ထိတ်လန့်တုန်လှုပ်သွားသော ဇီယို
Vol. 23 Ch. 226
ချားဝုဒ် မြို့နယ်၊ မင့်စ် လမ်း အမှတ် ၁၅။
ဗိုက်ကားအောင် စားသောက်ပြီးနောက် ကျေနပ်အားရနေတဲ့ ကလိုင်းဟာ ဧည့်ခန်းက မီးသွေးတွေ တောက်လောင်နေတဲ့ မီးလင်းဖိုဘေးက မှီထိုင်ကုလားထိုင်ပေါ်မှာ အပန်းဖြေနေပါတယ်။
နွေရာသီလိုမျိုး နွေးထွေးနေတဲ့ ဧည့်ခန်း ပတ်ဝန်းကျင်မှာ ကလိုင်းက အင်္ကျီအဖြူ၊ အပေါ်ထပ် ဝတ်စုံအနက်နဲ့ ဘောင်းဘီပါးကိုပဲ ဝတ်ထားတယ်။ သူဟာ ရှေ့မှာ ဖြန့်ထားတဲ့ သတင်းစာထဲက ကြော်ငြာကဏ္ဍတွေကို တစ်ခုပြီးတစ်ခု လှန်လှောကြည့်နေပါတယ်။
“သယ်ယူပို့ဆောင်ရေး ယာဉ်အမျိုးအစားသစ်တစ်ခုအတွက် ရင်းနှီးမြှုပ်နှံသူတွေ အရေးပေါ် လိုအပ်နေပါတယ်။ အသေးစိတ်ကို လူကိုယ်တိုင် လာရောက်ဆွေးနွေးရန်...” ကလိုင်းဟာ အဲဒီကြော်ငြာကို နှစ်ခေါက်လောက် ဖတ်ပြီးတော့ ဘေးနားက နီနက်ရောင် စားပွဲအသေးလေးပေါ်က ခဲတံကို ကောက်ကိုင်ပြီး အမှတ်အသား လုပ်ကာ ဝိုင်းလိုက်ပါတော့တယ်။
အကယ်၍ မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါမှာ အလုပ်အပ်မယ့်သူ မရှိရင် ဒီသယ်ယူပို့ဆောင်ရေးယာဉ်သစ် ဆိုတာ ဘယ်လိုမျိုးလဲ၊ ရင်းနှီးမြှုပ်နှံဖို့ တန်၏၊ မတန်၏ သွားကြည့်ဖို့ သူ က စိတ်ကူးထားတာပါ။ ဒီလို ကိစ္စမျိုးက လုံလောက်တဲ့ သတင်းအချက်အလက် မရှိလို့ နိမိတ်ဖတ် လို့လည်း မရနိုင်ပါဘူး။
“စက်ဘီးလိုမျိုး ပစ္စည်းတစ်ခုခု ဖြစ်ရင်တော့ ကောင်းမှာပဲ...” ကလိုင်းက မိမိဘာသာ တိုးတိုးလေး ရေရွတ်နေတုန်းမှာပဲ နားထဲမှာ ဝေဝါးလှတဲ့ ဆုတောင်းသံတစ်ခု ပဲ့တင်ထပ်လာတာကို ရုတ်တရက် ကြားလိုက်ရတယ်။
*”ဘယ်သူများပါလိမ့်... မစ္စ တရားမျှတမှုလား၊ မစ္စတာ လူဇောက်ထိုးလား၊ ဒါမှမဟုတ် နေမင်းလား... ဒါမှမဟုတ်ရင်လည်း ဘက်ကလန် ဘဏ်က စာရေးတစ်ယောက်ယောက်က ငါ့ဘဏ်အကောင့် လျှို့ဝှက်နံပါတ်ကို ကူးနေတာလား... “*
အတွေးပေါင်းစုံက ကလိုင်းရဲ့ ဦးနှောက်ထဲမှာ လျှပ်စီးလက်သလို ဖြတ်ပြေးသွားပါတယ်။ သူဟာ သတင်းစာကို ဘေးချ၊ အိပ်ခန်းထဲ ပြန်ဝင်ပြီး တံခါးကို အတွင်းကနေ ဂျက်ထိုး ပိတ်လိုက်ပါတော့တယ်။
နာရီလက်တံ ပြောင်းပြန်အတိုင်း လေးလှမ်း လျှောက်ပြီးတဲ့နောက် သူဟာ မီးခိုးရောင် မြူခိုး တွေထက်က ကမ္ဘာထဲ ရောက်သွားပါပြီ။ “အရူး” ရဲ့ ထိုင်ခုံဘေးက ရှေးဟောင်း ကြေးညိုစားပွဲကြီးရဲ့ အစွန်းမှာ တောက်ပတဲ့ အလင်းတန်းတစ်ခုက လှိုင်းလုံးတွေလို ဖြာထွက်နေတာကို သူ မြင်လိုက်ရပါတယ်။
အတွေ့အကြုံရှိလှတဲ့ ကလိုင်းက တည်တည်ငြိမ်ငြိမ်ပဲ ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး သူ့ရဲ့ စိတ်ဝိညာဉ်အစွမ်းကို ထုတ်ဖော်ကာ ဆုတောင်းသံက ထွက်လာတဲ့ အလင်းလှိုင်းတွေကို ထိတွေ့လိုက်ပါတယ်။
သူ့မျက်စိရှေ့က မြင်ကွင်းက ရုတ်ချည်း ပြောင်းလဲသွားပါတယ်။ ဝေဝါးနေတဲ့ ဆိုဖာတစ်ခုပေါ်မှာ အလုပ်သင် သူရဲကောင်း ဝတ်စုံဝတ်ထားတဲ့ အရပ်ပုပု မိန်းကလေးတစ်ယောက် ခွေခွေလေး ထိုင်နေတာကို မြင်လိုက်ရပါတယ်။
သူမက ငါ့လျှို့ဝှက်နံပါတ်ကို ကူးနေတာ မဟုတ်ဘူးပဲ... စာရွက်တစ်ရွက်ကို ဖတ်နေတာပဲ... ကလိုင်းက အခြေအနေကို ချက်ချင်း သဘောပေါက်သွားတယ်။
*”သူမက မစ္စ တရားမျှတမှု ပြောခဲ့တဲ့ တားရော့ကလပ်ကို ဝင်ခွင့်ရဖို့ စစ်ဆေး ခံမယ့် သာလွန်သူ နှစ်ယောက်ထဲက တစ်ယောက် ဖြစ်ရမယ်…*”
စက္ကန့်နှစ်ဆယ်လောက် တိတ်တိတ်လေး စောင့်ကြည့်ပြီးနောက် ကလိုင်းက ဘာမှ မတုံ့ပြန် ခဲ့ပါဘူး။ သူဟာ ညနက်ပိုင်းကျမှပဲ နောက်ထပ် တဆင့်တက်ဖို့ စီစဉ်လိုက်ပါတယ်။
အဲဒီကျမှ သူမရဲ့ တုံ့ပြန်မှု၊ သဘောထားနဲ့ ကိစ္စတွေကို ကိုင်တွယ်ပုံတွေကို ကြည့်ပြီး သူမရဲ့ စရိုက်နဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်နိုင်မှာပါ။
မှန်ပါတယ်... သူဟာ တားရော့ကလပ် ထဲဝင်ဖို့ ဘယ်သူ့ကိုမှ အတင်းအဓမ္မ စေခိုင်းမှာ မဟုတ်ပါဘူး။
...
“ဒီကာလနဲ့ မသက်ဆိုင်တဲ့ အရူး...”
ရှေးဟောင်း ဟားမီးစ် ဘာသာစကားနဲ့ ရေးထားတဲ့ စာကြောင်းကို ရွတ်ပြီးနောက် ဇီယိုဟာ စက္ကန့်နည်းနည်းလောက် ကြောင်သွားပါတယ်။ အဲဒီနောက် သူမဟာ ရုတ်တရက် ကျောပြင်ကို ဆန့်ထုတ်ပြီး မတ်မတ်ထိုင်လိုက်ပါတော့တယ်။
ဒါက ပုန်းကွယ်နေတဲ့ နတ်တစ်ပါးရဲ့ အမည်နာမ ဘွဲ့တော်ပဲ... သူမဟာ ထိတ်လန့်တုန်လှုပ်စွာနဲ့ သဘောပေါက်သွားပါတယ်။
ဒါ့အပြင် သူမ လေ့လာထားတဲ့ ဂမ္ဘီရ ဗဟုသုတတွေနဲ့ ကြားဖူးတဲ့ ကောလာဟလတွေအရ ပုန်းကွယ်နေတဲ့ နတ်တစ်ပါးရဲ့ ဘွဲ့တော်ကို အပြည့်အစုံ ရွတ်ဆိုမိရင် အဲဒီနတ်ဘုရားရဲ့ အာရုံစိုက်မှုကို ခံရတတ်တယ်လို့ ဆိုကြတယ်။
အဲဒီလို အာရုံစိုက်ခံရခြင်းရဲ့ နောက်ဆက်တွဲကတော့ များသောအားဖြင့် ကံဆိုးမိုးမှောင်ကျတာ ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့ ဘေးဒုက္ခတွေနဲ့ ကြုံရတာပဲ ဖြစ်ပါတယ်။
*”အဲဒီလို ပုန်းကွယ်နေတဲ့ နတ်ဘုရား အတော်များများက မိစ္ဆာနတ်ဘုရားတွေနဲ့ နတ်ဆိုးတွေပဲ မဟုတ်လား။
ဒါကိုမှ ငါက ဘာအကာအကွယ်မှ မရှိဘဲ ရှေးဟောင်း ဟားမီးစ် ဘာသာစကားနဲ့ ရွတ်မိလိုက်တာ... ငါ တကယ် အူကြောင်ကြောင်နိုင်တာပဲ။ ဘာလို့ အဲဒီစာကြောင်းကို အဓိပ္ပာယ်ဖော်ဖို့ ဒီလောက်တောင် ကြိုးစားမိပြီး စိတ်ထဲကနေပါ ဖတ်မိလိုက်ရတာလဲ…”* ဇီယိုဟာ ကြောက်လန့်တကြားနဲ့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မိတယ်။ ဖော်ပြလို့မရတဲ့ မိစ္ဆာတစ်ကောင်က သူမအိမ်ထဲ ရုတ်တရက် ပေါ်လာမှာကို အလွန်ပဲ စိုးရိမ်နေမိပါပြီ။
ဆိုဖာ၊ လက်ဖက်ရည်စားပွဲ၊ ဗီရို၊ ထမင်းစားစားပွဲ၊ ကုလားထိုင်တွေနဲ့ ဆီဆေးပန်းချီကားတွေ အပါအဝင် တခြားပစ္စည်းတွေကတော့ သူမမျက်စိရှေ့မှာ ဘာပြောင်းလဲမှုမှ မရှိဘဲ ပုံမှန်အတိုင်းပါပဲ။
မိနစ်နည်းနည်းလောက် အစွမ်းကုန် သတိထားပြီးတော့မှ ဇီယိုက အနည်းငယ် စိတ်လျှော့လိုက်ကာ မိမိကိုယ်ကိုယ် ပြန်နှစ်သိမ့်လိုက်တယ်။ “စိတ်အေးအေးထားစမ်း... မကြောက်နဲ့... ငါက ဘွဲ့တော်ကိုပဲ ရွတ်မိတာလေ၊ ဆုမှ မတောင်းလိုက်တာ။”
“ဒါက မပြည့်စုံတဲ့ အစီအရင်တစ်ခုပဲ ဆိုတော့ ဘာအာရုံစိုက်မှုမှ ရလာမှာ မဟုတ်ပါဘူး။”
“ပြီးတော့ ဒီနာမည်က အင်ပါယာ ရိုဇယ်လ် ချန်ခဲ့တဲ့ အထူးသင်္ကေတတွေကို ဒီစာရွက်ပိုင်ရှင်က ဘာသာပြန်ထားတာလည်း ဖြစ်နိုင်တာပဲ။ မှန်ချင်မှလည်း မှန်မှာပါ။”
*’ဒါပေမဲ့... ဒါပေမဲ့ မိစ္ဆာနတ်ဘုရားတွေနဲ့ နတ်ဆိုးတွေက စိတ်ဝင်စားသွားရင် အစီအရင်က မပြည့်စုံရင်တောင် တုံ့ပြန်တတ်တယ်လို့ ငါ ကြားဖူးတယ်... ငါ တကယ် ကံဆိုးပြီလား..”*. ဒီလို တွေးမိပြန်တော့ ဇီယိုရဲ့ မျက်နှာလေး ရှုံ့မဲ့သွားပါတယ်။ သူမဟာ ကြီးလေးတဲ့ အမှားတစ်ခုကို လုပ်မိပြီလို့ ခံစားနေရပါတယ်။
နောက်ထပ် မိနစ်နည်းနည်းလောက် စောင့်ကြည့်ပေမဲ့ ထူးခြားတာ မတွေ့မှပဲ သူမဟာ ပါးဖောင်းဖောင်းလေးတွေကို လေမှုတ်ထုတ်ပြီး သက်ပြင်းကို ဖြည်းဖြည်းချင်း ချလိုက်ပါတော့တယ်။
သူမဟာ အဲဒီစာရွက်ကို “လိုအင် ဘုရင့်နိုင်ငံတော် မင်းမျိုးမင်းနွယ်များ၏ သမိုင်း” စာအုပ်ထဲ ပြန်ထည့်လိုက်ပြီး လေးလံတဲ့ စိတ်နဲ့ ရေချိုးခန်းထဲ ဝင်ခဲ့တယ်။ ရေဘုံဘိုင်ခေါင်းကို ဖွင့်ပြီး အေးစက်တဲ့ ရေတွေနဲ့ စိတ်ကြည်အောင် လုပ်လိုက်ပါတယ်။
ဝေါခနဲ ရေကျသံနဲ့အတူ...
ကြည်လင်နေတဲ့ ရေတွေ စီးကျလာတုန်း ဇီယိုက ခါးကို ကိုင်းပြီး ရေကို လက်ခုပ်နဲ့ ခံယူလိုက်တယ်။
အေးစက်တဲ့ ရေတွေနဲ့ မျက်နှာသစ်ဖို့ ပြင်တုန်းမှာပဲ မှန်ထဲမှာ အညိုရောင် ဆံပင်ရှည် အကောက်လေးတွေကို မျက်လုံးထောင့်ကနေ ရုတ်တရက် မြင်လိုက်ရတယ်။
ဇီယို ဆံပင်က ပုခုံးအထိပဲ ရှိပြီး ဖရိုဖရဲ ဖြစ်နေတဲ့ ဆံပင်အဝါရောင်တွေဖြစ်ပါတယ်။
မှန်ထဲမှာ မြင်လိုက်ရတာက သူမဆံပင်တွေ မဟုတ်ပါဘူး။
ရုတ်တရက် ဇီယိုရဲ့ ကြက်သီးတွေ ထသွားပါတော့တယ်။
သူမဟာ ကြမ်းပြင်ကို အားပြုပြီး နောက်ကို ဒုန်းခနဲ ခုန်ဆုတ်လိုက်ကာ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီး အဲဒီအရာကို တံတောင်နဲ့ အားကုန် လွှဲရိုက်လိုက်ပါတယ်။
“ဖုန်း!”
နွေးထွေးတဲ့ ခန္ဓာကိုယ်တစ်ခုကို ထိမှန်သွားပြီး တစ်ဖက်လူက ရင်းနှီးနေတဲ့ အော်ဟစ်သံနဲ့အတူ ကြမ်းပြင်ပေါ် လဲကျသွားပါတယ်။
ဇီယိုက နောက်ထပ် တိုက်ခိုက်ဖို့ ပြင်နေတာကို ရပ်လိုက်ပြီး ဗိုက်ကို ဖိကာ နာကျင်လို့ မျက်ရည်ဝဲနေတဲ့ သူမရဲ့ သူငယ်ချင်းကောင်းကို ကြည့်လိုက်မိတယ်။
သူမဟာ မသိမသာ ပြုံးစိစိ ဖြစ်သွားပြီး “ဖောစ်... နင် ဘယ်တုန်းက ပြန်ရောက်တာလဲ” လို့ မေးလိုက်တယ်။
ဖောစ်က ချက်ချင်း ပြန်မဖြေနိုင်သေးပါဘူး။ နာကျင်တာတွေ သက်သာအောင် အတန်ကြာအောင် စောင့်လိုက်ရတယ်။ သူမဟာ နံရံကို အားပြုပြီး ဖြည်းဖြည်းချင်း ထရပ်ရင်း “ငါ... ငါ အခုတင် ပြန်ရောက်တာ။ ဇီယို... နင် ရူးနေတာလား။ ဘယ်သူမှန်းတောင် သေချာမကြည့်ဘဲ ဘာလို့ တိုက်ခိုက်ရတာလဲ။ နင် ရိုက်လိုက်တာ တော်တော် နာတာပဲ” လို့ ညည်းညူလိုက်ပါတယ်။
“နင် ဘယ်ကနေ ဝင်လာတာလဲ” လို့ ဇီယိုက အနေခက်စွာနဲ့ မေးလိုက်တယ်။
“ရေချိုးခန်း ပြတင်းပေါက်ကလေ။ ဘာဖြစ်လို့လဲ... ပြဿနာ ရှိလို့လား။ အလုပ်သင် (တံခါး လမ်းစဉ် ဆုံမှတ် ၉)တစ်ယောက်အနေနဲ့ သော့မပါလာတာက ပုံမှန်ပဲလေ” လို့ ဖောစ်က ဘာမထီတဲ့ လေယူလေသိမ်းနဲ့ ပြန်ဖြေတယ်။
ဇီယိုဟာ ကျောကို ဆန့်ထုတ်ပြီး တာဝန်ရှိသမျှကို လွှဲချလိုက်တော့တယ်။ “ဒါဆိုလည်း ဘာလို့ တံခါးကနေ မဝင်တာလဲ။ နင် ခုနက ငါ့ကို တကယ် ထိတ်လန့်သွားအောင် လုပ်လိုက်တာပဲ!”
ဖောစ်က မျက်တောင်လေး ခတ်ပြီး “တံခါးကနေဆိုရင် အဝေးကြီး ပတ်ရမှာလေ။ အဲဒါက အရမ်း အလုပ်ရှုပ်တယ်။ ငါက အမြဲတမ်း ဖြတ်လမ်းကပဲ သွားနေကျပဲကို” လို့ ပြောရင်း သံသယနဲ့ ဆက်မေးပါတယ်။ “ဒါပေမဲ့ နင့် တုံ့ပြန်ပုံက နည်းနည်းတော့ လွန်မနေဘူးလား”
ဇီယိုဟာ မိမိရဲ့ သိက္ခာကို ထိန်းရမလား၊ အသက်ဘေးကို စိုးရိမ်ရမလား ဆိုတာကို သုံးစက္ကန့်လောက် ဝေခွဲမရ ဖြစ်နေပြီးမှ ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်ပါတယ်။ “အဲဒါက... အဲဒါက ငါ အမှားတစ်ခု လုပ်မိသွားလို့ပဲ။ သေလောက်အောင် ဆိုးတဲ့ အမှားတစ်ခုကို ငါ လုပ်မိသွားလို့ပဲ။”
“ဘာအမှားလဲ” လို့ ဖောစ်က ဗိုက်ကို ပွတ်ရင်း ဇဝေဇဝါဖြင့်စိုးရိမ်တကြီး မေးလိုက်ပါတော့တယ်။
ဇီယိုက စာအုပ်မျက်နှာဖုံးကြားက လျှို့ဝှက်အလွှာကို ဘယ်လိုရှာတွေ့ခဲ့တယ်၊ အဲဒီထဲက ရှေးဟောင်းစက္ကူအပိုင်းအစကို ဘယ်လိုတွေ့ခဲ့တယ်ဆိုတာ အမြန်ပဲ ပြန်ပြောပြလိုက်ပါတယ်။ အဲဒီနောက်မှာ ရှေးဟောင်း ဟားမီးစ် ဘာသာစကားနဲ့ ရေးထားတဲ့ ကျိန်စာလို့ ထင်ရတဲ့စာသားတွေကို မတော်တဆ စိတ်ထဲကနေ ရွတ်မိသွားကြောင်း၊ အဲဒီလို ရွတ်လိုက်တာက ပုန်းကွယ်နေတဲ့ နတ်တစ်ပါးရဲ့ ဘွဲ့တော်ကို ခေါ်လိုက်သလို ဖြစ်သွားကြောင်းကိုလည်း ရှင်းပြနေတာပါ။
“နင်... နင့်ဦးနှောက်က ဘယ်ရောက်နေတာလဲ။ ဒါ... ဒါပေမဲ့ အဆင်ပြေမှာပါ။ အစီအရင်ကလည်း မပြည့်စုံသေးဘူးလေ၊ ပြီးတော့ ဒါက အစစ်လား အတုလားဆိုတာ ဘယ်သူသိမှာလဲ...” ဖောစ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ အကြောင်းပြချက်မရှိဘဲ ကျောချမ်းသလို ခံစားလိုက်ရတယ်။
သူမက ဇီယိုနောက်ကနေ ဧည့်ခန်းထဲ ကို ပြန်ဝင်လာပါတယ်။ အဲဒီမှာ ဝါကျင့်ကျင့်စက္ကူတစ်ရွက်နဲ့အတူ ရိုဇယ်လ် ရဲ့ ထူးခြားတဲ့ သင်္ကေတတွေ၊ ရှေးဟောင်း ဟားမီးစ် ဘာသာစကားနဲ့ ရေးထားတဲ့ စာသားတွေကို တွေ့လိုက်ရတယ်။
ဂမ္ဘီရ ပညာရပ်ကို အထူးတလည် လေ့လာနေတဲ့ ဖောစ်က စာသားတွေကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ကာ ပြောလိုက်ပါတယ်။ “ဒါက ငါသိထားတဲ့ ဘယ်မိစ္ဆာနတ်ဘုရား၊ နတ်ဆိုး ဒါမှမဟုတ် ပုန်းကွယ်နေတဲ့ နတ်တွေနဲ့မှ မတူဘူး။ ဒါကြောင့် အဆင်ပြေမှာပါ။”
“ဒါ့အပြင် အခုထိလည်း ဘာမှမဖြစ်သေးဘူးဆိုတော့ အရာအားလုံး အဆင်ပြေတယ်လို့ ပြောလို့ရတာပေါ့။” ဇီယို စိတ်သက်သာရာရသွားတာကို မြင်တော့ ဖောစ်က သူမရဲ့ ဗိုက်အောင့်တာကို သတိရသွားပြီး မကျေနပ်သလို ထပ်ပြောလိုက်သေးတယ်။ “ဒါပေမဲ့ တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင်တောင် ငါတို့ရဲ့ အားနည်းတဲ့ စွမ်းအားတွေနဲ့တော့ ကိုယ့်ကိုယ်ကိုယ် ကယ်နိုင်မှာ မဟုတ်ဘူးနော်။”
ဇီယိုရဲ့ မျက်နှာက ဖြူလျော်သွားပြီး “ဖောစ်... ဒီည ငါတို့ အတူတူ အိပ်ကြမလား။ အာ... ထားလိုက်ပါတော့၊ ငါ့ဘာသာပဲ အိပ်ပါ့မယ်...” လို့ ယောင်ယမ်းပြီး ပြောလိုက်မိတယ်။
ဖောစ်က မျက်ခုံးပင့်ပြီး ရယ်မောလိုက်ကာ “ကောင်းပါပြီ။ တကယ်တော့ နင် အဲဒီလောက်ကြီး စိုးရိမ်မနေပါနဲ့။ စဉ်းစားကြည့်လေ... ငါဆိုရင် လပြည့်ညတိုင်း ထူးဆန်းတဲ့ တီးတိုးစကားသံတွေကို ကြားနေရတာတောင် စိတ်ဖောက်ပြန်တာ ဒါမှမဟုတ် ထိန်းချုပ်မှု လွတ်တာမျိုး မရှိသေးဘူးမလား။”
“ကဲ... ကျန်တဲ့ စာအုပ် သုံးအုပ်ကိုလည်း ဆက်စစ်ကြည့်ရအောင်။ တကယ်လို့ အဲဒီစာအုပ်တွေထဲမှာလည်း ဒီလိုစက္ကူမျိုးနဲ့ စာသားတွေပါနေရင်တော့ ဒါဟာ မှူးမတ်ငယ် ဂလိန့် ရဲ့ နောက်ပြောင်မှုပဲ ဖြစ်ရမယ်။” သူတို့နှစ်ယောက်ဟာ “မင်းမျိုးမင်းနွယ် မိသားစုများ၏ အမှတ်သညာများကို လေ့လာခြင်း” နဲ့ တခြားစာအုပ်တွေကို အမြန်ပဲ လှန်ကြည့်ကြပေမဲ့ ထူးခြားတာ ဘာမှမတွေ့ရပါဘူး။ ဇီယိုနဲ့ ဖောစ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပတ်ဝန်းကျင်က လေးလံသွားသလို ခံစားလိုက်ရပြန်ပါတယ်။
“ဒီည ငါတို့ သူတော်စင်ဆမ်မြူရယ် ဘုရားကျောင်းတော် ထဲ ခိုးဝင်ရင် ကောင်းမလား” လို့ ဇီယိုက အကြံပေးတယ်။ အဲဒီနေရာက ဘက်ကလန် အပိုင်စားနယ်ထဲက ထာဝရာညနတ်ဘုရားမ ဘုရားကျောင်းရဲ့ ဌာနချုပ်ပါ။
“သူတော်စင် ဟာလန်း ဘုရားကျောင်းတော် ကို သွားရင်ကော။ ထာဝရာညနတ်ဘုရားမက ငါ့ကို စောင့်ရှောက်မယ်လို့ မထင်ဘူး...” လို့ ဖောစ်က မသိစိတ်နဲ့ ပြန်ဖြေလိုက်တယ်။ အဲဒီဘုရားကျောင်းက ရေနွေးငွေ့နဲ့ ယန္တယားနတ် ဘုရားကျောင်းရဲ့ ဌာနချုပ်ဖြစ်ပြီး စိန့်ဂျော့မြို့နယ်က စက်ရုံကြီးတွေနဲ့ ကပ်လျက် ရှိတာပါ။
ကိုးကွယ်ယုံကြည်မှုမတူတဲ့ အမျိုးသမီးနှစ်ယောက် လုံး ပြန်တိတ်ဆိတ်သွားကြပါတယ်။ ခဏနေတော့ ဖောစ်က သက်ပြင်းချပြီး ပြောလိုက်တယ်။ “အဲဒီလိုလုပ်ရင် ငါတို့က တရားမဝင် သာလွန်သူတွေဖြစ်တဲ့အတွက် ညသိမ်းငှက် တွေ ဒါမှမဟုတ် ယန္တယားဟိုက်ဗ်မိုင်း တွေရဲ့ ပစ်မှတ် ဖြစ်သွားလိမ့်မယ်။ ဒီလိုမျိုးကပဲ အဲဒီ ပုန်းကွယ်နေတဲ့ နတ်တစ်ပါးရဲ့ ရည်ရွယ်ချက် ဖြစ်နေနိုင်တယ်။ ကဲ... သွားအိပ်တော့။ မနက်ဖြန်မနက်ကျရင် အဖြေသိရမှာပါ။ အဲဒီအချိန်ထိ ဘာမှမဖြစ်ရင်တော့ တကယ်ပဲ အဆင်ပြေသွားပြီလို့ မှတ်လို့ရတယ်။”
...
သန်းခေါင်ယံအချိန်မှာ ဘက်ကလန်မြို့ရဲ့ ကောင်းကင်မှာ ကြယ်တွေက မှေးမှိန်နေပြီး သွေးရောင်လကလည်း တိမ်တွေကြားမှာ ဖုံးကွယ်နေပါတယ်။
ကလိုင်းက မသိစိတ်ရဲ့ နှိုးဆော်မှုကြောင့် နိုးလာပြီး စောင်ကိုဖယ်ကာ ကုတင်ပေါ်က နေဆင်းလိုက်တယ်။ အဲဒီနောက် မီးခိုးရောင် မြူခိုး တွေ ဖုံးလွှမ်းနေတဲ့ ကမ္ဘာဆီကို ဝင်သွားပါတော့တယ်။
သူဟာ “အရူး” ရဲ့ မြင့်မားတဲ့ ကျောမှီကုလားထိုင်မှာ ဝင်ထိုင်လိုက်တယ်။ သူ့ရည်ရွယ်ချက်က မစ္စ တရားမျှတမှု ရဲ့ အဖော်ကို တုံ့ပြန်ဖို့နဲ့ “စစ်ဆေးမှု လုပ်ငန်းစဉ်” ကို ဆက်လုပ်ဖို့ပါ။
အဲဒီအချိန်မှာ သူ့စိတ်ထဲ အတွေးသစ်တစ်ခု ပေါ်လာပါတယ်။ အခုလို အခြေအနေမျိုးမှာ သူမကို မီးခိုးရောင် မြူခိုးတွေပေါ် ဆွဲခေါ်နိုင်မလားဆိုတာ စမ်းကြည့်ဖို့ပါ။*” ဒီမိန်းကလေးက အိပ်ပျော်နေလောက်ပြီ၊ ငါသာ အောင်မြင်ရင်တောင် သူမအနေနဲ့ ဒါကို ထူးထူးခြားခြား ကြည်လင်နေတဲ့ အိပ်မက်တစ်ခုလို့ပဲ ထင်သွားမှာပါ။ အင်း... ငါသာ အောင်မြင်ခဲ့ရင် သူမ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်ရခင်မှာပဲ ဆက်သွယ်မှုကို အချိန်မီ ဖြတ်လိုက်လို့ ရတာပဲ…*”
အကြိမ်ကြိမ် စဉ်းစားပြီးနောက် ကလိုင်းက လက်ကိုဆန့်ထုတ်ပြီး လှိုင်းထနေတဲ့ အလင်းကွင်းကို ထိတွေ့ကာ ဆက်သွယ်မှုတစ်ခု တည်ဆောက်လိုက်ပါတယ်။ ရုတ်တရက်ဆိုသလို ကလိုင်းက သူ့ရဲ့ စိတ်ဝိညာဉ်အစွမ်းတွေ ထိန်းမနိုင်သိမ်းမရ စီးထွက်သွားတယ်လို့ ခံစားလိုက်ရပြီး မီးခိုးရောင် မြူခိုးတွေပေါ်က လျှို့ဝှက်ဆန်းကြယ်တဲ့ ဟင်းလင်းပြင်ကြီးကလည်း နည်းနည်း တုန်ခါသွားပါတော့တယ်။
သူ့ရဲ့ စိတ်ဝိညာဉ်အစွမ်းတွေ ကုန် ခမ်းသွားတော့မယ်လို့ ထင်လိုက်တဲ့အချိန်မှာ အရာအားလုံးက ပြန်ငြိမ်သွားပါတယ်။ ကြေးညိုရောင် စားပွဲရှည်ကြီးရဲ့ အစွန်းမှာ ဝေဝါးပြီး ပုံပျက်နေတဲ့ ပုံရိပ်တစ်ခု ပေါ်လာပါတယ်။
အိပ်မက်ကမ္ဘာထဲမှာ ဇီယိုက အိပ်ချင်မူးတူးနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့ အဆုံးမရှိတဲ့ မြူခိုးတွေ၊ ရှေးဟောင်း ကျောမှီကုလားထိုင်နဲ့ သူမကို စိုက်ကြည့်နေတဲ့ မည်းမှောင်နေတဲ့ ပုံရိပ်ကြီးတစ်ခုကို တွေ့လိုက်ရပါတယ်။
ကလိုင်းက အရမ်းဝမ်းသာသွားပြီး သူ့အစီအစဉ်အတိုင်း ဆက်သွယ်မှုကို ချက်ချင်း ဖြတ်လိုက်ပါတယ်။ ဝေဝါးနေတဲ့ ပုံရိပ်လေးက ပျောက်သွားပေမဲ့ မီးခိုးဖြူရောင် မြူခိုးတွေကြားမှာ သွေးရောင်လွှမ်းတဲ့ ပုံရိပ်ယောင် ကြယ်ပွင့်တစ်ပွင့် ပေါ်လာပါတော့တယ်။
ကလိုင်းက ဒီမြင်ကွင်းကို ကြည့်ပြီး အချက်တစ်ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။ တစ်စုံတစ်ယောက်က သူ့နာမည်ကို ရွတ်လိုက်တာနဲ့ အဲဒီလူကို မီးခိုးရောင် မြူခိုးကမ္ဘာထဲ ဆွဲခေါ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီသွေးရောင်ကြယ်က ရွတ်ဆိုလိုက်တဲ့ သူနဲ့ မြူခိုး ကမ္ဘာရဲ့ တည်ငြိမ်တဲ့ ဆက်သွယ်မှုတစ်ခုရဲ့ ပြယုဒ်ပါပဲ။
ဒါပေမဲ့ ကန့်သတ်ချက်တချို့တော့ ရှိပါသေးတယ်။ *”ငါ့ရဲ့ အခုအစွမ်းနဲ့ဆိုရင် နောက်ထပ် ဆက်သွယ်မှုတစ်ခုပဲ ထပ်တည်ဆောက်နိုင်ဦးမယ်။ အင်း... အရင်အတွေ့အကြုံတွေအရ ငါ့ရဲ့ စိတ်ဝိညာဉ်အစွမ်းက ငါ့ထက် ဆုံမှတ်တစ်ခု ပိုမြင့်တဲ့ သာလွန်သူတွေကိုပဲ ဆွဲခေါ်နိုင်ဦးမှာပါ။ အဲဒါကလည်း အောင်မြင်ချင်မှ အောင်မြင်မှာ။ ဒါက အကြမ်းဖျင်း တွက်ချက်မှုပဲဆိုတော့ ငါနဲ့ ဆုံမှတ်တူတဲ့သူ ဒါမှမဟုတ် ငါ့ထက်နိမ့်တဲ့သူတွေအတွက်တော့ ပြဿနာရှိမှာ မဟုတ်ပါဘူး.*”.. လို့ ကလိုင်းက ကျေနပ်အားရစွာ တွေးနေမိပါတယ်။
သူ့ဘက်က တုံ့ပြန်ဖို့ မလိုတော့ပါဘူး။ စမ်းသပ်မှုက အောင်မြင်သွားပါပြီ။ ဇီယိုကတော့ အိပ်ပျော်နေရင်းကနေ ထထိုင်လိုက်မိပါတယ်။
သူမက ဘွဲ့တော်ကို ရွတ်မိလို့ ဖြစ်လာမယ့် အန္တရာယ်တွေကို တစ်ချိန်လုံး စိုးရိမ်နေခဲ့တာပါ။ အိပ်ပျော်သွားပြီး မကြာခင်မှာပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ ဟင်းလင်းပြင်ကြီးနဲ့ မြင့်မားတဲ့နေရာကနေ သူမကို ငုံ့ကြည့်နေတဲ့ မီးခိုးရောင် မြူခိုးပုံရိပ်ကြီးကို အိပ်မက်မက်ခဲ့တာလေ။
အဲဒီအိပ်မက်က အရမ်းကို ကြည်လင်ပြတ်သားလွန်းလို့ ဇီယိုမှာ ထိတ်လန့်တုန်လှုပ်သွားရတယ်။ ဘေးမှာ အိပ်ပျော်နေတဲ့ ဖောစ်ကို ကြည့်ပြီး တုန်တုန်ရင်ရင်နဲ့ တွေးနေမိပါတယ်။
*”ဒါက ကြောက်စိတ်ကြောင့်ဖြစ်တဲ့ အိပ်မက်ဆိုးလား၊ ဒါမှမဟုတ် ပုန်းကွယ်နေတဲ့ နတ်တစ်ပါးရဲ့ အာရုံစိုက်မှုကို ခံလိုက်ရလို့ မိစ္ဆာဝိညာဉ်တွေ ခြောက်လှန့်တာကို ခံနေရတာလား...
ဟုတ်တယ်... မနက်ဖြန်ညမှာ သာလွန်သူ စုဝေးပွဲ တစ်ခု ရှိတယ်။ ဆေးရည် ဖော်မြူလာဝယ်ဖို့အပြင်
မိစ္ဆာနှိမ်နှင်းတာ ကျွမ်းကျင်တဲ့သူတစ်ယောက်ကို ရှာပြီး ငါ့ကိုယ်ငါ အပနှင်ရမယ်*”