← Chapters

ခန်းမထဲမှ ဂါရဝဦးသုံးကြိမ်

Vol. 1 Ch. 73

ခန်းမထဲမှ ဂါရဝဦးသုံးကြိမ်

Vol. 1 Ch. 73

ဆရာသခင်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရင်း…

"ဘာကိစ္စမှတော့ မရှိပါဘူး။ ဆန်းလျန်နဲ့ လူစောယိတို့ကို ပြောစရာလေးတွေ ရှိလို့ပါ"

ဟု ပြောလိုက်လေသည်။

တာအိုဆရာ စန်းဝမ့်က ဘေးတွင် အသာရပ်နေလိုက်သည်။ သူ့ဘဝတစ်ခုလုံးတွင် လေးစား ခဲ့ရသည့် ပုဂ္ဂိုလ်မှာ ဆရာသခင်ပင် ဖြစ်လေသည်။ စန်းဝမ့်မှာ ဆရာသခင်၏ တပည့်ရင်းတစ်ယောက် မဟုတ်ပေ။ သို့သော် စန်းဝမ့်၏ ဆရာနှင့် ဆရာဘိုးဘိုးတို့ ဆုံးပါး သွားပြီးနောက်ပိုင်း သူ၏ ကျင့်စဉ် လမ်းတွင် ရင်ဆိုင်နေရသည့် အခက်အခဲများကို ဆရာသခင်က ဆက်လက်သင်ကြား ပြသပေးခဲ့ လေသည်။

စန်းဝမ့်မှာ နာမည်ကျော်ကြားသည့် ကျင့်ကြံသူတစ်ဦး မဟုတ်ပါ။ သို့သော် ဆရာသခင်က သူ့ကို စေတနာ ထားကာ များစွာသင်ကြား ပြသပေးခဲ့လေသည်။

ဆန်းလျန်နှင့် လူစောယိတို့ ဆရာသခင်၏ ရှေ့တွင် မတ်တတ် ရပ်နေကြသည်။

ဆရာသခင်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် စတင်စကား ပြောလိုက်သည်။

"ဟိုးအရင် အစပိုင်းတုန်းက ကျင့်စဉ်လမ်းကို ဘယ်သူမှ စိတ်မဝင်စားခဲ့ကြဘူး။ ဗောဓိဿကျနဲ့ သူ့ရဲ့ တပည့်နတ်ဒေဝါတွေ ကျင့်ကြံမှု အောင်မြင်ပြီး တရားရသွားတဲ့ အခါမှာတော့ တရားရှာချင်တဲ့ လူသားတွေအတွက် မျှော်လင့်ချက် ရှိလာခဲ့တယ်။

အဲဒီနောက်မှာတော့ တာအိုဆရာသခင် ထိုက်ယီဟာ ကျင့်စဉ်လမ်းအဆင့် ကိုးဆင့်ကို စတင် သတ်မှတ် ပေးခဲ့တယ်။ တာအိုကျောင်းတော်တွေမှာ အဲဒီအဆင့် ကိုးဆင့်အတိုင်း တရားကျင့်ကြံ ကြရတယ်"

"ကျုပ်တို့ဆရာ ဘိုးဘိုးယွမ်ချင်းက ဆရာသခင် ထိုက်ယီဆီကနေ ကျင့်စဉ်လမ်းကို သင်ယူခဲ့တဲ့ တပည့် တစ်ယောက်ပဲ။ ဆရာဘိုးဘိုး ယွမ်ချင်းကို ပညာ သင်ပေးပြီးနောက်ပိုင်း ဆရာသခင် ထိုက်ယီဟာ ပျောက်ကွယ် သွားတော့တာပဲ။ အဲဒီနောက်တော့ ဒီနေရာမှာ ချင်းရွှမ်နတ်တံခါးကို စတင် တည်ထောင် ခဲ့တယ်"

"ဒီချင်းရွှမ်တောင်ရဲ့ တောင်ငါးလုံးမှာ ဆရာသခင် ထိုက်ယီရဲ့ အရိပ်အငွေ့တွေ ရှိနေတယ်။ ဆရာသခင်နဲ့ ရေစက်ရှိသူတွေဟာ ဒီမှာ တပည့်အဖြစ် ကျင့်ကြံသူတွေ ဖြစ်လာတယ်"

"ဆရာဘိုးဘိုး ယွမ်ချင်း မရှိတော့တဲ့ နောက်ပိုင်းမှာလည်း ချင်းရွှမ်နတ်တံခါးမှာ ကျင့်ကြံသူ မျိုးဆက် သုံးဆယ့်သုံးဆက်အထိ ဆက်လက် ရှိနေခဲ့တယ်။ ကျင့်စဉ် အောင်မြင်ပြီး တရားရသွားတဲ့ သူက အယောက်လေးဆယ် ရှိတယ်။ သူတို့ရဲ့ ပုံတူတွေ ထိုက်ဝေ့ ထိုင်ခန်းမထဲမှာ ရှိတယ်"

"တချို့နတ်ဘုရားတွေက လူတွေကို ကယ်တင်နေကြတယ်။ တချို့ ကျတော့လည်း တောင်တွေ မြစ်တွေမှာ လှည့်လည် နေထိုင်ကြတယ်။ တချို့ကျတော့လည်း ကြယ်စင်တွေဆီ အထိ ခရီးနှင်ကြတယ်"

"ခုတော့ တောင်ကိုစောင့်နေတဲ့ နတ်ဘုရားတစ်ပါးပဲ ရှိတော့တယ်။ မင်းတို့ တပည့် အစစ်အမှန် ဖြစ်လာတဲ့ တစ်နေ့ကျရင် သူ့ကို တွေ့ခွင့် ရလိမ့်မယ်"

လူစောယိက…

"တပည့် အစစ်အမှန် ဖြစ်တယ်ဆိုတာ ဘာကိုကြည့်ပြီး ဆုံးဖြတ်တာလဲ"

ဟု မေးလိုက်လေသည်။

"မင်းတို့ရဲ့ ကြိုးစားမှုနဲ့ ဟိုင်သန်းအဆင့်ကို တက်ရောက်နိုင်တဲ့ အခါကျရင် တပည့်အစစ်အမှန် အဖြစ် သတ်မှတ်နိုင်တယ်။ နောက်တစ်မျိုးပြောရရင် အဲဒီလိုအဆင့် ရောက်ပြီဆိုတာနဲ့ ချင်းရွှမ်လမ်းစဉ် ကို ဆက်ခံနိုင်တဲ့ တကယ့် တပည့်အစစ်အမှန် ဖြစ်ပြီပဲ"

ဆရာသခင်ဖြစ်သူက ခပ်ဖြည်းဖြည်း ပြောကြားလိုက်လေသည်။

"တပည့် အစစ်အမှန်နဲ့ သာမန် တပည့်ကရော ဘယ်လို ကွာခြားတာပါလဲ ဆရာသခင်"

ဆန်းလျန်က ရုတ်တရက် မေးလိုက်လေသည်။

သူက ယခုအချိန် အတောအတွင်းတွင် သူ့အကြောင်း အားလုံးကို လှစ်ဟပြခြင်း မရှိသေးပေ။ သူက ချင်းရွှမ်နတ်တံခါးကို တိတ်တဆိတ် လေ့လာနေခြင်း ဖြစ်လေသည်။

ဆန်းလျန်မှာလည်း အရာရာကို သိမြင်နိုင်သူ မဟုတ်ပါ။ ထို့ကြောင့် စန်းဝမ့်နှင့် ဆရာသခင်တို့၏ ကျင့်ကြံမှုအဆင့် ဘယ်အထိ ရောက်နေသည်ကို မသိနိုင်ပေ။

ဆရာသခင်က သူ၏ မုတ်ဆိတ်မွေးများကို အသာအယာ သပ်လိုက်ရင်း ရယ်မော လိုက်လေသည်။

"ဆန်းလျန် ကွာခြားချက်က ဘာလို့ မင်းထင်သလဲ"

ဆန်းလျန်က ဆရာသခင်ကို ပေါ့ပေါ့ပါးပါးပင် လှမ်းကြည့်လိုက်ပြီး…

"လုပ်ဆောင်ချက်ကလွဲပြီး ကွာခြားချက် မရှိဘူးလို့ပဲ ထင်မိပါတယ်"

ဆန်းလျန် အဖြေကြောင့် ဆရာသခင်၏ မျက်နှာတွင် မည်သည့် အမူအရာမှ ဖြစ်ပေါ်သွားခြင်း မရှိပါ။

"ဆန်းလျန် ဂိုဏ်းတူညီလေးဟုန်ရဲ့ ရွှမ်ကျိ ကျင့်စဉ်ပညာကို မင်းနားလည်ခဲ့တယ်လို့ ကြားတယ်။ အဲဒီတော့ မင်းက တခြားထပ်ပြီး ကျင့်ကြံစရာ မလိုတော့ဘူး။ ဒါနဲ့ ခုတလော နတ်တံခါးမှာ မှော်ကျောက်စိမ်းတွေ သိပ်မကျန်တော့ဘူး။ ဝိညာဉ်မြစ်နားကို သွားပြီး တစ်လကို မှော်ကျောက်စိမ်း အလုံးနှစ်ဆယ် ကောက်ပေးနိုင်မလား။ ပြီးရင် ကျုပ်ဆီလာပေးပေါ့"

ဆရာသခင်၏ စကားကြောင့် စန်းဝမ့်က မဝံ့မရဲဖြင့် ဝင်ပြောလိုက်သည်။

"ဆရာသခင် မှော်ကျောက်စိမ်း အလုံးနှစ်ဆယ် ကောက်ခိုင်းတာ မများလွန်းဘူးလား"

"များသွားလို့လား။ ဒါဖြင့် နောက်ထပ် ဆယ်လုံးထပ်ပေါင်းပြီး အလုံးသုံးဆယ် ကောက်ခဲ့…"

ဆရာသခင်က သိမ်မွေ့စွာ ပြောလိုက်လေသည်။

တာအိုဆရာ စန်းဝမ့်မှာ နောက်ထပ်စကား မပြောရဲတော့ပေ။ ဆန်းလျန်ကတော့ မည်သည့် ခံစားချက်ကိုမှ ထုတ်ဖော်ပြသခြင်း မရှိပေ။

တာအိုဆရာ စန်းဝမ့်က ဆန်းလျန်၏ မျက်နှာကို ကြည့်လိုက်ရင်း ခေါင်းကို ခါယမ်းလိုက် လေသည်။ ဒီလူငယ်လေးမှာ ဝိညာဉ်မြစ်၏ ရက်စက်မှုများ အကြောင်းကို သိပုံ မပေါ်သေးဟု တွေးလိုက် မိလေသည်။ သူ့ကို ဝိညာဉ်မြစ်နံဘေးတွင် မှောက်ကျောက်စိမ်း အလုံးသုံးဆယ် ကောက်ခိုင်းခြင်းမှာ တကယ့်ကို နာကျင်စေမှာ ဖြစ်လေသည်။  ဆန်းလျန်မှာ အမှား လုပ်မိသောကြောင့် ဆရာသခင်က ဤမျှ ခက်ခဲသည့် စမ်းသပ်မှုဖြင့် အပြစ်ပေးလေ သလားဟုပင် စန်းဝမ့် တွေးတောနေမိလေသည်။

"ဆန်းလျန် မင်း လုပ်ချင်စိတ်ရော ရှိရဲ့လား"

ဆရာသခင်က မေးလိုက်လေသည်။

ဆန်းလျန်က ခေါင်းညိတ် ပြလိုက်လေသည်။

ဆရာသခင်က လူစောယိဘက်သို့ လှည့်ကြည့်လိုက်လေသည်။

"ဆရာပိုင်ရှီက ကျုပ်ကို အကြောင်းကြား ပြီးပါပြီ။ ပြီးတော့ မင်းကလည်း ဝမ့်ရှင်းလမ်းကို ကျော်ဖြတ် လာနိုင်ခဲ့တဲ့ သူဆိုတော့ မင်းရဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း သိမြင်ဖို့ လုံလောက်ပါပြီ။ ခုချိန်ကစပြီး ကျုပ်ရဲ့ အဆောင်မှာ ကျင့်စဉ်လမ်းတွေ သင်ယူတဲ့ တပည့်တစ်ယောက်အဖြစ် လက်ခံလိုက်ပြီ။ ချင်းရွှမ် နတ်တံခါးရဲ့ ဥပဒေအရတော့ မင်းက ရှယွမ့် အဆောင်မှာပဲ နေရလိမ့်မယ်"

လူစောယိမှာ ဆရာသခင်၏ စကားကြောင့် အလွန် ပျော်ရွှင်သွားလေသည်။ သို့သော် သူက ဆန်းလျန်ကို တစ်ချက် ကြည့်လိုက်ပြီး…

"ဆရာသခင် ညီလေးဆန်းကိုရော ဆရာ့ရဲ့တပည့်အဖြစ် လက်မခံဘူးလား။ သူက အရည်အချင်း ရှိသလို နားလည်နိုင်စွမ်းလည်း မြင့်မားတယ်။ ကျွန်တော့်ထက်လည်း သာတယ်။ ပြီးတော့ သူက ကျင့်စဉ်လမ်းအတွက် အခြေခံ ကျင့်စဉ်တွေကိုလည်း တတ်မြောက် ထားသေးတယ်"

လူစောယိမှာ စိတ်မြန်လက်မြန်ဖြင့် ဆန်းလျန်အတွက် ဝင်ပြောပေးမိပြီးမှ ထိတ်လန့်သွားပြီး ပါးစပ်ကို ပိတ်ထားလိုက်လေသည်။

"မင်းအတွက်ပဲမင်း စိတ်ပူသင့်တယ်။ မင်း ဆန်းလျန်ကို ဒီလောက်အထင်ကြီး လေးစားနေတယ် ဆိုရင် ကျုပ်က ပညာသင်ပေးစရာ မလိုတော့ဘူးလား"

ဆရာသခင်က ပြန်ပြောလိုက်လေသည်။

ထို့နောက် ဆရာသခင်က လက်ဝှေ့ယမ်းလိုက်ပြီး…

"မင်းတို့နှစ်ယောက် အပြင်မှာ စောင့်နေကြ။ စန်းဝမ့် ခဏနေခဲ့ဦး"

ဆန်းလျန်နှင့် လူစောယိတို့ ထွက်ခွာသွားကြလေသည်။

လူစောယိနှင့် ဆန်းလျန်မှာ ခန်းမအပြင်ဘက်တွင် စောင့်နေကြလေသည်။

လူစောယိက…

"ညီလေးဆန်း ကျုပ်က ဆရာသခင်ကို ကျုပ်ရဲ့ ဆရာရင်း ဖြစ်လာမယ်လို့ မျှော်လင့်မထားခဲ့ မိဘူး"

ဟု ပြောလိုက်လေသည်။

ဆန်းလျန်က အနည်းငယ် ပြုံးလိုက်ရင်း…

"မင်း ဒီအခွင့်အရေးကို အပြည့်အဝယူပြီး ဟိုင်သန်းအဆင့်ထိ တက်လှမ်းနိုင်အောင် ကျင့်ကြံပါ။ ဒါမှ ဘယ်တော့မှ မသေတဲ့ နတ်ဘုရားတစ်ပါး ဖြစ်လာမှာ"

ဟု ပြောလိုက်လေသည်။

"ဒါပေမဲ့ ဆရာသခင်က မင်းကိုတော့ တပည့်အဖြစ် လက်မခံဘူး။ ကြည့်ရတာ ဝတ်ရုံနီ အဘိုးအိုကများ မင်းရဲ့ဆရာ ဖြစ်လာမလားမသိဘူး"

လူစောယိက ပြောလိုက်လေသည်။

"ဘယ်သိနိုင်မလဲလေ။ ချင်းရွှမ်နတ်တံခါးကို ဝင်ရောက်နိုင်ပြီး ကျင့်စဉ်လမ်းကို လျှောက်လှမ်း နိုင်တာကိုပဲ ကျုပ်က ကျေနပ်လှပါပြီ"

ဆရာသခင်၏ ရက်စက်သည့် ဆက်ဆံမှုများအပေါ်တွင် ဆန်းလျန်က တကယ်ပင် ဗွေယူခဲ့သူ မဟုတ်ပါ။ ဆရာသခင်ကို မနှစ်သက်ခြင်းလည်း မဖြစ်မိပါ။

ချင်းရွှမ်နတ်တံခါးမှ ဆရာသခင်မှာ ဆန်းလျန်ကဲ့သို့ သာမန်လူငယ်လေး တစ်ယောက်ကို မုန်းတီး နေသည်မှာ အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း။ ဆရာသခင်ထံတွင် အကြောင်းပြချက်တော့ ရှိမည် ဖြစ်လေသည်။

ဆရာသခင်၏ တပည့်ရင်းတစ်ယောက် ဖြစ်သည်နှင့်ပင် ဟိုင်သန်းအဆင့်၏ ပြောင်းလဲခြင်း တရား ကိုးခုကို ကျင့်ကြံအောင်မြင်နိုင်မည် ဆိုပါက ချင်းရွှမ်နတ်တံခါးမှ တပည့်တိုင်းမှာ နတ်ဘုရား မဖြစ်မည့်သူ ရှိမည် မဟုတ်တော့ပေ။

ဂိုဏ်းတူအစ်ကို ချန်ကျန်းမေသည်ပင်လျှင် ဟိုင်သန်းအဆင့်သို့ တက်ရောက်နိုင်ရန်အတွက် နှစ်ပေါင်းလေးဆယ် ကျင့်ကြံခဲ့သည့်တိုင် မတက်ရောက်နိုင် ဖြစ်နေရသည် မဟုတ်ပါလား။

ဆန်းလျန် ချင်းရွှမ်နတ်တံခါးသို့ လာရောက်ခြင်းမှာ ကျင့်ကြံမှု လမ်းစဉ်ကို ပိုပြီး နားလည် ချင်သောကြောင့်သာ ဖြစ်လေသည်။ ဆန်းလျန်က သူလိုချင်သည့် အချက်ကို ကောင်းစွာသိမြင်ထားသူ ဖြစ်လေသည်။

***

"ဆရာသခင်ကြည့်ရတာ ဆန်းလျန်ကို သဘောမကျဘူးလား"

စန်းဝမ့်က မေးလိုက်လေသည်။

"ဒီကလေး ဝမ့်ရှင်းလမ်းကို ဖြတ်ကျော် လာကတည်းက ကျုပ် သူ့ကို လေ့လာနေခဲ့တာ။ သူ့ရဲ့ စိတ်က ဖြူစင် သန့်ရှင်းလွန်းတယ်။ သိပ်ကို အလားလာကောင်းရှိတဲ့ လူငယ်လေးပဲ။ ဂိုဏ်းတူညီလေး ဟုန်ကလည်း ဆန်းလျန်ကို တပည့်အဖြစ် လက်ခံဖို့ ပြောခဲ့သေးတယ်။ ဒါပေမဲ့ ကျုပ် လက်မခံခဲ့ဘူး"

"ဘာဖြစ်လို့များလဲ"

တာအိုဆရာ စန်းဝမ့်မှာ နားမလည်နိုင် ဖြစ်နေရလေသည်။ ကျင့်စဉ်လမ်းတွင် အလားအလာ ကောင်း ရှိခြင်းက အရေးပါသည့် အချက်တော့ မဟုတ်ပါ။ သို့သော် အနည်းဆုံးတော့ အလားအလာ ရှိသူများက အောင်မြင်နိုင်သည့် အရည်အသွေး ရှိကြသည်သာ ဖြစ်လေသည်။ ထို့ပြင် ဆန်းလျန်၏ စိတ်ဝိညာဉ်မှာ စွမ်းအားကြီးမားပြီး သူ၏ ကိုယ်ရည်ကိုယ်သွေးကလည်း ကောင်းမွန်လေသည်။ ဆရာဦးလေး ဟုန်၏ ကျိဝေ့တုန်း ကျင့်စဉ်အဖြေကိုသာ ဆန်းလျန် ကျင့်ကြံနိုင်ခွင့် ရခဲ့လျှင် ရုဟွအဆင့်မှ ဟိုင်သန်းအဆင့်သို့ တစ်ခါတည်း တက်လှမ်းနိုင်သွားမည် ဖြစ်လေသည်။ ဟိုင်သန်းအဆင့်၏ ပြောင်းလဲခြင်း အဆင့်ခြောက်ခုကိုပင် အောင်မြင်လျှင် ဆန်းလျန်မှာ ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်သွား နိုင်လေသည်။

"နတ်ဘုရားတွေဟာ ကိုယ်ထင်ပြလေ့ မရှိဘူး"

ဆရာသခင်က အနည်းငယ် ပြုံးရင်း ပြောလိုက်လေသည်။ ထိုအပြုံးကို နားလည်ရန်မှာ ခက်ခဲ လွန်းလှလေသည်။

"ဒါနဲ့ ဆရာသခင်က ဆရာပိုင်ရှီကို လူစောယိကို တပည့်အဖြစ် လက်ခံဖို့ ဘာလို့ကတိ ပေးခဲ့ရတာလဲ"

တာအိုဆရာ စန်းဝမ့်မှာ ထိုအချက်ကိုလည်း နားလည်နိုင်ခြင်း မရှိပါ။ ဆရာသခင်မှာ လူစောယိ ကို တပည့်အဖြစ် လက်ခံ လိုက်သည်မှာ အလွန်မှ မြန်ဆန်နေသည်ဟု ထင်နေမိလေသည်။ အမှန်တော့ ဆရာသခင်၏ တပည့်ရင်းဆို၍ ယခု အချိန်ထိ နှစ်ယောက်သာ ရှိသေးသည်။

"လူစောယိက ဖြောင့်မတ်မှန်ကန်တဲ့ သူတစ်ယောက်ပဲ။ သူ့စိတ်က ဖြူစင်တယ်။ သူဟာ အနာဂတ်မှာ ကျန်းမေထက်တောင် သာသွားနိုင်တယ်။ "လူတစ်ယောက်က သူ့ဘဝရဲ့ သက်တမ်း တစ်ဝက်ကို ကျင့်ကြံရင်း ကုန်ဆုံးခဲ့တာကို ဘယ်သူမှ မသိနိုင်ဘူး။ တစ်ချိန် အောင်မြင်မှု ရသွားမှသာ လောကကြီးက အံ့သြကြမယ်" ဆိုတဲ့ နိမိတ်စကားက ကျန်းမေ အတွက်ပဲ။ ဒါပေမဲ့ သူက လွယ်လွယ်နဲ့ ထိရှလွယ်တယ်။ အဲဒါက သိပ်ကို သနားစရာကောင်းတဲ့ အချက်ပဲ"

စန်းဝမ့်မှာ ဆရာသခင်က လူစောယိကို ချန်ကျန်းမေထက် သာမည်ဟု ပြောလိုက်သည့်အတွက် အံ့သြ နေရလေသည်။ သူက ဆရာသခင်ထိုသို့ ပြောလိမ့်မည်ဟု မျှော်လင့် မထားခဲ့ပါ။

"ဒီကိစ္စတွေ ထားလိုက်ပါတော့လေ။ အခု မင်းအလှည့် ရောက်ပြီ"

ဆရာသခင်က ပြောလိုက်လေသည်။

"တပည့် မခံယူဝံ့ပါဘူး ဆရာဦးလေး"

တာအိုဆရာ စန်းဝမ့်က ခေါင်းငုံ့ရင်း ပြောလိုက်လေသည်။

"ကျုပ်ဆီက ပြဒါးရှင်လုံး လိုချင်တယ်ဆိုရင် ခုပဲ မင်းကိုပေးမယ်။ ဒီကျောင်းတော်မှာ ဒီပစ္စည်းက ကန့်သတ်ပစ္စည်း ဆိုပေမဲ့ မင်းကို တစ်ခုလောက်တော့ ပေးလို့ရပါတယ်"

ဆရာသခင်က စန်းဝမ့်ကို တစ်ချက် လှမ်းကြည့်ရင်း သက်ပြင်း ချလိုက်လေသည်။

"ကျွန်တော်သာ လက်ခံရင် စန့်ယွမ့်အဆောင်က ဂိုဏ်းတူအစ်ကိုတွေက ဘယ်ကျေနပ် ကြပါ့ မလဲ။ နောက်ထပ် နှစ်ပေါင်းသုံးရာ ထပ်နေနိုင်မယ့် အခွင့်အရေးကို ဘယ်သူက မလိုချင်ပဲ ရှိပါ့မလဲ။ ကျွန်တော် နောင်ဘဝမှပဲ ချင်းရွှမ် နတ်တံခါးကို ပြန်လာပါတော့မယ်"

"ဒေါသကြီးတဲ့ လူတွေဟာ မီးလိုပဲ။ အရာအားလုံးကို လောင်ကျွမ်း သွားစေတယ်။ ရေခဲလို အေးစက်မာကျောတဲ့ လူတွေကတော့ သူတို့နဲ့ တွေ့သမျှကို သေစေလိမ့်မယ်။ မာနကြီးပြီး ခေါင်းမာတဲ့ သူတွေကတော့ ရေပုပ်ထဲက သစ်သားချောင်းလိုပဲ။ ရှင်သန်ဖို့ မဖြစ်နိုင်ဘူး။ အဲဒီ လူသုံးမျိုးဟာ ကျင့်စဉ်လမ်းကို မအောင်မြင်နိုင်ဘူး။ မင်းကသိပ်ပြီး ခေါင်းမာတာပဲကိုး။ ကောင်းပြီလေ မင်းစိတ် ကျေနပ်သလိုသာ လုပ်ပါ"

တာအိုဆရာ စန်းဝမ့် ဒူးထောက် ချလိုက်လေသည်။ သူက ကြမ်းပြင်နှင့် ဦးခေါင်းကို ပြင်းထန်စွာ ထိလိုက်ပြီး ဆရာသခင်ကို ဦးသုံးကြိမ် ချလိုက်လေသည်။

သူ့နဖူးထက်မှ သွေးများပင် ထွက်လာလေသည်။

ဆရာသခင်က စန်းဝမ့်ကို တားဆီးခြင်း မရှိပါ။ ဦးသုံးကြိမ် ချသည်ကို ခံယူလိုက်လေသည်။

***

All Chapters