ်မောင်းသံ ကြားလိုက်ရပြီ။ သူတို့ တကယ်ကို ပြိုလဲလုနီးပါး ဖြစ်နေခဲ့ကြပြီ ဖြစ်သည်။
ထို့ကြောင့် လူ ၄ သောင်းကျော်သည် နောက်လှည့်ပြီး အသက်ကုန် ထွက်ပြေးကြလေတော့၏။
“ဘုန်းးးး ဘုန်းးး ဘုန်းးး ဘုန်းးး”
တုပိုင်၏ အမြောက် ၇၀ သည် မရပ်နားလေဘဲ ရူးသွပ်စွာ ဆက်လက် ပစ်ခတ်နေပြီး ရန်သူများ၏ အသက်ကို ဆက်လက် ရိတ်သိမ်းနေဆဲပင်။ သူ၏ စစ်သည်သောင်းချီကလည်း လေးများကို ဆွဲတင်ကာ မြှားများဖြင့် ဆက်လက် ပစ်ခတ်နေကြဆဲပင်။
၁၅ မိနစ်ခန့် ကြာပြီးနောက် လီမိသားစု တာ့ယန်တိုင်းပြည်၏ အသက်ရှင်ကျန်ရစ်သော စစ်သည် ၄ သောင်းကျော်သည် နောက်ဆုံးတွင် ပင်မစစ်တပ်ကြီးထံသို့ ပြန်လည် ရောက်ရှိလာကြသည်။
ယခုအချိန်တွင်မူ လူ ၃ သောင်းခန့်သာ ကျန်ရှိတော့သည်။
လီမိသားစု တာ့ယန်တိုင်းပြည်၏ ပထမအကြိမ် တာ့လုံပေါင် တိုက်ပွဲသည် လုံးဝ ကျရှုံးသွားခဲ့လေပြီ။ လူ ၁ သိန်း စေလွှတ်ခဲ့သော်လည်း ၃ သောင်းခန့်သာ ပြန်လာနိုင်ခဲ့ပြီး ထိခိုက်သေဆုံးသူ ၆ သောင်းကျော် ရှိခဲ့လေသည်။
“တပ်မတော်တစ်ခုလုံး ၂ မိုင်လောက် နောက်ဆုတ်... နေရာမှာပဲ စခန်းချပြီး တာ့လုံပေါင်ကို ဝိုင်းရံထားလိုက်...” လီရူဟိုင် အမိန့်ပေးလိုက်သည်။
ထို့နောက် လီမိသားစု၏ ကျန်ရှိနေသေးသော စစ်သည် ၂ သိန်းသည် ဧရာမ သားရဲကြီးများကဲ့သို့ နောက်ဆုတ်သွားကြသည်။
“ဘုန်းးးး ဘုန်းးး ဘုန်းးး ဘုန်းးး”
စစ်တပ်ကြီး မီတာတစ်ထောင်ခန့် နောက်ဆုတ်ပြီးနောက် နေရာတွင် ပြန်လည် စုစည်းလိုက်ကြသည်။ ထို့နောက် လီရူဟိုင်သည် စစ်သည်သောင်းချီကို စေလွှတ်ကာ သစ်ပင်များခုတ်ပြီး စခန်းကြီးတစ်ခု တည်ဆောက်စေလိုက်သည်။ ပထမနေ့ တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်ပြီး လီမိသားစု၏ ရှုံးနိမ့်မှုဖြင့် အဆုံးသတ်သွားလေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၇၃ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team