အခန်း (၅၇၉)
Vol. 58 Ch. 579
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၇၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ယခုအချိန်၌ လီကျန့်မှာ ရူးသွပ်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။ လီမိသားစု၏ စစ်သည် ၃ သိန်း နီးပါး သေဆုံးသွားသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဖခင်ဖြစ်သူ၏ ဘုရင်တစ်ပါး ဂုဏ်သိက္ခာကိုသာ ပို၍ ဂရုစိုက်နေလေသည်။
“ခမည်းတော်... တုပိုင်ကို သတ်လိုက်ပါ... တုပိုင်ကို သတ်ပစ်လိုက်ပါ”
လီကျန့်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ လည်ပင်းကို နီရှန်နတ်မိမယ်၏ ဓားသွားဆီသို့ အရှိန်ပြင်းစွာ တိုးဝင်လိုက်လေသည်။
သူက သေလမ်းကို ရှာနေခြင်း ဖြစ်၏။ နီရှန်နတ်မိမယ်က သူ့ကို ဓားစာခံလုပ်ပြီး ဖခင်ဖြစ်သူ လီရူဟိုင်ကို ခြိမ်းခြောက်နေသည်ကို ကြည့်မနေနိုင်ဘဲ အသေခံလိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အိမ်ရှေ့စံမင်းသား လီကျန့်သည် တုပိုင် ထင်မှတ်ထားသည်နှင့် ကွာခြားနေသည်။ သူသည် ရည်မှန်းချက်ကြီးသူ ဖြစ်သော်လည်း လီယန် ၊ လီရူဟုတို့နှင့် မတူဘဲ အလွန်မာနကြီးသူ ဖြစ်သည်။
လီရူဟိုင်က သူ့ကို အဘယ်ကြောင့် ဤမျှလောက် မျက်နှာသာပေးရသနည်း ဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ နီရှန်နတ်မိမယ်က လက်တစ်ဖက်ဖြင့် အိမ်ရှေ့စံမင်းသား လီကျန့်၏ ခေါင်းကို ဖွဖွလေး ရိုက်လိုက်သည်။
ချက်ချင်းပင် လီကျန့်၏ မျက်လုံးများ ပြာဝေသွားပြီး သတိလစ် မေ့မြောသွားတော့သည်။ တာ့ယန်ဘုရင် လီရူဟိုင်သည် အံကိုကြိတ်လိုက်ပြီး မီးတောက်များကြားမှ တုပိုင်ကို တစ်လှည့် ၊ နီရှန်နတ်မိမယ် ဖမ်းချုပ်ထားသော အိမ်ရှေ့စံမင်းသား လီကျန့်ကို တစ်လှည့် ကြည့်လိုက်သည်။
“ဝေါင်းးး” ရုတ်တရက် ဟိန်းဟောက်သံနှင့်အတူ သူသည် မြေပြင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေကြီးပေါ်၌ ကြီးမားသော တွင်းကြီးတစ်တွင်း ဖြစ်ပေါ်လာပြီး ထိုတွင်းကြီး၏ ဘေးပတ်လည်ရှိ မြေသားများလည်း တဆက်ဆက် အက်ကွဲသွားကြသည်။
ဤလူ၏ သိုင်းပညာသည် အလွန်အစွမ်းထက်လှပြီး ကောင်းကင်ဘုံကိုပင် အာခံနိုင်နေပြီဖြစ်၏။
မကြာမီ လီရူဟိုင် စိတ်ပြန်ငြိမ်သွားပြီး သူ့ဘေးနားရှိ အမြောက်ဆံများထည့်သော သစ်သားသေတ္တာကြီးတစ်လုံးကို ဆွဲယူလိုက်သည်။
ထို့နောက် လီတောက်ယွဲ့ကို ထိုသေတ္တာထဲသို့ ထည့်လိုက်ပြီး ပခုံးပေါ် ထမ်းလိုက်၏။
“တုပိုင်... မင်းနဲ့ လီတောက်ယွဲ့နဲ့ ဘယ်လိုပတ်သက်လဲဆိုတာ ငါမသိပေမဲ့ သူက မင်းအတွက် အသက်ပေးရဲတယ်ဆိုတော့ ပတ်သက်မှုက တော်တော်လေး နက်ရှိုင်းပုံရတယ်”
လီရူဟိုင်က အေးစက်စွာ ပြောလိုက်သည်။ “မင်း ငါ့ကို အမြစ်ပြတ် သုတ်သင်ချင်တယ်မလား။ တာ့ယန်နန်းတော်မှာ မင်းကို ငါ စောင့်နေမယ်။ နန်းတော်ထဲမှာ မင်းကို ငါ စောင့်နေမယ်”
“မင်းကို ငါ ၅ ရက် အချိန်ပေးမယ်”
“ဒီ ၅ ရက်အတွင်း လီတောက်ယွဲ့ကို ငါ လက်ဖျားနဲ့တောင် မထိဘူးလို့ ကတိပေးတယ်။ ပြီးတော့ ငါ့မိန်းမကို သူ့ရဲ့ ဒဏ်ရာတွေ ကုပေးခိုင်းထားမယ်”
“၅ ရက်အတွင်း မင်း အိမ်ရှေ့စံမင်းသား လီကျန့်ကို ခေါ်ပြီး နန်းတော်ကို လာခဲ့။ မင်းနဲ့ငါ အဲဒီမှာ အပြီးသတ် စာရင်းရှင်းကြမယ်”
“အကယ်၍ မင်း မလာခဲ့ဘူးဆိုရင်တော့ စိတ်မကောင်းစရာပဲ။ လီတောက်ယွဲ့က ငါ့ရဲ့ အိမ်မက်ချစ်သူ ဖြစ်ခဲ့ဖူးတာဆိုတော့ သူ ဘာဖြစ်သွားမလဲဆိုတာ မင်းသိမှာပါ။ ပြီးတော့ သူက ငါ့ရဲ့ ဆရာသခင်လေ။ သူက ဒီလောက်တောင် လှပပြီး ပြိုင်ဘက်ကင်းနေတာဆိုတော့... ငါ့အပိုင်ပဲ ဖြစ်ရမှာပေါ့”
ထို့နောက် ချက်ချင်းဆိုသလို လီရူဟိုင်သည် သစ်သားသေတ္တာကို ထမ်းလျက် ရှေ့သို့ ခုန်ပျံလိုက်ပြီး တုပိုင်၏ မျက်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။ သူ၏ ပုံရိပ်သည် တဖြည်းဖြည်း ဝေးကွာသွားပြီး ခဏအကြာတွင် အမြင်အာရုံထဲမှ လုံးဝ ပျောက်ကွယ်သွားလေသည်။
‘သောက်ကျိုးနည်း... ဒီသိုင်းလောကကြီးက တော်တော်ကို ကျိန်စာသင့်စရာ ကောင်းတာပဲ’
‘လူတစ်ယောက်ရဲ့ သိုင်းပညာက ဒီအဆင့်ထိ ရောက်နိုင်တယ်တဲ့လား။ သူက လူသောင်းချီကို မသတ်နိုင်ပေမဲ့ လူသောင်းချီကလည်း သူ့ကို တားဆီးထားလို့ မရနိုင်ပါလား’
**--**--**--**--**--**--**--**
“တုပိုင်... ရှင် အခုချက်ချင်း ကျွန်မနဲ့အတူ ပေမင်ဓားဂိုဏ်းကို လိုက်ခဲ့ရမယ်”
နီရှန်နတ်မိမယ်က ပြောလိုက်သည်။
“ကျွန်မက ရှင့်ဘက်က ရပ်တည်ပေးထားပေမဲ့ အကြီးအကဲများကောင်စီက ရှင့်ကို သတ်ချင်နေတဲ့ အင်အားစုတွေကို ကျွန်မ တားဆီးလို့ မရတော့ဘူး”
တုပိုင်က ဒေါသတကြီး ပြောလိုက်သည်။
“ငါ ပြောပြီးသားပဲ... ပေမင်ဓားဂိုဏ်းကို ငါ လိုက်ခဲ့မယ်။ ဒါပေမဲ့ အခုတော့ လုံးဝ မဖြစ်နိုင်ဘူး။ မင်းလည်း မြင်တဲ့အတိုင်းပဲ လီတောက်ယွဲ့ကို လီရူဟိုင် ဖမ်းသွားပြီ။ သူက ငါ့ကို ကယ်ဖို့အတွက် အန္တရာယ်ကြားထဲ ဝင်သွားခဲ့တာ။ ငါ သူ့ကို ပြန်ကယ်ရမယ်။ ပြီးတော့ လီရူဟိုင် ရှိနေသေးတယ် ၊ တာ့ယန်နန်းတော်ကြီး ရှိနေသေးတယ် ၊ လီမိသားစု အမြစ်မပြတ်သေးဘူး။ ဒီအခြေအနေမှာ ငါက ဘယ်လိုလုပ် မင်းနဲ့အတူ ပေမင်ဓားဂိုဏ်းကို လိုက်ခဲ့နိုင်မှာလဲ”
နီရှန်နတ်မိမယ်က ပြောလိုက်သည်။ “သေမျိုးကိစ္စတွေက...”
“ငါ့ကို သေမျိုးကိစ္စတွေ ၊ လောကုတ္တရာကိစ္စတွေ လာမပြောနဲ့... ငါက သေမျိုးပဲ” တုပိုင်က အသံနက်ကြီးဖြင့် ဒေါသတကြီး ပြောလိုက်သည်။
နီရှန်နတ်မိမယ် တိတ်ဆိတ်သွား၏။ တုပိုင်သည် ယခုအခါ သေရေးရှင်ရေး ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရမည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
တစ်ဖက်တွင် ပိုင်ဆယ်မြို့မှ ပျံလွှားစာ ပေးပို့လာသည်။ ဖန်းမိသားစု၏ ပင်လယ်ရပ်ခြားအင်ပါယာ စစ်တပ်သည် ရွှမ်ချန်နယ်စားမင်း၏ စစ်တပ်နှင့် ပူးပေါင်းသွားပြီ ဖြစ်ကြောင်း သတင်းရရှိထား၏။ သူသည် ပိုင်ဆယ်မြို့ကို ကယ်တင်ရန် စစ်တပ်ကို ဦးဆောင်သွားရမည်။ မဟုတ်ပါက ပိုင်ဆယ်မြို့ကြီးသည် အမှန်တကယ် ကျဆုံးသွားပေလိမ့်မည်။
အခြားတစ်ဖက်တွင် လီရူဟိုင်သည် လီတောက်ယွဲ့ကို ဖမ်းသွားပြီး သူ့ကို ၅ ရက်သာ အချိန်ပေးထားသည်။ အကယ်၍ တုပိုင်သာ ၅ ရက်အတွင်း တာ့ယန်နန်းတော်သို့ မရောက်ရှိပါက လီတောက်ယွဲ့ ကံဆိုးမိုးမှောင်ကျသွားမည် ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းစွမ်းအားများကို လီရူဟိုင် ဝါးမြိုသွားမည်ဖြစ်ပြီး သူမသည်လည်း လီရူဟိုင်၏ အရုပ်တစ်ခု ဖြစ်သွားပေလိမ့်မည်။
တုပိုင်အတွက် အချိန်မရှိတော့ပေ။ သူ ချက်ချင်း ဆုံးဖြတ်ချက် ချရတော့မည်။ လီရူဟိုင်၏ လက်ဝါးနှစ်ချက် ရိုက်ချက်အရှိန်သည် အလွန်ပြင်းထန်လှသည်။ ပြိုင်ဘက်ကင်းရဲတိုက်မှ သိုင်းပညာရှင်များနှင့် မီးနတ်ဘုရား သိုင်းပညာရှင် ရာပေါင်းများစွာ မသေဆုံးကြသော်လည်း အများစုမှာ သတိလစ် မေ့မြောနေကြသည်။ ကျီပြောင်ပြောင် အပါအဝင် ဖြစ်လေသည်။
ယခုအချိန်တွင် ဖူဟုန်ပင်းက သူ့ဘယ်ဘက်တွင် ထိုင်နေပြီး နီရှန်နတ်မိမယ်က သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ တုပိုင် မျက်လုံးများကို မှိတ်ထားပြီး နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်နေသည်။
၁၅ မိနစ်ခန့် ကြာသောအခါ တုပိုင် မျက်လုံးများကို ဖွင့်လိုက်ပြီး အမိန့်ပေးလိုက်သည်။
“ပြိုင်ဘက်ကင်းရဲတိုက် စစ်သည် ၂၀၀၀ ကို အမြောက် ၇၀ နဲ့အတူ ဖူကျိုးမြို့ကို ပြန်လည် ပို့ဆောင်လိုက်ပါ”
ဖူဟုန်ပင်းက ပြန်ပြောသည်။ “ဟုတ်ကဲ့ပါ”
တုပိုင်က ဒုတိယအမိန့်ကို ထပ်မံပေးလိုက်သည်။
“ငါတို့ တရားဝင် တပ်ခွဲကြမယ်။ ဖူဟုန်ပင်း... မင်းက ပြိုင်ဘက်ကင်းရဲတိုက် စစ်သည် ၁ သောင်းနဲ့ မီးနတ်ဘုရား စစ်သည် ၁ သောင်းခွဲကို ဦးဆောင်ပြီး ပိုင်ဆယ်မြို့ကို အမြန်ဆုံး ပြန်သွားပါ။ မင်းကြီးလီဝမ်ဟွေ့နဲ့ မြို့စားမင်းလေးဟယ်ကျီကို ကူညီပံ့ပိုးပေးပါ။ ပိုင်ဆယ်မြို့ကို မကျဆုံးစေရဘူး”
ဖူဟုန်ပင်း အံ့သြသွားပြီး ပြောလိုက်သည်။ “ဟုတ်ကဲ့ပါ”
တုပိုင်က ဆက်ပြောသည်။ “ငါက ပြိုင်ဘက်ကင်းရဲတိုက် စစ်သည် ၁ သောင်း ၇ ထောင်နဲ့ မီးနတ်ဘုရား စစ်သည် ၃ ထောင်ကို ဦးဆောင်ပြီး တာ့ယန်နန်းတော်ကို သွားတိုက်မယ်”
ထိုစကားကြားသည်နှင့် ဖူဟုန်ပင်း အလွန်အံ့သြသွားပြီး ပြောလိုက်သည်။
“အရှင်... လီမိသားစုရဲ့ စစ်သည် ၃ သိန်း ပျက်စီးသွားပြီ ဆိုပေမဲ့ တာ့ယန်နန်းတော်မှာ စစ်သည် ၁ သိန်းနီးပါး ကျန်နေပါသေးတယ်။ ပြီးတော့ လီမိသားစုက ၁၀ နှစ်ကြာ တည်ဆောက်ထားတဲ့အတွက် တာ့ယန်နန်းတော်က အရမ်းကို ခိုင်ခံ့ပါတယ်။ ကွေ့လင်နဲ့ နန်နင်းမြို့တွေထက်တောင် ပိုပြီး ခိုင်ခံ့ပါသေးတယ်။ အရှင့်မှာ ပျက်စီးခြင်းမြှားတံ တစ်စင်းပဲ ကျန်တော့တာပါ။ စစ်သည် ၂ သောင်းတည်းနဲ့ တာ့ယန်နန်းတော်ကို သိမ်းပိုက်ဖို့ဆိုတာ တကယ်ကို အရမ်း အရမ်း ခက်ခဲပါလိမ့်မယ်”
တာ့ယန်နန်းတော်သည် အခြားကမ္ဘာမြေ သမိုင်းတွင် မရှိဖူးလောက်အောင် ကြီးကျယ်ခမ်းနားသော မြို့ကြီးတစ်မြို့ ဖြစ်သည်။ မြို့တစ်ခုလုံး၏ အတိုင်းအတာသည် ကွေ့လင်စီရင်စုထက်ပင် ပိုကြီးမားပြီး လူဦးရေ ၃ သိန်းကျော် နေထိုင်သည်။ မြို့ရိုးပတ်လည်သည် မိုင် ၃၀ နီးပါး ရှည်လျားပြီး အမြင့် ၁၂ မီတာ ၊ အထူ ၁၀ မီတာနီးပါး ရှိလေသည်။
အဘယ်ကြောင့်ဆိုသော် ယင်းသည် နန်းတော်မြို့တော် ဖြစ်သောကြောင့်ပင်။ ဤကဲ့သို့သော မြို့မျိုးသည် မြို့ကာကွယ်ရေးစနစ် ကောင်းမွန်မှုကြောင့် စစ်သည် ၃ သိန်း ၊ ၄ သိန်း ဝိုင်းရံတိုက်ခိုက်မှုကိုပင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိလေသည်။
ထပ်ပေါင်းအချက်အနေဖြင့် တာ့ယန်နန်းတော်တွင် လီမိသားစု၏ စစ်တပ် ၁ သိန်း ရှိနေသေးသည်။ စစ်သည် ၁ သိန်းက ဤမျှ အဆင့်မြင့်သော ခိုင်ခံ့သည့် မြို့ကြီးကို ကာကွယ်ထားပါက စစ်သည် ၄ သိန်းဖြင့် ဝိုင်းရံတိုက်ခိုက်လျှင်ပင် တစ်လကျော် တောင့်ခံနိုင်လေသည်။ သို့သော် တုပိုင်သည် စစ်သည် ၂ သောင်းဖြင့် ဤနန်းတော်မြို့တော်ကို တိုက်ခိုက်မည်ဟု ဆိုသည်။
“ဘာမှ ဆက်မပြောနဲ့တော့... ဒါ အမိန့်ပဲ”
တုပိုင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
ဖူဟုန်ပင်းက အမိန့်ကို နာခံ၏။ “အမိန့်အတိုင်းပါ”
လီရူဟိုင်က တုပိုင်ကို ၅ ရက်သာ အချိန်ပေးထားသဖြင့် အမြောက်များကို သယ်ဆောင်သွား၍ မဖြစ်နိုင်ပေ။
“ငါ့ရဲ့ စစ်သည် ၂ သောင်းက ၁၀ ရက်စာ ရိက္ခာနဲ့ ယမ်းမှုန့် ပိဿာ ၅ သောင်းပဲ ယူသွားမယ်။ ကျန်တာ ဘာမှမယူဘူး”
တုပိုင်က ပြောလိုက်သည်။
ဖူဟုန်ပင်း တုန်လှုပ်သွား၏။
ထို့နောက် သူမက ဆက်မေးလိုက်သည်။
“ဒါ့အပြင် စစ်မြေပြင်မှာ လီမိသားစု စစ်သည် ၄ သောင်းကျော် ကျန်နေပါသေးတယ်။ သူတို့တွေ ရူးသွားသလိုပဲ။ ဘာမှမလှုပ်ရှားဘဲ မြေကြီးပေါ်မှာ ဒီအတိုင်း ဒူးထောက်နေကြတယ်။ ဘုရားသခင် ကောင်းချီးပေးလို့ ၊ သေမင်းတမန်တုပိုင် ခွင့်လွှတ်လို့ အသက်ရှင်ရတာပါ ဆိုပြီး ပြောနေကြတယ်။ သူတို့ကို ဘယ်လို လုပ်ရမလဲဟင်”
တုပိုင် ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“သူတို့ရဲ့ လက်နက်တွေ အကုန်သိမ်းလိုက်။ ပြီးတော့ ငါ့နာမည်နဲ့ အမိန့်ထုတ်ပြီး သူတို့ကို တာ့လုံခံတပ်မှာပဲ နေခိုင်းထားလိုက်။ ၅ ရက်စာ ရိက္ခာ ချန်ထားပေးခဲ့”
“ဟုတ်ကဲ့ပါ” ဖူဟုန်ပင်းက ပြောလိုက်သည်။
တုပိုင်က ဆက်မေးလိုက်သည်။ “လီရူဟိုင် ထွက်သွားတုန်းက အသက်ရှင်ကျန်ရစ်တဲ့ လီမိသားစု စစ်သည် သောင်းဂဏန်းက လိုက်မသွားကြဘူးလား”
“မလိုက်သွားပါဘူး... မရေမတွက်နိုင်တဲ့ ငရဲပန်းပွင့်တွေ ပွင့်အာလာတာကို မြင်လိုက်ရတော့ သူတို့တွေ စိတ်ဒဏ်ရာ ရသွားပုံရပါတယ်” ဖူဟုန်ပင်းက ပြန်ဖြေသည်။
တုပိုင် အပြင်ထွက်ကြည့်လိုက်သောအခါ သူတို့သည် တာ့လုံခံတပ်၏ အပြင်ဘက်တွင် ဒူးထောက်နေကြဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။
နေ့ခင်းကြောင်တောင်ကြီး ငရဲမီးပန်းများ ပွင့်အာလာပြီး လူသိန်းချီ သေဆုံးသွားခဲ့ရသည်။ ဤလူ ၄ သောင်းကျော်မှာမူ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဆုတောင်းနေခဲ့ကြသဖြင့် ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။
ထိုမြင်ကွင်းသည် သူတို့၏ တွေးခေါ်မှုများကို လုံးဝ ဇောက်ထိုးမိုးမျှော် ဖြစ်စေခဲ့ပြီး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤလက်နက်သည် လက်တွေ့ကမ္ဘာမှ လက်နက် လုံးဝမဟုတ်ဘဲ သေမင်းတမန် ဆင်းသက်လာသကဲ့သို့ ခံစားရသောကြောင့်ပင်။
သူတို့ အသက်ရှင်ကျန်ရစ်သည်မှာ ဘုရားသခင်၏ ကောင်းချီးကြောင့် ၊ တုပိုင်၏ ခွင့်လွှတ်မှုကြောင့်ဟု ခံယူထားကြသည်။
တုပိုင်က ထိုလူအုပ်ကြီးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်းတို့ ဒီမှာပဲ နေရစ်ခဲ့ကြ။ တစ်နေ့ ထမင်း နှစ်နပ်စားကြ။ ရက်အနည်းငယ်ကြာရင် ငါ မင်းတို့ကို လာခေါ်မယ်”
ထို့နောက် သူတို့၏ တုံ့ပြန်မှုကို စောင့်ကြည့်လိုက်သည်။
“ဟုတ်ကဲ့ပါ”
ဤလူ ၄ သောင်းကျော်သည် စိတ်သက်သာရာ ရသွားပုံရသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်က သူတို့ကို နောက်ဆုံးတွင် စကားပြောလာခြင်းသည် ခွင့်လွှတ်လိုက်ပြီဆိုသည့် သက်သေပင် ဖြစ်သည် မဟုတ်ပါလော။
စစ်မြေပြင်တွင် အသက်ရှင်ကျန်ရစ်ခဲ့သော ဤလူ ၄ သောင်းသည် အလိမ္မာဆုံးသော သုံ့ပန်းများ ဖြစ်လာခဲ့ကြလေသည်။
ထိုညတွင် စစ်သည် ၂၀၀၀ သည် ကြီးမားသော ယာဉ်တန်းကြီးကို တာ့လုံခံတပ်မှ ဖူကျိုးမြို့သို့ ပို့ဆောင်ရန် ထွက်ခွာသွားကြသည်။ အထူးသဖြင့် အမြောက် ၇၀ မှာ ထိပ်တန်းဦးစားပေး ဖြစ်သည်။
ထို့နောက် ချက်ချင်းဆိုသလို ဖူဟုန်ပင်းသည် စစ်သည် ၂ သောင်းခွဲကို ဦးဆောင်ကာ တာ့လုံခံတပ်မှ ထွက်ခွာပြီး ပိုင်ဆယ်မြို့ကို ကူညီရန် အရှေ့ဘက်သို့ အမြန်ဆုံး ချီတက်သွားလေသည်။
နောက်ဆုံးတွင် တုပိုင်သည် စစ်သည် ၂ သောင်းကို ဦးဆောင်ကာ တာ့လုံခံတပ်မှ ထွက်ခွာခဲ့သည်။ တုပိုင်သည် ယမ်းမှုန့် ပိဿာ ၅ သောင်းနှင့် ၁၀ ရက်စာ ရိက္ခာကို သယ်ဆောင်လျက် မိုင် ၃၀၀ အကွာရှိ တာ့ယန်နန်းတော်ဆီသို့ ဦးတည် ချီတက်သွားလေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၇၉ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team