ကျောင်းတော်သို့ ဝင်ရောက်ခြင်း
Vol. 1 Ch. 74
ဆန်းလျန်နှင့် လူစောယိမှာ ခန်းမ အပြင်ဘက်တွင် ရပ်နေပြီး ခန်းမထဲတွင် ဘာဖြစ်နေသည်ကို မသိကြပါ။ ခဏ စောင့်နေပြီးသည့်နောက် ဆန်းလျန် တစ်ယောက်တည်းကို ဝင်လာခိုင်းသည့် ဆရာသခင်၏ အသံကို ကြားလိုက်ရလေသည်။
ဆရာသခင်က သူ၏ တပည့်အသစ် လူစောယိကို ဆန်းလျန်နှင့်အတူ ဝင်လာခွင့် မပြုပေ။
ဆန်းလျန် ခန်းမထဲသို့ ရောက်သည်နှင့် တာအိုဆရာ စန်းဝမ့်ကို မတွေ့ရတော့ပေ။ ဆန်းလျန်၏ အာရုံခံစားမှု အားကောင်းသည့်တိုင် ထိုထူးခြားသည့် အခြေအနေအတွက် တုံ့ပြန်မှု မပြုဘဲ နေလိုက် လေသည်။
ဆရာသခင်က ကျောက်သလွန်ထက်တွင် ထိုင်နေလေသည်။ ထိုင်နေရာမှ ထလာခြင်း အလျင်း မရှိပါ။ သို့သော် သူ၏ လက်ခလယ်က ဆန်းလျန်၏ မျက်ခုံးနှစ်ခု အလယ်သို့ ထိလိုက်လေသည်။ ဝေးကွာလှသော နေရာမှ လှမ်းထိလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်၏ မျက်ခုံးနှစ်ခုကြားတွင် လေအေးတစ်ချက် ထိတွေ့သွားသည်ကို ခံစား လိုက်ရပြီး စာပိုဒ်တစ်ပိုဒ်နှင့် ရုပ်ပုံတစ်ပုံ သူ၏ စိတ်ထဲတွင် ပေါ်လာလေသည်။ ထိုစာရွက်နှင့် ရုပ်ပုံမှာ ဆန်းလျန် စစ်တုရင်ခုံပေါ်မှ သင်ယူ လေ့ကျင့်ခဲ့သည့် ရွှမ်ကျိကျင့်စဉ် အပြည့်အစုံ ဖြစ်လေသည်။ သူ့အာရုံတွင်းသို့ ဝင်လာသည့် စာရွက်နှင့် ရုပ်ပုံတွင် ရွှမ်ကျိကျင့်စဉ်အကြောင်း ပိုပြီး ပြည့်စုံသည့် မှတ်ချက်များနှင့် ပညာရပ်များ ပါဝင်လေသည်။
"ထုံးတမ်းစဉ်လာများမှာ ရေးမှတ်ထားခြင်းမရှိ" ဆိုသည့် ဆိုရိုးစကားတစ်ခု ရှိလေသည်။ ဆိုလိုသည်မှာ ထုံးတမ်းစဉ်လာများမှာ ရေးသားထားခြင်း မရှိသည့်တိုင် အစဉ်အဆက် လိုက်နာကျင့်သုံး သွားကြမြဲ ဖြစ်လေသည်။ ယခုတော့ ဆန်းလျန်မှာ ထိုသို့သော အခြေအနေနှင့် ကြုံတွေ့ရပြီ ဖြစ်လေ သည်။
ဆန်းလျန်မှာ ပျော်ရမည်လား အံ့သြရမည်လားပင် မသိတော့။ သူက "စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း" စာအုပ်ကို အချိန်ကြာမြင့်စွာ လေ့ကျင့်ခဲ့သူ ဖြစ်လေသည်။ ထို ကျင့်စဉ်များက သူ့ကို စိတ်အာရုံ စုစည်းစေပြီး စိတ်ကို တည်ငြိမ်စေလေသည်။ မည်သို့သော ကြီးမားသည့် ကိစ္စများ၊ အခက်အခဲများနှင့် ရင်ဆိုင်ရပါစေ သူက အေးဆေး တည်ငြိမ်စွာပင် ရင်ဆိုင်ခဲ့သူ ဖြစ်လေသည်။
ဆန်းလျန်က မျက်လုံးများကို ခဏ မှိတ်လိုက်ပြီးမှ ပြန်ဖွင့် ကြည့်လိုက်လေသည်။ သူက ဆရာ သခင်ကို ဦးညွှတ်လိုက်သည်။ အစွမ်းသတ္တိနှင့် ပညာဖြန့်ဝေ ပေးသူကို ရိုသေ လေးစားရမည် မဟုတ် ပါလား။
ဆရာသခင်၏ မျက်နှာတွင် လေးစားသည့် အမူအရာများ ပေါ်ပေါက်လာပြီး…
"အကြောင်းမရှိဘဲ ဒေါသ မထွက်တတ်ဘူး။ ရန်သူကို တွေ့ရင်လည်း မကြောက်လန့်တတ်ဘူး။ ဆန်းလျန် … မင်းမှာ အလွန့်အလွန် နက်နဲသိမ်မွေ့တဲ့ စရိုက်လက္ခဏာ ရှိတာပဲကိုး"
ဟု ပြောလိုက်လေသည်။
"ဆရာသခင် ကျွန်တော့်ကို တစ်ယောက်တည်းတွေ့ဖို့ ခေါ်တာ ချီးကျူးရုံ သက်သက်အတွက် မဟုတ်မှာ စိုးရိမ်မိပါတယ်"
ဆန်းလျန်က ပြောလိုက်လေသည်။
သူ၏မျက်နှာမှာ ပကတိ တည်ငြိမ်အေးချမ်း နေလေသည်။ ကျင့်ကြံသူတစ်ယောက် မှန်းဆ ကြည့်နိုင်ရန်မှာ ခက်ခက်လှလေသည်။ သို့သော် စိတ်ခံစားမှုများကို ကြာရှည် ခံစားနေလျှင် မည်သည့် အခါမျှ ပြီးဆုံးနိုင်မည် မဟုတ်တော့ပေ။
ဆန်းလျန်က ဝမ့်ရှင်းလမ်းကို အမြန်ဆုံး ကျော်ဖြတ် လာနိုင်ခဲ့သူ တစ်ယောက် ဖြစ်လေသည်။ အနီရောင်ဝတ် အဘိုးအိုမှာပင် အံ့သြမှင်တက်ဖြစ်ရကာ သူ့ကို တပည့်အဖြစ် သတ်မှတ်ရန်အတွက် ချက်ချင်းပင် ကျင့်စဉ်တစ်ခု သင်ပေးခဲ့သည်။ ထိုကျင့်စဉ်ကို ဆန်းလျန်ကလည်း နားလည် သဘောပေါက်ပြီး ကျင့်ကြံနိုင်ခဲ့သည်။ ဤအချက်များကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်တွင် အလွန် ကောင်းသည့် အလားအလာ ရှိသည်ကို သိရှိနိုင်လေသည်။ ဆရာသခင်မှာ ချင်းရွှမ် နတ်တံခါးကို အုပ်ချုပ်သည့် တာအိုဆရာသခင် တစ်ပါးဖြစ်လေသည်။ ဆန်းလျန်ကို ရောက်ရောက်ချင်း စတင် နှိပ်စက်သည်မှာ အကြောင်းမရှိဘဲ မဖြစ်နိုင်ပေ။ ထိုအချက်ကို ဆန်းလျန်သေချာစွာ သိထားလေသည်။
လူသားဖြစ်စေ၊ မိစ္ဆာဖြစ်စေ၊ အခြားသော သက်ရှိသတ္တဝါ မည်သူမဆို စိတ်ခံစားမှု ရှိကြမည်သာ ဖြစ်လေသည်။ သူတို့အားလုံးတွင် လိုချင်မှု ဆန္ဒများစွာ ရှိကြလေသည်။ ဤသည်မှာ သဘာဝပင် ဖြစ်ပြီး ကျင့်ကြံသူ များမှာလည်း ထိုအတိုင်းပင် ဖြစ်လေသည်။ သို့သော် ဆန်းလျန်မှာ သူ့ဘဝအတွက် ရယူခြင်းနှင့် ဆုံးရှုံးခြင်းများ အပေါ်တွင် စိုးရိမ်ပူပန်တတ်သူ မဟုတ်ပါ။ ဝံပုလွေ နတ်ဘုရား အဘိုးအို ရှင်းက တွေ့ဆုံရန် ဖိတ်ကြားခဲ့စဉ်ကပင် အနိုင်အရှုံးကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ သူသွားရောက် တွေ့ဆုံခဲ့လေသည်။
အနိုင်အရှုံး တွက်ချက်ခြင်း မရှိမှသာ ဆက်ဆံရေးက ကြာရှည်တည်မြဲမည် ဖြစ်လေသည်။
"ကျုပ်တို့ သက်တမ်းကျင့်ကြံသူတွေမှာ ကျုပ်ကို အထင်ကြီးတဲ့သူတွေ ရှိသလို အထင်သေးတဲ့ သူတွေလည်း ရှိတာပဲ။ ဒါတွေအားလုံးက တိမ်ခိုးတွေလို ပျောက်ပျက် သွားကြတာပါပဲ။ မှန်တဲ့သူလည်း ရှိသလို မှားတဲ့သူလည်း ရှိတာပဲလေ။
ချင်းရွှမ် နတ်တံခါးက နှစ်ငါးဆယ်မှ တစ်ခါဖွင့်တယ်။ တပည့်ဆယ်ယောက်ကို လက်ခံတယ်။ ဒါဟာ ကံတရားအတိုင်း ရွေးချယ်တာ ဆိုပေမဲ့လည်း ချင်းရွှမ်လမ်းစဉ်အတွက် သွေးသစ်လောင်းတာ ပါပဲ။ မင်းလို ဝိညာဉ်လွှင့်နိုင်တဲ့ ချောင့်တုန့်အဆင့်ထိ ရောက်နေတဲ့ လူငယ်မျိုးကတော့ တကယ့်ကို ရှားပါးတယ်။ ချင်းရွှမ်နတ်တံခါး မဟုတ်တဲ့ တခြားနတ်ဘုရား ကျောင်းတော်တွေကလည်း မင်းလို လူငယ်မျိုးကို တပည့်အဖြစ် လိုချင်နေကြမှာပဲ"
ဆရာသခင်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း ဆရာသခင်၏ စကားများက ဆန်းလျန်ကို ချီးမွမ်းနေသည် ထက်ပင် ပိုနေလေသည်။
"ချင်းရွှမ် နတ်တံခါးမှာ ပညာသင်ဖို့ ရွေးချယ်ပြီးကတည်းက တခြားနေရာကိုသွားဖို့ ဆန္ဒ မရှိတော့ပါဘူး"
ဆန်းလျန်က ပြန်ဖြေ လိုက်လေသည်။
"တကယ်တော့ မင်းလို လူငယ်လေးမျိုးက အရင်ဘဝ ကတည်းက ဟိုင်သန်းအဆင့်ကို ကျော်လွန်အောင် ကျင့်ကြံနိုင်ခဲ့သူ ဖြစ်လိမ့်မယ်။ ဒါကြောင့် ဒီဘဝကို ပါရမီပါလာတာပဲ။ ဒါမှမဟုတ်ရင် တခြား ထူးခြားတဲ့ ကျင့်စဉ်တစ်ခုခုကို ကျင့်ကြံခဲ့လို့ ဖြစ်ရမယ်။ ချင်းရွှမ်က ဆရာဘိုးဘိုး ယွမ်ချင်း ပြောသလိုပြောရရင် "ချင်းရွှမ်နတ်တံခါးကို ရောက်လာမှတော့ မင်းရဲ့အတိတ်ကို မမေးလိုဘူး" ဆိုတဲ့ အတိုင်းပါပဲ။ ဒါကြောင့် မင်းရဲ့ လျှို့ဝှက်ချက်ကို ကျုပ်မမေးတော့ပါဘူး။ ဝိညာဉ်မြစ်ကိုသွားပြီး မှော်ကျောက်စိမ်း ကောက်ခိုင်းတာကလည်း မင်းကိုအခက်တွေ့အောင် လုပ်တာတော့ မဟုတ်ဘူး။ အချိန်တန်ရင် ကျုပ်ရဲ့ ရည်ရွယ်ချက်ကို မင်းနားလည် လာပါလိမ့်မယ်"
ဆရာသခင်က ပြောလိုက်လေသည်။
ဆရာသခင်မှာ အမြဲတမ်းပင် နားလည်ရ ခက်သူတစ်ယောက် ဖြစ်သည်မဟုတ်ပါလား။
***
ဝိညာဉ်မြစ်မှာ ချင်းရွှမ်နတ်တံခါးနှင့် အလွန်ဝေးကွာသည့် နေရာတွင် တည်ရှိလေသည်။ ထို မြစ်တွင်းမှ ရေမှာ မြစ်ချောင်း၊ ပင်လယ်များထဲမှ ရေကဲ့သို့ မဟုတ်ပါ။ အသူရာချောက်မှ လာသည့်ရေ ဖြစ်လေသည်။ ထိုမြစ်အတွင်းမှ ရေမှာ ရေပုံသဏ္ဌာန် ဖြစ်သော်လည်း ထိတွေ့ ကိုင်တွယ်၍ မရပေ။
ထိုရေထဲသို့ ငှက်မွှေးလေးတစ်ချောင်း ကျလျှင်ပင် နစ်မြုပ်သွားမည် ဖြစ်လေသည်။ ထို့ပြင် ရေထဲတွင် ပေါက်ရောက်နေသည့် သစ်ပင်များကိုလည်း တွေ့ရမည် မဟုတ်ပါ။
ဤသည်မှာ ချင်းရွှမ်နတ်တံခါး၏ ထိုက်ဝေ့ ထိုင်ခန်းမဆောင်မှ ဆန်းလျန် ကြားခဲ့ရသည့် ဝိညာဉ်မြစ်အကြောင်း သတင်းများ ဖြစ်လေသည်။
ထို့ကြောင့် ဝိညာဉ်မြစ်သို့ မသွားခင် ဆန်းလျန် အလုပ်သုံးခု လုပ်လိုက်လေသည်။
ပထမဆုံး အလုပ်မှာ ဆရာဘိုးဘိုးများ၏ ခန်းမဆောင်သို့ သွားကာ ကျင့်စဉ်ပြီးမြောက် အောင်မြင်ခဲ့သည့် ရှေ့ဆောင်လမ်းပြ ဆရာသခင် ယွမ်ချင်းကို ဂါရဝ ပြုလိုက်လေသည်။ တစ်ချိန်ထဲမှာ ပင် သူ၏ အသက်ဝိညာဉ် မီးအိမ်ကို မြှင့်တင်လိုက်သည်။ ဤသည်မှာ ခရီးဝေး သွားကြမည့် ချင်းရွှမ် နတ်တံခါးမှ တပည့်များ လမ်းကိုသိရန် အသုံးပြုသည့် အရေးကြီးသည့် နည်းလမ်း ဖြစ်လေသည်။
ဒုတိယအလုပ်မှာ ထျန်းယွမ်တောင်ရှိ "စည်းကမ်းဆောင်" သို့သွားကာ ချင်းရွှမ် နတ်တံခါးမှ စည်းကမ်းများကို ဖတ်ရှုခြင်း ဖြစ်လေသည်။ "စည်းကမ်းဆောင်" မှ စည်းကမ်း ထိန်းသိမ်းရေးမှူးမှာ မီးခိုးရောင်ဝတ် အဘိုးအို ဖြစ်လေသည်။ အဘိုးအို၏ နာမည်မှာ "ကယ်ယွမ်း" ဖြစ်ပြီး ချင်းရွှမ် နတ်တံခါးမှ ဟိုင်သန်းအဆင့် ကျင့်ကြံသူတစ်ပါး ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် ဆန်းလျန်ကို တွေ့တွေ့ချင်းပင် တပည့်တော်ချင်ခဲ့သည့် အနီရောင်ဝတ် အဘိုးအို၏ အမည်မှာ ဟုန်ချန်းယာ ဖြစ်ကြောင်း သိရှိခဲ့ရလေသည်။ ထို အဘိုးအိုမှာလည်း ချင်းရွှမ် နတ်တံခါးမှ ဟိုင်သန်းအဆင့် ကျင့်ကြံသူတစ်ပါး ဖြစ်ပြီး ထျန်းယွမ်တောင်ရှိ "စန့်ကုန်းထန်" အဆောင်၏ အကြီးအကဲလည်း ဖြစ်လေသည်။ "စန့်ကုန်းထန်" အဆောင်မှာ ကျင့်စဉ်များ အားလုံး၏ အရင်းအမြစ် ဖြစ်ရာ အဆောင် ဖြစ်လေသည်။ ဆရာသခင်မှ အစပြုပြီး သာမန် တပည့်ငယ်များအထိ စန့်ကုန်းထန် အဆောင်တွင် ပညာများ ဆွေးနွေးလေ့လာ နိုင်လေသည်။ ကျင့်ကြံမှု တိုးတက်လာအောင် မည်သို့ လုပ်ဆောင်ရမည်ကို တိုင်ပင်ဆွေးနွေး ကြလေသည်။ ကျင့်စဉ် အဆင့်ဆင့်သို့ ရောက်ရှိနေသည့် တပည့်များ အားလုံး “စန့်ကုန်းထန်”အဆောင်တွင် တစ်လတစ်ကြိမ် တွေ့ဆုံကြလေသည်။
ထို့ပြင် ဤသို့ ဆွေးနွေးခြင်း အားဖြင့် ချင်းရွှမ်နတ်တံခါးမှ တပည့်များ အချင်းချင်း ကူညီနိုင်ကြ လေသည်။
ချင်းရွှမ် နတ်တံခါးတွင် တောင်ငါးလုံးရှိရာ အဓိက တောင်မကြီး ထိုက်ယီတွင် ဆရာသခင် နေထိုင်လေသည်။ အခြား တောင်လေးလုံးတွင် အခြား ကျင့်ကြံသူများ နေထိုင်ကြလေသည်။
ချင်းလန်တောင်မှာတော့ ရှယွမ့်အဆောင် တပည့်များ နေထိုင်ရပြီး ယွိယန်တောင်တွင်တော့ စန့်ယွမ့်အဆောင် တပည့်များ နေထိုင်ကြလေသည်။
တောင်များကို မိုးမြေစွမ်းအား အနည်းအများပေါ်တွင် အခြေခံပြီး ခွဲခြားထားခြင်း ဖြစ်လေ သည်။ မိုးမြေစွမ်းအား နည်းရာမှ များရာအတိုင်း ချင်းလန်း၊ ယွိယန်၊ ထျန်းယွမ်၊ ကျီဖူ ဟူ၍ အစဉ်အတိုင်း သွားလေသည်။
ဟိုင်သန်းအဆင့်နှင့်အထက် ကျင့်ကြံသူများကတော့ ထျန်းယွမ်နှင့် ကျီဖူတောင်ရှိ ဂူများထဲတွင် နေထိုင်ကြလေသည်။
ရှယွမ့်အဆောင်တွင် နေထိုင်သည့် တပည့် အရေအတွက်မှာ နည်းပါးသလို ချင်းလန်တောင်ရှိ မိုးမြေ စွမ်းအားမှာလည်း အနည်းပါးဆုံး ဖြစ်လေသည်။ သို့သော် ကောင်းသည့် အချက်တစ်ခုမှာ ရှယွမ့် အဆောင်မှ တပည့်များမှာ ထျန်းယွမ်တောင်နှင့် ကျီဖူတောင်များတွင် နေထိုင်သည့် ဟိုင်သန်းအဆင့် ကျင့်ကြံသူများနှင့် အချိန်မရွေး တိုက်ရိုက် ဆက်သွယ်ခွင့် ရနိုင်ခြင်းပင် ဖြစ်လေသည်။
စန့်ယွမ့်အဆောင် တပည့်များမှာ ထိုသို့ ဆက်သွယ်ခွင့် မရှိပေ။ အဘယ်ကြောင့်ဆိုသော် စန့်ယွမ့် အဆောင်မှ တပည့်အများစုမှာ ချင်းရွှမ်နတ်တံခါးမှ တပည့်များနှင့် ဆွေမျိုးတော်စပ်သည့်သူများ ဖြစ်ကြသည့် အတွက် သူတို့၏ ဆွေမျိုး အကြီးအကဲများက သူတို့ကို နေ့စဉ် ပညာ သင်ပြပေးသော ကြောင့် ဖြစ်လေသည်။
ထို့ပြင် နှစ်လတစ်ကြိမ် ချင်းရွှမ်နတ်တံခါးမှ အကြီးအကဲများက တပည့်များ မရှင်းလင်းသည့် ပြဿနာ မေးခွန်းများကိုလည်း ဖြေကြား ပေးလေသည်။
ချင်းရွှမ်နတ်တံခါးတွင် စည်းကမ်းပေါင်းများစွာ ရှိသော်လည်း အရေးကြီးဆုံးသော စည်းကမ်း တစ်ချက်မှာ “တပည့်အချင်းချင်း ရန်မဖြစ်ရ” ဟူသော အချက် ဖြစ်လေသည်။ ထိုအပြစ်ကို ကျူးလွန်သည်ကို သိရှိပါက "စည်းကမ်းဆောင်" တွင် အပြစ်ပေး ခံရမည် ဖြစ်လေသည်။
ဆန်းလျန် နားမလည်သည့် အချက်တစ်ချက် ရှိလေသည်။ ဆန်းလျန်တို့နှင့်အတူ ဝမ့်ရှင်းလမ်းကို ဖြတ်သန်းလာသည့် ပိန်ပိန်းပါးပါး ရှောင်ဟေးဆိုသည့် လူငယ်လေးအကြောင်းပင် ဖြစ်လေသည်။ အမှန်ဆိုလျှင် ရှောင်ဟေးမှာ သူတို့နှင့်အတူ ရှယွမ့်အဆောင်တွင် နေရမည့် တပည့်တစ်ယောက် ဖြစ်လေသည်။ သို့သော် ကောလဟလများ ကြားရသည်မှာ အဘိုးအို ကယ်ယွမ်းက ထိုကောင်လေးကို သူနေထိုင်သည့် ဂူအတွင်းသို့ ခေါ်ဆောင်သွားကာ ကျင့်စဉ်မျာ းသင်ကြားပေးနေသည် ဆိုသည့် အချက်ပင် ဖြစ်လေသည်။
ဆရာသခင် ကယ်ယွမ်းမှာ စည်းကမ်းဆောင်၏ စည်းကမ်း ထိန်းသိမ်းရေးမှူး ဖြစ်သည့်အပြင် ထျန်းယွမ်တောင်၏ အကြီးအကဲလည်း ဖြစ်လေသည်။ ဟိုင်သန်းအဆင့် ပြောင်းလဲခြင်းတရား ကိုးခုတွင် ခုနစ်ခုကို အောင်မြင်ထားသူလည်း ဖြစ်လေသည်။
ထျန်းယွမ်တောင်တွင် ဆရာသခင် ကယ်ယွမ်းမှာ အဆင့်အမြင့်ဆုံး ကျင့်ကြံသူဖြစ်ပြီး နတ်ဘုရား တစ်ပါး ဖြစ်လာရန် အလွန်မှ နီးစပ်နေပြီ ဖြစ်လေသည်။
အခြားသော ဟိုင်သန်းအဆင့် ကျင့်ကြံသူ များစွာလည်း ရှိလေသည်။ သို့သော် ဆရာသခင် ကယ်ယွမ်းကဲ့သို့ ကိုယ်ပိုင်ကျင့်ကြံမှုနှင့် အဆင့်မြင့်ကျင့်စဉ်သို့ တက်လှမ်းနိုင်သူမှာ လွန်စွာမှ ရှားပါး လေသည်။ ထို့ပြင် ဟိုင်သန်းအဆင့် ပြောင်းလဲခြင်းတရား ခုနစ်ချက်အထိ လေ့ကျင့်နိုင်သည်မှာ အလွန် ထူးချွန်သည်ဟု ပြောနိုင်လေသည်။
ဆရာသခင် ဟုန်ချန်းယာမှာ နတ်ဘုရား အမြုတေကို အသုံးပြုကာ ပြောင်းလဲခြင်းတရား ခြောက်ခုအထိ ကျင့်ကြံ အောင်မြင်ခဲ့သူ ဖြစ်လေသည်။ သို့သော် ဆရာသခင် ကယ်ယွမ်းက သူ့ထက် သာလွန်လေသည်။
သူတို့နှစ်ယောက်လုံးမှာ နှစ်ပေါင်းရာချီ ကျင့်ကြံပြီးမှသာ ဟိုင်သန်းအဆင့်သို့ တက်ရောက် နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူတို့မှာ အိုမင်းသည့်ပုံ ပေါက်နေကြခြင်း ဖြစ်လေသည်။
သို့သော် ကျင့်ကြံသူ တစ်ယောက်အတွက် အိုမင်းခြင်း၊ နုပျိုခြင်းက အရေးမကြီးပါ။ ဟိုင်သန်း အဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်သည်နှင့် သူတို့၏ ငယ်ရွယ်နုပျိုသည့် ပုံသဏ္ဌာန်ကို ပြန်လည် ဖန်ဆင်း နိုင်လေသည်။ သို့သော် အဘိုးအို နှစ်ယောက်လုံးက ထိုသို့ ဖန်ဆင်းထားခြင်း မရှိကြပေ။
ကျီဖူတောင်ရှိ မိုးမြေ စွမ်းအားများမှာ အလွန် များပြားလေသည်။ အဓိက တောင်မကြီး ထိုက်ယီပြီးလျှင် မိုးမြေစွမ်းအား အများဆုံးတောင် ဖြစ်လေသည်။ ထိုတောင်တွင်လည်း ဟိုင်သန်း အဆင့် ကျင့်ကြံသူများစွာ ရှိလေသည်။
ထိုက်ဝေ့ထိုင်ခန်းမကြီးတွင် ရှေးဟောင်းစာအုပ်များနှင့် မှတ်တမ်းများ သိမ်းဆည်းထားပြီး ကျင့်စဉ်လမ်းကို အောင်မြင်သူ နတ်ဘုရားများ၏ ပုံတူပန်းချီကားများကိုလည်း ထားရှိလေသည်။ သို့သော် ထိုက်ဝေ့ထိုင်ခန်းမကြီး၏ ဒုတိယထပ်ကိုတော့ ဟိုင်သန်းအဆင့် ကျင့်ကြံသူများသာမက ဟိုင်သန်း အဆင့်ထက် အမြင့်ကို တက်လှမ်းနေသည့် ကျင့်ကြံသူများပင် ဝင်ခွင့် မရကြပေ။
ထိုနေရာမှာ ဝင်ခွင့်ပိတ်ပင်ထားသည့် တားမြစ်နယ်မြေ ဖြစ်လေသည်။
***