သတိမမူမိသော လမ်းညွှန်မှု
Vol. 23 Ch. 225
ကလိုင်းက ဇီရယ်ရဲ့ ရုပ်အလောင်းကို မထိမိအောင် ဂရုစိုက်ရင်း ရေဆိုးမြောင်းထဲကလမ်းခွဲကနေ နောက်ကို ဖြည်းဖြည်းချင်း ဆုတ်လိုက်ပါတယ်။
ဒုတ်... ဒုတ်... ဒုတ်...
ရုတ်တရက်ဆိုသလို တိတ်ဆိတ်နေတဲ့ ရေဆိုးမြောင်းထဲမှာ မြည်သံတွေ အဝေးကနေ ပဲ့တင်ထပ်လာပါတယ်။ ကလိုင်းက စက္ကန့်နည်းနည်းလောက် ငြိမ်ကာ နားစွင့်နေပြီးတော့မှ ရေဆိုးမြောင်း ဘေးက ညစ်ပတ်နေတဲ့ ကွန်ကရစ်လမ်းအတိုင်း အပြင်ထွက်ပေါက်ဆီ အမြန်ဆုံး ဆုတ်ခွာခဲ့ပါတော့တယ်။
ကိုယ့်နဲ့ တိုက်ရိုက်မဆိုင်တဲ့ ကိစ္စတွေမှာ မလိုအပ်ဘဲ အန္တရာယ်ကို ရင်မဆိုင်ချင်တာကြောင့် ကလိုင်းကဆုတ်ခွာလာခဲ့တာ ဖြစ်ပါတယ်။
ရေဆိုးမြောင်းထဲကနေ ပြန်တက်လာတော့ မြောင်းဖုံးကို သေသေချာချာ ပြန်ပိတ်လိုက်ပါတယ်။ ပတ်ဝန်းကျင်မှာ ဘာမှထူးခြားတာ မရှိမှန်း အတည်ပြုပြီးတော့မှ အရှေ့ပိုင်းမြို့နယ်က သူငှားထားတဲ့ အခန်းကို ပြန်သွားပြီး ရုပ်ဖျက်ထားတာတာ တွေကို ဖြတ်လိုက်ပါတယ်။
အဲဒီနောက် ရွှေရောင်မျက်မှန် တပ်၊ တခြားလမ်းတစ်ခုကနေ လျှောက်သွားပြီး ရထားလုံးတစ်စီး ငှားလိုက်ပါတယ်။ အေးစိမ့်ပြီး တိတ်ဆိတ်နေတဲ့ မနက်အစောကြီး သုံးနာရီအချိန်မှာ ချားဝုဒ် မြို့နယ် ကို ပြန်လာခဲ့ပေမဲ့ မင့်စ် လမ်း ကိုတော့ တိုက်ရိုက်မသွားပါဘူး။
ကလိုင်းက လမ်းတွေကို ကွေ့ပတ်သွားလာပြီးမှ နောက်ယောင်ခံလိုက်သူ လုံးဝမရှိတာ သေချာတော့မှ အိမ်ထဲဝင်ခဲ့ပါတယ်။ သူ က မိုးလင်းတဲ့အထိ အိပ်လိုက်ပြီး လူခေါ်ဘဲသံကြောင့် လန့်နိုးလာပါတယ်။
သူက ချက်ချင်း ထထိုင်၊ အင်္ကျီဝတ်၊ ကြယ်သီးတွေကို တပ်ရင်း ပထမထပ်ကို ပြေးဆင်းပြီး တံခါးဖွင့်ပေးလိုက်တယ်။
တံခါးမဖွင့်ခင်ကတည်းက “လူရွင်တော်” ရဲ့ အလိုလိုသိနိုင်တဲ့ စွမ်းအားကြောင့် တံခါးအပြင်မှာ ဘယ်သူရှိလဲဆိုတာ ကလိုင်းက သိနေပါပြီ။ လာတဲ့သူက အင်္ကျီအဟောင်းတစ်ထည် ဝတ်ထားကာ၊ ညိုမှောင်တဲ့ ဦးထုပ်ဝိုင်း ဆောင်းထားတဲ့အပြင် စုတ်ပြဲနေတဲ့ လွယ်အိတ်တစ်လုံးကိုလည်း လွယ်ထားပါသေးတယ်။ အဲဒီသူကတော့ မျက်လုံးတွေ နီပြီး မျက်နှာထားက နူးညံ့တဲ့ အရွယ်နဲ့မလိုက် အေးဆေးတည်ငြိမ်သော ဆယ်ကျော်သက်လေး အီရန် ပဲဖြစ်ပါတယ်။ သူက မနေ့ကမှ အလုပ်လာအပ်ထားတဲ့သူပါ။
“မင်္ဂလာပါ စုံထောက် မိုရီယက်တီ” လို့ အီရန်က နှုတ်ဆက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။ “ထူးခြားတာ ရှိလား... အော်... ကျွန်တော် ဒီနားက ဖြတ်လာရင်းနဲ့ ဝင်မေးကြည့်တာပါ”
ကလိုင်းက တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းညိတ်ပြရင်း “ရှိတယ်” လို့ ပြန်ဖြေလိုက်တယ်။
“...” အီရန်က ခဏလောက် ဆွံ့အသွားပြီးမှ အံ့ဩတကြီးနဲ့ “မစ္စတာ ဇီရယ်ရဲ့ အခြေအနေကို သိရပြီလား” လို့ ထစ်ထစ်ငေါ့ငေါ့ မေးပါတယ်။
“ဟုတ်တယ်” ကလိုင်းက ခဏလောက် တွန့်ဆုတ်သွားပြီးမှ လေးနက်တဲ့ လေသံနဲ့ “ငါ ဇီရယ်ရဲ့ အလောင်းကို တွေ့ခဲ့ပြီ” လို့ ပြောလိုက်တော့တယ်။
“အလောင်း...” အီရန်ရဲ့ မျက်ဆံတွေ ကျုံ့သွားပြီး အဲဒီစကားလုံးကို တိုးတိုးလေး လိုက်ရွတ်နေမိတယ်။
သူက အရမ်းကြီး အံ့ဩသွားပုံမရဘဲ အဆိုးဆုံးရလဒ်ကို ကြိုတွေးထားတဲ့ပုံပါပဲ။ ကလိုင်းကတော့ ဘာမှမပြောဘဲ တိတ်တိတ်လေး စောင့်ကြည့်နေခဲ့တယ်။
“ဟူး...” အီရန်က သက်ပြင်းတစ်ချက်ချပြီး ပတ်ဝန်းကျင်ကို သတိနဲ့ ဝေ့ကြည့်လိုက်တယ်။ “ခင်ဗျားရဲ့ လုပ်ဆောင်ချက်က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ကျွန်တော့်ကို မစ္စတာ ဇီရယ်ရဲ့ အလောင်းဆီ ခေါ်သွားပေးလို့ ရမလား”
“ရတာပေါ့... တကယ်တော့ ငါလည်း အဲဒီလိုလုပ်ဖို့ စဉ်းစားပြီးသားပါ” ကလိုင်းက ခဏစဉ်းစားပြီး ဆက်ပြောတယ်။ “ဒါပေမဲ့ မင်း ရဲကို အကြောင်းကြားတဲ့အခါ ငါ့အကြောင်း ထည့်မပြောဖို့ မျှော်လင့်ပါတယ်။ မင်းဘာသာမင်း အလောင်းကို တွေ့ခဲ့တာလို့ပဲ ပြောလိုက်ပါ။ ရဲတွေကို အကြောင်းပြချက် ကောင်းကောင်း ပေးတတ်မယ်လို့ ငါယုံတယ်”
အီရန်က ဒီစကားကြောင့် အံ့ဩမသွားပါဘူး။ စုံထောက်တိုင်းက ရဲနဲ့ ပတ်သက်ချင်တာ မဟုတ်ဘူးဆိုတာ သူ သိပြီးသားပါ။ နာမည်ကြီး စုံထောက်တွေကလွဲရင် ကျန်တဲ့သူတွေက ရဲတွေရဲ့ နှိမ်တာ၊ ဖယ်တာနဲ့ ငွေညှစ်တာကို ခံနေရတာက လိုအန် ဘုရင့်နိုင်ငံတော် ရဲ့ အခြေအနေပဲ မဟုတ်လား။
“ကောင်းပါပြီ” လို့ အီရန်က အလွယ်တကူ သဘောတူလိုက်ပါတယ်။
ရေဆိုးမြောင်းထဲ ဆင်းရမှာမို့ ကလိုင်းက သာမန်အလုပ်သမားဝတ်စုံကို လဲဝတ်ကာ သမင်လိုက်ဦးထုပ် ဆောင်းပြီး လက်ဆွဲမီးအိမ်တစ်လုံး ယူလာခဲ့ပါတယ်။
သူတို့နှစ်ယောက်လုံး အများသုံးလှည်းတစ်စီး စီးကာ အရှေ့ပိုင်းမြို့နယ်ကို သွားကြပါတယ်။ အဲဒီကနေတစ်ဆင့် သူတို့ကို လိုက်ကြည့်နေတဲ့ အရှေ့ပိုင်းမြို့နယ်သား တွေရဲ့ ထုံထိုင်းကာ အားနည်း ငတ်ပြတ်နေတဲ့ မျက်လုံးတွေကြားမှာ နာရီဝက်လောက် လမ်းလျှောက်ပြီးတော့ ဝေးလံတဲ့ ရေဆိုးမြောင်းအပေါက်ကို ရောက်လာကြပါတယ်။
