← Chapters

ဈာပန

Vol. 22 Ch. 211

ဈာပန

Vol. 22 Ch. 211

ဆယ်လီနာ သူတော်စင်မ ဘုရားကျောင်းတော် ရဲ့ မြေအောက်ထပ်ရှိ ချန်နစ်စ် တံခါး ရဲ့ အပြင်ဘက်က ကင်းစောင့်အခန်းထဲမှာတွင် ဖြစ်သည်။

လန်နာ့ဒ် မစ်ချယ် ဟာ ကုလားထိုင်နောက်ကို မှီထားပြီး သူ့ရဲ့ ခြေထောက်တွေကိုတော့ စားပွဲပေါ် မှာတင်ထားပါတယ်။ သူ့ရဲ့ မျက်လုံးတွေကတော့ အာရုံစူးစိုက်မှုမရှိနေဘဲ တွေတွေကြီး

ဖြစ်နေပါတယ်။

သူ့ကို မှော်ပညာအစီအရင် တစ်ခုနဲ့ ကုသပေးခဲ့ပေမဲ့ သူဟာ အပြင်းဖျားဝေဒနာ တစ်ခုကနေ သက်သာခါစအရှင်းနေပြန်မ‌ကောင်းသေးတဲ့သူတစ်ယောက်လိုမျိုး တကယ့်ကို ပုံပျက်ပန်းပျက် ဖြစ် နေပါတယ်။

အဲ့ဒီအချိန်မှာပဲ မြင့်မြတ်သော ဘုရားကျောင်းတော် ကနေ စေလွှတ်လိုက်တဲ့ အစွမ်းထက်တဲ့ သာလွန်သူ တွေဟာ ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာတွေ ပျောက်ဆုံးသွားတာကြောင့် ချန်နစ်စ် တံခါး ရဲ့ နောက်ကွယ်မှာ နောက်ထပ် ချိတ်ပိတ်မှုတစ်ခုကို ပြုလုပ်နေကြပါတယ်။ သူတို့ကြားမှာလည်း သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်၊ အချို့ကတော့ မြင့်မြတ်သော ပစ္စည်းအသစ်တစ်ခုနဲ့ တံခါးအနောက်က လက်နက်တွေကို ချိတ်ပိတ်ချင်ကြပြီး အချို့ကတော့ ပစ္စည်းအသစ်သုံးရလောက်အထိ ဒုက္ခခံစရာ မလိုဘူးလို့ ယုံကြည်နေကြပါတယ်။ ဘာပဲဖြစ်ဖြစ် ထာဝရာညနတ်ဘုရားမ ဘုရားကျောင်း အတွက်တော့ မြင့်မြတ်သော ပစ္စည်းတွေဆိုတဲ့ အရာတွေက ရှားပါးသလို အလွန်တရာလည်း တန်ဖိုးကြီးမားကြပါတယ်။ သူတို့ အကြံပြုတာကတော့ ထင်းဂန် မြို့ က ညသိမ်းငှက်အဖွဲ့ ကို လူလျှော့ပြီး သက်ရှိ လက္ခဏာတွေပြနေတဲ့ ချိတ်ပိတ် လက်နက်တွေ ဒါမှမဟုတ် ချိတ်ပိတ်ရခက်တဲ့ လက်နက် တွေကို ဘက်ကလန်မြို့က ဂိုဏ်းအုပ်နယ်မြေမှာရှိတဲ့ ဆိတ်ငြိမ် ဘုရားကျောင်းတော် ဌာနချုပ်ဆီကို ပြောင်းရွှေ့ဖို့ပဲ ဖြစ်ပါတယ်။ ထင်းဂန်မှာတော့ ပိုပြီး ထိန်းချုပ်ရလွယ်ကူတဲ့ လက်နက်တွေကိုပဲ ချန်ထားခဲ့မှာ ဖြစ်ပါတယ်။

သူတို့ဟာ ဂိုဏ်းချုပ် ဘုန်းတော်ကြီး တွေနဲ့ ရာထူးကြီး ဂိုဏ်းထောက်ဘုန်းတော်ကြီးတွေရဲ့ မဲခွဲဆုံးဖြတ်မှုကို ရယူဖို့အတွက် အထက် အရာရှိတွေ အစည်းအဝေးတစ်ခု ကျင်းပပေးပါရန် ဆိုပြီး ကြေးနန်းရိုက်ကာ အဆိုတင်သွင်းဖို့ ရည်ရွယ်ထားကြပါတယ်။

လန်နာ့ဒ် ကတော့ ဒီအငြင်းပွားမှုတွေအပေါ် စိတ်ဝင်စားမှု မရှိပါဘူး။ သူဟာ ဝမ်းနည်းမှု၊ ပူဆွေးမှု၊ စိတ်လှုပ်ရှားမှု ဒါမှမဟုတ် တက်ကြွမှုတွေ မရှိတော့တဲ့ သက်ရှိ အလောင်းကောင်တစ်ခုသာသာ ဖြစ်သွားသလို ခံစားနေရပါတယ်။ သူဟာ ပုံမှန်မဟုတ်လောက်အောင်ကို ထုံထိုင်းနေပါတယ်။ သူက ဘယ်သူနဲ့မှ မျက်နှာချင်းမဆိုင်ချင်ပါဘူး။ သူ က အခန်းတစ်ခန်းရဲ့ထောင့်တစ်နေရာမှာ တစ်ယောက်တည်းပဲ နေချင်နေပါတယ်။

