ကလဲ့စားချေသူ
Vol. 22 Ch. 212
လိုအန် ဘုရင်နိုင်ငံတော်ရဲ့ မြောက်ဘက်ပိုင်းမှာ စက်တင်ဘာလရဲ့ အအေးဓာတ်က သုဿာန်တစ်ခုလုံးကို လွှမ်းခြုံထားပါတယ်။ လေထုက ပုံမှန်ထက် ပိုပြီးတော့ အေးစက်မှောင်မှိုင်းနေပါတယ်။
အအေးဓာတ်ကြောင့် ကလိုင်း ဟာ သတိပြန်ဝင်လာပြီး ဝမ်းနည်းနေတဲ့ အပြုံးတစ်ခုနဲ့အတူ တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။
"ကမ္ဘာကူးပြောင်းလာမှု နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ ရှိနေသေးတဲ့ ပုံပဲ..."
"ဒါပေမဲ့ နောက်ထပ် အများဆုံး နှစ်ကြိမ်လောက်ပဲ ပြန်ရှင်နိုင်တော့မယ် ထင်တယ်၊ အဲ့ဒီထက်တော့ ပိုမှာမဟုတ်ဘူး... အကယ်၍ ငါသာ အပိုင်းပိုင်း အတစ်တစ် အခုတ်ခံရရင် ဒါမှမဟုတ် လုံးဝ အမှုန့်ခြေခံလိုက်ရရင်တော့ ပုံမှန်ဆိုရင် ပေါ်မလာတတ်တဲ့ ဒီ ပြန်လည်ကုသနိုင်စွမ်းက အသုံးဝင်ပါဦးမလားဆိုတာ မသိနိုင်ဘူး..."
...
မိနစ်ဝက်လောက် ကြာပြီးနောက်မှာတော့ ကလိုင်း ဟာ သူ့ရဲ့ အင်္ကျီက ကြယ်သီးတွေကို ပြန်တပ်လိုက်ပါတယ်။ သူဟာ အသစ်စက်စက် ရှပ်အင်္ကျီနဲ့ ဝတ်စုံကို ဝတ်ဆင်ထားတာကို သတိထားမိလိုက်ပေမဲ့ အခုတော့ အဲ့ဒါတွေက မြေကြီးတွေ၊ ဖုန်တွေနဲ့ ပေကျံနေပါပြီ။
"... ဘန်ဆန် နဲ့ မလီဆာ တို့ကတော့ ပိုက်ဆံဘယ်လိုချွေတာရမလဲဆိုတာ တကယ့်ကို မသိကြဘူးပဲ..." ဆိုတဲ့ အတွေးက သူ့ခေါင်းထဲကို ရုတ်တရက် ဝင်လာပါတယ်။ လက်တစ်ဖက်နဲ့အားပြုကာ လျင်မြန်စွာမတ်တတ်ရပ်လိုက်ပါတယ်။ သူ့မှာ လူရွှင်တော် (အမြင်ဆရာ လမ်းစဉ် ဆုံမှတ် ၇) အစွမ်းတွေ ရှိနေဆဲဆိုတာကိုလည်း သူ့ကိုယ်သူ သတိထားမိလိုက်ပါတယ်။
“အကောင်းဆုံး အစ်ကိုတစ်ယောက်... အကောင်းဆုံး ညီလေးတစ်ယောက်..
အကောင်းဆုံး လုပ်ဖော်ကိုင်ဖက်တစ်ယောက်”.
ကလိုင်း ဟာ သူ့ရဲ့ အုတ်ဂူက ကျောက်စာတိုင်ကို ကြည့်ပြီး စာသားတွေကို ဖတ်လိုက်ပါတယ်။ သူ့ရဲ့ နှလုံးသားဟာ နာကျင်သွားသလို ခံစားလိုက်ရပြီး မလီဆာ နဲ့ ဘန်ဆန် တို့ ခံစားခဲ့ရတဲ့ စိတ်ပျက်အားလျော့မှုတွေကို သူ ခံစားမိနေသလို ဖြစ်သွားပါတယ်။
*”ဒါဟာ ကပ္ပတိန် ငါ့ရှေ့မှာ သေဆုံးသွားတာကို မြင်လိုက်ရတာထက်တောင် ပိုပြီး စိတ်ဓာတ်ကျစရာ ကောင်းနေသေးတယ်... “*သူက သက်ပြင်းချလိုက်ပြီး အကြည့်လွှဲလိုက်ပါတယ်။ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခေါင်းတလားအဖုံးကို ပြန်ပိတ်လိုက်ပါတယ်။
သူ့ရဲ့ အတွေးတွေက ကစဥ်ကလျား ဖြစ်နေသေးပေမဲ့ ကလိုင်း ဟာ သူအခေါင်းထဲကနေ ညသန်းခေါင်ကြီး ထလာတဲ့ မြင်ကွင်းကို ဘယ်သူမှ သတိမထားမိခင် အမြန်ဆုံး ရှင်းလင်းရမယ်ဆိုတာကို သိပါတယ်။
သေရာက ပြန်ရှင်လာတယ်ဆိုတာ သာမန်လူတွေ လက်ခံနိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး!
အကယ်၍ ညသိမ်းငှက်၊ အာဏာပါးကွက်သား ဒါမှမဟုတ် ယန္တယားဟိုက်ဗ်မိုင်း တို့ကသာ ဒါကို သိသွားရင် သူ့အတွက် ကောင်းမွန်တဲ့ အဆုံးသတ်မျိုး ရှိလာမှာ မဟုတ်ဘူးလို့ ကလိုင်း က ယုံကြည်ထားပါတယ်။
တကယ်လို့သာ ဒါဟာ ကမ္ဘာမြေပေါ်မှာဆိုရင် သူဟာ ရှေ့နေ လမ်းစဉ် ဒါမှမဟုတ် လူလိမ် လမ်းစဉ် (ဓားပြ လမ်းစဥ်) ဆေးရည်တွေသောက်ပြီး ဘုရားသခင်ရဲ့ ကောင်းချီးပေးခြင်း ခံရသူ၊ ဘုရားသခင်က လွှတ်လိုက်တဲ့ ကယ်တင်ရှင်ဖြစ်ပါတယ်ဆိုပြီး လူတွေကို လှည့်စားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သူ ရောက်နေတဲ့ ဒီကမ္ဘာမှာတော့ တကယ့် နတ်ဘုရားတွေ ရှိနေပြီး အဲ့ဒီနတ်ဘုရားတွေက သူတို့အတွက် ပူဇော်တဲ့ အစီအရင်တွေကို တုံ့ပြန်နိုင်ကြပါတယ်!
သူဟာ မြေကြီးတွေကို ကျင်းထဲ ပြန်ဖို့လိုက်ကာ အပေါ်ကနေ ကျောက်တိုင်ကို စိုက်လိုက်ပါတယ်။ ကလိုင်း ဟာ သူ့လက်တွေကို ခါလိုက်ပြီး နောက်တစ်ကြိမ် မတ်တပ်ရပ်လိုက်ပါတယ်။
အဲ့ဒီအချိန်မှာတော့ သုဿန်ထဲမှာ ညနက်သန်းခေါင် တစ်ယောက်တည်းမတ်တတ်ရပ်နေတဲ့ သူ့ပုံစံက ထူးထူးဆန်းဆန်း ဖြစ်မနေတော့ပါဘူး။ သူဟာ ညနက်သန်းခေါင်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ အုတ်ဂူရှေ့ကို ရောက်လာတဲ့ လူကြီးလူကောင်းတစ်ယောက်နဲ့ တူသွားပါပြီ။တစ်ခုတည်းသော ထူးဆန်းမှုကတော့ အုတ်ဂူ ကျောက်တိုင်ပေါ်က ဓာတ်ပုံထဲကလူဟာ သူ့နဲ့ တထပ်တည်း တူနေတာပဲ ဖြစ်ပါတယ်။
အုတ်ဂူကို ပြန်ဖို့နေတဲ့ အချိန်မှာ သူ့ရဲ့ စိတ်ဝိညာဉ် အာရုံက အေဇစ် ရဲ့ ကြေးဝါ ဝီစီ ရှိနေတာကို သတိထားမိလိုက်ပါတယ်။ ဒါကြောင့် သူက အဲ့ဒါကို မြေကျင်းထဲက တူးထုတ်လိုက်ပြီး သန့်ရှင်းအောင် သုတ်လိုက်ပါတယ်။
ဒါပေမဲ့ ကလိုင်း ဟာ စာပို့သမားကို ချက်ချင်း ဆင့်ခေါ်ဖို့ မရည်ရွယ်ပါဘူး။ အခြေအနေကို အရင်ဆုံး နားလည်အောင် လုပ်ဖို့ သူကဆုံးဖြတ်လိုက်ပါတယ်။
ကလိုင်း ဟာ သူ့ရဲ့ ဘယ်ဘက်လက်ကို မြှောက်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ လက်ကောက်ဝတ်မှာ ပတ်ထားဆဲဖြစ်တဲ့ ဥဿဖရား ချိန်သီး ကို တွေ့လိုက်ရပါတယ်။
"မြေမြှုပ်တုန်းက ထည့်ပေးလိုက်တဲ့ ကူးတို့ခ ပစ္စည်းလို့ ယူဆရမလားပဲ" လို့ သူက ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံး ပြုံးလိုက်ရင်း ချိန်သီးကို ဖြုတ်လိုက်ပါတယ်။ သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူ့ရဲ့ မျက်နှာက တည်ကြည်သွားပါတယ်။ "... ကပ္ပတိန်ကိုလည်း ဒီသုဿာန်မှာပဲ မြှုပ်ထားတာ နေမယ်.."
သူဟာ ကပ္ပတိန်ရဲ့ အုတ်ဂူကို လိုက်ရှာပါတော့တယ်။ နှစ်ခါလောက် ဦးတည်ရာ ပြောင်းပြီး ရှာလိုက်ရပါတယ်။ နောက်ဆုံးမှာတော့ ချိန်သီးကို အသုံးပြုကာ ဒန်း ရဲ့ အုတ်ဂူတည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။
လရောင်ရဲ့ အကူအညီနဲ့ ကလိုင်း ဟာ ၁၅ မိနစ်လောက် လိုက်လံရှာဖွေပြီးနောက်မှာတော့ ကပ္ပတိန်ရဲ့ အဖြူအမဲ ဓာတ်ပုံကို နောက်ဆုံးမှာ တွေ့လိုက်ရပါတယ်။ အဲ့ဒီဓာတ်ပုံထဲမှာတော့ ကပ္ပတိန်က သိမ်မွေ့တဲ့ မျက်နှာအမူအရာ၊ နှဖူးပြင်ကျယ်ကျယ်နဲ့ မီးခိုးရောင် မျက်လုံးတွေ ရှိနေပြီး အရင်ကပုံစံအတိုင်းပဲ ရှိနေပါတယ်။သူက ဘာမှ ပြောင်းလဲမသွားပါဘူး။
ဒန်း ရဲ့ ဓာတ်ပုံအောက်မှာတော့ သူ့ရဲ့ အမည်၊ မွေးသက္ကရာဇ်၊ ကွယ်လွန်သည့်ရက်စွဲနဲ့ အုတ်ဂူစာတမ်းတို့ ရှိနေပါတယ်။
"စစ်မှန်သော စောင့်ရှောက်သူ၊"
"အယုံကြည်ရဆုံးသော အဖော်မွန်၊"
"ထာဝရ ကပ္ပတိန်။"
ကလိုင်း ဟာ မှင်သက်စွာနဲ့ ကြည့်နေမိပြီး သူ့ရဲ့ အမြင်အာရုံတွေဟာလည်း ဝေဝါးလာပါတယ်။ သူဟာ အဲ့ဒီနေ့ကို ပြန်ရောက်သွားသလို ခံစားလိုက်ရပြီး ကပ္ပတိန်က သူ့ကိုလှည့်ကြည့်ကာ မျက်မှိတ်ပြနေတာကို မြင်ယောင်နေမိပါတယ်။ ကပ္ပတိန်က တည်ငြိမ်အေးဆေးတဲ့ အသံနဲ့ ပြောခဲ့ပါတယ်။
"ငါတို့ ထင်းဂန် ကို ကယ်တင်နိုင်ခဲ့ပြီ"
*”ကပ္ပတိန်…”* ကလိုင်း ဟာ စိတ်ထဲကနေ အော်ဟစ်နေမိပါတယ်။
သူဟာ ကျောက်ရုပ်တစ်ရုပ်လို မိနစ်အနည်းငယ်ကြာအောင် မလှုပ်မယှက် ရပ်နေပြီးမှ ရုတ်တရက် ပြုံးပြီး ပြောလိုက်ပါတယ်။ "ကပ္ပတိန်... အဲ့ဒီနေ့တုန်းက ခင်ဗျားရဲ့ စိတ်အခြေအနေက တကယ့်ကို အကောင်းဆုံး ဖြစ်မနေခဲ့ဘူးနော်။ ခင်ဗျားက လူအိုကြီး နေးလ် သာ ရူးမသွားခဲ့ရင် သူ့ကို အိမ်မက်ထဲဆွဲခေါ်လို့ရတယ်လို့တောင် ပြောခဲ့သေးတယ်။ သူက ဂမ္ဘီရ စပ်စုစိတ် လမ်းစဉ်၊ ခင်ဗျားက အိပ်စက်ခြင်းမဲ့ လမ်းစဉ်က ဆုံမှတ် ၇ အိမ်မက်ဆိုး တစ်ယောက်လေ။ သူဆီက ထွက်လာတဲ့ ဝိသေသလက္ခဏာ အကြွင်းအကျန် တွေကို ခင်ဗျားက ဝါးမျိုလို့ မရဘူးလေ။ ဟုတ်တယ်...နောက်တစ်ခုရှိသေးတယ် ကျွန်တော့်မှာ ဘယ်လို အစွမ်းထက်တဲ့ တိုက်ခိုက်မှုတွေ ရှိလဲဆိုတာ ခင်ဗျား မမေးခဲ့ဘူးနော်။ အဲ့ဒါက ကျွန်တော့်ကို ယုံလို့လား ဒါမှမဟုတ် ခင်ဗျား မေးဖို့ကို မေ့သွားတာလား... ဒါပေမဲ့ ခင်ဗျား တစ်ခုခုကိုတော့ ရိပ်မိခဲ့မှာပါ။ ကျွန်တော်က တံခါးထဲက ချိတ်ပိတ် လက်နက် တစ်ခုပဲ ယူခဲ့ပြီး အဲ့ဒါကို လန်နာ့ဒ် ကို ပေးကိုင်မယ်လို့ ပြောခဲ့တာလေ။ ကျွန်တော့်မှာ တခြား အစွမ်းထက်တဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေ ရှိနေတယ်ဆိုတာကို ကပ္ပတိန် ခန့်မှန်းခဲ့မိမှာပါ"
အဲ့ဒီလိုပြောပြီးနောက် ကလိုင်း က ခဏရပ်လိုက်ကာ ခေါင်းခါရင်း သက်ပြင်းချလိုက်ပါတယ်။
"ကျွန်တော် အခု ဘာဖြစ်နေလဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း မသိတော့ဘူး။ ကျွန်တော်က ကလဲ့စားချေဖို့အတွက် ငရဲကနေ ပြန်တက်လာတဲ့ မိစ္ဆာတစ်ကောင် ဖြစ်နေတာလား မသိဘူး..."
သူကပြောနေရင်းနဲ့ပဲ ရုတ်တရက် ရပ်တန့်သွားပါတယ်။ သူ့ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာပြီး နောက်ဆုံးမှာတော့ သူဟာ ရှိုက်ကြီးတငင် အသံနဲ့ တိုးတိုးလေး အော်ဟစ်လိုက်ပါတယ်။
"ကပ္ပတိန်... ကျွန်တော်တို့လည်း ခင်ဗျားကို လွမ်းနေပါတယ်!"
ကလိုင်း ဟာ သူ့ဘေးကနေ ဖြတ်တိုက်သွားတဲ့ စက်တင်ဘာလရဲ့ လေပြေအေးကို ခံစားလိုက်ရပါတယ်။ မျက်ရည်တွေကို သုတ်ကာ နှာပါ ညှစ်လိုက်ပါတယ်။
သူဟာ နောက်တစ်ခေါက် ပြန်လည် တိတ်ဆိတ်သွားပြီး အနီးအနားက ပုန်းစရာ နေရာတစ်ခုကို ရှာလိုက်ပါတယ်။ သူက နာရီလက်တံပြောင်းပြန် ဆန်ကျင့်ဘက်အတိုင်း ခြေလှမ်း လေးလှမ်းလျှောက်လိုက်ပြီး မီးခိုးရောင် မြူခိုး ပေါ်က ကမ္ဘာထဲကို ဝင်ရောက်လိုက်ပါတယ်။
ကလိုင်းက သူ့ကို သတ်ခဲ့တဲ့သူကို နိမိတ်ဖတ်ပြီး ရှာချင်နေတာ ဖြစ်ပါတယ်။ အဖြစ်အပျက်အားလုံးကို ဖန်တီးခဲ့တဲ့ လူသတ်သမားကို သူ သိချင်နေပါတယ်။
“*လူသတ်သမားက ငါ့ရှေ့မှာ ပေါ်လာခဲ့ပြီးပြီဆိုတော့ သူနဲ့ ပတ်သတ်တာ တစ်ခုခုကို နိမိတ်ဖတ်နိုင်မှာ သေချာတယ်.”*.. ကလိုင်း ဟာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး ထုံးစံအတိုင်း မြူခိုးကမ္ဘာအထက်က ခမ်းနားတဲ့ နန်းတော်ကြီးနဲ့ ရှေးဟောင်း စားပွဲကြီးကို မြင်လိုက်ရပါတယ်။
သူဟာ အရူး ရဲ့ နေရာမှာ ဝင်ထိုင်လိုက်ပါတယ်။ သူ့ရှေ့မှာတော့ အဝါရောင်သန်းနေတဲ့ ဆိတ်သားရေစာရွက်နဲ့ ကလောင်တံတစ်ခု ပေါ်လာပါတယ်။
လက်တွေ့လောကထဲက သူ့ရဲ့ ခန္ဓာကိုယ်ဟာ အကာအကွယ်မရှိပဲ သုဿန်ထဲမှာပဲ ရှိနေသေးတာကြောင့် ကလိုင်း ဟာ အချိန်မဆွဲတော့ဘဲ ခဏလောက် စဉ်းစားပြီး နိမိတ်ဖတ်မယ့် စာသားကို တန်းရေးလိုက်ပါတယ်။
"ငါ့ကို သတ်ခဲ့တဲ့သူ"
သူဟာ အဲ့ဒီစာသားကို ခုနစ်ကြိမ် ရွတ်ဆိုလိုက်ပြီး ကုလားထိုင်ပေါ်ကို မှီချလိုက်ပါတယ်။ သူဟာ ဈာန်ဝင်စားခြင်း အကူအညီနဲ့ အိမ်မက်ထဲကို ဝင်ရောက်လိုက်ပါတယ်။
ဝေဝါးနေတဲ့ ကမ္ဘာထဲမှာတော့ မရေမတွက်နိုင်တဲ့ အလင်းစက်တွေဟာ လှုပ်ရှားစုစည်းနေကြပါတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်ပါတယ်။
သားရေဖိနပ် အသစ်စက်စက် တစ်စုံ၊ ဖြူဖျော့နေတဲ့ လက်တစ်စုံနဲ့ အဲ့ဒီလက်တွေက ဆုပ်ကိုင်ထားတဲ့ ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာအိုးတို့ ဖြစ်ပါတယ်။
မော့ကြည့်လိုက်တဲ့အခါမှာတော့ ရွှေအိုရောင်ဆံပင်တိုတို ရှိတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ကို မြင်လိုက်ရပါတယ်။
သူဟာ ကြယ်သီးနှစ်လုံးပါတဲ့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ရဲ့မျက်လုံးတစ်ဖက်ကတော့ သိသိသာသာ ကန်းနေပါတယ်။ ကျန်တဲ့မျက်လုံးတစ်ဖက်ကလည်း မည်းလုနီးပါ နက်ပြာ ရောင်ရှိပါတယ်။ သူ့ရဲ့ မျက်နှာသွင်ပြင်က ရုပ်ထုတစ်ခုကို ထွင်းထုထားသလို ထင်ရှားနေပြီး ဘာအရေးအကြောင်းမှ မရှိပါဘူး။
အဲ့ဒီပုံရိပ်ဟာ ကွဲအက်သွားပြီး ကလိုင်း ဟာ အိမ်မက်ထဲကနေ နိုးလာပါတယ်။ သူ့က မျက်မှောင်ကုတ်လျက် စဉ်းစား နေပါတယ်။ သတ်ခဲ့တဲ့သူကို အရမ်းကို ရင်းနှီးနေသလို ခံစားနေရလို့ ဖြစ်ပါတယ်။
နိမိတ်ကောက်ခြင်းကို ကျွမ်းကျင်တဲ့ သာလွန်သူတစ်ယောက်အနေနဲ့ ဘာကြောင့် ရင်းနှီး သလို ခံစားနေရသလဲဆိုတာကို ချက်ချင်းပဲ နားလည်သွားပါတယ်။ အဲ့ဒီလူရဲ့ ဓာတ်ပုံကို ဖမ်းဝရမ်း ထုတ်ထားတဲ့ ကြေညာချက်မှာ သူ မြင်ဖူးခဲ့လို့ ဖြစ်ပါတယ်!
အဲ့ဒီလူသတ်သမားက အင့်စ် ဇန်းဝဲလ် ဖြစ်ပါတယ်! သူဟာ ချိတ်ပိတ် လက်နက် ၀-၀၈ ကို ခိုးသွားခဲ့တဲ့ ထာဝရာညနတ်ဘုရားမ ဘုရားကျောင်း ရဲ့ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဟောင်းတစ်ယောက် ဖြစ်ပါတယ်။
သူဟာ တံခါးမှူး(သေခြင်း လမ်းစဉ် ဆုံမှတ် ၅) ကနေ အဆင့်တက်ဖို့ ကြိုးစားရင်း ကျရှုံးခဲ့သူ ဖြစ်ပါတယ်!
"သူပဲ!" မရေမတွက်နိုင်တဲ့ ပုံရိပ်တွေဟာ ကလိုင်း ရဲ့ ခေါင်းထဲမှာ လျှပ်ခနဲ ပေါ်လာပြီး နောက်ဆုံးမှာတော့ အင့်စ် ဇန်းဝဲလ် က ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာအိုးကို ကောက်ယူလိုက်တဲ့ မြင်ကွင်းမှာ ရပ်တန့်သွားပါတယ်။
တောက်... တောက်... တောက်... ကလိုင်း ဟာ သူ့ရဲ့ လက်တွေကို ဆန့်ထုတ်လိုက်ပြီး ကြေးဝါစားပွဲရှည်ကြီးရဲ့ အစွန်းကို ခေါက်နေမိပါတယ်။ သူဟာ ကိစ္စရပ်တော်တော်များများကို ရုတ်တရက် နားလည်သွားသလို ခံစားလိုက်ရပါတယ်။
"သာမန်အတိုင်း သေဆုံးသွားတဲ့ သာလွန်သူ တစ်ယောက်ဟာ ဝိသေသလက္ခဏာ အကြွင်းအကျန် တွေ ကျန်ခဲ့လေ့ရှိတယ်လို့ ကပ္ပတိန်က ပြောဖူးတယ်။ အဲ့ဒါတွေကို စုစည်းလိုက်ရင် အကူပါဝင်ပစ္စည်းတွေ မလိုတဲ့ ဆေးရည်တစ်ခုနဲ့ အတူတူပဲ"
"တစ်နည်းအားဖြင့် ပြောရရင် လိုအပ်တဲ့ အကူပါဝင်စ္စည်းတွေကို သိနေသရွေ့ အဲ့ဒီ ဝိသေသလက္ခဏာ'အကြွင်းအကျန်' တွေကို အသုံးပြုပြီး အဆင့်တက်ဖို့ ဆေးရည်ဖျော်လို့ ရတယ်။ ဒါပေမဲ့ ကိုယ့် ဆုံမှတ်အဆင့်ထက်ကျော် နေတဲ့ သာလွန်သူရဲ့ အကြွင်းအကျန် ဝိသေသလက္ခဏာကိုတော့ ဆေးရည်လုပ် သောက်လို့ မရဘူး၊ အဲ့ဒါက စိတ်လွတ်သွားတာ ဒါမှမဟုတ် ရူးသွပ်တာတွေကို လွယ်လွယ်ကူကူ ဖြစ်သွားစေနိုင်တယ်"
"အင်း... ဆုံမှတ်မြင့် သာလွန်သူ တစ်ယောက် ဖြစ်လာဖို့ဆိုရင် ထူးခြားတဲ့ အစီအရင် အချို့ နဲ့ ဆေးရည်ကို သောက်ဖို့လိုအပ်လိမ့်မယ်။ အဲ့ဒါကို အရိပ်မဲ့ (နေမင်း လမ်းစဉ် ဆုံမှတ် ၄) ရဲ့ မပြည့်စုံတဲ့ ဆေးရည် ဖော်မြူလာမှာ ဖော်ပြထားတယ်.. ဆုံမှတ် ၄ ကနေ စပြီး နောက်ပိုင်း အဆင့်တက်ဖို့ ဆေးရည်သောက်တဲ့နေရာတွေမှာလည်း အစီအရင် ပူဇော်ပွဲတွေ လိုအပ်မှာပဲ..."
"အင့်စ် ဇန်းဝဲလ် က တံခါးမှူး တစ်ယောက် ဖြစ်ပြီး သူဟာ သေခြင်း လမ်းစဉ်က ဆုံမှတ် ၅ တစ်ယောက် ဖြစ်တယ်။ သူက ဆုံမှတ်မြင့် သာလွန်သူ တစ်ယောက် ဒါမှမဟုတ် ဆုံမှတ် ၄ နတ်ဘုရားတစ်ပိုင်း ဖြစ်ချင်နေတာ။ လမ်းစဉ်တွေ အချင်းချင်း ဖလှယ်လို့ရတဲ့ အခြေအနေတွေအရ သူ့မှာ ရွေးချယ်စရာ သုံးခု ရှိတယ်။ ပထမတစ်ခုကတော့ သေခြင်း လမ်းစဉ်က ဆုံမှတ် ၄၊ ဒုတိယတစ်ခုကတော့ အိမ်စက်ခြင်းမဲ့ လမ်းစဉ်က ဆုံမှတ် ၄ နဲ့ တတိယတစ်ခုကတော့ တိုက်ခိုက်ရေး နတ်မင်း လမ်းစဉ်က ဆုံမှတ် ၄ ဖြစ်တဲ့ နတ်ဆိုး အမဲလိုက်သူ တို့ပဲ ဖြစ်တယ်"
(ကူးပြောင်းလို့ရတဲ့ အိမ်နီးခြင်း လမ်းစဉ်တွေ အကြောင်းကို စာရေးသူ TikTok မှာ တင်ပေးထားပါတယ်ခင်ဗျာ)
"ဆယ်လီနာ သူတော်စင်မ က သူတော်စင်အဆင့် သာလွန်သူ တစ်ယောက် ဖြစ်ခဲ့တယ်။ သူမဟာ ဆုံမှတ် ၄ ဒါမှမဟုတ် ဆုံမှတ် ၃ ဖြစ်နိုင်တယ်။ သူမရဲ့ အရိုးပြာတွေက အဲ့ဒီ ဆုံမှတ် နှစ်ခုထဲက တစ်ခုနဲ့ ကိုက်ညီနေမှာပဲ... ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဟောင်းဖြစ်တဲ့ အင့်စ် ဇန်းဝဲလ် ကတော့ သူမက ဘယ်အဆင့်လဲဆိုတာကို သေချာပေါက် သိမှာဖြစ်သလို လိုအပ်တဲ့ ဆေးရည်အတွက် လိုအပ်တဲ့အကူပါဝင်ပစ္စည်းတွေကိုလည်း သိမှာ သေချာတယ်..."
"ဒါဆိုရင် အရာအားလုံးကို စီစဉ်ခဲ့တဲ့ သူ့ရဲ့ ရည်ရွယ်ချက်အစစ်က ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာတွေကို ယူပြီး အိမ်စက်ခြင်းမဲ့ လမ်းစဉ်က ဆုံမှတ် ၄ ကို အဆင့်တက်ဖို့လား?"
“အင်း... နောက်ပြီး သေမင်း မျိုးဆက်ရဲ့ ဦးခေါင်းခွံဆိုတာကလည်း ထူးခြားတဲ့ အစီအရင်တစ်မျိုးအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတစ်ခု ဖြစ်နေနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒါက သေခြင်း လမ်းစဉ်နဲ့သက်ဆိုင်တဲ့ ပစ္စည်းတစ်ခုပဲလေ”
"ကြည့်ရတာ အင့်စ်ရဲ့ အဓိက ပန်းတိုင်က ကပ္ပတိန် ဖြစ်ပုံရတယ်၊ ငါ့ကို မဟုတ်လောက်ဘူး။ သူက တကယ်ပဲ ဒီအရာအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်နေတာပဲ..."
ကိစ္စတွေကို နားလည်သွားပြီးနောက် ကလိုင်း ဟာ သက်ဆိုင်ရာ နိမိတ်ဖတ်ခြင်း စာသားကို ရေးသားလိုက်ပါတယ်။ ဥဿဖရား ချိန်သီးကို ယူလိုက်ပြီး စာရွက်မျက်နှာပြင် အပေါ်မှာ တန်းလန်း ဆွဲထားလိုက်ပါတယ်။
စာသားကို ရွတ်ဆိုပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ဥဿဖရား ချိန်သီး ဟာ နာရီလက်တံအတိုင်း လည်ပတ်နေတာကို မြင်လိုက်ရပါတယ်။
ပေးထားတဲ့ အချက်အလက်တွေက လုံလောက်မှုရှိပြီး နိမိတ်ကောက်တာအောင်မြင်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်!
အင့်စ် ဇန်းဝဲလ် ဟာ ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာတွေကို ယူပြီး ဆုံမှတ် ၄ ကို အဆင့်တက်ဖို့အတွက် ဒီအဖြစ်အပျက်တွေကို အမှန်တကယ် စီစဉ်ခဲ့တာ ဖြစ်ပါတယ်!
ကလိုင်း ဟာ တခြားမေးခွန်းတစ်ခုကို စဉ်းစားရင်း စားပွဲအစွန်းကို နောက်တစ်ကြိမ် ခေါက်နေမိပါတယ်။
"အင့်စ် ဇန်းဝဲလ် က ဆုံမှတ် ၅ တံခါးမှူး ပဲ ရှိသေးတာ။ သူ့အင်အားတစ်ခုတည်းနဲ့တော့ ဒီလောက်များပြားတဲ့ တိုက်ဆိုင်မှုတွေကို ဖန်တီးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဥပမာအားဖြင့် မီဂူ့စ် က သူ့ရဲ့ 'စီစဉ်မှု' အတိုင်း တကယ့်အချိန်ကိုက် ညသိမ်းငှက်တွေဆီကို ရောက်လာတာမျိုးပေါ့။"
"ဒါဆို အဲ့ဒီ အဖြစ်အပျက်တွေနဲ့ တိုက်ဆိုင်မှုတွေက ချိတ်ပိတ် လက်နက် ၀-၀၈ ရဲ့ စွမ်းအားလား?"
"လက်နက်ရဲ့ အသွင်အပြင်က သာမန် ငှက်မွှေးကလောင်တံ တစ်ချောင်းပဲ... သူ့ရဲ့ လုပ်ဆောင်ချက်က ဖြစ်လာမယ့် ဖြစ်ရပ်တွေကို ချရေးဖို့လား?"
"မဟုတ်ဘူး၊ အဲ့ဒီလောက်တော့ မလွယ်နိုင်ဘူး... မဟုတ်ရင် အင့်စ် ဇန်းဝဲလ် က ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာအိုးမှာ အတောင်ပံတွေ ပေါက်လာပြီး သူ့လက်ထဲကို ပျံလာပါတယ်လို့ ရေးလိုက်မှာပေါ့။ ရေးပြီး သူက အိမ်မှာ ထိုင်စောင့်နေရုံပဲလေ..."
"ဒါကြောင့် ၀-၀၈ မှာ ကန့်သတ်ချက် တချို့တော့ ရှိရမယ်..."
"၀-၀၈ က တိုက်ရိုက် တိုက်ခိုက်နိုင်စွမ်း မရှိတာ ဖြစ်နိုင်တယ်။ မဟုတ်ရင် အင့်စ် ဇန်းဝဲလ် ဟာ ထင်းဂန် မြို့ က ချန်နစ်စ် တံခါးထဲကို အတင်းအဓမ္မ ဖောက်ထွင်းဝင်ရောက်လာမှာပေါ့... ၀-၀၈ ဟာ အန္တရာယ်အရှိဆုံး ချိတ်ပိတ် လက်နက် တွေထဲက တစ်ခုဖြစ်တဲ့အတွက် လူတွေကို သူတို့ကိုယ်သူတို့ တောင်မသိလိုက်ဘဲ ကလောင်နဲ့ရေးထားတဲ့အတိုင်း ပြုမူအောင် လုပ်နိုင်တာ ဖြစ်မလား? အဲ့ဒါကြောင့်ပဲ တိုက်ဆိုင်မှုတွေ အားလုံး ဖြစ်ပေါ်လာတာလား?"
"တကယ်လို့ ဒါကသာ အမှန်ဆိုရင် ၀-၀၈ က တကယ့်ကို ကြောက်စရာ ကောင်းတာပဲ။ မကောင်းတဲ့နတ်ဘုရားရဲ့ သားတော်ကို ကိုယ်ဝန်ဆောင်ထားတဲ့ မီဂူ့စ် တောင်မှ ၀-၀၈ ရဲ့ စီစဥ် လွှမ်းမိုးမှုတွေအောက်မှာ ရှိနေခဲ့တာပဲ... အဆင့် ၀ ချိတ်ပိတ် လက်နက် တွေကို 'အလွန်အမင်း အန္တရာယ်ရှိသည်' လို့ သတ်မှတ်ထားတာ မဆန်းပါဘူး။ အဲ့ဒီလက်နက်တွေက အရေးအကြီးဆုံးနဲ့ အလျှို့ဝှက်ထားရဆုံးအရာတွေပဲ။ အဲ့ဒီ လက်နက်တွေအကြောင်းကို မေးမြန်းခြင်း၊ ဖြန့်ဝေခြင်း၊ ဖော်ပြခြင်း ဒါမှမဟုတ် စုံစမ်းခြင်း မလုပ်ရဘူး..."
ကလိုင်း ဟာ စားပွဲခေါက်နေတာကို ရပ်လိုက်ပါတယ်။ သူဟာ စောစောက ခန့်မှန်းချက်ကို နိမိတ်ဖတ်ခြင်း လုပ်ကြည့်ပေမဲ့ ကံမကောင်းစွာနဲ့ အချက်အလက် မလုံလောက်မှုကြောင့် နိမိတ်ဖတ်တာ မအောင်မြင်ခဲ့ပေ။
မိနစ်အနည်းငယ် ကုန်ဆုံးသွားပြီး ပြင်ပလောကထဲကို အမြန်ဆုံး ပြန်သွားဖို့ သူက စီစဉ်လိုက်ပါတယ်။ ဒါကြောင့် အများကြီး မစဥ်းစားတော့ဘဲ နောက်ဆုံး နိမိတ်ဖတ်မယ့် စာသားကို ရေးလိုက်ပါတယ်။
"အင့်စ် ဇန်းဝဲလ် လက်ရှိ နေတဲ့ မြို့"
ချိတ်ပိတ် လက်နက် ၀-၀၈ ရှိနေတာကြောင့်ရော၊ အင့်စ် ဇန်းဝဲလ် ဟာ နတ်ဘုရားတစ်ပိုင်း ဖြစ်နိုင်ခြေ ရှိတာကြောင့်ရော ကလိုင်း အနေနဲ့ သူ့ရဲ့ တိကျတဲ့ တည်နေရာကို တိုက်ရိုက် နိမိတ်ဖတ်ခြင်း မလုပ်နိုင်ပါဘူး။ သူဟာ အဲ့ဒီဒေသရဲ့ ယေဘုယျ နေရာကိုပဲ အကြမ်းဖျင်း နိမိတ်ကောက်နိုင်ပါတယ်။
တကယ်လို့သာ အနှောင့်အယှက်တွေကို ဖယ်ရှားပေးနိုင်တဲ့ မီးခိုးရောင် မြူထု ပေါ်က ကမ္ဘာလိုမျိုး လျှို့ဝှက်တဲ့ နေရာတစ်ခုသာ မရှိရင် အကြမ်းဖျင်း နိမိတ်ကောက် မေးမြန်းရင်တောင် သေချာပေါက် ကျရှုံး နိုင်ပါတယ်။။
သူဟာ နောက်မှီပါတဲ့ ကုလားထိုင်ကို မှီလိုက်ပြီး နိမိတ်ဖတ်မယ့် စာသားကို ခုနစ်ကြိမ် တိတိ ရွတ်ဆိုလိုက်ပါတယ်။ အိမ်မက်ထဲကို နောက်တစ်ကြိမ် ဝင်ရောက်လိုက်ပြီး ဝေဝါးနေတဲ့ ကမ္ဘာထဲကို ရောက်သွားပါတယ်။
ဝေဝါးနေတဲ့ ကမ္ဘာဟာ ရုတ်တရက် ကွဲအက်သွားပြီး အနည်းငယ် နောက်ကျိနေတဲ့ မြစ်ပြင်ကျယ်ကြီး တစ်ခု ပေါ်လာပါတယ်။
အဲ့ဒီမြစ်ပေါ်မှာ ခမ်းနားတဲ့ တံတားကြီးတစ်စင်း ရှိ နေပါတယ်။ မြစ်ကမ်းပါး နှစ်ဖက်လုံးမှာတော့ ဆိပ်ကမ်းတွေ တစ်ခုပြီးတစ်ခု စီတန်းနေပါတယ်။ ဆိပ်ကမ်းတွေမှာ ကုန်ပစ္စည်းတွေ အများကြီးနဲ့ အလုပ်သမားတွေ အများကြီး ရှိနေပါတယ်။
မြစ်ရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်မှာတော့ အိမ်တန်းရှည်ကြီးတွေ ရှိနေပါတယ်။ အိမ်တွေထဲက အများစုကတော့ လိုအန် ဘုရင်နိုင်ငံရဲ့ လက်ရှိ ဗိသုကာ လက်ရာတွေ ဖြစ်ကြတဲ့ အထပ်ပေါင်းများစွာပါတဲ့ အမိုးတွေ၊ နံရံစွန်းကနေ ထွက်နေတဲ့ ပြတင်းပေါက်တွေနဲ့ ဝရန်တာ မပါတဲ့ ပုံစံမျိုးတွေ ဖြစ်ပြီး လမ်းမကြီးရဲ့ဘေးမှာ ရှိနေကြပါတယ်။ ဒါ့အပြင် ဂေ့ါသစ်ပုံစံ ဗိသုကာ လက်ရာတွေလည်း အများကြီး ရှိပါတယ်။
လမ်းတွေပေါ်မှာတော့ လူတွေ ၊ရထားလုံးတွေနဲ့ ပြည့်နှက်နေပါတယ်။ ရံဖန်ရံခါမှာတော့ ထူးဆန်းတဲ့ စက်ယန္တရားတွေကို မြင်တွေ့ရပါတယ်။
မြို့ရဲ့ အရှေ့ဘက်ကို ပိုပြီးသွားလေလေ မီးခိုးခေါင်းတိုင်တွေ ပိုများလာပြီး မီးခိုးတွေလည်း ပိုပြီး ထူထပ်လာလေလေ ဖြစ်ပါတယ်။ အနောက်ဘက်ကို သွားတဲ့အခါမှာတော့ မြေမျက်နှာသွင်ပြင်က ပိုမြင့်လာပြီး မီးခိုးပြာရောင်၊ အဝါနုရောင် ၊ အဝါဖျော့ရောင် အိမ်တွေရှိက အဲ့ဒီအိမ်တွေက ခမ်းနားတဲ့ ရဲတိုက်တွေနဲ့ ဂေါ့သစ်ပုံစံ နာရီစင်ကြီးတွေဆီကို လှေကားထစ်တွေလို တဖြည်းဖြည်း မြင့်တက်သွားပါတယ်။
ဒေါင်!
နာရီစင်က ခေါင်းလောင်းသံ ထွက်လာတဲ့အခါ ကလိုင်း က သတိပြန်ဝင်သွားပါတယ်။ သူ ဘယ်မြို့ကို မြင်လိုက်ရသလဲဆိုတာ သူ သိလိုက်ရပါပြီ။
"မျှော်လင့်ချက်တို့ရဲ့ ကုန်းမြေ" လို့ ခေါ်တဲ့၊ "မြို့တော်တို့ရဲ့ မြို့တော်" ဖြစ်တဲ့ ဘက်ကလန် ဖြစ်ပါတယ်!