← Chapters

အခန်း (၅၇၈)

Vol. 58 Ch. 578

အခန်း (၅၇၈)

Vol. 58 Ch. 578

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၇၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

လီရူဟိုင်၏ သိုင်းပညာသည် တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။ ပြိုင်ဘက်ကင်းရဲတိုက်မှ သိုင်းပညာရှင် ရာပေါင်းများစွာ ၊ မီးနတ်ဘုရားဘာသာမှ သိုင်းပညာရှင် ရာပေါင်းများစွာနှင့် ဆရာသခင်အဆင့်ရှိသော ကျီပြောင်ပြောင်တို့သည် သူ၏ ရိုက်ချက်ကြောင့် လွင့်စဉ်သွားခဲ့ရသည်။

မသေဆုံးကြသော်လည်း ရာနှင့်ချီသော သိုင်းပညာရှင်များကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်ထုတ်လိုက်နိုင်ခြင်းက သူ၏ သိုင်းပညာစွမ်းအား မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ပြသနေလေသည်။

ယခုအချိန်တွင် တုပိုင်၏ ပတ်လည် မီတာဆယ်ချီအကွာ၌ မည်သူမျှ မရှိတော့ချေ။ ပြိုင်ဘက်ကင်းရဲတိုက်မှ စစ်သည်များနှင့် မီးနတ်ဘုရား စစ်သည်များသည် တုပိုင်ကို ကယ်တင်ရန် ပြေးဝင်လာချင်ကြသော်လည်း အချိန်မမီတော့ပေ။

တုပိုင်သည် လီရူဟိုင်၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်မည်လော။ မဟန့်တားနိုင်ပေ။ လီရူဟိုင်၏ သိုင်းပညာသည် မြင့်မားလွန်းလှသည်။ တုပိုင်၏ ခန္ဓာကိုယ်ထဲရှိ နဂါးသွေးကြောမှ ရွှေရောင်စွမ်းအင်များက သူ့ကို ဓားချက်ပေါင်းများစွာ ခံနိုင်ရည်ရှိအောင် ပြုလုပ်ပေးထားသော်လည်း လီရူဟိုင်၏ တုန်လှုပ်ဖွယ်ရာ တိုက်ခိုက်မှုက တုပိုင်ကို အပိုင်းပိုင်းအစစ ဖြစ်သွားစေနိုင်လေသည်။

ခန္ဓာကိုယ်သာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလျှင် နတ်ဘုရားများပင် ကယ်တင်နိုင်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် တုပိုင်က လီရူဟိုင် သတ်သည်ကို ဤအတိုင်း ငြိမ်ခံပြီး အပိုင်းပိုင်းအစစ အဖြစ်ခံလိုက်တော့မည်လော။

လုံးဝ မဖြစ်နိုင်ပေ။ သူ့ကိုယ်သူ ကယ်တင်နိုင်လေသည်။

ထိုအချိန်တွင် သူ့ဘေးနား၌ မည်သူမျှ မရှိတော့ချေ။

သို့သော် သူ့ကျောဘက်တွင် အထူးပြုလုပ်ထားသော ရေနံဆီစည်ပိုင်းတစ်ခု ရှိနေသည်။

လီရူဟိုင်က သူ့ပတ်ဝန်းကျင်ရှိ လူအကုန်လုံးကို မီတာဆယ်ချီအကွာသို့ ရိုက်ထုတ်လိုက်သည့်အချိန် ၊ တုပိုင်၏ လက်ဝါးပြင်မှ ငရဲမီးတောက်များ ထွက်ပေါ်လာပြီး သူ့နောက်ကျောမှ ရေနံဆီစည်ပိုင်းကို ဖိကပ်လိုက်လေသည်။

“အပိုင်းပိုင်းအစစသာ ဖြစ်သွားပေရော့... တုပိုင်”

လီရူဟိုင်သည် တုန်လှုပ်ဖွယ်ရာ စွမ်းအားများဖြင့် တိုက်ခိုက်လာတော့သည်။

“ဘုန်းးးး”

တုပိုင် ပြုပြင်ထားသော ရေနံဆီစည်ပိုင်းသည် ရုတ်တရက် ပေါက်ကွဲသွားလေသည်။ ထိုပေါက်ကွဲမှုမှတဆင့် မီတာဆယ်ချီ မြင့်မားသော အဖြူရောင်မီးတောက်များ ထွက်ပေါ်လာတော့သည်။

တုပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်များက ဝါးမြိုသွားလေ၏။ ဤမီးတောက်သည် ငရဲမီးတောက်စစ်စစ် မဟုတ်သော်လည်း ငရဲမီးတောက်ဖြင့် မီးကူးထားခြင်းဖြစ်ရာ ယင်း၏ သေစေနိုင်သော စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

မည်သည့် သိုင်းပညာရှင်မျှ အနားကပ်၍ မရနိုင်ပေ။

ထို့ကြောင့် ဤအခိုက်အတန့်တွင် တုပိုင်သည် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိနေသေးသည်။ ယခုအချိန်၌ သူသည် သာမန်မဟုတ်တော့ချေ။

သို့သော် မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာသည့် အချိန် ၊ လီရူဟိုင်က တုပိုင်ဆီသို့ ရူးသွပ်စွာ ပြေးဝင်လာသည့် အချိန် ၊ လှပသော အမျိုးသမီးတစ်ဦး၏ ပုံရိပ်သည် လျှပ်စီးလက်သကဲ့သို့ ပြေးထွက်လာပြီး လီရူဟိုင်နှင့် ထိပ်တိုက်တွေ့ကာ တုပိုင်၏ ရှေ့မှ ကာဆီးပေးလိုက်လေသည်။

“သူ့ကို မထိနဲ့...”

သူမ၏ စကားမဆုံးခင်မှာပင် ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာပြီး ခန္ဓာကိုယ်သည် နောက်သို့ လွင့်စဉ်သွားရတော့သည်။ မီးတောက်များကြားမှ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တုပိုင် ကြက်သေသေသွားရလေသည်။

ထိုအမျိုးသမီးမှာ လီတောက်ယွဲ့ ပင် ဖြစ်သည်။ သူမသည် တုပိုင်အတွက် လီရူဟိုင်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ဝင်ရောက်ကာကွယ်ပေးလိုက်ခြင်း ဖြစ်သည်။

‘ဒီ... ငတုံးမကြီး... နေပြည်တော်က ထွက်လာကတည်းက ငါနဲ့ မနီးမဝေးမှာ ရှိနေခဲ့တာလား’

သို့သော် သူမသည် ကိုယ့်ကိုယ်ကိုယ် ပေမင်ဓားဂိုဏ်း၏ အကြီးမားဆုံးသော သစ္စာဖောက်တစ်ယောက် ဖြစ်လာပြီဟု ခံယူထားပြီး တစ်လောကလုံးက သူမကို ဖမ်းဝရမ်းထုတ်ထားမည်ဟု တွေးတောနေခဲ့သည်။

ထို့ကြောင့် သူမသည် တစ်ခါမှ ကိုယ်ထင်မပြခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ ကိုယ်ထင်ပြလိုက်လျှင် တုပိုင်အတွက် အန္တရာယ်များ ယူဆောင်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။

ဤမိန်းမကြီးသည် တုပိုင်နှင့် နီရှန်နတ်မိမယ်တို့ကြား သဘောတူညီချက် တစ်စုံတစ်ရာ ရယူထားသည်ကိုပင် မသိရှာပေ။

ထို့ကြောင့် တုပိုင် သွားလေရာသို့ သူမ လိုက်ပါခဲ့သော်လည်း တုပိုင် မတွေ့နိုင်မည့် အကွာအဝေးတစ်ခုကို အမြဲတမ်း ထိန်းသိမ်းထားခဲ့သည်။ ထို့နောက် သူမသည် ကျေနပ်ပီတိဖြစ်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကြားတွင် နစ်မြောနေခဲ့လေသည်။

သူမသည် တုပိုင်ကို အမြဲတမ်း ကာကွယ်ပေးနေခဲ့သည်။ ဤကဲ့သို့သော အချစ်မျိုးအတွက် သူမသည် ကြီးမြတ်သည်ဟု ခံစားရပြီး ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့သည်။ ယခုအချိန်တွင် လီရူဟိုင်က တုပိုင်ကို လိုက်လံသတ်ဖြတ်တော့မည့်အချိန်၌ သူမ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်တော့ဘဲ အမြန်ဆုံးအရှိန်ဖြင့် ပြေးထွက်လာကာ လီရူဟိုင်၏ တုန်လှုပ်ဖွယ်ရာ တိုက်ခိုက်မှုကို ဝင်ရောက်ကာကွယ်လိုက်ခြင်း ဖြစ်လေသည်။

ထို့နောက် သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေး လွင့်စဉ်သွားပြီး ပါးစပ်မှ သွေးများ ရူးသွပ်စွာ ပန်းထွက်လာတော့သည်။ သူမသည် မဟာဆရာသခင်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော်လည်း လီရူဟိုင်နှင့် ယှဉ်လျှင် ကျင့်ကြံခြင်းအဆင့် ကွာခြားလွန်းနေသေးရာ လီရူဟိုင်၏ တိုက်ခိုက်မှုကို လုံးဝ မဟန့်တားနိုင်ခဲ့ပေ။

တုပိုင်သည် ဤမြင်ကွင်းကြောင့် လုံးဝ မှင်သက်သွားရလေသည်။

‘ဒီမိန်းမအကြီး... ငါ့ဘာသာ ကာကွယ်နိုင်ရဲ့သားနဲ့... မင်း ဘာလုပ်လိုက်တာလဲ’

လီရူဟိုင်သည် သူ၏ လက်ဝါးကို ငုံ့ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသော လီတောက်ယွဲ့ကို ကြည့်လိုက်သည်။

ခေတ္တမျှ ကြောင်အသွားရ၏။

‘ဒါ... ဒီမိန်းမက လီတောက်ယွဲ့လား’

‘ဘုရားရေ... ငါ ရူးများသွားပြီလား’

‘လီတောက်ယွဲ့က ဘာလို့ ဒီလောက်တောင် ငယ်ရွယ်သွားရတာလဲ။ ပြီးတော့ ပြိုင်ဘက်ကင်းလောက်အောင် လှပသွားပါလား။ ငါ့မျက်စိရှေ့က မိန်းမက အသက် ၃၀ လောက်ပဲ ရှိသေးတာလား’

အလွန်ရင်းနှီးနေသလို အလွန်လည်း စိမ်းသက်နေလေသည်။ လီရူဟိုင်နှင့် လီတောက်ယွဲ့တို့ကြားတွင် ပတ်သက်မှု ရှိလေသည်။ လီရူဟိုင် ငယ်စဉ်က အခြားသော အာဏာရှိ မိသားစုများမှ ကလေးများကဲ့သို့ပင် ပေမင်ဓားဂိုဏ်း၏ အန်ချိုကျွန်းကြီးတွင် သိုင်းပညာ သွားရောက်သင်ယူခဲ့ဖူးသည်။ လီတောက်ယွဲ့နှင့် ကျီမင်းကျစ်တို့သည် သူ၏ စီနီယာ အစ်မများ ဖြစ်ကြသည်။

တကယ်တော့ လီရူဟိုင်က ပြင်ပဂိုဏ်းသားတစ်ဦး ဖြစ်ပြီး ကျီမင်းကျစ်နှင့် လီတောက်ယွဲ့တို့က အတွင်းစည်း ဂိုဏ်းသားများ ဖြစ်ကြသည်။

ကျီမင်းကျစ်နှင့် လီတောက်ယွဲ့တို့ နှစ်ယောက်စလုံးသည် အန်ချိုကျွန်းကြီးတွင် ကျော်ကြားသော အလှမယ်များ ဖြစ်ကြသည်။ သို့သော် ကျီမင်းကျစ်၏ အေးစက်သော အမူအရာကြောင့် ယောက်ျားအများစုက သူမကို ဝေးဝေးမှသာ ရှောင်ကွင်းသွားလေ့ရှိသည်။ လီတောက်ယွဲ့ကမူ ပြင်းထန်သော စိတ်ဓာတ်နှင့် ပွင့်လင်းသော စရိုက်ရှိပြီး လီရူဟိုင် အပါအဝင် အမျိုးသား ဂိုဏ်းသားများစွာ၏ စွဲလမ်းမှုကို ခံခဲ့ရသည်။

လီတောက်ယွဲ့ကို သူ၏ ပထမဆုံးအချစ်ဦးဟု သတ်မှတ်၍ ရနိုင်လေသည်။ တိတိကျကျ ပြောရလျှင် တစ်ဖက်သတ်အချစ် ၊ ခိုးချစ်ရသော အချစ်မျိုးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က လီတောက်ယွဲ့သည် သူ့ကို မျက်လုံးထဲပင် မထည့်ခဲ့ဘဲ လီရူဟိုင်ကို လုံးဝ စိတ်မဝင်စားခဲ့သောကြောင့် ဖြစ်သည်။

လီရူဟိုင်သည် တစ်လင်တစ်မယားစနစ် ကျင့်သုံးသူ မဟုတ်ပေ။ သူ့ဘဝတစ်လျှောက်လုံးတွင် မိန်းမများစွာကို မက်မောခဲ့သည်။ သို့သော် ယောက်ျားတစ်ယောက်အတွက် ပထမဆုံး အချစ်ဦးဖြစ်သော အိမ်မက်ချစ်သူသည် မေ့ပျောက်ရန် အခက်ခဲဆုံး ဖြစ်စမြဲပင်။

ထို့ကြောင့် ပေမင်ဓားဂိုဏ်းမှ ထွက်ခွာပြီးနောက် သူ အိမ်ထောင်ကျပြီး သမီးလေး လီချန်ချန် ဆယ်ကျော်သက်အရွယ် ရောက်သောအခါ လီတောက်ယွဲ့ကို ဆရာအဖြစ် တော်စပ်ခိုင်းခဲ့ခြင်း ဖြစ်သည်။

လီတောက်ယွဲ့သည် သိုင်းပညာကိုသာ ရူးသွပ်ပြီး သူမတစ်ဘဝလုံး ယောက်ျားမယူခဲ့ခြင်းက လီရူဟိုင်ကို အလွန် ကျေနပ်စေခဲ့သည်။

‘ဒါက ယောက်ျားတစ်ယောက်ရဲ့ စိတ်ထားမျိုး ဖြစ်လောက်တယ်။ ငါခိုးချစ်ရတဲ့ မိန်းကလေးက ငါ့ကို မယူနိုင်ရင်တောင် တခြားဘယ်သူ့ကိုမှ မယူဘဲ တစ်သက်လုံး တစ်ယောက်တည်း နေသွားတာ အကောင်းဆုံးပဲ။ ငါ့ကို တစ်သက်လုံး စိတ်ကူးယဉ်ခွင့် ပေးထားတာ အကောင်းဆုံးပဲ။ သူမအနေနဲ့ အမြဲတမ်း ဖြူစင်ပြီး အပြစ်ကင်းစင်နေတာ အကောင်းဆုံးပဲ’

သို့သော် ယခုအချိန်တွင် လီတောက်ယွဲ့သည် ငယ်စဉ်ကထက်ပင် ပိုမိုနုပျိုပြီး ပိုမိုလှပနေသည်။

အရေးအကြီးဆုံးအချက်မှာ သူမသည် တုပိုင်အတွက် သူ၏ အသက်ကိုပင် ပဓာနမထားဘဲ လီရူဟိုင်၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို ဝင်ရောက်ကာကွယ်ပေးခဲ့သည်။

‘သူ... သူနဲ့ တုပိုင်နဲ့က ဘယ်လို ပတ်သက်မှုမျိုးလဲ’

‘ဒီနှစ်ယောက်က ရန်သူတွေ မဟုတ်ဘူးလား’

လီရူဟိုင်သည် တုပိုင်နှင့် လီတောက်ယွဲ့တို့ကြားရှိ ဆက်ဆံရေးကို ကျားမရေးရာကိစ္စဘက်သို့ တွေးတောရန် လုံးဝ မရဲဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။ တုပိုင်သည် မိန်းမစိုးတစ်ယောက် ဖြစ်နေသေးသည် မဟုတ်ပါလော။

သို့သော် လီတောက်ယွဲ့ ပြေးထွက်လာသည့်အချိန်တွင် သူ၏ မသိစိတ်က စွမ်းအားအချို့ကို လျှော့ချလိုက်မိသည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် သူ တိတ်တခိုး ချစ်ခဲ့ရသူ ဖြစ်သဖြင့် လက်ဝါးတစ်ချက်တည်းဖြင့် သတ်ပစ်ရန် ရက်စက်နိုင်စွမ်း မရှိခဲ့ချေ။

ထို့နောက် သူ၏ မျက်လုံးများက တုပိုင်ဘက်သို့ ရောက်ရှိသွားသည်။ ယခုအချိန်တွင် တုပိုင်သည် ကြောက်မက်ဖွယ်ရာ အဖြူရောင် မီးတောက်များ ဝိုင်းရံလျက် ရှိနေ၏။

“မီးတောက်ဆိုတာ တချိန်ကျရင် ငြိမ်းသွားမှာပဲ အမတ်မင်းတုပိုင်...” လီရူဟိုင်က အေးစက်စွာ ပြောလိုက်သည်။ “မီးငြိမ်းသွားတဲ့အချိန်ကျရင် မင်းအတွက် သေလမ်းပဲ ရှိတော့တယ်”

သို့သော် ထိုအချိန်တွင် မီးနတ်ဘုရား စစ်သည်များနှင့် ပြိုင်ဘက်ကင်းရဲတိုက် စစ်သည်များသည် လီရူဟိုင်ကို ဝိုင်းရံလိုက်ကြသည်။ လီရူဟိုင်က မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်ပြီး ပြောလိုက်သည်။

“ပုရွက်ဆိတ်တွေပါပဲကွာ...”

ထို့နောက် သူသည် ဓားကို ကိုင်ဆောင်ကာ သတ်ဖြတ်ရန် ပြင်ဆင်လိုက်တော့သည်။

ထိုအချိန်၌ပင် လီမိသားစု စခန်းကုန်းမြင့်ပေါ်၌ နောက်ထပ် လှပသော ပုံရိပ်တစ်ခု ပေါ်လာ၏။

ပေမင်ဓားဂိုဏ်း၏ နံပါတ်တစ် အလှမယ် ၊ ထျန်တောက်အဖွဲ့၏ ခေါင်းဆောင် ၊ နီရှန်နတ်မိမယ်ပင် ဖြစ်လေသည်။ သူမ၏ လက်ထဲတွင် ဓားစာခံတစ်ဦး ပါလာ၏။ ထိုသူမှာ တာ့ယန်တိုင်းပြည်၏ အိမ်ရှေ့စံမင်းသား ၊ လီရူဟိုင်၏ အချစ်ဆုံးသားဖြစ်သူ လီကျန့်ပင် ဖြစ်သည်။

“လီရူဟိုင်... ရပ်လိုက်ပါ။ တုပိုင်ကို မထိခိုက်စေနဲ့”

နီရှန်နတ်မိမယ်က ပြောလိုက်သည်။

“ဒါမှမဟုတ်ရင် ရှင့်သားကို ကျွန်မ သတ်ပစ်ရလိမ့်မယ်”

လီရူဟိုင်၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ လီယန် သေဆုံးသွားတုန်းက သူ သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။ လီရူဟု ပျောက်ဆုံးသွားတုန်းကလည်း သူ သိပ်ပြီး ဂရုမစိုက်ခဲ့ချေ။

သို့သော် သူအချစ်ဆုံးမှာ သူ၏ ဆက်ခံသူဖြစ်သော လီကျန့် ဖြစ်သည်။ လီကျန့်သည် သူနှင့် အတူဆုံးဖြစ်ပြီး သူအလေးစားဆုံး သားလည်း ဖြစ်သည်။

“နီရှန်နတ်မိမယ်... ထျန်တောက်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဓားစာခံဖမ်းရတာ ရှက်စရာမကောင်းဘူးလား”

လီရူဟိုင်က လှောင်ပြောင်လိုက်သည်။

နီရှန်နတ်မိမယ်က ပြန်ပြောလိုက်၏။ “ကျွန်မကို နတ်မိမယ်လို့ သူများတွေက ခေါ်ကြတာ။ ကျွန်မကတော့ ဘယ်တုန်းကမှ အလေးအနက် မထားခဲ့ပါဘူး။ ကျွန်မရဲ့ တာဝန်အတွက်ဆိုရင် ဘာမဆို လုပ်ဖို့ ဝန်မလေးဘူး”

အိမ်ရှေ့စံမင်းသား လီကျန့်က ရူးသွပ်စွာ အော်ဟစ်လိုက်လေသည်။

“ခမည်းတော်ကို မခြိမ်းခြောက်နဲ့... ငါ့ခမည်းတော်ကို မခြိမ်းခြောက်နဲ့”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၇၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters