← Chapters

ကိစ္စရပ်သုံးခု

Vol. 23 Ch. 223

ကိစ္စရပ်သုံးခု

Vol. 23 Ch. 223

“ဒါဆိုရင် စုံထောက်တွေ တွေ့ခဲ့တဲ့ ဇီရယ်ဆိုတာ တစ်စုံတစ်ယောက်က ရုပ်ဖျက်ပြီး ဟန်ဆောင်ထားတာလို့ မင်းက ယူဆတာလား...” ကလိုင်းက အသေအချာ နားထောင်ပြီးနောက် မေးလိုက်ပါတယ်။

အညိုရောင် ဦးထုပ်ဝိုင်းလေးကို ဆုပ်ကိုင်ထားရင်း အီရန်က ကြိုပြီးစဉ်းစားထားတဲ့အတိုင်း ပြန်ဖြေပါတယ်။ “အဲဒါက ဖြစ်နိုင်ခြေတစ်ခုတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အန္တရာယ် အရမ်းများလွန်းတယ်။တကယ်တမ်း ရုပ်ဖျက်ဖို့ တော့ ခက်လိမ့်မယ် ထင်တယ်။ အဲဒီ ပါတီက ညဘက်မှာ ကျင်းပတာဖြစ်ပြီး မီးရောင်က သိပ်မလင်းတာတော့ အမှန်ပဲ။ ဒါပေမဲ့ တက်ရောက်လာတဲ့သူ အများစုက စုံထောက်တွေလေ၊ သူတို့က အကဲခတ် အရမ်းတော်ကြတဲ့သူတွေ။ ဆံပင်တု၊ မုတ်ဆိတ်တု ဒါမှမဟုတ် မိတ်ကပ်လောက်နဲ့တော့ သူတို့မျက်စိကို လှည့်စားဖို့ဆိုတာ မလွယ်ဘူး”

*”သာလွန်သူ စွမ်းအားအချို့ကတော့ ဒါကို လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်... ဘယင်္ကရ ဘောဇက လက်အိတ် က ပေးနိုင်တဲ့ စွမ်းရည်မျိုးပေါ့…”* ကလိုင်းရဲ့ မေးခွန်းထဲမှာ ထောင်ချောက်လေးတစ်ခု ပါနေပါတယ်။ လူငယ်လေးရဲ့ အဖြေ၊ မျက်နှာအမူအရာနဲ့ ကိုယ်အမူအရာတွေကို ကြည့်ပြီး သူဟာ သာလွန်သူ တွေနဲ့ ဆုံဖူးသလား၊ ဒါမှမဟုတ် ဂမ္ဘီရ ပညာရပ်တွေအကြောင်း သိသလားဆိုတာကို အကဲခတ် ဖို့ ထောင်ဖမ်းပြီး မေးလိုက်တာပါ။ ဒါပေမဲ့ ကနဦး အနေအထားအရတော့ သူက ဘာမှမသိသလိုပါပဲ။

စုံထောက် မိုရီယက်တီက သူ့ရဲ့ ကောက်ချက်ကို ခေါင်းညိတ်ထောက်ခံတာ မြင်တော့ အီရန်က ဆက်ပြောပါတယ်။ “စုံထောက်တွေ မြင်ခဲ့တာ မစ္စတာ ဇီရယ် ကိုယ်တိုင်ပဲလို့ ကျွန်တော် ယုံကြည်တယ်၊ ဒါပေမဲ့ သူက လွတ်လပ်တဲ့ အခြေအနေမှာ ရှိမနေဘူး။ သူဟာ အကူအညီတောင်းတဲ့ အချက်ပြမှုတောင် မလုပ်နိုင်အောင် တစ်စုံတစ်ယောက်ရဲ့ ထိန်းချုပ်မှုကို ခံထားရတာဖြစ်မယ်။ ကျွန်တော်နဲ့ ဆက်သွယ်ဖို့ ကြိုးစားတာတွေကို သူ ဘာလို့ ပြန်မဖြေတာလဲဆိုတော့ သူ အကူအညီ လိုနေပြီဆိုတာကို ကျွန်တော့်ကို သတိပေးချင်လို့ ဖြစ်နိုင်ပါတယ်”

“ယုတ္တိရှိတဲ့ ရှင်းပြချက်တစ်ခုပဲ...” ကလိုင်းက ဆုပ်ကိုင်ထားတဲ့ လက်တွေကို လွှတ်လိုက်ပြီး ထိုင်ခုံမှာ အနည်းငယ် မှီလိုက်ပါတယ်။ ပိုပြီး ပေါ့ပေါ့ပါးပါးနဲ့ ယုံကြည်မှုရှိတဲ့ ပုံစံမျိုး ပေါက်သွားတာပေါ့။

အီရန်က ဆယ်စက္ကန့်လောက် တိတ်သွားပြီးနောက် တည်တည်ငြိမ်ငြိမ်နဲ့ပဲ “မစ္စတာ ဇီရယ်ကို စုံစမ်းစစ်ဆေးပေးဖို့နဲ့ သူ့ရဲ့ လက်ရှိအခြေအနေကို သိရဖို့အတွက် ခင်ဗျားကို တာဝန်ပေးချင်ပါတယ်။ ကျွန်တော် လိုချင်တာက အတည်ပြုချက်တစ်ခုပါပဲ” လို့ ပြောလာပါတယ်။

အီရန်က စုံထောက်တစ်ယောက်အတွက် သတင်းစုံစမ်းပေးနေတဲ့ ကျွမ်းကျင်သူ ပေါက်စလို ဖြစ်နေတာကို ထည့်တွက်ပြီး ကလိုင်းက သူနဲ့ ရင်းနှီးမှုယူဖို့ ရည်ရွယ်လိုက်ပါတယ်။ ဒါကြောင့် ပြုံးပြုံးလေးနဲ့ “ဒါဆိုရင် အခကြေးငွေ ဘယ်လောက် ပေးမှာလဲ... ဒီအလုပ်က အရမ်းအန္တရာယ်များနိုင်တယ်ဆိုတာ မင်း ကောင်းကောင်း သိထားသင့်တယ်နော်” လို့ မေးလိုက်တယ်။

အီရန်က သူ့ရဲ့ အင်္ကျီဟောင်း အိတ်ကပ်ကို ငုံ့ကြည့်လိုက်ပြီး သေချာစဉ်းစားပြီးမှ “ပေးချေနိုင်တဲ့ နည်းလမ်း နှစ်မျိုး ရှိပါတယ်။ ပထမတစ်ခုကတော့ ခင်ဗျား ကျေနပ်လောက်မယ့် ပမာဏကို တစ်ခါတည်း ပေးလိုက်မှာပါ။ အဲဒီနောက်မှာတော့ တာဝန်က ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာမျိုးကလွဲလို့ ခင်ဗျားကို အပိုပေးစရာ မလိုတော့ဘူး။ ဒုတိယနည်းကတော့ ခင်ဗျားကို ၅ ပေါင် အရင်ပေးထားမယ်၊ အလုပ်ပြီးသွားတဲ့အခါ ခက်ခဲမှုအပေါ် မူတည်ပြီး ကျသင့်ငွေကို ထပ်ပေါင်းပေးမယ်။ ဒါပေမဲ့ ဒီနည်းလမ်းက စာချုပ်ရှိရင်တောင် အငြင်းပွားစရာတွေ ဖြစ်လာနိုင်တယ်” လို့ ရှင်းပြပါတယ်။

ကလိုင်းက စဉ်းစားနေတဲ့ဟန် ဆောင်လိုက်ပြီး စက္ကန့်သုံးဆယ်လောက် ကြာမှ လေသံနှိမ့်ပြီး “ဒီလိုဆိုရင်ရော .. မင်း ငါ့ကို ၅ ပေါင် အရင်ပေး၊ ပြီးတော့ တာဝန်ပြီးသွားတဲ့အခါ ငါ့အတွက် အလုပ်သုံးခုလောက် ကူညီပေးရမယ်။ စိတ်မပူပါနဲ့၊ အဲဒါတွေက သိပ်ခက်တာမျိုး မဟုတ်ပါဘူး။ မင်းရဲ့ လုပ်နိုင်စွမ်းအတွင်းမှာပဲ ရှိမှာဖြစ်သလို မင်းကိုလည်း သိပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေမှာ မဟုတ်ဘူး။ ဒါကို စာချုပ်ထဲမှာလည်း ထည့်ချုပ်လို့ ရပါတယ်” လို့ အကြံပြုလိုက်တယ်။

အီရန်က မျက်မှောင်ကြုတ် စဉ်းစားပြီးနောက် မတ်တတ်ရပ်လိုက်ပါတယ်။ သူဟာ ရှေ့ကို ကိုင်းပြီး ညာဘက်လက်ကို ကမ်းပေးလိုက်ကာ “ကောင်းပါပြီ!” လို့ သဘောတူလိုက်တယ်။

ကလိုင်းက သူနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပြီး ကြိုပြင်ထားတဲ့ နမူနာစာချုပ်ကို ထုတ်လိုက်ပါတယ်။ အဲဒီနောက် ဖောင်တိန်နဲ့ အသေးစိတ်အချက်တွေကို ဖြည့်စွက်ပြီး လက်ဗွေနှိပ် အတည်ပြုလိုက်ပါတယ်။ စာချုပ်မှာ လက်မှတ်ထိုးပြီးနောက် အီရန်ကို စက္ကူဖြူတစ်ရွက် ပေးလိုက်ရာ သူက စုံထောက် ဇီရယ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရေးပေးပါတယ်။

ခဏအကြာမှာ ကလိုင်းက ဖတ်ကြည့်ပြီး “အရေးပေါ် အခြေအနေမျိုး ရှိလာရင် ဒါမှမဟုတ် ဇီရယ်ရဲ့ အခြေအနေကို အတည်ပြုပြီးရင် မင်းကို ဘယ်လို ဆက်သွယ်ရမလဲ” လို့ ပေါ့ပေါ့ပါးပါးပဲ မေးလိုက်တယ်။

အီရန်က နှုတ်ခမ်းကို တင်းတင်းစေ့ပြီး တော်တော်ကြာအောင် တိတ်နေပါတယ်။ ကလိုင်းက လှမ်းကြည့်လိုက်တော့မှ သူက အနည်းငယ် တောင့်တောင့်ကြီး ဖြစ်နေတဲ့ လေသံနဲ့ “ကျွန်တော့်ကို ဆက်သွယ်ဖို့ မလိုပါဘူး၊ အချိန်တန်ရင် ကျွန်တော် ကိုယ်တိုင် လာပါ့မယ်” လို့ ပြန်ဖြေပါတယ်။

အဲဒီနောက် သူက ဘာမှထပ်မပြောတော့ဘဲ အင်္ကျီအိတ်ကပ်ထဲက ငွေစက္ကူအထပ်လိုက်ကို ထုတ်လိုက်တယ်။ အဲဒီငွေတွေက တန်ဖိုးအကြီးဆုံးကနေ အသေးဆုံးအထိ အစီအစဉ်တကျ သပ်သပ်ရပ်ရပ် စီထားတာပါ။

အီရန်က အောက်ဆုံးက တစ်ပေါင်တန် သုံးရွက်၊ ငါးဆိုလီတန် ခြောက်ရွက်နဲ့ နောက်ဆုံးမှာ တစ်ဆိုလီတန် ဆယ်ရွက်ကို ရေတွက်ကာ ယူလိုက်ပါတယ်။

အီရန်က ငွေတွေကို သပ်သပ်ရပ်ရပ် စီထားရုံတင်မကဘဲ ငွေစက္ကူ ပေါ်က ရှေးဘုရင်တွေရဲ့ ပုံတူတွေကိုတောင် အမှားအယွင်းမရှိ အပေါ်ကို မျက်နှာမူထားတာ မြင်တော့ ကလိုင်းမှာ ရုတ်တရက် စိတ်ပျက်သလို ခံစားလိုက်ရပါတယ်။

*”ဒါကတော့ တကယ့်ကို အစီအစဉ်မကျရင် မနေနိုင်တဲ့ စိတ်ရောဂါ နောက်ဆုံးအဆင့် “*ပဲ... သူဟာ တိတ်တဆိတ် သက်ပြင်းချပြီး အီရန်ပေးတဲ့ ငွေတွေကို လက်ခံလိုက်တယ်။

ကလိုင်း အကဲခတ်ရသလောက်တော့ အီရန်မှာ သုံးပေါင်တောင် မပြည့်တော့တဲ့ ငွေပဲ ကျန်ပါတော့တယ်။ *”သူ့မှာရှိတဲ့ စုငွေ အကုန်ယူလာတာ ဖြစ်နိုင်တယ်... ငါသာ ပိုက်ဆံပိုတောင်းလိုက်ရင် သူ ထွက်သွားမလားပဲ... ကြည့်ရတာတော့ အဲဒီလိုလူမျိုး မဟုတ်ပေမဲ့ လူကို အပြင်ပန်းနဲ့ ဆုံးဖြတ်လို့တော့ မရဘူးလေ... “*

ကလိုင်းက ငွေစက္ကူတွေကို ဂရုမစိုက်သလို ခေါက်ပြီး အိတ်ကပ်ထဲ ကမူးရှူးထိုး ထိုးထည့်လိုက်ပါတယ်။ အဲဒီလို မသပ်မရပ် လုပ်လိုက်တာကြောင့် အီရန်ရဲ့ မျက်နှာ နည်းနည်း ပျက်သွားတာကို သူ မြင်လိုက်ရတယ်။

“စုံစမ်းစစ်ဆေးမှုကို အမြန်ဆုံး ပြီးအောင် ကြိုးစားပေးပါ့မယ်...” ကလိုင်းက မတ်တတ်ရပ်ပြီး နှုတ်ဆက်တဲ့အနေနဲ့ လက်ကမ်းပေးလိုက်တယ်။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...” အီရန်က စိတ်ရင်းနဲ့ ကျေးဇူးတင်စကား ပြောပါတယ်။ ကလိုင်းရဲ့ တန်ပြန်ကမ်းလှမ်းချက်က သိသိသာသာကို “လျှော့စျေး” ပေးထားတာကြောင့် ဖြစ်ပါတယ်။

သူ့အသက်ထက် ပိုရင့်ကျက်နေတဲ့ လူငယ်လေး ထွက်သွားတာကို ကြည့်ရင်း ကလိုင်းက မေးစေ့ကို ပွတ်သပ်ကာ “ဒီကိစ္စက ထင်ထားတာထက် ပိုနက်နဲပုံရတယ်” လို့ တစ်ယောက်တည်း ရေရွတ်လိုက်မိတယ်။ *”အီရန်က ဇီရယ်ရဲ့ မကြာသေးခင်က စုံစမ်းစစ်ဆေးမှုတွေ သို့မဟုတ် ဘာသတင်းတွေ စုခိုင်းထားသလဲဆိုတာ တစ်လုံးမှ မပြောခဲ့ပါဘူး။

ထားလိုက်ပါတော့လေ... ရတဲ့ အခကြေးငွေနဲ့ ထိုက်တန်သလောက်ပဲ ငါ လုပ်ပေးမယ်။ ငါ လုပ်ရမှာက ဇီရယ်ရဲ့ လက်ရှိအခြေအနေကို အတည်ပြုပေးဖို့ပဲ”*

သူဟာ ဧည့်ခန်းထဲ ဝင်လာရင်း ဘောင်းဘီအိတ်ကပ်ထဲက ပဲနိ အကြွေစေ့ တစ်စေ့ကို နှိုက်ယူလိုက်တယ်။

“ဖျတ်!”

အကြွေစေ့က လေထဲ ဝဲတက်သွားစဉ် ကလိုင်းရဲ့ မျက်ဝန်းတွေက မှောင်မှိုင်းသွားပြီး သူ ကိုင်နေတဲ့ အမှုမှာ သာလွန်သူ တွေနဲ့ ပတ်သက်တာ ပါသလားဆိုတာကို တီးတိုးရွတ်ပြီး နိမိတ်ဖတ် လိုက်ပါတယ်။

အဲဒီနောက် သူက ညာဘက်လက်ကို ဖြန့်ပြီး ပဲနိစေ့ကို ဖမ်းဖို့ ကြိုးစားလိုက်ပေမဲ့ “ဂလောက်!” အကြွေစေ့က သူ့လက်ချောင်းတွေကြားက လျှောကျပြီး ကြမ်းပြင်ပေါ် ကျကာ လိမ့်ထွက်သွားပါတော့တယ်။

ဒီရလဒ်က နိမိတ်ဖတ်ခြင်း မအောင်မြင်ဘူးဆိုတာ ပြနေတာပါ။

*”ကြည့်ရတာ အီရန်က ငါထင်ထားတာထက် ပိုပြီး အများကြီး ဖုံးကွယ်ထားပုံပဲ... အချက်အလက်တွေက လိုအပ်နေတာကြောင့် ဝေဝါးတဲ့ နိမိတ်ရလဒ်တောင် မရနိုင်ဘူး ဖြစ်နေတယ်…”* သူဟာ နှုတ်ခမ်းကို စေ့လိုက်ပြီး ရှေ့ကို ခြေလှမ်းနည်းနည်း လှမ်းကာ ငုံ့ပြီး အကြွေစေ့ကို ကောက်ယူလိုက်ပါတယ်။

...

အဲဒီညမှာ ကလိုင်းက သန်းခေါင်ယံမှာ ဘက်ကလန် တံတား အနီးက နှင်းဆီလမ်း၊ အမှတ် ၁၃၈ ကို သွားခဲ့တယ်။

ကလိုင်းဟာ ဈေးပေါတဲ့ အပြာနုရောင် အလုပ်သမား ဝတ်စုံကို ဝတ်ထားပါတယ်။ သူ့ပါးစပ်၊ မေးစေ့နဲ့ ပါးတွေမှာ မည်းနက်တဲ့ မုတ်ဆိတ်မွှေးတွေ ဖုံးနေပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ ကြမ်းတမ်းတဲ့ ပုံစံမျိုး ပေါက်နေပါတယ်။

သူဟာ နက်မှောင်တဲ့ ဦးထုပ်ကို ဆောင်းထားပြီး မျက်လုံးတွေတောင် ကွယ်လုနီးပါး ငိုက်ဆောင်းထားပါတယ်။

ဒီလို ဦးထုပ်မျိုးက အင်းတစ် ပြည်သူ့သမ္မတနိုင်ငံ က မုဆိုး တွေဆောင်းကြတာဖြစ်ပြီး လိုအန် ဘုရင့်နိုင်ငံတော် က သမင်လိုက်တဲ့ မုဆိုးတွေ ဆောင်းတဲ့ ဦးထုပ်တွေနဲ့တော့ နည်းနည်း ကွဲပါတယ်။ ဒါပေမဲ့ အခုတော့ ဘက်ကလန်က အောက်ခြေလူတန်းစားတွေကြားမှာ ဒီဦးထုပ်တွေက အရမ်း ခေတ်စားနေပါပြီ။

လမ်းဘေးက အင်းတစ် ပါရာဆော သစ်ပင်ရိပ်မှာ ပုန်းနေရင်း ကလိုင်းဟာ လှပတဲ့ ဓာတ်ငွေ့မီးအိမ် အလင်းရောင်ကို အမှီပြုကာ လမ်းတစ်ဖက်က အိမ်တစ်အိမ်ကို အကဲခတ်နေပါတယ်။

အဲဒီအိမ်ကတော့ စုံထောက် ဇီရယ်ရဲ့ နေအိမ်ပဲ ဖြစ်ပါတယ်။

အဲဒီစုံထောက်က ဆော့ဗေး နယ်သားတစ်ယောက်ဖြစ်ပြီး မိဘဆွေမျိုးနဲ့ မိတ်ဆွေတွေကလည်း အဲဒီဒေသမှာပဲ နေကြတာပါ။ သူက ဘက်ကလန်မြို့ကို တစ်ကိုယ်တည်း လာအခြေချပြီးမှ တဖြည်းဖြည်းနဲ့ နာမည်ရလာသူ ဖြစ်ပါတယ်။

သူက လူပျိုကြီးဖြစ်တဲ့အပြင် အိမ်မှာလည်း ချက်ပြုတ်စားသောက်လေ့မရှိဘဲ သုံးရက်တစ်ကြိမ် လာပြီး သန့်ရှင်းရေးလုပ်ပေးတဲ့ နေ့စားအိမ်အကူ နှစ်ယောက်ကိုပဲ ငှားထားတာပါ။ လောလောဆယ် သူငှားနေတဲ့ အိမ်ကတော့ အမှောင်အတိ ကျနေပါတယ်။

ကလိုင်းက အင်္ကျီလက်ထဲက ငွေရောင်ကြိုးကို ထုတ်လိုက်ပြီး ဥဿဖရား ချိန်သီး ကို တွဲလောင်းချလိုက်တယ်။ ပြီးတော့ -

“အိမ်ထဲမှာ အန္တရာယ်ရှိတယ်...”

“အိမ်ထဲမှာ အန္တရာယ်ရှိတယ်...”

ခုနစ်ကြိမ်တိုင်တိုင် ရွတ်ပြီးမှ မျက်လုံးဖွင့်ကြည့်လိုက်တော့ စိတ်ဝိညာဉ် ချိန်သီး က နာရီလက်တံအတိုင်း လည်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ လည်ပတ်နှုန်းကတော့ တော်တော်လေး နှေးပါတယ်။

“အန္တရာယ်တော့ ရှိတယ်၊ ဒါပေမဲ့ သိပ်တော့ မပြင်းထန်ဘူး...” လို့ ကလိုင်းက တိုးတိုးလေး ရေရွတ်လိုက်တယ်။ အဲဒီနောက် သူ့ဆီမှာ တားရော့ကတ် တွေ၊ ကိုယ်တိုင်လုပ်ထားတဲ့ အဆောင် တွေနဲ့ မြင့်မြတ်သော ည အမှုန့် တွေ ပါမပါ တစ်ခေါက် ပြန်စစ်လိုက်ပါတယ်။

အသင့်ဖြစ်ပြီဆိုတော့မှ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်၊ ညဉ့်ဦးယံရဲ့ တိတ်ဆိတ်မှုကို အခွင့်ကောင်းယူပြီး လမ်းတစ်ဖက်ကို လျင်မြန်စွာ ပြေးကူးလိုက်တယ်။ အိမ်က အရှေ့မှာ ဝရန်တာတို့၊ မြက်ခင်းပြင်တို့ မရှိဘဲ လမ်းမနဲ့ တိုက်ရိုက် ဖြစ်နေတာပါ။ ဒါကြောင့် ကလိုင်းက အိမ်ဘေးကို ပတ်သွားပြီး ရေပိုက်ကနေတစ်ဆင့် ဒုတိယထပ်က အဝတ်လှန်းတဲ့ ဝရန်တာလေးဆီ ကျွမ်းကျင်စွာ တက်သွားပါတယ်။

အဲဒီနောက် တားရော့ကတ်တစ်ချပ်ကို ထုတ်၊ တံခါးကြားထဲ ထိုးထည့်ပြီး စင်္ကြံလမ်းဆီ ဦးတည်တဲ့ တံခါးကို ဖွင့်လိုက်တယ်။ အီရန် ပေးထားတဲ့ အိမ်ရဲ့ပုံစံအတိုင်း ဇီရယ်ရဲ့ အိပ်ခန်းဆီ အသံမထွက်အောင် လျှောက်သွားပါတယ်။

သူက ဘယ်ဘက် အံသွားကို အသာအယာ ကြိတ်လိုက်ပြီး စိတ်ဝိညာဉ် အမြင် ကို ဖွင့်လိုက်တယ်။ သစ်သားတံခါးကို ဖြတ်ပြီး အတွင်းဘက်ကို လှမ်းကြည့်လိုက်တာပါ။ စိတ်ဝိညာဉ် အမြင်က စိတ်ဝိညာဉ်စွမ်းအား မရှိတဲ့ အတားအဆီးတွေကို ဖြတ်ပြီး အရှိန်အဝါ အရောင်တွေကို မြင်နိုင်ပေမဲ့ သုံးတဲ့သူရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပါတယ်။ အခုအချိန်မှာတော့ ကလိုင်းက သစ်သားတံခါးတွေကို ဖြတ်မြင်နိုင်ပေမဲ့ ကွန်ကရစ် နံရံတွေကိုတော့ မမြင်နိုင်သေးဘူး။ ပြီးတော့ မြင်ရတဲ့ ပုံရိပ်တွေကလည်း သိပ်တော့ မရှင်းလှပါဘူး။

သူ့အမြင်ထဲမှာ အိပ်ခန်းထဲက လူသားပုံသဏ္ဌာန် အရှိန်အဝါ သုံးခုကို တွေ့လိုက်ရတယ်။ အရောင်တွေက ဝေဝါးနေပြီး နေရာအနှံ့မှာ ရှိနေကြတာပါ။

*”ချောင်းနေတဲ့သူ သုံးယောက်တောင်လား... အီရန်ကို ဖမ်းဖို့လား၊ ဒါမှမဟုတ် တခြားတစ်ယောက်ကိုလား... အိပ်ခန်းကလည်း သိပ်ကျယ်တာ မဟုတ်ဘူး…”* ကလိုင်းက အမှောင်ထဲမှာ ရပ်ပြီး အခြေအနေကို အေးအေးဆေးဆေး သုံးသပ်လိုက်တယ်။

အဲဒီခဏမှာပဲ သူက ခြေသံကို အတတ်နိုင်ဆုံး ဖော့ပြီး ဝရန်တာဘက်ကို ပြန်ဆုတ်လာခဲ့တယ်။ ဝရန်တာရောက်တော့ အိတ်ကပ်ထဲက ပါးလွှာတဲ့ ငွေပြားလေးတစ်ချပ်ကို ထုတ်လိုက်တယ်။ အဲဒါက ဒီနေ့မွန်းလွဲပိုင်းကမှ သူကိုယ်တိုင် စမ်းလုပ်ထားတဲ့ အိပ်စက်ခြင်း အဆောင် ပါ။

သူက ထာဝရာညနတ်ဘုရားမ ထံ ဆုတောင်းခဲ့တာ မဟုတ်ဘဲ မိမိကိုယ်ကိုယ်ပဲ ဆုတောင်းပြီးလုပ်ခဲ့တာဖြစ်ပါတယ်။

“ဒီကာလနဲ့ မသက်ဆိုင်တဲ့ အရူး၊ မီးခိုးရောင် မြူခိုးပေါ်က လျှို့ဝှက်ဆန်းကြယ်တဲ့ အုပ်စိုးသူ၊ ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင် ဘုရင်” ဆိုတဲ့ ဘွဲ့တော်နဲ့ အစီအရင်လုပ်၊ အဲဒီနောက် မီးခိုးရောင် မြူခိုး ကမ္ဘာထဲ ဝင်ပြီး သူက်ိုယ်တိုင် ဆုတောင်းတဲ့ ဘွဲ့တော်ကို ကိုယ်တိုင် ပြန်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီနည်းလမ်းက မီးခိုးရောင် မြူခိုးပေါ်က စွမ်းအားကို အပြည့်အဝ မသုံးနိုင်လို့ ကလိုင်းက သူ့ရဲ့ ကိုယ်ပိုင် စိတ်ဝိညာဉ်စွမ်းအားနဲ့ပဲ “တုံ့ပြန်” ခဲ့ရပါတယ်။ ဒါကြောင့် အဆောင်ရဲ့ အစွမ်းက ပုံမှန်ထက် နည်းနည်း ညံ့ပေမဲ့ သူ့နာမည်ရင်းနဲ့ လုပ်ထားတဲ့ အဆောင်တွေထက်တော့ ပိုအစွမ်းထက်ပါတယ်။

ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် ပါးစပ်ကို လက်နဲ့အုပ်ကာ ရှေးဟောင်း ဟားမီးစ် ဘာသာစကားနဲ့ တိုးတိုးလေး ရွတ်လိုက်တယ်။

“သွေးရောင် “

အဆောင်ကနေ အေးစိမ့်တဲ့ ခံစားချက်ကို ရလိုက်ပြီးနောက် ဇီရယ်ရဲ့ အိပ်ခန်းတံခါးဆီ အသံမထွက်အောင် လျင်မြန်စွာ ပြန်သွားလိုက်တယ်။ တံခါးလက်ကိုင်ကို ကိုင်ထားရင်း ငွေပြားလေးထဲကို စိတ်ဝိညာဉ်စွမ်းအားတွေ ပို့လွှတ်လိုက်တယ်။

ကျွီ...

ကလိုင်းက တံခါးလက်ကိုင်ကို အသာလေး လှည့်ပြီး တံခါးကို နည်းနည်း ဟလိုက်တယ်။ အဲဒီနောက် အိပ်စက်ခြင်း အဆောင်ကို အတွင်းထဲ လှမ်းပစ်ထည့်လိုက်ပါတော့တယ်။၊ တံခါးကို ပြန်ပိတ်ပြီး စိတ်ထဲကနေ ရေတွက်နေလိုက်ပါတယ်။

၃... ၂... ၁...

သူက တံခါးကို ဝုန်းခနဲ တွန်းဖွင့်ပြီး ကြမ်းပြင်ပေါ် လိမ့်ဝင်သွားလိုက်တယ်။ အထဲက လူသုံးယောက်ဆီက ဘာလှုပ်ရှားမှုမှ မရှိတာ သိလိုက်တော့မှ ကလိုင်းက ပြန်ထရပ်လိုက်တယ်။ ပြတင်းပေါက်ကနေ ဖြာကျနေတဲ့ သွေးရောင် လရောင်နဲ့ အခန်းကို အကဲခတ်လိုက်တယ်။

အိပ်ရာ၊ ဗီရို၊ စားပွဲ၊ ဆိုဖာတစ်စုံနဲ့ အင်္ကျီချိတ်စင်တို့ ရှိတဲ့ သာမန် အိပ်ခန်းတစ်ခန်းပါပဲ။ အိပ်ရာရဲ့ တစ်ဖက်မှာ အနက်ရောင် ဝတ်စုံဝတ်ထားတဲ့ အမျိုးသားတစ်ယောက်က နှစ်ခြိုက်စွာ အိပ်ပျော်နေတယ်။ ဆိုဖာဘေးမှာ တစ်ယောက်၊ ဗီရိုရှေ့မှာ တစ်ယောက်... အားလုံးကတော့ အိပ်မောကျနေကြပါပြီ။

အဲဒီသုံးယောက်ရဲ့ အခြေအနေကို အတည်ပြုပြီးနောက် ကလိုင်းက အိပ်ရာဆီ လျှောက်သွားပြီး ငုံ့ကြည့်လိုက်ရာ ဝါညိုရောင် ဆံပင်တို အနည်းငယ်ကို တွေ့လိုက်တယ်။ အီရန်‌ ပြောပုံအရ စုံထောက် ဇီရယ်က ဝါညိုရောင် ဆံပင်တို နဲ့ဖြစ်ပါတယ်။

“ဒါသူ့ဆံပင်ပဲ ဖြစ်ရမယ်...” လို့ ကလိုင်းက တိုးတိုးလေး ရေရွတ်လိုက်တယ်။ ဆံပင်အနည်းငယ်ကို ကောက်ယူပြီး ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်တယ်။ သွေးရောင်လရောင် လွှမ်းနေတဲ့ အမှောင်ထဲမှာ သူက အေးအေးဆေးဆေး ထိုင်နေရင်း အိမ်မက် နိမိတ်ဖတ်ခြင်း နဲ့ ဇီရယ်ကို ရှာဖို့ ပြင်ဆင်လိုက်ပါတော့တယ်။

ဆိုဖာနောက်မှီကို မှီလိုက်ရင်း သူ့နှုတ်ခမ်းတွေက နည်းနည်း ကွေးညွှတ်သွားကာ မိမိကိုယ်ကိုယ် လှောင်ပြောင်သလို ရေရွတ်လိုက်မိပါတယ်။

“ ဆင်ခြင်ကောက်ချက်ချရုံပဲပေါ့... မိတ်ဆွေကြီးရေ...”

All Chapters