ရှင်းလင်းချက်
Vol. 22 Ch. 219
အကယ်၍ 'မစ္စတာအရူး' က ‘ရိုဇယ်လ်ရဲ့ ဒိုင်ယာရီထဲ’ မှာ ရိုးရှင်းတဲ့ အခြေခံဗဟုသုတတွေပဲ ပါတယ်လို့ ပြောခဲ့ရင် 'လူဇောက်ထိုး’' အယ်လ်ဂျာအနေနဲ့ အဲဒီအဖြေအတွက် 'တန်ဖိုး' တစ်ခု ပေးဖို့ ဝန်လေးနေမှာပါ။ တစ်ဖက်မှာလည်း 'ရိုးရှင်းတဲ့' ဆိုတဲ့ စကားက သူ့ရဲ့ သိချင်စိတ်ကို သတ်ပစ်လိုက်သလို ဖြစ်နေသလို၊ နောက်တစ်ဖက်မှာလည်း 'မစ္စတာ အရူး' နဲ့ အလှဲအလှယ်လုပ်တိုင်း မိစ္ဆာနတ်ဘုရားတွေ ဒါမှမဟုတ် နတ်ဆိုးတွေနဲ့ ပဋိညာဉ်ဖွဲ့မိပြီး ဒုက္ခရောက်ကုန်ကြတဲ့ သာလွန်သူ သာဓကတွေကို သတိရပြီး အမြဲစိုးရိမ်နေတတ်လို့ ဖြစ်ပါတယ်။ရှင်းရှင်းပြောရရင် ‘မစ္စတာ အရူး' ကို အယ်ဂျာက ယုံကြည်ခြင်း မရှိခဲ့ပါဘူး။
ဒါပေမဲ့ အခုတော့ ဒီရိုးရှင်းလှပါတယ်ဆိုတဲ့ အခြေခံဗဟုသုတတွေရဲ့ အနှစ်သာရကို သိသွားရတဲ့အတွက် သူ့ရဲ့ စိတ်ဝင်စားမှုက အထွတ်အထိပ်ကို ရောက်သွားပါပြီ။ ဒါပေမဲ့လည်း မစ္စတာ အရူး ပြောလိုက်တဲ့ နိယာမထဲက အစိတ်အပိုင်းအချို့ကို သူ နားမလည်နိုင်သေးသလို၊ သဘောတရားကိုလည်း အမှန်တကယ် လက်တွေ့ကျကျ သို့မဟုတ် နက်နက်ရှိုင်းရှိုင်း သဘောပေါက်နိုင်စွမ်း မရှိသေးပါဘူး။ ဒါကြောင့်ပဲ သူဟာ မထိန်းချုပ်နိုင်တဲ့ စိတ်လှုပ်ရှားမှုတွေနဲ့အတူ အရမ်းကို ရိုသေကိုင်းရှိုင်းစွာနဲ့ မေးလိုက်ပါတယ်။
"မစ္စတာ အရူး... အရှင်က ဘယ်လိုမျိုး အဖိုးအခကို အလိုရှိပါသလဲ"
"ဟုတ်ပါတယ်... ဟုတ်ပါတယ်..."
'တရားမျှတမှု' အော်ဒရီကလည်း သူမကိုယ်တိုင် မေးချင်တဲ့အချက် ဖြစ်နေလို့ သိသိသာသာ မဟုတ်ပေမဲ့ ခေါင်းကို ခဏခဏ ညိတ်ပြနေမိပါတယ်။
'နေမင်း' ဒဲရစ်ကတော့ တိတ်ဆိတ်နေတုန်းပဲ၊ ဘာကိုယ်အမူအရာမှ မပြပေမဲ့ 'အရူး' ဆီ စိုက်ကြည့်နေတဲ့ သူ့အကြည့်တွေကပဲ အရာအားလုံးကို ဖော်ပြနေတော့တာပါပဲ။
ဒီလို တုံ့ပြန်မှုကို စောင့်နေတဲ့ ကလိုင်းက ပြုံးလိုက်ပြီး -
"လျှို့ဝှက်အမိန့်တော်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေပဲ" လို့ မိန့်ကြားလိုက်ပါတယ်။
"လျှို့ဝှက်အမိန့်တော်..."
'လူဇောက်ထိုး’' အယ်လ်ဂျာက နာမည်ကို တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။ သူက ဒီနာမည်နဲ့ စိမ်းတာတော့ မဟုတ်ပါဘူး။ တစ်ခါက လျှို့ဝှက်အမိန့်တော် အပါအဝင် တခြား လျှို့ဝှက်ဂိုဏ်းတွေအကြောင်းကို မစ္စ အော်ဒရီကို ရှင်းပြပေးခဲ့ဖူးပြီး အဲဒီအတွက် အဖိုးအခကိုလည်း ရခဲ့ဖူးပါတယ်။
အော်ဒရီနဲ့ ဒဲရစ်တို့ နှစ်ယောက်လုံးကတော့ မသိစိတ်ကနေ မျက်မှောင်ကြုတ်လိုက်ကြပါတယ်။ အော်ဒရီရဲ့ လျှို့ဝှက်အမိန့်တော် အဖွဲ့အပေါ် နားလည်မှုက 'လူဇောက်ထိုး’ ရှင်းပြခဲ့သလောက်သာ ရှိပြီး ဒဲရစ်ကတော့ ဒီလို အဖွဲ့အစည်းမျိုး ရှိတာကိုတောင် တစ်ခါမှ မကြားဖူးပါဘူး။
ကလိုင်းက 'နေမင်း' ရဲ့ ခံစားချက်ကို ကြိုတွက်ထဆားပြီးသားမို့လို့ အံ့သြတာမျိုး မရှိပါဘူး။ သူ့တွက်ချက်မှုအရ 'ငွေရောင်မြို့တော်' ရှိတဲ့ နယ်မြေဟာ 'နတ်ဘုရားကို ပုန်ကန်နိုင်သော ပထမကျောက်ပြား' စပြီး ပေါ်တဲ့အချိန်နဲ့ 'ဒုတိယကျောက်ပြား' မပေါ်ခင်ကြား ဖြစ်ခဲ့တဲ့ 'တတိယခေတ်' ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီနေရာဟာ ကမ္ဘာပျက်ကပ်ဘေးကြီးရဲ့ တိုက်ရိုက်အကျိုးဆက် ဒါမှမဟုတ် နောက်ဆက်တွဲ ကျန်နေခဲ့တဲ့ စစ်မြေပြင် တစ်ခုတောင် ဖြစ်နေနိုင်ပါတယ်။ 'ဇာရာတူးလ်' မိသားစုက 'စတုတ္ထခေတ်' ရောက်မှ သမိုင်းစင်မြင့်ပေါ် တက်လာတာဖြစ်ပြီး 'လျှို့ဝှက်အမိန့်တော်' အဖွဲ့ကတော့ စတုတ္ထခေတ်ရဲ့ နောက်ဆုံးပိုင်းမှာမှ ပေါ်လာတာပါ။ ဒါကြောင့် လျှိူ့ဝှက် အမိန့်တော် နဲ့ နေမင်း ရဲ့‘နတ်ဘုရားတို့စွန့်ပစ်ထားသော နယ်မြေ’
နှစ်ခုလုံးက တစ်ခေတ်တည်းမှာ စင်ပြိုင်ပေါ် လာဖို့ က မဖြစ်နိုင်ပါဘူး။
အကယ်၍များ 'နေမင်း' က လျှို့ဝှက်အမိန့်တော် အကြောင်း သိနေရင် ကလိုင်းအတွက် ပိုအံ့သြစရာ ဖြစ်နေမှာပါ။ အဲဒီလိုဆိုရင် ကလိုင်းက သူ့ရဲ့ တွက်ချက် ခန့်မှန်းမှုတွေကို ပြန်ပြင်ရမှာဖြစ်သလို ‘ငွေရောင်မြို့တော်’ ၊ ‘နတ်ဘုရားတို့ စွန့်ပစ်ထားတဲ့ နယ်မြေ’ နဲ့ ‘’ ဇာရာတူးလ် မိသားစု’ တို့နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကိုလည်း အစကနေ ပြန်စဥ်းစားရပါလိမ့်မယ်။
စက္ကန့်နှစ်ဆယ်လောက် တိတ်ဆိတ်သွားပြီးနောက် အယ်လ်ဂျာဟာ မီးခိုးရောင်မြူထုထဲက 'အရူး' ကို ကြည့်ပြီး စကားလုံးတွေကို သေချာရွေးပြောလိုက်ပါတယ်။
