← Chapters

အခန်း (၅၇၇)

Vol. 58 Ch. 577

အခန်း (၅၇၇)

Vol. 58 Ch. 577

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၇၇

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

နေပြည်တော်၌ ဖြစ်၏။ မည်မျှပင် ချွေတာပါစေ စားနပ်ရိက္ခာ ပြတ်လပ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

စစ်တပ်ကို ထောက်ပံ့နေရသည့် အလွန်နည်းပါးသော ရိက္ခာအချို့ ကျန်ရှိနေသေးသောကြောင့်သာ ပြတ်လပ်လုနီးပါးဟု ဆိုရခြင်း ဖြစ်သည်။

ရိက္ခာများ မီးရှို့ဖျက်ဆီးခံရသည်မှာ သုံးလနီးပါး ရှိခဲ့ပြီဖြစ်သည်။ မူလက တစ်လစာ ရိက္ခာသာ ရှိသော်လည်း နေ့စဉ် ဆန်ပြုတ်သာသောက်၍ ချွေတာခဲ့ကြရာ သုံးလတိုင်တိုင် တောင့်ခံနိုင်ခဲ့ကြသည်။

နန်းတော်ရင်ပြင်သို့ လူများ ပို၍ ပို၍ ရောက်ရှိလာကြ၏။

သူတို့သည် ဆူပူသောင်းကျန်းရန် ရောက်လာကြခြင်း မဟုတ်ဘဲ အစားအသောက် လာပို့ကြခြင်း ဖြစ်သည်။

တူးဖော်ရရှိသော သစ်မြစ်သစ်ဥများ ၊ ခူးဆွတ်လာသော သစ်သီးဝလံများ စသည်တို့ကို နန်းတော်တံခါးဝတွင် တောင်ပုံရာပုံ စုပုံထားကြသည်။

သူတို့၏ ဆိုလိုရင်းမှာ အလွန်ရှင်းလင်းလှ၏။

“အရှင်မင်းကြီး... ကျေးဇူးပြုပြီး ဆက်လက်တောင့်ခံထားပေးပါ” ဟူ၍ ဖြစ်သည်။

ဧကရာဇ်၏ စစ်တပ်က ထပ်ခါတလဲလဲ ဝါဒဖြန့်ချိပြီးနောက်တွင် အင်ပါယာ၏ အနောက်တောင်ဘက်၌ တုပိုင်အမည်ရှိ သစ္စာရှိအမတ်တစ်ဦး ရှိနေကြောင်း ၊ ထိုသူသည် သူပုန်များကို သွေးမြေကျသည်အထိ တိုက်ခိုက်နေကြောင်း နေပြည်တော်တစ်ခုလုံးမှ ပြည်သူများ သိရှိသွားကြပြီ ဖြစ်သည်။

ဤစစ်ပွဲကို အနိုင်ရလိုက်သည်နှင့် တပြိုင်နက် နေပြည်တော်ကို ပိတ်ဆို့ထားမှုများ ပြီးဆုံးသွားမည်ဖြစ်ကာ အစားအစာများလည်း အဆက်မပြတ် ဝင်ရောက်လာမည်ဟု ယုံကြည်နေကြသည်။

သာမန်ပြည်သူများ အနေဖြင့် ထိုအကြောင်းအရာနှစ်ခု၏ ယုတ္တိကျကျ ဆက်စပ်မှုကို နားမလည်နိုင်ကြပေ။ သို့သော် ထပ်ခါတလဲလဲ ဝါဒဖြန့်မှုများကြောင့် လူတိုင်းက ဤအချက်ကို အခိုင်အမာ ယုံကြည်နေကြသည်။

အဘယ်ကြောင့်ဆိုသော် မျှော်လင့်ချက်မဲ့နေသော အချိန်မျိုးတွင် လူတို့သည် မျှော်လင့်ချက်တစ်ခုခုကို ရှာဖွေတတ်ကြပြီး ကောက်ရိုးတစ်မျှင်ဖြစ်ပါစေ မြဲမြံစွာ ဆုပ်ကိုင်ထားတတ်ကြသည်။ သို့မဟုတ်လျှင် သူတို့ အသက်ဆက်ရှင်သန်နိုင်မည် မဟုတ်ချေ။ ဘာသာရေး၏ အလုပ်လုပ်ပုံသည်လည်း ဤအတိုင်းသာ ဖြစ်၏။

ယခုအချိန်တွင် ဖန်းမိသားစု၏ အာဏာစက်သည် နေပြည်တော်မှ လုံးဝ ဆုတ်ခွာသွားပြီဖြစ်ပြီး ပြည်သူ့သဘောထား အားလုံးသည် ဧကရာဇ်၏ လက်ထဲတွင် ရှိနေလေသည်။

ထို့ကြောင့် တုပိုင်သည် အိမ်တော်ထိန်းအရာရှိငယ်လေး တစ်ယောက်အဖြစ်မှ အင်ပါယာ၏ ကြီးမြတ်သော သစ္စာရှင် ၊ ဇွဲလုံ့လကြီးမားသော သူရဲကောင်းတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေ၏။

တုပိုင်သည် ဖူကျိုးမြို့ကို သိမ်းပိုက်စဉ်က ထိုမြို့သူမြို့သားများကို အစားအသောက်များ ပေးဝေခဲ့သော်လည်း ထိုသူများက သူ့ကို ရန်သူအဖြစ် သတ်မှတ်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန်အထိ ဖိအားပေးခဲ့ကြသည်။ ထိုစဉ်က ဖူကျိုးမြို့ဝန်းကျင်တွင် တုပိုင်၏ ဂုဏ်သတင်းသည် ကလေးငိုတိတ်လောက်သည့် မိစ္ဆာသတ်ဖြတ်သူအဖြစ် အလွန်ဆိုးရွားခဲ့လေသည်။

သို့သော် ယခု နေပြည်တော်တွင်မူ တုပိုင်သည် ဆန်တစ်စေ့မှ ပေးပို့ခြင်းမရှိသေးသော်လည်း သန်းပေါင်းများစွာသော ပြည်သူတို့၏ သူရဲကောင်းနှင့် ကယ်တင်ရှင် ဖြစ်လာခဲ့လေပြီ ဖြစ်၏။

**--**--**--**--**--**--**--**

နန်းတော်အတွင်း၌ ဖြစ်၏။ ဧကရာဇ်၏ ရှေ့တွင် ဆန်ပြုတ်တစ်ပန်းကန် ရှိနေသည်။ သူအမှန်တကယ် ဗိုက်ဆာသောအခါမှသာ တစ်ငုံမျှ သောက်လေသည်။

ထို့နောက် စွမ်းအင်ကုန်ဆုံးမှု နည်းပါးစေရန်အတွက် မလှုပ်မယှက် ဒူးကွေးထိုင်နေတတ်သည်။ ယခုအချိန်တွင် ဧကရာဇ်သည် အရိုးပေါ်အရေတင် ပိန်လှီနေပြီး အိမ်ရှေ့စံမင်းသား၏ ပါးပြင်များမှာလည်း အစာငတ်မွတ်မှုကြောင့် ချိုင့်ဝင်နေလေ၏။

ဤရက်ပိုင်းအတွင်း အနောက်တောင်ဘက်မှ သတင်းဆိုးများ ဆက်တိုက် ရောက်ရှိနေသည်။ ကျန့်ကော်နယ်စားမင်းသည် တုပိုင်ကို လူသိရှင်ကြား စော်ကားပြောဆိုပြီး တုပိုင်၏ တမန်တော်ကို မောင်းထုတ်ကာ ဧကရာဇ်ကိုပါ အာခံပြီး ချန်တူးမြို့မှ ဆုတ်ခွာသွားခဲ့သည်။

ရွှမ်ချန်နယ်စားမင်း လုကျန့်သည် ဖန်းမိသားစုနှင့် လုံးဝ ပူးပေါင်းသွားပြီး ပိုင်ဆယ်မြို့ကို သွားရောက်တိုက်ခိုက်နေသည်။ တုပိုင်သည် အင်အား ၅ သောင်းဖြင့် လီမိသားစုကို တိုက်ခိုက်ရန် ဦးဆောင်သွားခဲ့သည်။

