← Chapters

မျှော်လင့်ချက်တို့ရဲ့ ကုန်းမြေ

Vol. 22 Ch. 214

မျှော်လင့်ချက်တို့ရဲ့ ကုန်းမြေ

Vol. 22 Ch. 214

ဝူး... ဝူး...

မီးရထား ဥဩသံ ဟာ ဘူတာရုံရဲ့ ထောင့်တိုင်းမှာ ပဲ့တင်ထပ်သွားပါတယ်။ သံမဏိ သားရဲကြီးလို့ တင်စားရမယ့်ရေနွေးငွေ့ စက်ခေါင်းကြီး ဟာ ရထားတွဲပေါင်း နှစ်ဆယ်ကျော်ကို နောက်ကနေဆွဲလာရင်း ဖြည်းဖြည်းချင်း ရပ်တန့်သွားပါတယ်။

ထက်ဆူဒို ဝတ်စုံနဲ့ ခေါင်းတဝက်လုံ ဦးထုပ် ဆောင်းတဲ့ ကလိုင်း ဟာ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ မလိုက်ဖက်အောင် ကြီးမားတဲ့ ခရီးဆောင်အိတ်ကြီးကို သယ်လာခဲ့ပါတယ်။ သူဟာ လိုအန်ဘုရင့်နိုင်ငံတော် ရဲ့ မြို့တော်ဖြစ်တဲ့ ဘက်ကလန် မြေပေါ်ကို ခိုင်မာတဲ့ ခြေလှမ်းနဲ့ စ တင် နင်းလျှောက်လိုက်ပါတယ်။

ဒီမြို့တော်ဟာ အရှေ့တောင်ဘက်ကို စီးဆင်းနေတဲ့ တက်စ်ဆော့မြစ် ကြောင့် နှစ်ပိုင်း ကွဲနေပါတယ်။ နယ်မြေနှစ်ခုလုံးကို ဘက်ကလန် တံတား ၊ ကူးတို့သင်္ဘောတွေနဲ့ ဆက်သွယ်ထားပြီး မြို့ကြီးမှာ လူဦးရေ ငါးသန်းကျော် ရှိပါတယ်။ ဘက်ကလန်ဟာ တောင်ပိုင်းနဲ့ မြောက်ပိုင်း ကုန်းမြေတိုက်ကြီးတွေမှာ အစည်ကားဆုံး မြို့တော် တစ်ခု ဖြစ်ပါတယ်။

ကလိုင်း ဟာ အဝေးကို လှမ်းကြည့်လိုက်တဲ့အခါ နေရာတိုင်းမှာ ဝါဖျော့ဖျော့ မြူခိုးတွေကို မြင်တွေ့လိုက်ရပါတယ်။ မြင်ကွင်းက တကယ့်ကို ဆိုးရွားလှပြီး ရထားပလက်ဖောင်းပေါ်မှာတော့ ဂတ်စ်မီးအိမ်တွေကို အမှောင်ခွင်းကာ အလင်းပေးဖို့ ထွန်းညှိထားကြပါတယ်။

*”အခုမှ ညနေ ခြောက်နာရီခွဲပဲ ရှိသေးတာလား? ကြည့်ရတာ ကိုးနာရီ၊ ဆယ်နာရီလောက် ရှိနေပြီ ထင်ရတယ်... “*ကလိုင်း ဟာ မသိမသာ ခေါင်းခါလိုက်မိပါတယ်။ ရုတ်တရက် သူဟာ တက်စ်ဆော့ သတင်းစာထဲ မှာ ဖတ်ခဲ့ဖူးတဲ့ ဟာသတစ်ခုကို သတိရမိသွားပါတယ်။

*”ဘက်ကလန် ကို အခုမှ ရောက်လာတဲ့ လူကြီးလူကောင်းတစ်ယောက်က မြို့တော်ရဲ့ ထူထပ်တဲ့ မြူခိုးတွေကြားမှာ လမ်းပျောက်နေပါတယ်။ အကူအညီမဲ့နေတဲ့ သူဟာ ဘေးနားက ဖြတ်သွားတဲ့ ရေတွေစိုရွဲနေတဲ့ လူတစ်ယောက်ကို " တပ်စ်ဆော့ခ် မြစ် ကို ဘယ်လမ်းကနေသွားရမလဲခင်ဗျာ?" လို့ မေးလိုက်ပါတယ်။ အဲ့ဒီလူက ဖော်ဖော်ရွေရွေပဲ "ဘယ်မှမကွေ့ဘဲ တည့်တည့်သာ လမ်းလျှောက်သွားလိုက်ပါ ကျွန်တော်တောင် အခုလေးတင် မြစ်ထဲကနေ ကူးလာတာဗျ" လို့ ပြန်ဖြေလိုက်ပါတယ်။”*