"ကျွန်တော် ဒီတောင်းဆိုချက်ကို လက်ခံပါတယ်။ ‘လျှို့ဝှက်အမိန့်တော် ‘နဲ့ ပတ်သက်တဲ့ သတင်းတွေကို စုဆောင်းပေးပါ့မယ်။ ဒါပေမဲ့... အရှင်က နိယာမ အကြောင်း ကို ကြိုပြီး ရှင်းပြပေးနိုင်မလား"
နတ်ဘုရားတစ်ပါးလို့ ယူဆရတဲ့ မစ္စတာ အရူးက ရှေးဟောင်းလျှို့ဝှက်အဖွဲ့အစည်းတစ်ခုကို စိတ်ဝင်စားနေတာ အံ့သြစရာ မဟုတ်လို့ အယ်လ်ဂျာအနေနဲ့ ဇဝေဇဝါ မဖြစ်ပါဘူး။
အဲဒီထက် ပိုအရေးကြီးတာက အစည်းအဝေးတွေ အများကြီး လုပ်ပြီးနောက် သူ့စိတ်ထဲမှာ ခန့်မှန်းချက်တစ်ခု ရှိနေတာပါ။ မစ္စတာ အရူးရဲ့ လက်ရှိအခြေအနေက ပြီးပြည့်စုံတဲ့ အကောင်းဆုံး အခြေအနေ မဟုတ်ဘဲ 'အရှင်' ဟာ တစ်စုံတစ်ခုသော အကျပ်အတည်းမှာ ပိတ်မိနေတယ်ဆိုတဲ့ ခန့်မှန်းချက်ပါပဲ။ မြောက်ပိုင်းနဲ့ တောင်ပိုင်း ကုန်းမြေတိုက်ကြီးတွေပေါ်က မစ္စတာ အရူး ရဲ့ ကြိုးပမ်းမှုတွေနဲ့ 'သူရဲ့ ကိုးကွယ် ယုံကြည်သူ နောက်လိုက်တော်' တွေရဲ့ လှုပ်ရှားမှုတွေဟာ 'အရှင်' ကို အဲဒီချုပ်နှောင်မှုတွေကနေ လွတ်အောင် ကူညီပေးနေတာပဲ ဖြစ်မယ်။
'ဒါဟာ စတုတ္ထခေတ်နောက်ပိုင်းမှာ နတ်မင်းခုနစ်ပါး က ဘာလို့ လူ့လောကထဲမှာ ကိုယ်ထင်မပြကြတော့တာလဲဆိုတဲ့ ကြီးမားတဲ့ လျှို့ဝှက်ချက်နဲ့တောင် ဆက်စပ်နေနိုင်တယ်...' ဆိုတဲ့ အတွေးတစ်ခုက အယ်လ်ဂျာရဲ့ စိတ်ထဲမှာ လျှပ်ခနဲ ပေါ်လာပြီး နတ်ဘုရားတို့ရဲ့ နယ်ပယ်ထဲ ခြေစုံပစ်ဝင်မိသလို ခံစားလိုက်ရလို့ တစ်ကိုယ်လုံး တုန်သွားပါတယ်။
'လူဇောက်ထိုး' ရဲ့ တောင်းဆိုချက်ကို ကြားတဲ့အခါ ကလိုင်းက ထိုင်ခုံနောက်မှီကို မှီချလိုက်ပြီး ခေါင်းညိတ်ပြလိုက်ပါတယ်။
"ပြဿနာမရှိပါဘူး... မင်းစုဆောင်းလာတဲ့ သတင်းအချက်အလက်တွေက ငါပေးမယ့် အဖြေရဲ့ တန်ဖိုးထက် သာလွန်နေမယ်ဆိုရင် မင်းကို နောက်ထပ် ဆုလာဘ်တွေ ထပ်ပေးဦးမှာပါ"
*”ငါ့အဖြေရဲ့ တန်ဖိုးက မင်းပေးမယ့်သတင်းထက် ပိုမြင့်လားသလား ၊ တန်သလားဆိုတာက တော့ ဟောဒီ့ မြင့်မြတ်လှတဲ့ မစ္စတာ အရူး ဖြစ်တဲ့ ငါကပဲ ဆုံးဖြတ်မှာပေါ့။ ငါ့မှာ ထပ်ပေးနိုင်တဲ့ အစွမ်းရှိရင် ပေးမယ်၊ မရှိရင်တော့ မေ့လိုက်တော့ပေါ့... “*လို့ ကလိုင်းက စိတ်ထဲကနေ ကျိတ်ပြီး ဖြည့်စွက် ပြောလိုက်ပါတယ်။
'တရားမျှတမှု' အော်ဒရီရဲ့ မျက်ဝန်းတွေက ရုတ်တရက် တောက်ပသွားပြီး လက်ကို မြှောက်ကာ -
"ကျွန်မလည်း ဒီလိုသတင်းအချက်အလက် လဲလှယ်မှုမှာ ပါဝင်ချင်ပါတယ်" လို့ ပြောလိုက်ပါတယ်။
ကလိုင်းက ရယ်မောပြီး - "ရတာပေါ့" လို့ ပြန်ပြောလိုက်ပါတယ်။
အမှန်အတိုင်း ပြောရရင် သူ့ရဲ့ အဓိက ပစ်မှတ်က မစ္စ အော်ဒရီပါပဲ။ အကြောင်းက သူမဟာ ဘက်ကလန် မြို့ခံတစ်ဦး ဖြစ်တဲ့အပြင် တချို့သော သာလွန်သူ အသိုင်းအဝိုင်းနဲ့လည်း ရောနှောနေသူ ဖြစ်လို့ပါ။ မြို့တော်ကို ပထမဆုံးအကြိမ် ရောက်လာတဲ့ ကလိုင်းနဲ့ ယှဉ်ရင် 'မျှော်လင့်ချက်တို့ရဲ့ ကုန်းမြေ' က သတင်းတွေကို သူမက ရနိုင်စွမ်း ပိုရှိပါတယ်။ ဒါ့အပြင် ပင်လယ်ပြင်မှာ အချိန်ကုန်နေတတ်တဲ့ ‘လူဇောက်ထိုး’' ထက်လည်း သူမက ဘက်ကလန်နဲ့ ပတ်သတ်ပြီး သတင်းပိုစုံနိုင်ပါတယ်။ သူ့ရဲ့ နိမိတ်ကောက်ချက်အရ လျှို့ဝှက်အမိန့်တော်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေဟာ တခြားနေရာမှာ မဟုတ်ဘဲ ဘက်ကလန်မြို့မှာပဲ ပေါ်လာလိမ့်မယ်လို့ ကလိုင်းက ယုံကြည်နေပါတယ်။
'နေမင်း' ဒဲရစ်က တိတ်တဆိတ် နားထောင်နေပြီး ခဏစဉ်းစားကာ ပြောလိုက်ပါတယ်။
"ကျွန်တော် အရင်က ချန်ထားခဲ့တဲ့ ရမယ့် အဖိုးအခကို သုံးပြီး ဒီအဖြေနဲ့ လဲချင်ပါတယ်"
အရင်က သုံးယောက်ကြား လုပ်ခဲ့တဲ့ ကုန်သွယ်မှုမှာ သူဟာ ပွဲကြည့်သမား လမ်းစဉ် ဆုံမှတ် ၈ 'စိတ်ချင်းဆက်သွယ်နိုင်သူ' ဆုံမှတ်ဆေးရည် ဖော်မြူလာကို နေမင်းလမ်းစဉ် ဆုံမှတ် ၉ 'ကဗျာစာဆို' နဲ့ လဲခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကလိုင်းက သူ့ကို ပိုတဲ့အဖိုးအခ ပြန်ပေးဖို့ ကတိပေးခဲ့ပြီး သူကတော့ အဲဒီအဖိုးအခကို နောက်ထပ် လိုမယ့် ဆေးရည်ဖော်မြူလာတွေနဲ့ အဓိက ပါဝင်ပစ္စည်းတွေနဲ့ လဲဖို့ ချန်ထားခဲ့ပါတယ်။
ကလိုင်းဟာ ခေါင်းညိတ်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ ရှင်းလင်းချက်ကို စတင် မိန့်ကြားပါတော့တယ်။
"ဆုံမှတ်တူ သာလွန်သူ နိယာမ ဆိုတာက အိမ်နီးချင်း လမ်းစဉ်တွေကို ဆိုလိုတာ။ဆုံမှတ်မြင့် သာလွန်သူတွေအနေနဲ့ တခြားသော လမ်းစဉ်တွေနဲ့ အပြန်အလှန် လဲလှယ်နိုင်တာကို ဆိုလိုတာပဲ။"
"ဥပမာတစ်ခု ပေးရရင်... သေခြင်း လမ်းစဉ်ရဲ့ ဆုံမှတ် ၅ 'တံခါးမှူး' ဟာ ပုံမှန်အတိုင်း အဆင့်တက်နိုင်ရုံတင် မဟုတ်ဘဲ ဆည်းဆာဘီလူး လမ်းစဉ်ရဲ့ ဆုံမှတ် ၄ ဖြစ်တဲ့ 'နတ်ဆိုး အမဲလိုက်သူ'အဖြစ်ကိုလည်း ရွေးချယ် ပြောင်းလဲနိုင်တယ်။"
"ဒီလို ပြောင်းလဲတာက စိတ်လွတ်သွားမယ့် အန္တရာယ် မရှိသလို ရူးသွပ်မှုတွေကိုလည်း စုပုံမလာစေဘူး။ ဒါဟာ မှားယွင်းတဲ့ ဆေးရည်ကို သောက်မိတာနဲ့ လုံးဝ မတူဘူး။"
"ဒါပေမဲ့ ဆုံမှတ်တူ မဟုတ်တဲ့ လမ်းစဉ်ကို ပြောင်းမယ်ဆိုရင်တော့ဖြစ်လာနိုင်တဲ့ ရလဒ်က စိတ်ဖောက်ပြန်ပြီး ရူးလုနီးပါး ဖြစ်သွားဖို့ပဲ ရှိတယ်"
" လမ်းစဉ် ပြောင်းလို့ ရတယ် ဟုတ်လား"
အော်ဒရီက အံ့သြဝမ်းသာစွာနဲ့ လွှတ်ခနဲ မေးလိုက်မိပါတယ်။
ဆုံမှတ်လမ်းစဉ်တွေဟာ လုံးဝ ပုံသေကားကျ မဟုတ်ဘဲ မူလလမ်းကြောင်းအတိုင်း အဆုံးထိ လျှောက်ဖို့ မလိုမှန်း သိလိုက်ရလို့ သူမ အံ့သြသွားရတာပါ။ လမ်းစဉ်ပြောင်းလဲခြင်းအတွက် ပေးဆပ်ရမယ့် တန်ဖိုး အကျိုးဆက်က စိတ်ဖောက်ပြန်တာ ဒါမှမဟုတ် ရှေ့ဆက်တိုးလို့ မရတော့တာမျိုး တစ်ခုမှ မဟုတ်ပါဘူး။ နတ်ဘုရားလမ်းစဉ် ၂၂ ခုထဲမှာ လမ်းစဉ် ပြောင်းလဲလို့ရတဲ့ ထူးခြားတဲ့အခြေအနေတွေ ရှိနေတာပဲ ဖြစ်ပါတယ်။
သူမကို ပိုဝမ်းသာစေတာက နောင်တစ်ချိန်မှာ နောက်ထပ် လမ်းစဉ် ရွေးချယ်ခွင့်တစ်ခု ရှိနေတာပါ။ အဲဒါဟာ ဖီလစ် ရဲ့ စတိုးဆိုင်မှာ မိမိစိတ်ဝင်စားတာကို ရွေးဝယ်နိုင်သလို ခံစားချက်မျိုးမို့ အော်ဒရီ အတွက် အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံတစ်ခု ဖြစ်နေတော့တာပါပဲ။
*”ဒါကြောင့်ကိုး…”*
အယ်လ်ဂျာက စိတ်ထဲကနေ တိုးတိုးလေး ရေရွတ်လိုက်မိပါတယ်။ သူဟာ အရာရာကို တစ်ပြိုင်နက်တည်း နားလည်သွားသလို ခံစားလိုက်ရပြီး အတိတ်က ကြုံခဲ့ရတဲ့ သံသယများစွာကိုလည်း ရှင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီသတင်းအချက်အလက်က တကယ်ကို တန်ဖိုးဖြတ်လို့ မရဘူး။ မစ္စတာ အရူးဆိုတဲ့ အမည်နာမနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ သူ့ရဲ့ ရိုးရှင်းတဲ့ အခြေခံဗဟုသုတဆိုတာတောင် ဆုံမှတ်နိမ့် သာလွန်သူတွေကို တုန်လှုပ်ခြောက်ခြားစေပြီး အကျိုးကျေးဇူး အများကြီး ပေးနိုင်တာပဲ... လို့ သူက စိတ်ထဲက သက်ပြင်းချပြီး မှတ်ချက်ပြုလိုက်ပါတယ်။
'နေမင်း' ဒဲရစ်ကတော့ လမ်းစဉ်ပြောင်းဖို့ အစီအစဉ် မရှိလို့ အနည်းငယ် စိတ်ပျက်သွားရပါတယ်။ သူဟာ အမှောင်ထုကို လင်းစေပြီး ကျိန်စာတွေကို ဖယ်ရှားပေးနိုင်မယ့် 'နေမင်း' သာ ဖြစ်ချင်တာပါ။
ဒါပေမဲ့ သူဟာ ငွေရောင်မြို့တော်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ရုတ်တရက် သတိရသွားပါတယ်။
ငွေရောင်မြို့တော်ရဲ့ ခေါင်းဆောင်ဟောင်းကြီးဟာ 'နတ်ဆိုး အမဲလိုက်သူ'(ဆည်းဆာ ဘီလူး လမ်းစဉ် ဆုံမှတ်၄) ရဲ့ ကန့်သတ်ချက်တွေကို ကျော်ဖြတ်ပြီး ဆုံမှတ် ၃ ဖြစ်လာနိုင်တဲ့ အခွင့်အလမ်း အရှိဆုံး အစွမ်းထက်ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ခဲ့ပါတယ်။ သူဟာ မိမိကိုယ်တိုင်အတွက် ဂူဗိမာန် တစ်ခုကို တည်ဆောက်ခဲ့ပြီး အဲဒီထဲကို ဝင်ကာ အခြေချ နေထိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ လူမြင်ကွင်းကို ထွက်မလာတော့ဘဲ နောက်ဆုံးမှာ အဲဒီဂူဗိမာန်ရဲ့ တံခါးမကြီးကိုလည်း ဘယ်သူမှ ဖွင့်လို့ မရတော့ပါဘူး။
အဲဒီတုန်းက ငွေရောင်မြို့တော်သားအားလုံးက ခေါင်းဆောင်ကြီးဟာ အဆင့်တက်တုန်း ပြဿနာတစ်ခုခု ကြုံပြီး စိတ်လွတ်ကာ ရူးသွပ်သွားတယ်လို့ပဲ ယုံကြည်ခဲ့ကြပါတယ်။ သူဟာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားပြီလို့လည်း ယူဆခဲ့ကြတာပါ။
အခု ‘’မစ္စတာ အရူး” ရဲ့ ဖော်ပြချက်နဲ့ ပေါင်းလိုက်တဲ့အခါ 'နေမင်း' ဟာ တခြား ဖြစ်နိုင်ချေတစ်ခုကို ရုတ်တရက် တွေးမိသွားပါတော့တယ်။
အဲဒီခေါင်းဆောင်ကြီးဟာ အိမ်နီးချင်း လမ်းစဉ်တစ်ခုကနေ ဆုံမှတ် အဆင့်တက်ဖို့ ကြိုးစားခဲ့တာ ဖြစ်နိုင်ပါတယ်။
အမှောင်နယ်မြေတွေထဲကို နက်နက်ရှိုင်းရှိုင်း စူးစမ်းခဲ့တုန်းက သူဟာ သေခြင်းလမ်းစဉ်နဲ့ ဆိုင်တဲ့ ဖော်မြူလာကို ရခဲ့တာ ဖြစ်နိုင်ပြီး အဲဒီဂူဗိမာန်ကလည်း ဆုံမှတ်အဆင့်တက်ဖို့ အထူးလိုအပ်ချက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ သူ ကျရှုံးသွားတာလား? အဲဒီလိုဆိုရင် သူဟာ ဘာလို့ မိစ္ဆာသားရဲ အဖြစ် ပြောင်းမသွားတာလဲ? အဲဒီမှောင်မည်းနေတဲ့ ဂူဗိမာန်ထဲမှာ သူ ဘာတွေနဲ့ ကြုံခဲ့ရလဲ?
ငွေရောင်မြို့တော်မှာ 'နတ်ဆိုး အမဲလိုက်သူ' နောက်ပိုင်းက ဆုံမှတ်ဆေးရည် ဖော်မြူလာတွေ မရှိတော့လို့လား?
ဒီအတွေးတွေ ဝင်နေတုန်းမှာပဲ မစ္စ အော်ဒရီရဲ့ အသံကြောင့် ဒဲရစ် သတိပြန်ဝင်လာခဲ့ပါတယ်။
"မစ္စတာ အရူး... 'ပွဲကြည့်သမား' လမ်းစဉ်နဲ့ ကူးပြောင်းလို့ရတဲ့ တခြားလမ်းစဉ်တွေက ဘာတွေလဲဆိုတာ သိခွင့်ရှိမလားဟင်"
(ဆည်းဆာ ဘီလူး လမ်းစဉ်၊ သေခြင်းလမ်းစဉ် ၊ အိမ်စက်ခြင်းမဲ့ လမ်းစဉ်တွေဟာ ကူးပြောင်းလို့ရတဲ့ အိမ်နီးချင်း လမ်းစဉ်တွေ ဖြစ်ကြပါတယ် ။
ပွဲကြည့်သမားလမ်းစဉ် ၊ နေမင်း လမ်းစဉ် ၊ သင်္ဘောသားလမ်းစဉ် ၊ လျှိူ့ဝှက် ဆုတောင်းသူ လမ်းစဉ် ၊ စာဖတ်သူ လမ်းစဉ် တွေဟာ အိမ်နီးချင်းလမ်းစဉ်တွေ ဖြစ်ကြပါတယ်)
*”ဆုံမှတ် ၄ နတ်ဆိုး အမဲလိုက်သူ ဆိုတဲ့ နာမည်က တကယ်ကို နားထောင်လို့ ကောင်းတာပဲ။ ငါနဲ့လည်း သင့်တော်တယ်၊ တရားမျှတမှု ဆိုတဲ့ အမည်နဲ့လည်း လိုက်ဖက်တယ်…”*
အော်ဒရီဟာ သူမ ပထမဆုံး သိခွင့်ရတဲ့ ဆုံမှတ်မြင့် သာလွန်သူ နာမည်ကို အားကျစွာနဲ့ တွေးနေမိပါတယ်။
*”ငါလည်း သိချင်တာပေါ့... “*လို့ ကလိုင်းက မစ္စ အော်ဒရီရဲ့ မေးခွန်းကို အဲဒီအတိုင်းပဲ ပြန်ဖြေလိုက်ချင်စိတ် ပေါက်သွားပါတယ်။
သူ တစ်ခုခု မပြောခင်မှာပဲ အော်ဒရီက တုန်ယင်တဲ့ အသံနဲ့ ထပ်ပြောလိုက်ပါတယ်။
"ကျွန်မ... ကျွန်မ ဒီမေးခွန်းအတွက် အဖိုးအခ ပေးနိုင်ပါတယ်။ ရွှေပေါင် ဘယ်လောက်ဆိုရင် လုံလောက်မလဲဟင်။ အရှင်ရဲ့ ကိုးကွယ်ယုံကြည်သူ နောက်လိုက်တော်တွေ လှုပ်ရှားဖို့အတွက် ရန်ပုံငွေ အချို့ လိုမယ်လို့ ကျွန်မ ယုံကြည်ပါတယ်..."
အဲဒီလို ပြောပြီးမှပဲ မစ္စတာ အရူးရဲ့ နောက်လိုက်တော်ဟာ 'ဘယင်္ကရ ဘောဇက လက်အိတ်' ကို ပိုင်တဲ့ ပင်လယ်ဓားပြ ဗိုလ်ချုပ် ချီလုံဂို့စ် ကို အလွယ်တကူ သုတ်သင်နိုင်ခဲ့တာကို အော်ဒရီ သတိရသွားပါတယ်။ အဲဒီသူဟာ ဆုံမှတ်မြင့် သာလွန်သူတစ်ဦး ဖြစ်နေတာ ထင်ရှားနေတော့ သူမဟာ "တောင်းပန်ပါတယ် မစ္စတာ အရူး... ကျွန်မ ဘာမှ မပြောခဲ့သလိုပဲ သဘောထားပေးပါ" လို့တောင် ပြောမိတော့မလို ဖြစ်သွားပါတယ်။
ဒါပေမဲ့လည်း သူမ မေးပြီးသွားပြီမို့လို့ နောက်ဆုတ်လို့ မရတော့ပါဘူး။
*”ကဲ... အော်ဒရီ၊ မင်း လုပ်နိုင်ပါတယ်။ မစ္စတာ အရူးမှာ အစွမ်းနည်းတဲ့ နောက်လိုက်တွေလည်း ရှိနိုင်တာပဲ မဟုတ်လား “*
လို့ အော်ဒရီက နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ပြီး မိမိကိုယ်ကိုယ် အားပေးနေမိပါတယ်။
*”ရွှေပေါင်လား... “*ကလိုင်းက အဲဒီအချက်ကို အလေးအနက် စဉ်းစားလိုက်ပြီးမှ -
"လျှို့ဝှက်အမိန့်တော်နဲ့ ပတ်သက်တဲ့ သတင်းတွေ လုံလုံလောက်လောက် ရလာတဲ့အခါမှပဲ ဒီသတင်းအချက်အလပ် ဖလှယ်မှုကို ဆက်လုပ်ကြတာပေါ့" လို့ မိန့်ကြားလိုက်ပါတယ်။
ဒီလို ပြောနေတုန်းမှာပဲ သူဟာ 'စိတ်ပညာ အဂ္ဂရိတ်ဆရာ' အဖွဲ့ထဲက သူ့ရဲ့ သတင်းပေး ဒက်ဒါ ဂူဒါယီယန် ကို သတိရသွားပါတယ်။
*”ကပ္ပတိန်နဲ့ ငါ... ဟူး... ဒက်ဒါက သတင်းပေးတစ်ယောက်ဖြစ်နေနိုင်တယ်ဆိုတဲ့ အထောက်အထားကို ဘယ်သူမှ အတည်မပြုနိုင်တော့ဘူး။ ဒါဟာ အလွမ်းဇာတ်လား၊ အပြုံးဇာတ်လားတောင် မသိတော့ပါဘူး။ သူ့ကို ဆက်သွယ်လို့ မရတော့တာက နှမြောစရာပဲ။ မဟုတ်ရင် သူ့ဆီကနေ ပွဲကြည့်သမား လမ်းစဉ်အကြောင်း သတင်းရဖို့က အလွယ်ဆုံးပဲ..”*
. ကလိုင်းက ပြုံးလိုက်မိပါတယ်။
"ကောင်းပါပြီ" လို့ အော်ဒရီက ပျော်ရွှင်စွာ ပြန်ဖြေပါတယ်။
သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းကြောင့် အလားတူ မေးခွန်းမျိုး မေးဖို့ ပြင်နေတဲ့ 'လူဇောက်ထိုး’' မှာ ပါးစပ်ပိတ်သွားရပါတယ်။ သူဟာ လျှို့ဝှက်အမိန့်တော် အကြောင်း သတင်းတွေ လုံလောက်အောင် စုဆောင်းပြီးတဲ့ အချိန်အထိ စောင့်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။
ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အော်ဒရီဟာ မစ္စတာ အရူးကို ကြည့်ပြီး လက်ကို အသာအယာ မြှောက်လိုက်ပါတယ်။
ခွင့်ပြုချက်ရတဲ့အနေနဲ့ မစ္စတာ အရူး ခေါင်းညိတ်ပြတာကို မြင်တဲ့အခါ သူမဟာ တစ်ဖက်က အဖွဲ့ဝင်ဆီ လှည့်ပြီး မျှော်လင့်တကြီး မေးလိုက်ပါတယ်။
"မစ္စတာ လူဇောက်ထိုး... ကျွန်မပေးတဲ့ သတင်းကြောင့် အရှင်က ဒု လက်ထောက်ဗိုလ် ဟာရီကိန်း ကို အနိုင်ယူနိုင်ခဲ့ပြီပဲ။ အပြန်အလှန်အနေနဲ့ ကျွန်မ မှာထားတဲ့ အရွယ်ရောက်ပြီးသား 'သက်တန့် ကင်းလိပ်ချော' ရဲ့ အစွမ်းထက် 'ချွဲသလိပ် အကျိတ်' ကို အဆင်သင့် ပြင်ထားပြီးပြီလားဟင်"
"ဒါကြောင့်လည်း ကျွန်တော် ပင်လယ်ထဲကို ပြန်သွားခဲ့တာပေါ့..မစ္စရဲ့ ." အယ်လ်ဂျာက ခေါင်းညိတ်ပြလိုက်ပြီး - "မင်းလိုချင်နေတဲ့ သာလွန်သူ ပစ္စည်း ကို ကျွန်တော် ရထားပါပြီ။ ဒါပေမဲ့... ဒါကို မင်းဆီ ဘယ်လို ပေးရမလဲ" လို့ မေးလိုက်ပါတယ်။
*”ဘယ်လိုပေးရမလဲ... ငါ့ဆီ ဘယ်လိုရောက်အောင် ပို့မလဲ... အော်ဒရီဟာ ခဏလောက် ကြောင်သွားပြီး စဉ်းစားခန်း ဝင်သွားပါတော့တယ်။
ငါ့ရဲ့ လိပ်စာကို ပေးဖို့က မဖြစ်နိုင်ဘူး... ဇီယို နဲ့ ဖောစ် တို့ကတစ်ဆင့် ပို့ခိုင်းဖို့ကလည်း… ငါဟာ သာလွန်သူတစ်ဦး ဖြစ်နေတာကို သူတို့ သိသွားလိမ့်မယ်... အင်း... ဒါပေမဲ့ လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အင်ပါယာ ရိုဇယ်လ် ပြောဖူးသလိုပဲ... ဆိုးကျိုးနှစ်ခုထဲက ဆိုးကျိုးအနည်းဆုံးဖြစ်မယ့် တစ်ခုကို ရွေးရမှာပေါ့…”*
အဲဒီအချိန်မှာ ကလိုင်းရဲ့ စိတ်ထဲမှာ အကြံတစ်ခု ရသွားပါတယ်။ သူဟာ စားပွဲရှည်ကြီးရဲ့ အနားသတ်ကို အသာအယာ ခေါက်လိုက်ပြီး ပြုံးကာ -
"မစ္စတရားမျှတမှု ... မစ္စတာ.လူဇောက်ထိုး.. ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါနဲ့အတူ စမ်းသပ်မှု တစ်ခု လုပ်ကြည့်ဖို့ ဆန္ဒရှိကြရဲ့လား" လို့ မိန့်ကြားလိုက်ပါတော့တယ်။