ဤအခြေအနေကို မည်သို့ကြည့်ကြည့် သေလမ်းသာ ရှိလေသည်။ ထို့ကြောင့် ဧကရာဇ်သည် တုပိုင်အနေဖြင့် သူ့အတွက် အသက်မစွန့်ဘဲ အန်နမ်နိုင်ငံသို့ သွားရောက်ကာ ကျန်းနန်နယ်စားမင်းနှင့် သွားရောက်ပူးပေါင်းရန် မင်းသမီးနင်းရွှဲ့ကို ကိုယ်တိုင် အမိန့်တော်ပြန်တမ်း ရေးခိုင်းခဲ့သည်။

သို့သော် တုပိုင်က သူနိုင်အောင်တိုက်မည်ဟု ပြောဆိုခဲ့ပြီး သူ့ကို ယုံကြည်ပေးရန် ဧကရာဇ်ကို တောင်းဆိုခဲ့သည်။

ထို့ကြောင့် ဧကရာဇ်သည် သူ့ကို ယုံကြည်ခဲ့ပြီး နေပြည်တော်ရှိ သန်းပေါင်းများစွာသော ပြည်သူများနှင့်အတူ ယခုအချိန်အထိ တောင့်ခံနေခြင်း ဖြစ်လေသည်။

အိမ်ရှေ့စံမင်းသားကမူ မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ဖြစ်နိုင်ချေမရှိသော အံ့ဖွယ်အမှုတစ်ခုကို ယုံကြည်ရန် သူ့အတွက် ခက်ခဲလွန်းနေသောကြောင့်ပင်။

ယခုအချိန်၌ တုပိုင်၏ စစ်တပ်တစ်ခုလုံး ပျက်စီးသွားလောက်ပြီဟုပင် သူစိုးရိမ်နေမိသည်။ ပိုင်ဆယ်မြို့လည်း ကျဆုံးသွားလောက်ပြီဟု တွေးနေမိ၏။

သို့သော် ဧကရာဇ်ကမူ စကားတစ်ခွန်းမျှ မပြောဘဲ မလှုပ်မယှက် ထိုင်နေဆဲပင်။ တစ်နာရီကြာမှ ဆန်ပြုတ်တစ်ငုံသောက်ပြီး သူ၏ ရှိသမျှ အသက်စွမ်းအားဖြင့် တုပိုင်ထံမှ သတင်းကို စောင့်မျှော်နေလေ၏။

**--**--**--**--**--**--**--**

နာရီဝက်ကြာသော်...။

တုပိုင်သည် ပျက်စီးခြင်းမြှားတံပေါင်း တစ်ရာတိတိ ပစ်ခတ်လိုက်ပြီဖြစ်၏။ ငရဲပန်းပွင့်ကြီးများ ပွင့်အာလာခြင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

သူ့ရင်ထဲ၌ သွေးစက်လက်ကျနေရ၏။ ယခုအခါ ၇ ချောင်းသာ ကျန်ရှိတော့သည်။ ပျက်စီးခြင်းမြှားတံ ၊ ငရဲပန်းပွင့်...။

ဤသည်မှာ သေမင်းတမန် လက်နက်ဖြစ်သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ တစ်ခါသုံး လက်နက်ဖြစ်နေခြင်းပင် ဖြစ်သည်။

တာ့လုံခံတပ်၏ ရှေ့မှ ကြီးမားကျယ်ပြန့်သော မြေကွက်လပ်ကြီးကို ကြည့်လိုက်သော် မိုင်ပေါင်းများစွာ ကျယ်ဝန်းသော မြေပြင်ပေါ်တွင် ဟာလာဟင်းလင်း ဖြစ်သွားသည်ကို မြင်နေရသည်။

အလောင်းပင် မကျန်ရစ်တော့ဘဲ အားလုံး ပြာကျသွားခဲ့ရသည်။ မြေပြင်ပေါ်ရှိ သစ်ပင်ပန်းမန်အားလုံးလည်း ပျောက်ကွယ်သွားသည်။ မြေပြင်တစ်ခုလုံးသည် လက်မအနည်းငယ်ခန့် နိမ့်ဆင်းသွားပြီး မြေဆီလွှာများအားလုံးသည် အလွန်ထူးခြားသော အခြေအနေသို့ ပြောင်းလဲကာ မီးခိုးဖြူရောင် ကျောက်သားပြင် ဖြစ်သွားရလေသည်။

