စိတ်ဝိညာဉ်ပြင်းထန်စွာနာကျင်ခြင်း
Vol. 1 Ch. 75
ဆန်းလျန်လုပ်သည့် တတိယမြောက် အလုပ်မှာ ထိုက်ဝေ့ထိုင်ခန်းမဆောင် ပထမထပ်သို့ သွားကာ ကျင့်ကြံသူလောက၏ အကြောင်းများကို လေ့လာခြင်း ဖြစ်လေသည်။
လောကတွင် နတ်ဘုရားကျောင်းတော်ပေါင်း များစွာရှိသော်လည်း နတ်ဘုရား ဖြစ်သည်အထိ ကျင့်စဉ်လမ်း အောင်မြင်သွားသည်ဟု နာမည်ကျော်သည့် ကျောင်းတော်များမှာတော့ လက်ချိုး ရေတွက်၍ပင် ရလေသည်။
ထို့ပြင် နတ်ဘုရားများကိုယ်တိုင် စောင့်ရှောက်မှုပေးနေသည့် နတ်ဘုရား ကျောင်းတော်များမှာ နည်းသည်ထက် နည်းလာပြီ ဖြစ်သည်။ ထိုသို့ နတ်ဘုရားကိုယ်တိုင် စောင့်ရှောက်နေသည့် ကျောင်းတော်များကသာ စစ်မှန်သည့် ကျောင်းတော်များအဖြစ် သတ်မှတ်နိုင်လေသည်။ နှစ်ပါင်း တစ်သောင်း ကြာသည့်တိုင်အောင် မပြိုမလဲ ရပ်တည်နေကြသည့် နတ်ဘုရားကျင့်စဉ် ကျောင်းတော် လေးခုသာ ရှိလေသည်။ ထိုကျောင်းတော်လေးခုတွင် ချင်းရွှမ် နတ်တံခါးမှာလည်း တစ်ခုအပါအဝင် ဖြစ်လေသည်။
ဗုဒ္ဓဘာသာကျင့်စဉ်နှင့် တာအိုဝါဒ ကျင့်စဉ်များတွင် ကွဲပြားမှုများရှိလေသည်။ ဗုဒ္ဓကျင့်စဉ်မှာ တောနက်ကြီးတစ်ခုပမာ နက်ရှိုင်းပြီး ကောင်းကင်မှ ကြယ်စင်များကဲ့သို့ အလှမ်းဝေးလေသည်။ စစ်မှန်သည့် ဗုဒ္ဓကျင့်စဉ်လမ်းကို သင်ပြပေးနိုင်သည့် ကျောင်းတော်များမှာလည်း ဝင်ရန် ခက်ခဲ လှလေသည်။ ဗုဒ္ဓကျင့်စဉ် အစစ်အမှန်ကို သင်ကြားပေးသည့် ကျောင်းတော်(၈)ခု ရှိလေသည်။
ပထမအဆင့် ကျောင်းတော်မှာ ဆန်းလွမ်ကျောင်းတော် (ဖာ့ရှင်းဂိုဏ်း)၊ ဒုတိယအဆင့် ကျောင်းတော်များမှာ ယွိကျားကျောင်းတော် (ဖာ့ရှန်းဂိုဏ်း)၊ တတိယအဆင့် ကျောင်းတော်မှာ ထျန်းထိုင်ကျောင်းတော်၊ စတုတ္ထအဆင့် ကျောင်းတော်မှာ ရှန်းရှိုးကျောင်းတော် (ဟွာယန်ဂိုဏ်း)၊ ပဉ္စမအဆင့် ကျောင်းတော်မှာ ချန်ကျောင်းတော်၊ ဆဋ္ဌမကျောင်းတော်မှာ ကျင်းထူကျောင်းတော်၊ သတ္တမမြောက် ကျောင်းတော်မှာ လွိကျောင်းတော်၊ အဋ္ဌမမြောက် ကျောင်းတော်မှ မီကျောင်းတော် (ကျန်းယန်ကျောင်းတော်) တို့ ဖြစ်လေသည်။
ကျောင်းတော်အမည်များကို အတိုကောက် မှတ်မိရန်အတွက် “ရှင်း၊ ရှန်း၊ ထိုင်၊ ရှန်း၊ ချန်၊ ကျင်း၊ လွိနှင့် မီ” ဟု အတိုကောက် မှတ်သားနိုင်လေသည်။
ဗုဒ္ဓကျင့်စဉ်လမ်းမှာ သစ္စာတရားကို ရှာဖွေသည့် တစ်ခုတည်းသော ကျင့်စဉ် ဖြစ်လေသည်။ သို့သော် အသိဉာဏ်ပညာ မတူညီမှု၊ ကံတရားမတူညီမှု၊ ကိုယ်ရေကိုယ်သွေး မတူညီမှု၊ ပါရမီဓာတ်ခံ မတူညီမှုများ အပေါ်တွင် အခြေခံပြီး ကျောင်းတော်(၈)ခု ကွဲပြားသွားခြင်း ဖြစ်လေသည်။
ထိုအဓိက ကျောင်းတော်ကြီး (၈)ခုတွင် ဆရာသခင်များစွာ ရှိလေသည်။ ထိုကျောင်းတော်ကြီး ရှစ်ခုအကြောင်းကို ဆရာတော်တစ်ပါးက ကဗျာပင် ရေးစပ်ထားလေသည်။ ထိုကဗျာမှာ….