“ဒါကို ဘယ်လိုရှာတွေ့တာလဲ” လို့ ကလိုင်းက မြောင်းဖုံးကို မပြီး အောက်ဆင်းသွားတာကို ကြည့်ရင်း အီရန်က အံ့ဩတကြီး မေးလိုက်တယ်။
ကလိုင်းက အောက်ဆင်းနေတာကိုပဲ အာရုံစိုက်ထားရင်း “တွေးတောဆင်ခြင်တာတို့၊ စုံစမ်းတာတို့ ၊ နောက်ယောင်ခံလိုက်တာတို့ ၊စစ်ဆေးမေးမြန်းတာတို့ပေါ့။အဲ့လိုနည်းစနစ်တွေ အပါအဝင် ကျွမ်းကျင်တဲ့ လေ့ကျင့်မှုတွေကြောင့်ပါပဲ” လို့ ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်တယ်။
အီရန်က ရေဆိုးမြောင်းထဲ လိုက်ဆင်းလာပေမဲ့ ရွံရှာတဲ့ပုံ လုံးဝမပြဘဲ ခေါင်းညိတ်လိုက်တယ်။ “ခင်ဗျားက တကယ့်ကို အဆင့်မြင့်မြင့် လေ့ကျင့်ထားပုံပဲ”
ကလိုင်းက တိုက်ရိုက်ပြန်မဖြေဘဲ မီးအိမ်ကိုကိုင်ကာ အီရန်ကို လမ်းပြရင်း မှောင်မည်းနေတဲ့ လမ်းခွဲတစ်ခုဆီ ခေါ်သွားလိုက်ပါတယ်။
အလောင်းရှိရာနေရာကို ရောက်ခါနီးမှာ ကလိုင်းရဲ့ မျက်လုံးတွေ ကျုံ့သွားရပါတယ်။ ဇီရယ်ရဲ့ အလောင်းက မနေ့ညကထက် ပိုပျက်စီးနေပါပြီ။ အလောင်းရဲ့ လက်တစ်ဖက်နဲ့ နံရိုးတချို့တောင် မရှိတော့ပါဘူး။
ဒါက ကြွက်တွေ ကိုက်စားသွားတာ မဖြစ်နိုင်ဘူး... လို့ ကလိုင်းက စိတ်ထဲက ရေရွတ်လိုက်ပေမဲ့ အီရန်ကိုတော့ အသိမပေးလိုက်ပါဘူး။
မီးအိမ်အလင်းအောက်မှာ အီရန်က ရုပ်အလောင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါတယ်။ သူက ချက်ချင်း ထိုင်ချပြီး အော့အန်ပါတော့တယ်။ အစာဟောင်းတွေပါ ထွက်လာတဲ့ အထိ အန်လိုက်ပါတယ်။ ကလိုင်းက ကြိုပြီးပြင်ဆင်လာတဲ့ “ကျူလက် အဆီ” ကို ထုတ်၊ အဖုံးဖွင့်ပြီး အီရန်ရဲ့ နှာခေါင်းနား ကို ကပ်ပေးလိုက်ပါတယ်။
အီရန်ရဲ့ မျက်လုံးတွေက ပြန်လင်းလာပြီး စိတ်ငြိမ်သွားပါတယ်။ စက္ကန့်နှစ်ဆယ်လောက် ကြာတော့ သူက အားနည်းတဲ့ လေသံနဲ့ “ကျေးဇူးတင်ပါတယ်...” လို့ ပြောပြီး ဖြည်းဖြည်းချင်း ထရပ်ကာ ပျက်စီးနေတဲ့ အလောင်းကို ထပ်ပြီးစစ်ဆေးလိုက်ပါတယ်။
“ဒါ စုံထောက် ဇီရယ် ဖြစ်တာ သေချာပါတယ်”
“စိတ်မကောင်းပါဘူး” လို့ ကလိုင်းက ယဉ်ယဉ်ကျေးကျေး ပြောလိုက်ပြီး “ရဲကို အကြောင်းကြားဖို့ ငါ အကြံပေးချင်တယ်” လို့ ဆိုလိုက်တယ်။
“ကောင်းပါပြီ” အီရန်က ခေါင်းညိတ်ပြပြီး ကလိုင်းနောက်က လိုက်ကာ အပေါ်ကို ပြန်တက်လာခဲ့ကြပါတယ်။
အဲဒီတော့မှ ကလိုင်းက လက်နှစ်ဖက်ကို ပုတ်လိုက်ရင်း “ငါ့ရဲ့ တာဝန်ကတော့ ဒီမှာတင် ပြီးပါပြီ။ နောက်ဆက်တွဲ ဘာလုပ်မလဲဆိုတာကတော့ မင်းရဲ့ ဆုံးဖြတ်ချက်ပဲ” လို့ ပြောလိုက်တယ်။
အီရန်က ခဏလောက် တိတ်သွားပြီး “ကျွန်တော် ခင်ဗျားကို အကူအညီ သုံးခု ပေးဖို့ ကျန်သေးတယ်။ အခု ပြောလို့ရပါပြီ” လို့ ဆိုလာပါတယ်။
“တကယ်တော့ အခုလောလောဆယ် တစ်ခုပဲ စဉ်းစားလို့ရသေးတယ်” ကလိုင်းက ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေလိုက်တယ်။ “လက်နက်ကိုင်ဆောင်ခွင့် ပါမစ် မလိုဘဲ သေနတ်နဲ့ ကျည်ဆန် ဘယ်မှာ ရနိုင်မလဲဆိုတာ သိချင်တယ်”
အီရန်က ဘာမှစဉ်းစားမနေဘဲ ချက်ချင်းပဲ “ဘက်ကလန် တံတား ရပ်ကွက်က သံမဏိတံခါးလမ်းမှာရှိတဲ့ 'ရဲရင့်နှလုံးသား အရက်ဆိုင်' ကို သွား။ 'ကတ်စ်ပါ ကာလီနင်' ကို ရှာပြီး 'ဘိုးတော် ဂီဇာ' က လွှတ်လိုက်တာလို့ ပြောလိုက်ပါ” လို့ ဖြေပါတယ်။
“ကောင်းပြီ... ကျန်တဲ့ နှစ်ခုကိုတော့ နောက်မှ ပြောကြတာပေါ့။ ငါတို့ ပြန်ဆုံကြဦးမယ်လို့ ခံစားနေရတယ်” လို့ ကလိုင်းက ခေါင်းညိတ်ပြလိုက်တယ်။
အီရန်က သူ့ကို တစ်ချက်ကြည့်ပေမဲ့ ဘာမှမပြောပါဘူး။ သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြပြီး အရှေ့ပိုင်းမြို့နယ်ရဲ့ လမ်းအသီးသီးကို ထွက်သွားကြတော့ ရေဆိုးမြောင်းအပေါက်ဝက နေရာလေးဟာ ပြန်လည်တိတ်ဆိတ်သွားပါတော့တယ်။
ခဏလောက် လမ်းလျှောက်ပြီးတော့ ကလိုင်းက ရုတ်တရက် လှည့်ပြန်လာခဲ့တယ်။ သူက လူမမြင်နိုင်တဲ့ ချောင်တစ်ခုမှာ ပုန်းပြီး ရေဆိုးမြောင်း အပေါက်ဝကို ချောင်းကြည့်နေခဲ့ပါတယ်။
နှစ်မိနစ်၊ သုံးမိနစ်လောက် ကြာတော့ အီရန်က ပတ်ဝန်းကျင်ကို သတိနဲ့ အကဲခတ်ပြီး ရေဆိုးမြောင်းထဲကို တိတ်တဆိတ် ပြန်ဝင်သွားတာကို ကလိုင်း မြင်လိုက်ရပါတော့တယ်။
ကလိုင်းက အချိန်ကိုက်ပဲ အကြည့်လွဲပြီး နံရံကို မှီကာ အာရုံစိုက် နားစွင့်နေလိုက်တယ်။
မြေအောက် ရေဆိုးမြောင်းအဖုံးကို ဖယ်လိုက်တဲ့ “တဂျွတ်ဂျွတ်” အသံနဲ့အတူ တစ်စုံတစ်ယောက် အောက်ကို ပြန်ဆင်းသွားတဲ့ အသံကို သူ ကြားလိုက်ရပါတယ်။
ကလိုင်းက ခေါင်းကို အသာလေး ပြူကြည့်လိုက်တော့ အီရန်တစ်ယောက် ရေဆိုးမြောင်းထဲ ပြန်ဝင်သွားတာကို တွေ့လိုက်ရပါတယ်။
*”ဇီရယ်ရဲ့ အလောင်းပေါ်မှာ တစ်ခုခု ကျန်ခဲ့လို့လား... ဒါမှမဟုတ် သဲလွန်စတစ်ခုခုလား... ဒီကိစ္စက ထင်ထားတာထက် ပိုပြီး နက်နဲနေတာပဲ... “*
လို့ သူ တွေးရင်း ခေါင်းညိတ်မိတယ်။
သူ့ရဲ့ သိလိုစိတ် ပြေသွားပြီ ဖြစ်လို့ ကလိုင်းက အဲဒီနေရာကနေ တကယ်ပဲ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပြီး၊ နောက်ထပ် နှစ်ရက်ကြာမှ ကတ်စ်ပါ ကို သွားရှာဖို့ စီစဉ်လိုက်ပါတော့တယ်။
...
