နောက်ကွယ်မှ ကြိုးကိုင်သူ
Vol. 23 Ch. 228
စိုးရိမ်စိတ်ရဲ့ ဗီဇအရ နှိုးဆော်ခြင်းခံလိုက်ရတဲ့ ကလိုင်းဟာ ဒူးကိုကွေး၊ ရေချိုးခန်းတံခါးဆီသို့ လျင်မြန်စွာ ဘေးတိုက်လိမ့်ထွက်လိုက်ပါတယ်။
"ရှူး" ခနဲ မြည်သံနဲ့အတူ အမည်းရောင် အမွှေးအတောင်အတံတွေ တပ်ထားတဲ့ မြားတိုလေးတစ်စင်းဟာ မျက်နှာသစ်တဲ့ ဘေစင်ပေါ်ကို စိုက်ဝင်သွားပါတော့တယ်။ မြားတိုက တိရစ္ဆာန်အရိုးနဲ့ လုပ်ထားပုံရပြီး အပြာရောင် အလင်းတန်းတွေနဲ့ တလက်လက် တောက်ပနေတာမလို့ ကြည့်ရတာ အလွန်လှနေပါတယ်။
အကယ်၍ ကလိုင်းသာ တစ်စက္ကန့်လောက် တုံ့ဆိုင်းသွားခဲ့ရင် ဒီလို ရုတ်တရက် ကျရောက်လာတဲ့ တိုက်ခိုက်မှုကနေ လွတ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပေ။
လိမ့်ထွက်သွားပြီးနောက် ကလိုင်းဟာ အိတ်ကပ်ထဲ ကို လက်နှိုက်ကာ တားရော့ကတ်တွေ ထုတ်ဖို့ ကြိုးစားလိုက်ပါတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ လေပြင်းတစ်ချက် ဝှေ့သွားသလို ခံစားလိုက်ရပြီး မျက်လုံးထောင့်ကနေ အနက်ရောင်ပုံရိပ်တစ်ခု ဟာ အရှိန်နဲ့ တိုးဝင်လာတာကို ကလိုင်း မြင်လိုက်ရပါတယ်။ အဲ့ဒီတိုးဝင်လာတဲ့လူဟာ ထူးဆန်းတဲ့ ကိုယ်နေဟန်ထားရှိပြီး ကလိုင်းရှေ့ကို ရောက်လာကာ ခြေထောက်နဲ့ အောက်ကနေ အထက်ကို အားကုန်လွှဲပြီး ကန်လိုက်ပါတယ်။
တိုက်ခိုက်မှုကို ရှောင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ကလိုင်းဟာ တားရော့ကတ်တွေကို ဆွဲမထုတ်နိုင်တော့ပဲ တံတောင်ဆစ်ကိုသုံးပြီး ကန်ချက်ကို ကာလိုက်ရပါတယ်။
"ဘုန်း" ခနဲ မြည်သံနဲ့အတူ ကလိုင်းရဲ့ ဘယ်ဘက်လက်မောင်း တစ်ခုလုံး ထုံကျင်သွားပြီး၊ သူ့ခန္ဓာကိုယ်ဟာလည်း စကွက်ရှ် ဘောလုံးလိုမျိုး လွင့်ထွက်သွားပါတော့တယ်။
*” တော်တော် ပြင်းတဲ့ကန်ချက်ပဲ... “*ကလိုင်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပေမဲ့ ပျာယာခတ်မသွားပါဘူး။ သူက လေထဲမှာတင် ဂျွမ်းဘားသမားတစ်ယောက်လိုမျိုး ခန္ဓာကိုယ်ကို လျင်မြန်စွာ ဟန်ချက်ထိန်းလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ သစ်ခေါက်ရောင် ပြောင်းမှုတ်တံတစ်ခုဟာ ရေချိုးခန်း ကြမ်းပြင်ပေါ် ကျသွားပြီး တံခါးအနောက်ကို တရွေ့ရွေ့နဲ့ လိမ့်သွားပါတယ်။
ကလိုင်းဟာ ခန္ဓာကိုယ်ကို ပြန်တည့်လိုက်ပြီး နောက်ဆက်တွဲ ရောက်လာမယ့် တိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားလိုက်ချိန်မှာပဲ သူ့စိတ်အာရုံထဲမှာ မြင်ကွင်းတစ်ခုဟာ ရုတ်တရက် ဖျတ်ခနဲ ပေါ်လာပါတယ်။
အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ ရန်သူရဲ့အရှိန်က သူထင်တာထက် အများကြီး ပိုမြန်နေပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ကလိုင်းရှေ့ကို ရောက်လာကာ ခန္ဓာကိုယ်ကို ထိုင်ချလိုက်ပြီး ရင်ဘတ်ကို အားကုန်ထိုးလိုက်ပါတယ်။ ကလိုင်းရဲ့ ခန္ဓာကိုယ်ဟာ ကွေးညွတ်သွားပြီး အကြိမ်ကြိမ် အပစ်ခံလိုက်ရတဲ့ ဘောလုံးလေးတစ်လုံးလို တစ်ပတ်လောက်လည်ထွက်သွားပြန်ပါတယ်။
"ဖတ်" ခနဲ မြည်သံနဲ့အတူ သူဟာ လက်တစ်ဖက်ကို မြေပြင်ပေါ် အားပြုထောက်လိုက်ပြီး ခေါင်းငုံ့ကာ ခြေထောက်နှစ်ဖက်ကို ကတ်ကြေးပုံစံ ဖြဲရင်း ထိုင်ချလိုက်ပါတယ်။ အဲဒီတော့မှ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသားရဲ့ လက်သီးချက်ဟာ လေထဲကိုပဲ ထိုးမိပြီး လွဲသွားပါတော့တယ်။
အစတုန်းက ရင်ဘတ်ကို ထိုးဖို့ ရည်ရွယ်ထားတဲ့ လက်သီးချက်ဟာ ကလိုင်းက ခန္ဓာကိုယ်ကို လှည့်လိုက်တာကြောင့် ခြေထောက်ကိုပဲ ထိသွားပေမယ့်၊ သူက ခြေထောက်ကို ဘေးကို ကားလိုက်တာမလို့ လက်သီးချက်နဲ့ လွတ်သွားတာ ဖြစ်ပါတယ်။ အဲဒီနောက် ကြမ်းပြင်ကို လက်နဲ့ အားပြုတွန်းကာ ခြေနှစ်ဖက်ကို ပြန်စု၊ ဘေးဘက်ကို လျင်မြန်စွာ ခုန်ထွက်ပြီး မတ်တပ် ပြန်ရပ်နိုင်ခဲ့ပါတယ်။
"ဝုန်း" ... ရန်သူကို အကဲခတ်ဖို့ အချိန်တောင် မရလိုက်ဘဲ အနက်ရောင်ပုံရိပ်ဟာ လေပြင်းတစ်ချက်နဲ့အတူ သူ့ရှေ့ကို နောက် တစ်ခါ ရောက်လာပြန်ပါတယ်။
*”ဘယ်လောက်တောင် မြန်တဲ့ တုံ့ပြန်မှုလဲ... “*
ကလိုင်းဟာ လက်နှစ်ဖက်ကို အမြန်မြှောက်ပြီး မျက်နှာကို ကာလိုက်ရပါတယ်။ ဝက်ဝံမည်းကြီးတစ်ကောင်နဲ့ တိုက်မိသလို ခံစားလိုက်ရပြီး ကြီးမားလှတဲ့ အရှိန်ကြောင့် နောက်ကို ယိုင်တီးယိုင်ထိုးနဲ့ ဆုတ်ခွာလိုက်ပါတယ်။ကာလိုက်တဲ့သူ့လက်မောင်းနှစ်ဖက်စလုံးလည်း ထုံကျင်သွားပါပြီ။
အဲဒီအခါမှ ကလိုင်းဟာ မိမိကို တိုက်ခိုက်နေသူက ဘယ်သူလဲဆိုတာ သေချာ မြင်လိုက်ပါတော့တယ်။ ညိုစိုစို အသားအရေ၊ ပိန်ပေမယ့် သန်မာတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ မျက်တွင်းဟောက်ပက် ဖြစ်နေတဲ့ တိုက်ခိုက်သူဟာ အခြားလူမဟုတ်ပါဘူး။ ဇီမာန်ဂျာဂိုဏ်းရဲ့ "လက်မရွံ" မာဆော့ ပါပဲ။ သူဟာ ဒီနေ့မနက်ကတင် စုံထောက် မိုရီယက်တီကို လာတွေ့ခဲ့ပါသေးတယ်။
"ဖတ်... ဖတ်... ဖတ်" မာဆော့ဟာ ရက်စက် ကြမ်းကြုတ်တဲ့ မျက်လုံးအစုံနဲ့ ကလိုင်းကို အကဲခတ်ကာ အနီးကပ် အဆက်မပြတ် လိုက်တိုက်ခိုက်နေပြီး လက်နှစ်ဖက်ကို အဆက်မပြတ် ဝှေ့ယမ်းကာ ဘယ်ဝိုက်၊ ညာဝိုက် လက်သီးတွေကို မိုးသီးမိုးပေါက်လို ရွာချကာ ထိုးကြိတ်ပါတောတ့ယ်။
ကလိုင်းနဲ့ ပြိုင်ဘက်တို့ကြားက ခွန်အားကွာခြားချက်က သိသာလွန်းတာကြောင့် ကလိုင်းဟာ ထိပ်တိုက်မရင်ဆိုင်ရဲဘဲ သူ့ရဲ့ ဖျတ်လတ်မှုနဲ့ ကြိုတင်သိမြင်နိုင်စွမ်းကိုပဲ အားကိုးပြီး လက်သီးတွေကို မနည်း ရှောင်တိမ်းနေရပါတယ်။
*”မဖြစ်သေးဘူး... ငါ့ရဲ့ အားသာချက်တွေကို အပြည့်အဝ သုံးမှ ဖြစ်မယ်.”*.. လို့ တွေးရင်း ကလိုင်းဟာ အနီးကပ် တိုက်ခိုက်နေစဉ်မှာပဲ ခန္ဓာကိုယ်ကို နှိမ့်ပြီး ဘေးဘက်ကို လိမ့်ထွက်လိုက်ပါတယ်။
"ဂျောက်" ခနဲ မြည်သံနဲ့အတူ ကုလားထိုင်တစ်လုံးဟာ မာဆော့ရဲ့ ကန်ချက်ကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေ ပျက်စီးသွားပါတော့တယ်။
ကလိုင်းဟာ လက်တစ်ဖက်ကို အားပြုပြီး ခါးကိုသုံးကာ မာဆော့ရဲ့ လက်သီးချက် ကန်ချက်တွေကို ရှောင်ကာ ဆက်တိုက် လိမ့်ထွက်နေရင်း တားရော့ကတ်တွေနဲ့ ကိုယ်တိုင်လုပ်ထားတဲ့ အဆောင်တွေကိုထုတ် သုံးဖို့ အခွင့်အရေး ရှာနေပါတယ်။ ဒါပေမဲ့ မာဆော့ကလည်း အရှိန်မလျော့ဘဲ ခြေလှမ်းကျဲကြီးတွေနဲ့ ထပ်ကြပ်မကွာ လိုက်ကန်နေပါတယ်။
သူဟာ လျင်မြန်တဲ့ ဝက်ဝံကြီးတစ်ကောင်လို အားနည်းချက် လုံးဝမရှိဘဲ ဘေးကို အမြန် လိမ့်ရှောင်နေတဲ့ ကလိုင်းကို အဆောင်တွေ ဒါမှမဟုတ် ကတ်တွေကို ထုတ်သုံးဖို့ အခွင့်အရေး လုံးဝ မပေးဘဲ ဆက်တိုက် တိုက်ခိုက်နေပါတယ်။
"ဂျောက်... ဘုန်း... ဝုန်း" ကုလားထိုင်တွေ ကျိုးပဲ့၊ စားပွဲတွေ မှောက်ခုံဖြစ်ကုန်ပြီး အဝတ်ချိတ်တိုင်လည်း လဲကျသွားပါတယ်။ ကလိုင်းဟာ အိမ် တစ်ပတ်နီးပါး ပတ်ပြေးနေခဲ့ပေမဲ့ အခြေအနေကတော့ တဖြည်းဖြည်း ပိုဆိုးလာနေပါတယ်။
*”ဒီအတိုင်း ဆက်သွားလို့ မရတော့ဘူး... “*သူဟာ တန်ပြန် တိုက်ခိုက်နိုင်မယ့် အခွင့်အရေးကို ရှာရင်း လိမ့်ရှောင်နေတုန်း မျက်လုံးထောင့်ကနေ ဧည့်ခန်းထဲက ကော်ဖီစားပွဲကို မြင်လိုက်ရတာကြောင့် အကြံတစ်ခု ရသွားပါတယ်။
"ဘုန်း" ... ကလိုင်းဟာ နာကျင်မှုကို အံတုကာ မာဆော့ရဲ့ ကန်ချက်ကို လက်တစ်ဖက်နဲ့ ကာရင်း ဧည့်ခန်းဆီကို နောက်ပြန် ခုန်ဆုတ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ မာဆော့ရဲ့ ခြေထောက်ကြွက်သားတွေဟာ လေမှုတ်သွင်းထားသလို ရုတ်တရက် ဖောင်းကားလာပါတော့တယ်။
"ဝုန်း" ... သူက ကြမ်းပြင်ကို အားကုန်နင်းလိုက်ရာ တစ်အိမ်လုံး တုန်သွားသလို ခံစားလိုက်ရပြီး ကျည်ဆန်တစ်တောင့်လို ကလိုင်းဆီသို့ ဝုန်းကနဲ ပြေးဝင်လာကာ ခြေတစ်ဖက်နဲ့ ကလိုင်းကို အားကုန် ကန်ထည့်လိုက်ပါတယ်။
ကလိုင်းဟာ ကန်ချက်ကို ခဏပဲ တောင့်ခံနိုင်ပြီး နောက်ကို လွင့်ထွက်သွားကာ ကော်ဖီစားပွဲနဲ့ တိုက်မိပါတော့တယ်။ ကြွေထည် လက်ဖက်ရည်အိုးတွေဟာ ဗီရိုဆီ လွင့်စင်သွားပြီး ဖောင်တိန်တွေ၊ စာချုပ်မူကြမ်းတွေနဲ့ သတင်းစာတွေလည်း ကြမ်းပြင်ပေါ်မှာ ပရမ်းပတာ ပွထ ပြန့်ကျဲသွားပါတယ်။
အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ စုံထောက် ကြီး ရှားလော့ ဟာ ဒဏ်ရာကြောင့် ချက်ချင်း ပြန်မထနိုင်တာကို မာဆော့က မြင်လိုက်ရပါတယ်။ မာဆော့ရဲ့ မျက်လုံးထဲမှာ ရက်စက်တဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။ သူဟာ ကြွေထည်အပိုင်းအစတွေကြားကနေ ရှေ့ကို လမ်းလျှောက်လာပြီး ကလိုင်းကို ဒူးနဲ့ အားကုန် တိုက်လိုက်ပါတယ်။ အဲဒီမြင်ကွင်းကို ကြည့်ရင်း ကလိုင်းရဲ့ မျက်ဝန်းတွေ မှောင်သွားပေမဲ့ သူ့လက်ထဲမှာတော့ စာချုပ်မူကြမ်းတစ်ခုကို ဆုပ်ကိုင်ထားပါတယ်။
သူဟာ ကြိုတင်သိမြင်နိုင်စွမ်းကပေးတဲ့ အန္တရာယ် သတိပေးချက်တွေကိုတောင် လျစ်လျူရှုပြီး ဧည့်ခန်းက ကော်ဖီစားပွဲဆီ ပြေးဝင်လာခဲ့တာဟာ စာချုပ်မူကြမ်း ဒါမှမဟုတ် သတင်းစာတစ်စောင်ကို ယူဖို့အတွက်ပဲ ဖြစ်ပါတယ်။
မာဆော့ရဲ့ ဒူးတိုက်ချက် သူ့ဆီ တိုးဝင်လာတာကို မြင်လိုက်ရတဲ့အခါ ကလိုင်းရဲ့ လက်ကောက်ဝတ်ဟာ သိသိသာသာ လှုပ်ရှားသွားပါတယ်။ အဲဒီအချိန်မှာပဲ သူ့စိတ်အာရုံထဲမှာ မာဆော့ရဲ့ လည်ပင်းဟာ နောက်ကို လိမ်ထွက်သွားတဲ့ မြင်ကွင်းတစ်ခု ထပ်ပေါ်လာပြန်ပါတယ်။
"ရှူး" ... ကလိုင်းဟာ လက်ကောက်ဝတ်ကို အသာအယာ ဖိနှိပ်ကာ လက်ထဲက စာချုပ်မူကြမ်းကို ခါလိုက်ပါတယ်။ အဲဒီစာချုပ်ဟာ မာဆော့ရဲ့ လည်ပင်းဆီသို့ သံမဏိနဲ့ လုပ်ထားတဲ့ မြားတိုတစ်စင်းလိုအရှိန်အဟုန်နဲ့ တိုးဝင်သွားပါတော့တယ်။ အဲဒီအချိန်မှာသူတို့နှစ်ဦးကြားက အကွာအဝေးဟာ တစ်မီတာတောင် မရှိတော့တဲ့အပြင် မာဆော့ကလည်း ပိုပြီး နီးကပ်အောင် တိုးဝင်လာတာမလို့ အကွာအဝေးက တဖြည်းဖြည်း ပိုတောင်ကျုံ့လာပါတယ်။
မာဆော့ရဲ့ မျက်လုံးထဲမှာ အဖြူရောင် အရာဝတ္ထုတစ်ခုကို ရိပ်ခနဲ မြင်လိုက်ရတဲ့အတွက် အလိုအလျောက် နောက်ကို ခုန်ဆုတ်ပြီး ရှောင်ဖို့ ကြိုးစားလိုက်ပေမဲ့ မမီတော့ပါဘူး။
"အုခ်..."
စာချုပ်မူကြမ်းဟာ မာဆော့ရဲ့ လည်ပင်းကို တည့်တည့်မတ်မတ် ဖောက်ထွက်သွားပြီး လေပြွန်ကိုပါ ထိုးစိုက်မိသွားပါတော့တယ်။
တပွက်ပွက်ထနေတဲ့ သွေးစက်တွေဟာ ဒလဟော စီးကျလာပြီး ကလိုင်းရဲ့ ရှေ့မှာတင် မာဆော့ရဲ့ဒူးနှစ်ဖက်ဟာ ကြမ်းပြင်ပေါ် ကို အရှိန်နဲ့ လဲကျသွားပါတယ်။
"ဟတ်... ဟတ်... ဟတ်..."
သူဟာ သွေးချင်းချင်းနီနေတဲ့ စာချုပ်မူကြမ်းကို ဆွဲထုတ်ပြီး လည်ပင်းကို အုပ်ကိုင်ထားပေမဲ့ ဒဏ်ရာက လုံးဝ သွေးမတိတ်
တော့ပါဘူး။ သူ့ရဲ့ မျက်ဝန်းတွေဟာလည်း တဖြည်းဖြည်း ဝေဝါးလာပါတော့တယ်။ နောက်ဆုံးမှာတော့ သူ့ခန္ဓာကိုယ်ဟာ အနည်းငယ် တွန့်လိမ်သွားပြီး လှုပ်ရှားမှုအားလုံး ရပ်တန့်သွားပါတော့တယ်။
ကလိုင်းဟာ ခေတ္တ အမောဖြေပြီးမှ အားယူပြီး ပြန်မတ်တတ်ရပ်နိုင်ပါတော့တယ်။ သူ့လက်ချောင်းကြားမှာတော့ တားရော့ကတ်အချို့ကို ညှပ်လျက် ကိုင်ထားပြီး နောက်ထပ်ပေါ်လာနိုင်တဲ့ တန်ပြန်တိုက်ခိုက်မှုတွေနဲ့ အခြားရန်သူတွေ ရှိလား၊ မရှိမလား ဆိုတာကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေပါတယ်။
စိတ်ဝိညာဉ်အမြင်ကို ဖွင့်ပြီး တိုက်ခိုက်သူ သေသွားပြီဆိုတာ အတည်ပြုပြီးနောက် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်ရာ အခြား ဘာအရိပ်အရောင်မှ မတွေ့ရတော့ပါဘူး။ အဲဒီတော့မှ ကလိုင်းလည်း စိတ်ကို အနည်းငယ် လျှော့နိုင်ပါတော့တယ်။ ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ ဝင်ပေါက်တစ်ခုလုံးဟာ ပရမ်းပတာ ဖြစ်နေပြီး ကုလားထိုင်နှစ်လုံးက ကျိုးပဲ့၊ ကော်ဖီစားပွဲကလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်နေပါပြီ။ ကြွေထည်အပိုင်းအစတွေကလည်း ကြမ်းပြင်အနှံ့ ပြန့်ကျဲနေပါတယ်။
သူ့ရဲ့ အင်္ကျီလက်တွေ စုတ်ပြဲသွားပြီး ဖုန်တွေ အလိမ်းလိမ်းထကာ ပေကျံနေတာကို ကြည့်ရင်း ကလိုင်းက "ဒါကိုတော့ ထင်းဂန်မှာတုန်းကလို ရုံးကို အသုံးစရိတ် ပြန်တောင်းလို့ ရမှာ မဟုတ်ဘူး." လို့ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို တိုးတိုးလေး ရေရွတ်လိုက်မိပါတယ်။
"ဟားဟား... ဟားဟားဟား... ဟားဟားဟား..."
သူဟာ တစ်သက်လုံး ရယ်စရာအကောင်းဆုံး ကိစ္စနဲ့ ကြုံလိုက်ရသလိုမျိုး အားရပါးရ ရယ်မောနေပါတော့တယ်။ သူ့ရဲ့ ရယ်သံတွေဟာ တစ်အိမ်လုံး ဟိန်းထွက်နေပြီး ခန္ဓာကိုယ်ဟာလည်း ရှေ့တိုးနောက်ငင် ဖြစ်နေပါတယ်။
ခဏအကြာမှာတော့ ရယ်သံတွေ ရပ်သွားပြီး ကလိုင်းက ခပ်တည်တည် မျက်နှာထားနဲ့ အလောင်းနားကို လျှောက်သွားလိုက်ပါတယ်။ သူဟာ သေသူကို စကားပြောခိုင်းဖို့ စီစဉ်ပါတော့တယ်။
စိတ်ဝိညာဉ် ဆက်သွယ်ခြင်း အစီအရင်ကို ကျွမ်းကျင်စွာ ပြင်ဆင်ပြီးနောက် လန်းဆန်းစေတဲ့ ရနံ့ကို ရှူရှိုက်ကာ "မာဆော့ကို တာဝန် ပေးလိုက်တဲ့ နောက်ကွယ်က ကြိုးကိုင်သူ" လို့ တိုးတိုးလေး ရေရွတ်ပြီး အိမ်မက်နိမိတ်ဖတ်ခြင်းကို စတင်လိုက်ပါတယ်။
မကြာခင်မှာပဲ သူ့မျက်လုံးတွေဟာ မဲမှောင်သွားပြီး အိမ်မက်ထဲကို ရောက်သွားရာ
မီးခိုးရောင် မြူခိုးတွေ ဖုံးလွှမ်းနေတာကို တွေ့လိုက်ရပါတယ်။ ရုတ်တရက်ဆိုသလို အဲဒီမီးခိုးရောင် ကမ္ဘာနဲ့ ပုံရိပ်တွေဟာ ပြောင်းလဲသွားပြီး သူ့ရှေ့မှာ မြင်ကွင်းတွေ ပေါ်လာပါတယ်။
မာဆော့ရဲ့ ရှေ့မှာ ဦးထုပ်မပါတဲ့ လူလတ်ပိုင်း အမျိုးသားတစ်ဦး ရှိနေပါတယ်။ သူ့ရဲ့ အဖြူရောင် ရှပ်အင်္ကျီမှာ အထပ်ထပ် အလွှာလွှာရှိသော ပန်းပွင့်ပုံစံ ကော်လံနဲ့ လက်မောင်းစွပ်တွေ ပါတာမို့ တော်တော်လေးကို ခန့်ညားလှပါတယ်။ ကြပ်ထုတ်နေတဲ့ အနက်ရောင် အပေါ်ထပ် အင်္ကျီ၊ ဘောင်းဘီခပ်ကြပ်ကြပ်နဲ့ တွဲဖက်ဝတ်ထားတာကြောင့် အနည်းငယ် ကြွား လွန်းတယ်လို့ ထင်ရပေမဲ့၊ ထိုသူဟာ အညိုရောင် ဆံပင်၊ မျက်လုံးပြာပြာတွေနဲ့ ရုပ်ဖြောင့်တဲ့ လူကြီးလူကောင်းတစ်ယောက် ဖြစ်ပါတယ်။
သူက မာဆော့ကို ကြည့်ပြီး လေးနက်တဲ့ အသံနဲ့ "မင်း ဘာပဲလုပ်လုပ် အီရန်ရိုက်ကို အသက်ရှင်လျက် ရှာခဲ့။ တကယ်လို့ သူ သေသွားရင်တောင် တစ်နာရီအတွင်း၊ ဖြစ်နိုင်ရင် ၁၅ မိနစ်အတွင်း ငါ့ဆီ ယူလာခဲ့" လို့ အမိန့်ပေးနေပါတယ်။
"ဟုတ်ကဲ့ပါ... သံအမတ်ကြီး" မာဆော့ဟာ သူ့ရဲ့ ရိုင်းစိုင်းကာ ပုန်ကုန်လိုတဲ့ ဗီဇကို မဖုံးကွယ်ထားပေမဲ့ ရိုကျိုးစွာနဲ့ ခေါင်းကိုတော့ ငုံ့ထားဆဲပါ။
အဲဒီမြင်ကွင်းဟာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ကလိုင်းက မျက်မှောင်ကြုတ်လိုက်မိပါတယ်။
*”သံအမတ်ကြီး ဟုတ်လား...။
ဒီကိစ္စက အခြားနိုင်ငံတွေနဲ့ပါ ပတ်သက်နေတာလား။ အင်္ကျီပုံစံကို ကြည့်ရရင် အဲဒီသံအမတ်ဟာ ဘက်ကလန်မှာရှိတဲ့ အင်းတစ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သံအမတ်ကြီး ဖြစ်နိုင်တယ်။ အီရန်က ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ပဲ ရှိသေးတာကို...။
အဲ့ဒီလူကြီးဟာ သေသွားတဲ့ ဝိညာဉ်နဲ့ ဆက်သွယ်နိုင်တဲ့ စိတ်ဝိညာဥ် ဆက်သွယ်ခြင်းအစီအရင်ကို လုပ်တတ်တဲ့သူ ဖြစ်ရမယ်၊ ဒါမှမဟုတ်ရင်လည်း သူ့နားမှာ အဲဒီလို လုပ်နိုင်တဲ့သူ တစ်ယောက်ယောက် ရှိနေလိမ့်မယ်။အဲ့တာကြောင့်သူက အီရန် သေသွားရင်တောင် အချိန်တစ်ခုအတွင်းမှာ အလောင်းကို ရအောင်သယ်လာဖို့ ပြောနေတာ”* ကလိုင်းက ခေတ္တမျှ စဉ်းစားပြီးနောက် အိမ်မက်နိမိတ်ဖတ်ဖို့ နောက်ထပ် စာကြောင်းတစ်ကြောင်းကို ထပ်ပြီး ရေရွတ်လိုက်ပါတယ်။
"အီရန်ရိုက်ကို ရှာရတဲ့ အကြောင်းရင်း"
မီးခိုးရောင် မြူခိုးတွေ ဖုံးနေတဲ့ အိမ်မက်ထဲမှာ ကလိုင်းဟာ စောစောက လူကြီးလူကောင်းကို ထပ်တွေ့ရပြန်ပါတယ်။
သူက မာဆော့ကို စိုက်ကြည့်ပြီး "မင်းအနေနဲ့ ငါဘာလို့ ခိုင်းတာလဲဆိုတဲ့ အကြောင်းကို သိဖို့ မလိုဘူး။ ငါ့ညွှန်ကြားချက်အတိုင်းသာ လုပ်။ ငါ မင်းကို ဆုံမှတ် ဆေးရည်နဲ့ ငွေကြေးတွေ ပေးပြီး ဇီမာန်ဂျာဂိုဏ်းရဲ့ နောက်ကွယ်က အာဏာရှင် ဖြစ်အောင် ဖန်တီးပေးခဲ့တာဟာ ငါ့ကို ဒီလို ပြန်မေးခွန်းထုတ်ဖို့ မဟုတ်ဘူး၊ အလုပ်လုပ်ဖို့ပဲ။ အေး... မင်း သိထားဖို့က အီရန်ရိုက်က အလွန်အရေးကြီးတဲ့ ပစ္စည်းတစ်ခုနဲ့ ပတ်သက်နေတယ် ဆိုတာပဲ" လို့ ခပ်တိုးတိုး ပြောလိုက်ပါတယ်။
မြင်ကွင်းတွေ ပျောက်သွားတာနဲ့ ကလိုင်းဟာ အိမ်မက်ထဲကနေ ပြန်နိုးလာပါတယ်။
*”အလွန်အရေးကြီးတဲ့ ပစ္စည်းတစ်ခု... အီရန်... အဲဒါက ဘာများ ဖြစ်မလဲ…”*
“*ဆုံမှတ်ဆေးရည်... ဒါဆို မာဆော့က တကယ်တော့ သာလွန်သူ တစ်ယောက်ပေါ့။ သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေက ဘာလို့ ဒီလောက် အစွမ်းထက်ပြီး ကြောက်စရာကောင်းနေရတာလဲ ဆိုတာ အံ့သြစရာ မရှိတော့ပါဘူး။ သူက ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့ သာလွန်သူ တစ်ယောက် ဖြစ်ရမယ်…”*
ဒီလို တွေးနေတုန်းမှာပဲ ကလိုင်းဟာ အလွန်အမင်း မောပန်းလာတာကို ခံစားလိုက်ရပါတယ်။ မိမိကိုယ်တိုင်ဆုတောင်းပြီး ကိုယ်တိုင် ကပြန်ဖြေ ရတာဟာ စိတ်ဝိညာဉ်အစွမ်းကို အတော်လေး ကုန်ခမ်းစေပုံရပါတယ်။ စိတ်ဝိညာဉ် ဆက်သွယ်ခြင်း အစီအရင်ဟာ အရင်ကလို ပြန်ကောင်းလာဖို့ဆိုရင် ကလိုင်းက ဆုံမှတ် ၇ အဆင့်ကို ရောက်မှပဲ ဖြစ်နိုင်ပါလိမ့်မယ်။
အစီအရင်ကို အဆုံးသတ်ပြီး စိတ်ဝိညာဉ်နံရံကို ဖယ်ရှားလိုက်ပြီးနောက် ကလိုင်းဟာ မာဆော့ရဲ့ အလောင်းကို အချိန်အတော်ကြာအောင် သေသေချာချာ စောင့်ကြည့်နေမိပါတယ်။ နောက်ဆုံးမှာတော့ ရန်သူရဲ့ လည်ပင်းဒဏ်ရာကနေ တောက်ပတဲ့ အလင်းစက်တွေ စုစည်းလာတာကို တွေ့လိုက်ရပြီး တဖြည်းဖြည်းနဲ့ အတုံး တစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်။
ကလိုင်းက အဲဒီအရာကို ဂရုတစိုက် ဆွဲထုတ်လိုက်ရာမှာ ဂျယ်လီတုံးနဲ့တူတဲ့ အနီရောင်ရင့်ရင့် အရာဝတ္ထုတစ်ခု ဖြစ်နေပါတယ်။
*”ဒါက မာဆော့ ချန်ခဲ့တဲ့ သာလွန်သူ ဝိသေသလက္ခဏာ အကြွင်းအကျန်လား။ ဘယ်လို ဆုံမှတ် ဆေးရည် အမျိုးအစားလဲ ဆိုတာကိုတော့ မီးခိုးရောင် မြူခိုးထက်က ကမ္ဘာမှာ နိမိတ်ဖတ်ကြည့်ရင် အဖြေရမှာ။ သီအိုရီအရတော့ ဆုံမှတ်နိမ့် သာလွန်သူတွေရဲ့ ဝိသေသလက္ခဏာ အကြွင်းအကျန်တွေကို တိုက်ရိုက်စားလိုက်ရင် နောက်ထပ် အကူပါဝင်ပစ္စည်းတွေ မလိုဘဲနဲ့တောင် သက်ဆိုင်ရာ စွမ်းအားတွေ ရနိုင်တယ်။ ဒါပေမဲ့ အဲဒီ အကြွင်းအကျန်တွေကို ဒီအတိုင်း စားလိုက်ရင်တော့ စိတ်လွတ်ပြီး ချက်ချင်း ရူးသွားနိုင်တယ်..”*
ကလိုင်းရဲ့ အတွေးတွေဟာ ဟိုရောက် သည်ရောက် ပြန့်နေပြီးမှ မိမိကိုယ်ကိုယ် ပြန်ထိန်းလိုက်ရပါတယ်။ ယခုအခါ သူ့ရှေ့မှာ အလောင်းတစ်လောင်း ရှိနေပါပြီ။ နောက်ထပ် ဘာဆက်လုပ်ရမလဲ ဆိုတာကို တွေးရင်း သူ ခေါင်းခဲနေပါတော့တယ်။