ပထမဆုံး အလုပ်
Vol. 23 Ch. 222
“ဒင်... ဒေါင်...”
တံခါးက ကြိုးဆွဲခေါင်းလောင်းကို တစ်စုံတစ်ယောက်က ဆွဲလိုက်တာကြောင့် ခေါင်းလောင်းသံဟာ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး၊ ကျယ်ဝန်းပေမဲ့ ပရိဘောဂ သိပ်မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေတဲ့ ဧည့်ခန်းထဲမှာ ပဲ့တင်ထပ်သွားပါတယ်။
ဆိုဖာပေါ်မှာ ထိုင်ပြီး သတင်းစာဖတ်ရင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို လေ့လာနေတဲ့ ကလိုင်း ဟာ ချက်ချင်း ထရပ်လိုက်တယ်။ သူဟာ အိမ်မှာ အနားယူနေတဲ့အတိုင်း အဖြူရောင် ရှပ်အင်္ကျီနဲ့ အနက်ရောင် ဗက်စ်အင်္ကျီ ကို ဝတ်ထားပေမဲ့၊ လည်စည်း တော့ ပတ်မထားပါဘူး။
*”စုံထောက်ဘဝရဲ့ ပထမဆုံး အလုပ်များလား... ဒါပေမဲ့ ငါက အမြဲတမ်း အိမ်ထဲမှာပဲ အလုပ်လာအပ်မှာကို ထိုင်စောင့်နေလို့တော့ မဖြစ်ဘူး။ ဟုတ်ပြီ... တံခါးမှာ အသိပေးချက် တစ်ခုခု ချိတ်ထားရမယ်၊ ပြီးတော့ ကလောင်တံတစ်ချောင်းပါ ထားပေးရမယ်။ ဒါမှ အလုပ်လာအပ်တဲ့သူတွေက နောက်တစ်ခေါက် ဘယ်အချိန်မှာ ပြန်လာခဲ့မယ်ဆိုတာကို ရေးခဲ့လို့ရမှာ။ အဲဒီအခါကျမှ ငါကလည်း ကြိုတင်ပြင်ဆင်ထားလို့ ရမှာပေါ့... ဒါပေမဲ့လည်း နာမည်မရှိသေးတဲ့ စုံထောက်အသစ် တစ်ယောက်အတွက်တော့ အသိပေးချက်ကြီး တံခါးမှာ ချိတ်ထားတာဟာ "နောက်တစ်ခေါက်" ဆိုတာ ရှိလာတော့မှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။ သက်ပြင်းချစရာပါပဲ... မနက်ခင်းတိုင်းမှာ ဒီနေ့ အလုပ်ရမလား၊ ရရင်လည်း ဘယ်အချိန်လောက်မှာ ရမလဲဆိုတာကို သိဖို့ နိမိတ်ကောက် ကြည့်ရုံပဲ ရှိတော့တာပေါ့။ ဒါမှလည်း အစီအစဉ်တွေ ဆွဲလို့ရမှာ... ဟုတ်ပါတယ်၊ အစွမ်းထက်တဲ့ သာလွန်သူတွေ လာအပ်မယ့် တာဝန်တွေနဲ့ လွဲသွားနိုင်တာမျိုးလည်း ရှိနိုင်တာပဲ။ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး၊ ဒါဟာ တစ်ဖက်က ကြည့်ရင် ကောင်းတဲ့အချက်လည်း ဖြစ်နိုင်တာပဲလေ…”*
သူဟာ တံခါးဆီ လျှောက်သွားလိုက်တယ်။ တံခါးက ချောင်းကြည့်ပေါက်ကနေ ကြည့်စရာမလိုဘဲ အပြင်က လူတွေရဲ့ ပုံရိပ်ဟာ သူ့ရဲ့ စိတ်အာရုံထဲမှာ ပေါ်လာပါတယ်။
အပြင်မှာ လူနှစ်ယောက် ရှိနေပါတယ်။တစ်ယောက်က အနက်ရောင် သိုးမွှေးဦးထုပ် ဆောင်းထားတဲ့ အဘွားအိုတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ကျောက နည်းနည်း ကိုင်းနေပြီး မျက်နှာမှာလည်း အရေးအကြောင်းတွေ အများကြီး ရှိနေပါပြီ။ အသားအရေက တွန့်လိပ်ပြီး ဝါကြန့်ကြန့် ဖြစ်နေပေမဲ့ သူမ ဝတ်ထားတဲ့ အနက်ရောင် ဝတ်စုံကတော့ အရမ်းကို သပ်ရပ်လှပါတယ်။ ဆံပင်တွေ ဖြူဖွေးနေပေမဲ့ ပြာလဲ့လဲ့ မျက်လုံးတွေကတော့ ဖျတ်လတ်နေတုန်းပါပဲ။ သူမက ဘေးက လူငယ်လေးကို ကြည့်ပြီး ခေါင်းလောင်းကို နောက်တစ်ကြိမ် ထပ်ဆွဲဖို့ အချက်ပြနေပါတယ်။
အဲဒီလူငယ်က အသက်နှစ်ဆယ်ကျော်အရွယ် ဖြစ်ပြီး အဘွားအိုနဲ့ ဆင်တူတဲ့ မျက်လုံးတွေကို ပိုင်ဆိုင်ထားပါတယ်။ အေးစိမ့်လာတဲ့ ရာသီဥတုကြောင့် သူဟာ အနက်ရောင် ရင်စိကုတ်အင်္ကျီ၊ ခေါင်းတဝက်လုံ ဦးထုပ်နဲ့ လည်စည်းတို့ကို သေသပ်စွာ ဝတ်ထားတာက ပွဲတက်တော့မယ့်အတိုင်းပါပဲ။ သူဟာ ဘယ်အချိန်မှာမဆို ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတကျရှိအောင် နေတတ်ပုံရပါတယ်။
လူရွှင်တော်တစ်ယောက်ရဲ့ ကြိုတင်သိမြင်နိုင်တဲ့ အာရုံကြောင့် ကလိုင်းဟာ ခေါင်းလောင်းသံ ထပ်မထွက်ခင်မှာပဲ တံခါးလက်ကိုင်ကို လှည့်ပြီး ဖွင့်လိုက်ပါတယ်။ သူဟာ ဧည့်သည်တွေကို ပြုံးပြုံးရွှင်ရွှင်ပဲ နှုတ်ဆက်လိုက်တယ်။
“မင်္ဂလာပါ အဘွားနဲ့ လူကြီးမင်း... ဒီနေ့က တကယ်ကို သာယာတဲ့ နေ့လေးပါပဲနော်။ မြူတွေက နေ့တိုင်းလိုလို ဆိုင်းနေပေမယ့် အနည်းဆုံးတော့ အခုချိန်ထိ နေရောင်ခြည်ကို ငါးမိနစ်လောက်မြင်လိုက်ရသေးတာပဲလေ”
သူဟာ ဘက်ကလန်မှာ ခေတ်စားတဲ့အတိုင်း ရာသီဥတုအကြောင်းကို နည်းနည်း ပိုပိုသာသာ ပြောပြီး စကားစမြည် စတင်လိုက်ပါတယ်။
“ဟုတ်ပါရဲ့ကွယ်... နေမင်းကြီးက အမြဲတမ်း ရှက်တတ်လွန်းတော့ မြူခိုးတွေနဲ့ တိမ်တိုက်တွေ နောက်ကွယ်မှာပဲ ပုန်းနေတတ်တာ”
လို့ အဘွားအိုက ခေါင်းညိတ် ထောက်ခံပါတယ်။
ဘေးက လူငယ်ကတော့
“ခင်ဗျားက စုံထောက် ရှားလော့ခ် မိုရီယက်တီ လားခင်ဗျာ” လို့ မေးပါတယ်။
“ဟုတ်ပါတယ်... ကျွန်တော် ဘာများ ကူညီပေးရမလဲ။ အားနာစရာကြီးဗျာ၊ အထဲကြွပါဦး။ ထိုင်ပြီးမှ အေးအေးဆေးဆေး စကားပြောကြတာပေါ့”
ကလိုင်းက ဘေးကို ဖယ်ပေးရင်း ဧည့်သည်တွေ ဝင်ဖို့ လမ်းဖွင့်ပေးလိုက်ပြီး ဧည့်ခန်းက ထိုင်ခုံတွေဆီ ညွှန်ပြလိုက်ပါတယ်။
“မလိုပါဘူးကွယ်... အဘွားတို့ အချိန်မဖြုန်းချင်တော့ဘူး။ သနားစရာ ဘရော့ဒီလေး အဲ့ဒီအကောင်လေးက အဘွား လာကယ်မှာကို စောင့်နေရှာမှာ” လို့ အဘွားအိုက စူးရှတဲ့ အသံနဲ့ ပြောပါတယ်။
“အကောင်လေး” ကလိုင်းက သူမ သုံးလိုက်တဲ့ နာမ်စားကို သတိထားမိသွားပြီး မကောင်းတဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရပါတယ်။
သပ်ရပ်စွာ ဝတ်ထားတဲ့ လူငယ်က ခေါင်းညိတ်ပြီး ပြောပါတယ်။ “ဘရော့ဒီ ဆိုတာ ကျွန်တော့်အဘွား မဒမ် ဒေါရစ် မွေးထားတဲ့ ကြောင်လေးပါ။ မနေ့ညက ပျောက်သွားလို့ စုံထောက်ကြီးအနေနဲ့ ကူညီပြီး ရှာပေးစေချင်ပါတယ်။ ကျွန်တော်တို့က ဒီလမ်းရဲ့ အဆုံးမှာ နေတာပါ။ ဒီအတွက် အခကြေးငွေအဖြစ် ၅ ဆိုလီ ပေးပါ့မယ်။ တကယ်လို့ စုံထောက်ကြီးဘက်က ဒီထက်ပိုပြီး အချိန်နဲ့ လူအား စိုက်ထုတ်ခဲ့ရတယ်ဆိုရင်လည်း ထိုက်ထိုက်တန်တန် ထပ်တိုးပေးပါ့မယ်”
“ကြောင်ရှာပေးရမှာလား... ငါ့ကို ဒီအလုပ် လာအပ်တာက ငါတို့က တစ်လမ်းတည်း နေတဲ့သူတွေမလို့ ဖြစ်မယ်”. ကလိုင်းဟာ သူ စိတ်ကူးထားတဲ့ စုံထောက်ဘဝနဲ့ လက်တွေ့မှာ ကွာခြားနေတယ်လို့ ခံစားလိုက်ရပါတယ်။
“ငါ့အဖြစ်က လူရွှင်တော်တစ်ယောက်လို ရယ်စရာ ကောင်းနေတာပဲ... ဒါပေမဲ့လည်း ပထမဆုံး လာအပ်တဲ့ အလုပ်ကိုတော့ ငြင်းလို့ မဖြစ်ဘူး။ ဒါက အမြင်ဆရာ တစ်ယောက် အတွက်မခက်ခဲပါဘူး..”. သူဟာ စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီး “ကြောင်လေးအကြောင်းကို အသေးစိတ်လေး ပြောပြပေးလို့ ရမလား” လို့ မေးလိုက်ပါတယ်။
လူငယ်လေး စကားမပြောရသေးခင်မှာပဲ အဘွားအို ဒေါရစ်က ကြားဖြတ်ပြောပါတော့တယ်။
“ဘရော့ဒီက ချစ်စရာကောင်းပြီး သွက်လက်တဲ့ အနက်ရောင် ကြောင်လေးပါ။ သူက အရမ်း ကျန်းမာတယ်၊ လှပတဲ့ မျက်လုံးစိမ်းလေးတွေ ရှိတယ်၊ ပြီးတော့ ကြက်ရင်ပုံသား ပြုတ်ထားတာကို အရမ်းကြိုက်တာ။ အမလေး ထာဝရ ညနတ်ဘုရား အရှင်မ ရယ်... မနေ့ညက သူ ဘယ်လိုထွက်သွားလိုက်မှန်းကို မသိတော့ပါဘူး။ လမ်းပျောက်သွားတာ နေမှာပါ။ အဘွားက သူ့ပန်းကန်ထဲမှာ ကြက်သားတွေ အများကြီး ထည့်ပေးထားပေမဲ့ သူကတော့ ပြန်လာမကြည့်တော့ဘူးကွယ်”
ကလိုင်းက ပြုံးလိုက်ပြီး “အဘွားရဲ့ ဖော်ပြချက်က ကျွန်တော့်အတွက် လုံလောက်ပါတယ် မဒမ် ဒေါရစ်” လို့ ဆိုလိုက်ပါတယ်။
“ဒီအလုပ်ကို ကျွန်တော် လက်ခံပါတယ်။ ကဲ... အခုပဲ အဘွားတို့ အိမ်ကို သွားကြရအောင်။ ကျွန်တော် သဲလွန်စတွေနဲ့ ခြေရာလက်ရာတွေကို ရှာဖို့ လိုပါတယ်။ ကျွန်တော့်ရဲ့ စုံထောက် အတတ်ပညာက အသေးစိတ် အချက်အလက်တွေပေါ်မှာ အခြေခံတယ်ဆိုတာ အဘွား သိမှာပါ”
မဒမ် ဒေါရစ်က သူမရဲ့ မြေးကိုတောင် မတိုင်ပင်တော့ဘဲ ခေါင်းညိတ်ကာ “မောင်ရင်က အဘွားတွေ့ဖူးသမျှထဲမှာ အတက်ကြွဆုံး စုံထောက်ပဲ။ ကဲ... သွားကြစို့” လို့ ပြောပါတယ်။
ကလိုင်းဟာ သူ့ရဲ့ ကုတ်အင်္ကျီနဲ့ ဦးထုပ်ကို ဝတ်၊ လက်ကိုင်တုတ်ကို ယူပြီး မဒမ် ဒေါရစ်တို့ မြေးအဘွားနောက်ကနေ လိုက်သွားပါတယ်။
ထင်းဂန်မြို့နဲ့ မတူတာက ဘက်ကလန်မြို့ရဲ့ လမ်းအများစုကို ကွန်ကရစ် ဒါမှမဟုတ် ကတ္တရာတွေနဲ့ ပြန်ခင်းထားတာပါ။ ဒါကြောင့် မိုးသည်းထန်တဲ့အချိန်မှာတောင် လမ်းတွေက ဗွက်မထပါဘူး။
အဘွားအိုက ရှေ့က ဦးဆောင်သွားနေတုန်း မြေးဖြစ်သူက ကလိုင်းရဲ့ အနားကို ကပ်လာပြီး တိုးတိုးလေး ပြောပါတယ်။
“ဘရော့ဒီကို ရှာတွေ့အောင် အစွမ်းကုန် ကြိုးစားပေးပါလို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။ ကျွန်တော့်အဖိုးနဲ့ မိဘတွေ ဆုံးပါးသွားပြီးကတည်းက အဘွားအတွက် အားကိုးရာက အဲဒီကြောင်လေး တစ်ကောင်ပဲ ရှိတော့တာမို့လို့ပါ”
“ဘရော့ဒီ ပျောက်သွားပြီးကတည်းက အဘွားရဲ့ စိတ်က နည်းနည်း မူမမှန်တော့ဘူး။ အသံတွေ ကြားနေရတယ်လို့ ပြောနေတာ။ သနားစရာ ဘရော့ဒီလေးက အကူအညီတောင်းပြီး အော်နေတဲ့ အသံကို ကြားနေရတယ်လို့ ခဏခဏ ပြောနေတယ်ဗျာ”
ကလိုင်းက ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြီး “ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ ဒါနဲ့ လူကြီးမင်းရဲ့ နာမည်ကို ကျွန်တော် မသိရသေးဘူးနော်”
“ဂျာဂန်... ဂျာဂန် ကူပါး ပါ။ အောက်တရားရုံးရှေ့နေ တစ်ယောက်ပါ” လို့ လူငယ်က ဖြေလိုက်ပါတယ်။
မကြာခင်မှာပဲ သူတို့ဟာ မင့်စ်လမ်း အမှတ် ၅၈ ကို ရောက်သွားပြီး မှောင်ရိပ်ကျနေတဲ့ အိမ်ကြီးထဲကို ဝင်သွားကြပါတော့တယ်။
“ဒါက ဘရော့ဒီရဲ့ အစာခွက်လေး၊ဒါကတော့ သူအကြိုက်ဆုံး ပုံးလေးပေါ့... သူက အမြဲတမ်း ဒီထဲမှာပဲ အိပ်လေ့ရှိတာ”
မဒမ် ဒေါရစ်ရဲ့ အရေးအကြောင်းတွေ ပြည့်နေတဲ့ မျက်နှာပေါ်မှာ စိုးရိမ်စိတ်တွေရော၊ မျှော်လင့်ချက်တွေရော ရောယှက်နေပါတယ်။ ကလိုင်းဟာ ကြောင်အိပ်နေကျ ပုံးအနားမှာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပုံးထဲမှာ ကပ်နေတဲ့ အနက်ရောင် ကြောင်မွှေးအချို့ကို တွေ့သွားပါတယ်။
သူဟာ မတ်တပ်ပြန်ရပ်လိုက်ပြီး ကြောင်မွှေးတွေကို ကိုင်ထားတဲ့ လက်နဲ့ပဲ သူ့ရဲ့ ငွေကွပ်ထားတဲ့ လက်ကိုင်တုတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်တယ်။ ကလိုင်းရဲ့ မျက်ဝန်းတွေက နက်ရှိုင်းသွားပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေသလို ဟန်ဆောင်ရင်း စိတ်ထဲကနေ နိမိတ်ကောက် ဂါထာကို တိုးတိုးလေး ရွတ်နေပါတော့တယ်။
သူ့လက်က လမ်းလျှောက်တုတ်ကို လက်ကိုင်ကနေ တိတ်တဆိတ် လျှောချလိုက်ပေမဲ့ လုံးဝလွှတ်လိုက်တာမျိုးတော့ မဟုတ်ပါဘူး။ ဂျာဂန်နဲ့ မဒမ်ဒေါရစ်တို့က လက်ကိုင်တုတ်ကြီး အလိုလို ထောင်နေတာကို သတိမထားမိအောင် ကလိုင်းက တမင်ကွယ်ထားပါတယ်။ မကြာခင်မှာပဲ နက်မှောင်တဲ့ ငွေကွပ်လက်ကိုင်တုတ်ဟာ ဘေးဘက်ကို အနည်းငယ် တိမ်းစောင်းသွားပါတယ်။ တုတ်က ဘေးဘက် ကို စောင်းရင်း နှေးနှေးလေး လဲသွားတာဖြစ်လို့ လှုပ်ရှားမှုက အရမ်းကို သိမ်မွေ့လှပါတယ်။
ကလိုင်းဟာ လက်ကိုင်တုတ်ကို ပြန်ဖမ်းလိုက်ပြီး အဲဒီဦးတည်ရာဘက်ကို စက္ကန့်အနည်းငယ်လောက်ကို စူးစူးစိုက်စိုက် ကြည့်နေလိုက်ပါတယ်။ အဲဒီနောက်တော့ သူဟာ ဟောင်းနွမ်းနေတဲ့ ဗီရိုအိုကြီးဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားပါတော့တယ်။
“ဘရော့ဒီ ထွက်ပြေးသွားတဲ့ ခြေရာလက်ရာတွေ တွေ့လို့လားဗျ” လို့ ဂျာဂန်က စိုးရိမ်တကြီး မေးပါတယ်။ အဘွားအို ဒေါရစ်ကလည်း အဖြေကို မျှော်လင့်တကြီး စောင့်နေရှာပါတယ်။ကလိုင်းကတော့ ချက်ချင်း အဖြေမပေးဘဲ ဒူးထောက်ထိုင်ချလိုက်ကာ ဗီရိုရဲ့ အောက်ခြေတံခါးကို ဆွဲဖွင့်လိုက်ပါတယ်။
“မြောင်...”
နက်မှောင်တဲ့ ကြောင်လေးတစ်ကောင်ဟာ အမြီး ထောင်ပြီး ဗီရိုထဲကနေ ဝုန်းခနဲ ပြေးထွက်လာကာ သူ့အစာခွက်ရှိရာကို တဟုန်ထိုး ပြေးသွားပါတော့တယ်။
“ဘရော့ဒီ... နင်က ဘယ်တုန်းက ဗီရိုထဲ ရောက်သွားတာလဲ၊ ဘယ်လိုလုပ် ပိတ်မိနေတာလဲ” လို့ မဒမ်ဒေါရစ်က အံ့သြတကြီးနဲ့ ရေရွတ်ရှာပါတယ်။ ဂျာဂန်ကလည်း အံ့သြလွန်းလို့ ကလိုင်းကို လှည့်ကြည့်လိုက်မိတယ်။
“သူ ဗီရိုထဲမှာ ရှိနေမှန်း ခင်ဗျား ဘယ်လိုသိတာလဲ”
ကလိုင်းက ပြုံးလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပဲ
“ ဆင်ခြင်သုံးသပ်မှု ပဲပေါ့ မိတ်ဆွေရယ်” လို့ ပြန်ဖြေလိုက်ပါတယ်။
မဒမ်ဒေါရစ်နဲ့ ဂျာဂန်တို့ဆီက ဆုကြေး ၅ ဆိုလီနဲ့အတူ သူတို့ရဲ့ ခင်မင်မှုကိုပါ ရခဲ့ပြီးနောက် ကလိုင်းဟာ အုံ့မှိုင်းနေတဲ့ ရာသီဥတုအောက်မှာ မင့်စ်လမ်း အမှတ် ၁၅ က သူ့အိမ်ကို ပြန်လာခဲ့တယ်။ အိမ်ရှေ့မရောက်ခင်မှာပဲ သူ့တံခါးဝမှာ လူတစ်ယောက်ဟာ ဟိုဟိုဒီဒီ မယောင်မလည် လမ်းလျှောက်နေတာကို လှမ်းမြင်လိုက်ရပါတယ်။
“အလုပ်အသစ် ထပ်ရတော့မှာလား…” ကလိုင်းက သေချာကြည့်လိုက်တော့ လာတဲ့သူက အသက် ၁၅ နှစ်၊ ၁၆ နှစ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက် ဖြစ်နေတာ တွေ့လိုက်ရပါတယ်။ အဲဒီကောင်လေးက ဟောင်းနွမ်းတဲ့ ကုတ်အင်္ကျီကို ဝတ်ထားပြီး သူ့အသက်နဲ့ မလိုက်တဲ့ ထိပ်ဝိုင်းဦးထုပ်ကြီး ဆောင်းထားပါတယ်။
“သူပါလား..”. ဘက်ကလန်ကို စရောက်တဲ့နေ့က ရေနွေးငွေ့ရထားပေါ်မှာ တွေ့ခဲ့တဲ့ ကောင်လေးမှန်း ကလိုင်းက ချက်ချင်း မှတ်မိသွားပါတယ်။ အဲဒီတုန်းက ကောင်လေးက လိုက်အဖမ်းခံနေရတာတောင် သူ့ရဲ့ ရင့်ကျက်တည်ငြိမ်မှုက ကလိုင်းကို အမှတ်ရစေခဲ့တာပါ။
“သူက ငါ့ကို ဘာအလုပ်များ အပ်ချင်လို့ပါလိမ့်... “လို့ တွေးရင်း ကလိုင်းက အနားကို လျှောက်သွားပြီး ပြုံးပြုံးလေး နှုတ်ဆက်လိုက်တယ်။
“တဆိတ်လောက်ပါ... ကျွန်တော့်ကို ရှာနေတာလား”
အဲဒီလူငယ်လေးက လန့်သွားပြီး ချက်ချင်း လှည့်ကြည့်လိုက်ရာ သူ့ရဲ့ တောက်ပတဲ့ မျက်ဝန်းနီနီတွေထဲမှာ ဖုံးဖိမရတဲ့ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေတာ ကလိုင်းက တွေ့ရပါတယ်။ သူက စိတ်ကို ပြန်ထိန်းလိုက်ပြီး “ခင်ဗျားက စုံထောက် ရှားလော့ခ် မိုရီယက်တီ လား” လို့ ဝေခွဲမရတဲ့ အသံနဲ့ မေးလိုက်ပါတယ်။
“ဟုတ်ပါတယ်” လို့ ပြောပြီး ကလိုင်းက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း “အထဲဝင်ပြီး စကားပြောကြတာပေါ့” လို့ ဖိတ်လိုက်ပါတယ်။
“ကောင်းပါပြီ” လို့ လူငယ်လေးကလည်း မငြင်းဘဲ သဘောတူလိုက်တယ်။
အိမ်ထဲရောက်တော့ ကလိုင်းက ကုတ်အင်္ကျီကို မချွတ်သေးပေမဲ့ ဦးထုပ်ကို ချွတ်ပြီး လက်ကိုင်တုတ်ကို သိမ်းလိုက်ပါတယ်။ အဲဒီနောက် လူငယ်လေးကို ဧည့်ခန်းက ဆိုဖာအရှည်ကြီးဆီ ခေါ်သွားပြီး “ထိုင်ပါဦး... မင်းကို ဘယ်လိုခေါ်ရမလဲ၊ ပြီးတော့ ငါ့ကို ဘာအလုပ်အပ်ချင်တာလဲ” လို့ မေးလိုက်ပါတယ်။
“ကျွန်တော့်ကို အီရန် လို့ ခေါ်လို့ရပါတယ်” လို့ လူငယ်လေးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ခဏလောက် တိတ်သွားပါတယ်။ “အရင်က ကျွန်တော်က တခြားစုံထောက်တစ်ယောက်ဖြစ်တဲ့ မစ္စတာ ဇီရယ် ဗစ်တာ လီ နဲ့အလုပ် တွဲလုပ်ခဲ့တာပါ။ သူက ကျွန်တော့်အတွက် သတင်းအချက်အလက်တွေ စုဆောင်းပေးတာပေါ့”
ကလိုင်းက ဆိုဖာပေါ် ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ “အခု မင်းအပ်ချင်တဲ့ အလုပ်က မင်းရဲ့ အရင်အလုပ်ရှင် အဲ့ဒီစုံထောက်နဲ့ ပတ်သက်နေတာလား” လို့ မေးလိုက်ပါတယ်။
“ဟုတ်ပါတယ်” လို့ အီရန်က လေးလေးနက်နက် ခေါင်းညိတ်ပြပါတယ်။ “လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ကျွန်တော့်နောက်ကို မကောင်းတဲ့ လူတချို့က ရည်ရွယ်ချက်နဲ့လိုက်နေတာ ကို သတိထားမိလို့ မျက်ခြေပြတ်အောင် လုပ်ခဲ့ရတယ်... အဲဒီမြင်ကွင်းကို မစ္စတာ မိုရီယက်တီ ကိုယ်တိုင် လည်းမြင်ခဲ့မယ် ထင်ပါတယ်။ အဲဒီနေ့က မြေအောက်ရထားပေါ်မှာ ကျွန်တော့်ကို အကဲခတ်နေတဲ့လူက ခင်ဗျားဆိုတာ မြင်မြင်ချင်းပဲ ကျွန်တော် မှတ်မိတယ်”
“...ဒီလောက်အထိ အကဲခတ်နိုင်တဲ့စွမ်းရည်က ပွဲကြည့်သမား တစ်ယောက်ထက်တော့မနိမ့်ဘူးပဲ... သူက မွေးရာပါ စွမ်းရည်ရှိတာလား၊ ဒါမှမဟုတ် သာလွန်သူ တစ်ယောက်လား…” ကလိုင်းဟာ သူ့ရဲ့ စိတ်ဝိညာဉ် အမြင် ကို ဖွင့်ပြီး အီရန်ကို အကဲခတ်လိုက်ပေမဲ့ ထူးခြားတာ ဘာမှ မတွေ့ရပါဘူး။
သူက ခေါင်းညိတ်ပြပြီး “မင်းရဲ့ တုံ့ပြန်မှုကလည်း ငါ့ကို အထင်ကြီးစေခဲ့ပါတယ်” လို့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်တယ်။
အီရန်က အဲဒီအကြောင်း ဆက်မပြောတော့ဘဲ “ကျွန်တော် ကြုံနေရတာတွေက မစ္စတာ ဇီရယ် နဲ့ ပတ်သက်နေမယ်လို့ သံသယရှိလို့ သူ့ဆီ သွားခဲ့တယ်။ သူ့အိမ်ကို ကြည့်ရတာ ပုံမှန်ပဲ ထင်ရပေမဲ့ တစ်ယောက်ယောက်က အိမ်ထဲခိုးဝင်ပြီး သူတပ်ဆင်ထားတဲ့ လျှို့ဝှက်အချက်ပေး ယန္တရားလေးတွေကို ထိမိထားတယ်လို့ ယူဆရတဲ့ အချက်တွေ အများကြီး တွေ့ခဲ့ရတယ်။ အဲဒီနေ့ကစပြီး မစ္စတာ ဇီရယ် ကို ကျွန်တော် မတွေ့ရတော့ဘူး။ သူ့ တစ်ခုခု ဖြစ်သွားပြီလို့ ကျွန်တော် ထင်နေတယ်။ ရဲစခန်း သွားတိုင်ပေမဲ့ လူပျောက်တိုင်ဖို့ဆိုရင် မစ္စတာ ဇီရယ်ပျောက်နေတဲ့ရက်က သတ်မှတ်ထားတဲ့ ရက်မပြည့်သေးရင် တိုင်လို့ မရဘူး။ ကျွန်တော် သိတဲ့ တခြားစုံထောက်တွေကို အကူအညီတောင်းတော့လည်း သူတို့အားလုံးက မစ္စတာ ဇီရယ် ကို စုံထောက်မိတ်ဆွေ တစ်ယောက်ရဲ့ပါတီတစ်ခုမှာ တွေ့ခဲ့သေးတယ်ဆိုပြီး ငြင်းလွှတ်ကြတယ်။ ဒါက ကျွန်တော့်အတွက် အံ့သြစရာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နှစ်ယောက်ပဲ သိထားတဲ့ နည်းလမ်းနဲ့ သူ့ကို ဆက်သွယ်တာတောင် မစ္စတာ ဇီရယ် ဆီက ဘာတုံ့ပြန်မှုမှ ပြန်မရလို့ပဲ... အဲ့ဒါနဲ့ပဲ မစ္စတာ ဇီရယ် နဲ့ မသိတဲ့၊ ကျွန်တော်နဲ့လည်း မသိတဲ့ စုံထောက်တစ်ယောက်ကိုပဲ အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဘယ်သူ့ကို ရှာရမှန်း မသိလို့ သတင်းစာတွေထဲ လိုက်ရှာရင်းကနေ ခင်ဗျားကို တွေ့ခဲ့တာ မစ္စတာ ရှားလော့ခ် မိုရီယက်တီ”