← Chapters

အခန်း (၅၈၀)

Vol. 58 Ch. 580

အခန်း (၅၈၀)

Vol. 58 Ch. 580

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၈၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

တုပိုင်၏ လက်ရွေးစင် စစ်သည် ၂ သောင်းသည် တစ်နေ့လျှင် ၆ နာရီတိတိ မရပ်မနား ချီတက်ခဲ့ကြသည်။ မိုင် ၃၀၀ ခရီးကို ၂ ရက်အတွင်း ပြီးစီးအောင် ချီတက်နိုင်ခဲ့လေသည်။ ၂ ရက်အကြာ... နံနက်မိုးသောက် အချိန်တွင် တုပိုင်၏ စစ်သည် ၂ သောင်းသည် တာ့ယန်မြို့တော်ရှေ့သို့ ရောက်ရှိလာကြပြီဖြစ်သည်။

တုပိုင်သည် တာ့ယန်နန်းတော်ကြီးကို မော့ကြည့်လိုက်မိသည်။ အမှန်တကယ်ပင် ခမ်းနားထည်ဝါသော မြို့ကြီးတစ်မြို့ ဖြစ်ပေသည်။ ကွေ့လင်မြို့နှင့် နန်နင်းမြို့တို့ထက် များစွာ ပိုမိုခမ်းနားလေသည်။

မြို့ရိုးအမြင့်သည် ၅ ထပ် ၊ ၆ ထပ်တိုက် အမြင့်ခန့် ရှိလေသည်။ ဤမျှ ခိုင်ခံ့သော မြို့ကြီးမျိုးကို တိုက်ခိုက်ရန်အတွက် စစ်သည် ၃ သိန်း လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။

တုပိုင်၏ စစ်သည် ၂ သောင်းသည် ဤဧရာမမြို့ကြီး၏ ရှေ့မှောက်တွင် အလွန်သေးငယ်နေပုံ ရသည်။ မြို့ရိုးထက်တွင် လီမင်းဆက်၏ နောက်ဆုံးလက်ကျန် စစ်သည် ၁ သိန်း ရှိနေသည်။

သံချပ်ကာများ တောက်ပနေပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားကာ မြို့ရိုးတစ်လျှောက် နေရာလပ်မကျန် ပြည့်နှက်နေလေသည်။

စစ်သည် ၂ သောင်းဖြင့် ဤမျှ ကြီးမားပြီး စစ်သည် ၁ သိန်း ကာကွယ်ထားသော မြို့ကြီးကို တိုက်ခိုက်ခြင်းသည် အလွန်ရယ်စရာကောင်းနေပုံ ရသည်။ တုပိုင်၏ အစီအစဉ်မှာ ယမ်းမှုန့်များဖြင့် မြို့ရိုးကို ဖောက်ခွဲပစ်ရန် ဖြစ်သည်။

ထို့အပြင် သူ့လက်ထဲတွင် နောက်ဆုံးကျန်ရှိနေသော ပျက်စီးခြင်းမြှားတံ တစ်စင်း ရှိနေသေးသည်။ ယင်းသည် တာ့ယန်နန်းတော်၏ တံခါးမကြီးကို လုံးဝ ဖျက်ဆီးပစ်ရန် လုံလောက်လေသည်။

ထို့နောက် သူ၏ စစ်သည် ၂ သောင်းဖြင့် မြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်ပြီး လီမိသားစု၏ စစ်သည် ၁ သိန်းနှင့် ရင်ဆိုင်တိုက်ခိုက်မည် ဖြစ်သည်။

အသေအပျောက် များပြားနိုင်သော်လည်း ဤတိုက်ပွဲကို အနိုင်ရနိုင်မည်ဟု တုပိုင် ယုံကြည်ထားသည်။

