← Chapters

ပြောမပြတတ်အောင် ကျေးဇူးတင်ရှိခြင်း

Vol. 21 Ch. 202

ပြောမပြတတ်အောင် ကျေးဇူးတင်ရှိခြင်း

Vol. 21 Ch. 202

"မင်းက ငါ့ရဲ့နာမည်ကို တကယ်ကြီးသိနေတာပဲ..."

ဆရာသခင်မင်ရှဲ့၏မျက်လုံးအကြည့် အနည်းငယ် တည်ကြည်လေးနက်သွားသည်။ သူသည် ဤခေတ်ကာလ၏အစရှိ အလယ်ပိုင်းဒေသမှ အစွမ်းထက်ကျင့်ကြံသူတစ်ဦးပင်။ သူ သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဤလူငယ်လေးက သူ၏နာမည်ကို ပြောဆိုနိုင်ခဲ့ပေ၏။

သူ၏အကြည့်သည် လူငယ်လေး၏ မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားပြီး ထိုနေရာတွင် ထူးဆန်းသော ရွှေရောင်အမှတ်အသား တစ်ခုရှိနေသည်ကို မြင်တွေ့မိသည်။ ထိုအမှတ်အသားသည် ယင်နှင့်ယန် ထိုက်ကျိသင်္ကေတမဟုတ်ဘဲ ကြာပန်းပုံသဏ္ဌာန် ဖြစ်နေသည်။ ထိုအမှတ်အသားကို မြင်လိုက်ရသည့် အချိန်တခဏ၌ ဆရာသခင်မင်ရှဲ့၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။

"အဲ့ဒီလိုကိုး... မင်းက မျိုးဆက်ရဲ့..."

သူသည် တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။

"ငါ့ရဲ့ လျှို့ဝှက်နယ်မြေကို မျက်စေ့ကျနေတာက မင်း ဖြစ်နေတာကိုး... အံ့အားသင့်စရာ မရှိတော့ပါဘူး... ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေထဲကို ဝင်လာကြတဲ့ လူတွေအားလုံးက မင်းရဲ့လှုံဆော်မှုကြောင့် ရောက်လာကြတာ မဟုတ်လား..."

ရုပ်ရည်ချောမောခန့်ညားသော လူငယ်လေးက ခေါင်းခါပြပြီး ပြောဆိုသည်။

"ဒီဂျူနီယာက သူတို့နဲ့ မရင်းနှီးပါဘူး... ဒါကြောင့် သူတို့ကို ဘယ်လိုလုပ်ပြီး လှုံဆော်နိုင်မှာလဲ... ဒါက ကံတရားနဲ့ ရေစက်ကြောင့် သက်သက်ပါ... ပြီးတော့ ဒီဂျူနီယာက စီနီယာရဲ့ လျှို့ဝှက်နယ်မြေအတွက် လာခဲ့တာ မဟုတ်ပါဘူး..."

"ကံတရား... ဟမ့်... မင်းတို့က အခုထက်ထိ ဒီလှည့်ကွက်ဟောင်းတွေကို သုံးနေတုန်းပဲလား..."

ဆရာသခင်မင်ရှဲ့က နှာခေါင်းရှုံ့လိုက်သည်။

"မင်းက လျှို့ဝှက်နယ်မြေအတွက် လာတာ မဟုတ်ဘူးဆိုရင် သေချာပေါက် မြေအောက်ကအရာအတွက် လာတာပဲ ဖြစ်ရမယ်... ကံမကောင်းစွာနဲ့ပဲ မင်း နောက်ကျသွားပြီ..."

ရုပ်ရည်ချောမောခန့်ညားသော လူငယ်လေးသည် ထိုစကားကို ကြားချိန်၌ စိတ်ပျက်သွားခြင်း မရှိဘဲ ခေါင်းညိတ်ပြလိုက်၏။

"အမှန်ပဲ... ဒါပေမဲ့ ဒါကလည်း ကံတရားပါပဲ..."

ထို့နောက် သူ၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး ရုတ်တရက် အပြုံးဖျော့ဖျော့လေး ပြုံးလိုက်ရာ ရေခဲနှင့်နှင်းများ အရည်ပျော်ကျသွားသည့်အလား သို့မဟုတ် နွေဦးလေညှင်းမှ မျက်နှာကို လာရောက်ပွတ်သပ်သွားသည့်အလား ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

သို့သော် သူ၏မျက်လုံးများအတွင်းရှိ နက်ရှိုင်းသော နေရာတွင်မူ အရိုးထဲထိ စိမ့်ဝင်သွားစေနိုင်သော အေးစက်မှု အရိပ်အယောင်တစ်ရပ် ရှိနေသည်။

"ဒါပေမဲ့...တကယ်လို့ ဒီဂျူနီယာကသာ အခုချက်ချင်း လှုပ်ရှားလိုက်မယ်ဆိုရင် သိပ်နောက်ကျလွန်းတယ်လို့ မဆိုနိုင်လောက်ဘူး ထင်တယ်... ပြီးတော့ ဒါကလည်း ကံတရားရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေနိုင်မလား..."

ဆရာသခင်မင်ရှဲ့က အေးစက်တင်းမာစွာ တုံ့ပြန်လိုက်သည်။

"ငါ့ရဲ့ရှေ့မှာ ကံတရားအကြောင်း လာမပြောနဲ့... ငါက မင်းတို့ရဲ့ နည်းလမ်းတွေကို မယုံကြည်ဘူး..."

ထို့နောက် သူက တည်ကြည်လေးနက်သော အသံဖြင့် ဆက်လက်၍ ပြောဆိုသည်။

"တကယ်တော့ မင်းက ဒီမျိုးဆက်ရဲ့ ဆက်ခံသူတစ်ယောက် ဖြစ်တဲ့အပြင် မင်းရဲ့စွမ်းအားနဲ့ဆိုရင် ဒီပစ္စည်းကို လုယူချင်တဲ့ စိတ်ကူး မင်းမှာ ရှိကောင်းရှိနိုင်တယ်... ဒါပေမဲ့ မင်း အဲ့ဒီလိုမလုပ်ဖို့ ငါ အကြံပေးချင်တယ်..."

"အဲ့ဒီလူက ယင်သုံးပါးနယ်ပယ် တတိယအဆင့်လောက်ပဲရှိတယ်လို့ ထင်ရပေမဲ့ ဒါက သူ ငါတို့ကို မြင်စေချင်တဲ့ အရာပဲ ဖြစ်လိမ့်မယ်... ဒါ့ပြင် သူနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အရာက ငါတောင် စိတ်ကူးယဥ်တွေးတော မကြည့်ရဲလောက်အောင်ပဲ... မင်းလည်း စိတ်ကူးယဥ်ကြည့်နိုင်မှာ မဟုတ်ဘူးလို့ ငါထင်တယ်... အဲ့ဒါကြောင့်သာ မဟုတ်ရင် မင်း အခုအချိန်မှ သူ့ရဲ့တည်ရှိမှုကို သတိထားမိမှာ မဟုတ်ဘူး... ငါပြောတာ မှားလား..."

ရုပ်ရည်ချောမောခန့်ညားသော လူငယ်လေး၏ မျက်နှာပေါ်မှအပြုံး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ အချိန်တခဏကြာမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏မျက်လုံးထဲတွင် နက်နဲသော ရှေးဟောင်းသင်္ကေတများ မရပ်မနား လည်ပတ်လာပြီး လေဟာနယ်ထဲရှိ တစ်စုံတစ်ရာကို စိုက်ကြည့်နေသည့်အလားပင်။

အချိန်တခဏအကြာတွင် သူက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။

"စီနီယာပြောတာ အမှန်ပဲ... ဒီနေရာရောက်မှပဲဂျူနီယာက သူ့ရဲ့တည်ရှိမှုကို မြင်တွေ့ရတာပါ... သူက အနားမှာ ရှိနေတာ ထင်ရှားပေမဲ့ ဝေဝါးပြီးတော့ မရှင်းမလင်း ဖြစ်နေတုန်းပဲ... ဒါက ဒီဂျူနီယာရဲ့ ကျင့်ကြံမှု မလုံလောက်သေးလို့ ဖြစ်ကောင်းဖြစ်နိုင်တယ်... ဒါမှမဟုတ် ဒါကလည်း ကံတရားကြောင့်လည်း ဖြစ်နိုင်တယ်..."

ထို့နောက် သူက တဖန်ပြန်၍ ပြုံးလိုက်သည်။

"ဒါပေမဲ့ စီနီယာက တွေးပူလွန်းနေပါပြီ...ဒီဂျူနီယာက နောက်ပြောင်လိုက်ရုံ သက်သက်ပါ... ဒီလို စိတ်ဝင်စားစရာကောင်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ တည်ရှိမှုမျိုးကို ဂျူနီယာက ပထမဆုံးအကြိမ် တွေ့ဖူးတာပါ... ဒါကြောင့် ဘာကိစ္စနဲ့ သူ့ကို ရန်သူသွားလုပ်နေမှာလဲ... ဒါက ကျွန်တော်တို့ ကောင်းကင်စိတ်ဆန္ဒ ကြာပန်းမျှော်စင်ရဲ့ ပုံစံမျိုး မဟုတ်ဘူး..."

ဆရာသခင်မင်ရှဲ့က မည်သည့်စကားမျှ တုံ့ပြန်ပြောဆိုခြင်းမပြုဘဲ နှာခေါင်းရှုံ့လိုက်သည်။

"ဒါက ဘယ်သူလဲ..."

ထိုအချိန်မှာပင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

သူတို့နှစ်ယောက်သား လှည့်ကြည့်လိုက်ချိန်၌ ကျုံးချင်သည် လှေကားထစ်များအတိုင်း ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရပြီး သူ၏အကြည့်များက ရုပ်ရည်ချောမောခန့်ညားသော လူငယ်လေးပေါ်သို့ ကျရောက်နေသည်။ သူ၏နံဘေးတွင် ရှိနေသော ဟေးပိုင်သည် တစ်စုံတစ်ခုကို အာရုံခံမိပုံရပြီး ခြေတစ်လှမ်းရှေ့တိုးကာ ကျုံးချင်၏ရှေ့မှ ကာဆီးလိုက်၏။

ဤအပြုအမူက ကျုံးချင်ကို အံ့အားသင့်သွားစေခဲ့သည်၊၊ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်သော ဟေးပိုင်မှ ဤကဲ့သို့ ပြုမူသည်မှာ သူ၏ရှေ့မှ လူသည် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေသည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်ပေမည်။ ဟေးပိုင် ယင်သုံးပါးနယ်ပယ်သို့ ရောက်ရှိပြီးနောက် ဤသို့ပြုမူသည်မှာ ပထမဆုံးအကြိမ်ပင်။

ထိုအချိန်မှာပင် ရုပ်ရည်ချောမောခန့်ညားသော လူငယ်လေး၏မျက်လုံးထဲတွင် သင်္ကေတများ လင်းလက်သွားပြီး ကျုံးချင်ကို ထွင်းဖောက်မြင်ချင်သည့်ဟန် ပေါ်လွင်နေသည်။ သို့သော် နောက်ထပ်အချိန်တခဏတွင် သူသည် တစ်စုံတစ်ခုကို ထိတွေ့မိသည့်အလား သူ၏မျက်လုံးထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ထို့နောက် သူ၏မျက်လုံးထဲမှ သင်္ကေတများ ချက်ချင်းပြိုကွဲသွားပေ၏။ သူသည် မျက်လုံးများကို စုံမှိတ်လိုက်ရပြီး သူ၏အရှိန်အဝါများ အချိန်တခဏကြာမျှ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။

အချိန်တခဏကြာပြီးနောက် သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူ၏မျက်လုံးသူငယ်အိမ်များ ကြည်လင်နေပြီး မည်သည့်အရာမျှ မရှိသည့်အလားပင်။ ရုပ်ရည်ချောမောခန့်ညားသော လူငယ်လေးသည် ကျုံးချင်ကို အချိန်တခဏကြာမျှ စိုက်ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး ထင်ဟပ်လာကာ ပြောဆိုလိုက်သည်။

"ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ... ကျွန်တော့်မှာ နာမည်မရှိပါဘူး... ဒါပေမဲ့ တခြားလူတွေကတော့ ထျန်းလျှန်ကျူးရှီလို့ ခေါ်ကြတယ်... ညီအစ်ကိုအနေနဲ့ ကျွန်တော့်ကို ထျန်းလျှန်လို့ပဲ ခေါ်လို့ရတယ်... ညီအစ်ကိုရဲ့ နာမည်လေးကို သိခွင့်ရမလား..."

"ထျန်းလျှန်..."

ကျုံးချင်က မျက်မှောင်ကြုတ်လိုက်မိသည်၊၊ သူ၏ရှေ့မှလူသည် အနည်းငယ် ထူးဆန်းနေသည်ဟု သူ ခံစားမိပေ၏။ သို့သော် တစ်ဖက်လူက ပြုံးပြနေလျှင် ကိုယ်က ရိုက်၍မရဟူသော ဆိုရိုးစကားအတိုင်း တစ်ဖက်လူ၏ သဘောထားက ယဉ်ကျေးနေသဖြင့် သူ ခေါင်းညိတ်ပြလိုက်သည်။

"ကျုံးချင်ပါ..."

"ညီအစ်ကိုကျုံး ဖြစ်နေတာကိုး..."

ထျန်းလျှန်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"ကျွန်တော်က အစတုန်းကတော့ ပစ္စည်းတစ်ခု လာရှာတာပါ... ဒါပေမဲ့ အခု မလိုအပ်တော့ဘူး... ကျွန်တော်လည်း ပြန်တော့မလို့ပါ..."

ထိုစကားဆုံးသည်နှင့် ထျန်းလျှန်က ကျုံးချင် ကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။

"ကျွန်တော်က အလယ်ပိုင်းဒေသရဲ့ ရှင်းလျှန်တောင်မှာ နေထိုင်တယ်... တကယ်လို့ ညီအစ်ကိုကျုံးက နောင်အနာဂတ်မှာ အလယ်ပိုင်းဒေသကို ရောက်လာခဲ့ရင် ကျွန်တော့်ရဲ့ ကောင်းကင်စိတ်ဆန္ဒ ကြာပန်းမျှော်စင်ကို အလည်လာဖို့ ဖိတ်ခေါ်ပါတယ်... ကျွန်တော်က သေချာပေါက် ကြိုဆိုနေမှာပါ..."

ထို့နောက် သူသည် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး နေရာမှာပင် ပျောက်ကွယ်သွားတော့သည်။

ကျုံးချင် အနည်းငယ် ကြက်သေသေသွားသည်။ သူ၏ လက်ရှိစွမ်းအားနှင့်ပင် ထျန်းလျှန် မည်ကဲ့သို့ ပျောက်ကွယ်သွားသည်ကို သူ ရှင်းရှင်းလင်းလင်း မမြင်တွေ့လိုက်ရချေ။ ထိုလူသည် ရုတ်တရက် ရောက်ရှိလာပြီး ရုတ်တရက် ပြန်ထွက်သွားခဲ့ကာ အနည်းငယ် အံ့အားသင့်နေသော ကျုံးချင်ကိုသာ ချန်ထားရစ်ခဲ့သည်။

"အလယ်ပိုင်းဒေသ...ဟုတ်လား..."

ကျုံးချင်၏မျက်လုံးများ တောက်ပသွားသည်၊၊ လမ်းတစ်လျှောက်လုံး၌ ဤနာမည်ကို သူအကြိမ်ကြိမ် ကြားခဲ့ဖူးသည်။ အနာဂတ်၌ အခွင့်အရေးရလျှင် သူ အလယ်ပိုင်းဒေသကို သေချာပေါက် သွားရောက်လည်ပတ်ရပေမည်။ သို့သော် ယခုအချိန်တွင်မူ မဟုတ်သေးချေ။ မြောက်ပိုင်းဒေသတွင် သူ လုပ်စရာရှိသည့် ကိစ္စများ မပြီးပြတ်သေးသဖြင့် အလယ်ပိုင်းဒေသသို့သွားရန် သူ စိတ်လောနေမည် မဟုတ်ချေ။

"ငါ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့မိဘူး..."

ဆရာသခင်မင်ရှဲ့၏အသံ ထွက်ပေါ်လာပြီး သူ၏အတွေးများကို ဖြတ်တောက်လိုက်၏။ သူ လှည့်ကြည့်လိုက်ချိန်၌ တစ်ဖက်လူက သူ့ကို စိတ်ခံစားချက်များ ပြည့်နှက်နေသော မျက်နှာဖြင့် ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

"ငါ နှစ်ပေါင်းမရေမတွက်နိုင်အောင် လေ့လာခဲ့တဲ့ ရှေးဟောင်းကြေးနီတံခါးကြီးကို မင်းက ဒီအတိုင်း ယူဆောင်သွားနိုင်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ စိတ်ကူးတောင် မယဉ်ခဲ့မိဘူး... မင်း ဘယ်လိုလုပ်လိုက်တာလဲ..."

ကျုံးချင်သည် ခေါင်းခါယမ်းပြီး တုံ့ပြန်အဖြေမပေးခဲ့ချေ။ အမှန်အားဖြင့် သူကိုယ်တိုင်လည်း ဤရှေးဟောင်း ကြေးနီတံခါးကြီးအကြောင်းကို သေသေချာချာ နားမလည်နိုင်သေးချေ။ ထို့ကြောင့် သူသည် ဆရာသခင်မင်ရှဲ့ကို မည်သို့မျှ တုံ့ပြန်အဖြေမပေးနိုင်ခြင်းဖြစ်သည်။

ဆရာသခင်မင်ရှဲ့က သက်ပြင်းချလိုက်ပြီး ပြောဆိုသည်။

"ထားလိုက်ပါတော့လေ... ငါ့ဘဝရဲ့ လက်ကျန်စွဲလမ်းမှုတွေအားလုံးက ဒီရှေးဟောင်း ကြေးနီတံခါးကြီးနဲ့ ဆက်နွယ်နေခဲ့တာ... ငါ သေဆုံးသွားတဲ့ အချိန်ထိတောင် အဲ့ဒီအရာရဲ့လျှို့ဝှက်ချက်တွေထဲက တစ်ဝက်လောက်ကိုတောင် မထိတွေ့နိုင်ခဲ့ဘူး... နောက်ဆုံးအချိန်မှာ တစ်ယောက်ယောက်က ဒါကို ယူဆောင်သွားတာကို ငါ မြင်လိုက်ရတာကလည်း တစ်မျိုးတစ်ဖုံတွေးကြည့်ရင် စိတ်ကျေနပ်စရာ ကောင်းပါတယ်..."

ကျုံးချင်၏မျက်လုံးအကြည့် ရွေ့လျားသွားသည်။

"နောက်ဆုံးအချိန်... ဟုတ်လား..."

ဆရာသခင်မင်ရှဲ့က ခေါင်းညိတ်လိုက်သည်။

"အမှန်ပဲ... ငါ အရင်က ပြောခဲ့သလိုပဲ... ဒီ လျှို့ဝှက်နယ်မြေက ရှေးဟောင်းကြေးနီတံခါးကြီးရဲ့စွမ်းအားကို အသုံးပြုပြီးတော့ ငါ ဖန်တီးထားခဲ့တာပဲ... အခုတော့ ရှေးဟောင်းကြေးနီတံခါးကြီးကို မင်း ယူဆောင်သွားပြီဆိုတော့ ကောင်းကင်နဲ့မြေပြင်ရဲ့ စည်းမျဉ်းတွေကို ဖိနှိပ်ထားနိုင်မယ့် စွမ်းအားမရှိတော့တာကြောင့် ဒီလျှို့ဝှက်နယ်မြေကလည်း ကြာကြာတောင့်ခံထားနိုင်တော့မှာ မဟုတ်ပါဘူး... လျှို့ဝှက်နယ်မြေ မပြိုကွဲခင်မှာ ငါ့ရဲ့ ဒီနတ်ဘုရားစိတ်အာရုံ အပိုင်းအစလေးက အရင်ဆုံး ပျောက်ကွယ်သွားလိမ့်မယ်..."

သူသည် မျက်မှောင်အနည်းငယ် ကြုတ်ထားသော ကျုံးချင်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

"သခင်လေးကျုံး... ဘာမှ စိတ်ထဲထားနေစရာ မလိုပါဘူး... မင်းရဲ့စကားကို နားထောင်ခဲ့တဲ့အတွက်ကြောင့် နောက်ဆုံးအချိန်မှာ ငါ့ရဲ့ အမွေဆက်ခံသူကို ရှာတွေ့ခဲ့ပြီ... ဒါကြောင့် ငါ့ရဲ့ အမွေအနှစ်က ဆက်ခံမယ့်သူ မရှိဘဲ ပျောက်ဆုံးသွားတော့မှာ မဟုတ်ဘူး..."

"ငါ့ရဲ့အမွေအနှစ်ဆက်ခံမှုက ပြီးပြည့်စုံသွားပြီ ဖြစ်တဲ့အပြင် ရှေးဟောင်းကြေးနီတံခါးကြီးကိုလည်း မင်း ယူဆောင်သွားခဲ့ပြီ... ငါ့ရဲ့သက်တမ်းတလျှောက်လုံးမှာ စွဲလမ်းခဲ့ရတဲ့ အရာတွေအားလုံးကို အခုတော့ ငါ လက်လွှတ်လိုက်လို့ရပြီ... ဒါတွေအားလုံးက သခင်လေးကျုံးရဲ့ ကျေးဇူးကြောင့်ပါ... ငါ့ရဲ့ကျေးဇူးတင်ရှိမှုကို စကားလုံးနဲ့တောင် ဖော်ပြလို့ မရပါဘူး... အရင်က ပြောခဲ့သလိုပဲ... ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး ရတနာတွေကို သခင်လေးကျုံးကို ပေးအပ်ပါ့မယ်..."

ကျုံးချင်က ခေါင်းညိတ်ပြပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ဆရာသခင်မင်ရှဲ့၏ပုံရိပ်ယောင်မှ မျောလွင့်လာသော သိုလှောင်လက်စွပ်တစ်ကွင်းကို လက်ခံရယူလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

ဤကျေးဇူးတင်စကားသည် အမှန်တကယ်ကို သူ၏စိတ်နှလုံးသားထဲက လာခြင်းပင်။

ထို့နောက် သူတို့နှစ်ယောက်သည် မျှော်စင်အောက်ခြေတွင် မင်ဆုရှင်း၏အမွေဆက်ခံခြင်းလုပ်ငန်းစဉ် ပြီးဆုံးသည်အထိ အတူတကွ စောင့်ဆိုင်းနေခဲ့ကြသည်။ နာရီအနည်းငယ် ကြာမြင့်သွားချိန်၌ ကျုံးချင်သည် လျှို့ဝှက်နယ်မြေ၏အရှိန်အဝါများ မငြိမ်မသက် ဖြစ်လာသည်ကို ခံစားလိုက်ရပြီး ကောင်းကင်နှင့်မြေပြင်ကြားရှိ ဥပဒေသစွမ်းအားများသည်လည်း တဖြည်းဖြည်း မညီမမျှ ဖြစ်လာပေ၏။

ဤလျှို့ဝှက်နယ်မြေသည် ပြိုကွဲတော့မည့်ပုံ ရှိနေသည်။ ဆရာသခင်မင်ရှဲ့၏ပုံရိပ်ယောင်သည်လည်း တဖြည်းဖြည်း မှေးမှိန်လာသည်။ ထိုအချိန်မှာပင် အံ့အားတသင့် ရေရွတ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"မိတ်ဆွေလေးကျုံး..."

ကျုံးချင်သည် ဤနေရာသို့ ဝင်ရောက်လာသော အရှိန်အဝါကို အာရုံခံမိထားပြီးဖြစ်သဖြင့် အံ့အားသင့်သွားခြင်းမရှိဘဲ ထိုနေရာသို့ လှည့်ကြည့်လိုက်၏။

အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည် ပိန်ပါးပါးနှင့် ကျန်းယွဲ့ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် ကျန်းယွဲ့ဂိုဏ်းမှ တပည့်များကို ဦးဆောင်ကာ အံ့အားသင့်နေသော မျက်နှာထားဖြင့် ဝင်ပေါက်မှ ဝင်ရောက်လာသည်ကို သူ မြင်တွေ့မိပေ၏။

ကျန်းယွဲ့ဂိုဏ်းသားများ၏ အနောက်တွင်မူ မျက်နှာမသာမယာဖြစ်နေသော ရေခဲဓားဂိုဏ်းချုပ်ဟန်မင်ဖုန်းက သူ၏ဂိုဏ်းသားများကို ဦးဆောင်ပြီး ဝင်ရောက်လာသည်။

All Chapters