← Chapters

အခန်း (၅၇၄)

Vol. 58 Ch. 574

အခန်း (၅၇၄)

Vol. 58 Ch. 574

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၇၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ထိုည၌ လီရူဟိုင်၏ ဘုရင့်စစ်တပ်စခန်းတွင် အလွန်တရာ စိတ်ဓာတ်ကျဆင်းမှုများ လွှမ်းမိုးနေလေတော့သည်။ သူတို့သည်စစ်သည်အင်အား သုံးသိန်းဖြင့် တုပိုင်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ ထို့အပြင် တုပိုင် ခုခံကာကွယ်နေသည်မှာ ခိုင်ခံ့သော မြို့ရိုးကြီး မဟုတ်ဘဲ ဆယ်နှစ်နီးပါး စွန့်ပစ်ခံထားရသည့် စစ်စခန်းဟောင်းကြီးတစ်ခုသာ ဖြစ်သည်။ လူတိုင်းက တစ်ဖက်သတ် အပြတ်အသတ် အနိုင်ယူနိုင်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ဤမျှ ဆိုးရွားသော ရှုံးနိမ့်မှုမျိုး ကြုံတွေ့ရလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။

စစ်ပွဲစတင်ပြီး နှစ်နာရီပင် မကြာလိုက် ၊ လီမိသားစုဘက်မှ ထိခိုက်သေဆုံးသူ ခုနစ်သောင်းကျော်သွားခဲ့ပြီ ဖြစ်သော်လည်း တုပိုင်၏ တံတိုင်းနိမ့်နိမ့်လေးကိုပင် မကျော်ဖြတ်နိုင်ခဲ့ပေ။ အရေးအကြီးဆုံးအချက်မှာ တုပိုင်ဘက်မှ ထိခိုက်သေဆုံးမှုမှာ မပြောပလောက်အောင် နည်းပါးလွန်းလှခြင်းပင် ဖြစ်သည်။

အိမ်ရှေ့စံ လီကျန့်သည် ယခုအချိန်တွင် တည်ငြိမ်သွားပြီ ဖြစ်ကာ လေးနက်သော အသံဖြင့် ဆိုလေ၏။

“အဓိကပြဿနာက တုပိုင်ရဲ့ အမြောက် ၇၀ ပဲ... ဒီနေ့ ထိခိုက်သေဆုံးရတဲ့ ၇ သောင်းထဲမှာ ၅ သောင်းလောက်က အမြောက်ကြောင့် သေဆုံးခဲ့ရတာ”

တာ့ယန်တိုင်းပြည်၏ မီးနတ်ဘုရားဘာသာ ဘုန်းတော်ကြီးအကြီးအကဲက ဝင်ရောက် လျှောက်တင်လေသည်။

“တုပိုင်ရဲ့ အမြောက် ၇၀ ကို ဖျက်ဆီးဖို့ နည်းလမ်း ရှာရမယ်... မဟုတ်ရင်... ဒီစစ်ပွဲက နိုင်ဖို့ မဖြစ်နိုင်တော့ဘူး”

ထိုအခါ အိမ်ရှေ့စံ လီကျန့်က မေးခွန်းထုတ်လိုက်သည်။

“သိုင်းပညာရှင်တွေကို အကုန်သုံးပြီး တုပိုင်ရဲ့ အမြောက် ၇၀ ကို သွားဖျက်ဆီးခိုင်းရင်ကော”

မူလကဆိုလျှင် ဤနည်းလမ်းသည် ဖြစ်နိုင်ခြေ ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် မီးနတ်ဘုရားဂိုဏ်းတွင် သိုင်းပညာရှင် အများအပြား ရှိပြီး အနောက်ပိုင်းဒေသ မီးနတ်ဘုရားဘာသာမှလည်း သိုင်းပညာရှင် တစ်စုကို ပံ့ပိုးပေးထားသောကြောင့် ဖြစ်သည်။

သို့သော် သူ အလွန် အားကိုးရာမဲ့နေရသည်။ လီဝမ်ဝမ်သည် တုပိုင်ကို လုပ်ကြံရန် သွားရောက်စဉ်က လှည့်ကွက်သုံးခံလိုက်ရပြီး သိုင်းပညာရှင် ၂၀ နီးပါး အသတ်ခံလိုက်ရသည်။ ထို့နောက် မီးနတ်ဘုရားစစ်တပ်အတွင်း သစ္စာဖောက်မှုတစ်ခု ဖြစ်ပေါ်ခဲ့ပြန်သည်။ စုစုပေါင်း မီးနတ်ဘုရားစစ်သည် သုံးထောင်သည် တုပိုင်ထံသို့ ခိုလှုံသွားခဲ့ကြရာ ထိုအထဲတွင် သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာ ပါဝင်သွားခဲ့သည်။

သို့သော်ငြား လီမိသားစု တာ့ယန်တိုင်းပြည်တွင် ထိပ်တန်းသိုင်းပညာရှင်တစ်ယောက် ရှိနေသေးသည်။ ခေတ်သစ်စကားဖြင့် ပြောရလျှင် နျူကလီးယားဗုံးအဆင့်ရှိသော သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။

ထိုသူကား ဘုရင် လီရူဟိုင်ပင် ဖြစ်၏။ သို့သော် သူကိုယ်တိုင် ကိုယ်ကျ ဝင်ရောက်တိုက်ခိုက်ပြီး အမြောက်များကို ဖျက်ဆီးရမည်လော။

**--**--**--**--**--**--**--**

ပိုင်ဆယ်မြို့အတွင်း၌ ညအချိန် ရောက်လာသည်နှင့်အမျှ ယနေ့တစ်နေ့တာ ပြင်းထန်သော တိုက်ပွဲကြီးသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယနေ့တွင် လီဝမ်ဟွေ့သည် သူ၏ တပ်ဖွဲ့ကို ဦးဆောင်ကာ ရွှမ်ချန်နယ်စားမင်း၏ ငါးကြိမ်တိုင်တိုင် တိုက်စစ်ဆင်မှုကို တွန်းလှန်နိုင်ခဲ့သည်။ သို့သော် သူ၏ တိုက်ပွဲမှတ်တမ်းမှာ တုပိုင်ဘက်နှင့် ယှဉ်လျှင် အများကြီး ကွာခြားနေသည်။ သူသည် ရွှမ်ချန်နယ်စားမင်း၏ စစ်သည် ငါးထောင်ကျော်ကိုသာ ထိခိုက်သေဆုံးစေနိုင်ခဲ့ပြီး မိမိဘက်မှ ထိခိုက်သေဆုံးမှုမှာ နှစ်ထောင်ခန့် ရှိခဲ့သည်။

ဤမှတ်တမ်းသည် မဆိုးလှဟု ဆိုနိုင်ပါသည်။ သို့သော် လီဝမ်ဟွေ့သည် မြို့ကို ခုခံကာကွယ်သူ ဖြစ်ပြီး ရန်သူအများစုကို သစ်တုံးကြီးများ ၊ ကျောက်တုံးကြီးများ ၊ ဆီပူများနှင့် ဧရာမ လေးကြီးများဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

လက်တွေ့အခြေအနေအရ လက်နက်ချလာသော မိုမိသားစု တပ်ဖွဲ့ဟောင်းသည် တိုက်ရည်ခိုက်ရည်နှင့် တိုက်ခိုက်လိုစိတ်အပိုင်းတွင် အလွန် အားနည်းနေကြောင်း သက်သေပြနေသည်။ ရန်သူများ မြို့ရိုးပေါ်သို့ တက်လာသည့်အခါ ဤလူများသည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော်လည်း နောက်လှည့်ထွက်ပြေးကြသဖြင့် မြို့ရိုးပေါ်ရှိ ခံစစ်အစီအမံများကို ကမောက်ကမ ဖြစ်စေခဲ့သည်။

ဒေါသထွက်လွန်းသဖြင့် လီဝမ်ဟွေ့သည် မိုမိသားစု တပ်ဖွဲ့ဝင်ဟောင်း ရာပေါင်းများစွာကို ခေါင်းဖြတ်သတ်ပစ်ခဲ့ရသည်။ ထို့ကြောင့်သာလျှင် ပိုင်ဆယ်မြို့တွင် ထိခိုက်သေဆုံးမှု နှစ်ထောင်အထိ ရှိခဲ့ခြင်း ဖြစ်သည်။

