တီထွင်ဖန်တီသူ လက်ပါ့ဒ်
Vol. 23 Ch. 227
မြူနှင်းတွေ ဝေနေတဲ့ မနက်ခင်းတစ်ခုမှာတော့ ကလိုင်းတစ်ယောက် ထမင်းစားစားပွဲမှာ သာသာယာယာ ထိုင်နေပါတယ်။ ဝယ်လာတဲ့ ဂျုံပေါင်မုန့်ကို အပိုင်းပိုင်းဖဲ့၊ နွားနို့ထဲနှစ်ပြီး အရသာခံကာ စားနေတဲ့ ကလိုင်းအတွက်တော့ ဒီမနက်ခင်းက တော်တော်လေးကို ဇိမ်ကျနေတာပါ။
ဒီဘက်ကမ္ဘာကခန္ဓာကိုယ်ထဲကို ကူး ပြောင်းလာခဲ့တာ ကြာပြီဖြစ်ပေမယ့် အစားအသောက်အပေါ် စွဲလမ်းတဲ့ သူ့စိတ်အခံကတော့ မူလဝိညာဉ်ထဲမှာ အမြစ်တွယ်နေတုန်းပါပဲ။ လိုအန်ဘုရင့်နိုင်ငံတော်ရဲ့ တစ်သမတ်တည်းဖြစ်ကာ ငြီးငွေ့စရာကောင်းတဲ့ မနက်စာတွေကို သူ လုံးဝ အသားမကျနိုင်သေးပါဘူး။ ဒါကြောင့်လည်း ပေါင်မုန့်ကင်၊ ဘေကွန်နဲ့ ထောပတ်တွေကိုပဲ တဝဲလည်လည် စားမနေတော့ဘဲ
အသစ်အဆန်းတွေကို အမြဲစမ်းသပ် စားပါတယ်။ တောင်ပိုင်းဒေသထွက် ဝက်သားအစာသွတ်မုန့် ၊ ဖေးညှာပေါ်တာ ခေါက်ဆွဲနဲ့ ပြောင်းဖူးဖုတ်မုန့်တွေဟာ ကလိုင်းရဲ့ မနက်စာစာရင်းထဲမှာ အမယ်သစ်အဖြစ် တိုးလာခဲ့ပါတယ်။
“ဖေးဆက်အင်ပါယာကထွက်တဲ့ ငါးဥကလည်း မဆိုးဘူး ၊ ဒါပေမဲ့ ဈေးက အရမ်းကြီးတော့ ပုံမှန်စားဖို့ထက် အခမ်းအနား ညစာစားပွဲတွေမှာပဲ သင့်တော်လိမ့်မယ်...”
နွားနို့စိမ့်စိမ့်လေးဝင်သွားလို့ ပျော့အိနေတဲ့ ပေါင်မုန့်ဖတ်လေးကို ခက်ရင်းနဲ့ခပ်ပြီး ကလိုင်းက တစ်လုပ်တည်း ငုံ့စားလိုက်ပါတယ်။ နွားနို့အရသာနဲ့ ဂျုံနံ့သင်းသင်းလေးက ရောယှက်နေပြီး နောက်ဆုံး ပေါင်းသွားတဲ့ အရသာက ပိုလို့တောင် ချိုမြိန်နေပါသေးတယ်။ မနက်စာ စားပြီးတော့ စားပွဲပေါ်က ပစ္စည်းတွေကို မသိမ်းသေးဘဲ သူက သတင်းစာတွေကိုပဲ ကောက်ဖတ်နေလိုက်ပါတယ်။
*”ခဏနေရင် နိမိတ်ဖတ်ကြည့်ရမယ်။ တခြားထူးထူးခြားခြား လုပ်စရာမရှိရင်တော့ စိန့်ဂျော့မြို့နယ်၊ ဆာ့ဒ်လမ်းမှာရှိတဲ့ မစ္စတာ လက်ပါ့ဒ်ဆီ သွားကြည့်ရမယ်။ သူ့ရဲ့ သယ်ယူပို့ဆောင်ရေးယာဉ်အသစ်ဆိုတာကြီးက ရင်းနှီးမြှုပ်နှံဖို့ တန်၏၊ မတန်၏ သိရတာပေါ့... ဘက်ကလန်က အကျယ်ကြီးပဲ၊ မြို့နယ်တစ်ခုချင်းစီက ထင်းဂန်မြို့လောက်နီးနီး ရှိတယ်။ အထူးသဖြင့် အရှေ့ပိုင်းမြို့နယ်ဆိုရင် နှစ်ဆလောက်တောင် ပိုကြီးသေးတယ်။ ခရီးသွားဖို့ အလွယ်ဆုံးနဲ့ အသက်သာဆုံးကတော့ လမ်းလျှောက်တာပဲ၊ ပြီးရင် မြေအောက်ရထားစီး၊ ပြီးရင် လမ်းပြန်လျှောက်ပေါ့။ ဒါပေမဲ့ အချိန် တော့ တော်တော်ပေးရမယ်”*...
