နောက်တစ်ကြိမ် ကြည့်ရှုခြင်း
Vol. 22 Ch. 213
*”ဒါဆိုရင် အင့်စ် ဇန်းဝဲလ် က ဘက်ကလန် ကို ရောက်သွားတာပေါ့။ သူ အဲ့ဒီမှာ ဘယ်လောက်ကြာကြာ နေမလဲဆိုတာ သိချင်မိတယ်။ ဟုတ်တယ်၊ ငါ အဲ့ဒီကိစ္စကို အမြဲတမ်း မကြာခဏဆိုသလို နိမိတ်ကောက်ပြီး အတည်ပြုရမယ်”*
ကလိုင်း ဟာ ရှေ့ကို ကိုင်းညွတ်လိုက်ရင်း စဉ်းစားနေပါတယ်။ သူဟာ ဆိတ်သားရေစာရွက်ပေါ်က အကြောင်းအရာတွေကို ဖျက်လိုက်ပြီး အသစ်စက်စက် နိမိတ်ဖတ်စရာ စာသားတစ်ခုကို ရေးလိုက်ပါတယ်။
"လန်နီးဗက်စ် ရဲ့ လက်ရှိ တည်နေရာ"
သူ့ရဲ့ အမြင်အရတော့ ကပ္ပတိန်နဲ့ သူ့ကို သေလုနီးပါး ဖြစ်အောင် လုပ်ခဲ့တဲ့သူဟာ သေချာပေါက် အင့်စ် ဇန်းဝဲလ် ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စောက်ရူး လန်နီးဗက်စ် ကလည်း ခွင့်လွတ်လို့မရ ကြံရာပါ တစ်ယောက် ဖြစ်တာကြောင့် သွေးကြွေး ပြန်ဆပ်ရမှာပဲ ဖြစ်ပါတယ်။
စာသားကို ခုနစ်ကြိမ်တိတိ ရွတ်ဆိုပြီးနောက် ကလိုင်း ဟာ အိမ်မက်ထဲကို နောက်တစ်ကြိမ် ဝင်ရောက်လိုက်ပါတယ်။ ဒါပေမဲ့ မြူခိုးမ္ဘာကြီး ကွဲအက်သွားပြီးနောက် ပေါ်လာတဲ့ မြင်ကွင်းဟာ ခုဏက သူ မြင်ခဲ့ရတဲ့ မြင်ကွင်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။
ကျယ်ပြောပြီး အနည်းငယ် နောက်ကျိနေတဲ့ မြစ်ကြီး၊ မရေမတွက်နိုင်တဲ့ ဆိပ်ကမ်းတွေနဲ့ အဆောက်အဦးတွေ ရှိနေပါတယ်။ အဲ့ဒီအဆောက်အဦးတွေက အဓိကအားဖြင့် လိုအန် ဘုရင့်နိုင်ငံတော် ရဲ့ လက်ရှိ ဗိသုကာပုံစံတွေ ဖြစ်ပြီး အချို့ကတော့ ဂေါ့သစ်ပုံစံ ဖြစ်နေပါတယ်။ လူစည်ကားတဲ့ လမ်းတွေ၊ စည်ကားလှတဲ့ မြင်ကွင်းတွေ ၊ မီးခိုးတွေ စဉ်ဆက်မပြတ် ထုတ်လွှတ်နေတဲ့ မီးခိုးခေါင်းတိုင်တွေ ရှိနေပါတယ်။ အမှတ်တံဆိပ်တစ်ခုလို ဖြစ်နေတဲ့ ဂေ့ါသစ်ပုံစံ နာရီစင်ကြီးနဲ့အတူ မြင့်မားစွာ တည်ရှိနေတဲ့ ခမ်းနားထည်ဝါသော ရဲတိုက်တွေလည်း ရှိနေပါတယ်။
လန်နီးဗက်စ် ကလည်း မျှော်လင့်ချက်တို့ရဲ့ ကုန်းမြေ ဖြစ်တဲ့၊ မြို့တော်တို့ရဲ့ မြို့တော် ဘက်ကလန် မှာပဲ ရှိနေတာ ဖြစ်ပါတယ်။
ကလိုင်း ဟာ အနည်းငယ် ဇဝေဇဝါဖြစ်စွာနဲ့ မျက်လုံးဖွင့်လိုက်ပါတယ်။ သူဟာ လန်နီးဗက်စ် ရဲ့ တိကျတဲ့ တည်နေရာကို နိမိတ်ဖတ်ခဲ့တာ ဖြစ်ပေမဲ့ ရလဒ်ကတော့ အရမ်းကို ယေဘုယျဆန်ပြီး ဝေဝါးနေတဲ့ ဒေသတစ်ခုအဖြစ်ပဲ ထွက်ပေါ်လာပါတယ်။
*”ဒါကိုကြည့်ခြင်းအားဖြင့် လန်နီးဗက်စ် ရဲ့ ဆုံမှတ် က ငါထင်ထားတာထက် အများကြီး ပိုမြင့်နေမှာ သေချာတယ်။ မဟုတ်ဘူး၊ ဖန်ဆင်းရှင်အစစ် ရဲ့ သားတော်ကို ဒီကမ္ဘာပေါ် ဆင်းသက်လာဖို့ ကူညီပေးခဲ့တဲ့အတွက် သူက တစ်ခုခုသော အကျိုးအမြတ် ရခဲ့တာလည်း ဖြစ်နိုင်တယ်။ ဥပမာအားဖြင့် နတ်ဘုရားရဲ့ ဝိသေသလက္ခဏာ အကြွင်းအကျန် အနည်းငယ် ဒါမှမဟုတ် မီဂူ့စ် ရဲ့ ကလေးဆီ ကျန်ခဲ့တဲ့ အချင်းတိုင်လိုမျိုး စွမ်းအားကြီးတဲ့ အရာတစ်ခုခုပေါ့။ အင်း... အချင်းတိုင်ကတော့ အင့်စ် ဇန်းဝဲလ် ယူသွားတာဖြစ်ဖို့များပါတယ် “* ကလိုင်း ရဲ့ ခေါင်းထဲမှာ အတွေးတွေ စီးဆင်းနေပြီး ကနဦး ခန့်မှန်းချက်တွေကို သူ့ဘာသာ သူ ရေရွတ်နေမိပါတယ်။
ရန်သူနှစ်ယောက်လုံး ရောက်ရှိနေတဲ့ ဒေသကို ယေဘုယျ အတည်ပြုပြီးနောက် သူဟာ နောက်ထပ် ပြဿနာတစ်ခုကို စဉ်းစားမိလိုက်ပါတယ်။ သူ့မှာ ကလဲ့စားချေဖို့အတွက် လုံလောက်တဲ့ အစွမ်းအစ မရှိသေးပါဘူး။
*”တကယ်လို့သာ လန်နီးဗက်စ် က ဆုံမှတ် ၇ ဒါမှမဟုတ် ဆုံမှတ် ၈ ပဲ ဖြစ်နေဦးတော့၊ သူက နတ်ဆိုးရဲ့ သားတော်ကို ကမ္ဘာပေါ်ကို ဆင့်ခေါ်ဖို့ ကြိုးစားခဲ့တဲ့အတွက် ဖန်ဆင်းရှင် အစစ် ချီးမြှင့်တဲ့ အကျိုးအမြတ်တွေ အများကြီး ရထားတယ်။ သူ့ကို ကိုင်တွယ်ဖို့က လွယ်မှာမဟုတ်ဘူး။ လန်နီးဗက်စ် ကလည်း သိသိသာသာကို ပါးနပ်တဲ့သူဖြစ်လို့ သူ့ထက် အစွမ်းထက်တဲ့ သာလွန်သူ တွေကိုတောင် ဉာဏ်ဆင်ပြီး အနိုင်ယူနိုင်တဲ့သူပဲ။ အင့်စ် ဇန်းဝဲလ် ကတော့ ပိုပြီး ကြောက်စရာကောင်းတယ်။ သူက ဆုံမှတ် ၄ အဆင့် ကို ရောက်နေတဲ့ နတ်ဘုရားတစ်ပိုင်း ဖြစ်တဲ့အပြင် အစွမ်းထက်တဲ့ အဆင့် ၀ ချိတ်ပိတ် လက်နက် ကိုလည်း ကိုင်ဆောင်ထားသေးတယ်။ ငါ့ရဲ့ ကမ္ဘာကူးပြောင်းမှု နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ ရှိနေပေမဲ့ အဲ့ဒီလျှို့ဝှက်ချက်တွေကို တိုက်ခိုက်ရေးစွမ်းအားအဖြစ် ပြောင်းလဲဖို့ကတော့ မဖြစ်နိုင်သေးဘူး။ အချိန်အတော်ကြာတဲ့အထိ ဖြစ်နိုင်ဦးမှာ မဟုတ်ဘူး။ ငါ့မှာရှိတဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ငါ့ရဲ့ ဆုံမှတ် ကို ဆက်ပြီး မြှင့်တင်ဖို့ ဒါမှမဟုတ် ပိုပြီး အစွမ်းထက်တဲ့ ဂမ္ဘီရပစ္စည်းတွေကို စုဆောင်းဖို့ပဲ။ အဲ့ဒီနည်းလမ်း နှစ်ခုလုံးကို တစ်ပြိုင်တည်း သုံးရမယ်"
အဲ့ဒီလို တွေးနေရင်းနဲ့ပဲ ကလိုင်း ဟာ နောက်ထပ် နိမိတ်ဖတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ စာသားကို သေချာစဉ်းစားပြီးနောက်
"ငါ့အတွက် အင်အားကြီးမားလာနိုင်တဲ့ အခွင့်အရေးများ" လို့ ရေးလိုက်တယ်။
သူဟာ ကလောင်တံကို စားပွဲပေါ် မှာဖြည်းဖြည်းချင်း တင်လိုက်ကာ ကုလားထိုင်ကို မှီပြီး မျက်လုံးမှိတ်လိုက်ပါတယ်။ စာသားကို စိတ်ထဲကနေ ရွတ်ဆိုပြီး ဈာန်ဝင်စားခြင်းဖြင့်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတယ်။
မြူခိုးကမ္ဘာထဲမှာတော့ အရင်က သူ မြင်ခဲ့ရတဲ့ မြင်ကွင်းကိုပဲ ထပ်မြင်ရပြန်ပါတယ်။ မြစ်၊ ဆိပ်ကမ်း၊ မီးခိုးခေါင်းတိုင်၊ လူအုပ်ကြီး၊ ရဲတိုက်တွေ၊ အမျိုးမျိုးသော စက်ယန္တရားတွေနဲ့ ဂေါ့သစ်ပုံစံ နာရီစင်ကြီးတွေ ရှိနေပါတယ်။ လိုအန် ဘုရင့်နိုင်ငံတော် ရဲ့ မြို့တော် ဘက်ကလန် ကို သူ ထပ်မြင်ရပြန်ပါတယ်။
ချက်ချင်းဆိုသလို မြင်ကွင်းက ပြောင်းလဲသွားပါတယ်။ တိမ်တိုက်တွေအထိ ဖောက်ထွက်နေတဲ့ ခမ်းနားထည်ဝါတဲ့ တောင်ထိပ်တစ်ခုကို သူ မြင်လိုက်ရပြီး အဲ့ဒီ တောင်ထိပ်ပေါ်မှာတော့ ခမ်းနားပြီး ရှေးကျတဲ့ နန်းတော်ကြီးတစ်ခု ရှိနေပါတယ်။ အရောင်မှိန်နေတဲ့ ကျောက်မျက်ရတနာတွေ ၊ ရွှေတွေနဲ့ အလှဆင်ထားပြီး ကျောက်သားနဲ့ ထွင်းထုထားတဲ့ ကြီးမားသော ပလ္လင်ကြီးတစ်ခုကို မြင်လိုက်ရပါတယ်။ နောက်ပြီး လျှို့ဝှက်ဆန်းကြယ်သော မရေမတွက်နိုင်တဲ့ သင်္ကေတပေါင်းများစွာ နဲ့ ဖွဲ့စည်းထားတဲ့ ထူးဆန်းသောဒေါင်လိုက် မျက်လုံးတစ်လုံးကိုလည်း သူ မြင်လိုက်ရပါတယ်။
အဲ့ဒီမြင်ကွင်းဟာ တိတ်ဆိတ်စွာ ကွဲအက် ပျောက်ကွယ်သွားပါတယ်။ ကလိုင်း ဟာ ဖြည်းဖြည်းချင်း ထထိုင်လိုက်ပြီး စားပွဲအစွန်းကို လက်ချောင်းလေးတွေနဲ့ ခေါက်နေမိပါတယ်။
*"ဘက်ကလန် မှာ ငါ့ ဆုံမှတ် အဆင့်တက်လာနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတာပဲ။ ဒုတိယမြင်ကွင်းက ဟွန်းနာဆစ် တောင်တန်းရဲ့ အဓိကတောင်ထိပ်၊ အန်တီဂိုနပ်စ် မိသားစုက ချန်ထားခဲ့တဲ့ ရတနာတွေကို ရည်ညွှန်းတာလား။ အန်တီဂိုနပ်စ် မိသားစုရဲ့ မှတ်တမ်းစာအုပ်ကနေတစ်ဆင့် Misfortune Cloth Puppet ငါ့ကို ပြခဲ့တဲ့ မရေမတွက်နိုင်သော လျှို့ဝှက်သင်္ကေတတွေနဲ့ ဖွဲ့စည်းထားတဲ့ ထူးဆန်းသော ဒေါင်လိုက်မျက်လုံးက အရာအားလုံးကို စတင်ဖို့အတွက် သော့ချက်ပဲ။"
အတွေးပေါင်းများစွာက သူ့ခေါင်းထဲမှာ လျှပ်ခနဲ ဖြတ်ပြေးသွားပါတယ်။ ကလိုင်း ဟာ ဟွန်းနာဆစ် တောင်တန်းကို အလောတကြီး သွားဖို့ မလိုသေးဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆုံမှတ် ၄ ရှိတဲ့ နတ်ဘုရားတစ်ပိုင်း အဆင့် တောင်မှ အဲ့ဒီနေရာမှာ ရှိနေတဲ့ အန္တရာယ်တွေကို ကိုင်တွယ် ဖြေရှင်းနိုင်ချင်ဖို့ မသေချာပါဘူး။
"အရင်ဆုံး ဘက်ကလန် ကိုပဲ ဦးတည်ရတော့မယ် ။ "
ကလိုင်း က သက်ပြင်းချလိုက်ကာ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ကိုယ်သူ စိတ်ဝိညာဉ်စွမ်းအားနဲ့ လွှမ်းခြုံလိုက်ပြီး မီးခိုးရောင် မြူခိုး ပေါ်က လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာကနေ ထွက်ခွာလာခဲ့ပါတယ်။
သူဟာ အပြင်လောကထဲကို ပြန်ရောက်လာတဲ့အခါမှာတော့ ပုန်းအောင်းနေတဲ့ နေရာကနေ ထွက်လာပြီး ဒန်း စမစ် ရဲ့ အုတ်ဂူဆီကို ဖြည်းဖြည်းချင်း လမ်းလျှောက်သွားပါတယ်။ သူဟာ ဓာတ်ပုံနဲ့ အုတ်ဂူစာတမ်းကို သေချာစိုက်ကြည့်လိုက်ပါတယ်။ အဲ့ဒီနောက် ကလိုင်း ဟာ သူ့ရဲ့ ရင်ဘတ်ပေါ်မှာ သွေးရောင် လ ပုံသဏ္ဌာန်ကို ဖြည်းဖြည်းချင်း ဆွဲလိုက်ပြီး သုဿာန်ထဲကနေ ထွက်လာခဲ့ပါတယ်။
ညသိမ်းငှက်အဖွဲ့ဝင်ဟောင်း တစ်ယောက်အနေနဲ့ရော၊ ရက်ဖေး သုဿာန်ကို ပုံမှန်ကင်းလှည့်ခဲ့ရတဲ့ ညသိမ်းငှက် တစ်ယောက်အနေနဲ့ရော သူဟာ ကင်းစောင့်တွေရဲ့ လမ်းကြောင်းတွေနဲ့ ပတ်ဝန်းကျင် အခြေအနေကို ကောင်းကောင်း သိထားပါတယ်။ သူဟာ ကင်းလှည့်နေတဲ့ ညသိမ်းဌက်တွေကို သတိမထားမိစေပဲ သုဿာန်ကနေ အလွယ်တကူ ထွက်ခွာနိုင်ခဲ့ပါတယ်။ သူဟာ သစ်ပင်ရိပ်တွေကို အကာအကွယ်ယူပြီး ကျောက်စရစ်လမ်းအတိုင်း ထင်းဂန် မြို့ ထဲကို ဝင်လာခဲ့ပါတယ်။
ညဥ့်ဦးယံက ငြိမ်းချမ်းနေပြီး လရောင်ကလည်း အိမ်မက်ဆန်နေပါတယ်။ ကလိုင်း ဟာ တစ်ယောက်တည်း လမ်းလျှောက်နေရင်း သူ့အတွေးတွေကလည်း လွတ်လပ်စွာ စီးဆင်းနေပါတယ်။ တစ်ခါတစ်ရံမှာ သူဟာ ကလဲ့စားချေဖို့ အစီအစဉ်တွေကို စဉ်းစားမိပြီး၊ တစ်ခါတစ်ရံမှာတော့ ကပ္ပတိန်နဲ့အတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ပြန်လည်အောက်မေ့နေမိပါတယ်။ နောက်ပြီး လူအိုကြီး နေးလ် ရဲ့ ဟာသနှောတဲ့ အမူအရာတွေရဲ့ အဲ့ဒီအမူအယာတွေ နောက်မှာ ဖုံးကွယ်ထားတဲ့ ဝမ်းနည်းမှုတွေကိုလည်း သတိရနေမိပါတယ်။
သူကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ ကလိုင်း ဟာ လေလွင့်နေတဲ့ ဝိညာဉ်တစ်ကောင်လိုမျိုး အနီးဆုံးလမ်းထဲကို ဝင်လာခဲ့ပြီး လမ်းအကွေ့တွေကို တစ်ခုပြီးတစ်ခုကို ဖြတ်ကျော်လာခဲ့ပါတယ်။ နှစ်နာရီလောက် ကြာပြီးနောက်မှာတော့ ကလိုင်းဟာ အတွေးတွေ လွင့်မနေတော့ပဲ အဲ့ဒီအတွေးတွေကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ကလိုင်းဟာ မိမိကိုယ်မိမိ ဒက်ဖိုဒီး လမ်း ပေါ်မှာ ရပ်နေမိမှန်း သတိထားမိလိုက်ပါတယ်။ သူ့ရဲ့ ရှေ့တည့်တည့်မှာတော့ သူ့တို့မောင်နှမတွေအတူ နေခဲ့တဲ့ အိမ်ကလေး ရှိနေပါတယ်။
အလိုအလျောက်ပဲ ကလိုင်း ဟာ ဒီနေရာကို ပြန်ရောက်လာခဲ့ပါတယ်။
သူဟာ ဝမ်းသာအားရနဲ့ ရှေ့ကို တစ်လှမ်းတိုးလိုက်ပေမဲ့ ရုတ်တရက် ရပ်တန့်သွားပါတယ်။ ခါးသီးတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်တဲ့ လေသံနဲ့ ရေရွတ်လိုက်ပါတယ်။
"ငါသာ အခုသွားပြီး တံခါးကို ခေါက်လိုက်ရင် မလီဆာ ကတော့ ထိတ်လန့်ပြီး မေ့လဲသွားမှာပဲ... ဘန်ဆန် ဆိုရင်လည်း အရမ်းစိုးရိမ်ပြီး ဆံပင်တွေတောင် ကျွတ်ကုန်မလားမသိဘူး။ပြီးရင် သူက ထုံးစံအတိုင်း အမွှေးကောက်ကောက် ဘာဘွန်းမျောက်ဆိုတဲ့ နာမည်ကို သုံးပြီး ငါ့ကို စိတ်အေးအေးထားဖို့ အစွမ်းကုန် ကြိုးစားဖျောင်းဖျနေမှာ.."
ကလိုင်း ဟာ ခေါင်းခါလိုက်ပြီး ရင်းနှီးနေခဲ့တဲ့ အိမ်တံခါးကို အတန်ကြာ စိုက်ကြည့်နေပြီးမှ သံမဏိ ကြက်ခြေခတ် လမ်း ဆီကို ဦးတည်ထွက်ခွာလာခဲ့ပါတယ်။
"*ဒါလည်း ကောင်းပါတယ်၊ ဒါလည်း ကောင်းတာပါပဲ... နောင်တစ်ချိန်မှာ ငါလုပ်မယ့် အရာတွေက သူတို့ကို ထိခိုက်စေမှာ မဟုတ်တော့ဘူးပေါ့။ ညသိမ်းငှက် အဖွဲ့နဲ့ ရဲဌာနက သူတို့ကို ပေးခဲ့တဲ့ လျော်ကြေးငွေတွေက မလီဆာ အလုပ်မရခဲ့ရင် ဒါမှမဟုတ် ဘန်ဆန် အလုပ်ပြုတ်သွားခဲ့ရင်တောင် သူတို့ လူလတ်တန်းစားဘဝနဲ့ တည်တည်ငြိမ်ငြိမ် နေထိုင်သွားနိုင်စေဖို့အထိ လုံလောက်ပါတယ်..."*
ကလိုင်း ဟာ ခဏလောက် တိတ်တဆိတ် လမ်းလျှောက်ပြီးတဲ့နောက် ပင်ပန်းနွမ်းနယ်မှုကို စတင်ခံစားလာရပါတယ်။
"သေဆုံးပြီးသား" လူတစ်ယောက်အနေနဲ့ သူ့မှာ ဝတ်ထားတဲ့ အဝတ်အစားတွေ၊ ဥဿဖရား ချိန်သီး နဲ့ အေဇစ် ရဲ့ ကြေးဝါ ဝီစီ စတဲ့ ပစ္စည်းတွေက ကလွဲရင် တခြား ဘာပိုင်ဆိုင်မှုမှ မရှိပါဘူး။ သူ့မှာ ပေါင်ငွေလည်း မရှိသလို၊ ဆိုလီ နဲ့ ပဲနိ တွေတောင် မရှိပါဘူး။
*"ဝီစီ မှုတ်ပြီး မစ္စတာ အေဇစ် ဆီ စာပို့ အကူအညီတောင်းရမလား?"* ကလိုင်း ဟာ အကောင်းမြင်စိတ်နဲ့ ရယ်မောလိုက်ပါတယ်။