မြင်းဖြူနှစ်ကောင် အမြန်ရောက်ရှိလာသည်။ တစ်ကောင်မှာ နီရှန်နတ်မိမယ်ဖြစ်ပြီး ကျန်တစ်ကောင်မှာ နင်တောက်ရွှမ်၏ ဇနီးသည်ဘက်မှ တူတော်စပ်သူ ၊ နီရှန်နတ်မိမယ်၏ အစ်ကိုဝမ်းကွဲ ၊ မဟာဆရာသခင်အဆင့် သိုင်းပညာရှင် ကျီလန်ထင်း ဖြစ်လေသည်။

လီမိသားစုတွင် နာမည်ခံပိုင်နက် နယ်မြေပေါင်း လီပေါင်း သိန်းချီ ကျန်ရှိနေသေးပြီး မြို့ပေါင်း ဆယ်ချီ ရှိနေသေးသည်။ သို့သော် တာ့ယန်နန်းတော်ကို သိမ်းပိုက်နိုင်သည်နှင့် တပြိုင်နက် လီမိသားစု၏ တာ့ယန်တိုင်းပြည် ပျက်စီးသွားမည်ကို တုပိုင် သိနေသည်။

အဘယ်ကြောင့်ဆိုသော် ကျန်ရှိသော နယ်မြေများသည် စီမံအုပ်ချုပ်ရန် အချိန်မရှိသေးဘဲ တာ့ယန်နန်းတော် ကျဆုံးသည်နှင့် တပြိုင်နက် ထိုမြို့များမှ မြို့ရိုးကာကွယ်သူများသည် ချက်ချင်းပင် ဘက်ပြောင်း ပုန်ကန်ကြမည် ဖြစ်သောကြောင့်ပင်။

ထို့အပြင် ရှေ့မှောက်ရှိ စစ်သည် ၁ သိန်းသည် လီမိသားစု၏ နောက်ဆုံးလက်ကျန် စစ်တပ် ဖြစ်သည်။

တုပိုင်သည် လေကို ဝဝရှူသွင်းလိုက်ပြီး ပျက်စီးခြင်းမြှားတံကို ထုတ်ယူကာ တာ့ယန်နန်းတော် တံခါးမကြီးကို လုံးဝ ဖျက်ဆီးပစ်ရန် ပြင်ဆင်လိုက်သည်။

ထို့နောက် စစ်သည် ၂ သောင်းကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် အမိန့်ပေးပြီး လီမင်းဆက်ကို အပြီးတိုင် မြှုပ်နှံပစ်ရန် ရည်ရွယ်ထားသည်။

သို့သော်... ထိုအချိန်၌ပင်... တာ့ယန်နန်းတော် တံခါးမကြီးက ဖြည်းညှင်းစွာ ပွင့်လာ၏။

ထို့နောက် ဘုရင်လီရူဟိုင်၏ အသံသည် တုပိုင်၏ နားထဲသို့ ရောက်ရှိလာသည်။

“တုပိုင်... မြို့ကို ဝိုင်းရံတိုက်ခိုက်နေစရာ မလိုပါဘူး။ ငါ နန်းတော်ထဲမှာ မင်းကို စောင့်နေမယ်”

“နန်းတော်ထဲမှာ ငါနဲ့ လီတောက်ယွဲ့ နှစ်ယောက်ပဲ ရှိတယ်။ အဲဒီနေ့က ငါ လက်မရွံ့ခဲ့လို့ လီတောက်ယွဲ့ရဲ့ ဒဏ်ရာအများစု သက်သာနေပါပြီ”

“မင်းဘေးနားမှာ ပေမင်ဓားဂိုဏ်းက မဟာဆရာသခင်နှစ်ပါး ဖြစ်တဲ့ နီရှန်နတ်မိမယ်နဲ့ ကျီလန်ထင်းတို့ ရှိနေတယ်မလား။ လီတောက်ယွဲ့ကိုပါ ထည့်တွက်ရင် မဟာဆရာသခင် သုံးပါး။ မင်း တုပိုင်နဲ့ပါ ပေါင်းလိုက်ရင် လေးယောက်”