အလွန်ပြန့်ပြူးပြီး အလွန်ချောမွတ်နေလေ၏။ လီမိသားစု၏ စစ်တပ်မှာ အကုန်မသေသေးပေ။ သောင်းချီ ကျန်ရှိနေသေးသည်။ သို့သော် ဤလူများသည် သေလူများ ဖြစ်သွားကြပြီ ဖြစ်သည်။

ကျန်ရှိနေသော သောင်းနှင့်ချီသော လူအုပ်ကြီးသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် ဒူးထောက်နေကြသည်။

ဤအချိန်တွင် သူတို့ ဒူးထောက်နေသည်မှာ လီရူဟိုင်ကို မဟုတ်ဘဲ တုပိုင်ကို ဖြစ်သည်။ ယခုအချိန်၌ တုပိုင်သည် သူတို့၏ နှလုံးသားထဲတွင် ဘုရားသခင်တစ်ပါးသဖွယ် ဖြစ်နေလေပြီ။

အစောက မြင်ကွင်းသည် သူတို့၏ စိတ်အာရုံထဲတွင် အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အဖြစ် ကျန်ရစ်ခဲ့သည်။ ထိုအခိုက်အတန့်တွင် တုပိုင်သည် အမှန်တကယ်ပင် ကမ္ဘာမြေသို့ ဆင်းသက်လာသော သေမင်းတမန်ကဲ့ိသို့ ဖြစ်နေသည်။

မြှားတံ ညွှန်ပြလိုက်သည်နှင့် ငရဲပန်းပွင့်များ ပွင့်အာလာပြီး ထိုဧရိယာအတွင်းရှိ ထောင်ပေါင်းများစွာသော လူများသည် ချက်ချင်းဆိုသလို အငွေ့ပျံကာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ရသည်။

အစပိုင်းတွင် သူတို့သည် အသက်လု၍ ထွက်ပြေးခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထွက်ပြေးခြင်းသည် အချည်းနှီးသာဖြစ်ကြောင်း ၊ ပြေးစရာမြေ မရှိတော့ကြောင်း သိရှိသွားကြသည်။

ထို့ကြောင့် သူတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဘုရားသခင်၏ ကောင်းချီးကို တောင်းခံကြတော့သည်။ တုပိုင်၏ ခွင့်လွှတ်မှုကို တောင်းခံကြပြီး ငရဲပန်းပွင့်များ သူတို့ခေါင်းပေါ် မပွင့်လာစေရန် ဆုတောင်းကြတော့သည်။

ထို့နောက် သောင်းနှင့်ချီသော လူများသည် အကြိမ်ပေါင်းများစွာ သေဘေးမှ လွတ်မြောက်ခဲ့ပြီး နောက်ဆုံးတွင် အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။

ဤသည်မှာ တိုက်ဆိုင်မှုတစ်ခု ဖြစ်သော်လည်း ထိုဧရိယာတွင် ရန်သူများ ကျဲပါးနေခြင်းကြောင့်လည်း ပါဝင်သည်။ တုပိုင်သည် ပျက်စီးခြင်းမြှားတံ တစ်စင်းချင်းစီကို အထိရောက်ဆုံးနှင့် အသေအပျောက်အများဆုံး ဖြစ်စေရန် ပစ်ခတ်ခဲ့ရသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဤလူသောင်းချီ အသက်ရှင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သူတို့က ထိုသို့မထင်ကြပေ။ ဘုရားသခင်၏ ကောင်းချီးကြောင့် ၊ သေမင်းတမန်တုပိုင်က သူတို့ကို ခွင့်လွှတ်လိုက်သောကြောင့်ဟုသာ ထင်မှတ်နေကြသည်။

ထို့ကြောင့် ယခုအချိန်တွင် သူတို့သည် အလွန်ပင် ရိုသေကိုင်းရှိုင်းနေကြပြီး မြေပြင်ပေါ်တွင် သေသပ်စွာ ဒူးထောက်နေကြဆဲ ဖြစ်သည်။

