← Chapters

ပြန်လည်အပ်နှင်းခြင်း

Vol. 1 Ch. 77

ပြန်လည်အပ်နှင်းခြင်း

Vol. 1 Ch. 77

“ကျွန်တော် လေ့ကျင့်ခဲ့တဲ့ ဝိညာဉ်စွမ်းအား မြှင့်တင်ခြင်း ကျင့်စဉ်ကို ဆရာသခင် သိချင်ပါသလား”

ဆန်းလျန်က ခပ်တိုးတိုး မေးလိုက်လေသည်။

“မင်းကရော ပြောလိုစိတ် ရှိရဲ့လား”

ဆရာသခင် ကျန်းရော့ရွှီးက ပြုံးရင်း ပြန်မေးလိုက်လေသည်။

“ဟုတ်ကဲ့ ကျွန်တော် ပြောချင်ပါတယ်”

ဆန်းလျန်က သွက်လက်စွာ ပြန်ဖြေ လိုက်လေသည်။

ဆန်းလျန်အနေဖြင့် “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်၏ ဇစ်မြစ်မှာ မည်မျှ ထူးဆန်း နေပါစေ ပြဿနာ မရှိပါ။ ထိုစာအုပ်မှ ကျင့်စဉ်တစ်ခုမျှသာ ဖြစ်လေသည်။ ထိုစာအုပ်က သူ့ကို နတ်ဘုရားတစ်ပါး ဖြစ်လာရန်အတွက် များစွာကူညီပေးမည် မဟုတ်ပေ။

ချင်းရွှမ်နတ်တံခါးမှ နတ်ဘုရား ကျင့်စဉ်များကသာ သူ့ကို နတ်ဘုရားတစ်ပါး ဖြစ်လာသည့်အထိ ကျင့်ကြံနိုင်အောင် ကူညီနိုင်မည် ဖြစ်လေသည်။

ထို့ပြင် ချင်းရွှမ်နတ်တံခါးမှာ အလှူမဏ္ဍပ် တစ်ခု မဟုတ်ပါ။ တပည့်များကို အကန့်အသတ်ဖြင့် ရွေးချယ်ခြင်း ဖြစ်လေသည်။

နတ်ဘုရားများမှာ လောဘနှင့် ကင်းစင်ကြသော်လည်း သူတော်စင်များမှာတော့ စိတ်ခံစားချက် အနည်းနှင့်အများ ရှိနေဦးမည် ဖြစ်လေသည်။

“ငါ့ကို သင်္ဘောသီး ပေးရင် မင်းကို ကျောက်စိမ်း ပြန်ပေးမယ်” ဟူသော တရုတ်စကားပုံ တစ်ခု ရှိလေသည်။

ဆန်းလျန်ကို ဆရာသခင် ကျန်းရော့ရွှီးက လမ်းမှန်သို့ ညွှန်ကြားပြသ ပေးသည်မှာ သင်္ဘောသီး ပေးခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်အနေဖြင့် “ဝိညာဉ်စွမ်းအား မြှင့်တင်ခြင်း ကျင့်စဉ်” ကို ပြန်ပြောပြ သင့်ပေသည်။ ဆန်းလျန် ပြန်ပေးရသည့် တန်ဖိုးမှာ များပြားနေသည်ဟု ထင်ရဖွယ် ရှိလေသည်။ သို့သော် သူက ပေးချင်သည့် စိတ်ဆန္ဒ အမှန်တကယ်ပင် ရှိပါသည်။ ထိုသို့ ပေးလိုက်သည့် အတွက်လည်း ချင်းရွှမ်နတ်တံခါး၏ တပည့်ရင်းတစ်ယောက် ဖြစ်လာမည်ဟု ဆန်းလျန် ခံစားရသောကြောင့် ဖြစ်လေသည်။

လောကတွင် ချစ်ခြင်း၊ မုန်းခြင်းဆိုသည်မှာ အကြောင်းမရှိဘဲ ဖြစ်ပေါ်လာသည် မဟုတ်ပေ။ အပြန်အလှန် ပေးဆပ်ခြင်းကတော့ အချင်းချင်း ပိုပြီး ရင်းနှီးမှုရစေလေသည်။

သို့သော် အပြောမဟုတ် အလုပ်နှင့် သက်သေပြရန်လည်း လိုအပ်လေသည်။

ထို့ကြောင့် ဆန်းလျန်က “ဝိညာဉ်စွမ်းအား မြှင့်တင်ခြင်း ကျင့်စဉ်” ကို ပြောပြပါမည်ဟု ပွင့်လင်းစွာ ပြောလိုက်သည့် အခါတွင်တော့ ဆရာသခင် ကျန်းရော့ရွှီးမှာ များစွာ ကျေနပ်ဝမ်းမြောက် သွားရလေသည်။

လေထဲတွင် စာရွက်ဖြူ တစ်ရွက် ပေါ်လာလေသည်။

ထို့နောက် ဆန်းလျန်ရှေ့တွင် မင်အိုး၊ စုတ်တံနှင့်အတူ လေးထောင့် စားပွဲငယ်တစ်ခုလည်း ပေါ်လာလေသည်။ စက္ကူဖြူလေးမှာ လေးထောင့် စားပွဲငယ်ပေါ်သို့ ညင်သာစွာဖြင့် ကျလာလေသည်။

ဆန်းလျန်က အံ့သြသွားရပြီး…

“ဒီအရာတွေက ကြိုတင် ပြင်ဆင်ထားတာလား။ ချက်ချင်းပဲ ဖန်ဆင်း လိုက်တာလား”

ဟု မေးလိုက်မိလေသည်။

“ဒါတွေက ချက်ချင်းပဲ ဖန်ဆင်းလို့ရတယ်။ အားလုံးကို ဝိညာဉ်စွမ်းအားနဲ့ ဖန်ဆင်းလို့ ရတယ်။ လောဘနဲ့ ဆန္ဒတွေက လွတ်မြောက်သွားပြီဆိုရင် အစစ်ပဲဖြစ်ဖြစ် ဖန်ဆင်းတာပဲဖြစ်ဖြစ် အရေးမကြီး တော့ပါဘူး"

ဆရာသခင်က ပြုံးရင်း ပြန်ပြော လိုက်လေသည်။

“ဒါဟာ နတ်ဘုရားကျင့်စဉ်ပဲပေါ့။ ဒါဖြင့် ဆရာသခင်က ကျောက်တုံးကိုရော ရွှေဖြစ်အောင် လုပ်လို့ရသလား”

ဆန်းလျန်က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

“ပုလဲတို့၊ ရွှေတို့၊ ကျောက်စိမ်းတို့ ဆိုတာ စုတ်တံ၊ မင်ရည်နဲ့ စာရွက်တို့နဲ့ ဘာများ ကွာခြားလို့လဲ၊ တန်ခိုး နည်းနည်းလောက် ပိုသုံးရတာပဲ ရှိတာ”

ကျန်းရော့ရွှီးက တည်ကြည်စွာဖြင့် ပြန်ပြော လိုက်လေသည်။

“သူ့ဘဝ တစ်လျှောက်လုံး ရှာဖွေနေတဲ့ ပစ္စည်းဥစ္စာတွေကို ဆရာသခင်က လွယ်လွယ်နဲ့ ဖန်ဆင်း နိုင်တာကိုသာ ငါ့အဘိုးသိရင် ဘယ်လိုနေမလဲ မသိဘူး”

ဟု ဆန်းလျန် တွေးလိုက်မိသည်။

ဆန်းသခင်ကြီးမှာ သူ၏ စိတ်ပျက်စရာ ကောင်းသည့် မြေးလေးက သူ့ကို လှောင်ပြောင် နေသည် ကို မသိရှာ၍သာ တော်တော့သည်။

ဆန်းလျန် ဆက်မတွေးတော့ဘဲ စုတ်တံကို မင်နှင့်တို့လိုက်ပြီး သူအလွတ် မှတ်မိနေသည့် “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်ကို ဖြည်းဖြည်းချင်း ချရေး လိုက်လေတော့သည်။

ရုပ်ခန္ဓာကိုဖြေလျှော့ပြီး ထိုင်ပါ … စိတ်ကို တည်ငြိမ်အောင် ထားပါ…

ဆန်းလျန်က စုတ်တံကိုကိုင်ပြီး စတင် ရေးလိုက်လေသည်။ သို့သော် ပထမစုတ်ချက် ရေးပြီး ချိန်မှာပင် မင်က ပျောက်ပြယ်သွားလေသည်။

ကျန်းရော့ရွှီး၏ မျက်နှာ အမူအရာမှာ ပြောင်းလဲ သွားလေသည်။ ဆန်းလျန်က ထပ်မံ ရေးသားရန် ကြိုးစား လိုက်လေသည်။ သို့သော် စာလုံးလေး တစ်လုံးပင် ရေးလို့မရပေ။

ဆန်းလျန်အနေဖြင့် "စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း" စာအုပ်ကို မီးရှို့ဖျက်ဆီး လိုက်ပြီး ကတည်းက လူတစ်ဦး တစ်ယောက်ရှေ့တွင် ပြောဆိုခြင်း၊ ရေးသားဖော်ပြခြင်းမျိုး တစ်ခါမှ ပြုလုပ် ခဲ့ခြင်း မရှိပေ။ ယခု ဆရာသခင်ရှေ့တွင် ပထမဆုံး ရေးခြင်း ဖြစ်လေသည်။

ကျန်းရော့ရွှီးက…

"ဆက်ရေးပါ။ သိပ် အများကြီး မစဉ်းစားနဲ့"

ဟု ပြောလိုက်လေသည်။

ပထမစုတ်ချက် ရေးပြီးသည်နှင့် ဒုတိယစုတ်ချက်ကို ဆန်းလျန်က ဆက်ရေးလိုက်သည်။ သို့သော် မည်သို့ပင် ကြိုးစားသည့်တိုင် ရေး၍မရ ဖြစ်နေလေသည်။

"မရေးနဲ့တော့။ ပါးစပ်ကပဲ ရွတ်ပြနိုင်မလား"

ဆန်းလျန်မှာ လွန်စွာမှ အံ့သြနေလေသည်။ "စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း" စာအုပ်တွင် အလွန် ဆန်းကြယ်သည့် နောက်ခံ ဇာတ်လမ်းတစ်ခု ရှိရပေမည်။

ဆန်းလျန်က စာကို ရွတ်ဆိုရန်အတွက် ပါးစပ်ကို ဖွင့်လိုက်သည်နှင့် မည်သို့ အသံထွက်ရမှန်း မသိ ဖြစ်သွားရလေသည်။

ဆန်းလျန်မှာ စကားမပြောနိုင် ဖြစ်နေရ လေတော့သည်။

ကျန်းရော့ရွှီးက ကြေးမုံမှန်တစ်ချပ် ပစ်လွှတ် လိုက်လေသည်။ ထို ကြေးမုံမှန်ထဲတွင် လူနှစ်ယောက်ပုံ ပေါ်လာလေသည်။

ဆန်းလျန်မှာ ထိုသူ နှစ်ယောက်မှာ သူ့ကိုနှော င့်ယှက်နေသူများဟု မခံစားရပါ။ သူ့ကို ကာကွယ် နေသူများဟု ခံစား လိုက်ရလေသည်။

ထျန်းတိကျန်းမှာ ချင်းရွှမ်မှ အဖိုးတန် ရတနာတစ်ပါး ဖြစ်လေသည်။ မိုးနှင့်မြေ လောကတစ်ခွင် ကို မြင်ရရုံသာမက လူတစ်ယောက်၏ ရုပ်နှင့်နာမ်ကိုလည်း မြင်နိုင်လေသည်။