ကလိုင်းရဲ့ အတွေးတွေက ဟိုရောက်ဒီရောက် ဖြစ်နေပါတယ်။ ဘက်ကလန်ရဲ့ အများပြည်သူသုံး မြင်းလှည်းစနစ်က ထင်းဂန်မြို့နဲ့ ဆင်တူပြီး ဈေးနှုန်းလည်း အတူတူပါပဲ။ ဒါပေမဲ့ ပြဿနာက မြင်းလှည်းအများစုက မြို့နယ်တစ်ခုအတွင်းမှာပဲ ပြေးဆွဲကြတာပါ။ အကယ်၍ ချားဝုဒ်ကနေ စိန့်ဂျော့ကို သွားချင်ရင် မြင်းလှည်း အကြိမ်ကြိမ် ပြောင်း စီးရမှာမို့ ခရီးစရိတ်က သိသိသာသာ များသွားမှာ ။ ဒီလို အဆင်မပြေမှုတွေကြောင့်ပဲ မစ္စတာလက်ပါ့ဒ်ရဲ့ သယ်ယူပို့ဆောင်ရေးယာဉ်အသစ်ကို ကလိုင်းက စိတ်ဝင်စားသွားတာ ဖြစ်ပါတယ်။
ဒေါက်... ဒေါက်... ဒေါက်...။
အဲဒီအချိန်မှာပဲ အိမ်ရှေ့ကနေ တံခါးခေါက်သံ တစ်ခုက ကျယ်ကျယ်လောင်လောင် ထွက်လာပါတယ်။ ခေါက်တဲ့အသံက တံခါးကို တူနဲ့ ထုနေသလိုမျိုး ပြင်းထန်လှပါတယ်။
ဘယ်သူပါလိမ့်... လူခေါ်ဘဲလ် တီးရ
ကောင်းမှန်း မသိဘူးလား... သူက တိုးတိုးလေး ရေရွတ်ရင်း အင်္ကျီကော်လာကို သပ်ရပ်အောင် ပြင်လိုက်ပါတယ်။တံခါးဆီသို့ လျှောက်သွားကာ ဆွဲဖွင့်လိုက်ပါတယ်။ တံခါးရှေ့မှာ ရပ်နေတာက သူမြင်ဖူးပြီးသားမျက်နှာတစ်ခု။မြေအောက်ရထားဘူတာမှာ အီရန်နောက်ကို အသည်းအသန် လိုက်ဖမ်းခဲ့တဲ့ တောင်ပေါ်သား အမျိုးသားကြီး ဖြစ်ပါတယ်။ အသားက နေလောင်ထားသလို ခပ်ညိုညို၊ မျက်တွင်းတွေ ချိုင့်ဝင်နေတဲ့ မျက်နှာရှိပြီး ပိန်ပေမယ့်လည်း သန်မာထွားကျိုင်းတဲ့ပုံစံ ပေါက်ပါတယ်။
ကလိုင်းရဲ့ ဝိညာဉ်ဆက်သွယ်မှုအရ ဒီလူ့နာမည်က မာဆော့ ဖြစ်ပါတယ်။ သူက ဇီမာန်ဂျာဂိုဏ်းရဲ့ ဂိုဏ်းရဲ့ “လက်မရွံ” တစ်ယောက်ဖြစ်ပါတယ်။
“တဆိတ်လောက်၊ ဘယ်သူ့ကို ရှာနေတာလဲခင်ဗျာ၊ ကျွန်တော့်ဆီ အလုပ်အပ်စရာ ကိစ္စများ ရှိလို့လား”
ကလိုင်းက ဘာမှမသိတဲ့ပုံနဲ့ တမင် ဟန်ဆောင်မေးလိုက်ပါတယ်။ အနက်ရောင် ကုတ်အင်္ကျီနဲ့ ပိုးသားဦးထုပ်ကို ဝတ်ထားတဲ့ မာဆော့က လူကြီးလူကောင်းတစ်ယောက် ပုံစံ လုံးဝ ပေါက်မနေပါဘူး။
။ သူက ကလိုင်းကို အေးစက်စက် အကဲခတ်လိုက်ပြီး လိုအန်ဘာသာစကားကို အသံခပ်ဝဲဝဲနဲ့ မေးလိုက်ပါတယ်။
“မင်းက စုံထောက် ရှားလော့ခ် မိုရီယက်တီ လား”
“ဟုတ်ပါတယ်” ကလိုင်းက တိုတိုတုတ်တုတ်ပဲ ပြန်ဖြေလိုက်တယ်။
မာဆော့က ခေါင်းကို တောင့်တောင့်ကြီး ငြိမ့်ပြပြီး “မင်းကို လူတစ်ယောက် ရှာခိုင်းချင်တယ်” လို့ ပြောပါတယ်။
“အသေးစိတ်ကို အထဲမှာ ဝင်ပြောလို့ရပါတယ်”
ကလိုင်းက ဘာမှမသင်္ကာစရာ မရှိအောင် ထိန်းပြောလိုက်ပေမဲ့ မာဆော့ကတော့ အေးစက်စက်နဲ့ ခေါင်းခါပြပါတယ်။
