အခန်း (၅၇၅)
Vol. 58 Ch. 575
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၇၅
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
အဘယ်ကြောင့်ဆိုသော် ယခင်က ကောင်းကင်ယံတွင် နေမင်းကြီး တောက်ပနေပြီး ကောင်းကင်ပြာကြီးမှာ ကြည်လင်နေခဲ့သောကြောင့် ဖြစ်လေ၏။
သို့ရာတွင် လီရူဟိုင်သည် သူ၏ စစ်ဓားကြီးကို ဝှေ့ယမ်းကစားလိုက်ပြီး ဟိန်းဟောက်လိုက်သည်နှင့် တပြိုင်နက် မိုးတိမ်မည်းကြီးများသည် ခေါင်းပေါ်သို့ ဖိကျလာပြီး မိုးကြိုးပစ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့လေ၏။ လီရူဟိုင် ကိုယ်တိုင် စစ်ထွက်မည့်အချိန်၌ ကောင်းကင်မှ မိုးသည်းထန်စွာ ရွာချလိုက်လေ၏။
ဤအခြေအနေသည် ကောင်းကင်ဘုံက ဘုရင်ကြီး လီရူဟိုင်၏ ဘုန်းတန်ခိုးအာဏာကို ထောက်ခံအားပေးနေသကဲ့သို့ ဖြစ်နေပြီး ဘုရင်ကြီး ကိုယ်တိုင် လက်ဖျားနှင့်ပင် တို့စရာမလိုဘဲ တုပိုင်၏ အမြောက် ၇၀ ကို ကောင်းကင်ဘုံက ဖျက်ဆီးပေးလိုက်သကဲ့သို့ ရှိလေ၏။
ဘုရားသခင်သည် သူတို့ဘက်၌ ရှိနေလေပြီဖြစ်ရာ လီမိသားစု စစ်တပ်၏ စိတ်ဓာတ်မှာလည်း အလိုအလျောက် မြင့်တက်လာရလေ၏။
“ဘုရင်ကြီး ဘုန်းတော်ကြီးပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ” လီမိသားစု၏ စစ်သည် နှစ်သိန်းကျော်သည် လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်ကြ၏။
လီရူဟိုင်သည် ဘုရင့်ဝတ်ရုံကို ဝတ်ဆင်လျက် မြင့်မားသော စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ပြင်းထန်သော ချီအရှိန်အဝါများ ဖြာထွက်နေပြီး သည်းထန်စွာ ရွာသွန်းနေသော မိုးစက်မိုးပေါက်များသည် သူ၏ ခန္ဓာကိုယ်နှင့် လက်မအနည်းငယ်အကွာသို့ ရောက်သည်နှင့် တစစီ လွင့်စင်ပျောက်ကွယ်သွားရလေ၏။ မိုးရေများ မည်မျှပင် သည်းထန်စွာ ရွာသွန်းနေပါစေ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရေစိုသည့် အရိပ်အယောင် တစ်စက်မျှ မရှိလေ၏။
ထိုအခိုက်အတန့်တွင် လီရူဟိုင်၏ ခန္ဓာကိုယ်တစ်ခုလုံး၌ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါများ ပြည့်နှက်နေလေ၏။