“ငါတို့ရဲ့ နောက်ဆုံးတိုက်ပွဲကို သိုင်းပညာနဲ့ပဲ အဆုံးအဖြတ် ပေးကြတာပေါ့။ သေမလား ရှင်မလား တိုက်ခိုက်ကြမယ်”

“မင်းတို့ လေးယောက်ပေါင်းပြီး ငါတစ်ယောက်တည်းကို တိုက်ခိုက်ကြ”

“အကယ်၍ ငါနိုင်ရင် မင်းတို့သေမယ်။ ဘာမှ ပြောစရာမလိုတော့ဘူး။ အကယ်၍ ငါ လီရူဟိုင် ရှုံးသွားရင်... ငါသေမှာပေါ့။ ဒါပေမဲ့... ငါ့ရဲ့ လီမိသားစု လက်ကျန် စစ်သည် ၁ သိန်းနီးပါးနဲ့ ငါ့သား လီကျန့်တို့အားလုံး မင်း တုပိုင်ဆီမှာ အညံ့ခံလိမ့်မယ်”

ထိုစကားကြားသည်နှင့် တုပိုင် ကြက်သေသေသွားပြီး သူ့နားသူပင် မယုံနိုင်အောင် ဖြစ်သွားရသည်။

“လီကျန့်”

လီရူဟိုင်က လှမ်းအော်လိုက်သည်။

အဖမ်းခံထားရသော လီကျန့်သည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ထူးလိုက်သည်။ “ခမည်းတော်”

လီရူဟိုင်က ပြောလိုက်သည်။

“အကယ်၍ နောက်ဆုံးတိုက်ပွဲမှာ ငါ ကျဆုံးသွားခဲ့ရင် မင်းက လီမိသားစုကို ဦးဆောင်ပြီး တုပိုင်အပေါ် သစ္စာစောင့်သိရမယ်။ တုပိုင် မသေသရွေ့ မင်း သစ္စာမဖောက်ရဘူး။ အကယ်၍ သစ္စာဖောက်ခဲ့ရင် ငါတို့ ကန်လီမိသားစုရဲ့ ဘိုးဘေးဘီဘင်တွေ ငရဲ ၁၈ ထပ်ကို ကျရောက်ပြီး ဘယ်တော့မှ ပြန်မတက်နိုင်ပါစေနဲ့။ ငါတို့ ကန်လီမိသားစုရဲ့ မျိုးဆက်တွေဟာ ယောက်ျားလေးဆိုရင် ကျွန်ဖြစ် ၊ မိန်းကလေးဆိုရင် ပြည့်တန်ဆာ ဖြစ်ပါစေ...”

လီကျန့်သည် နဖူးမှ သွေးများ စီးကျသည်အထိ ရူးသွပ်စွာ ငိုကြွေးလိုက်သည်။

“မဟုတ်ဘူး... မဟုတ်ဘူး ခမည်းတော်... ကျွန်တော်တို့ လမ်းဆုံးမရောက်သေးပါဘူး။ ကျွန်တော်တို့ ခိုလှုံဖို့ အနောက်ဘက်ဒေသ မီးနတ်ဘုရားဘာသာ ရှိပါသေးတယ်”

အိမ်ရှေ့စံမင်းသား လီကျန့်က အော်ဟစ်ငိုကြွေးလိုက်သည်။

“မနေ့က ငါ ငြင်းပယ်လိုက်ပြီးပြီ”

လီရူဟိုင်က ပြောသည်။

“မီးနတ်ဘုရားဘာသာက သိုင်းပညာရှင်တွေ အကုန်လုံး ထွက်ခွာသွားကြပြီ။ မင်း အခုချက်ချင်း သစ္စာဆိုစမ်း။ မဟုတ်ရင် မင်း ငါ့သားမဟုတ်ဘူး”

အိမ်ရှေ့စံမင်းသား လီကျန့် ဆက်လက် ငိုကြွေးနေသည်။

လီရူဟိုင်က ဟိန်းဟောက်လိုက်သည်။

“ငါတို့ ကန်လီမိသားစု ဒီနေ့အထိ ဘယ်လိုရှင်သန်လာခဲ့ရသလဲ ဆိုတာ မင်း မေ့သွားပြီလား”

အိမ်ရှေ့စံမင်းသား လီကျန့်သည် သူ့လက်ဖဝါးကို ကိုက်ဖောက်လိုက်ပြီး မျက်နှာပေါ်သို့ သွေးများ သုတ်လိမ်းကာ ငိုကြွေးလျက် သစ္စာဆိုလိုက်သည်။

“ကျွန်တော် လီကျန့် သစ္စာဆိုပါ၏။ အကယ်၍ ခမည်းတော် တိုက်ပွဲမှာ ကျဆုံးသွားခဲ့ရင် လီမိသားစုရဲ့ လက်ကျန်အင်အားတွေကို ဦးဆောင်ပြီး တုပိုင်အပေါ် သစ္စာစောင့်သိပါ့မယ်။ အကယ်၍ ဒီကတိသစ္စာကို ဖောက်ဖျက်ခဲ့ရင် ကန်လီမိသားစုရဲ့ ဘိုးဘေးတွေ ငရဲ ၁၈ ထပ်ကို ကျရောက်ပြီး ဘယ်တော့မှ ပြန်မတက်နိုင်ပါစေနဲ့။ ကျွန်တော်တို့ ကန်လီမိသားစုရဲ့ မျိုးဆက်တွေဟာ ယောက်ျားလေးဆိုရင် ကျွန်ဖြစ် ၊ မိန်းကလေးဆိုရင် ပြည့်တန်ဆာ ဖြစ်ပါစေ...”

တာ့ယန်ဘုရင် လီရူဟိုင်က ပြောလိုက်သည်။

“ဘယ်လိုလဲ တုပိုင်... မင်း တာ့ယန်နန်းတော်ကို ဆက်ပြီး တိုက်ခိုက်ချင်ရင်လည်း ရွေးချယ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ငါ့ရဲ့ လှည့်ကွက်တစ်ခု ဖြစ်နိုင်တယ်လေ။ မင်းကို နန်းတော်ထဲ လှည့်ခေါ်ပြီး အလစ်ဝင်တိုက် သတ်ပစ်မလား ဘယ်သူသိမလဲ”

“ဒါမှမဟုတ် မင်း နန်းတော်ထဲ ဝင်လာပြီး ငါနဲ့ သေရေးရှင်ရေး တိုက်ခိုက်ဖို့ ရွေးချယ်နိုင်တယ်။ မင်းနိုင်တာနဲ့ ငါသေမယ်။ တာ့ယန်တိုင်းပြည်လည်း ပျက်သုဉ်းမယ်။ ငါ့လီမိသားစုရဲ့ နောက်ဆုံးလက်ကျန် အင်အားတွေက မင်းအပေါ် လုံးဝ သစ္စာစောင့်သိကြလိမ့်မယ်”

ထို့ကြောင့် တုပိုင်သည် သေရေးရှင်ရေး ဆုံးဖြတ်ချက်တစ်ခု ထပ်မံချမှတ်ရပြန်သည်။

‘ဒါက ထောင်ချောက်တစ်ခုလား’

‘အကယ်၍ ထောင်ချောက်မဟုတ်ခဲ့ရင်တောင် လီတောက်ယွဲ့ ၊ နီရှန်နတ်မိမယ် ၊ ကျီလန်ထင်း ဆိုတဲ့ မဟာဆရာသခင် ၃ ပါးနဲ့ ငါတို့ ၄ ယောက်ပေါင်းရင် လီရူဟိုင်ကို ယှဉ်နိုင်ပါ့မလား’

‘ဒါက တကယ့် သေရေးရှင်ရေး တိုက်ပွဲ ၊ တကယ့် လောင်းကြေးထပ်မှု တစ်ခုပဲ’

‘သေရင်မြေကြီး ၊ ရှင်ရင်ရွှေထီး

ထိုအချိန်တွင် အိပ်မက်စနစ်၏ အသံသည် တုပိုင်၏ ခေါင်းထဲ၌ ထွက်ပေါ်လာသည်။

“တာဝန်အသစ်... ဘုရင်ဟောင်း ဇာတ်သိမ်းခန်း ၊ ဘုရင်သစ် နိုးထခြင်း စတင်ပါပြီ”

“တာဝန် ရည်မှန်းချက် ၊ လီရူဟိုင်ကို သတ်ပါ”

“တာဝန် ဆုလာဘ် - တာ့ယန်တိုင်းပြည် လုံးဝပျက်သုဉ်းခြင်းနှင့် လီမိသားစု နောက်ဆုံးအင်အားစုများ၏ သစ္စာခံယူမှုကို ရရှိခြင်း”

တုပိုင်က မေးလိုက်သည်။

“စနစ်ရှင်... ဒါ လီရူဟိုင်ရဲ့ ပူးပေါင်းကြံစည်မှု မဟုတ်ဘူးလား”

အိပ်မက်စနစ်က ပြန်ဖြေသည်။

“မဟုတ်ပါဘူး”

တုပိုင်က မေးပြန်သည်။

“အကယ်၍ ငါ ဒီတာဝန်ကို ငြင်းပယ်လိုက်ရင်ရော”

အိပ်မက်စနစ်က ပြန်ဖြေသည်။

“စနစ်ရှင်အနေနဲ့ တာ့ယန်နန်းတော်ကို ဆက်လက် သိမ်းပိုက်နိုင်ပါတယ်။ ဒါပေမဲ့ လီတောက်ယွဲ့ သေဆုံးသွားပါလိမ့်မယ်။ မိသားစု ရှင်သန်ရပ်တည်ရေးအတွက် လီရူဟိုင်က အနောက်ဘက်ဒေသ မီးနတ်ဘုရားဘာသာဆီ ထွက်ပြေးခိုလှုံသွားပါလိမ့်မယ်”

တုပိုင်က မေးလိုက်သည်။

“အကယ်၍ ငါ ဒီတာဝန်ကို လက်ခံလိုက်ရင် လီရူဟိုင်ကို သတ်နိုင်တဲ့ ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ”

အိပ်မက်စနစ် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ပြန်ဖြေသည်။

“၆၃ ရာခိုင်နှုန်းပါ”

တုပိုင်က ပြောလိုက်သည်။

“ငါ ဒီတာဝန်ကို လက်ခံတယ်”

အိပ်မက်စနစ်က ပြောလိုက်သည်။

“ဘုရင်ဟောင်း ဇာတ်သိမ်းခန်း ၊ ဘုရင်သစ် နိုးထခြင်း တာဝန် တရားဝင် စတင်ပါပြီ”

တုပိုင်က နီရှန်နတ်မိမယ်ဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်သည်။

“သွားကြစို့”

နီရှန်နတ်မိမယ် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ကောင်းပြီ”

ကျီလန်ထင်းက တုပိုင်ကို မလိုလားအပ်သော အကြည့်များဖြင့် ကြည့်လိုက်သော်လည်း အံကြိတ်ကာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် တုပိုင် ၊ နီရှန်နတ်မိမယ်နှင့် ကျီလန်ထင်းတို့သည် မြို့တံခါးဝသို့ ဖြည်းညှင်းစွာ လျှောက်သွားကြသည်။ မည်သည့် အတားအဆီးမျှ မရှိဘဲ သူတို့သည် တာ့ယန်နန်းတော် မြို့တော်အတွင်းသို့ ဝင်ရောက်သွားကြသည်။

လမ်းမပေါ်ရှိ အိမ်တံခါးများ အားလုံးကို တင်းကြပ်စွာ ပိတ်ထားကြပြီး ပြတင်းပေါက်များနှင့် တံခါးကြားများမှ မျက်လုံးပေါင်းများစွာသည် တုပိုင်တို့ ၃ ဦးကို ရှုပ်ထွေးသော အကြည့်များဖြင့် ချောင်းမြောင်းကြည့်ရှုနေကြသည်။