စစ်သူကြီးအိမ်တော်အတွင်း၌ လီဝမ်ဟွေ့ ၊ မြို့စားမင်း ကျီရှီရှောင် ၊ မင်းသမီး ယွီကျိန်း နှင့် လီလင်းတို့၏ မျက်နှာများသည် အလွန် တည်ကြည်လေးနက်နေကြသည်။

မင်းသမီး ယွီကျိန်းက ညည်းတွားလိုက်သည်။

“ကျွန်မတို့မှာ စစ်သည်အင်အား ၄ သောင်းကျော် ရှိတယ်လို့ ပြောနေပေမယ့် တကယ်တမ်းကျတော့ ၂ သောင်းကျော်ပဲ ရှိတာ... ဒီ မိုမိသားစု သူပုန်တွေက နေသာထိုင်သာ ရှိနေတာ ကြာလွန်းလို့ လုံးဝ ပျက်စီးနေကြပြီ”

မြို့စားမင်း ကျီရှီရှောင်က ဝင်ရောက်ထောက်ခံလေသည်။

“မိုမိသားစု စစ်သား ၁ သောင်းကျော် လက်နက်ချတာက အချိန်တိုလွန်းနေသေးတယ်... အကယ်၍သာ အချိန်နှစ်ဝက်လောက် ရမယ်ဆိုရင် သူတို့ကို အထူးတပ်ဖွဲ့ ဖြစ်လာအောင် လေ့ကျင့်ပေးလို့ ရနိုင်တယ်... ဒါပေမဲ့ အခုတော့ သူတို့ရဲ့ တိုက်ရည်ခိုက်ရည်က အရမ်းညံ့ဖျင်းလွန်းတယ်... စစ်မြေပြင်မှာတောင် ကိုယ့်လူကို ဒုက္ခပေးမယ့်ကောင်တွေ... ဂုဏ်သိက္ခာဆိုတာ နားမလည်ဘူး... တိုက်ခိုက်လိုစိတ်လည်း မရှိဘူး... ရန်သူတက်လာတာ မြင်တာနဲ့ ထွက်ပြေးဖို့ပဲ စဉ်းစားနေကြတာ”

ထိုအခါ လီဝမ်ဟွေ့က မေးမြန်းလိုက်သည်။

“စစ်သူကြီးကျီ... ကျုပ်တို့ရဲ့ အင်အားနဲ့ ပိုင်ဆယ်မြို့ကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မယ် ထင်လဲ”

မြို့စားမင်း ကျီရှီရှောင်က ပြန်လည်ဖြေကြားလေသည်။

“ရွှမ်ချန်နယ်စားမင်းရဲ့ စစ်တပ်က ပေတာတွေနဲ့ တိုက်ခိုက်နေတာ ကြာပြီ... လက်နက်ကိရိယာ မကောင်းပေမယ့် တိုက်ရည်ခိုက်ရည်က တကယ် မညံ့ဘူး... အကယ်၍ သူ့ရဲ့ စစ်သည် ၇ သောင်းတည်းဆိုရင်တော့ ကျုပ်တို့ ၁၀ ရက်လောက် တောင့်ခံထားနိုင်တယ်... ဒါပေမဲ့ ယွမ်ထျန်ကျောက်ရဲ့ စစ်သည် ၅ သောင်းက မိုင်ဆယ်ဂဏန်းလောက်ပဲ ဝေးတော့တာ... အချိန်မရွေး ရောက်လာနိုင်တယ်... ကျုပ်တို့ရဲ့ အဓိကအင်အားက ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က အရံစစ်သည် ၂ သောင်းပဲ ရှိတာ... သူတို့က ဂုဏ်သိက္ခာ ရှိပြီး ရဲရင့်ကြပေမယ့် အရမ်း ငယ်ရွယ်လွန်းသေးတယ်... ရင့်ကျက်တဲ့ ဝါရင့်စစ်သည်တွေ မဟုတ်ကြသေးဘူး... ယွမ်ထျန်ကျောက်ရဲ့ စစ်သည် ၅ သောင်းကတော့ အလွန် ထူးချွန်တဲ့ အထူးတပ်ဖွဲ့တွေပဲ... သူတို့ပါ ပိုင်ဆယ်မြို့ကို တိုက်ခိုက်လာပြီဆိုရင်တော့ ကျုပ်တို့ အန္တရာယ်ရှိပြီ”