ရံဖန်ရံခါမှာတော့ သူဟာ "လူသတ်သမား" က ကလိုင်း ရဲ့ သာလွန်သူ ဝိသေသလက္ခဏာ အကြွင်းအကျန်ကိုပဲ ယူသွားပြီး ကပ္ပတိန် ဒန်း စမစ် ရဲ့ ဝိသေသလက္ခဏာအကြွင်းအကျန် ကိုတော့ ဘာဖြစ်လို့ အကောင်းအတိုင်း ချန်ထားခဲ့တာလဲဆိုတာကို စဉ်းစားရင်းဇဝေဇဝါ ဖြစ်မိ နေပါတယ်။

ဒေါက်... ဒေါက်... ဒေါက်...

စင်္ကြံလမ်းတစ်လျှောက်မှာ ခြေသံတွေ ပဲ့တင်ထပ်လာပါတယ်။ ညာဘက်လက်မောင်းကို ပတ်တီးစည်းထားတဲ့ ဆီကာ ထရွန် ဟာ ကင်းစောင့်အခန်းရဲ့ တံခါးဝကို ရောက်လာပါတယ်။

ကလိုင်း နဲ့ တခြားသူတွေဟာ မီဂူ့စ် ကို တိုက်ခိုက်ပြီး ထင်းဂန် မြို့ ကို ကယ်တင်ဖို့ ကြိုးစားနေချိန်မှာ သူမနဲ့ ချန်နစ်စ် တံခါး ထဲက ထိန်းသိမ်းစောင့်ရှောက်သူ တွေဟာ တံခါးအနောက်ထဲမှာရှိတဲ့ ချိတ်ပိတ် လက်နက် တွေ ကို တိုက်ခိုက်နေခဲ့ကြတာ ဖြစ်ပါတယ်။

(ချန်းနစ် တံခါး အနောက်က ချိတ်ပိတ်လက်နက်တွေကို ဖိနှိပ်ထားတာက ဆယ်လီနာ သူတော်စင်မရဲ့ အရိုးပြာ ဖြစ်ပါတယ်။ အရိုးပြာကို ဒန်းက အပြင်ထုတ်လိုက်တဲ့အတွက် အထဲ လက်နက်တွေက သောင်းကျန်းနေကြတာဖြစ်ပါတယ်)

အကယ်၍ အာဏာပါးကွက်သားများ နဲ့ ယန္တယားဟိုက်ဗ်မိုင်း အဖွဲ့ဝင်တွေသာ အချိန်မီ ရောက်မလာခဲ့ရင် ဒါမှမဟုတ် မြင့်မြတ်သော ဘုရားကျောင်းတော် က စစ်ကူတွေ နောက်ဆုံးမှာ ရောက်မလာခဲ့ရင် သူမဟာလည်း အသက်ဆုံးရှုံးသွားနိုင်ပါတယ်။

ဒါပေမဲ့ အဲ့ဒီလို အခြေအနေမျိုးမှာတောင် သက်ကြီးရွယ်အို ထိန်းသိမ်းစောင့်ရှောက်သူ ကြီးဟာ အဆုံးအထိ ကြံ့ကြံ့မခံနိုင်ခဲ့ပါဘူး။ သူတို့ဟာ တာဝန်ဝတ္တရားတွေကို ကျေပွန်စွာ ထမ်းဆောင်ကာ တိုက်ပွဲဝင်ရင်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

"လန်နာ့ဒ်... ကပ္ပတိန်ရဲ့ ရုံးခန်းထဲမှာ ဝှက်စာမပါတဲ့ ကြေးနန်းစာတစ်စောင်ကို ငါတွေ့ခဲ့တယ်။ အဲ့ဒါက မြင့်မြတ်သော ဘုရားကျောင်းတော် ကနေ ပို့လိုက်တာ" လို့ ဆီကာ ထရွန် က ပြောပါတယ်။

လန်နာ့ဒ် ရဲ့ စိမ်းရောင်ရှိတဲ့ မျက်လုံးတွေက အနည်းငယ် လှုပ်ရှားသွားပြီး နောက်ဆုံးမှာတော့ သူ့မျက်လုံးတွေက အသက်ဝင်လာခဲ့ပါတယ်။ ကြေးနန်းအသစ် ရောက်လာတဲ့ အသံကို သူ ခပ်ရေးရေးလေး မှတ်မိနေပေမဲ့ အဲ့ဒီအချိန်တုန်းက ဒန်း နဲ့ မီဂူ့စ် တို့ရဲ့ တိုက်ပွဲက စတင်တော့မှာ ဖြစ်ပါတယ်။ သူနဲ့ ကလိုင်း တို့ဟာ အဲ့ဒီအချိန်တုန်းက ရောက်လာတဲ့ ကြေးနန်းကို အာရုံစိုက်ဖို့ အချိန်မရှိခဲ့ကြပါဘူး။

"ဘာရေးထားလဲ" လို့ လန်နာ့ဒ် က မေးလိုက်ချိန်မှာ သူ့ရဲ့ အသံက ပုံမှန်မဟုတ်လောက်အောင် အက်ကွဲနေတာကို သူ့ကိုယ်သူ သတိထားမိလိုက်ပါတယ်။

ဆံပင်ဖြူဖြူ၊မျက်လုံးနက်နက်တွေနဲ့ ဆီကာ ထရွန် က တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်တယ်။

"အင့်စ် ဇန်းဝဲလ် ကို သတိထားပါ။ ချိတ်ပိတ် လက်နက် ၀-၀၈ ကို သတိထားပါ"

"အင့်စ် ဇန်းဝဲလ်... ထာဝရ ညနတ်ဘုရားမ ဘုရားကျောင်းကို သစ္စာဖောက်သွားတဲ့ ဂိုဏ်းချုပ် ဘုန်းတော်ကြီး၊ အဆင့်တက်ဖို့ ကြိုးစားရင်း ကျရှုံးခဲ့တဲ့ တံခါးမှူး(သေခြင်း လမ်းစဉ် ဆုံမှတ် ၅).. ချိတ်ပိတ် လက်နက် ၀-၀၈... သာမန် ငှက်မွှေးကလောင် တစ်ချောင်းနဲ့ တူတဲ့ ကလောင်တံတစ်ချောင်း..."

လန်နာ့ဒ် ဟာ သူ့ရဲ့ မှတ်ဉာဏ်တွေထဲမှာ အင့်စ် ဇန်းဝဲလ် ၊ ၀-၀၈ တို့နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို စဉ်းစားရင်း ပထမတော့ တိုးတိုးလေး ရေရွတ်နေပြီး နောက်တော့ သူ့ခေါင်းကို ဘေးတစ်ဖက်ကို စောင်းလိုက်ပါတယ်။

သူ့ရဲ့ မျက်လုံးတွေက ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူ့ခန္ဓာကိုယ်ထဲက စိတ်ပျက်အားလျော့မှုတွေနဲ့ ဝမ်းနည်းမှုတွေဟာ ပျောက်ကွယ်သွားပါတယ်။

"အကြောင်းအရင်းက ဒီလိုကိုး..." လန်နာ့ဒ် က သူ့ခြေထောက်တွေကို ခုံပေါ်ကနေ ပြန်ချလိုက်ပြီး မတ်တတ်ရပ်လိုက်ပါတယ်။ သူ့ရဲ့ အစိမ်းရောင်မျက်လုံးတွေထဲမှာတော့ ပြင်းထန်တဲ့ စိတ်အားထက်သန်မှုတွေက တောက်လောင်နေပါတယ်။

သူက ဆီကာ ထရွန် ကို ကြည့်ပြီး ပြောလိုက်ပါတယ်။

"ငါ လက်အိတ်နီ အဖွဲ့ထဲ ဝင်ဖို့ လျောက်လွှာတင်တော့မယ်"

လက်အိတ်နီ ဆိုတာက ညသိမ်းငှက်တွေထဲကမှ ရွေးချယ်ထားတဲ့ လက်ရွေးစင်အဖွဲ့ရဲ့ နာမည်ဝှက်တစ်ခု ဖြစ်ပါတယ်။

သာမန်အခြေအနေတွေမှာ ညသိမ်းငှက်အဖွဲ့တွေဟာ သက်ဆိုင်ရာ ဒေသအလိုက် အခြေစိုက်ကြပြီး သူတို့ စီရင်ပိုင်ခွင့်ရှိတဲ့ နယ်မြေတွေ သတ်သတ်မှတ်မှတ် ရှိကြပါတယ်။ သူတို့ဟာ ခွင့်ပြုချက်မရဘဲ သူတို့ရဲ့ နယ်မြေပြင်ပမှာရှိတဲ့ ရာဇဝတ်သားတွေကို ဖမ်းဆီးခွင့် မရှိကြပါဘူး။ ဒါကြောင့်လည်း အချို့သော ဒုစရိုက်သမားတွေဟာ ပြစ်မှုတစ်ခု ကျူးလွန်ပြီးတိုင်း အခြားနေရာကို ရွေ့ပြောင်းလေ့ရှိကြပြီး ဒီအချက်က ညသိမ်းငှက်များ အတွက်တော့ အလွန်အဆင်မပြေ ဖြစ်စေပါတယ်။

ဒါကို ဖြေရှင်းဖို့အတွက် ထာဝရာညနတ်ဘုရားမ ဘုရားကျောင်း ဟာ လက်အိတ်နီ အဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ အထူး ရွေးချယ်ခံထားရတဲ့ အတော်ဆုံးတပ်ဖွဲ့ဝင်တွေ ဖြစ်ကြပြီး အဖွဲ့ဝင်အချို့ဆိုရင် အစွမ်းအပြည့်အစုံမရှိတဲ့ မြင့်မြတ်သော လက်နက်တွေကိုတောင် ပိုင်ဆိုင်ထားကြပါတယ်။ သူတို့ရဲ့ တာဝန်ကတော့ အကူအညီတောင်းလာတဲ့ ညသိမ်းငှက် အဖွဲ့တွေကို စစ်ကူပေးဖို့နဲ့ ဒုစရိုက်သမားတွေကို နယ်မြေအကန့်အသတ်မရှိ နောက်ယောင်ခံလိုက်ပြီး ဖမ်းဆီးဖို့ပဲ ဖြစ်ပါတယ်။ ဘုရားကျောင်းက တချို့လူတွေကတော့ သူတို့ကို "လိုက်လံဖမ်းဆီးသူများ" ဒါမှမဟုတ် "အမဲလိုက်ခွေးများ" လို့လည်း ခေါ်ကြပါတယ်။

"လက်အိတ်နီ အဖွဲ့လား? ဒါပေမဲ့ အဖွဲ့ဝင်ဖြစ်ဖို့ အနိမ့်ဆုံး လိုအပ်ချက်က ဆုံမှတ် ၇ ဖြစ်ရမှာ... ပြီးတော့ လက်အိတ်နီ တွေ ရင်ဆိုင်ရတဲ့ အန္တရာယ်တွေက သာမန် ညသိမ်းငှက် အဖွဲ့တွေ ရင်ဆိုင်ရတဲ့အန္တရာယ်တွေထက် အဆပေါင်းများစွာ ပိုဆိုးတယ်" လို့ ဆီကာ ထရွန် က စိုးရိမ်စိတ်နဲ့ သံသယဖြစ်စွာ ပြောပါတယ်။

လန်နာ့ဒ် က အေးစက်စွာ ပြုံးလိုက်ပါတယ်။

"ငါ အဆင့်တက်ဖို့ နီးစပ်နေပြီ"

သူ့ရဲ့ မျက်လုံးတွေက အေးစက်သွားပါတယ်။ သူက သွားကိုကြိတ်ကာ ခပ်တိုးတိုးလေး ပြောလိုက်ပါတယ်။

*“ငါ ကလဲ့စားချေမယ်!

အင့်စ် ဇန်းဝဲလ်... ငါအင်အားကြီးလာမယ့်နေ့အထိ မင်း မသေသေးနဲ့ဦး!”*

"အေးပါ..." ဆီကာ ဟာ လန်နာ့ဒ် ရဲ့ အတွေးတွေကို ခန့်မှန်းမိပုံ ရပါတယ်။ သူမက သက်ပြင်းချလိုက်ပြီး "ငါတို့အဖွဲ့ရဲ့ ထက်ဝက်နီးပါးက လူသစ်တွေ ဖြစ်လာတော့မယ်။ ညသိမ်းငှက် အဖွဲ့တစ်ခု ဒီလောက်အထိ အပြင်းအထန် ပျက်စီးသွားတာမျိုးက ဖြစ်ခဲတယ်..."

လန်နာ့ဒ် ရဲ့ မျက်နှာ အမူအရာက မှောင်မှောင်မှိုင်းမှိုင်းပြန် ဖြစ်သွားပါတယ်။ သူက အံ့ကြိတ်ပြီး မေးလိုက်ပါတယ်။

"ဆုံးသွားတဲ့ အလောင်းတွေကို မြေမြုပ်ဖို့ အဆင်သင့် ဖြစ်ပြီလား"

"အင်း..." ဆီကာ က ခေါင်းကို ခပ်ရေးရေး ငြိမ့်ပြပါတယ်။

လန်နာ့ဒ် က တံခါးဆီကိုရုတ်တရက် လမ်းလျှောက်သွားလိုက်ပါတယ်။

"သူတို့ရဲ့ မိသားစုဝင်တွေကို ငါအကြောင်းကြားလိုက်မယ်"

*"ငါ ရင်မဆိုင်ချင်ဆုံး ကိစ္စကို ငါလုပ်ရတော့မယ်။ ငါ လုပ်ရ‌တော့မယ်..."*

...

ဒက်ဖိုဒီး လမ်း၊ အမှတ် ၂ မှာတော့ မလီဆာ ဟာ ဆိုဖာပေါ်မှာ ထိုင်နေပြီး သူမရဲ့ လက်ထဲက လက်မှတ်သုံးစောင်ကို စစ်ကြည့်နေပါတယ်။ သူမဟာ လက်မှတ်ပေါ်က စာသားတွေ၊ ရိုက်နှိပ်ထားတဲ့ ရက်စွဲနဲ့ ထိုင်ခုံနံပါတ်တွေကို ကြည့်နေတာ ဖြစ်ပါတယ်။

ဘန်ဆန် ကတော့ သူမရဲ့ ဘေးမှာ ထိုင်နေပြီး သူ့ညီမလေးကို ပြုံးလျက် ကြည့်နေပါတယ်။ သူဟာ စိတ်အေးလက်အေး ရှိနေတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

ရုတ်တရက် သူတို့ဟာ လူခေါ် ဘဲလ်သံကို ကြားလိုက်ရပါတယ်။

တီတောင်... တီတောင်...

မလီဆာ ဟာ အလုပ်ရှုပ်နေတဲ့ သူတို့ရဲ့ အိမ်ဖော်မလေး ဘယ်လာ ကို တစ်ချက်ကြည့်လိုက်ပြီး လက်မှတ်သုံးစောင်ကို ကိုင်ကာ ဇဝေဇဝါ ဖြစ်နေတဲ့ ပုံစံနဲ့ မတ်တတ်ရပ်လိုက်ပါတယ်။ သူမဟာ တံခါးဆီကို သွက်လက်စွာ ပြေးသွားလိုက်တယ်။

သူမရဲ့ အနက်ရောင် ဆံပင်တွေဟာ အရင်ကထက် ပိုပြီး တောက်ပြောင်‌လာကာ ၊ သူမရဲ့ မျက်နှာကလည်း ပိန်ချောင်မနေတော့ပါဘူး။ သူမရဲ့ အသားအရေကလည်း ကျန်းမာတဲ့ ပတ္တမြားလိုအနီရောင် ဖြစ်လာပါပြီ။ သူမရဲ့ အညိုရောင်မျက်လုံးတွေကလည်း ပိုပြီး တောက်ပကာ တက်ကြွမှု ရှိလာပါတယ်။

တံခါးလက်ကိုင်ကို လှည့်ပြီး ဖွင့်လိုက်တဲ့အခါမှာတော့ မလီဆာ ဟာ ခဏလောက် ကြောင်အသွားပါတယ်။ သူမဟာ ရောက်လာတဲ့ ဧည့်သည်ကို မသိပါဘူး။

ဧည့်သည် အမျိုးသား ဟာ အနက်ရောင်ဆံပင်တွေနဲ့ အစိမ်းရောင်မျက်လုံးတွေရှိတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ရုပ်ရည်ချောမောပေမဲ့ သူ့ရဲ့ မျက်နှာကတော့ ပုံမှန်မဟုတ်လောက်အောင် ဖြူဖျော့နေပါတယ်။ သူ့ရဲ့ မျက်လုံးတွေထဲမှာတော့ နက်ရှိုင်းတဲ့ ဝမ်းနည်းမှုတွေကို ကွယ်ဝှက်ထားပါတယ်။

"ဘယ်သူလဲ မသိဘူး" လို့ မလီဆာ က အနည်းငယ် အူကြောင်ကြောင်ဖြစ်စွာနဲ့ မေးလိုက်ပါတယ်။

လန်နာ့ဒ် ဟာ သူ့ရဲ့ အဖြူရောင် ရှပ်အင်္ကျီပေါ်မှာ အနက်ရောင် ကုတ်အင်္ကျီကို ကျကျနန ဝတ်ဆင်ထားပါတယ်။ သူက အက်ကွဲနေတဲ့ အသံနဲ့ ပြောလိုက်တယ်။

"အစ်ကိုက ကလိုင်း ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ပါ"

မလီဆာ ရဲ့ နှလုံးခုန်သံဟာ ရုတ်တရက် ရပ်တန့်သွားသလို ခံစားလိုက်ရပါတယ်။ သူမဟာ မသိမသာနဲ့ လန်နာ့ဒ် ရဲ့ နောက်ကို ခြေဖျားထောက်ပြီး ကြည့်လိုက်ပေမဲ့ ဘယ်သူကိုမှ မတွေ့မိပါဘူး။

သူမက တုန်ရီနေတဲ့ အသံနဲ့ မေးလိုက်ပါတယ်။ "ကလိုင်း ဘယ်မှာလဲ"

လန်နာ့ဒ် က မျက်လုံးတွေကို မှိတ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရင်း ပြောလိုက်တယ်။ "အစ်ကို တကယ်ပဲ စိတ်မကောင်းပါဘူး။ မင်းရဲ့ အစ်ကို ကလိုင်း ဟာ တခြားသူတွေကို ကယ်တင်ဖို့ ကြိုးစားရင်း ရာဇဝတ်ကောင် တစ်ယောက်ရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ပါပြီ။ သူဟာ သူရဲကောင်းတစ်ယောက်ပါ၊ တကယ့် သူရဲကောင်း စစ်စစ်ပါပဲ"

မလီဆာ ရဲ့ မျက်လုံးတွေဟာ ဖြည်းဖြည်းချင်း ပြူးကျယ်သွားပြီး သူမရဲ့ ခန္ဓာကိုယ်ဟာလည်း သိသိသာသာ တုန်ရီလာပါတယ်။ သူမရဲ့ လက်ထဲက လက်မှတ်သုံးစောင်ဟာ ကြမ်းပြင်ပေါ်ကို အားကိုးရာမဲ့စွာ ပြုတ်ကျသွားပါတယ်။

လက်မှတ်တွေဟာ အပေါ်ဘက်ကို လှန်လျက် ကျနေပြီး လက်မှတ်ပေါ်က ပြဇာတ်ရဲ့ နာမည်ကို မြင်နေရပါတယ်။ ပြဇာတ်နာမည်က "မြို့စားကြီးရဲ့ အိမ်အပြန်" ။

...

မိုရက်တီ မိသားစုရဲ့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ လန်နာ့ဒ် ဟာ မလီဆာ နဲ့ ဘန်ဆန် ကို တိုက်ရိုက်မကြည့်ဝံ့ပါ။

ဒါပေမဲ့ သူတို့ရဲ့ မျက်နှာတွေ ဘယ်လိုပုံစံ ဖြစ်နေမလဲဆိုတဲ့ မြင်ကွင်းက သူ့ရဲ့ အတွေးထဲမှာ တားမရ ဆီးမရ နဲ့ ရုပ်ရှင်ပြသလို တဖျက်ဖျက်ပေါ်နေပါတယ်။

နုပျိုမှုနဲ့ တက်ကြွမှုတွေ ပြည့်နှက်နေတဲ့ မလီဆာ မိန်းကလေးဟာ မျက်လုံးတွေ ပြူးကျယ်နေပါတယ်။ သူမဟာ ဘာစကားမှ မပြောသလို၊ သူမရဲ့ မျက်လုံးတွေကလည်း ဘယ်အရာကိုမှ အာရုံရှိမနေပါဘူး။ သူမရဲ့ တိတ်ဆိတ်ငြိမ်သက်မှုက သူမကို ရုပ်သေးရုပ်တစ်ခုနဲ့တူသွားစေပါတယ်။

