လျှို့ဝှက်ဆန်းကြယ်သော ဧည့်သည်
Vol. 21 Ch. 201
ကျုံးချင်နှင့်ဟေးပိုင်တို့သည် လှေကားထစ်များမှတဆင့် ဆင်းသက်လာကြပြီး အမွေအနှစ်မျှော်စင်၏ မြေအောက်ခန်းအတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်လာကြ၏။
လျှို့ဝှက်နယ်မြေအတွင်းသို့ သူ စတင်ဝင်ရောက်ချိန်ကတည်းက ရှိနေခဲ့သော ဆွဲဆောင်မှုအာရုံသည်လည်း ပို၍ရှင်းလင်းပြတ်သားလာခဲ့သည်။
ယခုအချိန်၌ သူသည် ထိုတံခါးကြီး ရှိသောနေရာကို တိုက်ရိုက်အာရုံခံမိနေလေပြီ။
သူ အောက်ခြေသို့ မရောက်သေးမီမှာပင် ရှေးကျပြီး ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသည့် ထူးဆန်းသောပုံစံများ ဖုံးလွှမ်းနေသော ရှေးဟောင်းကြေးနီတံခါးကြီးကို စိတ်ကူးယဥ်ပုံဖော်ကြည့်၍ ရနိုင်သည်။
အောက်ခြေသို့ ရောက်ရှိပြီးနောက် အမှောင်ထုထဲတွင် မားမားမတ်မတ် ရပ်တည်နေသော တံခါးကြီးကို မြင်တွေ့ချိန်၌ သူ၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ဤတံခါး၏ပုံသဏ္ဌာန်သည် သူ၏စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည့်ပုံစံနှင့် တစ်ထပ်တည်း တူညီနေပေ၏။
ထိုအရာသည် အလွန်ကြီးမားခြင်းမရှိဘဲ ဆယ်ပေကျော်သာမြင့်ပြီး အကျယ်အားဖြင့် ပေအနည်းငယ်သာ ရှိသည်။
သို့သော် ကြေးနီတံခါးကြီး၏ ခမ်းနားထည်ဝါသော တည်ရှိမှုသည် အရှိန်အဝါကြီးမားလှပြီး မိုးမျှော်တောင်တန်းကြီးတစ်ခု မားမားမတ်မတ် ရပ်တည်နေသည့်အလားပင်။
တင်းကြပ်စွာ ပိတ်ထားသော တံခါးသည် အကန့်အသတ်မရှိသော လျှို့ဝှက်ဆန်းကြယ်မှုများကို ဖုံးကွယ်ထားသကဲ့သို့ ရှိနေပြီး လူအများအား တွန်းဖွင့်ကြည့်ချင်စိတ်ကို ပေါက်ဖွားစေသည်။
ကျုံးချင်သည် တံခါး၏ရှေ့သို့ လျှောက်လှမ်းသွားလိုက်ပြီး အချိန်တခဏကြာမျှ ရပ်တန့်ကာ ကြေးနီတံခါးကြီးကို ထိတွေ့ရန် သူ၏လက်ကို ဖြည်းညင်းစွာ ဆန့်တန်းလိုက်သည်။
ကြမ်းတမ်းသော အထိအတွေ့သည် အေးစက်မာကျောနေသော်လည်း ကျုံးချင်အား ထူးခြားသော ခံစားမှုတစ်ရပ်ကို ပေးစွမ်းနေပေ၏။ ဤသည်မှာ သက်မဲ့အရာဝတ္ထုတစ်ခုကို ထိတွေ့ရခြင်းမျိုး မဟုတ်ဘဲ တောင်များနှင့်မြစ်များ ကောင်းကင်နှင့်မြေပြင် နေနှင့် လတို့ကဲ့သို့ တက်ကြွလန်းဆန်းမှုများဖြင့် ပြည့်နှက်နေသည့်အရာတစ်ခုကို ခံစားလိုက်ရသည့်အလားပင်။
ဤတံခါးနှင့်ပတ်သက်ပြီး ထူးခြားသည်ဟု မမြင်တွေ့နိုင်သော်လည်း ဤခံစားမှုတစ်ခုတည်းဖြင့်ပင် တံခါး၏မူရင်းဇစ်မြစ်သည် စိတ်ကူးယဥ်တွေးတောကြည့်၍ မရနိုင်လောက်အောင် ထူးခြားဆန်းကြယ်မည်ကို သူ သိလိုက်သည်။
ထိုအချိန်မှာပင် စနစ်၏အသိပေးချက်က ထွက်ပေါ်လာသည်။
"ရှေးဟောင်း ကြေးနီတံခါးကြီးကို ရှာဖွေတွေ့ရှိပါတယ်...ဒီပစ္စည်းက လက်ခံသူအတွက် အရမ်းအရေးကြီးတယ်..."
"လက်ခံသူ... ကျေးဇူးပြု၍ အမြန်သိမ်းဆည်းပါ..."
ကြေးနီတံခါးကြီး၏ရှေ့သို့ ရောက်ရှိလာပြီးနောက် စနစ်၏အချက်ပြသံကို ကြားလိုက်ရချိန်၌ ကျုံးချင်သည် နောက်ဆုံးတွင် နားလည်သဘောပေါက်သွားတော့သည်။
စနစ်မှ သူ့ကို ဤနေရာသို့ လွှတ်လိုက်ခြင်းမှာ အမွေအနှစ်နှင့် ပတ်သက်သောအရာအတွက် မဟုတ်သည့်အပြင် တံခါး၏အနောက်ရှိ အရာအတွက်လည်း မဟုတ်ချေ။
ဤကြေးနီတံခါးကြီးအတွက်သာ ဖြစ်နေခဲ့သည်။
"စနစ်...ဒီတံခါးက ဘာကြီးလဲ... အနောက်မှာ ဘာရှိတာလဲ... ငါ့အတွက် ဘာအရေးပါလို့လဲ..."
သူသည် နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏
စနစ်က ရိုးရှင်းစွာ တုံ့ပြန်အဖြေပေးလေသည်။
"ကျေးဇူးပြုပြီးတော့ လက်ခံသူက အနာဂတ်မှာ ကိုယ့်ဘာသာကိုယ် စူးစမ်းလေ့လာပါ... အချိန်တန်ရင် စနစ်က အချက်ပြပေးပါလိမ့်မယ်..."
ကျုံးချင်သည် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး 'ဒီချေးထုပ်စနစ်က ဘာလို့ ဒီလိုလုပ်ရပ်မျိုး ထပ်လုပ်ပြန်ပြီလဲ...'ဟု တွေးတောလိုက်မိသည်။
သူသည် ကြေးနီတံခါးကြီးကို ချက်ချင်းယူဆောင်ရန် မကြိုးစားဘဲ အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေခဲ့သည်။ ထို့နောက် သူ၏စိတ်ဝိညာဉ်စွမ်းအားကို ထုတ်ဖော်ကာ ကြေးနီတံခါးကြီးကို တွန်းဖွင့်ရန် ကြိုးစားလိုက်၏။
သို့သော် သူ မျှော်လင့်ထားသည့်အတိုင်း ကြေးနီတံခါးကြီးသည် လုံးလုံးလျားလျား မလှုပ်မယှက် ရှိနေဆဲပင်။
ဤကိစ္စသည် ဖြစ်သင့်ပေ၏။ ဆရာသခင်မင်ရှဲ့သည် အတိတ်တွင် ယန်သုံးပါးနယ်ပယ် သို့မဟုတ် ထိုထက်မြင့်သော အဆင့်တွင် ရှိနေခဲ့သည့် တည်ရှိမှုကြီးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ သူပင်လျှင် ဤတံခါးကို ဖွင့်ရန် နည်းလမ်းရှာဖွေရင်း နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်ဆုံးခဲ့ရရာ ယခုချိန်၌ ယင်သုံးပါးနယ်ပယ်၌သာ ရှိနေသေးသော ကျုံးချင်အတွက် ဆိုဖွယ်ရာပင် မရှိတော့ချေ။
"စနစ်က ပြောသလိုမျိုး နောင်တစ်ချိန်ကျမှ စူးစမ်းလေ့လာရမယ့်ပုံပဲ..."
ကျုံးချင်က ခေါင်းခါလိုက်ပြီးနောက် အတွေးတစ်ချက်နှင့်အတူ ကြေးနီတံခါးကြီးကို ကမ္ဘာငယ်လေးအတွင်းသို့ ထည့်သွင်းရန် ဆုံးဖြတ်လိုက်၏။
သို့သော် ကြေးနီတံခါးကြီးသည် လုံးလုံးလျားလျား မလှုပ်မယှက် တည်ရှိနေဆဲပင်။
ကျုံးချင် အံ့အားသင့်သွားပေ၏။ ကမ္ဘာငယ်လေးမှ မသိမ်းဆည်းနိုင်သော အရာကို သူ ကြုံတွေ့ဖူးခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင်။ အမွေအနှစ်မျှော်စင်ပင်လျှင် အရွယ်အစား ကြီးမားလွန်းသောကြောင့်သာ တစ်ကြိမ်တည်းဖြင့် မသိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကာ သူ၏လက်နှင့် ထိတွေ့မိသော အစိတ်အပိုင်းများကိုမူ သိမ်းဆည်းနိုင်ခဲ့သည်။
ကမ္ဘာငယ်လေးကို အသုံးပြုသော နည်းလမ်းသည် အလုပ်မဖြစ်လျှင် ဤအရာကို သူ မည်သို့ သိမ်းဆည်းနိုင်မည်နည်း။
ဤတံခါးတစ်ခုလုံးကို သူ သယ်ဆောင်သွားရန် မဆိုထားနှင့် တစ်လက်မမျှရွေ့အောင်ပင် မလုပ်နိုင်ချေ။
ကံကောင်းထောက်မစွာဖြင့် စနစ်၏အသံက အချိန်မီ ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
"စနစ်က လက်ခံသူအတွက် ရှေးဟောင်းကြေးနီတံခါးကြီးကို သိမ်းဆည်းပေးပါ့မယ်..."
နောက်ထပ်အချိန်တခဏတွင် အလင်းတန်းတစ်တန်း ပျံ့လွင့်လာပြီးနောက် ကြေးနီတံခါးကြီးပေါ်သို့ ကျရောက်သွားသည်။
ထိုကြေးနီတံခါးကြီးသည် ချက်ချင်းပျောက်ကွယ်သွားပြီး အမှောင်ထုကိုသာ ချန်ထားခဲ့တော့သည်။
ထိုအချိန်မှာပင် ကျုံးချင်သည် သူ၏အသိစိတ်ပင်လယ်ထဲ၌ ကြေးနီတံခါးကြီးတစ်ခု တည်ရှိနေသည်ကို မြင်တွေ့မိပေ၏။
"စနစ်က ဒီတံခါးကြီးကို ငါ့ရဲ့အသိစိတ်ပင်လယ်ထဲ ထည့်လိုက်တာလား..."
ကျုံးချင်သည် ထိတ်လန့်သွားသော်လည်း သူ သေချာကြည့်လိုက်ချိန်၌ မည်သည့်မူမမှန်မှုမျိုးကိုမျှ မခံစားရချေ။ သူ၏အသိစိတ်ပင်လယ်ထဲတွင် တံခါးတစ်ချပ် အပိုရှိလာခြင်းမှလွဲ၍ တခြားမည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။
သူသည် အသိစိတ်ပင်လယ်ထဲရှိ တံခါးကြီးကို လွှမ်းမိုးရန် နတ်ဘုရားစိတ်အာရုံကို အသုံးပြုလိုက်ရာ ကျယ်လောင်သော အသံနှင့်အတူ ကြေးနီတံခါးကြီးက သူ၏ရှေ့တွင် ရုတ်တရက် ပြန်လည်၍ ထွက်ပေါ်လာခဲ့သည်။
ကျုံးချင်သည် စိတ်လှုပ်ရှားသွားပြီး ကြေးနီတံခါးကြီးကို သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ထပ်မံ၍ လွှမ်းခြုံလိုက်၏။ နောက်ထပ်အချိန်တခဏတွင် ကြေးနီတံခါးကြီး တဖန်ပြန်၍ ပျောက်ကွယ်သွားသည်။
သူသည် ဤတံခါးကို အသိစိတ်ပင်လယ်ထဲသို့ ထည့်သွင်းထားပြီး စိတ်ဆန္ဒရှိသည့်အတိုင်း ထုတ်ယူနိုင် ပြန်လည်သိမ်းဆည်းနိုင်ပုံရသည်။ သို့သော် ထိုအရာမှတစ်ပါး တခြားမည်သည့်အရာကိုမျှ လုပ်ဆောင်၍ မရသည့်အပြင် ကြေးနီတံခါးကြီးသည်လည်း သူ့အပေါ်တွင် မည်သည့်သက်ရောက်မှုမျှ မရှိချေ။
ထို့ပြင် ဤတံခါးကို တစ်ကြိမ်ထုတ်ယူပြီး ပြန်လည်သိမ်းဆည်းလိုက်ခြင်းက ကျုံးချင်အား အနည်းငယ် မူးဝေသွားစေပြီး စိတ်ဝိညာဉ်စွမ်းအား အလွန်အကျွံ သုံးစွဲလိုက်ရသည့်ပုံ ပေါက်နေသည်။ ကြေးနီတံခါးကြီးကို ထုတ်လွှတ်လိုက်ခြင်းသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပုံရသည်။
ကြေးနီတံခါးကြီးကို သိမ်းဆည်းထားခြင်းက သူ့အတွက် မည်သည့်ပြဿနာမျှ မဖြစ်စေသော်လည်း တခြားတစ်နေရာမှ ပုဂ္ဂိုလ်တစ်ဦးကမူ အလွန်အမင်း တုန်လှုပ်ချောက်ချားသွားခဲ့ကြောင်း သူ မသိခဲ့ချေ။
ဤအချိန်တွင်...မြေပြင်ပေါ်၌...
မျှော်စင်ထိပ်တွင် မင်ဆုရှင်းသည် လေဟာနယ်အတွင်း၌ ပလ္လင်ခွေထိုင်နေပြီး လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများသည် သူမ၏နံဘေးပတ်လည်တွင် လှည့်ပတ်ကာ သူမ၏ခန္ဓာကိုယ်ထဲသို့ အဆတ်မပြတ်ဝင်ရောက်နေကြသည်။
မင်ဆုရှင်းမှ အမွေအနှစ်ကို လက်ခံရယူနေသည်အား စောင့်ကြည့်နေသော ဆရာသခင်မင်ရှဲ့သည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပေ၏။
"ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
ဆရာသခင်မင်ရှဲ့သည် အလွန်အမင်း တုန်လှုပ်သွားသဖြင့် သူ၏စိတ်နှလုံးသားထဲ၌ စိတ်ခံစားချက်များ လွှမ်းမိုးလာမှုကြောင့် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ကာ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။
"ကြေးနီတံခါးကြီးရဲ့အရှိန်အဝါက... ပျောက်ကွယ်သွားပြီ..."
သူသည် မသေဆုံးမီနှင့်သေဆုံးပြီးနောက် ဤနေရာတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်ဆုံးခဲ့ပြီး ဤကြီးမားသော လျှို့ဝှက်နယ်မြေကို ဖန်တီးရန်အတွက် ကြေးနီတံခါးကြီး၏ စွမ်းအားကိုပင် အသုံးပြုခဲ့သည်။ သူသည် ထိုကြေးနီတံခါးကြီး၏အနီးသို့ မချဥ်းကပ်နိုင်တော့သော်လည်း ထိုအရာ၏အရှိန်အဝါနှင့် ပတ်သက်လျှင် အလွန်အာရုံခံစားရလွယ်သည်။
သူ၏ဘဝသက်တမ်းတလျှောက်လုံးတွင် ဦးနှောက်ခြောက်မတတ် စဉ်းစားခဲ့ပြီး သူ စွမ်းအားကုန် ထုတ်သုံးခဲ့သော်လည်း ကြေးနီတံခါးကြီးကို အနည်းငယ်မျှပင် ရွေ့လျားလာအောင် မလုပ်နိုင်ခဲ့ချေ။
ဤအချိန်တခဏ၌ ကြေးနီတံခါးကြီး၏အရှိန်အဝါသည် ရိုးရှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ထိုအရှိန်အဝါသည် အချိန်တခဏကြာ ပြန်ပေါ်လာသည်ဟု ထင်ရသော်လည်း ချက်ချင်းဆိုသလိုပင် ပြန်လည်၍ ပျောက်ကွယ်သွားခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သူ အမှန်တကယ်ကို မည်သည့်အရာကိုမျှ အာရုံခံ၍ မရတော့ချေ။
သူသည် ကျုံးချင်ကို ချက်ချင်းသတိရမိပေ၏။
"ကြေးနီတံခါးကြီးကို... အဲ့ဒီလူငယ်လေးက ယူသွားတာလား..."
ဤကိစ္စကို သူ ယုံကြည်ရန် ခက်ခဲသော်လည်း သူ၏ရှေ့ရှိ ဖြစ်နိုင်ခြေတစ်ခုတည်းရှိသော အမှန်တရားကို လက်ခံရပေမည်။
"သူ ဘယ်လိုလုပ်လိုက်တာလဲ...."
ဆရာသခင်မင်ရှဲ့သည် တုန်လှုပ်ချောက်ချားစွာဖြင့် ငေးငိုင်နေပြီး မသိစိတ်မှနေ၍ ရေရွတ်လိုက်မိသည်။
သူ၏မျက်လုံးထဲတွင် ကျုံးချင်သည် အနည်းငယ် လျှို့ဝှက်ဆန်းကြယ်သော်လည်း ယင်သုံးပါးနယ်ပယ်၌သာရှိပြီး အလွန်ငယ်ရွယ်သေးသဖြင့် ကျုံးချင်က ကြေးနီတံခါးကြီးကို တစ်စုံတစ်ခု လုပ်နိုင်လိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးချေ။
ယခုချိန်တွင်မူ ထိုလူငယ်သည် သူ၏ဘဝတစ်သက်တာလုံး တစ်လက်မမျှပင် ရွေ့အောင်မလုပ်နိုင်ခဲ့သော ကြေးနီတံခါးကြီးကို ယူဆောင်သွားခဲ့လေပြီ။
ထိုကဲ့သို့သော နည်းလမ်းမျိုးကို သူ စိတ်ကူးယဥ်တွေးတောကြည့်၍ပင် မရနိုင်ချေ။
"ကြေးနီတံခါးကြီးတဲ့လား... အဲ့ဒီလို ဖြစ်နေတာကိုး... အဲ့ဒါက တံခါးတစ်ချပ်ပဲလား..."
ထိုအချိန်မှာပင် ကြည်လင်ပြတ်သားသော အသံတစ်သံက ပျံ့လွင့်လာခဲ့သည်။
ဆရာသခင်မင်ရှဲ့သည် ရုတ်တရက် သတိဝင်လာပြီး သူ၏အကြည့်များ စူးရှသွားကာ သူ၏ပုံရိပ် ချက်ချင်းပျောက်ကွယ်သွားပြီးနောက် မျှော်စင်၏ပြင်ပတွင် ပြန်လည်၍ ထွက်ပေါ်လာခဲ့သည်။
အမွေအနှစ်မျှော်စင်၏ရှေ့ရှိ မြေအောက်သို့ ဆင်းသည့် လှေကားထစ်များ၏နံဘေးတွင် ရုပ်ရည်ချောမောခန့်ညားသော လူငယ်တစ်ဦး မတ်တတ်ရပ်နေသည်။ သူသည် ခြေဗလာနှင့် ဖြစ်ပြီး ရင်ဘတ်နေရာ၌ဟထားသော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ဆံပင်ရှည်များကို ပေါ့ပါးလွတ်လပ်စွာ ဖားလျားချထားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ အောက်သို့ ငုံ့ကြည့်နေပေ၏။
ဆရာသခင်မင်ရှဲ့ အနည်းငယ် ထိတ်လန့်သွားသည်။
ဤလူငယ် မည်သည့်အချိန်က ထွက်ပေါ်လာသည်ကိုပင် သူ သတိမထားမိလိုက်ချေ။
သူ့ထံတွင် နတ်ဘုရားစိတ်အာရုံ တစ်စွန်းတစ်စသာ ကျန်ရှိတော့သော်လည်း ထိုအရာသည် လျှို့ဝှက်နယ်မြေ၏စည်းမျဉ်းများနှင့် ပေါင်းစပ်ထားသည်။ ထိုကြောင့် လျှို့ဝှက်နယ်မြေအတွင်းရှိ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေပေ၏။ သာမန်ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူများပင်လျှင် သူ၏အာရုံခံနိုင်စွမ်းအောက်မှ မလွတ်မြောက်နိုင်ချေ။
"ကံမကောင်းစွာနဲ့ပဲ ကျွန်တော် ရောက်လာတဲ့အချိန်မှာ အဲ့ဒီအရှိန်အဝါက ပျောက်ကွယ်သွားတယ်..."
ချောမောခန့်ညားသော လူငယ်က သူ၏ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းပြီး ပြောဆိုလိုက်သည်။
"ကျွန်တော်တို့ကြားမှာ တွေ့ဆုံဖို့ ကံပါမလာခဲ့ဘူး ထင်ပါတယ်..."
ထို့နောက် သူသည် ဆရာသခင်မင်ရှဲ့၏ပုံရိပ်ယောင်ကို လှည့်ကြည့်လိုက်ပြီးနောက် ဤအဘိုးအို ထွက်ပေါ်လာခြင်းကို အံ့အားသင့်ခြင်းမရှိသည့်ပုံပင်။
"ဆရာသခင်မင်ရှဲ့... ခင်ဗျားရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ... ကျွန်တော်က ဂါရဝပြုပါတယ်..."