← Chapters

ထုံးစံအတိုင်း စုဝေးကြခြင်း

Vol. 22 Ch. 216

ထုံးစံအတိုင်း စုဝေးကြခြင်း

Vol. 22 Ch. 216

ဘက်ကလန် မြို့မှာ ကုန်ဆုံးရမယ့် ကလိုင်းရဲ့ ပထမဆုံးမနက်ခင်းဟာ အေးစိမ့်စိုထိုင်းတဲ့ ရာသီဥတုနဲ့အတူ စတင်ခဲ့ပါတယ်။ မြူနှင်းပါးပါးတွေက ပတ်ဝန်းကျင်ကို အုပ်ဆိုင်းထားလို့ မြင်ကွင်းကလည်း သိပ်မကြည်လင်လှပါဘူး။ နံနက်စာအဖြစ် တစ်ပဲနိ သာ ပေးရတဲ့ လက်ဖက်ရည်ကြမ်း တစ်လီတာခန့်နဲ့ အဆင့်နိမ့်ထောပတ်အနည်းငယ် သုတ်ထားတဲ့ ပေါင်မုန့်မီးကင် နှစ်ချပ်ကိုပဲ သူ စားခဲ့ရပါတယ်။ တစ်မနက်လုံး အလုပ်များနေခဲ့ပေမဲ့ ပထမဆုံးအနေနဲ့ ချားဝုဒ် မြို့နယ်မှာရှိတဲ့ 'ဘက်ကလန် ဘူလက်တင်' သတင်းစာတိုက်ကို သွားပြီး တစ်လစာ ကြော်ငြာလေးတစ်ခုအတွက် ပေါင် ၃၀ တောင် ပုံအောပြီး သုံးခဲ့လိုက်ပါတယ်။

လာမယ့် အင်္ဂါနေ့ကစပြီး 'ဘက်ကလန် ဘူလက်တင်' ရဲ့ ပုံမှန်ဖတ်နေကျ စာဖတ်ပရိသတ်တွေဟာ သတင်းစာရဲ့ သတ္တမမြောက်နဲ့ အဋ္ဌမမြောက် စာမျက်နှာကြားမှာ ကြော်ငြာလေးတစ်ခုကို မြင်တွေ့ရတော့မှာပါ။

"ရှားလော့ခ် မိုရီယက်တီ၊ ပုဂ္ဂလိက ထောက်လှမ်းခြင်း အမျိုးမျိုးကို ကျွမ်းကျင်စွာ ဆောင်ရွက်ပေးပါတယ်။ ဈေးနှုန်း သင့်တင့်ပြီး လျှို့ဝှက်ချက်တွေကို တိကျစွာ ထိန်းသိမ်းပေးပါတယ်။ နေရပ် - အမှတ် ၁၅၊ မင့်စ် လမ်း ချားဝုဒ် မြို့နယ်။"

လိုအန် ဘုရင့်နိုင်ငံတော် တစ်ဝန်းလုံးမှာ ဖတ်ရှုသူများတဲ့ 'တက်စ်ဆော့ သတင်းစာ' (ဒါမှမဟုတ် 'ဘက်ကလန်နေ့စဉ် သတင်းစဉ်' လို သတင်းစာကြီးတွေကို ကလိုင်း မရွေးချယ်ခဲ့တာက သူ့လုပ်ငန်းက လောလောဆယ် ဘက်ကလန်မြို့ထဲမှာပဲ ကန့်သတ်ထားလို့ပဲဖြစ်ပါတယ်။ဒါ့အပြင် သူက အလွန်အမင်း အောင်မြင်ချင်စိတ်လည်း မရှိသေးပါဘူး။ ဒါကြောင့် မြို့ထဲမှာ လူကြိုက်များပြီး ကြော်ငြာခသက်သာတဲ့ 'ဘက်ကလန် ဘူလက်တင်' ကပဲ သူ့ရဲ့ ပထမဆုံး ရွေးချယ်မှု ဖြစ်လာခဲ့ပါတယ်။

သတင်းစာတိုက်က ထွက်လာပြီးနောက် ကလိုင်းဟာ မြေပုံကိုကြည့်ပြီး ဆေးဖက်ဝင်အပင်ဆိုင်တွေ၊ ပန်းဆိုင်တွေ၊ ရတနာဆိုင်တွေဆီ လှည့်လည်သွားလာရင်း အစီအရင် အတွက် လိုအပ်တဲ့ ဆေးဖက်ဝင် အပင်မှုန့်တွေနဲ့ ငွေပြားတွေကို ဝယ်ယူခဲ့ပါတယ်။ အစီအရင်ထဲမှာ စိတ်ဝိညာဉ်အစွမ်း မပါတဲ့ ပစ္စည်းတွေပါလာရင် တော့ ဂမ္ဘီရပညာရပ်မှာ သုံးတဲ့ ပစ္စည်းအများစုကို သာမန်ဆိုင်တွေမှာတင် ဝယ်လို့ရပါတယ်။ ဒါပေမဲ့ ပစ္စည်းအားလုံးက ဆိုင်တစ်ဆိုင်တည်းမှာ မရှိတာကြောင့် ဆိုင်တော်တော်များများကို လှည့်လည်ပြီး ဝယ်ယူစုဆောင်းရပါတယ်။

ဒီလို ဝယ်ယူဖို့အတွက် ကလိုင်းဟာ နောက်ထပ် ၅ ပေါင်လောက် ထပ်သုံးခဲ့ရပြန်ပါတယ်။ သူ ထုတ်ယူထားတဲ့ ပေါင် ၂၀၀ ဆိုတဲ့ ငွေပမာဏကြီးက အခုဆိုရင် ပေါင် ၁၀၀ အောက်ကို လျော့သွားပြီး ၉၂ ပေါင်ပဲ ကျန်ပါတော့တယ်။

"ငွေသုံးရတာ ရေသောက်သလိုပါပဲလား..." ကလိုင်းဟာ အနီးအနားက စားသောက်ဆိုင်လေးတစ်ခုမှာ ၈ ပဲနိ တန်ဖိုးရှိတဲ့ ငရုတ်ကောင်းအမည်း ဆော့စ်နဲ့ အမဲသားပြားကို မှာစားလိုက်ပါတယ်။

မွန်းလွဲ ၁ နာရီမှာ မင့်စ် လမ်း အမှတ် ၁၅ ကို ပြန်ရောက်လာပြီး အနားမယူနိုင်သေးဘဲ အိပ်စက်ခြင်းပန်းပွင့် ၊ နဂါးသွေးမြက် ၊ နီနက်ရောင် စန္ဒကူး နဲ့ ပူစီနံအမှုန့် တွေကို သုံးပြီး 'မြင့်မြတ်သော ည အမှုန့်' ကို ဖော်စပ်လိုက်ပါတယ်။ ဒါက စိတ်ဝိညာဉ် အကာအကွယ်တံတိုင်း ဖန်တီးဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။

အစီအရင်သုံး ငွေရောင် ဓားမြှောင် အစစ်တချောင်း မဝယ်နိုင်သေးခင်အထိ ဒီနည်းလမ်းကိုပဲ သူ သုံးနေရဦးမှာပါ။ ဆုံမှတ် ၇ ကို တက်လှမ်းနိုင်မှပဲ ဒီကန့်သတ်ချက်တွေကနေ လွတ်မြောက်နိုင်မယ်လို့ ကလိုင်း ခန့်မှန်းထားပါတယ်။

"ဟူး... တရားမျှတမှု ၊ လူဇောက်ထိုး နဲ့ နေမင်း တို့ဆီက ခွင့်တိုင်တာမျိုး မရှိသေးဘူးဆိုတော့ ဒီနေ့ အစည်းအဝေးကတော့ အချိန်မှန် ဖြစ်မှာပဲ။ လူဇောက်ထိုးက ငါ့အတွက် ဘယ်လို ထူးခြားတာတွေ ယူလာပေးမလဲ၊ ရိုဇယ်လ် ရဲ့ ဒိုင်ယာရီ စာမျက်နှာ ဘယ်လောက်များများ ပြပေးနိုင်မလဲဆိုတာ သိချင်မိသား..." ကလိုင်းဟာ အိပ်ခန်းထဲက ကုတင်ပေါ်မှာ လှဲနေရင်း အမျိုးမျိုး တွေးနေမိပါတယ်။

သူ့အတွက်တော့ ပုဂ္ဂလိက စုံထောက်ဆိုတဲ့ အလုပ်က ငွေရရုံတင်မကဘဲ တကိုယ်တော် လှုပ်ရှားမှုတွေအတွက်လည်း အဆင်ပြေစေပါတယ်။ ဒီအလုပ်က လူတန်းစားပေါင်းစုံနဲ့ ထိတွေ့ခွင့်ရစေပြီး ဘက်ကလန်မှာရှိတဲ့ သာလွန်သူ တွေရဲ့ လောကကို ဖြည်းဖြည်းချင်း ရှာဖွေနိုင်မှာပါ။ အဲဒီကတစ်ဆင့် လျှို့ဝှက်အမိန့်တော်ဂိုဏ်းနဲ့ ပတ်သက်တဲ့ သဲလွန်စတွေကိုလည်း တဖြည်းဖြည်း ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ ကံကောင်းရင် သာလွန်သူတွေရဲ့ အသိုင်းအဝိုင်းတစ်ခုကနေ 'မျက်လှည့်ဆရာ' (အမြင်ဆရာလမ်းစဉ် ဆုံမှတ် ၇ ) နဲ့ သက်ဆိုင်တဲ့ ဆေးရည်ဖော်စပ်နည်းနဲ့ အဓိက ပါဝင်ပစ္စည်းတွေကိုတောင် ဝယ်ယူနိုင်ပါလိမ့်မယ်။

အင့်စ် ဇန်းဝဲလ် ရဲ့ တည်နေရာနဲ့ ပတ်သက်လို့တော့ ကလိုင်းက လောလောဆယ် ရှာဖို့ မစဉ်းစားထားပါဘူး။ သူက အဲဒီလူနဲ့ ဝေးဝေးနေဖို့ပဲ ကြိုးစားနေဦးမှာပါ။ ဒါပေမဲ့ ပုန်းနေရင်း အဲဒီ့ ရန်သူကို မတော်တဆ တွေ့ခဲ့ရင်တော့ ထာဝရာညနတ်ဘုရားမ ဘုရားကျောင်း ကို အမည်မဖော်ဘဲ တိုင် စာတစ်စောင် ပို့လိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။

"ပုဂ္ဂလိက စုံထောက်တစ်ယောက်ရဲ့ ဝင်ငွေက အလွန်ဆုံးရှိလှ လူလတ်တန်းစား အဆင့်လောက်ပဲ ရှိမှာ။ ဆေးရည်ဖော်စပ်နည်းတွေနဲ့ သာလွန်သူ ပစ္စည်းတွေ ဝယ်ဖို့ ငွေအလုံအလောက် လိုချင်ရင်တော့ တရားမျှတမှု ကိုပဲ အားကိုးရမလို ဖြစ်နေပြီ။ ဒါမှမဟုတ်ရင်လည်း အမည်ဝှက်ထားတဲ့ အကောင့်ထဲမှာ ကျန်နေသေးတဲ့ ပေါင် ၁၀၀ ကို ရင်းနှီးမြှုပ်နှံရမယ်... ဟုတ်တယ်၊ လက်ထဲမှာရှိတဲ့ ၉၂ ပေါင်ကိုတော့ လောလောဆယ် ထိလို့မဖြစ်သေးဘူး။ အချိန်အတော်ကြာတဲ့အထိ ဝင်ငွေမရှိဘဲ နေရနိုင်တယ်..."

ဒီလို တွေးရင်း ကလိုင်းဟာ ရုတ်တရက် ထထိုင်လိုက်ပါတယ်။ သူက ပထမထပ်ကို ဆင်းသွားပြီး လမ်းကြုံ ဝယ်လာတဲ့ သတင်းစာအမျိုးမျိုးကို ဖတ်လိုက်ပါတယ်။ အဲဒီသတင်းစာတွေမှာ အသစ်တီထွင်ထားတဲ့ ပစ္စည်းတွေအတွက် ရင်းနှီးမြှုပ်နှံမှု လိုအပ်နေတဲ့ သတင်းတွေ ဒါမှမဟုတ် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ချင်သူတွေရဲ့ သတင်းတွေ ပါတတ်တာကိုး။

ကလိုင်းဟာ ကမ္ဘာမြေက ရခဲ့တဲ့ ဗဟုသုတတွေနဲ့ ဒီခေတ်ကာလအပေါ် နားလည်မှုတွေကို သုံးပြီး အဲဒီစီမံကိန်းတွေကို ဂရုတစိုက် စိစစ်ကြည့်ပါတယ်။ ကံမကောင်းစွာနဲ့ ဒီနေ့ သတင်းစာတွေထဲမှာတော့ ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းတစ်ခုမှ မပါခဲ့ပါဘူး။

မွန်းလွဲ ၂ နာရီ ၄၅ မိနစ်မှာ သူ အိပ်ခန်းကို ပြန်လာပြီး တံခါးဂျက်ထိုး၊ လိုက်ကာတွေကို ပိတ်လိုက်ကာ 'မြင့်မြတ်သော ည အမှုန့်' ကို သုံးပြီး စိတ်ဝိညာဉ် အကာအကွယ်တံတိုင်းကို ဖန်တီးလိုက်ပါတယ်။

ကလိုင်းဟာ နာရီလက်တံ ပြောင်းပြန် ဆန့်ကျင်ဘက်အတိုင်း လေးလှမ်း လျှောက်လိုက်ပြီး မီးခိုးရောင် မြူခိုးတွေ အထက်ကို ရောက်သွားပါတော့တယ်။ သူဟာ 'အရူး' ရဲ့ ထိုင်ခုံမှာ ထိုင်လိုက်ပြီး ဆုတောင်းသံကို တုံ့ပြန်တဲ့အနေနဲ့ သူ့ရဲ့ စိတ်ဝိညာဉ်အစွမ်းကို ဖြန့်ကြက်ကာ 'နေမင်း' ကို ကိုယ်စားပြုတဲ့ သွေးရောင်ကြယ်ပွင့်ကို ထိလိုက်ပါတယ်။

"ဒါက ငါ့ရဲ့ ဘဝသစ်မှာ ပြောင်းလဲမသွားတဲ့ အနည်းငယ်သော အရာတွေထဲက တစ်ခုပဲ..." သူဟာ ရုတ်တရက် သက်ပြင်းချလိုက်မိပါတယ်။

...

ငွေရောင် မြို့တော် ရဲ့ အပြင်ဘက်၊ တစ်ဝက်တစ်ပျက် ပြိုကျနေတဲ့ မီးခိုးရောင်စပ်စပ် အနက်ရောင် မျှော်စင်တစ်ခုထဲမှာဖြစ်သည်။

ကင်းလှည့်တပ်အဖွဲ့ဝင် ကိုးဦးဟာ တောက်လောင်နေတဲ့ မီးပုံကြီးကို ဝိုင်းထိုင်ပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြုံခဲ့ရတာတွေကို စကားပြောနေကြပါတယ်။ အမှောင်ထဲကနေ ထွက်လာနိုင်တဲ့ ဘယ်တိုက်ခိုက်မှုကိုမဆို ခုခံဖို့ အစွန်အဖျားမှာ ကင်းစောင့်နေတဲ့ တခြားအဖွဲ့ဝင်တွေလည်း ရှိပါသေးတယ်။

ငွေရောင် မြို့တော်က သာလွန်သူ အများအပြားဟာ သူတို့ရဲ့ ဒီသင်ခန်းစာကို သွေးနဲ့ရင်းပြီးသင်ကြားခဲ့ကြပြီးပါပြီ - "ဘယ်အချိန်ဖြစ်ဖြစ် သတိမလွတ်နဲ့။ အမှောင်ထဲက မိစ္ဆာတွေက မင်းရဲ့ နောက်ကျောတည့်တည့်မှာ ရှိနေနိုင်လို့ပဲ!"

မိုးကြိုးပစ်တာ အရမ်းနည်းတဲ့ ညမျိုးမှာ ငွေရောင်မြို့တော်တွက် မီးလျှံတွေ ဆက်တိုင် တောက်‌လောင်နေစေဖို့နဲ့ အလင်းရောင် ရနေဖို့က အရမ်းအရေးကြီးပါတယ်။ အကယ်၍ သူတို့သာ အမှောင်ထုရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရရင် အားလုံး ပျောက်ကွယ်သွားနိုင်ပါတယ်။ အလုံးစုံ မှောင်နေတဲ့နေရာမှာ ဘယ်လို ကြောက်စရာကောင်းတာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ အသေအချာ မပြောနိုင်ပါဘူး။ အကြောင်းကတော့ လက်တွေ့ဘဝဟာ သူတို့ရဲ့ စိတ်ကူးတွေကို အကြိမ်ကြိမ် ရိုက်ချိုးဖျက်ဆီးခဲ့ပြီးသားမို့လို့ပါ။

ဒဲရစ် ဘာ့ခ် ဟာ သူ့အပေါင်းအသင်းတွေက အရင်က ကြုံခဲ့ရတဲ့ မိစ္ဆာကောင်အကြောင်း ပြောနေတာကို တိတ်ဆိတ်စွာ နားထောင်နေမိပါတယ်။ အဲဒီမိစ္ဆာက တစ်ကိုယ်လုံးမှာ မျက်လုံးတွေ ဖုံးလွှမ်းနေတဲ့ လူသားပုံစံ မိစ္ဆာတစ်ကောင်ပါ။ အဲဒီမိစ္ဆာကို အပြတ်ရှင်းဖို့ သူတို့ ကင်းလှည့်အဖွဲ့က လူငါးဦး ဒဏ်ရာရခဲ့ပြီး နှစ်ဦးက ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။ မိစ္ဆာကို သတ်နိုင်ဖို့ ကြီးမားတဲ့ ပေးဆပ်မှုတွေ လုပ်ခဲ့ရပါတယ်။

ရုတ်တရက် ဒဲရစ်ရဲ့ အမြင်အာရုံတွေ ဝေဝါးသွားပြီး ထူထပ်တဲ့ မီးခိုးရောင် မြူခိုးတွေက ဝါးမြိုသွား သလို ခံစားလိုက်ရပါတယ်။

ဖော်ပြလို့မရနိုင်လောက်အောင် ဝေးကွာတဲ့ နေရာတစ်ခု၊ မီးခိုးရောင် မြူခိုးတွေရဲ့ အနက်ရှိုင်းဆုံးမှာ ဝေဝါးတဲ့ ပုံရိပ်တစ်ခုက ရှေးဟောင်း ကျောမှီမြင့် ထိုင်ခုံပေါ်မှာ ထိုင်ပြီး သူ့ကို ငုံ့ကြည့်နေပါတယ်။

"အစည်းအဝေးအတွက် အသင့်ပြင်ထားပါ "

အရူး ရဲ့ အသံက ဒဲရစ် နားထဲမှာ ပဲ့တင်ထပ်သွားပေမဲ့ သူ့အသင်းဖော်တွေကတော့ ဘာကိုမှ သတိမထားမိကြပါဘူး။

ဒဲရစ်ဟာ သူ့ကြည့် လွှဲလိုက်ပြီး ပတ်ဝန်းကျင်ကို ဆယ်စက္ကန့်ကျော်လောက် အကဲခတ်ကာ မီးပုံရဲ့ အစွန်ဆုံးကို တိုးကပ်သွားပြီး ပြိုပျက်နေတဲ့ နံရံကို မှီကာ အိပ်ပျော်နေဟန် ဆောင်လိုက်ပါတယ်။

ခြောက်ဦးကောင်စီ အဖွဲ့ဝင်တွေနဲ့ အကြီးအကဲ လွိုင်ဒီးယာ တို့တောင် မစ္စတာ အရူးရဲ့ တည်ရှိမှုကို မရှာနိုင်မှန်း သိခဲ့ကတည်းက သူဟာ သတိလက်လွတ်နဲ့ သဲလွန်စတွေ မချန်ထားသရွေ့ တခြားသူတွေရဲ့ အကြည့်အောက်မှာတင် မီးခိုးရောင် မြူခိုးတွေအထက်က တားရော့ကလပ် အစည်းအဝေးကို တိတ်တိတ်လေး တက်နိုင်မယ်လို့ တဖြည်းဖြည်း ယုံကြည်လာခဲ့ပါပြီ။

ဘက်ကလန်၊ အမ်းပရက်စ် မြို့နယ်။

ပင်ပန်းနေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ အော်ဒရီ ဟာ သူမရဲ့ အိပ်ဆောင်ကို ပြန်လာခဲ့ပါတယ်။ သူမဟာ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ပြီး ဟိုဟိုဒီဒီ လျှောက်မနေဘဲ ကုတင်ပေါ်မှာ ငြိမ်သက်စွာ ထိုင်ရင်း မစ္စတာ အရူးရဲ့ ဆင့်ခေါ်မှုကို စောင့်နေပါတယ်။

"ဖေဖေက တခြား ပါလီမန် အဖွဲ့ဝင်တွေ နဲ့ ဥပဒေကြမ်းအကြောင်း ဆွေးနွေးနေတာနဲ့ အလုပ်ရှုပ်နေတယ်၊ သာလွန်သူ အစောင့်ကလည်း ငါ့နောက်ကို အမြဲတမ်း တကောက်ကောက် လိုက်မနေတော့ဘူး။ ကျေးဇူးတော်ပါပဲ နတ်ဘုရားမရယ်၊ ကျွန်မရဲ့ ဘဝက နောက်ဆုံးတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ! နှစ်ပတ်တောင် ကြာသွားပြီဆိုတော့ လူဇောက်ထိုးက အရွယ်ရောက်ပြီးသား သက်တန့် ကင်းလိပ်ချော ရဲ့ ချွဲသလိပ် အကျိတ် ကို ငါ့အတွက် ပြင်ဆင်ထားလောက်ပြီ... ငါ ဆုံမှတ် ၈ ကို တက်လှမ်းရတော့မှာပဲ!" အော်ဒရီဟာ မျက်လုံးတွေ တောက်ပရင်း တွေးနေမိပါတယ်။

သူမအတွက်တော့ ဒါဟာ ပေါင် သုံးသောင်း ဆုကြေးငွေနဲ့ အနည်းဆုံး ပေါင် ၈၀၀၀ တန်တဲ့ စိုက်ပျိုးရေးခြံကြီးထက်တောင် ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းပြီး စောင့်ရကျိုးနပ်ပါတယ်။

နောက်ဆုံးမှာတော့ သူမဟာ ရင်းနှီးနေပြီဖြစ်တဲ့ ပုံရိပ်ယောင် သွေးရောင်လှိုင်းလုံးကြီးတွေ သူမဆီကို ဒီရေလို တိုးဝင်လာပြီး ဝါးမြိုသွားတာကို မြင်လိုက်ရပါတော့တယ်။

...

ရှေးဟောင်း ရွက်လှေတစ်စင်းပေါ်မှာဖြစ်သည်။

အယ်လ်ဂျာ ဝီလ်ဆင် ဟာ ကပ္ပတိန်အခန်းကို ပိတ်လိုက်ပြီးနောက် နက္ခတ်တာရာ ကြည့်ကိရိယာနဲ့ သင်္ဘောမှတ်တမ်းစာအုပ်တွေရဲ့ နောက်မှာ ထိုင်လိုက်ပါတယ်။ သူဟာ မိမိရှေ့မှာရှိတဲ့ ထူထပ်သော စာရွက်အထပ်လိုက်ကြီးထဲက အကြောင်းအရာတွေကို အလွတ်ကျက်နေတာပါ။

စုံစမ်းစစ်ဆေးမှုတွေ ပြီးသွားပြီးနောက် သူဟာ အထက်အရာရှိ တွေရဲ့ ဆုချီးမြှင့်မှုတွေကို ရခဲ့ပြီး စည်ကားလှတဲ့ ဘက်ကလန်ကနေ ဘာဝန်ထုပ်ဝန်ပိုးမှမရှိဘဲ ထွက်လာကာ ပင်လယ်ပြင်ကို ပြန်ရောက်လာခဲ့ပါတယ်။ သူ့လက်ထဲမှာတော့ တိတ်တဆိတ် ကူးယူထားတဲ့ ရိုဇယ်လ် ရဲ့ ဒိုင်ယာရီ စာမျက်နှာတွေ ပါလာခဲ့ပါတယ်။

"ပင်လယ်ခရီးသည် ( သင်္ဘောသား လမ်းစဉ် ဆုံမှတ် ၇) ဆေးရည်ကို ချေပျက်အောင် လုပ်ပြီးရင် ငါ ပုံမှန်အတိုင်း အဆင့်တက်နိုင်ပြီ။ ငါ့ရဲ့ စွမ်းဆောင်ရည်တွေက ဆေးရည်ဖော်စပ်နည်းနဲ့ ပါဝင်ပစ္စည်းတွေ ဘုရားကျောင်းကနေ လဲလှယ်ဖို့ လုံလောက်ပါတယ်... ဒါပေမဲ့ ဒါက ငါ 'သရုပ်ဆောင်ခြင်း နည်းလမ်း' ကို သိနေတယ်ဆိုတာကို ဖော်လိုက်သလို ဖြစ်သွားလိမ့်မယ်။ အားသာချက်ရော အားနည်းချက်ရော ရှိတာပေါ့..." အယ်လ်ဂျာဟာ စိတ်ပျံ့လွင့်စွာနဲ့ ခေါင်းခါလိုက်မိပါတယ်။

အဲဒီအချိန်မှာ သူဟာ အရူး ရဲ့ ဆင့်ခေါ်မှုကို ခံစားလိုက်ရပါတယ်။ သူ့စိတ်ထဲမှာ ဒု လက်ထောက်ဗိုလ်ကြီး ဟာရီကိန်း ချီလုံဂို့စ် ရဲ့ ရုပ်အလောင်းကနေ အသားနဲ့ သွေးတွေ ပုပ်ပွပြီး မျက်နှာအရေခွံတွေ ကွာကျနေတဲ့ ပုံရိပ်ကို ရုတ်တရက် သတိရသွားမိပါတယ်။ အယ်လ်ဂျာဟာ မသိစိတ်အတိုင်း ခေါင်းငုံ့လိုက်ပြီး သွေးရောင်ဒီရေတွေရဲ့ ဝါးမြိုမှုကို ခံယူလိုက်ပါတယ်။

...

မီးခိုးရောင် မြူခိုးတွေ အထက်၊ လူ့ဘီလူးကြီးတွေ နေတဲ့ နန်းတော်နဲ့တူတဲ့ နေရာမှာဖြစ်သည်။

ကလိုင်းဟာ သူ့ရဲ့ စိတ်ဝိညာဉ် အမြင် ကို အသက်သွင်းပြီး တရားမျှတမှု ၊ ဇောက်ထိုးနတ်မင်း နဲ့ နေမင်း တို့ရဲ့ အခြေအနေကို စစ်ဆေးလိုက်ပါတယ်။

အော်ဒရီဟာ အားလုံးကို ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်ဖို့ ပြင်လိုက်စဉ်မှာပဲ လူဇောက်ထိုးက သူမထက် အရင်ဦးအောင် စကားပြောဖို့ အချက်ပြလိုက်တာကို မြင်လိုက်ရပါတယ်။

"မစ္စတာ အရူး၊ ကျွန်တော် ဒီတစ်ခါ ရိုဇယ်လ်ရဲ့ ဒိုင်ယာရီ ၁၉ မျက်နှာ ရလာပါတယ်။ ဒီနေရာမှာ ချီလုံဂို့စ်ကို ရှင်းဖို့အတွက် အရှင်ရဲ့ ကိုးကွယ်ယုံကြည်သူကို စေလွှတ်ပြီး ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ဒီဒိုင်ယာရီ စာမျက်နှာတွေက ကျွန်တော် ပေးရမယ့် အဖိုးအခပဲ ဖြစ်ပါတယ်!"

“*၁၉ မျက်နှာတောင်လား? မဆိုးဘူးပဲ..”*. ကလိုင်းဟာ ကိုးကွယ်ယုံကြည်သူ အကြောင်းကို အများကြီး မပြောတော့ဘဲ ခပ်မှိန်မှိန်လေး ပြုံးလိုက်ပါတယ်။

"ဒါက တန်ဖိုးတူ လဲလှယ်ခြင်း နိယာမပဲလေ"

"မစ္စတာ အရူးဆိုတာ ထင်တဲ့အတိုင်းပါပဲလား... ဂမ္ဘီရပစ္စည်းတစ်ခု ပိုင်ဆိုင်ထားတဲ့ ပင်လယ်ဓားပြ ဒုဗိုလ်တစ်ယောက်ဆိုတာ 'အရှင်' အတွက်တော့ ဘာမှမဟုတ်ဘူးပဲ... ကြည့်ရတာ ငါ ဆုကြေးငွေ ထုတ်ယူခဲ့တဲ့အကြောင်း ပြောဖို့ မလိုတော့ဘူး ထင်တယ်။ မစ္စတာ အရူးကို ကိုးကွယ်ယုံကြည်သူတွေထဲမှာ ဆုံမှတ်မြင့် သာလွန်သူ ဘယ်နှစ်ယောက်တောင် ရှိနေမလဲ မသိဘူး..." အော်ဒရီဟာ သူမကိုယ်တိုင်တောင် သတိမထားမိဘဲ အရူး ကို ရည်ညွှန်းရာမှာ 'အရှင်' ဆိုတဲ့ စကားလုံးကို စသုံးနေပါပြီ။

အရူးရဲ့ အဖြေကို ကြားရတဲ့အခါ အယ်လ်ဂျာက နှိမ့်ချစွာနဲ့ "ကျွန်တော့်ရဲ့ လက်ရှိ မှတ်ဉာဏ် အကန့်အသတ်အရ ၆ မျက်နှာပဲ မှတ်မိပါသေးတယ်။ ကျန်တာတွေကို အခါအားလျော်စွာ ခွဲပြီး ပေးခွင့်ပြုပါ" လို့ ပြောပါတယ်။

"ပြဿနာမရှိပါဘူး" ထူထပ်တဲ့ မီးခိုးရောင် မြူခိုးတွေ ဝန်းရံထားတဲ့ ကလိုင်းက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်ပါတယ်။

နေမင်း ဒဲရစ်ဟာ လူဇောက်ထိုးရဲ့ ရှေ့မှာ ပေါ်လာတဲ့ စာမျက်နှာတွေကို ကြည့်ပြီး ဒိုင်ယာရီရဲ့ အကြောင်းအရာတွေကို အလွန်စိတ်ဝင်စားနေမိပါတယ်။ အရင် အတွေ့အကြုံတွေအရ မစ္စတာ အရူး စိတ်ဝင်စားတဲ့ အရာတွေမှာ လျှို့ဝှက်ချက်တွေ အများကြီး ပါမယ်လို့ သူ ယုံကြည်ထားပါတယ်။ သူက မဒမ် တရားမျှတမှုကို ကြည့်လိုက်ရာ သူမမှာလည်း မေးမြန်းချင်စိတ် မရှိတာကို တွေ့ရလို့ သူလည်း သတိကြီးစွာနဲ့ တိတ်တဆိတ် နေလိုက်ပါတယ်။

မကြာခင်မှာ ဒိုင်ယာရီ ၆ မျက်နှာဟာ ပြည့်စုံသွားပြီး ကလိုင်းရဲ့ လက်ထဲကို ရောက်လာပါတော့တယ်။

အော်ဒရီနဲ့ တခြားသူတွေဟာ ငြိမ်သက်စွာ စောင့်နေကြပါတယ်။ သူတို့က ဒီလို အခြေအနေမျိုးကို ကျင့်သားရနေကြပါပြီ။

ကလိုင်းဟာ ငုံ့ကြည့်ပြီး ပထမဆုံး စာမျက်နှာကို ဖတ်လိုက်ပါတယ် -

"ဒီဇင်ဘာ ၁၆ ရက်။ မုန်တိုင်းထဲမှာ ပိတ်မိနေပြီး အမှောင်ထုထဲမှာ လမ်းပျောက်နေတဲ့ အဲ့ဒီ သနားစရာကောင်းတဲ့ လူနဲ့ ငါ ဆက်သွယ်နိုင်ခဲ့ပြီ။"

*”နောက်ဆုံးတော့ အရင်က ဒိုင်ယာရီ စာမျက်နှာတစ်ခုရဲ့ နောက်ဆက်တွဲကို တွေ့ရပြီပဲ... “*ကလိုင်းဟာ ဝမ်းသာသွားပြီး ပိုအာရုံစိုက်ကာ ဖတ်လိုက်ပါတယ် -

"သူက သူ့ကိုယ်သူ မစ္စတာ တံခါး လို့ ခေါ်ပြီး ရှုပ်ထွေးခက်ခဲတဲ့ အစီအရင်တစ်ခုကို ငါ့ကို သင်ပေးဖို့ ကြိုးစားနေတယ်။ သူက သူ့ကို လက်ရှိကမ္ဘာထဲ ပြန်ရောက်အောင် ကူညီပေးစေချင်ပြီး ငါ့ရဲ့ တောင်းဆိုချက် သုံးခုကို ဖြည့်ဆည်းပေးမယ်လို့ ကတိပေးထားတယ်။

သူက ငါ့ကို လူအထင်နေတာလား? ငါက ဘဝနှစ်ခုပေါင်းရင် အသက် ၆၀ ကျော်နေပြီ။ ဒါက နတ်ဆိုးတွေနဲ့ မိစ္ဆာတွေ သုံးနေကျ လှည့်ကွက်မျိုးဆိုတာ ငါ မသိဘူးလို့ သူ ထင်နေတာလား?

ဒါပေမဲ့ သူ ပြောပြတဲ့ စတုတ္ထ ခေတ် ရဲ့ သမိုင်းကြောင်းကတော့ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်‌။"

All Chapters