ကြွယ်ဝခြင်းအတွက် မီကျောင်းတော်
ချိုးခြံ ခြွေတာခြင်းအတွက် ချန်ကျောင်းတော်
လူတိုင်းအတွက် ကျင်းကျောင်းတော်
သည်းခံခြင်း တရားများနှင့် ဆန်းလွမ်
ဉာဏ်ပညာနှင့် အမှန်တရားအတွက် ယွိကျား
ဟွာယန်ကတော့ ရိုးရာကို လေးစားပြီး
စည်းကမ်း တင်းကြပ်တာကတော့ ရှန်းရှိုး
စုစည်းမှု အားကောင်းတဲ့ ထျန်းထိုင်
ဟူ၍ ဖြစ်လေသည်။
သို့သော် ကျောင်းတော်ကြီး ရှစ်ခုလုံး၏ အန္တိမ ရည်ရွယ်ချက်မှာ နိဗ္ဗာန်လမ်းကို လျှောက်လှမ်း နိုင်ရန်ပင် ဖြစ်လေသည်။ တာအိုဝါဒ၏ နောက်ဆုံး ဦးတည်ရာမှာလည်း ဗုဒ္ဓကျင့်စဉ်လမ်းနှင့် အလွန်ပင် ဆင်တူလေသည်။
မသေမျိုးဖြစ်သည့် နတ်ဘုရားများကို တိရှန်း၊ ရန်ရှန်း၊ ဆန်းရှန်း၊ ကွေရှန်း ဟူ၍ ခွဲခြား ထားလေသည်။ ချင်းရွှမ်လမ်းစဉ်အတိုင်း ကျင့်ကြံပြီး ဖော့ဝမ့်အဆင့် အောင်မြင်သွားပါက တိရှန်းအဆင့် နတ်ဘုရားတစ်ပါး ဖြစ်လာမည် ဖြစ်လေသည်။
ရန်ရှန်း၊ ဆန်းရှန်းနှင့် ကွေရှန်းအဆင့် နတ်ဘုရားများမှာ အဆင့်နိမ့် နတ်ဘုရားများ ဖြစ်ကြ လေသည်။ သူတို့က ကျင့်ကြံခြင်းအဆင့် ကိုးဆင့် အရင်းအမြစ်ကို မရရှိနိုင်သည့်သူများ ဖြစ်ကြသည်။ ထိုအကြောင်းအရာများကို ထိုက်ဝေ့ ထိုင်ခန်းမဆောင်၏ ပထမထပ်တွင် အသေးစိတ် ရေးသားထားခြင်း မရှိပေ။
ကျင့်ကြံသူဖြစ်လာလျှင် မှတ်ဉာဏ်ချို့တဲ့သူဟူ၍ မရှိသလောက်ပင် ဖြစ်လေသည်။ ထို့ကြောင့် ထိုက်ဝေ့ ထိုင်ပထမထပ်မှ စာရွက်စာတမ်းများကို ပြင်ပသို့ ငှားယမ်းခွင့် မရှိပေ။ သာမန် တပည့်ငယ်များပင်လျှင် သိချင်သည့် ကိစ္စရပ်များရှိပါက ခန်းမဆောင်သို့ပင် လာကာ တစ်ရက်တန်သည် နှစ်ရက်တန်သည် သိချင်သည်များကို မှတ်သားရလေသည်။ ထိုသို့ မှတ်သားလေ့လာရင်း အဆင့်မြင့် တက်လှမ်းနေကြသည့် ဂိုဏ်းတူအစ်ကိုများ၊ ဆရာသခင်များနှင့် တွေ့ဆုံသည့် အခါတွင်လည်း ကျင့်ကြံမှု လမ်းစဉ်အတွက် ဆွေးနွေးနိုင်လေသည်။
တာအိုကျောင်းတော်များ၊ ဗုဒ္ဓဘာသာ ကျောင်းတော်များအပြင် မိစ္ဆာကျင့်စဉ် ကိုးလမ်းရှိပြီး မိစ္ဆာကျင့်စဉ် ကျောင်းတော်ငါးခုလည်း ရှိလေသည်။ သို့သော် ထိုကျောင်းတော်များမှာ ထင်ရှား ကျော်ကြားခြင်းတော့ မရှိလှပါ။
ထိုင်ဝေ့ထိုင်ခန်းမဆောင် ပထမထပ်တွင် ကျင့်စဉ်ကျမ်းများနှင့် ဓားသိုင်းပညာ ကျမ်းများစွာ ရှိလေသည်။ သို့သော် ဆန်းလျန်က ထိုကျမ်းစာများကို သိပ်ပြီး စိတ်ဝင်စားခြင်း မရှိပါ။ ထိုပညာများမှာ သူလေ့ကျင့်လိုသည့် အချိန်ရောက်လျှင် တစ်ကြိမ်မျှ ဖတ်ရှု မှတ်သားပြီး လေ့ကျင့်လိုက်သည်နှင့် ရလေသည်။ ယခုလက်ရှိ အချိန်တွင်တော့ သူသိချင်နေသည်က ဝိညာဉ်မြစ်မှ မှော်ကျောက်စိမ်း အကြောင်းပင် ဖြစ်လေသည်။
ဆရာသခင်က တစ်လလျှင် ဝိညာဉ်မြစ်ကမ်းနံဘေးမှ မှော်ကျောက်စိမ်း အလုံးသုံးဆယ် ကောက်ခဲ့ရန် အမိန့် ရှိထားလေသည်။ သို့သော် ထိုလုပ်ဆောင်ချက် မအောင်မြင်လျှင် မည်သို့ ဖြစ်မည်ကိုတော့ ဆရာသခင်က ပြောပြထားခြင်း မရှိသလို ဆန်းလျန်ကလည်း မသိချင်ခဲ့ပါ။
ဝိညာဉ်မြစ်မှာ ချီဖူတောင် အနောက်ဘက်တွင် တည်ရှိလေသည်။ ချီဖူတောင်မှာ အဓိက တောင်မကြီး ဖြစ်သည့် ထိုက်ယီတောင် အနီးတွင် တည်ရှိလေသည်။ ဝိညာဉ်မြစ်၏ စတင် မြစ်ဖျားခံရာနှင့် အဆုံးသတ်ရာ နေရာကို မည်သူမျှ မသိကြပေ။
ချင်းရွှမ်သို့ စတင်ရောက်ရှိသည့် အချိန်တုန်းက စက္ကူလှေပေါ်မှ အဖြူရောင်ဝတ် လူမှာ အသူရာချောက် ကိုးထပ်မှ ဝိညာဉ်ဆင့်ခေါ်သူ ဖြစ်လေသည်။ ထိုသူမှာ နေဝင်သည်နှင့် ဝိညာဉ် မြစ်ကြောင်းတစ်လျှောက် စုန်ဆင်းလာပြီး အနီးအနားရှိ ဝိညာဉ်များကို ဆင့်ခေါ်ပြီး ပျောက်ကွယ် သွားမြဲ ဖြစ်လေသည်။
အသူရာချောက် ကိုးထပ်မှာ လွန်စွာမှ ထူးခြားဆန်းကြယ်သည့် နေရာတစ်ခု ဖြစ်လေသည်။ ဆန်းလျန်က ထိုနေရာအကြောင်းကို ရှာဖွေ ဖတ်ရှုသော်လည်း အကျဉ်းချုပ်မျှ ရေးသားဖော်ပြ ထားသည်က လွဲပြီး ကျန်သည့် အချက်အလက်များကို မတွေ့ရပေ။
ဝိညာဉ်မြစ်မှ ထွက်ပေါ်လာသည့် မှော်ဝိညာဉ်၏ အစွမ်းကြောင့် မြစ်ရေမှ ကျောက်တုံးလေးများ ဖြစ်ပေါ်လာလေသည်။ ထို ကျောက်တုံးလေးများကို မှော်ကျောက်စိမ်းဟု ခေါ်ခြင်း ဖြစ်လေသည်။
မှော်ကျောက်စိမ်းကို လူတစ်ယောက်၏ ကိုယ်ပေါ်တွင် မှော်ကျောက်စိမ်း မန္တန်အဖြစ် အသုံးပြုနိုင်လေသည်။ ထိုကျောက်စိမ်းတွင် စိတ်ကိုတည်ငြိမ်စေသည့် အစွမ်း ရှိသောကြောင့် ထိုကျောက်စိမ်းကို အဆောင်ထားပြီး အတွင်းအား လေ့ကျင့်ပါက အတွင်းအား ဖောက်လွှဲဖောက်ပြန် ဖြစ်ခြင်းကို ကာကွယ်ပေးလေသည်။
မှော်ကျောက်စိမ်းကို ဝိညာဉ်မြစ်ထဲမှာ မရှာဖွေဘဲ ပြုလုပ်မည် ဆိုပါကလည်း ပြုလုပ်၍ ရလေသည်။ သို့သော် ဟိုင်သန်းအဆင့် ကျင့်ကြံသူမှသာ မှော်ကျောက်စိမ်းကို လုပ်ဆောင်နိုင်မည် ဖြစ်လေသည်။ ထို့ကြောင့် မှော်ကျောက်စိမ်း တစ်ခုကို စီမံနိုင်ရန်မှာ အလွန် ခက်ခဲသည့်ကိစ္စ ဖြစ်လေသည်။
ထို့ပြင် ဟိုင်သန်းအဆင့် ကျင့်ကြံသူများမှာလည်း သူတို့၏ ဂိုဏ်းတူညီငယ် များအတွက် မှော်ကျောက်စိမ်း ပြုလုပ်ပေးရန် အချိန်ရော စွမ်းအားရော အကုန်မခံနိုင်ကြပါ။ သူတို့မှာလည်း သူတို့ ကျင့်ကြံမှုနှင့်သူတို့ မအားရအောင် ဖြစ်နေကြသူများ ဖြစ်လေသည်။
ယခုတော့ ဆန်းလျန်မှာ ဝိညာဉ်မြစ်ကမ်း နံဘေးတွင် မှော်ကျောက်စိမ်း စုဆောင်းရန်အတွက် တာဝန်ပေးခြင်း ခံရပြီ ဖြစ်လေသည်။ ဆန်းလျန်မှာ သူလုပ်သည့် အလုပ်မှာ လွန်စွာမှ မှန်ကန်သည့် အလုပ်ဟု ခံစားနေမိသည်။
ချင်းရွှမ်နတ်တံခါးသို့ ရောက်သည့်နေ့က သူ၏ စန္ဒကူးဓားပေါ်တွင် စိုနေသည့် ဝိညာဉ်မြစ်ရေကို ထိမိသည့်အတွက် သူ၏ဝိညာဉ် နာကျင် ခံစားရသည်ကို ဆန်းလျန် မှတ်မိနေလေသည်။
မှော်ကျောက်စိမ်းများမှာ ဝိညာဉ်မြစ်ရေအောက်တွင် ရှိခြင်း ဖြစ်လေသည်။ သူ၏ စန္ဒကူးဓားကို အသုံးပြုပြီး လှမ်းကောက်ယူ၍ပင် မရနိုင်ပေ။
ဓားကိုအသုံးပြုပြီး ကောက်ယူ၍ ရမည်ဆိုလျှင်လည်း ဆန်းလျန်က ကောက်ယူမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူ့ကို မှော်ကျောက်စိမ်း ကောက်ခိုင်းရသည့် ဆရာသခင်၏ ရည်ရွယ်ချက်ကို သူနားလည် သွားသောကြောင့် ဖြစ်လေသည်။
ဆန်းလျန် သူ၏ အဝတ်များကို ချွတ်ကာ ဝိညာဉ်မြစ်တွင်းသို့ ခုန်ချလိုက်လေသည်။ ဝိညာဉ် မြစ်ရေများက သူ့ ခန္ဓာကိုယ်တွင်းသို့ စိမ့်ဝင်သွားပြီး သူ၏ဝိညာဉ်ကို တိုက်စား သွားကြလေသည်။
ဆန်းလျန်မှာ ရုပ်ခန္ဓာ၏ နာကျင်မှုကို ဝိညာဉ်စွမ်းအားဖြင့် တားဆီးနိုင်သော်လည်း စိတ်ဝိညာဉ် ပြင်းထန်စွာ နာကျင်ခြင်းကိုတော့ တားဆီးနိုင်ခြင်း မရှိပါ။ သူတတ်နိုင်သမျှ အောင့်ခံ ထားလေသည်။
ဆန်းလျန် မြစ်ရေထဲသို့ ခုန်ချလိုက်သည်နှင့် ပြင်းထန်သည့် နာကျင်မှုကို ခံစားရလေသည်။ သို့သော် သူကစိတ်ကို ကြံ့ကြံ့ခံထားပြီး သူ၏ဝိညာဉ်ကို ခန္ဓာကိုယ် တစ်ခုလုံးရှိ ဆုံချက်နေရာများနှင့် အထွတ်အထိပ် နေရာများသို့ အတွင်းအား ပို့လွှတ်သကဲ့သို့ ပို့လွှတ် ကြည့်လိုက်လေသည်။ ထိုအခါ သူ၏ ဝိညာဉ်မှာ သူ၏ကိုယ်တွင်း သွေးအသားများအထိ စီးဆင်းသွားပြီး အတွင်းအားများကို စုပ်ယူ လိုက်သောကြောင့် မြစ်ရေက တိုက်စားသွားသည့် ဝိညာဉ်မှာ ပြန်လည်အားပြည့် လာလေသည်။
ဝိညာဉ်မြစ်ကမ်း နံဘေးတွင် မှော်ကျောက်တုံး သွားကောက်သည့် အချိန်တိုင်း သူ၏ ဝိညာဉ်မှာ အားနည်း သွားရလေသည်။ သို့သော် သူ၏ သွေးသားရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ဆက်စပ်မှုကတော့ ပိုပြီး ခိုင်မာလာလေသည်။
အခက်ခဲဆုံး အပိုင်းမှာ ဝိညာဉ်မြစ်ရေ အောက်အတွင်းမှ မှော်ကျောက်စိမ်းကို ရှာဖွေရခြင်း ဖြစ်လေသည်။
သူ၏ သွေးသားရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ပေါင်းစည်း သွားသည့်အတွက် ဝိညာဉ်မှာ ပြန်လည် အားပြည့် လာသည့်တိုင် နာကျင်မှုကတော့ ခံစားနေရဆဲ ဖြစ်လေသည်။
သူ၏ဝိညာဉ်မှာ အတွင်းအားများကို စုပ်ယူနိုင်ခြင်း မရှိလောက်အောင် အားနည်းသွားသည့် အခါတွင်တော့ ဝိညာဉ် အရင်းအမြစ်အထိ နာကျင်ခြင်းကို ခံစားရလေသည်။ ထိုအခါမျိုးတွင်တော့ မြစ်ရေထဲတွင် တစ်ခဏပင် ဆက်ပြီးနေနိုင်ခြင်း မရှိတော့ပေ။
ထိုကြောင့် မှော်ကျောက်စိမ်း တစ်တုံးမျှ ရှာတွေ့သည်နှင့် ဆန်းလျန်မှာ မခံနိုင်တော့ဘဲ ကမ်းခြေသို့ ပြန်လည်ကူးခပ် လာရမြဲဖြစ်လေသည်။
ဝိညာဉ်မြစ်ရေမှာ ငှက်မွေးတစ်ချောင်းကိုပင် နစ်မြုပ်စေသည့် စွမ်းအားရှိသည့်အတွက် သူ မြစ်လယ်ခေါင်သို့ ရောက်နေသည့် အချိန်တွင် သူ၏ခန္ဓာကိုယ်ကို ရေပေါ်တွင် ကိုယ်ဖော့ထား၍လည်း မရသည့် အတွက် အမြဲတမ်းပင် ကူးခပ် နေရလေသည်။
မည်သူတစ်ဦး တစ်ယောက်မျှ ဝိညာဉ်မြစ်တွင် ရေကူးလေ့ကျင့် ချင်ကြမည်တော့ မဟုတ်ပေ။
ကန်းချိ အကာအကွယ်ပညာဖြင့် သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ကာကွယ်ထားမည် ဆိုလျှင်တောင်မှ ဝိညာဉ်မြစ်ရေကိုတော့ ကာကွယ်နိုင်မည် မဟုတ်ပေ။ ဟိုင်သန်းအဆင့် ကျင့်ကြံသူများ၏ အစွမ်း ထက်မြက်လွန်းသည့် ဝိညာဉ်ဆိုလျှင်ရော ဝိညာဉ်မြစ်ရေနှင့် ထိတွေ့လျှင် နာကျင်မှု ခံစားရမည်လားဟု ဆန်းလျန် တွေးတောကြည့်နေ မိသည်။
သူကမ်းခြေသို့ ပြန်ကူးခပ်လာသည့် အချိန်တိုင်း အတွင်းအားများမှာလည်း မရှိသလောက် ကုန်ခန်းသွားရလေသည်။ ချင်းရွှမ်နတ်တံခါးတွင် အခြား နေရာများထက် မိုးမြေစွမ်းအားများ မြင့်မားနေသည့် အတွက်သာ ဆန်းလျန် ကံကောင်းခြင်း ဖြစ်လေသည်။
ဆန်းလျန်က ရွှမ်ကျိကျင့်စဉ်ကို ကျင့်ကြံလိုက်ပြီး မိုးမြေစွမ်းအားများကို သူ၏ကိုယ်ထဲသို့ စီးဝင် စေလိုက်လေသည်။
သူ၏ အထွတ်ထိပ်ဆုံချက် ရှစ်နေရာလုံးမှာ သန့်စင်သွားပြီး ရွှမ်ကျိကျင့်စဉ်က သူ့ကိုယ်ထဲတွင် နိုးထလာလေသည်။ ထို့နောက် သူ၏ အထွတ်ထိပ် ဆုံချက်များ အားလုံးကို ကွန်ယက်သဖွယ် ချိတ်ဆက် ပေးလေသည်။ ထိုသို့ချိတ်ဆက် ပေးခြင်းကြောင့် သူ၏ အတွင်းအားများမှာ လုံးဝသန့်စင်သည့် အတွင်းအားများ ဖြစ်လာရလေသည်။
သူ၏ ဆုံချက်နေရာများ အားလုံး ဆက်သွယ်သွားပြီး ထုံမိုက်အဆင့်ကို ကျော်လွန်ကာ သာမန် ချောင့်တုန့်အဆင့်ပင် မဟုတ်တော့ဘဲ "ဉာဏ်အလင်းပွင့်" သကဲ့သို့ ဖြစ်လာလေသည်။ ထိုသို့ဖြစ်ခြင်းကို "ရှင်ခြင်းနှင့် သေခြင်းကို သိမြင်ခြင်း" ဟု ခေါ်ကြလေသည်။
ကျင့်စဉ်ကျမ်းများတွင် "တရားအလင်းတစ်ခုကို နားလည်သွားလျှင် အခြား တရားအလင်း များကိုပါ နားလည်သွားလိမ့်မည်။ တစ်ခါသိမြင် နားလည်တိုင်း တရားအလင်း တစ်ခုရလိမ့်မည်" ဟု ပါရှိလေသည်။ "ဉာဏ်အလင်း ပွင့်ခြင်း" ဆိုသည်မှာ ထိုအဓိပ္ပာယ်ပင် ဖြစ်လေသည်။
ဤသို့ "ဉာဏ်အလင်း ပွင့်ခြင်း" အဆင့်သို့ရောက်အောင် လေ့ကျင့်ရသည်မှာ အဆင့်ကိုးဆင့် ကျင့်စဉ်လမ်းတွင် ဟိုင်သန်းအဆင့်နှင့် ဖော့ဝမ့်အဆင့်ပြီးလျှင် အခက်ခဲဆုံး အဆင့် ဖြစ်လေသည်။
ထိုအဆင့်မှာ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဆုံချက်နှင့် အတွေးအမြင်ပိုင်းဆိုင်ရာ ဆုံချက်ကို ဖွင့်လှစ် သည့် ထုံမိုက် အဆင့်ပြီး နောက်တစ်ဆင့် ဖြစ်သည့် ချောင့်တုန့်အဆင့်ပင် ဖြစ်လေသည်။
သေခြင်းနှင့်ရှင်ခြင်းကို ရှင်းလင်းစွာ သိမြင်ရန်မှာ အလွန်မှ ခက်ခဲလေသည်။ အဘယ်ကြောင့် ဆိုသော် ရှိခြင်းနှင့် မရှိခြင်းကြားတွင် မည်သည့်အရာမျှ ပုံသေ သတ်မှတ်ထားခြင်း မရှိသောကြောင့် ဖြစ်လေသည်။
"ဉာဏ်အလင်းပွင့်ခြင်း" ကျင့်စဉ်ကို အချို့က ခြေဖျားပိုင်းမှ စတင်နိုးထ အလင်းရကြပြီး အချို့က လက်မှစတင် နိုးထ အလင်းရကြလေသည်။ သို့သော် မည်သည့်နေရာက စတင်နိုးထရမည်ဟု ဥပဒေ သတ်မှတ်ထားခြင်းမျိုး မရှိပေ။
"ဉာဏ်အလင်းပွင့်ခြင်း" ကျင့်စဉ်အတွက် နည်းလမ်းတစ်ခုတည်းသာ ရှိပြီး ခန္ဓာကိုယ်အတွင်းရှိ တံခါးဝအားလုံး ပွင့်သွားသည့် အချိန်တွင်တော့ "သေခြင်းရှင်ခြင်းကို သိမြင်ခြင်း" က ပေါ်ပေါက်လာမည် ဖြစ်လေသည်။ ရှေးယခင် ကျင့်ကြံ အောင်မြင်ခဲ့သူများတွင် ထိုသို့ပင် အတွေ့အကြုံ ရှိခဲ့ကြလေသည်။
ရွှမ်ကျိကျင့်စဉ်မှာ ရာပေါင်းများစွာသော တရားအလင်းများကို ဖွင့်ပေးနိုင်သည့် အတွက်ကြောင့် "သေခြင်းရှင်ခြင်းကို သိမြင်ခြင်း" အလင်းတရား ပွင့်လာ နိုင်ရန်အတွက် များစွာ နီးစပ်လေသည်။
ဝိညာဉ်မြစ်သို့ ဆန်းလျန်သွားသည့် အချိန်တိုင်း သူ၏ အတွင်းအားများ ပြန်ပြည့်လာရန်အတွက် သုံးနာရီခန့် အချိန်ယူရလေသည်။ ထို့ကြောင့် ဆန်းလျန် မြစ်ကမ်း နံဘေးမှ ရှယွမ့်အဆောင်သို့ ပြန်လာ သည့် အချိန်တွင် နေအတော်ပင် စောင်းနေပြီ ဖြစ်လေသည်။
လူစောယိမှာ ဆန်းလျန်အတွက် စိုးရိမ်နေရန် အချိန်ပင် မရှိတော့ပါ။ သူက ဆရာသခင်ဆီမှ ကျင့်စဉ်များ သင်ယူနေရပြီ ဖြစ်လေသည်။ ဆန်းလျန် နေ့တိုင်း နာကျင်ခံစား နေရသည်များကို လူစောယိ တစ်ယောက် ရိပ်ပင် မရိပ်မိပေ။
***