← Chapters

အခက်ခဲဆုံး ကျင့်စဉ်လမ်း

Vol. 1 Ch. 72

အခက်ခဲဆုံး ကျင့်စဉ်လမ်း

Vol. 1 Ch. 72

ဆန်းလျန်မှာ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေအကြောင်းကို အနည်းငယ် နားလည် သွားရလေသည်။ ကျင့်စဉ်လမ်းကို မြန်ဆန်စွာ လျှောက်လှမ်းနိုင်ပြီး သာမန် ကျင့်ကြံသူများ တစ်ဘဝလုံး ကျင့်ကြံလျှင်ပင် မရနိုင်သည့် အဆင့်ကို တက်လှမ်း နိုင်ခဲ့သော်လည်း အဆင့် တစ်ခုတွင် နှစ်ပေါင်းလေးဆယ် ကြာမြင့် နေသည့်တိုင် ရှေ့မဆက်နိုင်ဘဲ ဖြစ်နေသည့်အတွက် အလှောင်ပြောင် ခံနေရသည့် ခံစားချက်ကို ဆန်းလျန် နားလည်မိပါသည်။

ထိုအချက်ကြောင့် ချန်ကျန့်မေမှာ စိတ်ဖိစီးမှုများစွာ ရှိနေမည် ဖြစ်လေသည်။ အပြင်လူများ အတွက် ဆိုလျှင်တော့ ရင်ဆိုင်နိုင်မည် မဟုတ်သည့် စိတ်ဖိစီးမှုမျိုး ဖြစ်လေသည်။

နှစ်ပေါင်းလေးဆယ် ဆိုသည်မှာ နည်းသည့်အချိန် မဟုတ်ပေ။ လူ့လောကတွင် ဆိုလျှင် ဘဝ အတွေ့အကြုံ အတော်ပင် ရနေပြီ ဖြစ်လေသည်။ ထို့ပြင် လူ့လောကတွင် အသက်တိုသည့် အတွက်ကြောင့် အသက် လေးဆယ်အထိပင် မနေရသည့် သူပေါင်း များစွာ ရှိလေသည်။

နှစ်ပေါင်း လေးဆယ်လုံးလုံး ကျင့်ကြံသည့်တိုင် တိုးတက်မှု မရှိဘဲ မည်သို့ ရှေ့ဆက်ရမည် မသိဖြစ်နေသည်မှာ တကယ်ပင် နာကျင်ခံခက်မည် ဖြစ်လေသည်။ ကျင့်စဉ်လမ်း ဆိုသည်မှာ ညတာရှည်လျားသည့် ညတစ်ညနှင့် တူလေသည်။ မည်သည့် အချိန်တွင် အာရုံတက်မည်မှန်း မသိနိုင်ပေ။

ချန်ကျန့်မေ နှစ်ပေါင်းလေးဆယ် ရုန်းကန် နေရခြင်းမှာ တကယ့်ကို ခက်ခဲသည့် အခြေအနေပင် ဖြစ်လေသည်။

သူ၏ ကိုယ်ကျင့်တရား ကောင်းမွန်မှုကြောင့်သာ သူ၏ ဒေါသကို ထိန်းသိမ်းပြီး စိတ်လိုက်မာန်ပါ မလုပ်မိခြင်း ဖြစ်လေသည်။

"ဒါဖြင့် ဂိုဏ်းတူအစ်ကို ပြောခဲ့တဲ့ အတိုင်းဆိုရင် ဟိုင်သန်း အဆင့်ကို ရောက်အောင် ကျင့်ဖို့ဆိုတာ အရမ်းပဲ ခက်ခဲတာလား"

ဆန်းလျန်က မေးလိုက်လေသည်။

စန်းဝမ့်က သက်ပြင်းတစ်ချက် ချလိုက်ရင်း…

"ယန်ချိအဆင့်ကနေ ရုဟွအဆင့်ထိက အရည်အချင်းနဲ့ ဆန္ဒအလျှောက် အနှေးနဲ့အမြန် အောင်မြင်သွားမှာပဲ။ ဒါပေမယ့် ဟိုင်သန်း အဆင့်ကတော့ အဲဒီအဆင့်တွေနဲ့ ကွာခြားလွန်းတယ်။ အဲဒီ ဟိုင်သန်းအဆင့်ကို "အခက်ခဲဆုံး ကျင့်စဉ်လမ်း" လို့တောင် ပြောလေ့ ရှိကြတယ်။ ဟိုင်သန်းအဆင့်ရဲ့ ပုံပြောင်း အဆင့်ကိုးဆင့်ကို အောင်မြင်ဖို့ ထားလိုက်ဦး အဆင့်ခြောက်ဆင့်ကို အောင်မြင်နိုင်ရင်တောင် အသက်ရှည်တဲ့ နတ်တစ်ပါး ဖြစ်လာနိုင်ဖို့ အလားအလာ ရှိသေးတယ် "

"ဟိုင်သန်း ကျင့်စဉ်လမ်းမှာ ကျင့်စဉ် တစ်မျိုးတည်းကိုပဲ အားကိုးလို့ မရဘူး။ အဲဒီကျင့်စဉ် ကျင့်ဖို့အတွက် နည်းလမ်းသုံးခု ရှိတယ်"

"ပထမလမ်းက လူတစ်ယောက်ရဲ့ "ယင်" ဝိညာဉ်စွမ်းအားကို "ပြင်ပ ပြဒါးရှင်" အဖြစ် ပြောင်းလဲရမယ်။ အဲဒါကို ပူနွေးအောင် လုပ်ပြီး ခန္ဓာကိုယ်ထဲကို ဝင်ခွင့် ပေးရမယ်။ အဲဒါက အသက်ကို နှစ်ပေါင်းသုံးရာ ပိုရှည်စေတယ်။ ဒါပေမယ့် အဲဒီနည်းလမ်းကို လိုက်ရင် အခြားတိုးတက်မှု မရှိတော့ဘူး။ နှစ်ပေါင်းသုံးရာ ကြာတာနဲ့ ခန္ဓာကိုယ်ဟာ ပြာအဖြစ် ပြောင်းလဲ သွားလိမ့်မယ်။ ပြင်ပ ပြဒါးရှင်ဟာ "ယင်"ဝိညာဉ်စွမ်းအား အဖြစ် ပြန်လည် ထွက်ခွာသွားပြီး  နတ်တန်ခိုးတွေ အားလုံး တဖြည်းဖြည်း ဆုံးရှုံး သွားရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မူလ အရင်းမြစ်တွေက မတူညီလို့ပဲ။ အဲဒီလို ဖြစ်သွားရင် နောက်ဘဝ ရောက်ရင်တောင် ကျင့်စဉ်လမ်းကို လျှောက်ဖို့ ခက်သွားလိမ့်မယ်"

"ဒုတိယ နည်းလမ်းကတော့ "နတ်ဒေဝါ အမြုတေ" ကို တန်ခိုးစွမ်းအားအဖြစ် စုစည်းတာပဲ။ အဲဒီ အမြုတေနဲ့ ပြောင်းလဲခြင်းတွေ လုပ်လို့ရတယ်။ ပြောင်းလဲခြင်းတိုင်းက နတ်ဒေဝါ အမြုတေရဲ့ အရည်အသွေး အနိမ့်အမြင့်နဲ့လည်း ဆိုင်တယ်။ ဒါပေမယ့် ပြောင်းလဲမှု ခြောက်မျိုးလုံး ပြုလပ်နိုင်မယ့် နတ်ဒေဝါ အမြုတေကို ရဖို့ဆိုတာ အင်မတန်မှ ခက်ခဲတဲ့ကိစ္စပဲ။ ပြောင်းလဲမှု ကိုးမျိုးအတွက် နတ်ဒေဝါ အမြုတေဆိုတာ ဒဏ္ဍာရီထဲမှာတောင် မကြားဖူးဘူး"

"တတိယ နည်းလမ်းကတော့ ကိုယ့်ရဲ့ဝိညာဉ်နဲ့ ရွှေပြဒါး အမြုတေကို ဟန်ချက်ညီအောင် ပေါင်းစပ်ရမယ်။ အဲဒီလို ပေါင်းစပ်နိုင်သွားရင် ပြောင်းလဲခြင်း ခုနစ်မျိုးကို အောင်မြင်နိုင်ပြီး မိုးနဲ့မြေ။ နေနဲ့လအထိ လွှမ်းမိုးနိုင်မယ်။ အဲဒီလို ကျင့်ကြံသွားရင်း ပြောင်းလဲခြင်း ကိုးမျိုးအထိ အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့ရင်တော့ ဟိုင်သန်းအဆင့်ကို အောင်မြင်ပြီပဲ။ အဲဒီအဆင့်ထိ အောင်မြင်ရင်တော့ "ရွှေပြဒါး အမြုတေ" ပြီးမြောက်တဲ့ အဆင့်လို့ သတ်မှတ်လို့ ရပြီ"