လီရူဟိုင်သည် မီတာဆယ်ချီမြင့်သော စင်မြင့်ထက်တွင် ရပ်နေလေ၏။ သူ၏ စစ်တပ်ကြီးတစ်ခုလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

စစ်သည် ၃ သိန်းပါဝင်သော စစ်တပ်ကြီးတစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ပြီဖြစ်၏။ အသက်ရှင်ကျန်ရစ်သော သောင်းဂဏန်းသည် လီရူဟိုင်ဘက်သို့ လှည့်၍ ဒူးထောက်နေခြင်း မဟုတ်ဘဲ တုပိုင်ဘက်သို့ လှည့်၍ ဒူးထောက်နေကြခြင်း ဖြစ်သည်။

မိသားစုတစ်ခုလုံး၏ နှစ်ပေါင်း ၃၀၀ ကြာ ကြိုးပမ်းအားထုတ်မှုများသည် အားလုံး သဲထဲရေသွန် ဖြစ်သွားခဲ့ရပြီဖြစ်၏။

“ဝေါင်းးးးး”

သူ၏ ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံကြီး ဆက်လက် ထွက်ပေါ်နေဆဲပင်။ ရုတ်တရက် အသံ ရပ်တန့်သွား၏။

“ဖူး...” သွေးများ ရုတ်တရက် အန်ထွက်လာသည်။

ထို့နောက် ပင်လယ်သိမ်းငှက်တစ်ကောင်ကဲ့သို့ လီရူဟိုင်၏ မျက်လုံးများသည် တုပိုင်ထံ စူးစိုက်ကြည့်လိုက်သည်။ သတ်ဖြတ်လိုစိတ်များ မိုးထိအောင် တက်ကြွနေလေ၏။

“အို...”

“တုပိုင်... ခွေးကောင်လေး ၊ မင်းက ငါ့မိသားစုရဲ့ နှစ်ပေါင်းသုံးရာကြာ ကြိုးပမ်းအားထုတ်မှုကို ဒီနေ့ ဖျက်ဆီးပစ်လိုက်တယ်... မင်းကို ငါ အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ပစ်မယ်”

ထို့နောက် သူသည် မီတာဆယ်ချီမြင့်သော စင်မြင့်ထက်မှ ရုတ်တရက် ခုန်ဆင်းလိုက်ပြီး ဓားကို ကိုင်ဆောင်ကာ အရိပ်မည်းတစ်ခုအသွင် ပြောင်းလဲလျက် တုပိုင်ရှိရာသို့ ရူးသွပ်စွာ ဝင်ရောက်တိုက်ခိုက်လာတော့သည်။ သူ၏ကိုယ်၌ တုန်လှုပ်ဖွယ်ရာ အရှိန်အဝါနှင့် ပျက်စီးလိုသော စွမ်းအားများ ပြည့်နှက်နေလေ၏။

သတ်... သတ်... သတ်...။

သူ၏ အမြန်နှုန်းမှာ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် လျင်မြန်လွန်းလှသည်။

ထိုအချိန်၌ပင် ပြိုင်ဘက်ကင်းရဲတိုက်မှ စစ်သည်ထောင်ချီနှင့် မီးနတ်ဘုရားဘာသာမှ သိုင်းပညာရှင် ရာပေါင်းများစွာတို့သည် ဓားများကို ဆွဲထုတ်ကာ တုပိုင်ကို အထပ်ထပ် ဝိုင်းရံကာကွယ်လိုက်ကြသည်။

တုပိုင်သည် သူ၏ စိတ်စွမ်းအားအားလုံးကို စုစည်းလိုက်ပြီး အရှိန်ပြင်းစွာ ဝင်ရောက်လာသော လီရူဟိုင်ကို ချိန်ရွယ်လိုက်သည်။

ပျက်စီးခြင်းမြှားတံကို မီးကူးပေးမည့် အနက်ရောင်ဝတ္ထုပစ္စည်းများ နီရဲလာသည်ကို စောင့်ဆိုင်းပြီးနောက် လီရူဟိုင် လာမည့်လမ်းကြောင်းကို ကြိုတင်တွက်ချက်ကာ မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။

“ဝေါ...”

ပျက်စီးခြင်းမြှားတံသည် အလွန်တိကျပြီး လီရူဟိုင်၏ ရှေ့တည့်တည့်သို့ ကျရောက်သွားသည်။

“ဘုန်း...”

ထို့နောက် ကြောက်မက်ဖွယ်ရာ ငရဲမီးတောက်ကြီး ပေါက်ကွဲထွက်ပေါ်လာ၏။ အချင်း မီတာတစ်ရာအတွင်းရှိ ဧရိယာအားလုံး လုံးဝ ပျောက်ကွယ်သွားတော့သည်။

မီးတောက်များ ငြိမ်းသွားသောအခါ တုပိုင်သည် ထိုနေရာကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။ လီရူဟိုင် ဘာမှမဖြစ်ပေ။ ခြစ်ရာမခြစ်ရာပင် မရလိုက်ချေ။

သူက ငရဲမီးတောက်ကို ခံနိုင်ရည်ရှိ၍ မဟုတ်ဘဲ သူ၏ သိုင်းပညာက အလွန် ကောင်းကင်ဘုံကို ပုန်ကန်နိုင်လောက်ပြီး အမြန်နှုန်းကလည်း လွန်စွာ မြန်ဆန်လွန်းသောကြောင့် ဖြစ်သည်။

ပျက်စီးခြင်းမြှားတံ မကျရောက်မီ ၊ ငရဲမီးတောက် မပေါက်ကွဲမီလေးတွင် သူသည် အမြန်ဆုံးအရှိန်ဖြင့် မီတာတစ်ရာအကွာသို့ ရှောင်တိမ်းသွားခဲ့ပြီး ပျက်စီးခြင်းဧရိယာမှ လွတ်မြောက်သွားခြင်း ဖြစ်သည်။

လီရူဟိုင်သည် အနက်ရောင်လျှပ်စီးတစ်ခုအလား တုပိုင်ဆီသို့ ရူးသွပ်စွာ ပြေးဝင်လာဆဲပင်။

တုပိုင်သည် အစွန်းရောက်အောင် တည်ငြိမ်နေပြီး သူ၏ ဦးနှောက်သည် လီရူဟိုင်၏ ရွေ့လျားမှုလမ်းကြောင်းကို လျင်မြန်စွာ တွက်ချက်လိုက်သည်။

ထို့နောက် အနက်ရောင်ဝတ္ထုပစ္စည်းသည် ပျက်စီးခြင်းမြှားတံ ၅ စင်းကို တစ်ပြိုင်နက်တည်း မီးကူးပေးလိုက်သည်။

“ရွှီး... ရွှီး... ရွှီး...”

မြှား ၅ စင်း ဆက်တိုက် ထွက်ခွာသွားသည်။

လီရူဟိုင် ပိတ်မိသွား၏။ စတုရန်းမီတာ ၄ သောင်းအတွင်း အားလုံးသည် သေမင်းဇုန်များ ၊ ပျက်စီးခြင်းနယ်မြေများ ဖြစ်သွားတော့သည်။

ယခုတစ်ကြိမ်တွင် တုပိုင် သေချာမြင်လိုက်ရသည်။

ပင်လယ်ကြီးသဖွယ် ကြီးမားသော သိုင်းစွမ်းအားများသည် ငရဲမီးတောက်များ၏ ပျက်စီးခြင်းနယ်ပယ်မှ လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

ရင်သပ်ရှုမောဖွယ်ရာ ငရဲပန်းပွင့် ၅ ပွင့်သည် ပြင်းထန်စွာ ပွင့်အာလာကြ၏။ စတုရန်းမီတာ ၄ သောင်းအတွင်းရှိ အရာအားလုံး ဖျက်ဆီးခံလိုက်ရပြီ ဖြစ်၏။

လီရူဟိုင်သည် ထို စတုရန်းမီတာ ၄ သောင်းအတွင်း၌ ရှိနေလေ၏။ ခဏကြာသော် ငရဲပန်းပွင့် ၅ ပွင့် ပျောက်ကွယ်သွားသည်။ သိုင်းပညာ အလွန်ထူးကဲသော လီရူဟိုင်လည်း ပျောက်ကွယ်သွားရ၏။

ရုတ်တရက် တုပိုင်သည် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ တုပိုင်ကို ဝိုင်းရံကာကွယ်ပေးထားသော မီးနတ်ဘုရားဘာသာမှ သိုင်းပညာရှင်များနှင့် ပြိုင်ဘက်ကင်းရဲတိုက်မှ စစ်သည်များလည်း အားရဝမ်းသာ အော်ဟစ်လိုက်ကြသည်။

သို့သော် တုပိုင်၏ ရင်ထဲတွင် မသိုးမသန့် ခံစားချက်တစ်ခု ပြည့်နှက်နေဆဲပင်။

လီရူဟိုင်သည် အလွန်အမင်း အစွမ်းထက်လှ၏။ သူ့ကို သတ်ရသည်မှာ ဤမျှလောက်ပင် လွယ်ကူသလော။

ထိုအချိန်၌ပင် “ဘုန်းးး” ဟူသော ကျယ်လောင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာ၏။

တုပိုင်၏ ရှေ့မီတာ ၁၀ အကွာရှိ မြေကြီးပေါ်တွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး လီရူဟိုင်သည် မိုးကောင်းကင်သို့ ခုန်ထွက်လာလေသည်။

အစောက ငရဲမီးတောက်များ ပေါက်ကွဲချိန်တွင် သူသည် အမြန်ဆုံးအရှိန်ဖြင့် မြေကြီးထဲသို့ တိုးဝင်သွားခဲ့ပြီး မြေကြီးအောက်မှတဆင့် တုပိုင်ထံသို့ ပြေးဝင်လာခဲ့ခြင်း ဖြစ်သည်။

ဤသိုင်းပညာက ကောင်းကင်ဘုံကိုပင် ပုန်ကန်နိုင်သည့် အဆင့်သို့ရောက်နေပြီဖြစ်လေ၏။

လီရူဟိုင်သည် ကျားတစ်ကောင် ၊ မိစ္ဆာနဂါးတစ်ကောင်ကဲ့သို့ တုပိုင်ထံသို့ ကြမ်းတမ်းစွာ ဝင်ရောက်လာ၏။

“သခင်လေးကို ကာကွယ်ကြ...”

“မြို့စားမင်းကြီးကို ကာကွယ်ကြ...”

“သခင်ကြီးကို ကာကွယ်ကြ...”

ရာနှင့်ချီသော မီးနတ်ဘုရားဘာသာမှ သိုင်းပညာရှင်များသည် အာဏာအကုန်သုံးကာ ဓားများကို ဝှေ့ယမ်းလျက် လီရူဟိုင်ထံသို့ ပြေးဝင်သွားကြသည်။

“ပုရွက်ဆိတ်တွေ... ပုရွက်ဆိတ်ကောင်တွေ...”

လီရူဟိုင်က ဟိန်းဟောက်လိုက်ပြီး ပြင်းထန်သော လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

“ဝေါင်းးး” ချက်ချင်းပင် သူ့ရှေ့တွင် ဟာလာဟင်းလင်း ဖြစ်သွား၏။

ရာနှင့်ချီသော မီးနတ်ဘုရားဘာသာမှ သိုင်းပညာရှင်များသည် ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခံလိုက်ရသကဲ့သို့ ဘေးတစ်ဖက်တစ်ချက်ဆီသို့ လွင့်စဉ်သွားကြတော့သည်။

ထိုအချိန်တွင် ပြိုင်ဘက်ကင်းရဲတိုက်မှ စစ်သည် ရာပေါင်းများစွာသည် တုပိုင်ကို ဝိုင်းရံကာကွယ်လိုက်ကြပြန်သည်။

“ပုရွက်ဆိတ်တွေ... ပုရွက်ဆိတ်ကောင်တွေ...”

လီရူဟိုင်က နောက်ထပ် လက်ဝါးတစ်ချက် ပြင်းထန်စွာ ရိုက်ထုတ်လိုက်ပြန်သည်။

“ဝေါင်းး”

ကြောက်မက်ဖွယ်ရာ ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ပင်။

တုပိုင်ကို ဝိုင်းရံထားသော ပြိုင်ဘက်ကင်းရဲတိုက်မှ စစ်သည် ၂၀၀ ကျော်သည် ကောက်ရိုးမျှင်လေးများအလား လွင့်စဉ်ထွက်သွားကြရသည်။

ဤတိုက်ခိုက်စွမ်းရည်က အမှန်တကယ်ပင် ကောင်းကင်ဘုံကို အာခံနိုင်လွန်းသည်။

နင်ဇောင်ဝူနှင့် လီလျန်တင်းတို့ အစွမ်းကုန် ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူ့ပြိုင်ဘက်မဖြစ်နိုင်ဟု လီရူဟိုင် အမြဲပြောနေခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

တုပိုင်၏ ရှေ့တွင် ချက်ချင်းဆိုသလို လူရှင်းသွားပြီး သူ့ကို ကာကွယ်ပေးမည့်သူ တစ်ယောက်မျှ မကျန်တော့ချေ။ အားလုံးကို လီရူဟိုင်က ရှင်းထုတ်ပစ်လိုက်ပြီဖြစ်သည်။

မနီးမဝေးတွင် မရေမတွက်နိုင်သော ရဲတိုက်စစ်သည်များနှင့် မီးနတ်ဘုရားစစ်သည်များသည် တုပိုင်ကို အသက်ပေးကာကွယ်ရန် ရူးသွပ်စွာ ပြေးဝင်လာနေကြသည်။

သို့သော် အချိန်နှောင်းသွားခဲ့ရ၏။

အလွန်သန်မာသော လီရူဟိုင်သည် တုပိုင်၏ ရှေ့ မီတာအနည်းငယ်အကွာသို့ ရောက်ရှိနေပြီဖြစ်သည်။

သူက ဓားကို မြှောက်လိုက်သည်။

“ငါလို ဘုရင်တစ်ပါးက ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရတာ တကယ့်ကို အရှက်ရစရာပဲ”

“ဒါပေမဲ့ တုပိုင်... မင်းက ငါ့မိသားစုရဲ့ နှစ်ရာချီတည်ဆောက်ခဲ့တဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်ခဲ့တယ်။ ငါ ကန်လီဟိုင် အရှက်ခံပြီး မင်းကို သတ်မယ်။ မင်း တုပိုင်အနေနဲ့ သေရတာ ဂုဏ်ယူသင့်တယ်”

“ဒီနေ့ခေတ်မှာ ငါနဲ့ သိုင်းပညာချင်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့သူဆိုလို့ အနောက်မြောက်ဘက်က ရွှေကူမင်းဆက်ရဲ့ မျိုးဆက် နွာတန် နဲ့ အရှေ့မြောက်ဘက်က ဂျာချင်အင်ပါယာက ဂျင်ထိုက်ဂျိ တို့ပဲ ရှိတော့တယ်...”

လီရူဟိုင် စကားမဆုံးလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ဖန်းမိသားစု၏ ပင်လယ်ရပ်ခြားအင်ပါယာနှင့် ပေမင်ဓားဂိုဏ်းတို့ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုများ ရှိနေသေးသောကြောင့် ဖြစ်သည်။

သို့သော် သူသည် အမှန်တကယ်ပင် ယွီမဟာဆရာသခင်အဆင့် ထိပ်တန်းသိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး လက်ချိုးရေတွက်၍ ရသော လူနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။

“ငါ့လက်ထဲမှာ သေရတာ မင်းအတွက် အမြင့်ဆုံးသော ဂုဏ်ယူစရာပဲ... မင်း အပိုင်းပိုင်းအစစ ဖြစ်သွားရမယ် တုပိုင်”

လက်ရှိအချိန်၌ တုပိုင်ရှေ့တွင် မည်သူမျှ မရှိတော့ပေ။

လီရူဟိုင်သည် ပျက်စီးခြင်းစွမ်းအားများဖြင့် ဓားကို ဝှေ့ယမ်းကာ တုပိုင်၏ ခေါင်းပေါ်သို့ ပိုင်းချလိုက်လေတော့၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၇၇ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters