သက်တမ်းတစ်ဝက် ကျင့်ကြံခဲ့သည့်တိုင်
Vol. 1 Ch. 71
ရှယွမ့်အဆောင်တွင် လူလေးယောက်နေသည်ဟု တာအိုဆရာ စန်းဝမ့် ပြောခဲ့လေသည်။ ထိုလူငယ် ကျင့်ကြံသူမှာ ရှယွမ့် အဆောင်တွင် နေထိုင်သည့် နောက်ထပ် တပည့်တစ်ယောက် ဖြစ်မည်ဟု ခန့်မှန်းရလေသည်။
"ကျင့်စဉ်လမ်းဆိုတာက အဆုံးမရှိဘူး။ အောင်မြင်ဖို့ဆိုတာ အလှမ်းဝေးမှာပဲ။ အစ်ကို လူကလည်း သူ့ရဲ့ မိဘတွေကို ကူညီနိုင်မယ့် အချိန်ကို ပြောနေတာပါ။ ဆယ်နှစ်ဆိုတာ အချိန်ခဏလေး ဖြစ်ချင် ဖြစ်နေမှာပေါ့။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူးလေ"
လူစောယိ၏ ခံစားချက်ကို နားလည်နေသည့် ဆန်းလျန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက် လေသည်။
"ဂိုဏ်းတူညီလေးဆန်းက ကျင့်စဉ်လမ်းကို တော်တော် အလေးအနက်ထားတာပဲ။ ကျင့်စဉ်လမ်း ကို အဆုံးမရှိဘူး လို့တော့ အစွဲမထား သင့်ပါဘူး။ မင်းက မြေပြန့်မှာဆိုရင် အရှေ့ပင်လယ်ကို မြင်နိုင်မယ်။ အရှေ့ပင်လယ်ကို ကြည့်ရတာ အဆုံးမရှိဘူးလို့ မင်းထင်လိမ့်မယ်။ ဒါပေမယ့် မိုးကောင်းကင်အထက် ပေ ထောင်ပေါင်းများစွာ မြင့်တဲ့ တောင်ပေါ်ကနေ ကြည့်ရင်တော့ အရှေ့ ပင်လယ်ဆိုတာ ရွှံ့အိုင်လေး သာသာလောက်ပါပဲ။ ကျင့်စဉ်လမ်း အောင်မြင်သွားရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ မင်း ယုံနိုင်မှာတောင် မဟုတ်ဘူး"
လူငယ် ကျင့်ကြံသူက ရယ်မောရင်း ပြောလိုက်လေသည်။
"ဂိုဏ်းတူ အစ်ကိုက ဒီလို ဝေဖန်နေမှတော့ အရှေ့ပင်လယ်ကို ရွှံ့အိုင်လေးလို မြင်နိုင်တဲ့ အဆင့်ထိ ကျင့်ကြံမှု အောင်မြင်နေပြီ ထင်တယ်"
လူစောယိကလည်း ရယ်မောရင်း ပြောလိုက်လေသည်။
လူစောယိ၏ စကားကြောင့် လူငယ်ကျင့်ကြံသူမှာ အနည်းငယ် မျက်မှောင်ကြုတ် သွားလေသည်။ သူ၏ မျက်ခုံးနှစ်ဖက်မှာ ဓားထက်ထက် နှစ်လက်နှင့် တူလေသည်။
သူ၏ လက်နှစ်ဖက်ကို ရင်ပတ်ရှေ့တွင် ယှက်လိုက်ပြီး လေပြင်းတစ်ချက် ဖန်ဆင်း လိုက်လေသည်။ အတွင်းအား ပြောင်းလဲမှုကို ဆန်းလျန် ခံစားလိုက်ရလေသည်။ ပုံသဏ္ဌာန်မရှိသည့် လေဆင်နှာမောင်း တစ်ခု လေထုထဲမှ ထွက်ပေါ်လာပြီး လူစောယိထံသို့ ဦးတည်သွားလေသည်။
လူငယ် ကျင့်ကြံသူမှာ "အပြောမဟုတ်။ အလုပ်နှင့် သက်သေပြမည်" ဆိုသည့် လူမျိုး ဖြစ်ကြောင်း ဆန်းလျန် ရိပ်မိလိုက်လေသည်။
လူငယ် ကျင့်ကြံသူက လူစောယိ၏ ဒေါသကို စွပေးလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်က လူစောယိကို ကူညီရန် စဉ်းစားမိသော်လည်း မကူညီဘဲ ရပ်တန့်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် လူစောယိမှာ ပင်လယ်ပြင်ကို ကျော်ဖြတ်ကာ ချင်းရွှမ် နတ်တံခါးကို ခရီးနှင် နိုင်ခဲ့သည့်အပြင် နန်ခယ်မြို့တွင် အချင်းချင်း သတ်ဖြတ်နေသည့် အချိန်တွင်လည်း မည်သူမျှ လူစောယိ၏ အင်္ကျီစကိုပင် မထိနိုင်ခဲ့ကြပေ။ ထို့ပြင် သာမန်စာပေသမား တစ်ယောက်မှာ ဝမ့်ရှင်း လမ်းကို ဖြတ်ကျော်လာသည် ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်လေသည်။
လူစောယိက ဆန်းလျန်ကို သူ၏ အကြောင်းများ ပြောပြခဲ့သော်လည်း အဓိက အကြောင်းအရာ အချို့ကိုတော့ မပြောဘဲ ချန်ထားခဲ့ပုံ ရလေသည်။
ဆန်းလျန်ငြိမ်နေစဉ်မှာပင် လူစောယိက ချက်ချင်း လှုပ်ရှားလိုက်လေသည်။
လူစောယိမှာ ကောင်းကင်ထက်သို့ ပျံတက်သွားလေသည်။ သို့သော် သိပ်တော့မမြင့်ပေ။ လူငယ် ကျင့်ကြံသူ ထုတ်လွှတ်လိုက်သည့် လေဆင်နှာမောင်း ထိပ်ပိုင်းမှာ မမြင်ရသည့် စူးချွန်ကဲ့သို့ ချွန်ထက် နေလေသည်။
လူစောယိ၏ ခန္ဓာကိုယ်ဝန်းကျင်တွင် ဝါဂွမ်းကဲ့သို့ အလွှာတစ်ခုနှင့် လေထုအလွှာ တစ်ခု ပေါ်ပေါက် လာလေသည်။ ထိုအရာများက သူ၏ ခန္ဓာကိုယ်ကို လေထဲတွင် ဟန်ချက် ညီနေစေပြီး မြေဆွဲအားမှ ကာကွယ် ပေးထားလေသည်။
သူက ဝင်ရောက်လာသည့် လေဆင်နှာမောင်းကို တိုက်ဖျက် လိုက်လေသည်။ လူစောယိက ပုစဉ်းတစ်ကောင် တောင်ပံခတ်နေသည့် ပုံမျိုးနှင့် စင်္ကြံလမ်းတစ်လျှောက် ပျံသန်းသွားလိုက်ပြီး သူ၏ ခြေထောက်များက လူငယ် ကျင့်ကြံသူ၏ ဦးခေါင်းကို ကန်ထုတ်လိုက်လေသည်။
လူငယ် ကျင့်ကြံသူကလည်း ကြောက်လန့်သွားခြင်း မရှိပါ။ သူ၏ လက်နှစ်ဖက်ကို ရင်ဘတ် ရှေ့တွင်ပင် စက်ဝိုင်းပုံသဏ္ဌာန် လှည့်ပတ် လိုက်လေသည်။ ထို့နောက် သူ့ခေါင်းကို အသာစောင်းကာ လူစောယိ၏ တိုက်ခိုက်မှုကို ရှောင်တိမ်း လိုက်သည်။
လူစောယိက နောက်ထပ် ခြေထောင်တစ်ဖက်ဖြင့် ထပ်ကန် လိုက်လေသည်။ သို့သော် လူငယ် ကျင့်ကြံသူကို ထိအောင် ကန်နိုင်ခြင်း မရှိပါ။
လူစောယိမှာ အရှိန် ကုန်သွားသကဲ့သို့ ဖြစ်သွားပြီး လူငယ် ကျင့်ကြံသူဆီသို့ ခန္ဓာကိုယ် တစ်ခုလုံးဖြင့် တိုးဝင်ကာ တိုက်ခိုက် လိုက်လေသည်။
သူ၏ တိုက်ခိုက်ပုံမှာ ထူးခြားလေသည်။
လူငယ် ကျင့်ကြံသူ၏ ဝမ်းဗိုက်ဆီသို့ လူစောယိက ဒူးနှစ်ဖက်လုံးဖြင့် ပစ်ဝင် လိုက်သည်။ တံတောင်ဆစ်များက ရင်ပတ်ဆီသို့ တိုက်ခိုက်လိုက်ပြီး လက်များက လည်ပင်းကို ညှစ်ရန် ဦးတည် လိုက်လေသည်။
ထိုသို့သော ထူးဆန်းသည့် သိုင်းကွက်မျိုးကို ခပ်သွက်သွက် လှုပ်ရှားနိုင်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။ သို့သော် လူစောယိကတော့ လျှပ်စီး လက်သကဲ့သို့ တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။ သူ၏ တိုက်ကွက်ကို ခုခံရန် ခက်ခဲလွန်းလေသည်။
လူစောယိက သိုင်းကွက် တစ်ကွက်တည်းဖြင့် အားလုံးကို အံ့သြ သွားစေလေသည်။ သို့သော် သူ၏ သိုင်းကွက်တွင် ဆန်းလျန်ကတော့ ဟာကွက်ကို တွေ့မြင်နိုင်လေသည်။ ထို့ကြောင့် ဆန်းလျန်က သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။
လူငယ် ကျင့်ကြံသူမှာ ရုတ်တရက်ပင် ပျောက်ကွယ် သွားလေသည်။ ထို့ကြောင့် လူစောယိမှာ လူငယ်ကျင့်ကြံသူ မှီပြီး ရပ်နေသည့် တိုင်လုံးကို ဖက်မိလျက်သား ကားယားကြီး ဖြစ်သွားရလေသည်။
လူစောယိ၏ ပုံစံမှာ ကို့ယို့ကားယား ဖြစ်နေပြီး တိုင်လုံးကို ဖက်ထားမိသည်ကို သိသိချင်း လူစောယိက ရှက်ကိုးရှက်ကန်းဖြင့် တိုင်လုံးကို ဖက်ထားရာမှ ချက်ချင်း လွှတ်လိုက်မိလေသည်။ ထို့ကြောင့်ပင် လူစောယိမှာ တိုင်ထက်မှ ပြုတ်ကျတော့မလို ဖြစ်သွားရလေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်က ထွားကျိုင်းသန်မာပြီး ကိုယ်ဟန် အနေအထားကို ဟန်ချက်ညီအောင် ထိန်းလိုက် နိုင်သည့်အတွက် ပုံပျက်ပန်းပျက် ပြုတ်ကျခြင်း မရှိဘဲ စင်္ကြံ လမ်းပေါ်သို့ ခြေထောက် တစ်ဖက်တည်းဖြင့် လှလှပပ ဆင်းသက် လာနိုင်လေသည်။
လူငယ် ကျင့်ကြံသူမှာတော့ မျက်နှာချင်းဆိုင်ရှိ တိုင်လုံးကို မှီပြီး ရပ်ရင်း ရယ်မောနေလေသည်။
"တာအိုဆရာသခင် ပိုင်ရှီရဲ့ "အဆင့်ရှစ်ဆင့် သိုင်းပညာ" က တကယ် စိတ်ဝင်စားစရာ ကောင်းတာပဲကိုး။ ဆရာသခင်ပိုင်ရှီ မင်းရဲ့ အသက်အရွယ် လောက်တုန်းက အနောက်အရပ်က ကြေးနီ အရေခွံနဲ့ သံမဏိအရိုးရှိတဲ့ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေကို ဒီသိုင်းကွက်နဲ့ နှိမ်နင်းခဲ့တာပေါ့။ ဒါပေမယ့် မင်းကတော့အခု အဲဒီ သိုင်းကွက်နဲ့ သစ်သားတိုင်လုံးကို ကားယား ခွတော့မလို့လား"
လူငယ်ကျင့်ကြံသူ၏ စကားကြောင့် လူစောယိ၏ မျက်နှာမှာ နီရဲသွားလေသည်။ လူစောယိမှာ တစ်ဖက်သား နာကျင်မည်ကို စိုးရိမ်သောကြောင့် သိုင်းကွက်တွင် အားအကုန် ထည့်ပြီး မတိုက်ခိုက် ခဲ့ပေ။ သို့သော် ယခုတော့ လူငယ်ကျင့်ကြံသူ အရူးလုပ်သည်ကို ခံလိုက်ရပြီ ဖြစ်လေသည်။ သို့သော် လူစောယိက သိုင်းကွက်ကို အားကုန်ထုတ်ပြီး တိုက်ခိုက်ခဲ့မည် ဆိုလျှင်လည်း လူငယ် ကျင့်ကြံသူကို အနိုင်ရမည် မဟုတ်ပေ။
လူစောယိမှာ ထိုသိုင်းကွက်ဖြင့်ပင် အမြဲတမ်း အနိုင်ရခဲ့သူ ဖြစ်လေသည်။ ထို့ပြင် ထိုသိုင်းကွက် မှာ သိုင်းပညာနှင့် ကိုယ်ဖော့ပညာ ပေါင်းစပ်ထားသည့် သိုင်းကွက်တစ်ခု ဖြစ်လေသည်။ သူက ချင်းရွှမ်သို့ လာသည့် လမ်းတစ်လျှောက်လုံး ထိုသိုင်းကွက်ဖြင့်ပင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ထိုသိုင်းကွက်မှာ ချင်းရွှမ် နတ်တံခါးမှ လူငယ် ကျင့်ကြံသူ၏ အင်္ကျီစကိုပင် ထိအောင် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ပေ။
ထိုသိုင်းကွက်မှာ လွယ်ကူသည့် သိုင်းကွက်တော့ မဟုတ်ပါ။ ထိုသိုင်းကွက်ကို အသုံးပြုရန် အတွက် သူ၏ ဝိညာဉ်စွမ်းအားကို ရန်သူဆီသို့ ဦးတည်ပြီး အာရုံစိုက်ထားရန် လိုအပ်လေသည်။ ထို့နောက်မှ တိုက်ခိုက်ရခြင်း ဖြစ်လေသည်။ လူငယ် ကျင့်ကြံသူကတော့ လူစောယိ၏ ဝိညာဉ်စွမ်းအားကို လှည့်စား နိုင်ခဲ့လေသည်။
လူစောယိမှာ "အဆင့်ရှစ်ဆင့် သိုင်းပညာ" ကို အိပ်မက်ထဲမှ တာအိုဆရာက သင်ကြားပေးခဲ့ခြင်း ဖြစ်လေသည်။ ထိုသိုင်းပညာကို သင်ကြားပေးသည့် တာအိုဆရာကပင် ချင်းရွှမ်နတ်တံခါးသို့ သွားရောက်ဖို့ အကြံပေးခဲ့ခြင်း ဖြစ်လေသည်။
"ဂိုဏ်းတူအစ်ကိုက ကျုပ်ထက် နှစ်ပေါင်း နည်းနည်းလောက်ပဲ စောပြီး ကျင့်စဉ် ကျင့်ကြံ ခဲ့တာပဲ။ ကျုပ်သာ ခင်ဗျား အသက်အရွယ်လောက် ရောက်ရင် ခင်ဗျားထက်တော့ သာမှာပဲ"
ဟု လူစောယိက ပြောလိုက်လေသည်။
လူစောယိ၏ စကားကြောင့် လူငယ် ကျင့်ကြံသူက အော်ဟစ်ရယ်မော လိုက်လေတော့သည်။
"ချူးစန်းအဆင့် ရောက်ဖို့တောင် မလွယ်တာ။ ရုဟွအဆင့် ရောက်ဖို့ဆိုတာကတော့ ပြောမနေ နဲ့တော့။ သံသယတွေ များနေသရွေ့ ဒုက္ခ ရောက်နေလိမ့်မယ်။ သစ္စာတရားကိုလည်း နားလည်နိုင်မှာ မဟုတ်ဘူး"
ပြောပြီးသည်နှင့် လူငယ် ကျင့်ကြံသူမှာ ပျောက်ကွယ် သွားလေသည်။
စင်္ကြံလမ်း တစ်လျှောက် ဓမ္မတေးသံ တစ်ပုဒ်က ပျံ့လွင့် ကျန်ရစ်ခဲ့လေသည်။
လူစောယိက ဆန်းလျန်ကို လှမ်းကြည့်လိုက်ပြီး…
"အဲဒါဘာတွေ ပြောသွားတာလဲ"
ဆန်းလျန်က ခေါင်းခါ ယမ်းလိုက်လေသည်။
ဆန်းလျန်က သူ့ဘေးတွင် မည်သည့်အချိန်က ရောက်နေမှန်း မသိသည့် တာအိုဆရာ စန်းဝမ့်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
"ဂိုဏ်းတူအစ်ကို စန်းဝမ့် အဲဒီ ဂိုဏ်းတူအစ်ကိုက ဘယ်သူများလဲ။ သူပြောတဲ့ စကားတွေကရော ဘာအဓိပ္ပာယ်လဲ"
လူစောယိမှာ ယခုမှ တာအိုဆရာ စန်းဝမ့် ရောက်ရှိနေသည်ကို သတိထား လိုက်မိလေသည်။ စန်းဝမ့်မှာ တိတ်တဆိတ် ရောက်ရှိနေခြင်း ဖြစ်ပြီး လူစောယိမှာ လုံးဝသတိထားမိခြင်း မရှိပေ။
ချင်းရွှမ် နတ်တံခါးတွင် တန်ခိုးစွမ်းအား ထက်မြက်သူ များစွာ ရှိလေသည်။ လူစောယိက ဆန်းလျန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူနှင့် သက်တူရွယ်တူ ဖြစ်သည့် ဤလူငယ်လေးမှာ ချင်းရွှမ် နတ်တံခါးမှ အခြားသူများထက်ပိုပြီး ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရလေသည်။ သို့သော် သူကိုယ်တိုင်ကလည်း ဆန်းလျန်ထက်တော့ မညံ့နိုင်ဟု တွေးလိုက်မိလေသည်။
"မင်းတို့ မမေးရင်တောင်မှ အချိန်တန်ရင် တစ်ယောက်ယောက်က ဒီအဓိပ္ပာယ်ကို ရှင်းပြမှာပါ။ ဒါပေမယ့် မေးလာပြီဆိုတော့လည်း မင်းတို့နှစ်ယောက်ကို ပြောမပြနိုင်စရာ အကြောင်းတော့ မရှိပါဘူး။ ဂိုဏ်းတူညီလေးချန် ပြောသွားတဲ့ "ချူးစန်း"အဆင့်နဲ့ "ရုဟွ"အဆင့်ဆိုတာက ကျင့်စဉ်လမ်းရဲ့ အခြေအနေ နှစ်ရပ်ကို ပြောသွားတာပဲ"
"ကျင့်စဉ်လမ်းကို စတင်ပြီဆိုတာနဲ့ ကျင့်ကြံဖို့အတွက် ထောင်ပေါင်းများစွာသော တရားဓမ္မတွေ ရှိတယ်။ အဲဒါတွေ အားလုံးကို စိတ်ထဲမှာ မှတ်သားနိုင်ဖို့ မလွယ်ကူလှဘူး။ ပြီးတော့ အဲဒီတရားတွေကို အစဉ်အတိုင်း သိဖို့လည်း မလိုသေးဘူး။ ဆရာသခင် ဖြန့်ဝေပေးတဲ့ တရားဓမ္မက ကျင့်ကြံမှု အခြေအနေကို ဆုံးဖြတ်ပေးပြီး ကျုပ်တို့ တာအိုကျောင်းတော်မှာ ကျင့်ကြံရမယ့် လမ်းစဉ်ကို ခွဲခြား ပေးသွားလိမ့်မယ်။ အဲဒီ အချိန်ကစပြီး ကျုပ်တို့ နတ်ဘုရား ကျောင်းတော်က ဆရာသခင် ချမှတ်ပေးတဲ့ ကျင့်စဉ် လမ်းကြောင်းအတိုင်း လောကမှာ ကျင့်ကြံ နေထိုင်သွားရမယ်။ ဒီလို လုပ်ဆောင်တာဟာ ကျင့်ကြံသူ လောကရဲ့ ပုံသေ စည်းကမ်းလို့ အားလုံး သိထားကြတယ်"
"အသက်ရှည်ခြင်း အဆင့်ကို မရရှိသေးခင်မှာ အဆင့်ကိုးဆင့် လေ့ကျင့်ရမယ်။ အဲဒါတွေ ကတော့ ယန်ချိဆိုတဲ့ မိုးမြေစွမ်းအား လေ့ကျင့်တဲ့ အဆင့်၊ ထုံမိုက်ဆိုတဲ့ အထွတ်အထိပ် ဆုံချက်တွေ ဖွင့်တဲ့အဆင့်၊ ချောင့်တုန့်လို့ ခေါ်တဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အဆင့်၊ ယွင့်ဟွင်လို့ ခေါ်တဲ့ ဝိညာဉ်စွမ်းအား စုစည်းတဲ့ အဆင့်၊ ချူးစန်းလို့ ခေါ်တဲ့ မသိစိတ်တွင်းကို ဝင်ရောက်တဲ့ အဆင့်၊ ရုဟွလို့ ခေါ်တဲ့ တရားသိမြင်တဲ့ အဆင့်၊ ဟိုင်သန်းလို့ ခေါ်တဲ့ ရွှေပြဒါး အမြုတေအဆင့်၊ ပုရွှီးလို့ ခေါ်တဲ့ စွန့်ပယ်တဲ့ အဆင့်နဲ့ ဖော့ဝမ့်လို့ ခေါ်တဲ့ ချိုးဖျက်တဲ့ အဆင့်တွေပါပဲ"
"ဖော့ဝမ့်အဆင့် အောင်မြင်အောင် လေ့ကျင့်နိုင်မှသာ နတ်ဘုရားတစ်ပါးလို့ သတ်မှတ်နိုင်ပြီး ဘယ်တော့မှ မသေဘဲ အသက်ရှင်နိုင်မှာ ဖြစ်တယ်"
"ဂိုဏ်းတူညီလေးချန်ရဲ့ နာမည်ရင်းက ချန်ကျုံးရှင့်လို့ ခေါ်တယ်။ ဒါပေမယ့် ဒီမှာတော့ သူ့ကို ချန်ကျန့်မေလို့ ခေါ်ကြတယ်။ သူက လွန်ခဲ့တဲ့ နှစ်ငါးဆယ် တပည့် ရွေးပွဲတုန်းက ချင်းရွှမ်ကို ရောက်လာခဲ့တာပေါ့။ သူ့မှာ ဘာကျင့်ကြံမှု အခြေခံမှ မရှိခဲ့ဘူး။ ဒါပေမယ့် သုံးနှစ်အတွင်းမှာပဲ အဆင့်ငါးဆင့်ကို အောင်မြင်အောင် လေ့ကျင့်နိုင်ပြီး ချူးစန်းအဆင့်ကို ရောက်လာခဲ့တယ်။ နောက် ဆယ်နှစ် ထပ်လေ့ကျင့်ပြီးတော့ ရုဟွအဆင့်ကို ရောက်ခဲ့တယ်။ လောလောဆယ်တော့ သူက "သဏ္ဌာန်မဲ့ ဓားပညာ" ကို လေ့ကျင့်နေတယ်။ သူက ဟိုင်သန်းအဆင့်ကို တက်လှမ်းနိုင်ဖို့ လမ်းတစ်ဝက်မှာ ရောက်နေပြီ။ ဟိုင်သန်းအဆင့်ရဲ့ ပုံပြောင်းအဆင့် ကိုးဆင့်ကို ကျင့်ကြံ အောင်မြင်ရင်တော့ သူဟာ နတ်ဒေဝါတစ်ပါး ဖြစ်လာဖို့ နီးစပ်ပြီပဲ။ ခုန ကျန့်မေက မင်းတို့ကို စနောက် နေတာပါ။ သူသာ တကယ်လုပ်မယ်ဆိုရင် ကျုပ်တောင် တားလို့ရမှာ မဟုတ်ဘူး"
"ဆရာသခင်က မိုးကောင်းကင်ပေါ် သွားတော့မယ့် နတ်ဘုရားတစ်ပါးပဲ။ ပြီးတော့ "ထျန်းတိကျန်း" ကို ထိန်းချုပ်နိုင်တဲ့ သူပဲ။ ထျန်းတိကျန်းက အနာဂတ်ကို ပြောနိုင်တယ်။ ထျန်းတိကျန်းက ဆရာသခင်ကို ပြောတာက "လူတစ်ယောက်က သူ့ဘဝရဲ့ သက်တမ်းတစ်ဝက်ကို ကျင့်ကြံရင်း ကုန်ဆုံးခဲ့တာကို ဘယ်သူမှ မသိနိုင်ဘူး။ တစ်ချိန် အောင်မြင်မှု ရသွားမှသာ လောကကြီးက အံ့သြကြမယ်" တဲ့။ ဒါကြောင့်မို့လို့ ချင်းရွှမ် နတ်တံခါးက အကြီးအကဲတွေက ကျန့်မေရဲ့ ဟိုင်သန်း အဆင့် အောင်မြင်မယ့် အချိန်ကို စောင့်နေကြတာ။ သူအောင်မြင်တဲ့ တစ်နေ့ တောင်အောက်ကို ဆင်းသွားရင် ချင်းရွှမ် နတ်တံခါးရဲ့ ဂုဏ်သိက္ခာ တက်မယ့် အချိန်ကို စောင့်နေကြတာ"
"ဒါပေမယ့် သူက ရုဟွအဆင့်ကို လေ့ကျင့်နေတာ နှစ်ပေါင်းလေးဆယ် ရှိတော့မယ်။ ခုချိန်ထိ ဟိုင်သန်းအဆင့်ကို မရောက်နိုင်သေးဘူး။ ဒါကြောင့် တောင်ပေါ်မှာ သူ့ကို ပြောနေကြတာက သူက စောစောပွင့်ပြီး မြန်မြန်ကြွေမယ့် ပန်းတစ်ပွင့်ပဲတဲ့။ ဆရာသခင်ရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက် စေမှာပဲတဲ့။ ဒီလိုသွားပုပ်လေလွင့် လျှောက်ပြောတဲ့ စကားတွေကို ကျန့်မေလည်း ပြန်ကြားတာပဲလေ။ ဒါကြောင့် ဂိုဏ်းတူညီလေး လူရဲ့ စကားတွေက သူ့ကိုရန်စသလို ဖြစ်သွားတော့ သူက ပြန်ပညာ ပြလိုက်တာပါပဲ"
"ပြီးတော့ သူ့ရဲ့ စရိုက်အရဆိုရင် သူက ဒီလောက် စိတ်မြန်လက်မြန် မရှိပါဘူး။ ဒါပေမယ့် ဒေါသတွေကို ခံစားရတာ များလာတော့လည်း သူ့ကိုယ်သူ ထိန်းချုပ်ဖို့ ခက်သွားတယ် ထင်ပါရဲ့"
တာအိုဆရာ စန်းဝမ့်က ရှည်လျားစွာ ရှင်းပြ လိုက်လေတော့သည်။
***