"ပထမနည်းလမ်းနဲ့ ဒုတိယ နည်းလမ်းကမှ ဖြစ်နိုင်ချေ ရှိသေးတယ်။ တတိယ နည်းလမ်းကတော့ လမ်းစတောင် မမြင်နိုင်ဘူး။ ဒီတော့ ဟိုင်သန်းအဆင့်ကို ဖြတ်ကျော်ဖို့အတွက် သုံးနှစ်လား၊ ငါးနှစ်လား၊ နှစ်ပေါင်းတစ်ရာလား မပြောနိုင်ဘူး။ နေ့နေ့ညည ကြိုးစား လေ့ကျင့်ရင်တောင်မှ အောင်မြင်ဖို့ ခက်ခဲလွန်းတယ်"

"အချို့တွေဆိုရင် ရူဟွအဆင့်ကိုတောင် နှစ်ပေါင်းနှစ်ဆယ်၊ သုံးဆယ် ကျင့်ကြံကြရတာ။ အဲဒီလောက် အချိန်တွေ ကြာနေမှတော့ ဟိုင်သန်းအဆင့်လည်း ရောက်ရော ဘာမှ ဆက်လုပ်လို့ မရတော့ဘူး။ ကျင့်ကြံပုံ နည်းလမ်း အဆင့်ဆင့်တွေတော့ ရှိတာပေါ့လေ။ ဒါပေမယ့် စာထဲမှာသာ လွယ်တာ။ လက်တွေ့မှာကျ ဟိုင်သန်းအဆင့်ကို ဘယ်လို အဆုံးသတ် နိုင်မလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး"

စန်းဝမ့်၏ စကား ဆုံးသွားသည်နှင့် လူစောယိက သိချင်စိတ်ဖြင့် မေးခွန်း ထုတ်လိုက်သည်။

"နတ်ဘုရား လမ်းစဉ်တွေက ကျင့်ကြံဖို့ ဒီလောက်ခက်ခဲနေမှတော့  တကယ့် လက်တွေ့မှာ ဟိုင်သန်းအဆင့်ကို အောင်မြင်အောင် ကျင့်ကြံပြီး နတ်ဘုရား ဖြစ်သွားတဲ့ သူရော ရှိနိုင်ပါဦးမလား"

ထိုမေးခွန်းကြောင့် တာအိုဆရာ စန်းဝမ့်က စိတ်ထဲတွင် ကြိတ်ပြီး တွေးလိုက်မိသည်။

"ကျင့်ကြံ အောင်မြင်တဲ့သူ ရှိမယ် ဆိုရင်တောင်မှ သူပဲ ဖြစ်လိမ့်မယ်"

ထိုသူအကြောင်းကို စဉ်းစားလိုက်မိသည့် အခါတွင်တော့ ထိုသူကို ကြောက်ရွံ့ရမည်လား၊ လေးစားရမည်လား သို့မဟုတ် ကြောက်လည်းကြောက် လေးလည်း လေးစားရမည်လား သူ့စိတ်ထဲတွင် မသဲမကွဲ ဖြစ်နေရ လေတော့သည်။

"နတ်ဘုရားတွေတောင်မှ မင်းက ဟိုင်သန်းအဆင့်ကို အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာ ကြိုမပြောနိုင်ဘူး။ ဒါပေမယ့် ရုဟွအဆင့်ကို သုံးနှစ်၊ ငါးနှစ်၊ ဆယ်နှစ်နဲ့ အောင်မြင်မယ် ဆိုရင်တော့ မင်းမှာ အလားအလာ ရှိတယ်လို့ ပြောလို့ ရနိုင်တယ်"

တာအိုဆရာ စန်းဝမ့်က ခံစားချက် မဲ့စွာဖြင့် ပြောလိုက်လေသည်။

ထို့နောက်တွင်တော့ စန်းဝမ့်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး…

"အပြင်ကို သွားကြရအောင်။ ဆရာသခင်က မင်းတို့နှစ်ယောက်ကို တွေ့ချင်နေတယ်"

ဟု ပြောလိုက်လေသည်။

သူတို့သုံးယောက် ဝါးအဆောင်လေးထဲမှ ထွက်ခွာ လာခဲ့လေသည်။ အပြင်ဘက်တွင်တော့ ကျင်းချင်းအဖြစ် လူယောင် ဖန်ဆင်းထားသည့် မြွေပျံကြီးက စောင့်နေသည်ကို တွေ့ကြရလေသည်။

ကျင်းချင်းက စန်းဝမ့်ကို နှုတ်ဆက်စကား ဆိုခြင်း မရှိပါ။ သို့သော် မနေ့က ဖြစ်ပျက်ခဲ့သည့် အတွေ့အကြုံများ အရ လူစောယိမှာလည်း အံ့သြနေခြင်း မရှိတော့ပါ။

တာအိုဆရာ စန်းဝမ့်ကလည်း ကျင်းချင်း၏ ကျောပေါ်သို့ တက်ကာ ဆရာသခင်ဆီသို့ ဆန်းလျန်နှင့် လူစောယိကို လိုက်ပါပို့ဆောင် ပေးလေသည်။

တိမ်များကြားသို့ ရောက်သည့် အခါတွင်တော့ ကျင်းချင်းက ပျင်းရိပျင်းတွဲ လေသံဖြင့်…

"ရှောင်စန်းအော်။ မင်း ကျုပ်ကျောပေါ်မှာ ထိုင်တာဟာ နောက်ဆုံးအကြိမ် ဖြစ်မှာ စိုးရိမ်မိပါရဲ့။ မင်းရဲ့ဆရာ ပြီးတော့ မင်းရဲ့ ဆရာဘိုးဘိုး သူတို့တွေအားလုံး သေကုန် ကြပြီပဲ။ မင်းလည်း သူတို့နဲ့ မခြားပါဘူးကွာ"

ဟု စန်းဝမ့်ကို ပြောလိုက်လေသည်။

လူစောယိမှာ ရယ်ချင်စိတ်ကို ထိန်းထားရလေသည်။ ကျင်းချင်းမှာ ဆန်းလျန်နှင့် သူ့ကိုတော့ ဂိုဏ်းတူ အစ်ကိုများဟု ခေါ်ပြီး တာအိုဆရာ စန်းဝမ့်ကိုကျတော့ "ရှောင်စန်းအော်" ဟု ခေါ်နေသောကြောင့် ဖြစ်လေသည်။ ရှောင်စန်းအော်၏ အဓိပ္ပာယ်မှာ "သားလေးစန်း" ဟု အဓိပ္ပာယ် ရလေသည်။

သို့သော် လူစောယိ မသိသေးသည့် အချက်မှာ ချင်းရွှမ် နတ်တံခါးမှ တပည့်များတွင် ကြီးစဉ်ငယ်လိုက် အခေါ်အဝေါ်များနှင့် ပတ်သက်ပြီး စည်းကမ်း တင်းတင်းကြပ်ကြပ် သတ်မှတ် ထားခြင်း မရှိ ဆိုသည့် အချက်ပင် ဖြစ်လေသည်။ ထို့ပြင် ကျင်းချင်းမှာလည်း ချင်းရွှမ် နတ်တံခါးမှ တပည့်တစ်ယောက် မဟုတ်ပါ။ သူက တောင်ကို စောင့်ရှောက်ရသည့် မြွေနတ်မိစ္ဆာ တစ်ကောင်သာ ဖြစ်လေသည်။ ချင်းရွှမ် နတ်တံခါးတွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်လာပြီး အသက်မှာလည်း ကြီးသည်ထက် ကြီးလာလေသည်။ ထို့ကြောင့် သူက ဆရာသခင်၏ အမိန့်ကိုသာ နာခံသူ ဖြစ်ပြီး ကြီးစဉ်ငယ်လိုက် အခေါ်အဝေါ်များက သူ့အတွက်တော့ အရေးမကြီးလှပေ။

သူ့အနေဖြင့် ဂိုဏ်းတူအစ်ကိုဟုပဲ ခေါ်ခေါ် အရူးကောင်ဟုပဲ ခေါ်ခေါ် အရေးမကြီးပေ။ သူ ခေါ်ချင်သလိုသာ ခေါ်မည် ဖြစ်လေသည်။

သို့သော် သူက တာအိုဆရာ စန်းဝမ့်ကိုတော့ "ရှောင်စန်းအော်" ဟုသာ ခေါ်တတ်လေသည်။

မြွေ၏ သဘောသဘာဝမှာ အန္တရာယ် ပြုတတ်သည့် သွေးအေးသတ္တဝါ ဖြစ်လေသည်။ ထို့ပြင် ပင်ကိုယ်ကပင် အခြားသူများ၏ ကိစ္စများကို စိတ်မဝင်စား တတ်ပေ။ ကျင်းချင်းမှာ ချင်းရွှမ် နတ်တံခါးတွင် ကျင့်ကြံသူများနှင့်အတူ နေထိုင်သည့်အတွက် လူတစ်ယောက်ကဲ့သို့ ပြုမူသည့် အလေ့အကျင့် ရှိနေခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့်လည်း သူက စန်းဝမ့်၏ နောက်ဆုံးအချိန် နီးကပ်လာသည်ကို စိတ်ပူသည့် အနေဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်လေသည်။

ထိုအကြောင်းများကို မသိသေးသည့် ဆန်းလျန်နှင့် လူစောယိတို့မှာတော့ နားမလည်နိုင် ဖြစ်နေရ လေသည်။

တာအိုဆရာ စန်းဝမ့်မှာ ချင်းရွှမ်တောင်မှ သစ်ပင် ပန်းမန်များကအစ သံယောဇဉ် ရှိသူ တစ်ယောက် ဖြစ်သည့် အတွက်ကြောင့် ဤနေရာကို ခွဲခွာသွားလိုသည့် ဆန္ဒ အလျင်းမရှိပါ။ ကျင်းချင်းကတော့ ခံစားချက် သိပ်မရှိသည့် မြွေမိစ္ဆာ တစ်ကောင်မျှသာ ဖြစ်သော်လည်း လူနှင့် အနေ နီးသည့်အတွက် စန်းဝမ့်အတွက် ရင်ထဲတွင် စိတ်ပူမိသလို ဖြစ်နေလေသည်။

မြွေပျံကြီးမှာ တိမ်များကြားတွင် ပျံသန်းနေရင်းမှ ရုတ်တရက် ရပ်တန့်လိုက်ပြီး…

"ရှောင်စန်းအော် မိစ္ဆာ နတ်မိမယ် ရောက်လာတော့မယ်။ ငါတော့ ပြေးရတော့မယ်။ ဒီနှစ်ယောက် ကို ဆရာသခင်ဆီ မင်းပဲ ခေါ်သွားလိုက်တော့"

လူစောယိနှင့် ဆန်းလျန်မှာ မြွေပျံကြီး၏ ကျောပေါ်တွင် ထိုင်နေကြခြင်း ဖြစ်ပြီး မြွေပျံကြီးက သူ၏ ခန္ဓာကိုယ်ကို ခါယမ်းလိုက်သည့်အခါ ပြုတ်ကျမည် စိုးသောကြောင့် ထိတ်လန့်တုန်လှုပ် သွားကြရ လေသည်။ ခန္ဓာကိုယ်ကို တစ်ချက် ခါယမ်းလိုက်ကာ ကျင်းချင်းမှာ တိမ်စိုင်များထဲတွင် ပျောက်ကွယ် သွားလေပြီ။

သံမဏိဖြင့် လုပ်ထားသည့် ခန္ဓာကိုယ်ပင် ဖြစ်ပါစေ ဤမျှ မြင့်မားသည့် ကောင်းကင် အလယ်မှ ပြုတ်ကျမည် ဆိုပါက အရိုးတခြား အသားတခြား ဖြစ်သွားမည်မှာ ကျိန်းသေလေသည်။

သို့သော် တာအိုဆရာ စန်းဝမ့်၏ လက်တစ်ဖက်ပြတ်ပြီး တွဲလောင်း ကျနေသည့် အင်္ကျီလက်က သူတို့ နှစ်ယောက်လုံးကို နွယ်ပင် တစ်ခုကဲ့သို့ ရစ်ပတ် လိုက်လေသည်။

စန်းဝမ့်က သူတို့ကို တိမ်လှေ တစ်စင်းပေါ်သို့ တင်ပေးလိုက်လေသည်။

ထိုအချိန် ….

ကောင်းကင်ထက်မှ ကြည်လင်သည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။

"ဒီမြွေစုတ်ကတော့ ငါက မင်းဆီက အမြုတေလေး ခဏ ငှားချင်တာကို။ ဘယ်လိုဖြစ်လို့ ဆတ်ဆတ်ထိမခံ ဖြစ်နေလဲ မသိဘူး။ ဒီတစ်ခါ မဖမ်းမိလည်း ရှိစေတော့။ နောက်တစ်ခါ ဖမ်းမိ လို့ကတော့ မင်းငါ့ဆီက ခိုးစားသွားတဲ့ နှစ်တစ်ထောင် ခရမ်းရောင်သစ်သီး ပြန်အန် ထွက်တဲ့အထိ လုပ်ပစ်ဦးမယ်"

ဆန်းလျန်မှာ ထိုအသံကို မှတ်မိလိုက်လေသည်။ သို့သော် တိမ်စိုင်တိမ်လိပ်များ ကြားထဲတွင် အသံပိုင်ရှင်ကို မြင်တွေ့ရခြင်း မရှိပေ။

"ဒီအသံက မြစ်ကမ်းနံဘေးမှာ တွေ့ခဲ့တဲ့ ခရမ်းရောင် နတ်မိမယ်ရဲ့ အသံနဲ့ တူလိုက်တာ"

ဟု ဆန်းလျန် တွေးနေမိလေသည်။

တာအိုဆရာ စန်းဝမ့်၏ တန်ခိုးဖြင့် ထိန်းသိမ်း ထားသည့်တိုင် တိမ်တိုက်လှေမှာ ကောင်းကင် ထက်တွင် ယိမ်းထိုး နေလေသည်။

ဟိုဘက်ယိမ်း ဒီဘက်ယိမ်းဖြင့်ပင် နောက်ဆုံးတော့ ထိုက်ယီ တောင်ထိပ်သို့ ရောက်ရှိ သွားလေသည်။

စန်းဝမ့်မှာ လမ်းများကိုကျွမ်းကျင်သူဖြစ်သည့်အတွက် သူတို့နှစ်ယောက်ကို ခန်းမကြီးဆီသို့ လမ်းပြခေါ်ဆောင်သွားလေသည်။

ဤတစ်ကြိမ်တွင်တော့ တံခါး လာဖွင့်ပေးမည့် ကျင်းချင်း ရှိမနေတော့ပါ။ တာအိုဆရာ စန်းဝမ့် က ခန်းမကြီး၏ တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်ရောက်သွားလေသည်။

ယခင်တစ်ခေါက် တွေ့ဆုံခဲ့စဉ်က တာအိုဆရာသခင်မှာ ကျောက်သလွန်ထက်တွင် ကြာပန်း ပုံသဏ္ဌာန် တင်ပျဉ်ခွေ ထိုင်နေခဲ့လေသည်။

သို့သော် ယနေ့တွေ့ရသည့် တာအိုဆရာ သခင်ကတော့ မနေ့က တွေ့ရသည့် တာအိုဆရာသခင် ထက်ပိုပြီး ငယ်ရွယ်နုပျို နေလေသည်။

တာအိုဆရာ စန်းဝမ့်က တအံ့တသြဖြင့်….

"မနေ့က တစ်ခုခုများ ဖြစ်ခဲ့သလား မသိဘူး"

ဟုပြောလိုက်လေသည်။

ဆရာသခင်မှ မနေ့ကထက် ငယ်ရွယ်နုပျို နေသည်မှာ ဒဏ်ရာ အပြင်းအထန် ရထား သောကြောင့် ဖြစ်ကြောင်း စန်းဝမ့်က ရိပ်မိလိုက်လေသည်။

ဤသို့ ဖြစ်ရခြင်းမှာ ဆရာသခင်မှာ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာခန့်က ဒဏ်ရာ အပြင်းအထန် ရခဲ့ဖူးလေသည်။ သူက လျှို့ဝှက် ကျင့်စဉ်တစ်ခုကို လေ့ကျင့်ခဲ့ပြီး အသက်ဓာတ်ကို သူ၏ ကိုယ်ထဲတွင် တံဆိပ် ခတ်ထားပြီး အပြင်သို့ မထွက်အောင် စီမံထားခဲ့ လေသည်။ ထို့ကြောင့် သူ၏ ပုံသဏ္ဌာန်မှာ အိုမင်းနေခြင်း ဖြစ်ပြီး ကျေင်းတော်မှ အခြား ဆရာသခင်များ၏ ပုံသဏ္ဌာန်နှင့် ကွဲပြားနေခြင်း ဖြစ်လေသည်။

သူ၏ ပုံသဏ္ဌာန် ပြန်လည်နုပျို လာသည်မှာ ဒဏ်ရာ ရသည့်အတွက် သူ၏ ကိုယ်ထဲတွင် ထိန်းသိမ်းထားသည့် အသက်ဓာတ်မှာ အပြင်သို့ ထွက်ပေါ် လာခြင်းကြောင့် ဖြစ်လေသည်။

***

All Chapters