လက်ဖက်ရည်သောက် ၊ အမ်းပရက်စ် မြို့နယ် ထဲက မှူးမတ်ငယ် ဂလိန့် ရဲ့ စံအိမ်မှာ ဖြစ်သည်။
စာကြည့်ခန်းတံခါးကို သေသေချာချာ ပိတ်ထားပြီး အခန်းထဲက လူလေးယောက်ကို အပြင်ဘက် ဧည့်ခန်းက ဧည့်သည်တွေနဲ့ သီးခြား ခွဲထားသလို ဖြစ်နေပါတယ်။
“ဇီယို... ဖောစ်... ဒါကတော့ ရှင်တို့နှစ်ယောက် ရသင့်ရထိုက်တဲ့ ဆုကြေးပါပဲ” ဖျော့တော့တဲ့ အဝါရောင် ဇာဂါဝန်ကို ဝတ်ထားတဲ့ အော်ဒရီ က ပြောပြောဆိုဆိုနဲ့ စားပွဲတစ်ဖက်မှာ ထိုင်နေတဲ့ အမျိုးသမီးနှစ်ယောက်ဆီသို့ ဖောင်းနေတဲ့ စာအိတ်တစ်အိတ် ကမ်းပေးလိုက်ပါတယ်။
ဇီယိုက ယဉ်ကျေးတဲ့ စကားတချို့ ပြောဖို့ ပြင်လိုက်ပေမဲ့ သူမလက်က ပါးစပ်ထက်တောင် မြန်ပြီး စာအိတ်ဆီ ရောက်သွားပါပြီ။ ငွေထုပ်ရဲ့ အလေးချိန်ကို ခံစားလိုက်ရတာနဲ့ သူက စိတ်ရင်းနဲ့ကို “မစ္စ အော်ဒရီ... ရှင့်ရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်။ ရှင့်ရဲ့ ရိုးသားမှုက ရှင့်ကို ပိုပြီးတောင် လှသွားစေတယ်” လို့ ပြောလိုက်ပါတော့တယ်။
သူမက စကားပြောရင်း စာအိတ်ကို ချည်ထားတဲ့ ကြိုးအပါးလေးကို ဖြေလိုက်တော့ အထဲက ငွေစက္ကူတွေကို မြင်လိုက်ရပါတယ်။
အဲဒါတွေက အနက်ရောင် အစင်းကြောင်းတွေပါတဲ့ မီးခိုးရောင် ငွေစက္ကူတွေပါ။ ငွေစက္ကူ အထပ်လိုက်ကြီးက ထူထဲတဲ့အပြင် စိတ်ကို ကြည်လင်စေတဲ့ ထူးခြားတဲ့ မင်နံ့တွေလည်း ထွက်နေပါတယ်။
“၁၀ ပေါင်တန်တွေပဲ...” ဇီယိုက ငွေစက္ကူတစ်ရွက်ကို ထုတ်ပြီး တန်ဖိုးကို စစ်လိုက်တယ်။
သူမဘေးမှာတော့ ပျင်းရိငြီးငွေ့တဲ့ပုံစံနဲ့ ပိုက်ဆံကို စိတ်မဝင်စားသလို ဟန်ဆောင်နေတဲ့ ဖောစ် တောင်မှ ခန္ဓာကိုယ်ကို အသာကိုင်းပြီး ကြည့်နေပါပြီ။ “ဒါက အနည်းဆုံးတော့...” ဇီယိုက ငွေထုပ်ရဲ့ အထူကို ကြည့်ပြီး ဘယ်လောက်ရှိမလဲ ခန့်မှန်းကြည့်နေမိတယ်။
သူမက ဖောစ်နဲ့ အကြည့်ချင်း ဆုံမိသွားတော့ နှစ်ယောက်လုံးရဲ့ မျက်လုံးထဲမှာ အံ့ဩနေတာတွေကို တွေ့လိုက်ရတယ်။
ဒီပမာဏက သူတို့ မျှော်လင့်ထားတာထက် သိသိသာသာကို ပိုများနေတာပဲ မဟုတ်လား။
အော်ဒရီက ခပ်ဖွဖွ ပြုံးလိုက်ရင်း “စုစုပေါင်း ပေါင်ရှစ်ရာ ရှိပါတယ်။ ရှင်တို့နှစ်ယောက် ဘယ်လို ခွဲယူကြမလဲဆိုတာကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်လိုက်ကြပါ”
“ဒီကိစ္စကြောင့် ရှင်တို့ကို အန္တရာယ်ထဲ တွန်းပို့သလို ဖြစ်သွားတဲ့အတွက် တကယ်ပဲ စိတ်မကောင်းပါဘူး” လို့ ဆိုပါတယ်။
*” ပေါင်ရှစ်ရာတောင်လား... မဟုတ်ဘူး... တောင်းပန်နေဖို့ မလိုပါဘူး။ တကယ်လို့ နောက်တစ်ကြိမ် ဒီလို ထပ်လုပ်ရမယ်ဆိုရင်တောင်၊ ဖြစ်လာမယ့် အကျိုးဆက်တွေကို ကြိုသိနေရင်တောင်မှ ဒီတာဝန်ကို ကျွန်မ လက်ခံမိမှာပဲ... အညီအမျှ ခွဲလိုက်ရင်တောင်မှ ကျွန်မ စုထားတာလေးနဲ့ဆိုရင် 'အရာရှိ' (တရားသူကြီး လမ်းစဉ် ဆုံမှတ် ၈) ဆေးရည် ဖော်စပ်နည်းကို ဝယ်ဖို့ လုံလောက်နေပြီ…”* အရပ် ငါးပေလောက်ပဲ ရှိတဲ့ ဇီယိုက စာအိတ်ထဲက ပိုက်ဆံတွေကို ငေးကြည့်နေမိပြီး၊ အကုန်ထုတ်ပြီး အကြိမ်ကြိမ် ရေတွက်ချင်တဲ့စိတ်ကို အောင့်ထားရပါတယ်။
ရက်ရောပြီး လှပတဲ့ မစ္စ အော်ဒရီက သူမတို့ကို လိမ်မှာ မဟုတ်ဘူးလို့ ယုံပေမဲ့ ရေတွက်ရင်း မှားသွားခဲ့ရင်ကော။ လူဆိုတာ တစ်ခါတလေ မှားတတ်တာပဲ မဟုတ်လား။ ဇီယိုက သူမရဲ့ ညာဘက်လက်ကို မြှောက်လိုက်ပြီး စက္ကန့်ပိုင်းလောက် တွန့်ဆုတ်သွားမှ ပြန်ချလိုက်ရတယ်။
ဖောစ်ရဲ့ နှုတ်ခမ်းတွေကလည်း မထိန်းနိုင်ဘဲ ပြုံးယောင်သန်းသွားပြီး တမ်းတမ်းတတ ရေရွတ်လိုက်တယ်။ “ဒါက ကျွန်မရဲ့ 'လေမုန်တိုင်းတောင်ကုန်း စံအိမ်' ဝတ္ထုအတွက် အခုထိ ရ နေသေးတဲ့ စာမူခတွေထက်တောင် ပိုများနေသေးတယ်...”
*”ငါက မစ္စ အော်ဒရီကိုပဲ ချီးကျူးရမလား၊ ဒါမှမဟုတ် စာရေးဆရာတစ်ယောက်ရဲ့ ဆင်းရဲမွဲတေမှုကိုပဲ လှောင်ရမလား…”* လို့ သူမက စိတ်ထဲကနေ ထပ်ဖြည့်လိုက်မိတယ်။
ဆိုဖာပေါ်မှာ ထိုင်နေတဲ့ မှူးမတ်ငယ် ဂလိန့် ကလည်း နည်းနည်းတော့ မနာလို ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဇီယိုတို့အပေါ် မဟုတ်ပါဘူး။ ပိုက်ဆံချမ်းသာတဲ့ မှူးမတ်ငယ် တစ်ယောက်အနေနဲ့ ပေါင် ၈၀၀ ဆိုတာ ကြီးမားတဲ့ ပမာဏ မဟုတ်ပါဘူး။
သူ မနာလို ဖြစ်တာက အော်ဒရီရဲ့ ဘာဝန်ထုပ်ဝန်ပိုးမှ မရှိဘဲ ပိုက်ဆံတွေကို ရက်ရက်ရောရော ပေးနိုင်တဲ့ အစွမ်းကိုပါ။
“အဟမ်း...” မှူးမတ်ငယ် ဂလိန့်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး “တကယ်လို့ မင်းတို့သာ 'ဆေးဆရာ' (လမင်း လမ်းစဥ် ၊ ဆေးဆရာ လမ်းစဥ်) ဆုံမှတ်ဆေးရည်ဖော်စပ်နည်းကို ရအောင် ရှာပေးနိုင်ရင် ကျွန်တော်လည်း ထိုက်ထိုက်တန်တန် ဆုကြေး ပေးမှာပါ” လို့ ဆိုလိုက်တယ်။
“ကျွန်မတို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်” လို့ ဇီယိုက မဆိုင်းမတွပဲ ပြန်ဖြေလိုက်တယ်။ အဲဒီနောက် သူမက အော်ဒရီကို ကြည့်ပြီး “မကြာသေးခင်ကပဲ 'စိတ်ပညာ အဂ္ဂရိတ်ဆရာ' အဖွဲ့ကလို့ ယူဆရတဲ့ လူတစ်ယောက်နဲ့ ကျွန်မတို့ အဆက်အသွယ် ရထားတယ်။ ရှင် ရှာနေတဲ့ 'ပွဲကြည့်သမား' ဆေးရည်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို မကြာခင် ရတော့မှာပါ”
*’ဇီယို... ငါက အခုဆို ဆုံမှတ် ၈ ကိုတောင် ရောက်နေပြီ၊ နင့်ထက် အများကြီး ပိုစွမ်းနေပြီ သိရဲ့လား…”*
လို့ အော်ဒရီက စိတ်ထဲက ကျိတ်တွေးလိုက်ပေမဲ့ အပြင်မှာတော့ “တကယ်ပဲ မျှော်လင့်နေပါတယ်” လို့ ယဉ်ယဉ်ကျေးကျေး ပြုံးပြီးပြောလိုက်ပါတယ်။
အဲဒီလို ပြောပြီးနောက် သူတို့ လေးယောက်လုံး သာလွန်သူ လောကထဲက ကောလာဟလတွေကို စကားစမြည် ပြောကြရင်း၊ အော်ဒရီရဲ့ လမ်းညွှန်မှုအတိုင်း သူတို့ ဖတ်ချင်တဲ့ စာအုပ်တွေကို ရှာကြပါတော့တယ်။
ရုတ်တရက် အဖုံးမာ ဖုံးထားတဲ့ စာအုပ်နှစ်အုပ်ကို မြင်လိုက်ရလို့ ဇီယိုရဲ့ မျက်လုံးတွေကတောက်ပသွားတယ်။ “လိုအင် ဘုရင့်နိုင်ငံတော် မင်းမျိုးမင်းနွယ်များ၏ သမိုင်း” နဲ့ “မင်းမျိုးမင်းနွယ် မိသားစုများ၏ အမှတ်သညာများကို လေ့လာခြင်း” တို့ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဖောစ်ကလည်း သူမ စိတ်ဝင်စားတဲ့ စာအုပ်တွေကို တွေ့သွားပါတယ်။ “ဖေးဆက်အင်ပါယာ၏ ပထဝီဝင်နဲ့ နိုင်ငံသားများအကြောင်း” နဲ့ “မြောက်ပိုင်းကုန်းမြေတိုက်ကြီးဆီသို့ ခရီးတစ်ခေါက်” တို့ပါပဲ။
“လေးစားအပ်ပါသော မှူးမတ်ငယ် ဂလိန့်... ကျွန်မ ဒီစာအုပ် နှစ်အုပ်ကို ခဏလောက် ငှားသွားလို့ ရမလားဟင်၊ မကြာခင် ပြန်ပေးပါ့မယ်” ဇီယိုက စာကြည့်ခန်း ပိုင်ရှင်ကို အသနားခံတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။
ဂလိန့်က သိပ်ဂရုမစိုက်တဲ့ပုံနဲ့ ခေါင်းညိတ်ပြပါတယ်။ “ရတာပေါ့... ပြဿနာ မရှိပါဘူး”
ခွင့်ပြုချက် ရတာနဲ့ ဖောစ်ကလည်း အမြန်ပဲ တောင်းဆိုလိုက်လို့ ခွင့်ပြုချက် ရခဲ့ပြန်ပါတယ်။
ဒီမြင်ကွင်းကို ကြည့်ရင်း အော်ဒရီရဲ့ နှုတ်ခမ်းတွေက သာယာတဲ့ အပြုံးတစ်ခုအဖြစ် ကွေးသွားပါတော့တယ်။ သူမက စာအုပ်ရှာနေတဲ့ ပုံစံမျိုးနဲ့ ဘေးကို အသာလေး လှည့်ကြည့်နေလိုက်တယ်။
အခုတင် အဆင့်တက်ထားတဲ့ အရည်အချင်းပြည့် “ပွဲကြည့်သမား” တစ်ယောက်အနေနဲ့ ဇီယိုနဲ့ ဖောစ်တို့ရဲ့ စိတ်ဝင်စားမှုကို သူမ အတိအကျ သိထားပြီးသားပါ။ ဒါကြောင့် ဘယ်သူမှ သတိမထားမိအောင် ကြိုစီစဉ်ထားတာ ဖြစ်ပါတယ်။ တစ်ခုခုလမ်းညွှန်ခံရတဲ့သူ တစ်ယောက်အတွက် လမ်းညွှန်ခံရခြင်းဟာ သူများခိုင်းတာ မဟုတ်ပဲ သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒအရ လုပ်နေတာပါလို့ ခံစားရစေခြင်းကိုက “ပွဲကြည့်သမား” ရဲ့ စွမ်းရည်ဖြစ်ပါတယ်။
...
ညနေရောက်တော့ ဇီယိုက မီးလင်းဖိုရှေ့က ဆိုဖာပေါ်မှာ ခွေထိုင်ရင်း ဂတ်စ်မီးအိမ် အလင်းနဲ့ “လိုအင် ဘုရင့်နိုင်ငံတော် မင်းမျိုးမင်းနွယ်များ၏ သမိုင်း” စာအုပ်ကို ဖတ်နေပါတယ်။ ဖောစ်ကတော့ စာရေးဆရာတွေ စုဝေးတဲ့ ပွဲတစ်ခုကို ထွက်သွားပါပြီ။
စာအုပ်ကို တော်တော်ကြာအောင် ဖတ်ပြီးနောက် ဇီယိုက စာအုပ်အဖုံးမှာ ထူးဆန်းတာတစ်ခု ခံစားလိုက်ရလို့ သေချာစစ်ကြည့်လိုက်ပါတယ်။ အဖုံးကြားမှာ ဝှက်ထားတဲ့ ရှေးဟောင်း စက္ကူအပိုင်းအစတစ်ခုကို တွေ့သွားပါတယ်။
စက္ကူရဲ့ အရှေ့ဘက်မှာ အင်ပါယာ ရိုဇယ်လ် ဖန်တီးခဲ့တဲ့ ထူးခြားတဲ့ သင်္ကေတတွေ ပြည့်နေပြီး၊ အနောက်ဘက်မှာတော့ ရှေးဟောင်း ဟားမီးစ် ဘာသာစကားနဲ့ ရေးထားတဲ့ စာပိုဒ်တစ်ခု ရှိနေပါတယ်။
*”မှူးမတ်ငယ် ဂလိန့်ရဲ့ ဘိုးဘေးတွေက အင်ပါယာ ရိုဇယ်လ်ရဲ့ လျှို့ဝှက်သင်္ကေတတွေကို အဓိပ္ပာယ် ဖော်နိုင်ခဲ့တာလား... “*ဇီယိုက ရုတ်တရက် စိတ်လှုပ်ရှားသွားပါတယ်။
သူမက ရှေးဟောင်း ဟားမီးစ် စာသားတွေကို ခက်ခက်ခဲခဲ အဓိပ္ပာယ်ဖော်ရင်း တိုးတိုးလေး ရွတ်လိုက်မိပါတော့တယ်။
“ဒီကာလနဲ့ မသက်ဆိုင်တဲ့ အရူး...
မီးခိုးရောင် မြူခိုးပေါ်က
လျှို့ဝှက်ဆန်းကြယ်တဲ့ အုပ်စိုးသူ...
ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင် ဘုရင်...”