ကလိုင်း နဲ့ အနည်းငယ် ရုပ်ဆင်တဲ့ ဘန်ဆန်ကတော့ ပုံမှန်အတိုင်း ထိုင်နေပေမဲ့ ရံဖန်ရံခါမှာ ငေးငိုင်သွားတတ်ပါတယ်။ သူ့ဆီကနေ စကားသံဟာ ဖြည်းဖြည်းချင်း ထွက်လာတတ်ပါတယ်။

"ဒါကတော့ အဖြစ်အပျက် အကျဉ်းချုပ်ပါ။ ကျွန်တော် အချိန်မီ မတားဆီးနိုင်ခဲ့တဲ့အတွက် တကယ်ပဲ စိတ်မကောင်းပါဘူး။ ဆူးနက် လုံခြုံရေး ကုမ္ပဏီ၊ ရဲဌာနနဲ့ သူ ကူညီပေးခဲ့တဲ့သူတွေက ပေါင် ၆၀၀၀ ခန့် နစ်နာကြေးပေးဖို့ ကတိပေးထားကြပါတယ်..." လို့ လန်နာ့ဒ် က ပြောရင်း မျက်လုံးနဲ့ ဘန်ဆန်တို့ မောင်နှမ နှစ်ယောက်ကို အကဲခတ်လိုက်ပါတယ်။

ရုတ်တရက် ဘန်ဆန် က စကားကို ဖြတ်ပြောလိုက်ပါတယ်။ သူ့ရဲ့ အသံက အက်ကွဲနေပါတယ်။ "သူ့ရဲ့ ရုပ်အလောင်းက ဘယ်မှာလဲ။ ကလိုင်း ရဲ့ ရုပ်အလောင်း ဘယ်မှာလဲဆိုတာ ငါ သိချင်တယ်"

သူက နှုတ်ခမ်းတွေကို စေ့ထားပြီး စကားကိုခဏရပ်လိုက်ပါတယ်။

"ငါတို့ သူ့ကို ဘယ်တော့ တွေ့ရမလဲ"

"ကုမ္ပဏီမှာပါ။ အခုပဲ သွားတွေ့လို့ ရပါတယ်” လို့ လန်နာ့ဒ် က သူ့ရဲ့ ဝမ်းနည်းမှုကို မဖုံးကွယ်နိုင်စွာနဲ့ ပြန်ဖြေလိုက်ပါတယ်။

"ကောင်းပါပြီ" ဘန်ဆန် ဟာ သူ့ရဲ့ တောင့်တင်းနေတဲ့ နှုတ်ခမ်းအစုံကို ခက်ခက်ခဲခဲ လှုပ်ကာ စကားပြောလိုက်ပါတယ်။

" အရင်ဆုံး ငါ့ကို သန့်စင်ခန်းသွားခွင့်ပြုပါဦး"

လန်နာ့ဒ် ပြန်ဖြေတာကို မစောင့်တော့ဘဲ ဘန်ဆန်ဟာ အိမ်သာထဲကို အမြန်ဝင်သွားပြီး တံခါးကို ဝုန်းခနဲ ပိတ်လိုက်ပါတယ်။

သူဟာ လက်ဆေးကန်ရှေ့မှာ ရပ်လိုက်ပြီး ရေဘုံဘိုင်ကို ဖွင့်ချလိုက်ပါတယ်။

သူဟာ ခန္ဓာကိုယ်ကို ကိုင်းလိုက်ပြီး သူ့ရဲ့ မျက်နှာကို ရေနဲ့ ထပ်ခါတလဲလဲ သစ်လိုက်ပါတယ်။

အဲ့ဒီလို လုပ်နေရင်းနဲ့ပဲ သူ့ရဲ့ လှုပ်ရှားမှုတွေက ရုတ်တရက် ရပ်တန့်သွားပါတယ်။ အချိန်အတော်ကြာတဲ့အထိ ဘန်ဆန်ဟာ ငြိမ်သက်နေပြီး ဖွင့်ထားတဲ့ရေတွေရဲ့ စီးဆင်းနေတဲ့အသံတွေသာ ‌သန့်စင်ခန်းထဲမှာ ပဲ့တင်ထပ်နေပါတယ်။

မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ဘန်ဆန် ဟာ ခေါင်းကို မော့လိုက်ပြီး မှန်ထဲကို ကြည့်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာတစ်ခုလုံးမှာ ရေတွေ စိုနေတာကို သူ မြင်လိုက်ရပါတယ်။ ငိုထားတဲ့ သူ့မျက်လုံးတွေ နီ‌ရဲနေတာတွေကိုတော့ ဖုံးကွယ်ထားဖို့ မဖြစ်နိုင်တော့ပါဘူး။

...

ရက်အနည်းငယ် ကြာပြီးနောက် ရက်ဖေး သုဿာန်၏ ထောင့်တစ်နေရာတွင် ဖြစ်သည်။

ဒန်း ရဲ့ နာရေးလုပ်ပြီးနောက် လူအုပ်ကြီးဟာ မြေပုံအသစ်တစ်ခုရဲ့ ရှေ့မှာ စုဝေးနေကြပါတယ်။ အဲ့ဒီ မြေပုံအသစ်ပေါ်မှာတော့ ကျောင်းသားဆန်ဆန် ပုံစံမျိုးနဲ့ ရိုက်ထားတဲ့ ကလိုင်း ရဲ့ အဖြူအမဲ ဓာတ်ပုံတစ်ပုံ ရှိနေပါတယ်။

မလီဆာ ဟာ အုတ်ဂူရှေ့မှာ ရပ်နေပြီး သူမရဲ့ မျက်လုံးတွေက ဘာကိုမှအာရုံရှိမနေပါဘူး။ သူမရဲ့ ဘေးမှာတော့ အဲလစ်ဇဘတ် က သူမရဲ့ မျက်ရည်တွေကို အဆက်မပြတ် သုတ်နေပါတယ်။

လန်နာ့ဒ်၊ ဘန်ဆန်၊ ဖရိုင်း နဲ့ ဘရက်ဒ် တို့က ခေါင်းတလားကို ထမ်းလာကြပြီး မြေကျင်းထဲကို ဖြည်းဖြည်းချင်း ချလိုက်ကြပါတယ်။

ဘုန်းတော်ကြီးက နတ်ဘုရားတွေရဲ့ တန်ခိုးတော်ကို ချီးမွမ်းဂုဏ်ပြုစကားဆိုပြီး တစ်ဦးချင်းစီအတွက် ဆုတောင်းစကားတွေကို ပြောကြားပြီးနောက်မှာတော့ အခေါင်းထည့်ထားတဲ့ မြေကျင်းကို ပြန်ဖို့လိုက်ကြပါတယ်။ အနက်ရောင် ခေါင်းတလားကြီးကို မြေကြီးတွေက တဖြည်းဖြည်းချင်း ဖုံးအုပ်သွားပါတယ်။

အဲ့ဒီအချိန်မှာပဲ မလီဆာ ဟာ ဒူးထောက်လိုက်ပြီး အစ်ကိုဖြစ်သူရဲ့ အလောင်းပေါ်မှာ တွေ့ခဲ့တဲ့ ကြေးဝါ ဝီစီ ကို မြေကျင်းထဲ ပစ်ထည့်ပေးလိုက်ပါတယ်။

လန်နာ့ဒ် က လှည့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ နှလုံးသားဟာ နာကျင်မှုကြောင့် ရှုံ့တွသွားပါတယ်။ ဒါပေမဲ့ မလီဆာ မိန်းကလေး ရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုကို သူ လေးစားမိပါတယ်။ ဒီမိန်းကလေးဟာ ကလိုင်းဆုံးသွားပြီဆိုတဲ့ သတင်းဆိုးကို ကြားလိုက်ရပြီးနောက်မှာ တစ်စက်ကလေးမှ မငိုခဲ့တာကို သူ သိပါတယ်။ အဲ့ဒီအစား သူမဟာ သနားစရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့တာ ဖြစ်ပါတယ်။

မြေကျင်းကို မြေညှိပြီးနောက် ကျောက်တိုင်တစ်ချပ်ကို အပေါ်ကနေ စိုက်လိုက်ပါတယ်။ လန်နာ့ဒ် ဟာ ကလိုင်း ရဲ့ အုတ်ဂူ ကျောက်တိုင်ကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပါတယ်။ စာသားသုံးကြောင်း ရေးထိုးထားပါတယ်။

"အကောင်းဆုံး အစ်ကို တစ်ယောက်၊"

"အကောင်းဆုံး ညီလေး တစ်ယောက်၊"

"အကောင်းဆုံး လုပ်ဖော်ကိုင်ဖက် တစ်ယောက်။"

စိတ်ထဲမှာ ဝမ်းနည်းပူဆွေးမှုတွေကို လွှမ်းခြုံထားရင်း ဆူးနက် လုံခြုံရေး ကုမ္ပဏီ က အဖွဲ့ဝင်တွေဟာ တဖြည်းဖြည်းချင်း ထွက်ခွာသွားကြပါတယ်။ ဆယ်လီနာ နဲ့ အဲလစ်ဇဘတ် တို့လည်း သူတို့ရဲ့ မိသားစုဝင်တွေနဲ့အတူ နှုတ်ဆက်ပြီး ထွက်ခွာသွားကြပါတယ်။ ကျန်ရစ်ခဲ့သူတွေကတော့ ဘန်ဆန် နဲ့ မလီဆာ တို့ပဲ ဖြစ်ပါတယ်။

" လှည်းသွားငှားလိုက်ဦးမယ်..." ဘန်ဆန် ရဲ့ အခြေအနေက တော်တော်လေးကို ဆိုးရွားနေပြီး အချိန်အတော်ကြာအောင် မအိပ်ရသေးတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။

" ဟုတ်ကဲ့" လို့ မလီဆာ က ခေါင်းညိမ့်ပြပါတယ်။

သူမရဲ့ အစ်ကိုကြီး ထွက်သွားတာကို ကြည့်ပြီးနောက် သူမဟာ အုတ်ဂူဘက်ကို လှည့်ကြည့်လိုက်ပါတယ်။ သူမဟာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမရဲ့ မျက်နှာကို လက်မောင်းတွေကြားထဲ အပ်ထားလိုက်ပါတယ်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးတဲ့နောက်မှာတော့ မလီဆာ ဟာ ရုတ်တရက် ဆဲလိုက်ပါတယ်။

"အရူး!"

သူမဟာ တရှုံ့ရှုံ့နဲ့ အသံတိတ် ငိုကြွေးနေပါတယ်။ သူမရဲ့ မျက်ရည်တွေက ရပ်တန့်မသွားပါဘူး။

...

ရက်ဖေး သုဿာန်ရဲ့ ညအချိန်ခါ ဖြစ်သည်။

အသားညိုညိုနဲ့ မစ္စတာ အေဇစ် ဟာ အဖြူရောင် ပန်းစည်းကို ကိုင်ရင်း ကလိုင်း ရဲ့ အုတ်ဂူရှေ့မှာ ရပ်နေပါတယ်။ သူဟာ အချိန်အတော်ကြာအောင် စကားမပြောဘဲ ရပ်နေခဲ့ပြီး နောက်ဆုံးမှာတော့ သက်ပြင်းချကာ သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

"ငါ တောင်းပန်ပါတယ်၊ ငါ ဆယ်မိနစ်လောက် နောက်ကျသွားတယ်။ ဒါပေမဲ့ ဒါ ဘယ်သူ့လက်ချက်လဲဆိုတာ ငါ သိပြီ ထင်တယ်..."

သူဟာ ခန္ဓာကိုယ်ကို ကိုင်းလိုက်ပြီး ပန်းစည်းကို အုတ်ဂူရှေ့မှာ ချလိုက်ကာ သုဿာန်ထဲကနေ လှည့်ထွက်သွားပါတယ်။ သူဟာ ထင်းဂန် မြို့ ကနေ ထွက်ခွာသွားခဲ့ပေမဲ့ ကြေးဝါ ဝီစီ ကိုတော့ ပြန်မယူသွားခဲ့ပါဘူး။

သုဿန်ဟာ သွေးရောင် လ ရဲ့ အလင်းရောင်အောက်မှာ တိတ်ဆိတ်ငြိမ်သက်လို့ နေပါတယ်။

ရုတ်တရက် ကလိုင်း အုတ်ဂူကို ပိတ်ထားတဲ့ ကျောက်ပြားကြီးဟာ ပွင့်ထွက်သွားပါတယ်။ မြေကြီးထဲကနေ ဖြူဖျော့နေတဲ့ လက်တစ်ဖက် ထွက်ပေါ်လာပါတယ်။

မြေကြီးထဲကနေ လက်တစ်ဖက် ထွက်လာပါတယ်!

ဝုန်း!

အုတ်ဂူကျောက်တိုင်ဟာ ဘေးကို လွင့်စင်သွားပါတယ်။ လက်တစ်ဖက်က

ခေါင်းတလားရဲ့ အဖုံးဟာ တွန်းဖွင့် လိုက်ပါတယ်။ ကလိုင်း ဟာ ငုတ်တုတ် ထထိုင်ပြီး ပတ်ဝန်းကျင်ကို ဇဝေဇဝါနဲ့ ကြည့်လိုက်ပါတယ်။

သူ့ရဲ့ နောက်ဆုံး မှတ်မိတာကတော့ သားရေဖိနပ်အသစ်စက်စက် နဲ့ ဆယ်လီနာ သူတော်စင် ရဲ့ အရိုးပြာအိုးကို ကိုင်ထားတဲ့ ဖြူဖျော့ဖျော့လက်ဖဝါးတစ်ခုရဲ့ မြင်ကွင်း ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းက ဖြစ်ပျက်သွားတဲ့ အရာအားလုံးကတော့ အိမ်မက် မမက်ပဲ အိပ်လိုက်ရသလို ခံစားနေရပါတယ်။

ကလိုင်း ဟာ အလိုအလျောက်ပဲ ခေါင်းငုံ့ပြီး သူ့ရဲ့ အင်္ကျီကြယ်သီးတွေကို ဖြုတ်လိုက်ပါတယ်။ သူရဲ့ ရင်ဘတ် ဘယ်ဘက်ခြမ်းကို ကြည့်လိုက်တဲ့အခါ ပြင်းထန်စွာ ထိခိုက်ထားတဲ့ ဒဏ်ရာနဲ့ ပျောက်ဆုံးသွားတဲ့ နှလုံးသားဟာ သူ့အလိုလို ပြန်လည်ကုသနေရင်း လှုပ်ရှားနေတာကို တွေ့လိုက်ရပါတယ်။ ဒီမြင်ကွင်းက ဒီကမ္ဘာထဲကို သူ ကူးပြောင်းလာခါစတုန်းက မှန်ထဲမှာ မြင်ခဲ့ရတဲ့ နားထင်ကို ကျည်ဆန်ဖောက်ဝင်သွားတဲ့ ဒဏ်ရာက သူ့အလိုလို ပြန်လည်သက်သာလာတဲ့ ပုံစံမျိုးနဲ့ ဆင်တူပါတယ်။

တစ်ခုတည်းသော ကွာခြားချက်ကတော့ ဒီတစ်ကြိမ်မှာ ပြန်လည်သက်သာတဲ့နှုန်းက အများကြီး ပိုနှေးပြီး သက်သာဖို့ကလည်း ပိုခက်ခဲနေတာပဲ ဖြစ်ပါတယ်။

All Chapters