ကျန်းရော့ရွှီးက သက်ပြင်း ချလိုက်လေသည်။

"တာအိုဆရာတစ်ပါးက ကာကွယ်ပေးထားတာပဲ။ ဒါကြောင့်မင်း ကျင့်စဉ်ကို ပြောပြလို့မရ ဖြစ်နေတာ"

ဆန်းလျန်၏ မျက်နှာအမူအရာ ပြောင်းလဲ သွားလေသည်။ သူ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက် သည်။

"အဲဒါ ဘာလဲ"

"ဝိညာဉ်စွမ်းအား မြှင့်တင်ခြင်း ကျင့်စဉ်ကို စပြီး လေ့ကျင့်တော့ မင်းမှာ ကျင့်စဉ်နဲ့ ပတ်သက်တဲ့ အခြေခံ မရှိခဲ့ဘူး မလား"

ကျန်းရော့ရွှီးက မေးလိုက်လေသည်။

ဆန်းလျန်က ခေါင်းညိတ် ပြလိုက်သည်။

ကျန်းရော့ရွှီးက မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသည် ဆိုသည့် ပုံမျိုးဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်လေသည်။

"ကျုပ်ထင်တာ မမှားဘူးဆိုရင် ဒီကျင့်စဉ်ကို တားမြစ်ထားတာ ဖြစ်လိမ့်မယ် အဲဒီလို တားမြစ်ထားတဲ့ အတွက် တစ်စုံတစ်ယောက်က အဲဒီကျင့်စဉ်ကို လေ့ကျင့်မိရင်တောင် ပြန်ပြီး သင်ပြ ပေးဖို့နဲ့ ချရေးဖို့ကို ခွင့်မပြုတာ ဖြစ်လိမ့်မယ်"

"ဒါပေမဲ့ ကျွန်တော် ပထမဆုံး စပြီး လေ့ကျင့်တော့ အဲဒါက စာအုပ်တစ်အုပ်နဲ့ ရေးထားတာပဲ"

ကျန်းရော့ရွှီးက တစ်ချက် ပြုံးလိုက်ပြီး…

"အဲဒီ စာအုပ်ရှိသေးလား"

"ကျွန်တော် မီးရှို့ပစ်ခဲ့ မိတယ်"

ဆန်းလျန်က နောင်တရသည့် လေသံဖြင့် ခပ်တိုးတိုး ပြောလိုက်လေသည်။ သူ့ကို ကြည့်ရသည်မှာ စိတ်ညစ်နေသည့်ပုံ ပေါက်နေလေသည်။

"မီးရှို့လိုက်လည်း ဘာမှမဖြစ်ပါဘူး။ မင်းအသက်ကြီးလာပြီး ကျင့်စဉ်လမ်းမှာ အောင်မြင် လာရင် ဒီဝိညာဉ်စွမ်းအား မြှင့်တင်တဲ့ ကျင့်စဉ်ကို အခြားသူတွေကို ပြန်သင်ပေးနိုင်တဲ့ နည်းလမ်း တွေ့မှာပါ။ အဲဒီအခါကျ ကျုပ်တို့ ကျောင်းတော်မှာလည်း တပည့်တွေကို လက်ဆင့် ကမ်းပေးနိုင်တဲ့ ကျင့်စဉ်တစ်ခု တိုးတာပေါ့"

ကျန်းရော့ရွှီးက စိတ်လက် ပေါ့ပါးစွာဖြင့်ပင် ပြောလိုက်လေသည်။

ပထမတွင် ကျန်းရော့ရွှီး ထင်မိသည်က ဆန်းလျန်က ကျင့်စဉ်ပညာများကို လျှို့ဝှက် ထားသည်ဟု ထင်မိလေသည်။ သို့သော် ထိုကျင့်စဉ်များမှာ "တားမြစ်ထားသည့် ကျင့်စဉ်များ" ဖြစ်နေလိမ့်မည်ဟု သူမထင်ခဲ့မိပေ။ ချင်းရွှမ်နတ်တံခါး၏ နှစ်ပေါင်းတစ်သောင်း အတွင်း ထိုသို့ အခြားသူ မသိစေရန် "တားမြစ်ထား" နိုင်သည့် စွမ်းရည်ရှိသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးပေ။ ထိုပညာမှာ အလွန် အဆင့်မြင့်သည့် ပညာဖြစ်ပြီး တားမြစ်ထားသည့် ပုဂ္ဂိုလ်မှာ ဝိညာဉ်နယ်ပယ်တွင် လွန်စွာမှ အဆင့်မြင့်သောသူ ဖြစ်ရမည် ဖြစ်လေသည်။

ကျန်းရော့ရွှီးမှာ တားမြစ်ထားသည့် ကျင့်စဉ် အကြောင်းကို မပြောတော့ဘဲ စကားလမ်းကြောင်း ပြောင်းကာ ဆန်းလျန်ကို အခြေခံ ကျင့်စဉ်များ အကြောင်း ရှင်းပြနေလိုက်လေသည်။

ဆရာသခင်မှာ စိတ်ကူးဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်သည့်အတွက် စကား အနည်းငယ် ပြောပြီးသည်နှင့် ဆန်းလျန်မှာ ပျော်ပျော်ရွှင်ရွှင် ဖြစ်လာရလေတော့သည်။

သူဆန်းလျန်ကို နောက်ဆုံး အကြံပေးလိုက်သည်က ပြဿနာကို အလောတကြီး အဖြေ မရှာရန် ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ဆန်းလျန်မှာ ဝိညာဉ်အားဖြည့်သည့် ကျင့်စဉ်ကို ကျင့်စရာ မလိုတော့ သောကြောင့် ဖြစ်လေသည်။ သူ၏ စိတ်ဝိညာဉ်မှာ စွမ်းအားမြှင့်တင်ပြီးသား ဖြစ်သည့်အတွက် ဝိညာဉ် အားဖြည့်သည့် ကျင့်စဉ်ကို ကျင့်မည်ဆိုလျှင်လည်း မည်သည့် ထူးခြားမှုမျှ ဖြစ်ပေါ်လာမည် မဟုတ်ပေ။

ဝိညာဉ်စွမ်းအား မြှင့်တင်ခြင်း ကျင့်စဉ်နှင့် အတွင်းအားကျင့်စဉ်တွင် မည်သည့် ကျင့်စဉ်ကို အရင်စပြီး လေ့ကျင့်သည်ဖြစ်စေ အရေးမကြီးပါ။ သဘာဝတရားကို နားလည်ရန် အတွက်သာ လေ့ကျင့်ခြင်း ဖြစ်လေသည်။

ကျန်းရော့ရွှီးက ဆန်းလျန်ကို ထိုက်ဝေ့ထိုင် ခန်းမဆောင်သို့ သွားပြီး အင်းနှင့် မန္တန်ပညာကို လေ့လာရန် ပြောလိုက်လေသည်။ ထို့ပြင် ကျင့်စဉ်ဘက်တွင် အာရုံစိုက်ပြီး ဓားသိုင်းပညာ ဘက်တွင် လည်း ပေါ့လျော့ မနေရန် တိုက်တွန်း လိုက်လေသည်။

အင်းချပ်နှင့် မန္တန်ပညာမှာ မိုးနှင့်မြေကြားတွင် ကြားခံသဖွယ် ဆက်စပ်ပေးသည့် ပထမဆုံး ပညာရပ် ဖြစ်လေသည်။ အင်းနှင့် မန္တန်ပညာတွင် ရေ၊ မီး၊ လေနှင့် မိုးကြိုးတို့ကဲ့သို့ သဘာဝ စွမ်းအားများကို နှိုးဆွ ပေးနိုင်သည့် စွမ်းအား ရှိလေသည်။ ရှေးအကျဆုံး တန်ခိုးစွမ်းအားဟု ပြော၍ ရလေသည်။

တာအိုကျင့်စဉ် လမ်းတွင် အသုံးပြုသည့် အင်းနှင့် မန္တန်ပညာမှာ ရှေးဟောင်း ကျင့်စဉ်များနှင့် တူညီခြင်းတော့ မရှိပေ။ သို့သော် သင်ယူ လေ့လာပြီး နားလည်သွားသည် ဆိုလျှင်တော့ ထိုပညာများမှာ တူညီသည့် သဘောတရားမှ ဆင်းသက်လာခြင်း ဖြစ်ကြောင်း သိရှိ နိုင်လေသည်။

ချန်ကျန်းမေနှင့် ဆန်းလျန်တို့၏ မတူညီသည့် အချက်မှာ ချန်ကျန်းမေက အရည်အချင်းရှိပြီး သတ္တိလည်း ရှိလေသည်။ သူ၏ ကောင်းမွန်သော အလားအလာကြောင့် ကျင့်စဉ်လမ်းကို လျင်လျင် မြန်မြန်နှင့် တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်း နိုင်ခဲ့လေသည်။ ဆယ်နှစ်အတွင်း လျင်မြန်စွာ လေ့ကျင့်နိုင်ခဲ့ ပြီးနောက် ဖြည်းဖြည်းချင်းသာ သွားနေတော့သည်။

နှစ်ဖက်သွားဓားက အရှိန်အဟုန်နှင့် သွားသည့်တိုင် မက်မွန်ပန်းများကတော့ ဆောင်းရာသီမှသာ ပွင့်လန်းမည် ဖြစ်လေသည်။

ချန်ကျန်းမေမှာ တဖြည်းဖြည်းနှင့်တော့ ဟိုင်သန်းအဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်မည်ဟု ဆရာသခင် ကျန်းရော့ရွှီးက ယုံကြည်ထားလေသည်။

သို့သော် ဆန်းလျန်ကတော့ မတူညီပါ။ ဝိညာဉ်မြစ်ထဲတွင် ဆန်းလျန် ဒုက္ခခံနိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်မှာ အခြေခံ ကျင့်စဉ်များကို ထပ်မံ လေ့ကျင့်ရန် လိုအပ်ခြင်း မရှိတော့ပေ။ သို့သော် ဆန်းလျန် လိုအပ်သည်မှာ အတွေ့အကြုံများကို အခြေခံပြီး ပိုမိုပြည့်စုံသည့် ကျင့်စဉ်များကိုသာ လေ့ကျင့်ရန် လိုတော့သည်ဟု ကျန်းရော့ရွှီးက ယူဆမိလေသည်။

ကျင့်စဉ်လမ်းအဆင့် ကိုးဆင့်မှာ ကျင့်ကြံသူများ တွက် အတိုဆုံး ကျင့်စဉ်လမ်းပင် ဖြစ်လေသည်။

အချို့ ကျင့်ကြံသူများက အသက် သိပ်မရှည် နိုင်ကြသည့်အတွက် အပြင်းအထန် လေ့ကျင့် ကြလေသည်။ ဆန်းလျန် အနေဖြင့်တော့ အလျင်လိုစရာ မလိုပါ။ ဖြည်းဖြည်းနှင့် မှန်မှန် လေ့ကျင့် သွားနိုင်ဖို့သာ လိုလေသည်။

ကျန်းရော့ရွှီးက ထိုအကြောင်းကို ဆန်းလျန်အား ရှင်းပြလိုက်ခြင်း မရှိပါ။ သို့သော် သူက အခြား အရေးကြီးသည့် အချက်များကိုတော့ ဆန်းလျန်ကို ကျေနပ်စွာဖြင့်ပင် ရှင်းပြ လိုက်လေသည်။

***

All Chapters