**--**--**--**--**--**--**--**

ရွှမ်ချန်နယ်စားမင်း လုကျန့်၏ စစ်စခန်းအတွင်း၌ သူ၏ မျက်နှာထား မကောင်းလှပေ။ ယနေ့ မြို့သိမ်းတိုက်ပွဲတွင် သူ၏ စစ်သည် ငါးထောင် သေဆုံးဒဏ်ရာရခဲ့သည်။ ယင်းသည် သူ၏ စစ်တပ်အင်အား ၁၀ ရာခိုင်နှုန်းနီးပါး ဖြစ်ချေသည်။ ထို့အပြင် ပိုင်ဆယ်မြို့ ခံစစ်မှူးများ၏ ဇွဲလုံ့လနှင့် စွမ်းရည်သည် သူ၏ ထင်မြင်ယူဆချက်ထက် များစွာ သာလွန်နေသည်။

ထိုအချိန်၌ တုကျန့် ထပ်မံ ရောက်ရှိလာပြန်သည်။ ထိုမျှသာမက မလှမ်းမကမ်းမှ သိပ်သည်းသော ခြေသံများလည်း ကြားလိုက်ရသည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး”

တုကျန့်သည် စစ်သည် တစ်သောင်းကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ တုပိုင်၏ တန်ဖိုးမရှိသော ဦးလေးတော်စပ်သူ တုကျန့်က ပြုံးစစဖြင့် ပြောလိုက်သည်။

“နယ်စားမင်း... ကျုပ်တို့က သူငယ်ချင်းအချင်းချင်း ဘယ်တော့မှ ဂျင်းမထည့်ပါဘူးဗျာ... ခင်ဗျား ဒီနေ့ စစ်သည် ၅ ထောင် ဆုံးရှုံးသွားတယ်ဆိုတော့ ကျုပ်က ၁ သောင်း ပြန်ဖြည့်ပေးတာပါ... ပြီးတော့ ဒါက ကျုပ်တို့ ပင်လယ်ရပ်ခြားအင်ပါယာရဲ့ အထူးတပ်ဖွဲ့တွေဗျ... ဒါက ဗိုလ်ချုပ်ကျူးထျန်ဟွာ ပါ”

အရပ်ရှည်ပြီး ကြံ့ခိုင်သန်စွမ်းသော စစ်သူကြီးတစ်ဦးသည် ခမောက်ကို ချွတ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။

“နယ်စားမင်းကို ဂါရဝပြုပါတယ်”

တုကျန့်က ဆက်လက်ပြောဆိုလေသည်။

“နယ်စားမင်း... ဒီ အထူးတပ်ဖွဲ့ဝင် ၁ သောင်းကို ခင်ဗျား စိတ်ကြိုက် စေခိုင်းနိုင်ပါတယ်”

ရွှမ်ချန်နယ်စားမင်း လုကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဒီ အထူးတပ်ဖွဲ့ ၁ သောင်းသာ ပါလာရင်တော့ ကျုပ်က ကျားတစ်ကောင်လို စွမ်းအားကြီးသွားပြီပေါ့ဗျာ... ၅ ရက်အတွင်း ပိုင်ဆယ်မြို့ကို သိမ်းပြမယ်လို့ ကတိပေးတယ်”

ထိုညတွင် ရွှမ်ချန်နယ်စားမင်း လုကျန့်သည် ယုန်ကလေးတစ်ကောင်ကို အသည်းအသန် နှိပ်စက်ကစားနေလေသည်။

ထိုယုန်ကလေးသည် အလွန် ချောမောလှပသော ယောင်္ကျားလေးတစ်ဦး ဖြစ်ပြီး သင်းကွပ်ခံထားရသူလည်း ဖြစ်သည်။ ရွှမ်ချန်နယ်စားမင်း လုကျန့်သည် သူ့အား နှိပ်စက်ရင်း ဟိန်းဟောက်မေးမြန်းနေသည်။

“မင်း ဘယ်သူလဲ... ဟို လမ်းဘေးခွေးလေးလား”

ယုန်ကလေးသည် ငိုကြွေးရင်း မိန်းမသံဖြင့် ဖြေကြားလိုက်သည်။

“ကျွန်မက တုပိုင်ပါ... ကျွန်မက တုပိုင်ပါရှင်”

ရွှမ်ချန်နယ်စားမင်း လုကျန့်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ယုန်ကလေးကို သွေးထွက်သံယို ဖြစ်အောင် ရိုက်နှက်နှိပ်စက်လိုက်သည်။ သူသည် တုပိုင်ကို နှိပ်စက်နေရသကဲ့သို့ စိတ်ဖြေဖျောက်နေခြင်း ဖြစ်လေသည်။

**--**--**--**--**--**--**--**

တာ့လုံပေါင် စစ်မြေပြင်တွင် နေ့သစ်တစ်ခု ရောက်ရှိလာ၏။ ယနေ့ လီမိသားစု၏ မဟာဗျူဟာမှာ အလွန် ရှင်းလင်းပြတ်သားသည်။ မည်သည့်နည်းလမ်းကို သုံးရပါစေ တုပိုင်၏ အမြောက် ၇၀ ကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။ လိုအပ်လာလျှင် ထိပ်တန်းသိုင်းပညာရှင် လီရူဟိုင် ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်မည်။

ယခုအချိန်တွင် လီရူဟိုင်သည် ဘုရင့်ဝတ်ရုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားနက်ကြီးကို ကိုင်ဆောင်ထားကာ တစ်ကိုယ်လုံးတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။ သူ့တစ်ကိုယ်လုံးသည် ဓားတစ်စင်းကဲ့သို့ တောင်တစ်လုံးကဲ့သို့ ခိုင်ခံ့ထည်ဝါနေသည်။

လီရူဟိုင်သည် ယခင်စနစ်ရှင်၏ အတွင်းအားများကို စုပ်ယူထားပြီးဖြစ်ရာ သူ၏ သိုင်းပညာသည် ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မဟာဆရာသခင် နင်ဇောင်ဝူ၏ အထွတ်အထိပ်အချိန်နှင့် မဟာဆရာသခင် လီလျန်တင်းပင်လျှင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

ဘုရင်တစ်ပါးအနေဖြင့် သူသည် ဤအမြောက်များကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးပစ်ချင်နေသည်။

“ဒီနေ့... ငါကိုယ်တော် ကိုယ်တိုင် တိုက်ခိုက်ပြီး တုပိုင်ရဲ့ အမြောက်တွေ အကုန်လုံးကို ဖျက်ဆီးပစ်မယ်... ဒါပေမဲ့... မောင်မင်းတို့ မှတ်ထားကြ... ငါကိုယ်တော်မှာ စစ်သည် သိန်းချီရှိပါလျက်နဲ့ ကိုယ်တိုင်ဝင်တိုက်ရတာ မောင်မင်းတို့အတွက် ရှက်စရာပဲ”

ဘုရင် လီရူဟိုင်က ဒေါသတကြီး မိန့်ကြားလိုက်သည်။

ရုတ်တရက် အိမ်ရှေ့စံ လီကျန့် ၊ မီးနတ်ဘုရား ဘုန်းတော်ကြီးအကြီးအကဲနှင့် စစ်သူကြီးရာပေါင်းများစွာတို့သည် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကြသည်။ ဘုရင်ကြီး ပြောသည်မှာ မှန်ကန်လှပါသည်။ ဤသည်မှာ သူတို့အတွက် အလွန် ရှက်စရာကောင်းသော ကိစ္စပင် ဖြစ်၏။