မြို့တော်၏ အလယ်ဗဟိုလမ်းမကြီးအတိုင်း တုပိုင်တို့ ၃ ဦးသည် ခမ်းနားထည်ဝါသော တာ့ယန်နန်းတော်ဆီသို့ လျှောက်လှမ်းလာကြသည်။

နန်းတော်တံခါးမကြီး ပွင့်ဟလျက် ရှိနေ၏။ အတွင်းထဲတွင် မည်သူမျှ မရှိချေ။

အစောင့်စစ်သည်များ ၊ မိန်းမစိုးများနှင့် နန်းတွင်းအပျိုတော်များ အားလုံးကို မောင်းထုတ်ထားပုံ ရသည်။

တုပိုင်တို့ နန်းတော်ထဲ ဝင်ရောက်လိုက်သည်။

လီရူဟိုင်က အသံပြုလိုက်သည်။ “တုပိုင်... ငါကိုယ်တော် နန်းတော်အလယ်က ယန်လုံခန်းမဆောင်မှာ မင်းကို စောင့်နေမယ်။ လာခဲ့တော့”

ဤနန်းတော်ကြီးသည် အမှန်တကယ်ပင် ခမ်းနားထည်ဝါလှပေသည်။ အထူးသဖြင့် ယခုလို လူသူကင်းမဲ့နေချိန်တွင် ဤနန်းတော်၏ လှေကားထစ်များပေါ် လျှောက်လှမ်းရသည်မှာ ဖော်ပြမပြနိုင်လောက်အောင် ရည်မှန်းချက်ကြီးမားမှုကို ဖြစ်ပေါ်စေလေသည်။

စကြာဝဠာတစ်ခုလုံး မိမိလက်ထဲ ရောက်နေသကဲ့သို့ ခံစားရစေသည်။ ၁၀ မိနစ်ခန့် လျှောက်လှမ်းပြီးနောက် ခန်းမဆောင်ကြီးတစ်ခုနှင့် ရင်ပြင်ကြီးနှစ်ခုကို ဖြတ်သန်းကာ လှေကားထစ် ကိုးဆယ့်ကိုးထစ်ကို တက်ရောက်ပြီးနောက် ၊ နောက်ဆုံးတွင် အလယ်ဗဟိုရှိ ယန်လုံခန်းမဆောင်သို့ ရောက်ရှိသွားကြသည်။

ခန်းမဆောင်တံခါး ဖြည်းညှင်းစွာ ပွင့်လာပြီး ပြိုင်ဘက်ကင်းလောက်အောင် လှပသော အမျိုးသမီးတစ်ဦး၏ မျက်နှာ ပေါ်ထွက်လာသည်။ ထိုသူမှာ လီတောက်ယွဲ့ ဖြစ်လေသည်။

ခန်းမဆောင်ကြီး၏ ရာဇပလ္လင်ထက်တွင် လီရူဟိုင်သည် ဘုရင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျားတစ်ကောင် နဂါးတစ်ကောင်ကို ချောင်းမြောင်းနေသကဲ့သို့ ထိုင်နေလေသည်။

“တုပိုင် ရောက်လာပြီလား။ စကြတာပေါ့... သေမလား ရှင်မလား တိုက်ခိုက်ကြစို့”

တာ့ယန်ဘုရင် လီရူဟိုင်က အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် နန်းတော်ခန်းမဆောင်ကြီး တစ်ခုလုံးသည် လီရူဟိုင်၏ တုန်လှုပ်ဖွယ်ရာ အရှိန်အဝါများဖြင့် ပြည့်နှက်သွားတော့၏။ တစ်ချိန်တည်းတွင် ကောင်းကင်ယံတွင် မိုးတိမ်မည်းများ ဖုံးလွှမ်းလာပြီး မိုးကြိုးသံများ ဟိန်းညံလာလေတော့၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၈၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters