နောက်ဆုံးကျန်ရစ်သူ
Vol. 21 Ch. 203
ဂိုဏ်းနှစ်ဂိုဏ်းမှလူများ၏စွမ်းအားသည် လျှို့ဝှက်နယ်မြေ၏ အတားအဆီးများစွာကို ဖြတ်ကျော်ရန် အခွင့်အရေး မရှိသည်တော့ မဟုတ်ပေ။ သို့သော် မူလအန္တရာယ် အဆင့်အတန်းအရဆိုလျှင် နောက်ဆုံး၌ ဤနေရာသို့ ရောက်လာနိုင်မည့်သူမှာ လက်တစ်ဆုပ်စာခန့်သာ ရှိပေလိမ့်မည်။ ထို့ပြင် သူတို့သည် အနည်းဆုံးအနေဖြင့် ရက်အနည်းငယ်ကြာခန့် အချိန်ယူရပေမည်။
သို့သော် ယခုအချိန်တွင် လျှို့ဝှက်နယ်မြေ၏ စွမ်းအားသည် ဆက်တိုက်အားနည်းလာပြီး လျှို့ဝှက်နယ်မြေ၏စည်းမျဉ်းများ ပြိုကွဲလုနီးပါး ဖြစ်နေလေပြီ။ မူလက လျှို့ဝှက်နယ်မြေ၏စွမ်းအားအပေါ် မှီခိုနေရသော ဝင်္ကပါများသည်လည်း သဘာဝကျကျပင် ပြိုကွဲပျက်စီးသွားကြသည်။ ဤအကြောင်းအရင်းကြောင့်ဂိုဏ်းနှစ်ဂိုဏ်းမှ လူများသည် ဤနေရာသို့ နာရီအနည်းငယ်အတွင်း ရောက်ရှိလာနိုင်ခြင်း ဖြစ်သည်။
ဤနေရာသို့ သူတို့ ရောက်လာသည်နှင့်....
တောက်ပသော ရှေးဟောင်းသင်္ကေတများ အဆက်မပြတ် လည်ပတ်နေသည့် ထင်ရှားပေါ်လွင်သော ရွှေရောင်မျှော်စင်ကြီးသည် သူတို့၏စိတ်အာရုံများကို ဖမ်းစားနိုင်ခဲ့သည်။ သူတို့သည် အနည်းငယ် တွေးတောကြည့်လိုက်ရုံဖြင့် ဤနေရာသည် ကြီးမားသော အခွင့်အရေးများ ရှိနေသည့် လျှို့ဝှက်နယ်မြေ၏ဗဟိုချက်ဖြစ်ကြောင်း သိရှိလိုက်ကြ၏။
ဝမ်းသာအားရ ဖြစ်နေသော ဂိုဏ်းနှစ်ဂိုဏ်းမှ လူများသည် ရောက်ရောက်ချင်းမှာပင် ကျုံးချင် နှင့် ဟေးပိုင်တို့ မျှော်စင်အောက်ခြေတွင် မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား မတ်တတ်ရပ်နေကြသည်ကို မြင်လိုက်ရသဖြင့် သူတို့၏ အံ့အားသင့်မှုကို မှန်းဆကြည့်၍ ရနိုင်သည်။
"မိတ်ဆွေလေးကျုံးက ဒီနေရာကို အရင်ဆုံး ရောက်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး..."
ဂိုဏ်းချုပ်လန်ထျန်းဟယ်က သက်ပြင်းချလိုက်သည်။
ကျန်းယွဲ့ဂိုဏ်းမှလူများသည် အဆင်ပြေသော်လည်း ရေခဲဓားဂိုဏ်းမှ လူများမှာမူ ကျုံးချင်နှင့် ပဋိပက္ခ ဖြစ်ခဲ့ဖူးပြီး သူ့ဆီမှ သံမဏိပြားကို လုယူချင်ခဲ့ကြသူများပင်။ ယခုအချိန်၌ ကျုံးချင်သည် သူတို့ထက် အရင်ဦးအောင် ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူတို့၏စိတ်ထဲတွင် မကျေနပ်ချက်များဖြင့် ပြည့်နှက်သွားပြီး သူတို့၏မျက်နှာများ ချက်ချင်းမည်းမှောင်သွားကြသည်။
ဂိုဏ်းနှစ်ဂိုဏ်းမှ လူများသည် ဆရာသခင်မင်ရှဲ့ ရှိနေသည်ကိုလည်း သတိထားမိလိုက်ကြသည်။ သူ၏ပုံရိပ်ယောင်သည်သည် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော်လည်း ရှေးဟောင်းခေတ်မှ အစွမ်းထက်ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါကို လျစ်လျူရှုထား၍ မရနိုင်ချေ။ ထို့ပြင် ဤနေရာတွင် ရှိနေသူများအားလုံးသည် ရူးသွပ်မိုက်မဲသူများ မဟုတ်ကြချေ။ ဤပုံရိပ်ယောင်မှာ လျှို့ဝှက်နယ်မြေသခင် ဖြစ်နိုင်ချေအများဆုံးရှိကြောင်း သူတို့အားလုံး ချက်ချင်းခန့်မှန်းမိကြသည်။
ရုတ်ချည်းဆိုသလိုပင် လူတချို့၏စိတ်နှလုံးသားများအတွင်းတွင် မျှော်လင့်ချက်မီးတောက်များ တဖန်ပြန်၍ တောက်လောင်လာသည်။
မျှော်စင်သည် ရွှေရောင်အလင်းတန်းများ လင်းလက်နေဆဲဖြစ်ပြီး ကျုံးချင်သည် မျှော်စင်၏အပြင်ဘက်တွင် မတ်တတ်ရပ်နေသဖြင့် သူ မျှော်စင်ထဲသို့ ဝင်ရန် အချိန်မရလိုက်ခြင်းများ ဖြစ်နေသလော...
ထိုအချိန်တွင် ဆရာသခင်မင်ရှဲ့က စကားပြောဆိုလိုက်ရာ သူတို့ တွေးထင်ထားသည့်အတိုင်း အမှန်တကယ် ဖြစ်နေသည်။
"ငါက ဆရာသခင်မင်ရှဲ့ ပါ... ဒီလျှို့ဝှက်နယ်မြေရဲ့ အရှင်သခင်ပေါ့..."
ဂိုဏ်းနှစ်ဂိုဏ်းမှလူများသည် စိတ်ဓာတ်များ တက်ကြွလာပြီး အလျင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
"ဆရာသခင်မင်ရှဲ့ကို ဂါရဝပြုပါတယ်..."
ဤပုဂ္ဂိုလ်၏နာမည်ကို သူတို့ တစ်ကြိမ်တစ်ခါမျှ မကြားဖူးသော်လည်း ဤနေရာထိ ရောက်လာခဲ့ပြီဖြစ်သည်။ လျှို့ဝှက်နယ်မြေ၏ကြောက်မက်ဖွယ်ကောင်းပုံကို သူတို့ မည်သည်ကြောင့် မသိဘဲနေမည်နည်း။ သူတို့၏ရှေ့မှ ပုဂ္ဂိုလ်သည် ယန်သုံးပါးနယ်ပယ် သို့မဟုတ် ထို့ထက်မြင့်မားသော အဆင့်တွင်ရှိသည့် ပြိုင်ဘက်ကင်းတည်ရှိမှုကြီး ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ တည်ရှိမှုမျိုးမှ ပိုင်ဆိုင်သော အမွေအနှစ် ဆိုသည်မှာ မည်သည့်အရာမျိုး ဖြစ်နေမည်နည်း...
သို့သော် နောက်ထပ်အချိန်တခဏတွင် ဆရာသခင်မင်ရှဲ့က စကားဆက်လက်၍ ပြောဆိုလိုက်ရာ သူတို့၏စိတ်ကူးယဉ်အိပ်မက်များ ပျက်စီးသွားခဲ့သည်။
"မင်းတို့ ရောက်လာတာ အရမ်းနောက်ကျသွားပြီ... ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံဖို့အတွက် ရွေးချယ်ခံထားရတဲ့သူ ရှိပြီးသွားပြီ.."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူများအားလုံး၏မျက်နှာများ ချက်ချင်းမည်းမှောင်သွားကြ၏။ သူတို့သည် ကျုံးချင်ကို မသိစိတ်မှနေ၍ လှမ်းကြည့်မိကြသည်။ ကျန်းယွဲ့ဂိုဏ်းမှ လူအများစုသည် အားကျသည့်ပုံစံ ပေါက်နေသော်လည်း ရေခဲဓားဂိုဏ်းမှ လူများကမူ မနာလိုဝန်တိုစိတ်များ ဖြစ်ပေါ်နေသည်။ အထူးသဖြင့် ဂိုဏ်းခေါင်းဆောင်ဟန်မင်ဖုန်း၏ မျက်လုံးများဆိုလျှင် မီးဝင်းဝင်းတောက်လုမတတ် စူးရှနေသည်။
ယခုအချိန်တွင် သူ၏စိတ်အခြေအနေ အလွန်ဆိုးရွားနေသည်ဟု ဆိုရပေမည်။ ဤနေရာသို့ လာရာလမ်း၌ သူ၏တပည့်ရင်ဖြစ်သော ဂိုဏ်း၏ဓားသခင် ဟန်အန်းအန်းနှင့် တတိယ အကြီးအကဲတို့၏ အလောင်းများကို နှင်းဖုံးနေသော နေရာတစ်နေရာတွင် တွေ့ရှိခဲ့သည်။ သူသည် လူသတ်တရားခံကို ရှာမတွေ့သဖြင့် သူ၏ဒေါသများကို မည်သည့်နေရာတွင် ပေါက်ကွဲရမှန်းမသိ ဖြစ်နေချိန်တွင် လျှို့ဝှက်နယ်မြေ အခွင့်အရေးကိုလည်း ဤသောက်ကျိုးနည်းကောင်စုတ်လေးက လုယူသွားပေ၏။
အကယ်၍ ကျန်းယွဲ့ဂိုဏ်းချုပ်လန်ထျန်းဟယ် သာ အနီးအနားတွင် မရှိလျှင် သူသည် ဤကောင်စုတ်လေးကို တိုက်ခိုက်သတ်ဖြတ်ပြီး ဖြစ်ပေမည်။
သို့သော် ဆရာသခင်မင်ရှဲ့က ထပ်မံ၍ ပြောဆိုလိုက်သည်။
"အထင်မလွဲကြနဲ့... ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံသွားတဲ့သူက မင်ဆုရှင်းပဲ.. သူက အခုလက်ရှိအချိန်မှာ အမွေအနှစ်ကို လက်ခံရယူဖို့အတွက် မျှော်စင်ထဲမှာ ရောက်နေတယ်..."
ထိုစကားကို ကြားချိန်၌ ဂိုဏ်းနှစ်ဂိုဏ်းမှလူများ ထပ်မံ၍ အံ့အားသင့်သွားကြသည်။ မင်ဆုရှင်းသည် မည်သူမည်ဝါဖြစ်သည်ကို သူတို့ မည်သည်ကြောင့် မသိဘဲ နေမည်နည်း။ မူလက ကျုံးချင်တစ်ယောက်တည်းကိုသာ ဤနေရာ၌ တွေ့ရှိရသဖြင့် တခြားဂိုဏ်းနှစ်ဂိုဏ်း၏သံမဏိပြားများကို အသုံးပြုပြီး လျှို့ဝှက်နယ်မြေကို ဖွင့်ခဲ့သော်လည်း ထိုဂိုဏ်းများမှလူများ မည်သည်ကြောင့် ရောက်မလာခဲ့သည်ကို သူတို့ သိချင်နေခဲ့ကြခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရေခဲဓားဂိုဏ်းမှ လူများသည် တိတ်တဆိတ် ဝမ်းသာနေကြ၏။ ပြိုင်ဘက်ဂိုဏ်းနှစ်ဂိုဏ်း လျော့နည်းသွားသဖြင့် တစ်ဖက်လူများ လျှို့ဝှက်နယ်မြေ၏လမ်းတစ်ဝက်တွင် သေဆုံးသွားလျှင် အကောင်းဆုံးဖြစ်မည်ဟု သူတို့ တွေးတောနေခဲ့ကြခြင်းဖြစ်သည်။ သို့သော် ကြေးမုံနှလုံးသားရေကန်မှ သူတော်စင်မိန်းမပျိုက အမွေအနှစ်ကို စတင်၍ ဆက်ခံနေပြီဟု မည်သူက တွေးထင်ထားမိမည်နည်း။ ဤလျှို့ဝှက်နယ်မြေ၏ အကြီးမားဆုံး အခွင့်အရေးသည် ကြေးမုံနှလုံးသားရေကန်၏ လက်ထဲသို့ ကျရောက်သွားခဲ့လေပြီ။
အချိန်တခဏအတွင်းတွင် ဂိုဏ်းနှစ်ဂိုဏ်းမှ လူများ၏စိတ်ခံစားချက်များ ရှုပ်ထွေးသွားခဲ့သည်။ ကျန်းယွဲ့ဂိုဏ်းမှ လူများကမူ အခြေအနေ ကောင်းမွန်သေးသည်ဟု ဆိုရပေမည်။ သူတို့၏ ဆုံးရှုံးမှုများသည် မနည်းလှသော်လည်း သူတို့ဂိုဏ်း၏အဆင့်မြင့်ပုဂ္ဂိုလ်များသည် ဂိုဏ်းလေးဂိုဏ်းအနက် အထိအခိုက်အနည်းဆုံးနှင့် အကောင်းမွန်ဆုံး ကျန်ရစ်နေဆဲပင်။ ရေခဲဓားဂိုဏ်းမှ လူများကမူ အခွင့်အရေး မရရှိခဲ့ရုံသာမက သူတို့၏ဓားသခင်နှင့်အကြီးအကဲတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီး ဂိုဏ်းသားအမြောက်အများလည်း လမ်းတလျှောက်တွင် သေဆုံးခဲ့ရသည်။ သူတို့သည် အမှန်တကယ်ကို အကြီးမားဆုံး ရှုံးနိမ့်သူများ ဖြစ်လာခဲ့ရသည်။
အကယ်၍ ဂိုဏ်းလေးဂိုဏ်းအနက် နောက်ဆုံးဂိုဏ်းဖြစ်သော နဂါးနက်ဂိုဏ်းသည် အထက်မှ အောက်အထိ တစ်ဂိုဏ်းလုံး သေဆုံးကုန်ကြပြီး အလောင်းကောက်မည့်သူပင် မရှိတော့ကြောင်း သူတို့သာ သိခဲ့လျှင် သူတို့အားလုံး ပို၍ထိတ်လန့်တုန်လှုပ်သွားပေမည်။
ဂိုဏ်းနှစ်ဂိုဏ်းမှလူများ စိတ်ဓာတ်ကျနေချိန်၌ ဆရာသခင်မင်ရှဲ့က တည်ငြိမ်အေးဆေးစွာ စကားပြောဆိုလိုက်သည်။
"ငါ့ရဲ့ အမွေအနှစ်က ဆုံးဖြတ်ပြီးသွားပြီ ဆိုပေမဲ့... ငါ သက်ရှိထင်ရှားရှိစဉ်က ချန်ထားခဲ့တဲ့ ရတနာတချို့လည်း ဒီနေရာမှာ ရှိနေတယ်... မင်းတို့ ဒီနေရာကို ရောက်လာနိုင်တာကလည်း ကံတရားပဲ... လူတစ်ယောက် သေဆုံးသွားတာက မီးအိမ်တစ်လုံး ငြိမ်းသွားတာနဲ့ အတူတူပဲ... ငါက ပျောက်ကွယ်တော့မှာ ဖြစ်တာကြောင့် ဒီသက်မဲ့ပစ္စည်းတွေကို သိမ်းထားလည်း အသုံးမဝင်တော့ဘူး... ဒါကြောင့် မင်းတို့ကိုပဲ ပေးအပ်ခဲ့ပါ့မယ်..."
ဂိုဏ်းနှစ်ဂိုဏ်းမှလူများသည် ချက်ချင်းဆိုသလိုပင် တက်ကြွလာပြီး သူတို့၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်လာပေ၏။ ယန်သုံးပါးနယ်ပယ်အထက်ရှိ ရှေးဟောင်း အစွမ်းထက်ကျင့်ကြံသူတစ်ဦး၏ ရတနာများသည် မည်မျှထိ တန်ဖိုးရှိမည်ကို သူတို့ စိတ်ကူးယဥ်တွေးတောကြည့်၍ပင် မရနိုင်ချေ။ သူတို့သည် အမွေအနှစ်ကို မရရင်လျှင်ပင် ဤခရီးစဥ်ကို လာရသည်မှာ အလဟဿ ဖြစ်တော့မည်မဟုတ်ချေ။
သို့သော် ဆရာသခင်မင်ရှဲ့၏နောက်ထပ်စကားများက သူတို့၏စိတ်လှုပ်ရှားမှုများကို ရေအေးတစ်ခွက်ဖြင့် ဖြန်းပက်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။
"ဒါပေမဲ့ ငါ့ရဲ့ ရတနာတွေကို ဝှက်ထားတဲ့ နေရာက ငါ သေဆုံးခဲ့တဲ့ နေရာလည်း ဖြစ်တယ်... ဘယ်သူမဆို ငါ့ရဲ့ ရုပ်အလောင်း ရှိတဲ့နေရာကို ဝင်ခွင့်ရှိတာ မဟုတ်ဘူး..."
ထို့နောက် ဆရာသခင်မင်ရှဲ့က ကျုံးချင်ဘက်သို့ လှည့်ကြည့်လိုက်၏။
"အစကတော့ ငါ ချန်ထားခဲ့တဲ့ ရတနာတွေကို လက်ခံဖို့ ဘယ်သူက အရည်အချင်း ပြည့်မီလဲဆိုတာ ငါ သေချာစမ်းသပ်စစ်ဆေးသင့်တာပါ... ဒါပေမဲ့ အခုတော့ အမွေဆက်ခံခြင်းက ပြီးဆုံးတော့မှာ ဖြစ်တာကြောင့် ငါ့ရဲ့ ဒီနတ်ဘုရားစိတ်အာရုံ အပိုင်းအစလေးကလည်း ကန့်သတ်ချက်ကို ရောက်နေပြီးတော့ ပျောက်ကွယ်သွားတော့မယ်..."
"သခင်လေးကျုံး..."
ဆရာသခင်မင်ရှဲ့က ကျုံးချင်ကို ခေါ်လိုက်သည့် ပုံစံကြောင့် ဂိုဏ်းနှစ်ဂိုဏ်းမှ လူများအားလုံး အံ့အားသင့်သွားကြသည်။ ဤ ခန့်မှန်းရခက်သော လျှို့ဝှက်နယ်မြေသခင်ဖြစ်သည့် ရှေးဟောင်းအစွမ်းထက်ကျင့်ကြံသူသည် ကျုံးချင်ကို မည်သည်ကြောင့် ဤမျှထိ ယဉ်ကျေးစွာ ဆက်ဆံနေသနည်း။ သူ၏လေသံတွင် လေးစားသည့်သဘောပင် မသိမသာ ပါဝင်နေသေးသည် မဟုတ်လော...
ဆရာသခင်မင်ရှဲ့က ဆက်လက်၍ ပြောဆိုသည်။
"သခင်လေးကျုံး... ဒုက္ခရှာမိသလို ဖြစ်သွားမလားတော့ မသိဘူး... ဒီကိစ္စကို သခင်လေးကျုံးက တာဝန်ယူပြီး ဖြေရှင်းပေးလို့ ရမလား... ငါက မင်ရှင်းခန်းမဆောင်ရဲ့ စည်းမျဉ်းတွေကို မင်းဆီ လွှဲပြောင်းပေးပါ့မယ်... ဘယ်သူ ဝင်လို့ရမလဲ ဆိုတာ မင်းကပဲ ဆုံးဖြတ်ပေးပါ... ခန်းမထဲက ပစ္စည်းတွေကိုလည်း မင်း ကြိုက်သလို ရွေးချယ်နိုင်ပါတယ်..."
ကျုံးချင်က ခေါင်းညိတ်ပြပြီးပြောလိုက်သည်။
"ရပါတယ်... ဒါက အသေးအမွှားကိစ္စလေးပါ... စီနီယာရဲ့ ရုပ်အလောင်းကို မြှုပ်နှံဖို့ ကျွန်တော်က အပြင်ကို ယူသွားပေးရမလား..."
ခန်းမထဲရှိ ရတနာများကို သူ ဂရုမစိုက်ချေ၊၊ ဆရာသခင်မင်ရှဲ့၏ တန်ဖိုးအကြီးဆုံးရတနာများကို သူ ရရှိပြီးသား ဖြစ်ပေ၏။
ဆရာသခင်မင်ရှဲ့က ခေါင်းခါယမ်းပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဒီ လျှို့ဝှက်နယ်မြေက ဒီဘဝမှာ ငါ့ရဲ့ဂုဏ်ယူရဆုံး ဖန်တီးမှုပါ... ငါ့ရဲ့ မြှုပ်နှံရာနေရာအဖြစ် ဒီနေရာထက် ဘယ်နေရာက ပိုသင့်တော်အုံးမှာလဲ... သခင်လေးကျုံး... ဒီနေရာမှာပဲ နှုတ်ဆက်ပါတယ်..."
ဆံဖြူလူအိုကြီးသည် ကျုံးချင်ကို ဦးညွှတ်လိုက်ပြီးနောက် အလင်းတန်းတစ်တန်းက ကျုံးချင် ၏ခန္ဓာကိုယ်ထဲသို့ ပျံသန်းဝင်ရောက်သွားပြီး သူ၏ပုံရိပ်လည်း တဖြည်းဖြည်း ပို၍မှေးမှိန်လာသည်။ ဤမြင်ကွင်းကို ကြည့်နေသော ကျုံးချင် ကလည်း သူ၏လက်ကိုပူးဆုပ်ပြီး ပြန်လည်၍ ဦးညွှတ်အရိုအသေပြုလိုက်သည်။
"နှုတ်ဆက်ပါတယ်..."
နောက်ထပ်အချိန်တခဏတွင် ရှေးဟောင်းခေတ်မှ ဆရာသခင်၏ပုံရိပ်ယောင်သည် လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။ အမွေအနှစ်မျှော်စင်ထိပ်မှ အလင်းရောင်သည်လည်း ဤအချိန်တွင် ပျောက်ကွယ်သွားပြီးနောက် ကြီးမားသော အရှိန်အဝါတစ်ရပ် ရုတ်တရက် ပွင့်အံ့ထွက်လာပြီး မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။ အမွေအနှစ်ကို လက်ခံရယူခဲ့သော မင်ဆုရှင်း သည် ဤအချိန်တွင် နောက်ထပ်အဆင့်တက်ခြင်းတစ်ခုကို အောင်မြင်သွားပြီ ဖြစ်ကြောင်း သိသာထင်ရှားသည်။
ထိုအချိန်ကျမှသာ ကျုံးချင်သည် သူ၏လက်များကို အောက်ချလိုက်ပြီး နောက်ပစ်ကာ ဂိုဏ်းနှစ်ဂိုဏ်းမှ လူများဘက်သို့ လှည့်ကြည့်လိုက်သည်။ ရတနာပေါင်းများစွာပါဝင်သော မင်ရှင်း ခန်းမဆောင်သည် သူ၏နောက်ကျောဘက်တွင် ရှိနေပေ၏။
ရေခဲဓားဂိုဏ်းနှင့်ကျန်းယွဲ့ဂိုဏ်းမှ လူများသည် ချက်ချင်းဆိုသလိုပင် သူတို့၏မျက်လုံးများ ပြူးကျယ်သွားကြပြီး သူတို့၏စိတ်နှလုံးသားထဲတွင် တဖန်ပြန်၍ ထိတ်လန့်သွားကြသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူတို့ခရီးစဉ်၏ရလဒ်ကို ဆုံးဖြတ်ပေးမည့်သူမှာ ကျုံးချင် ဖြစ်လာလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။