“မလိုဘူး”
အဲဒီလိုပြောပြီး သူ့မျက်လုံးတွေက ရုတ်တရက် စူးရှတင်းမာသွားပါတယ်။
“ငါရှာနေတဲ့သူက အီရန်... အီရန်ရိုက်တ် လို့ ခေါ်တယ်။ သူက မျက်လုံးခပ်နီနီ၊ အသက် ၁၅ နှစ်၊ ၁၆ နှစ်လောက်ပဲ ရှိဦးမယ့် လူငယ်တစ်ယောက်။ အညိုရောင် ကုတ်အင်္ကျီအဟောင်းနဲ့ ဦးထုပ်ဝိုင်းကြီး ဆောင်းထားတတ်တယ်။ မင်း သူ့နဲ့ အဆက်အသွယ် ရှိတယ်ဆိုတာ ငါတို့ သိထားပြီးသား”
ကလိုင်းက ခပ်တိုးတိုး ရယ်လိုက်ပြီး “ခင်ဗျား ဘာတွေပြောနေလဲဆိုတာ ကျွန်တော် နားမလည်ဘူး” လို့ ငြင်းလိုက်ပါတယ်။ မာဆော့က ကလိုင်းရဲ့ ငြင်းဆိုမှုကို ဂရုမစိုက်ဘဲ “သူက ငါ့ဆီက အရေးကြီးတဲ့ ပစ္စည်းတစ်ခုကို ခိုးသွားတယ်။ အကယ်၍ မင်း သူ့ကို ရှာပေးနိုင်ရင် အနည်းဆုံး ၁၀ ပေါင် ရမယ်” လို့ ဆက်ပြောပါတယ်။
“ခင်ဗျားပေးတဲ့ အမှုနဲ့ပတ်သက်တဲ့ သဲလွန်စတွေက နည်းလွန်းတယ်ဗျ” ကလိုင်းက ဆင်ခြေပေးလိုက်တယ်။
“၃၀ ပေါင်” မာဆော့က ဈေးတိုးပေးလိုက်ပြန်ပါတယ်။
ကလိုင်းက သူ့ကို တစ်ချက်ကြည့်ပြီး “မဖြစ်နိုင်ပါဘူး၊ ဒါက ကျွန်တော့်ရဲ့ အမှုသည်များ၏ လျှို့ဝှက်ချက် ထိန်းသိမ်းရေးမူဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်” လို့ ဆိုလိုက်တယ်။
“၅၀ ပေါင်” မာဆော့က အေးအေးစက်စက် ပြောရင်း ဈေးထပ်တိုးပေးလိုက်ပါတယ်။
“... စိတ်မကောင်းပါဘူး၊ ကျွန်တော် ခင်ဗျားအပ်မယ့် အလုပ်ကိစ္စကို လက်မခံနိုင်ပါဘူး”
ကလိုင်းက နှစ်စက္ကန့်လောက် တွန့်ဆုတ်သွားပေမဲ့ နောက်ဆုံးတော့ ပြတ်ပြတ်သားသားပဲ ငြင်းလိုက်ပါတယ်။ မာဆော့က သူ့ကို စက္ကန့်ပိုင်းလောက် စိုက်ကြည့်နေပြီး သူ့မျက်လုံးတွေက တဖြည်းဖြည်း အေးစက်ကြမ်းတမ်းလာပါတယ်။ သူက ဈေးထပ်မတိုးတော့သလို၊ နှုတ်တောင်မဆက်ဘဲ ချက်ချင်း လှည့်ထွက်သွားပြီး လမ်းအဆုံးအထိ ခပ်သွက်သွက် လျှောက်သွားပါတော့တယ်။
*”ဒီဂိုဏ်းက တော်တော်အနံ့ခံကောင်းတာပဲ... အီရန် ငါ့ဆီ တစ်ခေါက် ရောက်လာတာတောင် သူတို့ သိနေကြတယ်... “*
ကလိုင်းက စိတ်ထဲကနေ သက်ပြင်းချရင်း ရေရွတ်လိုက်ပေမဲ့ အရမ်းကြီးတော့ မစိုးရိမ်မိပါဘူး။ ဘာပဲဖြစ်ဖြစ် သူက မိစ္ဆာနတ်ဘုရားရဲ့ သားတော်နဲ့တောင် တိုက်ရိုက် ရင်ဆိုင်ခဲ့ဖူးတာ မဟုတ်လား။ မိစ္ဆာနတ်ဘုရားတစ်ပါးရဲ့ သားဟာ မမွေးသေးဘဲ ဗိုက်ထဲမှာပဲ ရှိနေခဲ့တယ် ဆိုပေမဲ့လည်း ကလိုင်းဟာ အဲဒီသားတော်နဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ရတယ်ဆိုတဲ့ အချက်ကတော့ အမှန်ဖြစ်ပါတယ်။
ဒီလိုတွေးလိုက်တော့ သူ့အပြုံးက ပိုပြီးတောင် အသက်ဝင်လာပါတယ်။ ဒီနေ့ အပြင်ထွက်သင့်၊ မထွက်သင့် ဆုံးဖြတ်ဖို့ နိမိတ်ကောက်ရန် အကြွေစေ့တစ်စေ့ကို ကလိုင်းက လေပေါ် မြှောက်လိုက်ပါတယ်။ အဖြေကတော့ ‘အပြင်ထွက်သင့်တယ်’ ဆိုပြီး ထွက်လာပါတယ်။
စိန့်ဂျော့မြို့နယ်၊ ဆာ့ဒ်လမ်း။
မြင်းလှည်းကနေ မြေအောက်ရထား ပြောင်းစီး၊ အဲဒီကနေ လမ်းကြောင်းမလိုတဲ့ မြင်းလှည်း ထပ် ပြောင်းစီးပြီးနောက်ဆုံးမှာတော့ ကလိုင်းက သူဦးတည်ရာ နေရာကို ရောက်လာပါတော့တယ်။ ခရီးစရိတ် စုစုပေါင်း ၁၁ ပဲနိလောက် ကုန်သွားခဲ့ပါတယ်။ မြင်းလှည်းပေါ်က ဆင်းလိုက် လိုက်ချင်းမှာပဲ မိုးဖွဲဖွဲလေးတွေ စပြီးကျလာတာကို ကလိုင်းက ချက်ချင်း သတိထားမိလိုက်တယ်။ ဒါပေမဲ့ သူ့လက်ထဲမှာ ထီးတစ်ချောင်းမှ ပါမလာခဲ့ပေ။
သတင်းစာတွေ၊မဂ္ဂဇင်းတွေရဲ့ အဆိုအရတော့ မိုးဖွားဖွားလေးတွေ အချိန်အခါမဟုတ်ရွာတတ်တာ က ဘက်ကလန်ရဲ့ နေ့စဉ်ဖြစ်ရိုးဖြစ်စဉ်လ်ို ဖြစ်နေပါပြီ ။ ဘက်ကလန်သူ ၊ ဘက်ကလန်သား များ ဦးထုပ်ဆောင်းရတာကို အရမ်း ကြိုက်ကြရတဲ့ အကြောင်းအရင်းကလည်း သူတို့က အမြဲတမ်း လိုလို ဘယ်သွားသွား ထီးတစ်လက်ကို သယ်မသွားချင်ကြလို့ ဖြစ်ပါတယ်။ကလိုင်းက သူ့ဦးထုပ်ကို ဖိဆောင်းရင်း အမှတ် ၉ အိမ်ရှေ့ကို ခပ်သွက်သွက်လေးပြေးကာ မိုးခိုလိုက်ပါတယ်။ သူက အင်္ကျီပေါ်က မိုးရေတွေကို ခါလိုက်ပြီး လူခေါ်ဘဲလ် တီးလိုက်ပေမဲ့ ဘာအသံမှ ထွက်မလာပါဘူး။
*”ဘဲလ် ပျက်နေတာလား..”*. ကလိုင်းက တံခါးကို ထပ်ခေါက်လိုက်ဖို့ ဟန်ပြင်နေတုန်းမှာပဲ အဝေးက လျှောက်လာတဲ့ ခြေသံကို ကြားလိုက်ရပါတယ်။ အဲဒီလူရဲ့ ပုံရိပ်က ကလိုင်းရဲ့စိတ်ထဲမှာ အလိုလို ပေါ်လာပါတယ်။ ဆံပင်နက်နက်၊ မျက်လုံးပြာပြာနဲ့ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားတစ်ယောက် ဖြစ်ပါတယ်။သူက အသက် ၃၀ ကျော်လောက် ရှိပုံ ရပါတယ်။ မီးခိုးပြာ ရောင်ရှိတဲ့ အလုပ်သမားဝတ်စုံ ဝတ်ထားပေမဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ ပုံစံရှိပါတယ်။
ကျွီ... ဆိုတဲ့ အသံနဲ့အတူ တံခါးပွင့်လာတယ်။ အဲဒီအမျိုးသားက သူ့နဖူးကို ပွတ်ရင်း “ဘယ်သူ့ကို လာရှာတာလဲ၊ ဘာကိစ္စရှိလို့လဲ” လို့ မေးပါတယ်။ ကလိုင်းက ဦးထုပ်ချွတ်ပြီး အနည်းငယ် ဦးညွှတ်လိုက်ကာ “ကျွန်တော် မစ္စတာလက်ပါ့ဒ်ကို လာရှာတာပါ၊ သူ့ရဲ့ သယ်ယူပို့ဆောင်ရေးယာဉ်အသစ်ကို စိတ်ဝင်စားလို့ပါ” လို့ ပြန်ဖြေလိုက်ပါတယ်။
အဲဒီ အမျိုးသားရဲ့ မျက်လုံးတွေက ရုတ်တရက် အရောင်တောက်သွားပါတယ်။
“ကျွန်တော်က လက်ပါ့ဒ်ပါ။ ကြွပါ... အထဲကို ဝင်ပါဦး”
သူက ဘေးကို အသာကပ်ရင်း ကလိုင်းကို အထဲဖိတ်လိုက်ပေမဲ့သူ့ဧည့်ခန်းထဲမှာ အပေါ်အင်္ကျီ ချိတ်ဖို့ စင်တောင် မရှိပါဘူး။ ဒါကြောင့် ကလိုင်းလည်း သူ့လက်ကိုင်တုတ်ကို နံရံမှာပဲ မှီထားလိုက်ရပြီး၊ အင်္ကျီတောင် မချွတ်တော့ဘဲ လက်ပါ့ဒ်နောက်ကနေ ဧည့်ခန်းထဲ ကို လိုက်ဝင်သွားလိုက်ပါတယ်။
လက်ပါ့ဒ်ရဲ့ အိမ်က တော်တော်လေးကို ဖရိုဖရဲ နိုင်လှပါတယ်။ ဧည့်ခန်းက ကော်ဖီစားပွဲပေါ်မှာတောင် ဂွတွေ၊ ဘောစိတွေနဲ့ ဝက်အူလှည့်လို စက်မှုလက်မှု ကိရိယာ ပစ္စည်းတွေ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေပါတယ်။
“ ပိုက်ဆံဘယ်လောက် ရင်းနှီးမြှုပ်နှံချင်လဲခင်ဗျ။ အော်... ဒါနဲ့ ကော်ဖီ သောက်မလား၊ လက်ဖက်ရည်ပဲ သောက်မလား။ အင်း... လက်ဖက်ရည်ကတော့ ကုန်နေပြီ ထင်တယ်...”
လက်ပါ့ဒ်က စကားတွေကို တရစပ် ပြောချလိုက်ပါတယ်။
*” သူကတော်တော် ပွင့်လင်းတာပဲ၊ လူမှုဆက်ဆံရေးမှာလည်း သိပ်ကျွမ်းကျင်ပုံမရဘူး... “*လို့ ကလိုင်းက စိတ်ထဲက တွေးလိုက်ပြီး လိုရင်းကိုပဲ တိုက်ရိုက်ပြောလိုက်ပါတယ်။
“ပိုက်ဆံ ဘယ်လောက် ရင်းနှီးမြုပ်နှံမလဲ ဆုံးဖြတ်ချက် မချခင် ခင်ဗျား တီထွင်ထားတယ်ဆိုတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်အသစ်ကို အရင်ကြည့်ပါရစေဦး။ ဘာမှ သေချာမသိဘဲနဲ့တော့ ကျွန်တော် ဘာကတိမှ မပေးနိုင်ဘူး”
စကားပြောရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ နံရံမှာ ချိတ်ထားတဲ့ တြိဂံပုံစံ ရှိတဲ့ မြင့်မြတ်သော တံဆပ်တော် တစ်ခုကို တွေ့လိုက်ရပါတယ်။ အဲဒါက ယန္တရားနှင့် ရေနွေးငွေ့နတ်ဘုရားရဲ့ အမှတ်အသား ဖြစ်ပါတယ်။ ခိုင်ခံ့တဲ့ တြိဂံပုံထဲမှာ ရေနွေးငွေ့၊ ဂီယာတွေနဲ့ မောင်းတံလို သင်္ကေတတွေ ပြည့်နေပါတယ်။ လက်ပါ့ဒ်က ကလိုင်းရဲ့ ပွင့်လင်းတဲ့ စကားတွေကြောင့် စိတ်မဆိုးတဲ့အပြင် “ကျွန်တော် ပြပါ့မယ်” လို့ ချက်ချင်းပဲ ဆိုပါတယ်။
အဲဒီလိုပြောပြီးမှ သူက တစ်ခုခု သတိရသွားတဲ့ပုံနဲ့ နဖူးကို လက်နဲ့ ရိုက်လိုက်ပြီး “ကျွန်တော် မေ့တော့မလို့၊ ကျွန်တော့်ရဲ့ တီထွင်မှုကို ခိုးလို့မရအောင် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း သဘောတူညီချက် ဆိုတဲ့ စာချုပ်ကို ခင်ဗျား အရင်ဆုံး လက်မှတ်ထိုးရမယ်”
*”မစ္စတာ လက်ပါ့ဒ်က မှတ်ဉာဏ် လည်း သိပ်မကောင်းလှဘူးပဲ…”* လို့ တွေးရင်း ကလိုင်းက ပြုံးပြီး ပြောလိုက်ပါတယ်။ “ ပြဿနာ မရှိပါဘူး”
ရိုးရိုးရှင်းရှင်း စာချုပ်တစ်ခုမှာ လက်မှတ်ထိုးပြီးတော့ လက်ပါ့ဒ်က ကလိုင်းကို သူ့ရဲ့အလုပ်ရုံဆီ ခေါ်သွားလိုက်ပါတယ်။ အလုပ်ရုံက ဧည့်ခန်းနဲ့ မြေအောက်ခန်းကို ဖောက်ပြီး ပေါင်းထားတာမို့ အခန်းက အတော်လေး ကျယ်ပါတယ်။ ကြမ်းပြင်မှာ အပိုပစ္စည်းတွေ ပွထ ပြန့်ကျဲနေပြီး အခန်းအလယ်မှာတော့ လူတစ်ရပ်ခွဲနီးပါး မြင့်တဲ့၊ မြင်းလှည်းနဲ့ ဆင်တူတဲ့ အကြမ်းထည်ပုံစံ ပစ္စည်းကြီး တစ်ခု ရှိနေပါတယ်။ ဒါ့အပြင် လူခေါ်ဘဲလ် ကြိုးကိုလည်း အဲ့ဒီနေရာနဲ့ ချိတ်ထားပြီး ဉာဏ်ပြေးစွာ ဖန်တီးထားတာကို တွေ့ရပါတယ်။ တစ်စုံတစ်ယောက်က ကြိုးကို ဆွဲလိုက်ရင် စက်ထဲက သံမဏိဘောစိလေး တစ်လုံး ထွက်လာပြီး လမ်းကြောင်းအတိုင်း လိမ့်ဆင်းသွားကာ၊ အလယ်က ပစ္စည်းကို ရိုက်မိပြီး ‘ချောက်’ ခနဲ အသံမြည်စေတာပါ။
အသံက အရမ်းကြီး မကျယ်ပေမဲ့ စက်စ္စည်းတွေကြားမှာ အာရုံစိုက်နေတတ်တဲ့ လက်ပါ့ဒ်ကို အိမ်ရှေ့မှာ လူရောက်နေကြောင်း အသိပေးဖို့တော့ လုံလုံ လောက်လောက်ကျယ်ပါတယ်။
“ဒါက ခင်ဗျား တီထွင်ထားတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်အသစ်လား” ကလိုင်းက အခန်းအလယ်က ပစ္စည်းကြီးကို ညွှန်ပြပြီး မေးလိုက်ပါတယ်။
“ဟုတ်ကဲ့၊ ဒါကို ကျွန်တော် အင်ပါယာရိုဇယ်လ်ရဲ့ စိတ်ကူးယဉ်မှုတွေကို အခြေခံပြီး တီထွင်ထားတာပါ” သူ့ မျက်လုံးတွေက အရောင် တောက်နေပြီး စိတ်အားထက်သန်စွာ ပြန်ဖြေလိုက်ပါတယ်။
“အင်ပါယာ ရိုဇယ်လ်ရဲ့ စိတ်ကူးယဉ်မှု ” ကလိုင်းက ကလိုင်းက အံ့ဩပြီး ပြန်မေးလိုက်ပါတယ်။
လက်ပါ့ဒ်က ကြည်ညိုလေးစားတဲ့ လေသံနဲ့ ရှင်းပြပါတယ်။ “အင်ပါယာ ရိုဇယ်လ်ဟာ အနာဂတ်မှာ ပေါ်လာမယ့် စက်ကိရိယာတွေအကြောင်းကို သူစိတ်ကူးနဲ့ ဆွဲထားတဲ့ ပုံကြမ်းတွေပါတဲ့ လက်ရေးမူတွေ အများကြီး ချန်ထားခဲ့တယ်။ သူက ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်၊ မဟုတ်ဘူး... ဆရာသခင် တစ်ယောက်ပါပဲ။ သူစိတ်ကူးခဲ့တဲ့ အရာတော်တော်များများက အခုဆို လက်တွေ့ ဖြစ်လာနေပြီလေ။ ဟဲဟဲ... ဒီလက်ရေးမူတွေကို ယန္တရားနှင့် ရေနွေးငွေ့နတ်ဘုရား ဘုရားကျောင်းမှာ သိမ်းထားတယ်။ ဘုရားကျောင်းရဲ့ သာမန် ယုံကြည်ကိုးကွယ်သူလောက် ဆိုရင် လက်ရေးမူကို ငှားဖို့ မလွယ်ဘူးပေါ့”
*”... အင်ပါယာကြီးရာ... ခင်ဗျားကတော့ နောက်ထပ် ကမ္ဘာကူးလာမယ့် လူတွေအတွက် ဘာမှကို ချန်မထားခဲ့တော့ဘူးပဲ..”*.
ကလိုင်းရဲ့ နှုတ်ခမ်းတွေ တွန့်သွားပြီး ဆက်ပြုံးထားဖို့တောင် ခက်ခဲသွားပါတယ်။
“အသေးစိတ်လေး ရှင်းပြပါဦး” သူက စကားလမ်းကြောင်း လွှဲလိုက်ပါတယ်။
ကလိုင်းကို သတ္တုပစ္စည်းကြီးနား ခေါ်သွားပြီး လက်ပါ့ဒ်က တံခါးဖွင့်ပြတယ်။
“ဒါက မြင်းမလိုတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တစ်မျိုးပါ။ မောင်းသူက ရှေ့ဘယ်ဘက် ထိုင်ခုံမှာ ထိုင်ပြီး ခြေနင်းကို ဆက်တိုက် နင်းပေးလိုက်ရင် မောင်းတံတွေ ကွင်းဆက်ကြိုးတွေကနေတစ်ဆင့် ဆက်သွယ်ထားတဲ့ ဘီးလေးဘီးကို ယာဉ်ကို ရှေ့လိမ့်သွားစေပါလိမ့်မယ်။ဘီးတွေကိုလည်း သွားရတာ အဆင်ပြေအောင် လေဖြည့်ထားတဲ့ ရော်ဘာတွေကို တပ်ထားပါတယ်”
*”ဒါဆို ခြေနင်းပြီး သွားတဲ့ကားတစ်စီးပေါ့လေ..”*. လို့ ကလိုင်းက စိတ်ထဲကနေ မချင့်မရဲ ရေရွတ်လိုက်မိတယ်။
သူက သေသေချာချာ စဉ်းစားပြီး ပြောလိုက်တယ်။ “ဒီလောက်ကြီးတဲ့ ရထားလုံးကြီးကို ခရီးသည် အနည်းဆုံး လေးယောက်လောက် တင်ပြီး လူတစ်ယောက်ရဲ့အားသက်သက်နဲ့ ခရီးအဝေးကြီး သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး ထင်တယ်”
“ဒါက ကျွန်တော့်ရဲ့ နောက်ထပ် ရည်မှန်းချက်ပဲလေ။ အလေးချိန်ကို လျှော့မယ်။မောင်းတံရဲ့ အားကို အဆပေါင်းများစွာ မြှင့်မယ်။။ ဒါပေမဲ့ ကျွန်တော့် ငွေရေးကြေးရေး အခြေအနေက မကောင်းတော့ ထပ်စမ်းဖို့ မတတ်နိုင်တော့ဘူး” လက်ပါ့ဒ်က ကလိုင်းကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်လိုက်ပါတယ်။
“တခြား နည်းလမ်းတွေကိုရော ဘာလို့ မစဉ်းစားမိတာလဲ။ ဥပမာ... ရေနွေးငွေ့ကို မောင်းနှင်အားအဖြစ် သုံးတာမျိုးပေါ့” ကလိုင်းက စကားကို ဖြည်းဖြည်းချင်း ပြောလိုက်တယ်။
လက်ပါ့ဒ်က ခေါင်းခါပြီး “အဲဒါကို တီထွင်နေတဲ့သူတွေ ရှိပါတယ်။ ဒါပေမဲ့ ရထားလုံးကြီးက အရမ်းကြီးလွန်းတော့ လမ်းကျဉ်းတွေထဲမှာ မောင်းဖို့ ခက်တယ်လေ”
ဒါဟာ ကလိုင်း စောင့်နေတဲ့ အခွင့်အရေးပါပဲ။
“ဒါဆိုရင် ပိုပြီး ရိုးရှင်းတဲ့ ယာဥ်မျိုးကို ဘာလို့ မစဉ်းစားမိတာလဲ။ ဥပမာ... ရထားလုံးလို အကာကြီး မပါဘဲ လူတစ်ယောက်တည်း စီးလို့ရတဲ့ ဘီးနှစ်ဘီးတပ် ယာဉ်မျိုးပေါ့”
“ခင်ဗျား ပြောတာက စက်ဘီး လိုမျိုးလား” လက်ပါ့ဒ်က စဉ်းစားသလိုနဲ့ မေးလိုက်တယ်။
*”ရိုဇယ်လ်ရဲ့ လက်ရေးမူထဲမှာ အဲဒါလည်း ပါသေးတာလား... “*ကလိုင်းက ခေါင်းကို အလေးအနက် ညိတ်ပြီး “ဟုတ်တယ်” လို့ ဆိုလိုက်တယ်။
“တခြားလူတွေ တီထွင်ထားတဲ့ စက်ဘီးတွေက သိပ်လက်တွေ့မကျဘူး... ဒါကို ပိုရိုးရှင်းအောင် လုပ်မယ်ဆိုရင်တော့... ဖြစ်နိုင်ခြေ ရှိမယ် ထင်တယ်။ တကယ်ကို ထူးခြားသွားမှာပဲ။ ဒါပေမဲ့ ဘယ်သူက ဝယ်မှာလဲ” လက်ပါ့ဒ်က မိမိဘာသာ ရေရွတ်နေပါတယ်။
ကလိုင်းက လမ်းညွှန်ပေးဖို့ ဝန်မလေးပါဘူး။ “စာပို့သမားတွေ၊ စုထားတဲ့ ငွေလေး နည်းနည်းပါးပါးရှိတဲ့ အလုပ်သမား လူတန်းစားတွေ၊ ဂုဏ်ထက် ငွေကုန်သက်သာချင်တဲ့ စီးပွားရေးသမားတွေ... ဘက်ကလန်မှာ အဲဒီလိုလူတွေ အများကြီး ရှိတယ်”
လက်ပါ့ဒ်က ခဏစဉ်းစားပြီး ခေါင်းကို အသာညိတ်လိုက်တယ်။ “... ကျွန်တော် ကြိုးစားကြည့်လို့ ရပါတယ်။ ဒါပေမဲ့ အပိုပစ္စည်းတွေ ဝယ်ဖို့ ငွေမရှိဘူး...”
“ကျွန်တော် ရွှေပေါင် ၁၀၀ ရင်းနှီးမြှုပ်နှံပါ့မယ်။ အခု ကျွန်တော်ပေးတဲ့ အကြံဉာဏ်အပြင် အစုရှယ်ယာ စုစုပေါင်း...” ကလိုင်းက ၁၀ ရာခိုင်နှုန်းလို့ ပြောလိုက်ဖို့ ဝေခွဲမရ ဖြစ်နေပါတယ်။ ၁၅ ရာခိုင်နှုန်းဆိုရင် ပိုကောင်းမလား။ ပေါင်တစ်ရာဆိုတာ အတိအကျ ပြောရရင် သိပ်မများလှပေ။
“ခင်ဗျားကို အစုရှယ်ယာ ၃၅ ရာခိုင်နှုန်း ပေးပါ့မယ်။ ဒါပေမဲ့ ခင်ဗျား အခုပြောတဲ့ စက်ဘီး ဆိုတဲ့ ယာဉ်အတွက်ပဲနော်” လက်ပါ့ဒ်ဟာ ကလိုင်းဘက်က မတရားတောင်းလာမှာ စိုးလို့ သူက ဦးအောင် သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။
“သဘောတူတယ်” ကလိုင်းက ချက်ချင်းပဲ ရယ်လိုက်တော့တယ်။ “အရင်ဆုံး စာချုပ်တစ်ခု ရိုးရိုး အကြမ်းဖျင်း လက်မှတ်ထိုးပြီး ဒီကိစ္စကို အတည်ပြုကြမယ်လေ။ နောက်မှ ကျွန်တော် ရှေ့နေတစ်ယောက် ရှာပြီး တရားဝင် စာချုပ်ချုပ်မယ်၊ အသေးစိတ်တွေလည်း ထည့်မယ်။ ဥပမာ... တခြား ရင်းနှီးမြှုပ်နှံချင်တဲ့သူ ရှိလာရင် ကျွန်တော့်ရဲ့ သဘောတူညီချက်ကို အရင်ယူရမယ် ဆိုတာမျိုးပေါ့”
“ပြဿနာ မရှိပါဘူး” လက်ပါ့ဒ်က စိတ်မရှည်သလို ပြန်ဖြေလိုက်တယ်။ သူ အလိုချင်ဆုံးက အပိုပစ္စည်းတွေကို အမြန်ဆုံး ဝယ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။
...
မိုးဖွဲဖွဲလေးတွေကြောင့် ပတ်ဝန်းကျင်က မှိုင်းညို့နေပါတယ်။ ကလိုင်းက ချားဝုဒ်မြို့နယ်၊ မင့်စ်လမ်းကို ပြန်ရောက်လာပါပြီ။ သူက အိမ်ထဲကိုဝင်လိုက်ကာ ပထမထပ်က ရေချိုးခန်းကို တန်းတန်းမတ်မတ် သွားပြီးနောက် ဗိုက်ထဲ ရစ်နေတာတွေကို ဖြေရှင်းလိုက်ပါတယ်။
ဝေါခနဲ ရေဆင်းသံနဲ့အတူ ကလိုင်းက လက်ဆေးဖို့ ခန္ဓာကိုယ်ကို ဘေစင် ရှေ့မှာ ခေါင်းငုံ့လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ သူ့စိတ်ထဲမှာ ပုံရိပ်တစ်ခုဟာ ဝိုးတဝါး ပေါ်လာပါတယ်။ ဘေစင်ရှေ့က မှန်ထဲမှာ ငုံ့ထားတဲ့ သူ့ခေါင်း၊ မှိန်ပျပျ ပတ်ဝန်းကျင်နဲ့အတူ သူ့ဘေးနားမှာ ရှိနေတဲ့
မျက်လုံးတစ်စုံ ဟာ ကလိုင်းရဲ့ အာရုံထဲမှာ မထင်မရှား ထင်ဟပ်လာပါတယ်။
မျက်လုံးတစ်စုံ !