သူသည် မြင့်မားသော စင်မြင့်ပေါ်သို့ ရောက်ရှိပြီးနောက် မီတာ ၁၅၀၀ အကွာတွင် ရှိနေသော တာ့လုံပေါင်ကို လှမ်းကြည့်လိုက်လေ၏။ ယမန်နေ့က တိုက်ပွဲတွင် ဤအမြောက် ၇၀ ကြောင့် ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်ပေါ်ခဲ့ရလေ၏။ ယင်းတို့သည် စစ်မှန်သော စစ်ပွဲ၏ ဘုရားသခင်များ ဖြစ်ကြလေ၏။ အကယ်၍ ထိုအမြောက် ၇၀ သာ မရှိပါက တုပိုင်သည် စိုးရိမ်စရာမလိုဘဲ ရှုံးနိမ့်သွားမည်ဖြစ်ပြီး သေချာပေါက် သေဆုံးရပေလိမ့်မည်ဟု တွေးတောမိလေ၏။
ဘုရင်ကြီး လီရူဟိုင်သည် တာ့လုံပေါင်ရှိ တုပိုင်အား လှမ်းကြည့်လိုက်ပြီးနောက် သူ၏ စစ်သည် နှစ်သိန်းကျော်ကို ငုံ့ကြည့်ကာ ဖြည်းညှင်းစွာ မိန့်ကြားလိုက်လေ၏။
“ဘုရားသခင်က ငါ့ရဲ့ တာ့ယန်တိုင်းပြည်ကို ကောင်းချီးပေးနေပြီ... ဘုရားသခင်က ငါ လီရူဟိုင်ကို ကောင်းချီးပေးနေပြီ”
“ဒီနေ့... တာ့နင်အင်ပါယာရဲ့ နယ်စားမင်း တုပိုင်ကို ငါကိုယ်တိုင် အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ပစ်မယ်... သူ့ကို မြှုပ်နှံစရာ မြေနေရာမရှိအောင် လုပ်ပစ်မယ်”
“ငါ၏ တပ်မတော်... တိုက်”
“တာ့လုံပေါင်ကို ဖျက်ဆီးပစ်ကြ... ချေမှုန်းပစ်ကြ”
“ငါတို့ ဒီစစ်ပွဲကို အဆုံးသတ်ရမယ်... ရန်သူ့စစ်တပ်ကို ခေါင်းဖြတ်သတ်ပြီး တစ်ယောက်မကျန် သတ်ပစ်ကြ”
လီရူဟိုင်၏ အသံသည် မိုးကြိုးသံကဲ့သို့ ဟိန်းထွက်နေပြီး စတုရန်းကီလိုမီတာ အတော်များများအထိ ပဲ့တင်ထပ်သွားလေ၏။ သူ၏ စစ်သည် နှစ်သိန်းကျော်သာမက တာ့လုံပေါင်အတွင်းရှိ တုပိုင်ပါ ပြတ်သားစွာ ကြားလိုက်ရလေ၏။ တုပိုင်၏ စစ်သည်သောင်းချီကလည်း ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရပြီး သူတို့၏ နားစည်များပင် ကွဲထွက်သွားမတတ် ခံစားလိုက်ရလေ၏။
သူတို့၏ ဘုရင်ကြီးသည် ဤမျှ စွမ်းအားကြီးမားပြီး ခမ်းနားထည်ဝါနေသည်ကို မြင်လိုက်ရသောအခါ လီမိသားစု စစ်သည် နှစ်သိန်းကျော်၏ စိတ်ဓာတ်များသည် ချက်ချင်း တက်ကြွလာပြီး ဟိန်းဟောက်လိုက်ကြလေ၏။
“ဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ... ဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ”
“တပ်မတော်ကြီး... တိုက်”
“တုပိုင်ကို အသေခုတ်သတ်ကြ”
ရုတ်တရက် မိုးကြိုးပစ်သံများ ၊ သည်းထန်သော မိုးရေများအကြားတွင် လီမိသားစု စစ်သည် နှစ်သိန်းကျော်သည် အမှောင်ဒီရေလှိုင်းကြီးကဲ့သို့ တုပိုင်၏ တာ့လုံပေါင်ဆီသို့ ရူးသွပ်စွာ တိုးဝင်လာကြတော့လေ၏။ အမှန်တကယ်ပင် ဖျက်ဆီးခြင်း စွမ်းအားများဖြင့် ပြည့်နှက်နေလေ၏။
နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲ ရောက်ရှိလာပြီဖြစ်၏။
တုပိုင်သည် ကောင်းကင်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်မိလေ၏။
‘ဒီနေ့တော့... ဘုရားသခင်က လီရူဟိုင်ဘက်မှာ တကယ် ရှိနေတာပဲ’
ယမန်နေ့က မိုးတိမ်မည်းများ လိမ့်တက်လာပြီး မိုးကြိုးများ ပစ်ခဲ့သော်လည်း မိုးတစ်စက်မှ မရွာခဲ့ပေ။ ထို့ကြောင့် တုပိုင်၏ အမြောက်များ စိတ်ကြိုက် ပစ်ခတ်နိုင်ခဲ့လေ၏။ သို့သော် ယနေ့မနက်စောစောတွင် ကောင်းကင်ကြီး ကြည်လင်နေခဲ့သော်လည်း ရုတ်တရက် မိုးတိမ်မည်းများ ဖုံးလွှမ်းလာပြီး မိုးသည်းထန်စွာ ရွာသွန်းလေတော့၏။
ဤကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သူ၏ အမြောက် ၇၀ သည် လုံးဝ နှုတ်ပိတ်သွားခဲ့ရပြီး အသုံးမဝင်တော့လေ၏။
ဤစစ်ပွဲ၏ ဘုရားသခင်များသည် ကျရှုံးသွားခဲ့ရသည်။
“ဝုန်းးး ဝုန်းးး ဝုန်းးး”
သည်းထန်သော မိုးရေထဲတွင် လီမိသားစု စစ်သည် နှစ်သိန်းကျော်သည် အနက်ရောင် ပုရွဲဆိတ်အကောင်ကြီးများသဖွယ် အဆုံးအစမရှိ ရူးသွပ်စွာ ပြေးဝင်လာကြလေ၏။ တာ့လုံပေါင်သည် တစ်ခဏအတွင်း လုံးဝ ပျက်စီးသွားတော့မည့်ပုံ ပေါက်နေလေ၏။
တံတိုင်းပေါ်ရှိ စစ်သည် တစ်သောင်း၏ မျက်နှာထားများသည် တည်ကြည်လေးနက်နေကြလေ၏။ တံတိုင်းအောက်ရှိ စစ်သည်သစ် တစ်သောင်းခွဲမှာမူ အပြင်ဘက်မှ ကမ္ဘာမြေကြီး တုန်ဟီးသွားစေလောက်သော သတ်ဖြတ်လိုသည့် အသံများ ၊ ကြောက်မက်ဖွယ် မြေငလျင်ကဲ့သို့ တုန်ခါမှုများနှင့် ကောင်းကင်မှ မိုးကြိုးသံများကို နားထောင်ရင်း တုန်လှုပ်ချောက်ချားနေကြလေ၏။
အမြောက် ၇၀ မရှိတော့ဘဲ လီမိသားစု စစ်သည် နှစ်သိန်းကျော် ဝင်ရောက်တိုက်ခိုက်လာသည်ကို တုပိုင်၏ စစ်သည် လေးသောင်းကျော်က မည်သို့မျှ တားဆီးနိုင်မည် မဟုတ်လေ၏။ စွန့်ပစ်ခံထားရပြီး ပျက်စီးနေသော တာ့လုံပေါင်ကို အမှီပြု၍ ခုခံရန်မှာ လုံးဝ မဖြစ်နိုင်တော့လေ၏။
လီမိသားစု စစ်သည် နှစ်သိန်းကျော်သည် ရူးသွပ်စွာ တိုးဝင်လာပြီး ပို၍ ပို၍ နီးကပ်လာကြလေ၏။ အံ့မခန်းသော အရှိန်အဟုန်ဖြင့် မျက်စိတစ်မှိတ်အတွင်း တာ့လုံပေါင်တစ်ခုလုံးကို လွှမ်းမိုးဝါးမြိုသွားတော့မည့်အလား ဖြစ်နေလေ၏။
တုပိုင် စိတ်ထဲမှ သက်ပြင်းချလိုက်လေ၏။
‘ဟူး...’
‘တကယ်ကို မလုပ်ချင်ပါဘူးကွာ’
မူလက ဤအမြောက် ၇၀ ဖြင့် စစ်ပွဲ၏ ဘုရားသခင်ဖြစ်သော သူသည် အနားယူနိုင်မည်ဟု တွေးထားခဲ့လေ၏။ ကမ္ဘာပျက်စေနိုင်သော လက်နက်ဆန်းကြီးကို ချွေတာထားနိုင်မည်ဟု ထင်ခဲ့လေ၏။
သို့သော် ဘုရားသခင်သည် တုပိုင် အပျင်းထူနေသည်ကို ကြည့်ရက်ပုံမရဘဲ ဤရင်သပ်ရှုမောဖွယ် ကောင်းလှသော ဖျက်ဆီးခြင်း ပြပွဲကြီးကို ဖျော်ဖြေတင်ဆက်စေချင်နေပုံ ရလေ၏။
“ကောင်းပြီလေ... ဒီစစ်ပွဲကို ငါ အဆုံးသတ်ပေးလိုက်ပါ့မယ်”
တုပိုင် သက်ပြင်းချလိုက်လေ၏။ တုပိုင် ပျက်စီးခြင်းမြှားတစ်စင်းကို ထုတ်ယူလိုက်လေ၏။ ယင်းတွင် အမှောင်ဒြပ်ထုတစ်မီလီလီတာ ပါဝင်လေ၏။ မီးစာကို ငရဲမီးလျှံ ဖြင့် မီးကူးလိုက်သည်နှင့် တပြိုင်နက် အမှောင်ဒြပ်ထုသည် အနီရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားပြန်လေ၏။ မိုးသည်းထန်စွာ ရွာသွန်းမှုသည် အမြောက်များ၏ ဟိန်းဟောက်သံကို ငြှိမ်းသတ်နိုင်သော်လည်း ငရဲမီးကိုမူ ငြှိမ်းသတ်နိုင်ခြင်း မရှိလေ၏။
တုပိုင်သည် လေးကို ဆွဲတင်လိုက်ပြီး မြှားကို တပ်ဆင်ကာ ရုတ်တရက် ပစ်လွှတ်လိုက်တော့လေ၏။
“ရွှီးးး”
မြင့်မားသော နေရာမှနေ၍ ဤပျက်စီးခြင်းမြှားသည် သည်းထန်သော မိုးရေထဲတွင် လှပသော မျဉ်းကွေးတစ်ခု ရေးဆွဲကာ မီတာ ၅၀၀ အကွာသို့ တရှိန်ထိုး ပျံသန်းသွားလေ၏။ ထို့နောက် ယင်းသည် သိပ်သည်းလှသော လီမိသားစု စစ်သည်အုပ်ကြီးထဲသို့ တစ်စင်းတည်း ကျရောက်သွားလေ၏။
တကယ်ကို သိပ်သည်းလွန်းလှလေ၏။ လူ နှစ်သိန်းကျော် စုပြုံတိုးဝင်လာမှု၏ သိပ်သည်းဆမှာ အံ့သြစရာ ကောင်းလောက်အောင်ပင် ဖြစ်လေ၏။
တုပိုင် အဘယ်ကြောင့် ဤမြှားကို ပစ်လိုက်သလဲဆိုသည်ကို ဘယ်သူမှ မသိကြပေ။ အဘယ်ကြောင့်ဆိုသော် တုပိုင်၏ ပျက်စီးခြင်းမြှား ပစ်ခတ်သည်ကို မြင်ဖူးသော ရန်သူအားလုံးသည် သေဆုံးသွားကြလေပြီ ဖြစ်သောကြောင့်ပင် ဖြစ်လေ၏။ တုပိုင်၏ မြှားသည် အဝေးကြီး ရောက်သွားသည်မှာ မှန်သော်လည်း မြှားတစ်စင်းတည်းနှင့် ဘာလုပ်နိုင်မည်နည်း ဟူ၍ တွေးကောင်း တွေးကြပေလိမ့်မည်။
နောက်တစ်စက္ကန့်တွင် ရင်သပ်ရှုမောဖွယ် ကောင်းလှသော အစိမ်းရောင် မီးတောက်ကြီး ရုတ်တရက် ပေါက်ကွဲထွက်လာလေ၏။
“ဘုန်းးး”
အချင်း မီတာ ၁၀၀ ရှိသော ငရဲမီးတောက်ကြီးသည် ရုတ်ခြည်း ပေါက်ကွဲထွက်ပေါ်လာခြင်း ဖြစ်လေ၏။ စတုရန်းမီတာ ရှစ်ထောင် အကွာအဝေးအတွင်းရှိ သက်ရှိအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြရလေ၏။ လီမိသားစု စစ်သည်များသာမက မြေပြင်ပေါ်ရှိ ပန်းမန်များနှင့် မြက်ပင်များပါမကျန် အားလုံး သေဆုံးသွားကြရလေ၏။