“ဒီနေ့ကို မောင်မင်းတို့ အမြဲ မှတ်ထားကြ... သခင်က အရာရှိတွေအတွက် အရှက်ရပြီး အသေခံ တိုက်ခိုက်ပေးရတယ်ဆိုတာကို”

လီရူဟိုင်ထပ်မံ ဟိန်းဟောက်လိုက်သည်။ သူ၏ အသံသည် မိုးကြိုးပစ်လိုက်သကဲ့သို့ ကျယ်လောင်၏။ ထို့နောက် သူသည် စစ်ဓားကြီးကို ကိုင်ဆောင်ကာ သူ၏ စစ်တပ်ကို ဦးဆောင်ပြီး တုပိုင်၏ တာ့လုံပေါင်ဆီသို့ ချီတက်ရန် ပြင်လိုက်သည်။ သူသည် တုပိုင်၏ အမြောက် ၇၀ ကို ကိုယ်တိုင် သွားရောက် ဖျက်ဆီးတော့မည် ဖြစ်သည်။

သို့သော် ထိုအချိန်၌ ကောင်းကင်ယံမှ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

“ဂျိမ်းးး ဂျိမ်းးး ဂျိမ်းးး”

မိုးကြိုးဟိန်းသံ။ မိုးတိမ်မည်းများ အုံ့ဆိုင်းလာ၏။

မိုးစက်မိုးပေါက်များ တစ်စက်ပြီး တစ်စက် ကျဆင်းလာသည်။ ခဏကြာလျှင် သည်းထန်စွာ ရွာသွန်းသော မိုးကြီးအဖြစ် ပြောင်းလဲသွားလေတော့သည်။ အိမ်ရှေ့စံ လီကျန့်သည် ဝမ်းသာအားရ ဖြစ်သွားပြီး အော်ဟစ်လိုက်သည်။

“ခမည်းတော်ရဲ့ ဘုန်းတန်ခိုးအာဏာက ကောင်းကင်ကို တုန်လှုပ်စေတယ်... မိုးနတ်မင်းက ကူညီပြီး မိုးကြီး ရွာချပေးလိုက်ပြီ”

တာ့ယန်တိုင်းပြည်၏ မီးနတ်ဘုရားဘာသာ ဘုန်းတော်ကြီးအကြီးအကဲကလည်း ဝင်ရောက် ဟစ်ကြွေးလေသည်။

“မိုးကြီး သည်းထန်စွာ ရွာသွန်းလိုက်ပြီ... တုပိုင်ရဲ့ အမြောက်တွေ သုံးမရတော့ဘူး... ကောင်းကင်ဘုံက ငါတို့ဘက်မှာ ရှိနေတယ်... ဘုရင်ကြီး ဘုန်းတော်ကြီးပါစေ... တာ့ယန်တိုင်းပြည် ဘုန်းတော်ကြီးပါစေ... အသက်ရာကျော် ရှည်ပါစေ... အသက်ရာကျော် ရှည်ပါစေ”

အိမ်ရှေ့စံ လီကျန့်သည် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး အော်ဟစ်လိုက်သည်။

“ခမည်းတော် ဘုန်းတော်ကြီးပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ”

စစ်သူကြီးရာပေါင်းများစွာလည်း ညီညာစွာ ဒူးထောက်လိုက်ကြပြီး သံပြိုင် ဟစ်ကြွေးလိုက်ကြသည်။

“ဘုရင်ကြီး ဘုန်းတော်ကြီးပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ”

စစ်သည် နှစ်သိန်းကျော်သည် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြပြီး အံ့မခန်း အရှိန်အဝါ ကြီးမားလှသော လီရူဟိုင်ကို မော့ကြည့်ကာ အော်ဟစ်လိုက်ကြသည်။

“ဘုရင်ကြီး ဘုန်းတော်ကြီးပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ”

အစောက ဖြစ်ပျက်ခဲ့သော မြင်ကွင်းသည် အမှန်တကယ်ပင် လီရူဟိုင်ကို ကောင်းကင်ဘုံက ကောင်းချီးပေးလိုက်သကဲ့သို့ ဖြစ်နေလေတော့၏။

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၇၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters