← Chapters

ပိုအဆင့်မြင့်လာတဲ့ တားရော့ကလပ်

Vol. 23 Ch. 221

ပိုအဆင့်မြင့်လာတဲ့ တားရော့ကလပ်

Vol. 23 Ch. 221

ဆိုနီယာ ပင်လယ်ပြင်ရဲ့ လှိုင်းတံပိုးတွေကြားမှာ ‘အပြာရောင် လက်စားချေသူ’ သင်္ဘောကြီးဟာ သစ်ရွက်တစ်ရွက်လိုပဲ နိမ့်ချည်မြင့်ချည်နဲ့ လွင့်မျောနေပါတယ်။ လှိုင်းလုံးကြီးတွေက သင်္ဘောကို မြှောက်တင်လိုက်၊ ပြန်ချလိုက် လုပ်နေပေမဲ့ မှောက်သွားမယ့် အန္တရာယ်မျိုးတော့ လုံးဝမရှိပါဘူး။

လူဇောက်ထိုး အယ်လ်ဂျာဟာ ကပ္ပတိန်ခန်းထဲက ဝိုင်ပုလင်းတွေ စီထားတဲ့စင်ကို ကျောပေးပြီး စိတ်မအေးနိုင်သလို ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိပါတယ်။

နောက်ဆုံးတော့ သူဟာ သွားကို တင်းတင်းကြိတ်၊ ခက်ထန် နေတဲ့ မျက်နှာထားနဲ့ စားပွဲဆီ ပြန် လျှောက်လာခဲ့တယ်။ ကြေးဝါနဲ့ လုပ်ထားတဲ့ နက္ခတ်တာရာ ကြည့်ကိရိယာကို ဖယ်လိုက်ပြီး စက္ကူနဲ့ ကလောင်တံကို ယူကာ ‘အရူး’ ပေးထားတဲ့ ရှုပ်ထွေးဆန်းကြယ်တဲ့ တံဆိပ်တော်ကို အာရုံစိုက်ပြီး ရေးဆွဲလိုက်ပါတယ်။

ပင်လယ်ခရီးသည်(သင်္ဘောသားလမ်းစဉ် ဆုံမှတ် ၇ သင်္ဘောသားလို့လဲ ခေါ်ပါတယ်)

တစ်ယောက်ရဲ့ မှတ်ဉာဏ်နဲ့မို့ အယ်လ်ဂျာဟာ စတေးခြင်း အစီအရင်ရဲ့ ပထမအဆင့်ကို ခဏလေးနဲ့ အပြီးသတ်နိုင်ခဲ့ပါတယ်။

အဲဒီနောက် အံဆွဲထဲက ဖယောင်းတိုင်တွေကို ထုတ်၊ နှစ်သွယ်သော အခြေခံမူတွေအတိုင်း ပြင်ဆင်ပြီး “မျက်ဆံမဲ့မျက်လုံး “တံဆိပ်ရဲ့ အပေါ်တည့်တည့်မှာ ဖယောင်းတိုင်တစ်တိုင်၊ အလယ်ဗဟိုမှာ စတေးတဲ့သူကို ကိုယ်စားပြုတဲ့ ဖယောင်းတိုင်တစ်တိုင်ကို နေရာချလိုက်ပါတယ်။

စားပွဲပေါ်က ပစ္စည်းတွေကို ရှင်းပြီး အယ်လ်ဂျာဟာ လက်ဖဝါးထဲမှာ ရေသန့်တွေခပ်ကာ ပူဇော်မယ့်နေရာကို သန့်ရှင်းရေးလုပ်လိုက်တယ်။ ပြီးတော့ အစီအရင်သုံး ငွေရောင် ဓားမြှောင်နဲ့ စားပွဲဘေးပတ်ပတ်လည်ကို ချိတ်ပိတ်နံရံ တစ်ခု ဖန်တီးလိုက်ပါတယ်။

အားလုံးပြင်ဆင်ပြီးတာနဲ့ သူဟာ စိတ်ဝိညာဉ်အစွမ်းကို သုံးပြီး ဖယောင်းတိုင်တွေကို ထွန်းညှိလိုက်ကာ မှိန်ပျပျ အလင်းအောက်မှာ နောက်ကို ခြေလှမ်းနည်းနည်း ဆုတ်လိုက်ပါတယ်။

အယ်လ်ဂျာဟာ အသက်ကို ပြင်းပြင်းရှူ၊ ခေါင်းညွှတ်လိုက်ပြီး ရှေးဟောင်း ဟားမီးစ် ဘာသာစကားနဲ့ အသံထွက် ရွတ်ဆိုလိုက်ပါတယ်။ -

“ဒီကာလနဲ့ မသက်ဆိုင်တဲ့ အရူး၊

မီးခိုးရောင် မြူခိုးပေါ်က လျှို့ဝက်ဆန်းကြယ်တဲ့ အုပ်စိုးသူ၊

ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင် ဘုရင်…

အရှင့်ကို အစဉ်ချစ်ခင်ပြီး သစ္စာရှိတဲ့ အစေခံကို ဂရုဏာထားတော်မူပါ။

ပူဇော်ထားတဲ့ ပစ္စည်းတွေကို လက်ခံပေးဖို့ ဆုတောင်းပါတယ်။

အရှင့် နိုင်ငံတော်ရဲ့ တံခါးတွေကို ဖွင့်ပေးဖို့ ဆုတောင်းပါတယ် ဘုရား။”

...

ဒီရှေးဟောင်း မန္တန်ဟာ ချိတ်ပိတ် နံရံအတွင်းမှာ ဟိန်းဟောက် ပဲ့တင်ထပ်သွားပြီး လေပြင်းတွေ တဝုန်းဝုန်း တိုက်ခတ်လာစေပါတယ်။ ဟားမီးစ် ဘာသာစကားဟာ သာလွန်သူတွေ ဖန်တီးခဲ့တဲ့ စတေးခြင်း အစီအရင်မှာသုံးတဲ့ ရှေးအကျဆုံးဘာသာစကားဖြစ်ပြီးလျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာပါတယ်။

အရေပြားကို ဓားနဲ့ လှီးနေသလို နာကျင်နေပေမဲ့ အယ်လ်ဂျာဟာ အိတ်ကပ်ထဲက ဖန်ပုလင်းလေးကို ထုတ်၊ အဖုံးဖွင့်ပြီး နှမ်းစေ့အရွယ် အစေ့လေးတွေကို သွန်ချလိုက်ပါတယ်။ အဲဒီအစေ့လေးတွေက လေထဲမှာ သတ္တုရောင်တွေနဲ့တောက်ပကာ လွင့်မျောနေပြီး အရမ်းလှနေပါတယ်။

အယ်လ်ဂျာက အဲဒီအစေ့တွေကို လေထဲ ကြဲပက်လိုက်တဲ့အခါ...

ဝူး... ဆိုပြီး လေပြင်းတွေ ပိုပြင်းလာပေမဲ့ ခုနကလို လေအရမ်းတိုက် မနေတော့ဘဲ လေပြင်းတွေဟာ ငွေရောင်နဲ့ အနက်ရောင်ဆိုပြီး အရောင်နှစ်မျိုး ကွဲသွားပါတယ်။

အဲဒီလေနှစ်မျိုးဟာ ရောယှက်သွားပြီး ‘အရူး’ ကို ကိုယ်စားပြုတဲ့ ဖယောင်းတိုင် မီးတောက်ထဲ တိုးဝင်သွားကာ အလင်းတံခါးကြီး တစ်ချပ် ပွင့်လာပါတော့တယ်။ တံခါးပေါ်မှာတော့ အယ်လ်ဂျာ ဆွဲခဲ့တဲ့ တံဆိပ်တော်ကို ထွင်းထားတာ တွေ့ရမှာပါ။

အဲဒီအချိန်မှာ ကလိုင်းဟာ သူ့ရဲ့ ထိုင်ခုံနောက်ဘက်မှာ ဝေဝါးတဲ့ တံခါးတစ်ချပ် ပေါ်လာတာကို မြင်လိုက်ရတယ်။ လေထုထဲမှာ စိတ်ဝိညာဉ်အစွမ်းတွေ လှိုင်းထနေတာကိုလည်း သူ ခံစားနေရပါတယ်။

‘အလုပ်ဖြစ်သားပဲ...’ ကလိုင်းဟာ ချက်ချင်းပဲ သူ့ရဲ့ စိတ်ဝိညာဉ်အစွမ်းကို ဖြန့်ပြီး မြူခိုးကမ္ဘာကြီးကို ထိန်းချုပ်လိုက်ပါတယ်။

ကျွီ... ဆိုတဲ့ အသံနဲ့အတူ ဝေဝါးနေတဲ့ တံခါးကြီးဟာ ဖြည်းဖြည်းချင်း ပွင့်လာပါတော့တယ်!

သင်္ဘောပေါ်မှာတော့ အယ်လ်ဂျာဟာ အလင်းတံခါးကြီး ပွင့်သွားတာကို မြင်လိုက်ရတယ်။ တံခါးနောက်မှာတော့ နက်ရှိုင်းတဲ့ အမှောင်ထုကြီးရှိနေပြီး အဲဒီအထဲမှာ တောက်ပတဲ့ အလင်းတန်းတွေ၊ ရှေးဟောင်း နန်းတော်ကြီးနဲ့ ထူထပ်တဲ့ မီးခိုးရောင် မြူခိုးတွေကို တွေ့လိုက်ရပါတယ်။

ဒီမြင်ကွင်းကြောင့် အယ်လ်ဂျာဟာ မသိစိတ်ကနေ တုန်ရီသွားရတယ်။ ဒါဟာ နက်ရှိုင်းတဲ့ ကြောက်ရွံ့မှုရော၊ စိတ်လှုပ်ရှားမှုရော ရောပြွမ်းနေတာပါ။

သူဟာ ပြင်ထားတဲ့ သက်တန့် ကင်းလိပ်ချောရဲ့ အကျိတ်ကို အမြန်ကောက်၊ လက်နှစ်ဖက်နဲ့ မြှောက်ကိုင်ပြီး ဦးညွှတ်ထားရင်း အလင်းတံခါးဆီ သို့ ကမ်းပေးလိုက်ပါတယ်။

တံခါးထဲက ရုတ်တရက် ထွက်လာတဲ့ စုပ်အားတစ်ခုကြောင့် အယ်လ်ဂျာရဲ့ လက်က ပေါ့သွားပြီး ကင်းလိပ်လျောအကျိတ်ကို လက်ဗလာနဲ့ကိုင်ထားရလို့ ခံစားနေရတဲ့ စူးရှရှ ဝေဒနာလည်း ပျောက်သွားပါတယ်။

သူ့နားထဲမှာ ‘အရူး’ ရဲ့ နက်ရှိုင်းတဲ့ အသံက ပဲ့တင်ထပ်လာတဲ့အထိ သူဟာ ခေါင်းမမော့ရဲသေးပါဘူး။

“မင်း ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်”

“ဒါဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ” လို့ အယ်လ်ဂျာက ချက်ချင်းပဲ လျှောက်တင်လိုက်ပါတယ်။

သူ ရှေ့ကို ပြန်ကြည့်လိုက်တဲ့အခါ အလင်းတံခါးက ပျောက်သွားပါပြီ။ လေပြင်းတွေ ငြိမ်သွားပြီး ဖယောင်းတိုင်တွေလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ။

အယ်လ်ဂျာဟာ ဖယောင်းတိုင်တွေကို ငြှိမ်းသတ်ပြီးနောက် စိတ်ထဲကနေ တိုးတိုးလေး ရေရွတ်နေမိပါတယ်။ ‘အစတုန်းကတော့ လူတွေကိုပဲ မီးခိုးရောင် မြူခိုးပေါ် ဆွဲခေါ်နိုင်ခဲ့တာ... နောက်တော့ ဆုတောင်းသံတွေကိုပါ နားထောင်နိုင်လာတယ်... အခုတော့ ပစ္စည်းတွေပါ အလဲအလှယ် လုပ်နိုင်နေပြီ... မစ္စတာ အရူးက အချုပ်အနှောင်တွေကနေ တစ်ဆင့်ချင်း ရုန်းထွက်နေတာပဲ။ တဖြည်းဖြည်းနဲ့ သူက စစ်မှန်တဲ့ အပြင်ကမ္ဘာထဲကို ဝင်လာတော့မှာလား...’

ဒီအတွေးကြောင့် သူဟာ ထိတ်လန့်သွားပေမဲ့ တစ်ဖက်မှာလည်း ဝမ်းသာသလို ခံစားလိုက်ရပါတယ်။ ‘အနည်းဆုံးတော့ ငါက တားရော့ကလပ်ရဲ့ အစောဆုံး အဖွဲ့ဝင်တစ်ယောက်ပဲလေ...’ သူ သက်ပြင်းချလိုက်မိပါတယ်။

...

မီးခိုးရောင် မြူခိုးတွေပေါ်က နန်းတော်ထဲမှာတော့ ကလိုင်းဟာ သက်တန့် ကင်းလိပ်ချောရဲ့ အကျိတ်ကို ကိုင်ကြည့်နေတယ်။ လက်ထဲမှာ စူးရှရှ ခံစားချက်လေးနဲ့အတူ အစီအရင် အောင်မြင်မှုကြောင့် သူက တကယ်ကို ပြုံးမိသွားပါတယ်။

‘နောင်ဆိုရင် တားရော့ကလပ်က အခုထက်ပိုပြီး အံ့ဩဖို့ ကောင်းလာတော့မှာပဲ...’ သူဟာ အခြေအနေကို သုံးသပ်ပြီး ‘တရားမျှတမှု’ ဆီကို ဆက်သွယ်လိုက်ပါတယ်။

အိပ်ခန်းထဲမှာ အော်ဒရီဟာ ဂနာမငြိမ် ဖြစ်နေပါတယ်။ စာအုပ်တွေ လှန်ကြည့်လိုက်၊ မှန်ကြည့်လိုက်နဲ့ လူဇောက်ထိုး ရဲ့ စတေးခြင်း အစီအရင် အောင်မြင်ပါ့မလားဆိုပြီး စိုးရိမ်နေတာပါတယ်။

‘စိတ်အေးအေးထား အော်ဒရီ... အသက်ကို ပြင်းပြင်းရှူ... ခွေးလေး ဆူဇီနဲ့ သွားဆော့ရမလား? ဒါပေမဲ့ ဆူဇီက စကားပြောတတ်တော့ သူ့သိက္ခာနဲ့သူနေတာ၊ သွားစလို့ မကောင်းဘူး...’ အော်ဒရီဟာ အတွေးတွေ လွင့်ပျံနေတုန်း...

သူမရဲ့ မျက်စိရှေ့မှာ မီးခိုးရောင် မြူခိုးတွေ ပေါ်လာပြီး ‘အရူး’ က ပြုံးလျက် ပြောလိုက်ပါတယ်။ “မစ္စ တရားမျှတမှု၊ စမ်းသပ်မှုက အောင်မြင်သွားပြီ။ ပစ္စည်းတွေကို ပြင်ဆင်ပြီးပြီလား?”

‘သိပ်ကောင်းတာပဲ! မစ္စတာ အရူးက ထင်ထားတဲ့အတိုင်း တကယ်အစွမ်းထက်တာပဲ!’ အော်ဒရီဟာ စိတ်လှုပ်ရှားမှုကို ထိန်းပြီး “ဟုတ်ကဲ့ပါ၊ ကျွန်မဆီမှာ အမြဲရှိပါတယ်” လို့ လျှောက်တင်လိုက်တယ်။

ကလိုင်းက ခေါင်းညိတ်ပြီး “ဘယ်အချိန်မှာ လုပ်မလဲ? မင်းဘေးမှာ ဘယ်သာလွန်သူမှ မရှိတဲ့ အချိန်ဖြစ်ရမယ်နော်” လို့ သတိပေးပါတယ်။

*‘သာလွန်သူ ခွေးတစ်ကောင်ရှိ‌နေရော ရပါ့မလား...’ * စိတ်ထဲ‌ကမေးလိုက်ရင်း အော်ဒရီဟာ တံခါးကို ကြည့်ပြီး ဆူဇီကို အားနာသွားမိပေမဲ့ “အခုပဲ လုပ်နိုင်ပါတယ်” လို့ ဖြေလိုက်ပါတယ်။

ကလိုင်းက လိုရင်းတိုရှင်းမျှသာ အသိအမှတ်ပြု တုံ့ပြန်လိုက်ပါတယ်။

“အစီအရင်ရဲ့ လုပ်ငန်းစဉ်တွေကတော့ အရင်က ငါပြောပြခဲ့တဲ့အတိုင်းပဲ ဖြစ်တယ်။ မင်းအနေနဲ့ ဆုတောင်းရမယ့် စာသားလေးကိုပဲ အခုလို ပြောင်းလိုက်”..

“အရှင့်ကို အစဉ်ချစ်ခင်၍ သစ္စာရှိသော အစေခံကို ဂရုဏာထားတော်မူပါ၊

အရှင့် နိုင်ငံတော်ရဲ့ တံခါးများကို ဖွင့်ပေးဖို့ ဆုတောင်းလိုပါသည်။

အင်အားများ ပေးသနားရန် အရှင့်ကို ဆုတောင်းအပ်ပါသည်”

ရွတ်ဆိုပြီးရင် အစီအရင်အတွကိ နှစ်သွယ်သော အခြေခံမူများကိုပါ ပူးတွဲအသုံးပြုရမယ်။

အော်ဒရီသည် မစ္စတာ အရူး၏စကားကို အသေအချာ ပြန်လည်စဉ်းစား ဆင်ခြင်နေမိပါတယ်။ သူမက ခေါင်းညိတ်ပြလိုစိတ်ကို အသာအယာ ထိန်းချုပ်လိုက်ပြီး အစီအရင်အတွက် စတင်ပြင်ဆင်ပါ‌တော့တယ်။

ထူးခြားဆန်းပြားတဲ့ တံခါးကြီး ပွင့်လာတဲ့အခါ ကြယ်တွေအပြည့်နဲ့ ကောင်းကင်ယံထက်တောင် ပိုပြီး စိတ်ကူးယဉ်ဆန်တဲ့ မြင်ကွင်းတစ်ခု ပေါ်လာတာမို့ အော်ဒရီတစ်ယောက် ရုပ်ရော စိတ်ပါ မိန်းမောတွေဝေသွားရပါတယ်။

"ဒါဟာ ငါအမြဲတမ်း တောင့်တခဲ့ရတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကမ္ဘာပဲ... ငါအမြဲတမ်း လိုချင်ခဲ့တဲ့ ခံစားချက်မျိုးပဲ" လို့ သူမ စိတ်ထဲကနေ ရေရွတ်ရင်း “မစ္စတာ အရူး” ကို စိတ်ရင်းနဲ့ ချီးမွမ်းဂုဏ်ပြုလိုက်မိပါတယ်။

“ထာဝရည နတ်ဘုရားမ” အပေါ် ထားတာက ယုံကြည်ကိုးကွယ်မှု ဖြစ်ပေမဲ့ “မစ္စတာ အရူး” အပေါ်မှာတော့ ပူဇော်ကိုးကွယ်တာမျိုးပဲလို့ အော်ဒရီက သူမဘာသာ စိတ်ထဲမှာ ပြန်ရှင်းနေမိပါတယ်။

မကြာခင်မှာပဲ "ယဇ်ပလ္လင်" ပေါ်မှာ တစ်ခုခု ရှိနေတာ မြင်လိုက်ရလို့ သူမ အံ့သြသွားပါတယ်။ အဲဒါက တောက်ပတဲ့ အရောင်တွေရှိပြီး အရေးအကြောင်းတွေနဲ့ ပြည့်နေတဲ့ နူးညံ့တဲ့ ပစ္စည်းတစ်ခုပါ။

"သက်တန့် ကင်းလိပ်ချောရဲ့ ချွဲသလိပ် အကျိတ်ပဲ!" အော်ဒရီရဲ့ ရင်ထဲမှာ ဝမ်းသာအားရ ဖြစ်သွားပြီး မျက်လုံးတွေပါ တောက်ပလာကာ ရှေ့တိုးပြီး အမြန်ယူလိုက်ချင်စိတ်တွေတောင် တဖွားဖွား ပေါ်လာပါတယ်။

ဒါပေမဲ့လည်း သူမရဲ့ မြင့်မြတ်တဲ့ လူကုံထံယဉ်ကျေးမှု အလေ့အထတွေကြောင့် စိတ်ကို ထိန်းလိုက်ပြီး မစ္စတာ အရူးကို နောက်တစ်ကြိမ် စိတ်ရင်းနဲ့ ချီးမွမ်းလိုက်ပြန်ပါတယ်။

အစီအရင် ပြီးသွားတဲ့အခါ သူမ မအောင့်နိုင်တော့ဘဲ ရှေ့ကို အပြေးအလွှား သွားပြီး ထို သာလွန်သူ ဝိသေသလက္ခဏာ အကြွင်းအကျန်ကို ငါးကြိမ်တိုင်တိုင် အသေးစိတ် စစ်ဆေးကြည့်ရှုပါတော့တယ်။

"ငါတို့ရဲ့ တားရော့ အသင်းက တခြား လျှို့ဝှက်အဖွဲ့အစည်းတွေထက် အဆင့်အတန်း ပိုမြင့်တာပဲ..." လို့ အော်ဒရီက တိတ်တဆိတ် ဂုဏ်ယူနေမိတာပါတယ်။

အဲဒီနောက် သူမဟာ ဆူဇီ ရုတ်တရက် ဝင်လာမှာ ကြောက်သလိုမျိုး တံခါးဘက်ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်မိပါတယ်။

သူမအနေနဲ့ ကြိုးစားမှုကို နှစ်ဆတိုးပြီး အဆင့်တက်တာ မြန်မြန်ပြီးအောင် ဆေးရည်ကို ချက်ချင်း ဖော်စပ်ပါတော့တယ်။

မိနစ်အနည်းငယ် ကြာတော့ သူမရဲ့ လက်ထဲမှာ လူတိုင်းရဲ့ စိတ်နှလုံး အောက်ခြေအထိ ထိုးဖောက်လင်းလက်စေနိုင်တဲ့၊ အမြဲ ပြောင်းလဲနေတဲ့ အရောင်တွေပါတဲ့ ဆေးရည်ပုလင်းလေး တစ်လုံး ရှိနေပါပြီ။ သူမဟာ စိတ်ချလက်ချနဲ့ပဲ “စိတ်ချင်းဆက်သွယ်နိုင်သူ “ (ပွဲကြည့်သမား လမ်းစဉ် ဆုံမှတ် ၈) ဆေးရည်ကို သောက်ချလိုက်ပြီး သာလွန်သူ ဝိသေသလက္ခဏာတွေနဲ့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ကာ အဆင့်တက်လှမ်းနိုင်ခဲ့ပါပြီ။

သူမရှေ့က မြင်ကွင်းတွေက သိသိသာသာ ကြည်လင်သွားသလို တခြား အာရုံခံစားမှုတွေကလည်း အဆမတန် တိုးတက်လာပါတယ်။ အော်ဒရီက အတွေ့အကြုံရှိသူပီပီ လွင့်စင်သွားတော့မယ့် စိတ်ဝိညာဉ်အစွမ်းတွေကို ထိန်းဖို့ ဈာန်ဝင်စားခြင်း နည်းလမ်းကို သုံးလိုက်ပါတယ်။

သူမရဲ့ အဆင့် တည်ငြိမ်သွားပြီးနောက် ပြုံးပြုံးရွှင်ရွှင်နဲ့ တံခါးဆီ ခပ်သွက်သွက် လျှောက်သွားကာ ရွှေရောင် အမွှေးရှည်ခွေးကြီးကို အထဲပေးခွင့်ဝင်လိုက်တယ်။ ဆူဇီရဲ့ မျက်နှာပေါ်မှာ သိသာတဲ့ သံသယမျက်လုံးတွေကို သူမ မြင်လိုက်ရပါတယ်။

“ဒီနေ့ ပုံမှန်ထက် အများကြီး ပိုကြာနေတယ်နော်" လို့ ဆူဇီက သူမရဲ့ အတွေးကို ကွယ်ဝှက်မထားဘဲ ပြောလိုက်ပါတယ်။

အော်ဒရီက ခြေတင်ခုံလေးပေါ် ထိုင်ချလိုက်ပြီး ခြောက်ကပ်ကပ် ရယ်ကာ စကားလမ်းကြောင်း လွှဲလိုက်တယ်။

"ဆူဇီ... ငါ့ကို ပြောပါဦး၊ ငါမှန်းမသိ‌စေရဘဲ ဇီယိုနဲ့ ဖောစ်တို့ကို တစ်ခုခုအကြောင်း လျှို့ဝှက် အသိပေးပြီး သူတို့ စိတ်ဝင်စားလာအောင် ဘယ်လို လုပ်ရမလဲ"

စကားမဆုံးခင်မှာပဲ အော်ဒရီက မစ္စတာ အရူး ပေးထားတဲ့ တာဝန်ကို အလေးအနက် စဉ်းစားနေပါပြီ။

အဲဒီနောက် သူမက ဆူဇီကို ကြည့်လိုက်ရာ ဆူဇီကလည်း သူမကို ပြန်ကြည့်နေပါတယ်။ လူနဲ့ ခွေး နှစ်ဦးသား တစ်ချိန်တည်းမှာပဲ အတွေးနက်သွားကြပါတော့တယ်။

...

သူ့ရဲ့ ရည်မှန်းချက် ပြီးသွားပြီးနောက် ကလိုင်းဟာ လက်တွေ့ကမ္ဘာကို ပြန်ရောက်လာပြီး တစ်နာရီကျော်လောက် အိပ်ကာ အိမ်ပြင်ကို အမြန် ထွက်လာခဲ့တယ်။ နောက်ပိုင်းမှာ ရုပ်ဖျက်ဖို့ လိုမယ့် ရွှေရောင်ကိုင်းနဲ့ မျက်မှန်တစ်စုံ၊ ဆံပင်တုတွေနဲ့ ကပ်ခွာနဲ့ ကပ်လို့ရတဲ့ နှုတ်ခမ်းမွှေးမျိုးစုံကို တစ်ပေါင်ပေးပြီး ဝယ်လိုက်ပါတယ်။

ညစာ မစားခင်မှာ သူဟာ မြို့ရဲ့ လူအစည်ကားဆုံးနဲ့ ဘေးအန္တရာယ် အရှိဆုံး ဖြစ်တဲ့ အရှေ့ပိုင်း မြို့နယ် ကို သွားခဲ့တယ်။ အဲဒီမှာ တစ်ပတ်ကို လေးဆိုလီ သုံးပဲနိနဲ့ အိပ်ခန်းတစ်ခန်းပါ အိမ်ကို ငှားလိုက်ပါတယ်။ နှစ်ပတ်စာ အိမ်လစာနဲ့ စရံငွေ စုစုပေါင်း ၁၇ ဆိုလီ ပေးလိုက်ရတယ်။

အဲဒီအခါမှ ကလိုင်းဟာ သူ့ရဲ့ ကြိုတင်ပြင်ဆင်မှုအားလုံးကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ကလိုင်းအတွက် အရှေ့ပိုင်း မြို့နယ် က လေးနက်တဲ့ အထင်အမြင်တစ်ခု ကျန်ခဲ့စေပါတယ်။ ဒီနေရာက လမ်းအများစုက ထင်းဂန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်က လမ်းတွေနဲ့ တူပေမဲ့ အဆပေါင်းများစွာ ပိုကျယ်ပါတယ်။

ဒီနေရာက လူတွေရဲ့ အဝတ်အစားတွေက ဟောင်းနွမ်းပေမဲ့ ဝတ်လို့တော့ ရပါသေးတယ်။ အများစုကတော့ စုတ်ပြတ်သတ်နေတဲ့ အဝတ်အစားတွေ ဝတ်ထားကြပြီး အသားအရောင်က ဖြူဖျော့ကာ လူတွေကလည်း ပိန်လှီနေကြပါတယ်။ သူတို့ကို ကြည့်ရတာ ငတ်မွတ်မှု ဒါမှမဟုတ် ဆင်းရဲမွဲတေမှုကြောင့် အချိန်မရွေး သားရဲတိရစ္ဆာန် တွေလို အကြမ်းဖက်ဖို့ အသွင်ပြောင်းသွားနိုင်တယ်လို့ ခံစားရစေပါတယ်။ ဒါကြောင့်လည်း အရှေ့ပိုင်း မြို့နယ်မှာ လူမိုက်ဂိုဏ်းတွေက အတောမသတ် အောင် ထကြွနေကြတာပါ။

ချားဝုဒ် မြို့နယ် ကို ပြန်ရောက်တဲ့အခါ ကလိုင်းဟာ ငရဲကနေ နိဗ္ဗာန်ကို ရောက်သွားသလို ခံစားလိုက်ရပါတယ်။

နောက်ထပ် နှစ်ရက်လောက်မှာ သူဟာ အစီအရင်တွေ လုပ်ဖို့နဲ့ အဆောင်တွေ ဖန်တီးဖို့ သူ့ရဲ့ စိတ်ဝိညာဉ်အစွမ်းကို သုံးပြီး စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။ သူဟာ နတ်ဘုရားမဆီ ဆုမတောင်းတော့ဘဲ ဂျာနယ်ထဲမှာ သူ ထည့်လိုက်တဲ့ ကြော်ငြာ ကနေတဆင့် အလုပ်ရမလားဆိုပြီး စောင့်နေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ကြာသပတေးနေ့ မနက်မှာ အိမ်ရှေ့က တံခါးခေါင်းလောင်းသံကို ကလိုင်းက ကြားလိုက်ရပါတော့တယ်။

All Chapters