လူ နှစ်သိန်းကျော် တိုးဝှေ့ဝင်ရောက်လာသော စတုရန်းမီတာ ရှစ်ထောင် ဧရိယာထဲတွင် လူပေါင်း မည်မျှ ရှိနေမည်နည်း။ အနည်းဆုံး လူ နှစ်ထောင် ၊ သုံးထောင်ကျော် ရှိပေလိမ့်မည်။ တစ်ခဏအတွင်းမှာပင် ပြာမှုန်အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားကြရလေ၏။
ဤသည်ကား... စစ်မှန်သော စစ်ပွဲ၏ ဘုရားသခင်ပင် ဖြစ်လေ၏။ ဤသည်ကား ကမ္ဘာလောကကို အမှန်တကယ် ဖျက်ဆီးပစ်နိုင်သော စွမ်းအားပင် ဖြစ်လေ၏။
ထို့နောက်တွင် တုပိုင် ရပ်တန့်မနေတော့ပေ။
“ရွှီးးး ရွှီးးး ရွှီးးး”
ယခင်က အလွန် တွက်ကပ်စွာ သုံးစွဲခဲ့သော ပျက်စီးခြင်းမြှားများကို ယခုအချိန်တွင်မူ ရေလို သုံးစွဲသကဲ့သို့ ရူးသွပ်စွာ ဆက်တိုက် ပစ်လွှတ်လိုက်တော့လေ၏။
“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”
တစ်ခုပြီးတစ်ခု... ရင်သပ်ရှုမောဖွယ် ကောင်းသော ငရဲမီးပန်းပွင့်ကြီးများသည် ဆက်တိုက် ပွင့်လန်းလာကြလေ၏။ ထိုငရဲပန်းပွင့်ကြီး တစ်ပွင့်ချင်းစီသည် အလွန် တိကျစွာ ပွင့်လန်းလာကြခြင်း ဖြစ်လေ၏။
ဤသည်မှာ လူသတ်ပွဲ ဆင်နွှဲနေခြင်း မဟုတ်တော့ပေ။ သေမင်းတမန် ရောက်ရှိလာပြီး လူ့ပြည်လောကသို့ ငရဲခန်းကို ဆောင်ကြဉ်းလာခြင်းသာ ဖြစ်လေ၏။
မြေပြင်ပေါ်တွင် ပြေးလွှားနေသော လီမိသားစု စစ်သည်များသည် တစ်စုပြီး တစ်စု ပျောက်ကွယ်သွားကြပြီး တုပိုင်က သူတို့ကို ဤကမ္ဘာလောကကြီးထဲမှ ဖျက်ပစ်လိုက်သကဲ့သို့ ဖြစ်နေလေ၏။
ထောင်ချီ... သောင်းချီ... ပို၍ ပို၍ များပြားလာလေ၏။
ကမ္ဘာလောကကြီးသည် အရောင်ပြောင်းလဲသွားခဲ့လေ၏။
မြေပြင်ပေါ်တွင် ပွင့်လန်းလာသော ငရဲမီးပန်းပွင့်များသည် ကောင်းကင်ယံမှ မိုးကြိုးလျှပ်စီးများကိုပင် လွှမ်းမိုးသွားလေ၏။
တစ်ခဏအတွင်းမှာပင် စကြာဝဠာကြီး ပြောင်းပြန်လှန်သွားသကဲ့သို့ ဖြစ်နေပြီး မည်သည့်နေရာက ကောင်းကင် ၊ မည်သည့်နေရာက မြေကြီး ဖြစ်သည်ကိုပင် ခွဲခြား၍ မရနိုင်တော့ချေ။ အဆုံးအဖြတ်တိုက်ပွဲကြီး ပြီးဆုံးသွားလေ၏။ တုပိုင်၏ ပျက်စီးခြင်းမြှားသည် လီမိသားစု၏ တာ့ယန်တိုင်းပြည် ကံကြမ္မာကို အဆုံးသတ်ပေးလိုက်တော့သည်။
ကုန်းကုန်းဧကရာဇ် အပိုင်း ၅၇၅ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team