*" တော်ပါပြီ၊ လောလောဆယ် သူ့ကို ဆက်သွယ်လို့ မဖြစ်သေးဘူး။ အင့်စ် ဇန်းဝဲလ် က သူ့ကိုစောင့်ကြည့်နေတာလည်း ဖြစ်နိုင်တယ်။ အချိန်တန်မှပဲ သူ့ကို သွားရှာတော့မယ်... နှစ်ပေါင်းထောင်ချီပြီး ဘဝပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့တဲ့ မိစ္ဆာအိုကြီး တစ်ယောက်အနေနဲ့ သူကတော့ သေရာက ပြန်ရှင်လာတာကို နားလည်မှာပါ။ အနည်းဆုံးတော့ ဒီညကလည်း သိပ်မအေးပါဘူး။ လောလောဆယ် အိပ်စရာနေရာတစ်ခုပဲ ရှာပြီး မနက်ဖြန်မနက်ကျမှ ဘက်ကလန် ဘဏ် ရဲ့ ထင်းဂန် ဘဏ်ခွဲကို သွားမယ်။အမည်ဝှက်ထားတဲ့ အကောင့်ထဲက ပိုက်ဆံတွေကို သွားထုတ်ရမယ်။"
နောက်ပိုင်း အလုပ်တွေ အရမ်းများနေတာကြောင့် ကလိုင်း အနေနဲ့ စတေးခြင်း အစီအရင် ကို စမ်းသပ်ကြည့်ဖို့ အချိန်မရခဲ့ပါဘူး။ အမည်ဝှက်ထားတဲ့ အကောင့်ထဲက ပေါင် ၃၀၀ ကိုလည်း သူ မထိရသေးပါဘူး။
*"အဲ့ဒီငွေနဲ့ဆိုရင် အချိန်အတော်ကြာတဲ့အထိ သုံးလို့စွဲလို့ရနိုင်တယ်။မနက်ဖြန်ကျရင် ဒီနေ့က ဘယ်နှရက်နေ့
ရှိနေပြီလဲဆိုတာ သိရအောင်သတင်းစာတစ်စောင်တော့ ဝယ်ဖတ်ရမယ်... မစ္စ တရားမျှတမှု နဲ့ တခြားသူတွေက ငါ့ဆီကို ထပ်ပြီး ဆုတောင်းတာမျိုး မရှိသေးဘူးဆိုတော့ တားရော့ကလပ်အစည်းအဝေး ကိုတစ်ခုမှ လွတ်သွားတာမျိုးတော့ မရှိသေးဘူးပေါ့."*.. ကလိုင်းက တွေးလိုက်ရင်း သုဿန်ထဲမှာ လေကွယ်တဲ့ နေရာတစ်ခုကို ရှာတွေ့သွားခဲ့ပါတယ်။ သူဟာ အဲ့ဒီနေရာလေးမှာ ထိုင်ချလိုက်ပြီး သူ့ရဲ့ အပေါ်ဝတ်အင်္ကျီကို ချွတ်လိုက်ပါတယ်။ အင်္ကျီကို စောင်လုပ်ခြုံကာ နံရံကိုမှီပြီး အိပ်ပျော်သွားပါတယ်။ အိပ်ပျော်သွားတာ သိပ်မကြာသေးခင်မှာပဲ တစ်စုံတစ်ယောက်က သူ့ကို ရုတ်တရက် လာနှိုးခဲ့ပါတယ်။ နံပါတ်တုတ် ကိုင်ထားတဲ့ ရဲအရာရှိတစ်ယောက်ကို သူ မြင်လိုက်ရပါတယ်။
ပုခုံးတံဆိပ်ပေါ်မှာ အမှတ်အသား တစ်ခုပဲ ရှိတာကြောင့် ရာထူးအနိမ့်ဆုံး ရဲကင်းစောင့် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကလိုင်း ဟာ သူ့ရဲ့ ရာထူးကို အတည်ပြုဖို့ တစ်ချက် ကြည့်လိုက်ပါတယ်။
ရဲအရာရှိက ဒေါသတကြီး ပြောပါတယ်။
"မင်း ဒီမှာ အိပ်လို့ မရဘူး!"
"လမ်းမတွေနဲ့ ပန်းခြံတွေဆိုတာ မင်းတို့လို အလုပ်မရှိ လေလွင့်နေတဲ့ ငပျင်းတွေ အိပ်ဖို့ မဟုတ်ဘူး!"
"ဒါက ဆင်းရဲသား ဥပဒေထဲက စည်းကမ်းချက်ပဲ!"
*"အဲ့ဒီလိုလား?"*
ကလိုင်း ဟာ ကြောင်သွားပါတယ်။ သူရဲ့ လောလောဆယ် လူသိခံလို့မရတဲ့ အခြေအနေကြောင့် ရဲအရာရှိနဲ့ အငြင်းအခုန် မလုပ်ခဲ့ပါဘူး။
အပေါ်ဝတ်အင်္ကျီကို ယူသွားပြီး မိုးလင်းတဲ့အထိ လမ်းဆက်လျှောက်နေခဲ့ပါတယ်။
မိုးလင်းပြီး သိပ်မကြာခင်မှာပဲ သူဟာ ခေါင်းငုံ့ပြီး ဘက်ကလန် ဘဏ် ရဲ့ ထင်းဂန် ဘဏ်ခွဲထဲကို ဝင်သွားပါတယ်။မှတ်ထားတဲ့ လျှို့ဝှက်နံပါတ်ကို သုံးပြီး ပေါင် ၂၀၀ ထုတ်ယူလိုက်ကာ ကျန်တဲ့ သုံးပုံတစ်ပုံ ပေါင် ၁၀၀ ကိုတော့ အရေးပေါ် အခြေအနေအတွက် "စုငွေ" အဖြစ် ချန်ထားခဲ့ပါတယ်။
ရှေးဟောင်း ဟားမီးစ် ဘာသာစကားနဲ့ လျှို့ဝှက်နံပါတ်ကို ရေးလိုက်တဲ့အချိန်မှာ ကလိုင်း ဟာ သူ့ဆီကို ဦးတည်တဲ့ "ဆုတောင်းသံ" ကို သေချာပေါက် ကြားလိုက်ရပါတယ်။
(အမည်ဝှက်ထားတဲ့ ဘဏ်အကောင့်ရဲ့ ငွေထုတ် စကားဝှက်က အရူးရဲ့ ဂုဏ်ယူဖွယ် နတ်ဘုရား အမည်ကို သုံးထားတာဖြစ်ပါတယ်။ ကလိုင်းမသိပဲ တယောက်ယောက်က စကားဝှက်သုံးပြီး ငွေထုတ်ရင် သူက ဆုတောင်းသံကို တန်းပြီး ကြားရမှာဖြစ်ပါတယ်။)
အဲ့ဒီနောက်မှာတော့ ကလိုင်း ဟာ ၃၈ ပေါင်ခန့်သုံးပြီး ပွဲတက်ဝတ်စုံ နှစ်စုံ၊ ရှပ်အင်္ကျီ နှစ်ထည်၊ ဘောင်းဘီရှည် နှစ်ထည်၊ သားရေဖိနပ် နှစ်စုံ၊ လည်စည်း နှစ်ခု၊ ခြေအိတ် လေးစုံ၊ နောက်ပြီး ဆောင်းရာသီအတွက် ရင်ဘတ်အကာ ၂ ထပ်ပါတဲ့ အနွေးထည်အထူ နှစ်ထည်၊ အရောင်ရင့်ရင့် သားမွှေးအင်္ကျီ နှစ်ထည်နဲ့ ဘောင်းဘီထူထူ နှစ်ထည်တို့ကို ဝယ်ယူလိုက်ပါတယ်။ လမ်းလျှောက်တုတ် တစ်ချောင်း၊ ပိုက်ဆံအိတ် တစ်လုံးနဲ့ သားရေ ခရီးဆောင်အိတ် တစ်လုံးကိုလည်း ဝယ်ခဲ့လိုက်ပါတယ်။
ပစ္စည်းတွေ အကုန်ဝယ်ပြီးတဲ့နောက်မှာတော့ ကလိုင်း ဟာ ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲဖို့ ဟိုတယ်တစ်ခု ရှာလိုက်ပါတယ်။ ရင်းနှီးတဲ့သူတွေနဲ့ မတွေ့ဆုံမိစေဖို့အတွက် ထင်းဂန် မီးရထားဘူတာရုံဆီကို တိုက်ရိုက်သွားမယ့် ရထားလုံးတစ်စီးကို ငှားလိုက်ပါတယ်။ လမ်းမှာ သတင်းစာတစ်စောင် ဝယ်ဖတ်လိုက်တဲ့အခါ ဒီနေ့က တနင်္ဂနွေနေ့ ဖြစ်နေမှန်း သိလိုက်ရပါတယ်။
ထင်းဂန် ကနေ ဘက်ကလန် ကို ရထားနဲ့သွားရင် လေးနာရီလောက် ကြာပါတယ်။ ဇိမ်ခံ ပထမတန်း ထိုင်ခုံတစ်ခုကို ပေါင်ငွေရဲ့ လေးပုံသုံးပုံ ဒါမှမဟုတ် ၁၅ ဆိုလီ ကျသင့်ပါတယ်။ ဒုတိယတန်း ထိုင်ခုံကတော့ ၁၀ ဆိုလီ ဒါမှမဟုတ် ပေါင်ဝက် ကျသင့်ပါတယ်။
လူကြပ်ပြီး ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းတဲ့ တတိယတန်း ထိုင်ခုံတွေကတော့ ၅ ဆိုလီ ပဲ ကျသင့်ပြီး တော်တော်လေး ဈေးသက်သာပါတယ်။
ကလိုင်း ဟာ ခဏလောက် စဉ်းစားပြီးနောက် နှစ်နာရီမှာ ထွက်မယ့် ရထားအတွက် ဒုတိယတန်း ထိုင်ခုံ လက်မှတ်တစ်စောင် ဝယ်လိုက်ပါတယ်။
ကလိုင်း ဟာ လက်မှတ်နဲ့ ခရီးဆောင်အိတ်ကို ကိုင်ပြီး ရထားစောင့်မယ့်ခန်းထဲက နေရာလွတ်တစ်ခုမှာ ထိုင်နေလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ မနက် ကိုးနာရီ ကျော်ရုံသာ ရှိပါသေးတယ်။
လိုအန် ဘုရင့်နိုင်ငံတော် မှာ တင်းကျပ်တဲ့ သန်းခေါင်စာရင်း စစ်ဆေးမှု ဥပဒေမရှိတာကို သူ ဝမ်းသာမိပါတယ်။ ရေခွန်၊ ဂတ်စ်မီးခွန် ဘေလ်တွေ
ဒါမှမဟုတ် လွန်ခဲ့တဲ့ သုံးလက အိမ်ငှားခ ပြေစာတွေကို ပြရုံနဲ့ လူတစ်ယောက်ဟာ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားနဲ့ သက်သေပြနိုင်ပါတယ်။ ရထားလက်မှတ် ဝယ်ရတာကတော့ ပိုတောင် လွယ်ကူပါသေးတယ်၊ ပိုက်ဆံရှိရင် ရပါပြီ။
ထိုင်နေရင်းနဲ့ နေ့လည် ၂ နာရီကျရင်ထင်းဂန် ကနေ ဘက်ကလန် ကို ထွက်ခွာရတော့မယ်လို့ တွေးမိတဲ့အခါ ကလိုင်း ရဲ့ ရင်ထဲမှာ ရုတ်တရက် ဟာလာဟင်းလင်းကြီး ဖြစ်သွားပါတယ်။
သူ့ကို မိခင်တစ်ယောက်လို အမြဲ ဂရုစိုက်ပေးတဲ့ သူ့ညီမလေးအကြောင်းကို တွေးမိသွားပါတယ်။ အေးတိ အေးစက် မရီရတဲ့ ဟာသတွေ ပြောရတာ ဝါသနာပါတဲ့ အစ်ကိုကြီးအကြောင်းကိုလည်း သူ တွေးမိပါတယ်။ သူတို့တွေ အစားအသောက်ကိုဗိုက်ကားအောင် စားပြီးနောက် မလှုပ်ချင် မယှက်ချင် ဖြစ်နေကြတဲ့ မြင်ကွင်းတွေကိုလည်း တွေးမိပါတယ်။
ဒီမြင်ကွင်းတွေကို ပြန်လည်အောက်မေ့ရင်း ကလိုင်း ဟာ ရုတ်တရက် ရယ်မောလိုက်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ ရယ်သံက ခါးသီးတဲ့ ရယ်မောသံ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မလီဆာ က "ရုပ်သေးရုပ်" လို့ ခေါ်တဲ့ စက်ရုပ် လိပ်ကလေးအကြောင်းနဲ့ ဘန်ဆန် ရဲ့ သနားစရာကောင်းတဲ့ နဖူး ပြောင်နေတဲ့ အကြောင်းတွေကို သူ တွေးမိသွားလို့ ဖြစ်ပါတယ်။
သူ့မှာ ပြင်းပြတဲ့ ဆန္ဒတစ်ခု ရုတ်တရက် ပေါ်လာပါတယ်။ သူ့ရဲ့ မောင်နှမတွေကို နောက်တစ်ကြိမ်လောက် ထပ်တွေ့ချင်မိတာ ဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာပဲ ကလိုင်း ဟာ သူ ဘာကြောင့် စောစောထွက်တဲ့ ရထားကို မရွေးဘဲ နှစ်နာရီမှ ထွက်မယ့် ရထားလက်မှတ်ကို ဝယ်ခဲ့မိသလဲဆိုတာကို ရုတ်တရက် သတိထားမိသွားပါတယ်။
သူ့ရဲ့ ခရီးဆောင်အိတ်ကို ဆွဲပြီး ရထားစောင့်နေတဲ့ အခန်းထဲကနေ အမြန်ထွက်လာခဲ့လိုက်ပါတယ်။ အဲ့ဒီနောက် ရထားလုံးတစ်စီးကို ဌားပြီး ဒက်ဖိုဒီး လမ်း ဆီကို ပြန်လာခဲ့ပါတယ်။
သူဟာ သူ့အိမ်ရဲ့ မျက်နှာချင်းဆိုင်က အရိပ်ရတဲ့ နေရာတစ်ခုမှာ ပုန်းနေပြီး အိမ်တံခါးကို ကြည့်နေပါတယ်။ အိမ်ထဲကို ဝင်သွားချင်တဲ့စိတ်တွေ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ပေမဲ့ လမ်းမကြီးကို ဖြတ်ပြီး သူမသွားနိုင်ခဲ့ပါဘူး။
ကလိုင်း ဟာ လမ်းတစ်ဖက်ကို ငေးကြည့်ရင်း သူ့ကိုယ်သူ အိမ်ခြေယာမဲ့ တစ်ယောက်လို ခံစားချက်မျိုး ရုတ်တရက် ဝင်လာပါတယ်။ ဒီကမ္ဘာကို စပြီး ကူးပြောင်းလာခဲ့တုန်းကလည်း ဒီလို ခံစားချက်မျိုး ခံစားခဲ့ရဖူးပါတယ်။
ရုတ်တရက် အိမ်တံခါး ပွင့်လာပြီး မလီဆာ နဲ့ ဘန်ဆန် တို့ ထွက်လာတာကို သူ မြင်လိုက်ရပါတယ်။
မလီဆာ ဟာ အနက်ရောင် ဂါဝန်နဲ့ မျက်နှာကို ဇာအုပ်ထားတဲ့ အနက်ရောင် ဦးထုပ်ကို ဆောင်းထားပါတယ်။ ဘန်ဆန် ကတော့ ရှပ်အင်္ကျီ၊ ဗက်စ်အင်္ကျီ၊ ဘောင်းဘီရှည်၊ အပေါ်အင်္ကျီနဲ့ ဦးထုပ် အကုန်လုံးကို အနက်ရောင် ပဲ ဝတ်ထားပါတယ်။ သူတို့ နှစ်ယောက်လုံးရဲ့ မျက်နှာမှာ ထုံထိုင်းမှိုင်းပြနေတဲ့ အမူအရာတွေ ရှိနေပါတယ်။
"*မလီဆာ လေး ပိန်သွားလိုက်တာ... ဘန်ဆန် ကလည်း ဘာလို့ ဒီလောက်တောင် မျက်နှာညိုးနေရတာလဲ..."* ကလိုင်း ရဲ့ နှလုံးသားဟာ နာကျင်မှုကြောင့် တုန်လှုပ်သွားပါတယ်။ သူ ပါးစပ်ကို ဟလိုက်ပေမဲ့ သူတို့ရဲ့ နာမည်တွေကိုတော့ ခေါ်မထွက်ခဲ့ပါဘူး။
သူကိုယ်တိုင်တောင် မသိလိုက်ဘဲ သူဟာ ဘန်ဆန် နဲ့ မလီဆာ တို့သွားရာ အနီးဆုံး ပြည်သူ့ ရင်ပြင်အထိ လိုက်သွားခဲ့ပါတယ်။ ရင်ပြင်မှာ တဲတွေ ထိုးထားတာကို သူ မြင်လိုက်ရပါတယ်။ ဆပ်ကပ် အဖွဲ့အသစ် တစ်ဖွဲ့ ထင်းဂန်မြို့မှာ လာရောက် ဖျော်ဖြေနေတာ ဖြစ်ပါတယ်။
ဘန်ဆန် ဟာ ပိုက်ဆံထုတ်ပြီး ဝင်ကြေးလက်မှတ်တွေ ဝယ်လိုက်ကာ မလီဆာ ကို ဆပ်ကပ်ရုံထဲကို ဦးဆောင်ခေါ်သွားလိုက်ပါတယ်။ သူဟာ ဟန်ဆောင်ပြုံးလိုက်ရင်း ပြောပါတယ်။
"ဒီအဖွဲ့က အရမ်း နာမည်ကြီးတာ"
မလီဆာ က ဘာအမူအရာမှ မပြဘဲ ခေါင်းငြိမ့်လိုက်ပါတယ်။
"ဟုတ်ကဲ့"
ရုတ်တရက် သူမဟာ ခြေချော်ပြီး လဲကျလုနီးပါး ဖြစ်သွားပါတယ်။
လက်မှတ်ဝယ်နေတဲ့ ကလိုင်း ဟာ တခုခု ပြောမလို့ ပါးစပ်ကို ဟန်ပြင်လိုက်ပါတယ်။ သူဟာ သူ့ညီမလေးကို ကူညီချင်ပေမဲ့ စိတ်အလိုအလျောက် ဆန့်တန်းလိုက်မိတဲ့ လက်ကိုပဲ ပြန်ရုပ်သိမ်းလိုက်ပြီး ရှုပ်ထွေးနေတဲ့ လူအုပ်ကြီးထဲမှာ အကူအညီမဲ့စွာ ရပ်နေခဲ့ပါတယ်။
ဘန်ဆန် ဟာ ထိတ်လန့်တကြား ဖြစ်သွားပေမဲ့ ကူညီဖို့အတွက် အချိန်န်မမှီခဲ့ပါ။ဒါပေမဲ့ မလီဆာ ဟာ သူမကိုယ်သူမ အမြန်ပြန်ထိန်းနိုင်လိုက်ပါတယ်။ သူမဟာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမှ မပြောပါဘူး။
အဲ့ဒီအချိန်မှာပဲ လူရွှင်တော်တွေဟာ ရှေ့ကို တိုးထွက်လာကြပါတယ်။ အချို့က ဘီးလုံးတွေ ဒါမှမဟုတ် ရာဘာဘောလုံးကြီးတွေပေါ်မှာ ဟန်ချက်ညီအောင် လှုပ်ရှားပြနေကြပြီး၊ အချို့ကတော့ တင်းနစ်ဘောလုံးပေါင်း မြောက်များစွာကို လေထဲကို မြှောက်တင်ပြီး အံ့ဩစရာကောင်းအောင် ပြန်ဖမ်းပြနေကြပါတယ်။
မလီဆာ ကတော့ အဲ့ဒီဖျော်ဖြေမှုတွေကို ကြည့်နေပေမဲ့ လူရွှင်တော်တွေကို ဂရုမစိုက်တဲ့ပုံပါပဲ။ ဘန်ဆန် က သူ့ညီမလေး စိတ်ရွှင်လန်းလာအောင် အားပေးဖို့ ကြိုးစားပေးခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သူလည်း တဖြည်းဖြည်းနဲ့ ပြန်ပြီး မှိုင်တွေသွားပါတယ်။
ကလိုင်း ဟာ နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ဒီမြင်ကွင်းကို အဝေးကနေ ကြည့်နေပါတယ်။ သူတို့အနားကို သွားချင်ပေမဲ့ မသွားရဲပါဘူး။
ရုတ်တရက် အပေါ်အင်္ကျီထဲက ပိုက်ဆံအိတ်ကို စမ်းမိသွားပြီး အကြံတစ်ခု ရသွားပါတယ်။
ဘန်ဆန် နဲ့ မလီဆာ တို့ဟာ ဖျော်ဖြေမှု အမျိုးမျိုးကို တိတ်တဆိတ် ကြည့်ရှုရင်း ရှေ့ကို ဆက်လျှောက်လာကြပါတယ်။
အတန်ကြာတဲ့အခါမှာတော့ လူရွှင်တော်တစ်ယောက်က သူတို့ဆီကို ပြေးလာတာကို မြင်လိုက်ရပါတယ်။ သူ့ရဲ့ မျက်နှာမှာ ဆေး အရောင်စုံ ခြယ်သထားပါတယ်။ ပထမတော့ သူဟာ တင်းနစ်ဘောလုံးတစ်လုံးကို လေထဲကို မြှောက်လိုက်ပါတယ်။ ပတ်ဝန်းကျင်က လူတွေက လေထဲမှာ မြှောက်သွားတဲ့ ဘောလုံးကို အာရုံ ရောက်သွားတဲ့အချိန်မှာပဲ သူဟာ လေထဲကနေ ပန်းတစ်ပွင့်ကို ဖန်တီးဆင်းပြလိုက်ပါတယ်။ အဲ့ဒါကတော့ ဆာဗေးလ် ဂန္ဓာမာပန်း တစ်ပွင့် ဖြစ်ပါတယ်။
လူရွှင်တော်ဟာ ပန်းကို မလီဆာ နဲ့ ဘန်ဆန် တို့ရဲ့ ရှေ့ကို ယူဆောင်လာပါတယ်။ ပန်းလေးဟာ ရွှေရောင် တောက်ပနေပြီး ပျော်ရွှင်မှုကို ကိုယ်စားပြုပါတယ်။
မလီဆာ နဲ့ ဘန်ဆန် တို့ဟာ လူရွှင်တော်ကို ငေးကြည့်နေမိပါတယ်။ သူတို့ မြင်လိုက်ရတာကတော့ ဆေးခြယ်ထားတဲ့ မျက်နှာပေါ်က ပြည့်ပြည့်ဝ ရွှင်မြူးနေတဲ့ အပြုံးတစ်ခုဖြစ်ပါတယ်။ အဲ့ဒီ အပြုံးက ပျော်ရွှင်စရာကောင်းတဲ့
အပြုံး၊ အားရပါးရ ဖြစ်နေတဲ့ အပြုံး၊ ရယ်စရာကောင်းတဲ့ အပြုံးတစ်ခု ဖြစ်ပါတယ်။
အတွဲ ၁ ပြီး။