← Chapters

မစ္စ ဆမ်မာ

Vol. 22 Ch. 215

မစ္စ ဆမ်မာ

Vol. 22 Ch. 215

"အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို တွေ့မိလိုက်သေးလား? သူက အင်္ကျီအဟောင်းကြီး ဝတ်ထားတယ်!" ရထားတွဲထဲကို ပြေးဝင်လာတဲ့ လူတွေထဲက တစ်ယောက်က ရထားလက်မှတ်စစ်ကို ဒေါသတကြီး မေးလိုက်တယ်။

ကလိုင်း ဟာ အဲ့ဒီလူကို မျက်လုံးထောင့်ကနေ တစ်ချက် အကဲခတ်လိုက်ပါတယ်။ သူဟာ ပိန်ပိန်ပါးပါးနဲ့ သန်မာတဲ့ပုံပေါ်ပြီး နေပူထဲမှာ အချိန်အကြာကြီး နေထားရတဲ့အတွက် အသား ညိုပါတယ်။ သူ့ပုံစံ က ပုံမှန် လိုအန် ဘုရင့်နိုင်ငံတော် သားတွေထက် ပိုပြီး မျက်တွင်းချိုင့်ပါတယ်။

*” တောင်‌‌ပေါ်သားလား? ဒါမှမဟုတ် ကပြားလား? “*

သူဟာ တွေးတွေးဆဆ ခေါင်းညိတ်လိုက်ပါတယ်။

မြောက်ပိုင်း ကုန်းမြေတိုက်ကြီးရဲ့ အလယ်ပိုင်း၊ ဟွန်းနာဆစ် တောင်တန်း တွေရဲ့အစမှာ အလွန်ပူပြင်း ခြောက်သွေ့တဲ့ ကုန်းမြင့်ဒေသတစ်ခု ရှိပါတယ်။ အဲ့ဒီဒေသရဲ့ နယ်မြေ အများစုက ဖေးညှာ ပေါ်တာ ဘုရင့်နိုင်ငံတော်ရဲ့ လက်အောက်မှာ ရှိပြီး အနောက်ဘက် ဒေသကတော့ အင်းတစ် ပြည်သူ့သမ္မတနိုင်ငံ ရဲ့ လက်အောက်မှာ ရှိပါတယ်။ အရှေ့ဘက် ဒေသကိုတော့ လိုအန် ဘုရင့်နိုင်ငံတော်က ပိုင်ဆိုင်ပါတယ်။ အဲ့ဒီက ဌာနေတိုင်းရင်းသားတွေဟာ ပိန်ပါးပြီး လူရိုင်းဆန်ကြပေမဲ့ စစ်တိုက်တဲ့ နေရာမှာတော့ ရဲရင့်ပြီး ကျွမ်းကျင်ကြပါတယ်။ လွန်ခဲ့တဲ့ အချိန်တွေတုန်းက သူတို့ဟာ နိုင်ငံသုံးခုလုံးကို ဒုက္ခပေးနေတဲ့ ခေါင်းကိုက်စရာ ပြဿနာတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ယမ်းမှုန့်နည်းပညာ တိုးတက်လာတာနဲ့အမျှ စစ်တိုက်တဲ့ပုံစံတွေလည်း ပြောင်းလဲလာတာကြောင့် တောင်ပေါ်သားတွေဟာ နောက်ဆုံးမှာတော့ အမှန်ကို လက်ခံပြီး အရှုံးပေးခဲ့ကြပါတယ်။

သူတို့ထဲက အများစုဟာ ကုန်းမြင့်ဒေသကနေ ထွက်ခွာလာကြပြီး ဘက်ကလန်မြို့ ၊ ထရိုင်ရီယာမြို့၊ ဖေးညှာ ပေါ်တာ မြို့ နဲ့ မြောက်ပိုင်း ကုန်းမြေတိုက်ကြီးပေါ်က စည်ကားလှတဲ့ မြို့ပြကြီးတွေ ဒါမှမဟုတ် ဆိပ်ကမ်းတွေဆီကို ရွေ့ပြောင်း ဝင်ရောက်လာခဲ့ကြပါတယ်။ အချို့က အလုပ်သမားတွေ ဖြစ်လာကြပြီး အချို့ကတော့ ဒေသခံ လူမိုက်ဂိုဏ်းတွေရဲ့ လက်ပါးစေတွေ ဖြစ်လာကြပါတယ်။ သူတို့ဟာ လူသတ်ဖို့ ဝန်မလေးကြသလို ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကိုလည်း ကြောက်ရွံ့ခြင်း မရှိကြပါဘူး။

ရထား လက်မှတ်စစ်ဟာ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ တောင်ပေါ်သားရဲ့စကားကို ကြားတဲ့အခါ ကြောက်လန့်ပြီး နောက်ဆုတ်သွားကာ တတိယတန်း ရထားတွဲရှိရာဘက်ကို လက်ညှိုးထိုးပြလိုက်ပါတယ်။

"ကျွန်တော် တွေ့လိုက်တယ်... အဲ့ဒီဘက်ကို ထွက်သွားတယ်"

အနက်ရောင် အပေါ်ဝတ်အင်္ကျီနဲ့ ခေါင်းတဝက်လုံ ဦးထုပ် တစ်ဝက် ဆောင်းထားတဲ့ ခေါင်းဆောင်ဖြစ်သူက မသိမသာ ခေါင်းညိတ်ပြလိုက်ပါတယ်။ သူဟာ သူ့လူတွေကို ဦးဆောင်ပြီး ဘေးပတ်ဝန်းကျင်က ခရီးသည်တွေကို ဂရုမစိုက်ဘဲ တတိယတန်း ရထားတွဲဆီကို အမြန် ပြေးသွားခဲ့ပါတယ်။

*”ငါသာ ခုနက ကောင်လေးနေရာမှာဆိုရင် တတိယတန်း ရထားတွဲကနေ အခုချက်ချင်း ဆင်းသွားလောက်ပြီ…”*

ကလိုင်း ဟာ သတင်းစာကို ဖတ်နေရင်း အတွေးတွေ လွင့်ပျံ့နေပါတယ်။

တမိနစ်လောက် ကြာပြီးနောက် ရထားဥဩသံ ထွက်လာပြီး ရထားတွဲရဲ့ တံခါးတွေ ပိတ်သွားပါတယ်။

ဂျိ... ဂျိ... ရေနွေးငွေ့ မြေအောက်ရထားဟာ အရှိန်မြှင့်လိုက်ပြီး ခရီးဆက်ပါတော့တယ်။

ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ ကလိုင်း ဟာ တစ်ခုခုကို အာရုံခံမိလိုက်တဲ့အတွက် အခြား ဒုတိယတန်း ရထားတွဲတွေဆီ သွားတဲ့ တံခါးဘက်ကို မော့ကြည့်လိုက်ပါတယ်။

အသက် ၁၅ နှစ်အရွယ် ကောင်လေးဟာ သူ့ရဲ့ အင်္ကျီအဟောင်းကြီးနဲ့ ခေါင်းတဝက်လုံဦးထုပ်ကို ဆောင်းထားပြီး ဟောင်းနွမ်းနေတဲ့ ကျောပိုးအိတ်ကို လွယ်ကာ ရထားတွဲထဲကို ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာပါတယ်။

သူ့ရဲ့ ပုံစံက ဆယ်ကျော်သက်အရွယ် ဖြစ်ပေမဲ့ ရုပ်ရည်ကတော့ သပ်ရပ်ကျနပါတယ်။ သူ့ရဲ့ နီမြန်းနေတဲ့ မျက်လုံးတွေက တည်ငြိမ်ပြီး လေးနက်နေပါတယ်။

*”... အထင်ကြီးစရာပဲ။ သူက တတိယတန်း ရထားတွဲကနေ ဆင်းလိုက်ပြီး ပထမတန်း ရထားတွဲထဲကို ကွေ့ပြီး ပြန်တက်လာခဲ့တာလား? သူ့နောက်ကို လိုက်နေတဲ့သူတွေရဲ့ အပေါင်းအပါတွေ မြေအောက်ရထား ဘူတာရုံထဲမှာ စောင့်နေမှာကို သူ စိုးရမ်နေတာလား? “*

ကလိုင်း ဟာ အနည်းငယ် အံ့အားသင့်သွားပါတယ်။ အဲ့ဒီကောင်လေးရဲ့ အခြေအနေကို ကိုင်တွယ် ဖြေရှင်းပုံက အတော်လေး ရင့်ကျက်ပြီး သတိကြီးတယ်လို့ ကလိုင်းက ခံစားလိုက်ရပါတယ်။ သူဟာ အသက် နှစ်ဆယ်ကျော်အရွယ် လူအများစုထက်တောင် အများကြီး ပိုတော်ပါသေးတယ်။

သူဟာ ဘယ်ဘက် အံသွားကို အသာအယာ ကြိတ်လိုက်ပြီး စိတ်ဝိညာဉ် အမြင် ကို တိတ်တဆိတ် အသက်သွင်းလိုက်ပါတယ်။ သူဟာ ကောင်လေးကို အကဲခတ်ကြည့်လိုက်တဲ့အခါ သူဟာ ပင်ပန်းနွမ်းနယ်နေတဲ့ အခြေအနေမှာ ရှိနေမှန်း သိလိုက်ရပါတယ်။ သူ့ရဲ့ စိတ်ခံစားချက်တွေက သတိရှိ နေပေမယ့်

စိတ်ဓာတ်ကျနေပါတယ်။ ဒါပေမဲ့ သူ့မှာ တည်ငြိမ်တဲ့ အတွေးအခေါ်ကို ကိုယ်စားပြုတဲ့ အပြာရောင် အလင်းတန်းကတော့ ရှိနေပါတယ်။

*”ဒီအရွယ်နဲ့... အထင်ကြီးစရာပဲ..”*. ကလိုင်း ဟာ စိတ်ထဲကနေ ရေရွတ်လိုက်ပြီး ခေါင်းငုံ့ကာ သတင်းစာကို ဆက်ဖတ်နေလိုက်ပါတယ်။

ကောင်လေးကတော့ သူဟာ သာလွန်သူ တစ်ယောက်ရဲ့စိတ်ဝိညာဉ်နဲ့ အကဲခတ်ခံလိုက်ရမှန်း မသိဘဲ တတိယတန်း ရထားတွဲဆီကို နောက်တစ်ကြိမ် ဦးတည်သွားပါတယ်။

ကျန်တဲ့ ခရီးစဉ်တစ်လျှောက်လုံး ကတော့ အေးအေးဆေးဆေးပဲ ပြီးဆုံးသွားပါတယ်။ ကလိုင်း ဟာ မိနစ်နှစ်ဆယ် ကြာပြီးနောက်မှာတော့ ချားဝုဒ် မြို့နယ် မှာရှိတဲ့ ရထားဘူတာရုံ သုံးခုထဲက တစ်ခုကို ရောက်လာပါတယ်။

သူဟာ ရထားလုံးကို ဆယ်မိနစ်နီးပါး ဌားစီးပြီးနောက် မင့်စ် လမ်း ကို ရှာတွေ့သွားခဲ့ပါတယ်။ သတင်းစာထဲက ဖော်ပြချက်တွေအတိုင်း အိမ်ဌားဖို့ အမှတ် ၁၅ ရဲ့ ဘေးက အိမ်နံပါတ် ၁၇ ကို သွားပြီး လူခေါ်ဘဲလ်ကို တီးလိုက်ပါတယ်။

ကွက်……ကွက်

အိမ်ထဲမှာ အသံတွေ ပဲ့တင်ထပ်သွားပြီးနောက် တံခါးအပေါ်ကနေ ဆန်းဆန်းပြားပြား ပုံစံ မဟုတ်တဲ့ စက်ရုပ်ငှက်ကလေး တစ်ကောင်က ထွက်လာပါတယ်။ ဌက်ကလေးက လက်ဝါးအရွယ်လောက်ပဲ ရှိပြီး စက်သွားတွေ၊ တခြား အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ငှက်ကလေးက ခေါင်းကို အဆက်မပြတ် ညိတ်ပြနေပြီး ဥဩငှက်လို အော်နေပါတယ်။

“*ကစားစရာလေးက မဆိုးဘူး … လက်ရာကတော့ သိပ်မသပ်ရပ်ဘူး... “*

ကလိုင်းဟာဓမ္မဓိဋ္ဌာန်ကျကျအကဲဖြတ်လိုက်ပါတယ်

စက္ကန့် နှစ်ဆယ်လောက် ကြာပြီးနောက် အနက်ရောင် တံခါးကြီးကပွင့်လာပါတယ်။ အဖြူနဲ့ အနက်ရောင် ဝတ်စုံဝတ်ထားတဲ့ အစေခံမလေး တစ်ယောက်က ကလိုင်း ကို သတိထားပြီး ကြည့်ရင်း မေးလိုက်ပါတယ်။ "ဘာကူညီပေးရမလဲရှင်?"

ကလိုင်း ဟာ ပြုံးလိုက်ပြီး သတင်းစာတွေနဲ့ ပတ်ထားတဲ့ သူ့ရဲ့ လမ်းလျှောက်တုတ်ကို ယမ်းပြလိုက်ပါတယ်။

"အိမ်ငှားဖို့အတွက် မစ္စစ ဆမ်မာ ကို လာရှာတာပါ။ အိမ်က ငှားလို့ ရသေးတယ် မလား?"

သတင်းစာထဲက မစ္စ ဆမ်မာရဲ့ အမည်အပြည့်အစုံက စတယ်လင် ဆမ်မာ ဖြစ်ပါတယ်။

"ဟုတ်ကဲ့ ရပါသေးတယ်။ ခဏလောက် စောင့်ပေးပါဦးရှင်" အစေခံမလေးက ယဉ်ကျေးစွာ ဦးညွတ်ပြလိုက်ပါတယ်။

သူမဟာ အထဲကို ပြေးဝင်သွားပြီး သူမရဲ့ သခင်မကို သတင်းပို့ပါတယ်။ ခဏအကြာမှာတော့ သူမ ပြန်ထွက်လာပြီး သူ့ကို အထဲကို ဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ကလိုင်းက လမ်းလျှောက်တုတ်နဲ့ ခရီးဆောင်အိတ်ကို ဧည့်ခန်းဆောင်မှာ ထားလိုက်ပြီး အပေါ်ဝတ်အင်္ကျီနဲ့ ဦးထုပ်ကိုတော့ ရှိတဲ့ အဝတ်ချိတ်စင်မှာ ချိတ်လိုက်ပါတယ်။

အိမ်ထဲက နွေးထွေးတဲ့ လေထု ပတ်ဝန်းကျင်က ကလိုင်းကို လွှမ်းခြုံသွားပြီး သူနဲ့အတူပါလာတဲ့ အအေးဓာတ်တွေကို ဖယ်ရှားပေးလိုက်ပါတယ်။ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တဲ့အခါ ထူးခြားတဲ့ ဒီဇိုင်းနဲ့ မီးလင်းဖိုတစ်ခုကို အရင်ဆုံး မြင်တွေ့လိုက်ရပါတယ်။ မီးဖိုထဲမှာတော့ ကျောက်မီးသွေးတွေဟာ အနီရောင် တောက် နေပြီး မီးခိုးမထွက်ဘဲ လောင်ကျွမ်းနေတာကို မြင်တွေ့လိုက်ရပါတယ်။

ဆမ်မာ ရဲ့ ဧည့်ခန်းက တော်တော်လေး ကျယ်ပါတယ်။ အဲ့ဒါက မိုရက်တီ အိမ်ရဲ့ ပထမထပ် တစ်ခုလုံးစာလောက်နီးပါး ကျယ်ဝန်းပါတယ်။ အချို့နေရာတွေကိုတော့ ကော်ဇောတွေ ဒါမှမဟုတ် လှပတဲ့ ရှုခင်းပုံ ဆီဆေးပန်းချီကားတွေနဲ့ အလှဆင်ထားပါတယ်။

အစေခံမလေးက ကလိုင်း ကို ဆိုဖာဆီ ခေါ်သွားပြီး အဝါဖျော့ဖျော့ ဂါဝန်ဝတ်ထားတဲ့ သူမရဲ့ သခင်မကို အသိပေးလိုက်ပါတယ်။

"သခင်မ၊ ဧည့်သည် ရောက်ပါပြီ"

သခင်မဟာ အသက် သုံးဆယ်အရွယ် ရှိပါတယ်။ သူမက ရွှေရောင်ဆံပင်နဲ့ ပြာလွင်တဲ့ မျက်လုံးတွေ ရှိတဲ့ အမျိုးသမီးတစ်ယောက်။ သူမက တော်တော်လေး လှပပြီး အရွယ်တင်သူ တစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ လက်ထဲမှာတော့ ငွေကွပ်ထားတဲ့ ငှက်မွှေး ယပ်တောင်တစ်ချောင်းကို ကိုင်ထားပါတယ်။

မီးလင်းဖိုကြောင့် ပတ်ဝန်းကျင်ကလည်း နွေးထွေးနေတဲ့အပြင် သူမကိုယ်တိုင်ကလည်း အိမ်ထဲမှာပဲ နေဖြစ်တဲ့အတွက် လည်ပင်းမှာ ဘာမှ ဝတ်မထားဘဲ သူမရဲ့ ဖြူဖွေးတဲ့ ရင်ဘတ်နဲ့ လှပတဲ့ လည်တိုင်ရှည်ကို ဖော်ပြသလို ဖြစ်နေပါတယ်။

"နေကောင်း ကျန်းမာပါစ မစ္စ ဆမ်မာ" ကလိုင်း ဟာ လက်တစ်ဖက်ကို ရင်ဘတ်ပေါ် တင်ပြီး ဦးညွတ်နှုတ်ဆက်လိုက်ပါတယ်။

မစ္စ ဆမ်မာ ဟာ တည်ငြိမ်စွာ ပြုံးပြလိုက်တယ်။

"မင်္ဂလာ ညချမ်းပါရှင်။ ကျေးဇူးပြုပြီး ထိုင်ပါဦး။ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည် သောက်မလားရှင်?"

ကလိုင်း ဟာ ဆိုဖာပေါ် ထိုင်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေလိုက်ပါတယ်။ "လက်ဖက်ရည် ပေးပါ"

"ဂျူလီယန်၊ မာကစ် ဘလက်တီး ဖျော်ပေးလိုက်ပါဦး" မစ္စစ ဆမ်မာ က ညွှန်ကြားလိုက်ပါတယ်။ အဲ့ဒီနောက် သူမ ကလိုင်း ဘက်ကို လှည့်ပြီး မေးပါတယ်။ "မင်း နာမည်ဘယ်လို ခေါ်လဲ?"

"ရှားလော့ခ် မိုရီယက်တီ ပါ။ ရှားလော့ခ် လို့ပဲ ခေါ်ပါ” ကလိုင်း ဟာ သူ ကြိုတင်စဉ်းစားထားတဲ့ နာမည်ကို ပြောလိုက်တယ်။

အဲ့ဒီအချိန်မှာပဲ သူဟာ မီးဖိုချောင်ဘက်ကနေထွက်လာတဲ့ အနံ့တစ်ခုကို ရလိုက်ပြီး ရှုပ်ထွေးတဲ့ ပိုက်လိုင်းတွေကို မြင်လိုက်တယ်။

"ဟမ် ဟမ်၊ ဒါတွေက အစ်မ အမျိုးသားရဲ့ ဒီဇိုင်းတွေလေ။ သူ့ရဲ့ အလုပ်က ကိုအင် ကုမ္ပဏီမှာ မန်နေဂျာ တစ်ယောက် ဖြစ်ပေမဲ့ သူက စက်ယန္တရားတွေကို ဝါသနာပါတဲ့သူ။ ဘုရင့်နိုင်ငံတော်ရဲ့ ကျပ်ခိုးလျော့ချရေးအသင်း ရဲ့ အဖွဲ့ဝင်တစ်ယောက်ဆိုလည်း ဟုတ်တယ်" မစ္စစ ဆမ်မာ က ကလိုင်း ရဲ့ အကြည့်ကို သတိထားမိပြီး ပြုံးကာ ပြန်ရှင်းပြလိုက်ပါတယ်။

“*အစ်မရယ်၊ အဲ့လောက်အထိ အသေးစိတ် ရှင်းပြနေစရာ မလိုပါဘူး။ ကျွန်တော်က ခင်ဗျား အမျိုးသား လာတွေ့တာမှ မဟုတ်တာ…”*

ကလိုင်း ဟာ စိတ်ထဲကနေ လှောင်လိုက်ပေမဲ့ အပြုံး မပျက်ဘဲ ပြောလိုက်ပါတယ်။ "မစ္စစ ဆမ်မာ၊ ကျွန်တော် အိမ်နံပါတ် ၁၅ ကို ငှားချင်လို့ပါ"

မစ္စစ ဆမ်မာ ဟာ ကျောဆန့်လိုက်ပြီး ယဉ်ကျေးစွာ ထိုင်လိုက်ပါတယ်။ သူမက ပြုံးပြီး ပြောပါတယ်။ "မင်း သိထားရမယ့် အချို့အရာတွေကို အစ်မ သတိပေးပါရစေ။ နံပါတ် ၁၅ မှာ အခုလို ဂတ်စ် ပိုက်တွေ၊ နောက်မှီကုလားထိုင်တွေ၊ ဖဲကစားလို့ရတဲ့ စားပွဲတွေ၊ မဟော်ဂနီ သစ်သားနဲ့ လုပ်ထားတဲ့ မီးဖိုချောင် ဗီရိုတွေ၊ အကောင်းစား ကြွေထည်တွေ၊ ငွေထည် ဇွန်းခက်ရင်းတွေ၊ ရွှေရည်စိမ် လက်ဖက်ရည် ခွက် အစုံလိုက်တွေ ဒါမှမဟုတ် ဖြုတ်လို့ တပ်လို့ရတဲ့ ကော်ဇောတွေ မပါဘူးနော်..."

သူမဟာ အိမ်ထဲက ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု ရှင်းပြရင်း ညွှန်ပြနေပါတယ်။ သူမ ပြောလို့ပြီးသွားတဲ့အခါမှာတောင် ဆက်ပြော‌သေးပါတယ်။

"ဒီအိမ်က အစတုန်းက အမရဲ့ အစ်မနဲ့ ခဲအိုတို့ လင်မယားပိုင်တာ။ ဒါပေမဲ့ စီးပွားရေး ကျသွားတာကြောင့် ခဲအိုတိုက တောင်ပိုင်း ကုန်းမြေတိုက်ကြီး ကို ပြောင်းရွေ့ဖို့ကလွဲလို့ပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး။ သူတို့က ဘာလမ် မှာ စိုက်ပျိုးရေးခြံတစ်ခြံ ရှိတယ်လေ။ ဒါပေမဲ့ သူတို့ရွေးချယ်မှုကို အမ ကတော့ သဘောမတူချင်ဘူး။ အမရဲ့ တူနဲ့ တူမလေးအတွက် အရမ်း မတရားရာကျလွန်းတယ်။ ဘာလမ်မှာ အခြေခံပညာကျောင်း ကောင်းကောင်း မရှိသလို၊ အိမ်အထိ လိုက်သင်ပေးမယ့် အသင်အပြကောင်းတဲ့ ဆရာတွေလည်း မရှိဘူးလေ"

“*အမရယ်၊ ဒါတွေက ကျွန်တော် သိချင်တဲ့ အကြောင်းတွေမှ မဟုတ်တာ…”* ကလိုင်း စိတ်ထဲက‌ နေ ပြောလိုက်ရင်း လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ပြီး စကား ပြောလိုက်ပါတယ်။ "တောင်ပိုင်း ကုန်းမြေတိုက်ကြီး မှာ ရာသီဥတု ကောင်းတာကလွဲရင် ဘက်ကလန် နဲ့ ယှဉ်နိုင်တဲ့ နေရာ မရှိပါဘူး"

သူ့ရဲ့ ထောက်ခံချက်က မစ္စစ် ဆမ်မာ ကို အလွန်ကျေနပ်သွားစေပြီး သူမရဲ့ မျက်လုံးတွေက အနည်းငယ် လှုပ်ရှားသွားပါတယ်။

"ဒီအိမ်က ငှားရမ်းခသက်တမ်း သုံးနှစ် ကျန်ပါသေးတယ်။ တစ်နှစ်စာ ငှားခကို တစ်ခါတည်း ပေးစေချင်တယ်။ တစ်ပတ်ကို ၁၈ ဆိုလီ ။ ပရိဘောဂတွေ အသုံးပြုခကတော့ ၁ ဆိုလီ ကျမယ်။ စပေါ် ပေါင် ၅၀ တင်ရမယ်"

ကလိုင်း ဟာ ခေါင်းခါလိုက်ပြီး ပြုံးပြလိုက်ပါတယ်။

"မစ္စ ဆမ်မာ ခင်ဗျာ၊ ကျွန်တော် ဘက်ကလန် ကို အခုမှ ရောက်လာတာကို ခင်ဗျား သိမှာပါ။ အချိန်ကြာလာရင် ကျွန်တော့်မှာ ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်သေးဘူး။ စပေါ် ပေါင် ၅၀ ပေးလိုက်ရင် ကြုံလာနိုင်တဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်စွမ်း နည်းသွားမယ်။ ကျွန်တော့်ရဲ့ ကန့်သတ်ချက်ကတော့ နှစ်ဝက်စာ ပေါင် ၂၅ ပဲ စပေါ်တင်နိုင်ပါတယ်"

သူဟာ ဘက်ကလန် ရဲ့ အရှေ့ပိုင်း ရပ်ကွက် မှာလည်း အိပ်ခန်းတစ်ခန်းပါတဲ့ တိုက်ခန်းငယ်တစ်ခု ထပ်ငှားဖို့ စီစဉ်ထားပါသေးတယ်။ အဝတ်အစားလဲဖို့၊ ရုပ်ဖျက်ဖို့နဲ့ နောက်ယောင်ခံလိုက်သူတွေကို ဖြေရှင်းဖို့အတွက် ထိုနေရာကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒါက သူလုပ်ဆောင်မယ့် အစီအစဉ်တွေအတွက် လိုအပ်ပါတယ်။

စတယ်လင် ဟာ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး မေးပါတယ်။ "မင်း အခြေခံပညာကျောင်းတက်ခဲ့ဖူးလား?"

ကလိုင်း က ရယ်မောလိုက်ပြီး "ဟုတ်ကဲ့၊ နောက်ပိုင်းမှာ သမိုင်းဘာသာရပ်ကို ကိုယ်တိုင် လေ့လာခဲ့ပါတယ်" လို့ ပြောပါတယ်။

"မင်းမှာ တစ်ခုခု သက်သေခံနိုင်တဲ့ အထောက်အထား ပါလား?" လို့ စတယ်လင် က ပေါ့ပေါ့ပါးပါး မေးပါတယ်။

"တောင်းပန်ပါတယ်ခင်ဗျာ။ အိမ်က ထွက်လာတုန်းက အရမ်း အလျင်စလို ဖြစ်သွားလို့ ယူလာဖို့ မေ့သွားခဲ့ပါတယ်။ ဟဲဟဲ၊ ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ဖို့ မေ့သွားတယ်၊ ကျွန်တော်က မစ်ဆီးရှိုင်းယား နယ်ကပါ" ကလိုင်း ဟာ သူ့ရဲ့ ကျောင်းနေဖက် ဝဲလ်ခ်ျ အမြဲတမ်း သုံးလေ့ရှိတဲ့ လေယူလေသိမ်းကို တမင်တကာ အသုံးပြုလိုက်ပါတယ်။

သူက "မေ့သွားခဲ့တယ်" လို့ ပြောလိုက်တဲ့အခါ ကပ္ပတိန် ဒန်း စမစ် ကို သတိရသွားစေပါတယ်။ သူ့ရဲ့ မျက်နှာပေါ်က အပြုံးက ပိုလို့တောင် တောက်ပလာပါတယ်။

အဲ့ဒီအချိန်မှာပဲ အစေခံမလေး ဂျူလီယန် ဟာ မားကစ် ဘလက်တီး တစ်ခွက်ကို ယူဆောင်လာပါတယ်။ လက်ဖက်ရည်ခွက်က ဂန္ထဝင် ပန်းပွင့်ပုံစံတွေပါတဲ့ ကြွေဖြူရောင် ဖြစ်ပါတယ်။ အချို့နေရာတွေမှာ ရွှေရည်စိမ်ထားပါတယ်။

ကလိုင်း ဟာ တစ်ငုံသောက်လိုက်ပြီး အနံ့ကို သေသေချာချာ ခံစားကြည့်ပါတယ်။ ချဉ်ပြုံးပြုံးနဲ့ အချိုဓာတ်တို့က အချိုးအစား ညီမျှလှပြီး သူ အမြဲသောက်လေ့ရှိတဲ့ ဆစ် ဘလက်တီး ထက် အများကြီး ပိုကောင်းနေပါတယ်။

"တကယ့် မားကစ် ဘလက်တီး အစစ်ပဲ" သူက အပြစ်ပြောစရာမရှိတဲ့ စကားနဲ့ ချီးကျူးလိုက်ပါတယ်။

မစ္စစ စတယ်လင် ဆမ်မာ ဟာ သူမရဲ့ နှုတ်ခမ်းကို တွန့်လိုက်ပြီး "ဒါဆိုရင် နှစ်ဝက်စာ ငှားရမ်းခ ပေါင် ၂၅ ပဲ လုပ်ကြတာပေါ့" လို့ ပြောပါတယ်။

ကလိုင်း ဟာ သူမကို ကျေးဇူးတင်လိုက်ပြီး အခြား အစေခံတစ်ယောက်က စာကြည့်ခန်းထဲကနေ ငှားရမ်းမှု စာချုပ်ကို ရှာမတွေ့မချင်း သူမနဲ့ မိနစ်အနည်းငယ်ကြာ စကားစမြည် ပြောနေခဲ့ပါတယ်။

နှစ်ဦးနှစ်ဖက် စာချုပ်လက်မှတ်ထိုးပြီးနောက် ကလိုင်း ဟာ နှမြောတသစွာနဲ့ ပေါင် ၂၅ ကို ရေတွက်ကာ မစ္စစ ဆမ်မာ ဆီကို ကမ်းပေးလိုက်ပါတယ်။

စတယ်လင် ဟာ တိတ်တဆိတ် ရေတွက်ပြီးနောက် ပြုံးလိုက်ပါတယ်။

"မစ္စတာ မော်ရီယက်တီ၊ မင်း ဘက်ကလန် မှာ အလုပ်ရှာတော့မှာ မဟုတ်လား?"

"ဟုတ်ပါတယ်" လို့ ကလိုင်း က အနည်းငယ် ဟာလာဟင်းလင်း ဖြစ်နေတဲ့ ခံစားချက်နဲ့ ဖြေလိုက်ပါတယ်။

စတယ်လင် ရဲ့ နှုတ်ခမ်းထောင့်တွေက အပေါ်သို့ ကွေးတက်သွားပါတယ်။

"အမ မင်းကို အကြံပြုချက်တချို့ ပေးပါရစေ။ တစ်ပတ်ကို လစာ ၃ ပေါင်ထက် နည်းနေမယ်ဆိုရင် ချားဝုဒ် မြို့နယ် မှာ နေထိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ မင်းရဲ့ အိမ်လခ၊ အစားအသောက်စရိတ်၊ ရေခွန်၊ ဂတ်စ်ခွန်၊ ကျောက်မီးသွေးခ၊ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ တခြား အရာအားလုံး ပေါင်းလိုက်ရင် အနည်းဆုံး ၂ ပေါင် ၅ ဆိုလီ လောက် ကျသင့်မှာပါ။ အမပြောတာ ယုံ၊ ဒါက ဘက်ကလန် လေ။ အဝတ်အစားသစ်တွေ၊အကောင်းစား ဇွန်းခက်ရင်းတွေနဲ့ လက်ဖက်ရည်အိုးအစုံလိုက်တွေကိုပါ ထည့်တွက်ရဦးမယ်... တစ်ပတ် လစာ ၃ ပေါင်ဆိုတာ အနည်းဆုံးပဲ ဖြစ်သင့်တယ်"

"တကယ်လို့ မင်းရဲ့ တစ်ပတ်လစာက ၅ ပေါင်အထိ ရှိလာရင်တော့ အစေခံမလေး တစ်ယောက် ငှားနိုင်ပါတယ်။ ၆ ပေါင်ဆိုရင်တော့ စားဖိုမှူးတစ်ယောက် ငှားဖို့ စဉ်းစားလို့ ရပြီ။ ၇ ပေါင်ဆိုရင်တော့ အစေခံ ယောက်ျားလေးတစ်ယောက် ထပ်တိုးလို့ ရတယ်။ ၈ ပေါင်ဆိုရင်တော့ နောက်ထပ် အစေခံမလေး တစ်ယောက် ထပ်ငှားလို့ ရပါတယ်..."

*”မစ္စစ ဆမ်မာ ရယ်၊ ခင်ဗျားက ခင်ဗျားရဲ့ ကြွယ်ဝမှုကို ကြွားဝါနေတာပဲ... ကျွန်တော်က တစ်ပတ်ကို ၁၀ ပေါင်ထက်မက ပိုက်ဆံ ရခဲ့ဖူးတဲ့သူပါ..”*. ကလိုင်း ဟာ သူ့ရဲ့ အပြုံးကို ဆက်လက်ထိန်းသိမ်းထားရင်း အသေအချာ နားထောင်နေပါတယ်။

အဲ့ဒီအချိန်မှာပဲ တံခါးက ရုတ်တရက် ပွင့်လာပါတယ်။ လူကောင်ထွားထွား လူတစ်ယောက် ဝင်လာပါတယ်။ သူဟာ အနက်ရောင် ကြယ်သီးနှစ်တန်းပါ ဝတ်စုံနဲ့ အရောင်တူ သားရေလက်အိတ်ကို ဝတ်ဆင်ထားပါတယ်။ သူ့ရဲ့ နှုတ်ခမ်းအပေါ်မှာတော့ သပ်ရပ်လှပတဲ့ နှုတ်ခမ်းမွှေး တစ်စုံ ရှိပါတယ်။

"လုခ်၊ ဒါက မစ္စတာ မော်ရီယက်တီ ပါ။ သူက ငါတို့ရဲ့ အိမ်နီးချင်း ဖြစ်လာမှာ" စတယ်လင် ဆမ်မာ ဟာ ရှေ့ကို တိုးသွားပြီး မိတ်ဆက်ပေးပါတယ်။

အိမ်ရှင်ဖြစ်သူဟာ သေချာပေါက် လုခ် ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး ဘေးက အစေခံ ယောက်ျားလေးထံ ကမ်းပေးလိုက်ပါတယ်။ သူက ယဉ်ကျေးစွာ ပြုံးလိုက်ပြီး "မစ္စတာ မော်ရီယက်တီ၊ ကျွန်တော်တို့နဲ့အတူ ညစာ သုံးဆောင်မလားခင်ဗျာ?" လို့ မေးပါတယ်။

ဒါက ကိုအင် ကုမ္ပဏီရဲ့ မန်နေဂျာ၊ လိုအန် ဘုရင့်နိုင်ငံတော် ရဲ့ ကျပ်ခိုးလျော့ချရေးအသင်း အဖွဲ့ဝင်ပေါ့... ကလိုင်း က ပြုံးပြီး ပြောလိုက်ပါတယ်။ "တောင်းပန်ပါတယ် မစ္စတာ ဆမ်မာ။ ကျွန်တော် မီးရထားပေါ်မှာ စားခဲ့ပြီးပါပြီ။ အဲ့ဒီက အရသာကတော့ တကယ် အမှတ်ရစေတဲ့အထိ ကောင်းတာတော့ အမှန်ပဲ "

စကားအနည်းငယ် ထပ်မံ ပြောဆိုပြီးနောက် ကလိုင်း ကို ဂျူလီယန် က အိမ်ပြင်သို့ ခေါ်ဆောင်လာပြီး ဘေးချင်းကပ် အမှတ် ၁၅ အိမ်ထဲသို့ ခေါ်သွားပါတယ်။

အိမ်ရဲ့ ပုံစံက ဘေးအိမ်နဲ့ အလွန်တူပါတယ်။ ပထမထပ်မှာ ကြီးမားတဲ့ ဧည့်ခန်း၊ အလင်းရောင် ကောင်းကောင်းရတဲ့ ထမင်းစားခန်း၊ ဧည့်သည်နားနေခန်း နှစ်ခန်း၊ ရေချိုးခန်း၊ မြေအောက်ခန်းနဲ့ အနောက်ဘက်အထိ ရှည်လျားတဲ့ မီးဖိုချောင်တို့ ပါဝင်ပါတယ်။ ဒုတိယထပ်မှာတော့ အိပ်ခန်း လေးခန်း၊ သုံးချင်သုံးလို့ရတဲ့အခန်းတစ်ခန်း၊ နေပူစာလှုံဆောင်၊ စာကြည့်ခန်း၊ အိပ်ခန်းနှစ်ခန်းနဲ့ ကြီးမားတဲ့ ဝရံတာတို့ ပါဝင်ပါတယ်။

"မစ္စစ ဆမ်မာ က ရှင့်က ဒီအိမ်ကို တဆင့် ပြန်ငှားချင်ရင် ငှားလို့ရတယ်လို့ ပြောခိုင်းလိုက်ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေကို မငှားဖို့နဲ့ ဒီနေရာကို အရမ်း လူကြပ်တာမျိုး၊ ဆူညံတာမျိုး မဖြစ်စေဖို့ ပြောပါတယ်ရှင်။ အော်... ကျွန်မ ခဏနေရင် သန့်ရှင်းတဲ့ စောင်တွေ၊ အိပ်ရာခင်းတွေနဲ့ ခေါင်းအုံးစွပ်တွေကို ယူလာပေးပါ့မယ်" ဂျူလီယန် ဟာ ကလိုင်း ကို အသိပေးပြီးနောက် ဆမ်မာ တို့အိမ်သို့ ပြန်သွားပါတယ်။

အိမ်သန့်ရှင်းရေး အနည်းငယ် လုပ်ပြီးနောက် ကလိုင်း ဟာ နောက်ဆုံးမှာ ဘက်ကလန် မှာ အခြေချနိုင်ခဲ့ပါတယ်။

သူဟာ အလွတ်ဖြစ်နေတဲ့ ဧည့်ခန်းထဲမှာ ထိုင်နေရင်း ရုတ်တရက် အထီးကျန်သလို ခံစားလိုက်ရပါတယ်။ ထို့ကြောင့် သူ့ရဲ့ အနာဂတ် အစီအစဉ်တွေကို ဇွတ်အတင်း စဉ်းစားလိုက်ပါတယ်။

သူ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကလဲ့စားချေခြင်းနဲ့ အဆင့်တက်ခြင်းက မျက်စိတစ်မှိတ်အတွင်း လုပ်နိုင်တဲ့ အရာတွေ မဟုတ်ပါဘူး။ ထို့ကြောင့် သူ့ရဲ့ ငွေရေးကြေးရေး ပြဿနာတွေ မရှိစေဖို့ ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခု ရရှိဖို့ လိုအပ်ပါတယ်။

သို့သော် ထိုအလုပ်က သူ့အား ကန့်သတ်ထားခြင်းနဲ့ သူ့ရဲ့ လှုပ်ရှားမှု၊ အစီအစဉ်တွေကို ထိခိုက်စေခြင်းမျိုး မရှိရပါဘူး။ တစ်နည်းအားဖြင့် သူဟာ လုံလောက်တဲ့ လွတ်လပ်ခွင့် လိုအပ်ပါတယ်။

သေသေချာချာ စဉ်းစားပြီးနောက် မသင့်တော်တဲ့ အလုပ်တွေကို ဖယ်ထုတ်လိုက်ရာ ကလိုင်း မှာ ရွေးချယ်စရာ သုံးခု ကျန်ပါတော့တယ်။

သူဟာ စာရေးဆရာတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အမည်က အထိခိုက်မခံနိုင်တာကြောင့် သူ ပိုပြီး ကျော်ကြားလာလေလေ၊ ပြဿနာ ပိုများလေလေ ဖြစ်မှာပါ။ ထို့ကြောင့် သူဟာ ထိုအလုပ်ကို မကျေမနပ်နဲ့ စွန့်လွှတ်လိုက်ပါတယ်။

ဒုတိယ ရွေးချယ်မှုက သတင်းထောက်တစ်ယောက် ဖြစ်လာဖို့ပါ။ ဒါက ဒီခေတ်ဒီအခါမှာ တော်တော်လေး ကောင်းမွန်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ သို့သော် အလုပ်လျှောက်ဖို့အတွက် သူ့ရဲ့ ပညာအရည်အချင်း သက်သေခံ လက်မှတ်တွေနဲ့ အခြား စာရွက်စာတမ်းတွေ လိုအပ်ပါတယ်။ ကလိုင်း ဟာ ထိုကိစ္စမှာ အကူအညီမဲ့သလို ဖြစ်နေပါတယ်။

နောက်ဆုံးမှာတော့ သူဟာ တတိယမြောက် အလုပ်ကို ရွေးချယ်လိုက်ပါတယ်။

ပုဂ္ဂလိက စုံထောက်!

ဒါဟာ သူ့ ရှားလော့ခ် မိုရီယက်တီ ဆိုတဲ့ အမည်ဝှက်တစ်ခု ခံယူရခြင်းရဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။

All Chapters