*” ဘက်ကလန် သတင်းစာတွေ ဒါမှမဟုတ် မဂ္ဂဇင်းတွေကို ဖတ်လိုက်တိုင်း သတင်းထောက်တွေနဲ့ အယ်ဒီတာတွေက မြို့တော်ရဲ့ ညစ်ညမ်းနေတဲ့လေထု ဒါမှမဟုတ် များလာတဲ့ မြူခိုးထူထူ နေ့ရက်တွေအကြောင်းကို ဖြစ်နိုင်သမျှ နည်းလမ်းမျိုးစုံနဲ့ လှောင်ပြောင်နေကြတာပဲ...

ဘက်ကလန် နေ့စဉ်သတင်းစာ ရဲ့ စာရင်းဇယားတွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ တုန်းက တစ်နှစ်ကို ရက်ပေါင်း ၆၀ လောက်ပဲ မြူခိုးတွေပိတ်နေ ခဲ့ရာကနေ အခုဆိုရင် ရက်ပေါင်း ၇၅ ရက်အထိ တိုးလာတယ်တဲ့။ဒါကြောင့် ခေတ်မှီပြီး အမြော်အမြင်ရှိတဲ့ မြို့သူ မြို့သား တွေက မီးခိုးလျှော့ချရေး အသင်း၊ ကျပ်ခိုးလျှော့ချရေး အသင်း စတဲ့ အဖွဲ့အစည်းတွေကို တည်ထောင်ခဲ့ကြတယ်။ စက်တင်ဘာလတုန်းက လေထု ညစ်ညမ်းမှု တိုက်ဖျက်ရေး အမျိုးသားကောင်စီ ဖွဲ့စည်းဖို့ လိုအပ်တဲ့ ဥပဒေမူကြမ်းတစ်ခုကို တင်သွင်းခဲ့ သေးတယ် “*

ကလိုင်း ဟာ သူ့ရဲ့ ကြီးမားတဲ့ ခရီးဆောင်အိတ်ကို ချလိုက်ပြီး ရုတ်တရက် အသက်ရှူရခက်လာတဲ့အတွက် မသက်သာ ခံစားလိုက်ရပါတယ်။ သက်သာစေဖို့ သူက နှာခေါင်းကို ညှစ်လိုက်ပါတယ်။

အဲ့ဒီနောက်မှာတော့ ရွှေရောင်ကြိုးလေးကိုဆွဲလိုက်ပြီး သူ့ရဲ့ ဗက်စ်အင်္ကျီ အိတ်ကပ်ထဲကနေ ရွှေရောင် နာရီတစ်လုံးကို ထုတ်ယူလိုက်ပါတယ်။ နာရီကို ဖွင့်ပြီး အချိန်ကြည့်လိုက်ပါတယ်။

ဘန်ဆန်နဲ့ မလီဆာ တို့ကို နှုတ်ဆက်ပြီးခဲ့တဲ့အချိန်မှာ သူဟာ ကုန်တိုက်တစ်ခုကို သေချာသွားပြီး ၄ ပေါင်၊ ၁၀ ဆိုလီ အကုန်အကျခံကာ ရွှေရောင်နာရီတစ်လုံး ကို ဝယ်ယူခဲ့ပါတယ်။ နောက်ပြီး ၁ ပေါင် နဲ့ ၅ ဆိုလီ တန်တဲ့ ရွှေရောင်ချိန်းကြိုးနဲ့ တွဲခဲ့ပါတယ်။

အမြဲတမ်း အချိန်ကို တိတိကျကျ မသိရတာက သူ့ကို ထိတ်လန့်စရာ ခံစားချက်မျိုး ဖြစ်ပေါ်စေလို့ နာရီကို သေချာဝယ်ခဲ့တာဖြစ်ပါတယ်။

ကလိုင်း ဟာ ငွေရောင်နာရီတစ်လုံးက သူ့ ပုံစံနဲ့ ပိုလိုက်မယ်ထင်လို့ ဝယ်ဖို့ လုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ လူရွှင်တော် တစ်ယောက်အဖြစ် သရုပ်ဆောင်ရမယ့် တကယ့် အနှစ်သာရကို စဉ်းစားပြီးနောက်မှာတော့ သူဟာ ပိုပြီး မြင်သာ ထင်ရှားတဲ့ ရွှေရောင်နာရီကိုပဲ ရွေးချယ်ခဲ့ပါတယ်။

*”၆ နာရီ ၃၉ မိနစ်... သိပ်တော့ နောက်မကျသေးပါဘူး... “*ကလိုင်း ဟာ နာရီကို ပြန်သိမ်းလိုက်ပြီး လမ်းလျှောက်တုတ်ကောက်နဲ့ ခရီးဆောင်အိတ်ကို ကိုင်ကာ လူအုပ်ကြီးနဲ့အတူ ရေနွေးငွေ့စက်ခေါင်း ဘူတာရုံကနေ ဖြည်းဖြည်းချင်း ထွက်လာခဲ့ပါတယ်။

ကလိုင်းက လမ်းလျှောက်နေရင်းနဲ့ ရုတ်တရက် လမ်းကို ချိုးကွေ့လိုက်တဲ့အတွက် သူ့နောက်ကို တိတ်တဆိတ် လိုက်လာပြီး အိတ်ကပ်ကို နှိုက်ဖို့ ကြိုးစား နေတဲ့ခါးပိုက်နှိုက်ရဲ့ လက်ဟာ လေထဲမှာပဲ တန်းလန်းကြီး ကျန်ရစ်နေခဲ့ပါတယ်။

ကလိုင်း ဟာ ခါးပိုက်နှိုက်ကို ဂရုမစိုက်ဘဲ ကွန်ကရစ်လမ်းအတိုင်း လူအုပ်ထဲမှာ ရောကာလမ်း လျှောက်သွားပြီး လမ်းဆုံတစ်ခုကို ရောက်လာခဲ့ပါတယ်။

လမ်းဆုံမှာ မီးခိုးခေါင်းတိုင်နဲ့ တူတဲ့ ကျောက်တိုင်တစ်ခုရှိပြီး ကျောက်တိုင်ကို ဝန်းရံထားတဲ့ မြက်ခင်းပြင်နဲ့ ပန်းခြံတစ်ခုလည်း ရှိပါသေးတယ်။

*”မဟုတ်ဘူး၊ အဲ့ဒီ ကျောက်တိုင်က မီးခိုးခေါင်းတိုင် နဲ့ပိုတူတယ်…”* ကျောက်တိုင်ရဲ့ အပေါ်ဘက်ကနေ မီးခိုးတွေ အများကြီး ထွက်နေတာကို ကလိုင်း မြင်လိုက်ရပါတယ်။

မီးခိုးတချို့က ကောင်းကင်ယံကို ပျံတက်သွားသလို တချို့ကတော့ အရည်စက်လေးတွေအဖြစ် ပြောင်းလဲသွားပြီး နေရာအနှံ့ ကို ပျံ့လွင့်သွားပါတယ်။ ကလိုင်း ဟာ ခဏရပ်လိုက်ပြီး အိတ်ကို ချလိုက်ပါတယ်။ သူဟာ အခြားလက်တစ်ဖက်နဲ့ ကိုင်ထားတဲ့ သတင်းစာနဲ့ မြေပုံကို ဖြန့်ကြည့်လိုက်တယ်။

မီးရထားပေါ်မှာ ရှိနေတုန်းကတည်းက သူက ဘယ်ကိုသွားမလဲ၊ ဘာဆက်လုပ်မလဲဆိုတာကို စီစဉ်ခဲ့ပြီးသား ဖြစ်ပါတယ်။

ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ မနက်ပိုင်းတုန်းက လူရွင်‌တော်တစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံအရ လူရွင်တော် အဖြစ်သရုပ်ဆောင်ဖို့လိုအပ်တဲ့ တကယ့် အနှစ်သာရကို နောက်ဆုံးမှာ နားလည်သွားခဲ့ပါတယ်။

လူရွှင်တော် ဆိုတာက - "ကံကြမ္မာရဲ့အကြောင်းကို အနည်းငယ် သိနေပေမဲ့လည်း ကံကြမ္မာနဲ့ ရင်ဆိုင်ရတဲ့ အခါမှာတော့ အကူအညီမဲ့ကာ ဘာမှ မတတ်နိုင်အောင် ဖြစ်နေတယ်၊ အဲ့ဒီအတွက် နာကျင်မှု၊ ဝမ်းနည်းမှု၊ ရှူပ်ထွေးမှုနဲ့ စိတ်ဓာတ်ကျမှုတွေ အားလုံးကို ပြုံးနေတဲ့ မျက်နှာတစ်ခုရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားရမှာ “ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ သူဟာ လူရွှင်တော် ဆေးရည် "ကျေပျက်" သွားတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး ဒီအတိုင်းသာ ဆက်ပြီး "သရုပ်ဆောင်" နေမယ်ဆိုရင် နောက်ထပ် ဆုံမှတ်ကို အဆင့်တက်ဖို့အတွက် သိပ်ကြာတော့မှာ မဟုတ်ဘူးလို့ ကလိုင်းက ယုံကြည်ပါတယ်။

ဒါပေမဲ့ သူ့မှာ ပြဿနာတစ်ခု ရှိနေပါသေးတယ်။ သူကအမြင်ဆရာ လမ်းစဉ်ရဲ့ ဆုံမှတ် ၇ ဆေးရည်နာမည်ကို မသိရသေးသလို ဆေးရည်ရဲ့ တိကျတဲ့ ဖော်မြူလာကိုလည်း မသိသေးပါဘူး။

“*ငါ ဘယ်လိုလုပ်ရင် ဆုံမှတ် ၇ ရဲ့ ဆေးရည် ဖော်မြူလာကို ရနိုင်မလဲ? လျှို့ဝှက်အမိန့်တော် အဖွဲ့က လူတွေကြားမှာ ပေါ်လာတာရှားတယ်။ သူတို့က အန်တီဂိုနပ်စ် မိသားစုရဲ့ ပစ္စည်းတွေကိုပဲ စိတ်ဝင်စားပုံရတယ်... ဒါကြောင့်လည်း တခြားသူတွေက သူတို့အကြောင်းကို သိပ်မသိကြတာပဲ။ ဟုတ်တယ်... ငါ အချက်နှစ်ချက်ကို စဉ်းစားသင့်တယ်။ ပထမတစ်ချက်က ဘက်ကလန်က သာလွန်သူအသိုင်းအဝိုင်းနဲ့ ဆက်သွယ်ပြီး သဲလွန်စ ရှာနိုင်မလားဆိုတာ ကြည့်ရမယ်။ ဒုတိယတစ်ချက်ကတော့ အန်တီဂိုနပ်စ် မိသားစုရဲ့ ရတနာကို ငါးစာအဖြစ် သုံးကာ ထောင်ချောက်ဆင်ပြီး လျှို့ဝှက်အမိန့်တော် အဖွဲ့ကို မျှားခေါ်ထုတ်ရမယ်။ ဘာပဲဖြစ်ဖြစ် ငါ့မှာ လျှို့ဝှက်သင်္ကေတပေါင်း များစွာနဲ့ ဖွဲ့စည်းထားတဲ့ ထူးဆန်းတဲ့ ဒေါင်လိုက်မျက်လုံးနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေ ရှိနေတာပဲ။

ဒါပေမဲ့ ဒုတိယအချက်က အရမ်း အန္တရာယ်များတယ်။ ငါးစာအဖြစ် သုံးမယ့် အန်တီဂိုနပ်စ် မိသားစု ပစ္စည်းဆိုတာကလည်း အရမ်း ကောင်းလို့မဖြစ်သလို အရမ်းလည်း စုတ်ပျက်နေလို့မဖြစ်ဘူး။ ညံ့လွန်းရင် သူတို့ကစိတ်ဝင်စားမှာ မဟုတ်ဘူး၊ ကောင်းလွန်းရင်တော့ ငါ့ကို တစ်လုတ်တည်း ဝါးစားသွားမယ့် ငါးမန်းကြီးတစ်ကောင်ကို ဆွဲဆောင်မိသလို ဖြစ်သွားနိုင်တယ်... လျှို့ဝှက်အမိန့်တော် အဖွဲ့ရဲ့ ခေါင်းဆောင် ဇာရာတူးလ် ဆိုတာက ဧကရာဇ် ရိုဇယ်လ် ကိုတောင် လမ်းညွှန်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်။ သူက အဲ့ဒီတော်လှန်ရေးမှာအကျိုးအမြတ် အများဆုံး ရခဲ့တာလည်း ဖြစ်နိုင်တယ်... ဒါပေမဲ့ အဲ့ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ တုန်းက ဖြစ်ခဲ့တာဆိုတော့ သူက အခုထိ အသက်ရှင်နေဦးမလားဆိုတာတော့ မသေချာဘူး…”*

အတွေးတွေကြားမှာ မျောနေရင်းနဲ့ ကလိုင်း ဟာ ဘက်ကလန် ရဲ့ အအေးဓာတ်ကို ခံစားလိုက်ရပြီး တုန်သွားပါတယ်။ သူဟာ နေစရာ နေရာတစ်ခုကို အမြန်ဆုံး ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူဟာ စာရွက်စာတမ်းတွေကို လှန်လှောကြည့်လိုက်ပြီး အိမ်ငှားကြော်ငြာကဏ္ဍမှာ ဝိုင်းထားတဲ့ ကြော်ငြာတစ်ခုကို နောက်တစ်ကြိမ် ဖတ်ကြည့်မိလိုက်တယ်။

ချားဝုဒ် မြို့နယ်၊ မင့်စ် လမ်း အမှတ် ၁၅…

တိုက်တန်း

တစ်ပတ်ငှားခ ၁၈ ဆိုလီ...

ကလိုင်း ဟာ သူနေထိုင်မယ့် နေရာနဲ့ ပတ်သက်ပြီး သေသေချာချာ စဉ်းစားခဲ့ပါတယ်။ ဘက်ကလန် မှာ လူဦးရေ ငါးသန်းကျော် ရှိနေပေမဲ့ ဒေသခံ ညသိမ်းငှက်တွေ နဲ့ မတော်တဆ မဆုံမိအောင် သူ့အနေနဲ့ သတိထားဖို့ လိုပါတယ်။ ဘက်ကလန်ကို တာဝန်နဲ့ ပြောင်းလာတဲ့ ဒေလီ ပဲဖြစ်ဖြစ် လိုရိုတာပဲဖြစ်ဖြစ် ၊ သူအရင်က ဆုံခဲ့ဖူးတဲ့ အိုင်အော် ဟာဆန် နဲ့ ဘော်ဂီယာ တို့ပဲဖြစ်ဖြစ် အားလုံးက သူ့ကို သေချာပေါက် မှတ်မိသွားနိုင်ပါတယ်။

ဒါကြောင့် ကလိုင်းဟာ ထာဝရာညနတ်ဘုရားမ ဘုရားကျောင်း ရဲ့ ဘက်ကလန် ဂိုဏ်းချုပ် အခြေစိုက်ရာ အပိုင်စားနယ်‌မြေ နဲ့ သူတော်စင် ဆမ်မြူရယ် ဘုရားကျောင်းတော် ရှိရာ ဘက်ဘလန်ရဲ့ မြောက်ပိုင်း မြို့နယ်ကို သူနေမယ့်စာရင်းထဲက ပယ်လိုက်ပါတယ်။ လုံခြုံရေး အရမ်းကောင်းပြီး အထူး စောင့်ကြပ်ခံရတဲ့ အမ်းပရက်စ် မြို့နယ် နဲ့ အနောက်ပိုင်း မြို့နယ် တွေကိုလည်း သူ ပယ်လိုက်ပါတယ်။ ဒီမြို့နယ်နှစ်ခုက တော်ဝင် ဂုဏ်ထူးခံ တွေနဲ့ အချမ်းသာဆုံး သူဌေးကြီးတွေ ပိုင်ဆိုင်တဲ့ နေရာတွေ ဖြစ်ပြီး ဂုဏ်ထူးခံအများစုကတော့ အမ်းပရက်စ် ရပ်ကွက် နဲ့ ပိုနီးတဲ့နေရာမှာ နေကြပါတယ်။

အလုပ်သမားနေတဲ့ ရပ်ကွက်တွေ၊ ဆိပ်ကမ်း၊ ဆင်းရဲသားတွေ စုဝေးရာ အရှေ့ပိုင်း မြို့နယ် နဲ့ ဘက်ကလန် တံတားနားက လူနေရပ်ကွက်တွေကို ဖယ်လိုက်ပြီးတဲ့နောက် ကလိုင်း မှာ ရွေးချယ်စရာ အနည်းငယ်ပဲ ကျန်ပါတော့တယ်။ ပထမ ရွေးချယ်စရာကတော့ ဘက်ကလန် စတော့ အရောင်းအဝယ် ဌာန၊ ကြွေးမြီး ရှင်းလင်းရေးဌာန၊ အနာဂတ်ကုန်သွယ်ရေးဗဟိုဌာန၊ အဓိက ဘဏ်ကြီး ခုနစ်ခုရဲ့ ဌာနချုပ်တွေ၊ ယုံကြည်မှု ရန်ပုံငွေအဖွဲ့၊မီးရထားလမ်းကုမ္ပဏီတွေနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီတွေ ရှိရာ ဟေးလ်စတန် ဘက်ကလန် မြို့နယ် ဖြစ်ပါတယ်။ အဲ့ဒီနေရာကို လိုအန် ဘုရင့်နိုင်ငံတော် ရဲ့ ဘဏ္ဍာရေး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဗဟိုချက်အဖြစ် လူတိုင်းက သိထားကြပါတယ်။ ကလိုင်း ဒုတိယ ရွေးချယ်ထားတာကတော့ ကုမ္ပဏီလေးတွေနဲ့ လူနေအိမ်ခြေ အများအပြား ရှိတဲ့ ချားဝုဒ် မြို့နယ် ပဲ ဖြစ်ပါတယ်။

ဒီမြို့နယ် နှစ်ခုလုံးမှာ လူနေများပြီး လုံခြုံရေးကလည်း အတော်အသင့် ကောင်းမွန်ပါတယ်။ ပုန်းဖို့အတွက် အလွန်သင့်တော်တဲ့နေရာတွေပါ။ သေသေချာချာ စဉ်းစားပြီးနောက်မှာတော့ ကလိုင်း ဟာ ဈေးပိုသက်သာတဲ့ ချားဝုဒ် မြို့နယ် ကိုပဲ ရွေးချယ်လိုက်ပါတယ်။

မြို့တော်အိမ်ရာ မြှင့်တင်ရေး ကုမ္ပဏီ ဒါမှမဟုတ် မြို့တော်အိမ်ရာ မြှင့်တင်ရေး အဖွဲ့အစည်းတွေကို သူ မရွေးရတဲ့ အကြောင်းရင်းကတော့ သူတို့က အိမ်ဌားမယ်ဆိုရင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား လိုအပ်လို့ ဖြစ်ပါတယ်။ သက်သေခံ မှတ်ပုံတင်ကတ်ကတော့ သူ့ မှာလောလောဆယ် မရှိသေးပါဘူး။

*"တကယ်လို့ ဒီနေ့ အိမ်ငှားဖို့ နေရာရှာမတွေ့ရင်တော့ တစ်ညတာ တည်းခိုဖို့ ဘာမှတ်ပုံတင်မှ မလိုတဲ့ တည်းခိုခန်းကိုပဲ ရှာရတော့မယ်"*... ကလိုင်း ဟာ သူ့လက်ထဲက ပစ္စည်းတွေကို စုပြီး ခရီးဆောင်အိတ်ထဲကို ထည့်သယ်လိုက်ပါတယ်။ မြေပုံအတိုင်း သူဟာ ကုန်တိုက်တစ်ခုရဲ့ ဝင်ပေါက်နဲ့ တူတဲ့နေရာဆီကို လမ်းလျှောက်သွားလိုက်ပါတယ်။

အဲ့ဒီ မြေပုံထဲက ကုန်တိုက်နဲ့တူတဲ့ နေရာကတော့ ဘက်ကလန် မြေအောက်ရထား ဘူတာရဲ့ ဝင်ပေါက်ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ မြေအောက်ရထားဘူတာတစ်ခု ဖြစ်ပါတယ်။

ကလိုင်း ဟာ သတင်းစာတွေနဲ့ မဂ္ဂဇင်းတွေမှာ "မြေအောက်ရထား" ဆိုတဲ့ စကားလုံးကို ပထမဆုံး မြင်လိုက်ရတုန်းက ထိတ်လန့်သွားပြီး ခုန်လုမတတ် ဖြစ်ခဲ့ဖူးပါတယ်။ လျှပ်စစ်ခေတ်ကို မရောက်သေးတဲ့ ဒီကာလမှာ အဲ့ဒီလို သယ်ယူပို့ဆောင်ရေး ယာဉ်မျိုးက တကယ်ဖြစ်လာလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။

ဘက်ကလန် မြေအောက်ရထား ဘူတာရုံကို လွန်ခဲ့တဲ့ ၂၅ နှစ်က စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းမှာ တက်စ်ဆော့ မြစ်ရဲ့ ဟိုဘက်ကမ်း နဲ့ ဒီဘက်ကမ်းကို ဆက်သွယ်ပေးခဲ့ပြီး အခုဆိုရင်တော့ မြို့ရဲ့ အဓိက မြို့နယ်တွေအထိ တိုးချဲ့ထားပြီ ဖြစ်ပါတယ်။ ဘူတာရုံ အရေအတွက်ကတော့သေချာပေါက် အများကြီးမရှိသေးပါဘူး။

ပင်မ ဝင်ပေါက်ကနေတစ်ဆင့် ကလိုင်း ဟာ ရှေ့က လူတွေအတိုင်း ဝင်သွားပြီး လက်မှတ်အရောင်းကောင်တာဆီကို လမ်းလျှောက်သွားလိုက်ပါတယ်။

မိနစ်အနည်းငယ်ကြာတဲ့အထိ တန်းစီပြီးနောက်မှာတော့ လှပတဲ့ ရွှေအိုရောင်ဆံပင်တွေရှိတဲ့ ငွေကိုင်စာရေးမလေးကို သူ မြင်တွေ့လိုက်ရပါတယ်။

အဲ့ဒီအမျိုးသမီးက ခေါင်းတောင်ဖော်မကြည့်ပါဘူး။ သူမက ပြတင်းပေါက် ဘေးမှာ ဈေးနှုန်းတွေ ရေးထားတဲ့ သစ်သားဘုတ်ပြားကို လက်ညှိုးထိုးပြလိုက်ပါတယ်။။

လူရှူပ်ချိန် (နံနက် ၇ နာရီမှ ၉ နာရီ၊ ညနေ ၆ နာရီမှ ၈ နာရီ) - ၁၀ မိနစ်လျှင် တစ်စီး။

တခြားအချိန်များတွင် ၁၅ မိနစ်လျှင် တစ်စီး။

ပထမတန်းစား ထိုင်ခုံ - ၆ ပဲနိ။

ဒုတိယတန်းစား ထိုင်ခုံ - ၄ ပဲနိ။

တတိယတန်းစား ထိုင်ခုံ - ၃ ပဲနိ။

အပြန် ခရီးစဉ် ရထားခများမှာ - ၉၊ ၆၊ ၅ ပဲနိ အသီးသီး ဖြစ်ကြပါတယ်။

တစ်နှစ်စာ ဈေး

ပထမတန်း - ၈ ပေါင်။

ဒုတိယတန်း - ၅ ပေါင် ၁၀ ဆိုလီ။

တတိယတန်း - တစ်နှစ်စာဈေး သတ်မှတ်ထားခြင်း မရှိပါ။

*"ငါထင်ထားတာထက် ပိုဈေးသက်သာနေတာပဲ... အကွာအဝေး ကန့်သတ်ချက်လည်း မရှိဘူး.. မလီဆာ သာဆိုရင် ရထားလုံးထက် ဒါကို ပိုသဘောကျမှာ သေချာတယ်။ ဒါက စက်ယန္တရားတွေ တိုးတက်လာခြင်းရဲ့ အကျိုးကျေးဇူးပဲ"*.. ကလိုင်း ဟာ တွေးနေရင်းနဲ့ ရုတ်တရက် စိတ်မကောင်း ဖြစ်မိသွားပါတယ်။

သူဟာ တောက်ပစွာ ပြုံးလိုက်ပြီး ၄ ပဲနိ ထုတ်ကာ ငွေကိုင်စာရေးမလေးဆီကို ကမ်းပေးလိုက်တယ်။

"ဒုတိယတန်းစား ထိုင်ခုံအတွက် လက်မှတ် တစ်စောင်ပေးပါ"

ဖတ်! ငွေကိုင်စာရေးမလေးက လက်မှတ်တစ်စောင်ကို ဖြတ်လိုက်ပြီး တံဆိပ်တုံးထုကာ ကလိုင်း ဆီကို ကမ်းပေးလိုက်တယ်။

ချားဝုဒ် ရပ်ကွက် ကို သွားမယ့် ရထားလိုင်းကို ရှာရင်း အရမ်းမတင်းကျပ်တဲ့ ရထား လုံခြုံရေး စစ်ဆေးမှုတွေကို ဖြတ်သန်းပြီးနောက်မှာ‌ တော့ ကလိုင်း ဟာ လှေကားကနေ ဆင်းသွားပြီး ပလက်ဖောင်းဆီကို အမြန်ရောက်သွားပါတယ်။ သူဟာ မြေပြင်ပေါ်က အမှတ်အသားတွေအတိုင်း လိုက်ရှာရင်း ဒုတိယတန်းစား ထိုင်ခုံတွေအတွက် သက်ဆိုင်ရာ နေရာကို ရှာတွေ့ခဲ့ပါတယ်။

ဝူး... ဝူး...

သူ စောင့်ပြီး သိပ်မကြာခင်မှာပဲ ရထားခုတ်မောင်းသံနဲ့အတူ ဟိန်းထွက်လာတဲ့ ရေနွေးငွေ့ ဥဩသံကို ကြားလိုက်ရပါတယ်။ ကြီးမားတဲ့ ရေနွေးငွေ့ စက်ခေါင်းကြီးကို သူ မြင်လိုက်ရတယ်။

ရထားကြီးရဲ့ ကြီးမားပြီး ကွေ့ကောက်နေတဲ့ ကိုယ်ထည်ဟာ အနက်ရောင် သံမဏိ ၊ ရှုပ်ထွေးတဲ့ စက်ယန္တရားတွေနဲ့ ပေါင်းစပ်သွားပြီး ထူးခြားတဲ့ အလှတရားတစ်ခုကို ဖော်ပြနေပါတယ်။ ဘက်ကလန် ရဲ့ မြေအောက်ရထားတွေက အခုထိ ရေနွေးငွေ့ စက်ခေါင်းတွေကိုပဲ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ သူတို့ ထုတ်လွှတ်လိုက်တဲ့ မီးခိုးတွေကိုတော့ အပေါ်က ပိုက်တစ်ခုထဲ ဝင်သွားစေပြီး မီးခိုးခေါင်းတိုင်ကနေတစ်ဆင့် အပြင်ကို ထွက်သွားအောင် အထူးဒီဇိုင်း ထွင်ထားပါတယ်။

ဒီ ဒီဇိုင်းက လမ်းမပေါ်က မြက်ခင်းပြင်တွေနဲ့ ပန်းခြံတွေကို အမှန်အကန် အသုံးချထားတာ ဖြစ်ပါတယ်။

သတ္ထုတွေရဲ့ တဂျိဂျိ မြည်သံကြားမှာ ကလိုင်း ဟာ ခရီးသည်တွေ အရင်ဆင်းတာကို စောင့်ရင်း သူ့ရဲ့ လမ်းလျှောက်တုတ်နဲ့ ခရီးဆောင်အိတ်ကို ဖြည်းဖြည်းချင်း သယ်သွားလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ ရထား လက်မှတ်စစ်က လက်မှတ်စပြီး စစ်ဆေးပါတယ်။

တတိယတန်းစား ထိုင်ခုံတွေနဲ့ မတူတာက ဒုတိယတန်းစား ထိုင်ခုံတွေမှာ တစ်ယောက်ကို ထိုင်ခုံတစ်ခုစီ ဖြစ်တာကြောင့် ထိုင်ခုံလု စရာမလိုတော့ပါဘူး။

ကလိုင်း ဟာ ထိုင်ချလိုက်ပြီး သူ့ရဲ့ ခရီးဆောင်အိတ်ကို သိမ်းကာ လမ်းလျှောက်တုတ်ကို မှီနေတုန်းမှာပဲ အလျင်စလို ပြေးလာတဲ့ ခြေသံကို ရုတ်တရက် ကြားလိုက်ရပါတယ်။

သူဟာ အလိုလို‌ တံခါးဆီကို လှမ်းကြည့်မိလိုက်တဲ့အခါ ပိန်ပိန်ပါးပါး ဆယ်ကျော်သက် ကောင်လေးတစ်ယောက် ရထားတွဲထဲကို ပြေးဝင်လာတာကို မြင်လိုက်ရပါတယ်။

အဲ့ဒီကောင်လေးဟာ သူ့အရွယ်နဲ့ မလိုက်တဲ့ အပေါ်ဝတ်အင်္ကျီ အကြီးကြီးကို ဝတ်ထားပါတယ်။ သူဟာခေါင်းတဝက်လုံ ဦးထုပ်ကို ဆောင်းထားပြီး ဟောင်းနွမ်းနေတဲ့ ကျောပိုးအိတ်တစ်လုံးကို လွယ်ထားပါတယ်။ ကောင်‌လေးဟာ ခေါင်းကို အတော်လေး ငုံ့ထားတယ်။

"တောင်းပန်ပါတယ်၊ ကျွန်တော် ရထားတွဲ မှားတက်မိလို့ပါ။ ကျွန်တော်က တတိယတန်းစား ထိုင်ခုံကပါ..." သူဟာ သူ့ရဲ့ လက်မှတ်ကို ပြပြီး ခရီးသည်တွေကို တောင်းပန်လိုက်ကာ တတိယတန်းစား ရထားတွဲဆီကို အမြန် လမ်းလျှောက်သွားလိုက်တယ်။

ကလိုင်းကအကြည့်လွှဲလိုက်ပြီး ရထားတံခါးတွေ ပိတ်တာကို စောင့်နေရင်း သူ ဦးတည်မယ့် နေရာကို နောက်တစ်ကြိမ် အတည်ပြုလိုက်တယ်။

အဲ့ဒီအချိန်မှာပဲ ဆူညံပြီး အလျင်စလို ပြေးလာတဲ့ ခြေသံတွေကို နောက်ထပ် ကြားလိုက်ရပြန်ပါတယ်။ အဲ့ဒီနောက် အနက်ရောင် အပေါ်ဝတ်အင်္ကျီတွေနဲ့ ခေါင်းတဝက်လုံ ဦးထုပ်တွေ ဆောင်းထားတဲ့ လူတချို့က ရထားတွဲထဲကို ပြေးဝင်လာကြပါတယ်။

"* ခုနက ၁၅ နှစ်အရွယ် ကောင်လေးနောက်ကို လိုက်နေကြတာလား"* ကလိုင်း ရဲ့ ခေါင်းထဲမှာ အတွေးတစ်ခုက အလိုအလျောက် ဝင်လာပါတယ်။

သူဟာ ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်ပြီး ရထားပေါ်က တခြားခရီးသည်တွေလိုပဲ သူ့ရဲ့ သတင်းစာနဲ့ မြေပုံကို ဆက်ပြီး ဖတ်နေလိုက်ပါတော့တယ်။

All Chapters