အခန်း (၅၇၆)
Vol. 58 Ch. 576
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၇၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ပိုင်ဆယ်မြို့ရိုးထက်တွင် တစ်ခါမှမကြုံဖူးလောက်အောင် ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်ပွားနေလေ၏။ ယနေ့ မြို့ကိုဝိုင်းရံထားသော စစ်တပ်သည် မနေ့ကထက် များစွာပို၍ အင်အားတောင့်တင်းကြောင်း လီဝမ်ဟွေ့ အထင်အရှား ခံစားမိလိုက်၏။
ဤစစ်တပ်သည် ရွှမ်ချန်နယ်စားမင်း၏ တပ်မဟုတ်ပေ။ သူ၏တပ်က ဤမျှ အင်အားမကြီးသလို ပစ္စည်းကိရိယာများလည်း ဤမျှ မကောင်းမွန်ချေ။ ယခုတပ်၏ သံချပ်ကာနှင့် လက်နက်များသည် တုပိုင်၏ တပ်မတော်နှင့် ယှဉ်နိုင်လောက်ပြီး တိုက်ခိုက်စွမ်းရည်မှာလည်း အလွန်ပင် အားကောင်းလှသည်။
ဤသည်ကား ပင်လယ်ရပ်ခြားအင်ပါယာမှ ဖန်းမိသားစု၏ စစ်တပ်ပင် ဖြစ်သည်။ တကယ့်ကို လက်ရွေးစင်စစ်တပ်ကြီးပင် ဖြစ်လေ၏။ ပြိုင်ဘက်ကင်းရဲတိုက်မှ အရန်စစ်စည်တော်များသည် ငယ်ရွယ်ကြသော်လည်း မွေးကတည်းက ကျားကိုမကြောက်သော ဇာတိသွေးပါသူများ ဖြစ်ကြ၏။ သို့သော် သူတို့သည် အလွန်ပင် ငယ်ရွယ်လွန်းနေသေးသည်။ ဤကလေးများသည် ပြိုင်ဘက်ကင်းရဲတိုက်၏ အနာဂတ်များဖြစ်ကြပြီး ပျမ်းမျှအသက်မှာ ၁၉ နှစ်ထက် မပိုကြသေးချေ။
အကယ်၍ တာ့နင်အင်ပါယာ၏ စစ်တပ်သာဆိုလျှင် ၁၉ နှစ်အရွယ်သည် ရင့်ကျက်သော စစ်သားတစ်ယောက် ဖြစ်နေလောက်ပြီ ဖြစ်သည်။ သို့သော် ပြိုင်ဘက်ကင်းရဲတိုက်တွင်မူ အရန်စစ်သည်တော်များသည် ပထမနှစ်အနည်းငယ်၌ စည်းကမ်း ၊ စစ်နည်းဗျူဟာနှင့် ဂုဏ်သိက္ခာတန်ဖိုးတို့ကိုသာ သင်ယူခဲ့ကြရခြင်း ဖြစ်လေသည်။
တိတိကျကျ ပြောရလျှင် အတွေးအခေါ်နှင့် အမူအကျင့်ဆိုင်ရာ အခြေခံအုတ်မြစ် ချပေးခြင်းသာ ဖြစ်၏။ တိုက်ခိုက်ရေး စွမ်းရည်များနှင့် အင်အားသုံးတိုက်ခိုက်ခြင်းကိုမူ အသက် ၂၀ ကျော်မှသာ စတင်သင်ကြားပေးလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်ကင်းရဲတိုက်မှ လူများ၏ သက်တမ်းသည် သာမန်လူများထက် များစွာပို၍ ရှည်လျားသောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ရဲရင့်ကြသော်လည်း ရန်သူ့စစ်တပ်၏ ပြိုင်ဘက်ကား မဟုတ်ကြသေးပေ။ ထို့နောက် အစုလိုက်အပြုံလိုက် သေဆုံးမှုများ စတင်ပေါ်ပေါက်လာတော့သည်။
လီဝမ်ဟွေ့၏ နှလုံးသားမှာ သွေးစက်လက်ကျနေရပြီ ဖြစ်၏။ သူသည် ဤကလေးများကို အလွန်ပင် ချစ်မြတ်နိုးလှသည်။ လူတိုင်းသည် ရဲရင့်ကြပြီး ဖြောင့်မတ်တည်ကြည်ကာ ဂုဏ်သိက္ခာအပြည့် ရှိကြသည်။
သူတို့ကို ဦးနှောက်ဆေးခံထားရသည်ဟု ပြောချင်ပြော ၊ သို့မဟုတ် ရိုးအကြသည်ဟု ဆိုချင်ဆိုနိုင်သော်လည်း သူတို့သည် နေရောင်ခြည်ကဲ့သို့ တောက်ပသော အဖွဲ့တစ်ဖွဲ့ ဖြစ်ပေသည်။ ဤကလေးများသည် ပြိုင်ဘက်ကင်းရဲတိုက်၏ အနာဂတ်များဖြစ်ကြပြီး ယခုအချိန်တွင် သွေးမြေကျကာ အသက်စွန့်လွှတ်နေကြရပြီ ဖြစ်၏။
ထိုစဉ် မနေ့က မြင်ကွင်းမျိုး ထပ်မံပေါ်ပေါက်လာပြန်သည်။ လက်နက်ချ အညံ့ခံထားသော မိုမိသားစု တပ်ဟောင်းမှ စစ်သည်များသည် နောက်လှည့်ထွက်ပြေးကြပြန်လေသည်။ နောက်ထပ်အကြိမ် တပ်ပျက်သွားပြန်၏။
ရုတ်တရက် မြောက်ဘက်မြို့ရိုးတစ်ခုလုံး အန္တရာယ်ကျရောက်သွားပြီး မကြာမီ ကျိုးပေါက်တော့မည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။
“ဟား ဟား ဟား”
ရွှမ်ချန်နယ်စားမင်း လုကျန့်က ထိုအခြေအနေကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်လေသည်။ ပိုင်ဆယ်မြို့ကို ဖောက်ထွက်ရန်မှာ ယခုအချိန်ပင် ဖြစ်သည်။
ပိုင်ဆယ်မြို့ ကျိုးပေါက်သွားသည်နှင့် တပြိုင်နက် မြို့ထဲရှိ အရာအားလုံးသည် သူ့အပိုင်ဖြစ်လာပေလိမ့်မည်။
ဖန်းမိသားစု၏ နောက်ဆုံးရသတင်းများအရ တုပိုင်သည် မိုမိသားစု အဟောင်းအမြစ်များထံမှ မရေမတွက်နိုင်သော ရွှေ ၊ ငွေနှင့် ပစ္စည်းများကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။
သူ လုကျန့်တစ်ယောက် ကြီးပွားချမ်းသာတော့မည် ဖြစ်၏။ သို့သော် ဤသည်ကား အရေးအကြီးဆုံး မဟုတ်သေးပေ။ ပိုင်ဆယ်မြို့ ပျက်စီးသွားလျှင် တုပိုင် သေမည်။ ဧကရာဇ်လည်း သေမည်ဖြစ်ကာ လောကကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားပေလိမ့်မည်။
ထိုအခါ သူ ရွှမ်ချန်နယ်စားမင်း လုကျန့်သည် ကွမ်ရှီးပြည်နယ် တစ်ဝက်နှင့် ဟူနန်ပြည်နယ် တစ်စိတ်တစ်ပိုင်းကို ရရှိမည်ဖြစ်ပြီး စစ်မှန်သော နယ်စားပယ်ရာတစ်ပါး ဖြစ်လာပေလိမ့်မည်။
“သတ်ကြ... သတ်ကြစမ်း... တစ်ယောက်မကျန် သတ်ပစ်ကြ”
“ပိုင်ဆယ်မြို့ကို ဖောက်ပြီး ဝင်ကြ... အထဲကကောင်တွေ အကုန်လုံးကို သတ်ပစ်... အကုန်သတ်ပစ်ကြ”
“အထဲမှာ ငွေတုံး သန်းပေါင်းများစွာ ရှိတယ်ကွ... လုကြ... ယူကြစမ်း”
ရုတ်တရက် စစ်တပ်ကြီးသည် မြို့ရိုးပေါ်သို့ ပိုမိုရူးသွပ်စွာဖြင့် တိုးဝင်လာကြတော့သည်။ ပိုင်ဆယ်မြို့ရိုးထက်သို့ ရန်သူများ ပို၍ ပို၍ တက်ရောက်လာကြ၏။
ကာကွယ်ရေးစည်းမှာ အန္တရာယ်နှုတ်ခမ်းဝသို့ ရောက်ရှိနေပြီဖြစ်ကာ မိုမိသားစု တပ်ဟောင်းမှ စစ်သည်သစ်များ ထွက်ပြေးကုန်ကြသောအခါ ကာကွယ်ရေးစည်းတစ်ခုလုံး ချက်ချင်းဆိုသလို ပြိုကျလုနီးပါး ဖြစ်သွားရလေသည်။
ထိုအချိန်၌ပင် မြို့စားမင်းလေး ကျီချန်သည် ပြိုင်ဘက်ကင်းရဲတိုက်မှ စစ်သည်တစ်ထောင်ကို ဦးဆောင်လျက် ဝင်ရောက်တိုက်ခိုက်လာလေသည်။
ဤအဖွဲ့သည် အံ့မခန်း တိုက်ခိုက်စွမ်းရည်ရှိသော ထိပ်တန်းလက်ရွေးစင်အဖွဲ့ဖြစ်၏။ သူတို့သည် ကာကွယ်ရေးစည်းကို ချက်ချင်းပင် တည်ငြိမ်သွားစေခဲ့ပြီး ရန်သူများကို တစ်လှမ်းချင်းစီ ပြန်လည် မောင်းထုတ်နိုင်ခဲ့လေသည်။
မြောက်ဘက်မြို့ရိုးပေါ်တွင် တိုက်ခိုက်သံများသည် မိုးကောင်းကင်ကို တုန်ဟည်းစေပြီး သွေးများသည် ကြမ်းပြင်အနှံ့ ဖုံးလွှမ်းသွားတော့၏။
**--**--**--**--**--**--**--**
တာ့လုံခံတပ် စစ်မြေပြင်...။ ဤသည်ကို... စစ်မြေပြင်ဟု ခေါ်နိုင်သေးပါရဲ့လော။ ဤနေရာသည် ငရဲဘုံတစ်ခု ဖြစ်နေပြီဖြစ်ကာ အထီးကျန်ဆန်သော ငရဲခန်းတစ်ခု ဖြစ်သွားရသည်။
“ရွှီးးး ရွှီးးး ရွှီးးး”
တုပိုင်သည် ပျက်စီးခြင်း မြှားများကို ရူးသွပ်မတတ် ပစ်ခတ်နေဆဲဖြစ်၏။ သူ၏ လေးနှင့် မြှားများသည် အလွန်ဝေးကွာသော နေရာအထိ ပစ်ခတ်နိုင်စွမ်း ရှိလေသည်။
ပို၍ ထိတ်လန့်စရာကောင်းသည်မှာ အချို့သောမြှားများကို ယမ်းမှုန့်များတပ်ဆင်ကာ ဒုံးပျံမြှားများအဖြစ် ပြုပြင်ထားခြင်းပင် ဖြစ်သည်။ ဤနည်းအားဖြင့် မီတာတစ်ထောင်ကျော်အထိ ပစ်ခတ်နိုင်လေ၏။
“ရွှီးးးးးး”
“ဝေါ...”
ပျက်စီးခြင်းမြှားတံသည် ကြယ်တံခွန်တစ်ခုအလား ကျဆင်းလာပြီး လူအုပ်ကြားထဲသို့ ဝင်ရောက်သွားတော့သည်။
“ဘုန်းးးးး” ထို့နောက် တုန်လှုပ်ဖွယ်ရာ ငရဲမီးတောက်များ ထွက်ပေါ်လာလေ၏။ ထို့နောက်တွင် စစ်သည်ထောင်ပေါင်းများစွာသည် ဤကမ္ဘာလောကကြီးထဲမှ လုံးဝဥဿုံ ပျောက်ကွယ်သွားရတော့သည်။
“ရွှီးးး ရွှီးးး ရွှီးးး”
တုပိုင်သည် သေမင်းတမန်တစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်၏။ လီစစ်တပ်၏ စစ်ကြောင်းများသည် တစ်ခုပြီးတစ်ခု ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားရလေသည်။
မင်းသားလီကျန့်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြက်သေသေသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ ဦးနှောက်တစ်ခုလုံး ဗလာဟင်းလင်း ဖြစ်သွားရတော့သည်။ ဤအချိန်တွင် သူဘာကိုမျှ မတွေးတောနိုင်တော့ပေ။
မနေ့က အမြောက်ဒဏ်ကြောင့် သူ၏ စစ်ရေးအမြင်များ ပြောင်းလဲခဲ့ရသည်။ သို့သော် ယနေ့တွင်မူ... ဤအရာအားလုံးက သူ၏ ဘဝအမြင် ၊ ကမ္ဘာအမြင်နှင့် တန်ဖိုးထားမှုများကိုပါ ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေသည်။
အဘယ်ကြောင့်နည်း... အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ဤသည် မည်သို့သော ကမ္ဘာကြီးပါနည်း။ အဘယ်ကြောင့် ဤသို့ ဖြစ်ပျက်လာရသနည်း။ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင်မီးတောက်များသည် ဤကမ္ဘာ၌ လုံးဝ မရှိသင့်ချေ။ ဤသို့သော လက်နက်မျိုးများသည် အဘယ်ကြောင့် ဤကမ္ဘာ၌ ရှိနေရသနည်း။ အဘယ်ကြောင့် သူတို့ လီမိသားစုထံတွင် မရှိဘဲ တုပိုင်လက်ထဲ၌သာ ရှိနေရသနည်း။
လီကျန့် တွေးသည်မှာ မှန်ကန်ပေသည်။ ထိုပျက်စီးခြင်း မြှားတံများသည် ဤကမ္ဘာပေါ်တွင် မရှိသင့်ပေ။ ထိုသည်မှာ ဤကမ္ဘာနှင့် သက်ဆိုင်သော အရာမဟုတ်ချေ။
**--**--**--**--**--**--**--**
အမြင့်ဆုံးနေရာတွင် ရပ်နေသော လီရူဟိုင်သည် ပွင့်အာလာသော ငရဲမီးပန်းများကို ကြည့်ရင်း စိတ်ဝိညာဉ်များ လွင့်ပါးမတတ် ဖြစ်နေရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်ကာ တောင့်တင်းနေ၏။
သူနှင့် သူ့မိသားစုသည် ယနေ့အထိ အဘယ်ကြောင့် ဤမျှလောက် ပေးဆပ်ခဲ့ရသနည်း။
လွန်ခဲ့သော နှစ်ပေါင်းသုံးရာက... ဟုတ်ပေသည်။ နှစ်ပေါင်းသုံးရာကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူတို့ လီမိသားစု စော်ဘွားမျိုးဆက်သည် နှစ်ပေါင်းသုံးရာကျော်ခဲ့ပြီဖြစ်ပြီး တာ့နင်မင်းဆက်ထက်ပင် ပို၍ ရှည်ကြာခဲ့လေပြီ။
ရွှေကူမင်းဆက်တွင် သူတို့မိသားစုသည် ရွှေမိသားစု၏ သစ္စာအရှိဆုံး ခွေးများဖြစ်ခဲ့ကြပြီး သူတို့၏ မျိုးရိုးအမည်ကိုပင် မွန်ဂိုအမည်သို့ ပြောင်းလဲခဲ့ကြသည်။
ထိုစဉ်က သူတို့မိသားစု၏ ပိုင်နက်သည် စီရင်စုသုံးခုထက်မက ကျယ်ဝန်းခဲ့ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။
တာ့နင်ဧကရာဇ်ထိုက်ကျူက ရွှေကူမင်းဆက်ကို ပုန်ကန်ထကြွသောအခါ သူတို့မိသားစုသည် နှစ်ပိုင်းကွဲသွားခဲ့သည်။ တစ်ပိုင်းက ရွှေကူမင်းဆက်အပေါ် သစ္စာစောင့်သိခဲ့ပြီး ကျန်တစ်ပိုင်းက တာ့နင်ဧကရာဇ်ထိုက်ကျူထံ ခိုလှုံခဲ့ကြသည်။
နောက်ဆုံးတွင် တာ့နင်ဧကရာဇ်ထိုက်ကျူ အပြည့်အဝ အောင်ပွဲရရှိကာ တာ့နင်အင်ပါယာကို တည်ထောင်ခဲ့လေသည်။ သူတို့ ကန်လီမိသားစုဝင် ၈၀ ရာခိုင်နှုန်း သေဆုံးခဲ့ရပြီး ပိုင်နက်နယ်မြေမှာလည်း ၈၀ ရာခိုင်နှုန်းအထိ လျော့ကျသွားကာ စော်ဘွားအသေးစားလေး တစ်ခုသာ ဖြစ်လာခဲ့ရသည်။
သူတို့မိသားစု၏ တစ်စိတ်တစ်ပိုင်းသည် တာ့နင်ဧကရာဇ်ထိုက်ကျူဘက်တွင် ရှိနေခဲ့သော်လည်း ဧကရာဇ်ထိုက်ကျူက သူတို့ကို အလွန်အထင်သေးခဲ့လေသည်။
ကန်လီမိသားစုက ဟန်မျိုးရိုးအမည် ပြောင်းလိုသော်လည်း ဧကရာဇ်ထိုက်ကျူက ငြင်းပယ်ခဲ့သည်။
နှစ်ပေါင်းတစ်ရာကျော် ကြိုးပမ်းပြီးနောက်တွင်မူ သူတို့သည် အရှက်တရား ၊ သွေးနှင့် မျက်ရည်များ မည်မျှပေးဆပ်ခဲ့ရသနည်း။ နောက်ဆုံးတွင် သူသည် ခမည်းခမက်တော်စပ်သူ မဟာမိတ် မိုမိသားစုစော်ဘွားကို သစ္စာဖောက်ကာ တာ့နင်အင်ပါယာနှင့် ပူးပေါင်းပြီး မိုမိသားစုကို မျိုးဖြုတ်သုတ်သင်ခဲ့သည်။ ထိုအကျိုးဆက်ကြောင့် သူ၏ ပိုင်နက်နယ်မြေမှာ နှစ်ဆတိုးလာခဲ့လေ၏။
ထို့နောက် အထည်အလိပ် ၊ ဆားတွင်းနှင့် လျှို့ဝှက်ရွှေ ကုန်သွယ်မှုတို့ကြောင့် လီမိသားစုသည် ကြွယ်ဝချမ်းသာပြီး အာဏာကြီးထွားလာခဲ့သည်။ အနောက်ဘက်ဒေသ မီးနတ်ဘုရားဘာသာ၏ ကျောထောက်နောက်ခံဖြင့် သူသည် လက်နက်များ ၊ သံချပ်ကာများနှင့် သိုင်းပညာရှင်များကို ဆက်တိုက်ရရှိခဲ့သည်။
နှစ်ပေါင်းသုံးရာတိုင်ခဲ့ပြီ ဖြစ်သည်။ သူ့မိသားစုသည် နောက်ဆုံး၌ ကျွန်ဘဝမှ သခင်ဖြစ်လာခဲ့ပြီး တာ့ယန်တိုင်းပြည်ကို တည်ထောင်နိုင်ခဲ့ပြီ ဖြစ်သည်။
နှစ်ဝက်မပြည့်ခင်မှာပင် စစ်တပ်အင်အားသည် ၇ သောင်းမှ ၅ သိန်းကျော်အထိ တိုးတက်လာခဲ့သည်။ နယ်မြေပိုင်နက်သည် စတုရန်းကီလိုမီတာ ၁ သိန်းအောက်မှ ၇ သိန်းအထိ ကျယ်ဝန်းလာခဲ့ပြီး လူဦးရေမှာလည်း သန်း ၂၀ ၊ ၃၀ အထိ တိုးပွားလာခဲ့သည်။
ဤသည်မှာ သူ၏ ဘဝ၌ အထွန်းတောက်ဆုံး အချိန်အခါပင် ဖြစ်လေသည်။ လီရူဟိုင်သည် ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းအားများကို ဝါးမြိုခဲ့သောကြောင့် ကမ္ဘာ့ထိပ်တန်း သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။
မကြာမီ သူသည် စိချွမ်းပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်ပြီး ကြီးမားသော အင်ပါယာကြီးတစ်ခု တည်ဆောက်နိုင်တော့မည် ဖြစ်သည်။ ဘုရင်ဖြစ်ခြင်းက အစပျိုးမှုတစ်ခုသာ ဖြစ်သည်။ သူလိုချင်သည်မှာ ဧကရာဇ်အဖြစ်ပင် ဖြစ်သည်။
ဤအချိန်တွင် သူသည် ဘိုးဘေးဘီဘင်များကို ပူဇော်ပသပြီး သူတို့ ကန်လီမိသားစု နောက်ဆုံး၌ ကြီးပွားတိုးတက်လာပြီဖြစ်ကြောင်း ပြောပြနိုင်တော့မည်ဖြစ်သည်။
သူ ကန်လီဟိုင်သည် မိသားစုတစ်ခုလုံးတွင် အကြီးမြတ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်ပေသည်။ သူ၏ တောက်ပမှုသည် အစပျိုးရုံသာရှိသေးပြီး နောင်တွင် ယန်ဧကရာဇ်ထိုက်ကျူဟု ခေါ်တွင်စေရမည်။
သူသည် ယခုတစ်ကြိမ်တွင် အင်အား ၃ သိန်းရှိသော စစ်တပ်ကြီးကို ဦးဆောင်ပြီး တုပိုင်ကို ဘာကြောင့် လာရောက်တိုက်ခိုက်သနည်း။
မိုးမြေနတ်ဘုရားများနှင့် ဘိုးဘေးများကို သက်သေပြရန်အတွက် ဖြစ်သည်။ ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သော စစ်သည် ၃ သိန်း၏ အင်အားကို ခံစားကြည့်ရှုချင်ရုံ သက်သက်သာ ဖြစ်သည်။
ဤစစ်သည် ၃ သိန်းဆိုသည်မှာ အပေါ်ယံကြည့်လျှင် ခြောက်လအတွင်း ရရှိလာသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ သူ့မိသားစု၏ နှစ်ပေါင်း ၃၀၀ ကြာ ကြိုးပမ်းအားထုတ်မှု ရလဒ်ပင် ဖြစ်လေသည်။
သို့သော် ယခုအခါ မျက်တောင်တစ်ခတ်အတွင်းမှာပင် အားလုံး ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။
ဤကမ္ဘာကြီးသည် မတရားချေ။
“အားးးးး”
လီရူဟိုင်သည် ရုတ်တရက် သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်လေသည်။
“ဝေါ.......”
ရုတ်တရက် မိုင်အနည်းငယ်အတွင်းရှိ လေထုတစ်ခုလုံး တုန်ခါသွားရ၏။ တုပိုင်၏ နားစည်များပင် ကွဲထွက်မတတ် ခံစားလိုက်ရသည်။ ရှေးခေတ်ဦး သားရဲကြီးတစ်ကောင် ရူးသွပ်စွာ ဟိန်းဟောက်လိုက်သကဲ့သို့ လူများကို တုန်လှုပ်ချောက်ချားသွားစေတော့သည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၇၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team