← Chapters

အလုံးစုံ ပျက်စီးခြင်း

Vol. 21 Ch. 204

အလုံးစုံ ပျက်စီးခြင်း

Vol. 21 Ch. 204

ရေခဲဓားဂိုဏ်းမှလူများသည် ချက်ချင်းဆိုသလိုပင် စိုးရိမ်ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

အစောပိုင်းက တောင်ကြားလမ်းတွင် သူတို့သည် ကျုံးချင်နှင့် ရန်ငြိုးဖွဲ့လုနီးပါး ဖြစ်ခဲ့ပြီး ထိုနေရာမှာပင် တိုက်ခိုက်ကြတော့မည့် အခြေအနေထိ ဖြစ်ခဲ့သည်။

ယခု၌မူ လျှို့ဝှက်နယ်မြေသခင်ဖြစ်သော ဆရာသခင်မင်ရှဲ့က ရွေးချယ်ခွင့်ကို ကျုံးချင်၏လက်ထဲသို့ အပ်လိုက်သလော....

သူတို့၏ ဒူးခေါင်းဖြင့် စဉ်းစားကြည့်လျှင်ပင် ကျုံးချင်က သူတို့ကို ဘယ်တော့မှ ရွေးချယ်မည် မဟုတ်ကြောင်း သိနိုင်ပေ၏။

ထိုအချက်ကို တွေးမိချိနိ၌ ရေခဲဓားဂိုဏ်းချုပ် ဟန်မင်ဖုန်း၏မျက်နှာ ချက်ချင်းအေးခဲတောင့်တင်းသွားသည်။

"ငါတို့... ဒီကောင်စုတ်လေးဆီကနေ ခန်းမကိုထိန်းချုပ်နိုင်တဲ့ စည်းမျဉ်းကို အခုပဲ လုယူလိုက်ရမလား..."

ထို့နောက် သူ ထိုအကြံအစည်ကို ချက်ချင်း ငြင်းပယ်လိုက်သည်။

"မဖြစ်ဘူး... မဖြစ်သေးဘူး... တခြားအရာတွေကို ထားလိုက်အုံး... ကျန်းယွဲ့ဂိုဏ်းက လူတွေက ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး... ပြီးတော့..."

သူသည် ကျုံးချင်ကို စိုးရိမ်စိတ်ဖြင့် လှမ်းကြည့်လိုက်၏။

"ပြီးတော့ ဒီကောင်စုတ်လေးက နည်းနည်း ထူးဆန်းနေတယ်... လျှို့ဝှက်နယ်မြေသခင်တောင်မှ သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး ရွေးချယ်ခွင့် ပေးခဲ့တယ်..."

မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းချုပ်တစ်ယောက် အနေဖြင့် ဤနေရာသို့ ရောက်လာနိုင်ခြင်းက သူသည် အရူးတစ်ယောက် မဟုတ်ကြောင်း သက်သေပြနေခြင်းပင်။

အစောပိုင်းက တောင်ကြားလမ်းတွင် တွေ့ဆုံစဥ်တွင် ကျုံးချင်သည် အသက်နှစ်ဆယ်ကျော်ရုံသာ ရှိသေးသည့် လူငယ်တစ်ယောက် ဖြစ်ပြီး သူ၏ကျင့်ကြံဆင့်မှာလည်း သိပ်မမြင့်မားလှသဖြင့် ဂိုဏ်းချုပ်လန်ထျန်းဟယ်၏ အကာအကွယ်ကို ယူနေရသည်ဟု တွေးထင်ခဲ့မိသည်။ ထို့ကြောင့် ကျုံးချင်သည် အင်အားစုတစ်စုမှ သခင်လေးတစ်ယောက် ဖြစ်မည်ဟုသာ တွေးတောကာ သူ၏မျက်လုံးထဲသို့ မထည့်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ ငတုံးငအတစ်ယောက်ပင်လျှင် ဤလူငယ်လေးထံ၌ ဝှက်ဖဲတချို့ရှိနေကြောင်း ခန့်မှန်းမိပေမည်။ ထိုသို့မဟုတ်လျှင် သူသည် သူတို့ဂိုဏ်းနှစ်ဂိုဏ်းထက် စောပြီး ဤနေရာသို့ မည်သည်ကြောင့် ရောက်လာနိုင်မည်နည်း။

လမ်းတလျှောက်၌ ကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့်အန္တရာယ်များကို ပြန်တွေးမိတိုင်း သူ ကြောက်လန့်နေမိဆဲပင်။

ထိုအရာများကို တွေးတောမိပြီးနောက် သူသည် အေးခဲတောင့်တင်းနေသော မျက်နှာထားကို ပြုပြင်ကာ အတင်းအကြပ် ဟန်ဆောင်ပြုံးလိုက်သည်။

"သခင်လေးကျုံး... မင်းက ငါတို့ဂိုဏ်းနှစ်ဂိုဏ်းထက်စောပြီး ဒီနေရာကို ရောက်နေလိမ့်မယ်လို့ ငါ ထင်ထားမိဘူး... မင်းရဲ့ နည်းလမ်းတွေက တကယ်ကို ထူးခြားတာပဲ... ငါလေးစားမိတယ်..."

"မေးပါရစေ... သခင်လေးအနေနဲ့ အခု ခန်းမထဲကို ဝင်ဖို့ ဘယ်သူ့ကို ရွေးချယ်ချင်ပါသလဲ..."

"တကယ်လို့ သခင်လေးကသာ တရားမျှတတဲ့ ရွေးချယ်မှုကို ပြုလုပ်ပေးမယ်ဆိုရင် ငါတို့ရေခဲဓားဂိုဏ်း က ဒီကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘဲနဲ့ နောက်နောင်ကျရင် သေချာပေါက် ပြန်ပြီးကျေးဇူးဆပ်ပါ့မယ်..."

ကျုံးချင်၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"တရားမျှတတဲ့ ရွေးချယ်မှု....ဟုတ်လား..."

"ကောင်းပြီလေ..."

ဂိုဏ်းချုပ်ဟန်မင်ဖုန်း၏ မျက်လုံးထဲတွင် မျှော်လင့်ချက်ရောင်ခြည် သန်းလာပေ၏။

ကျုံးချင်က ခေါင်းညိတ်ပြပြီး ဂိုဏ်းချုပ်လန်ထျန်းဟယ်ဘက်သို့လှည့်ကာ ပြောဆိုလိုက်သည်။

"ဒါဆိုရင်လည်း ဂိုဏ်းချုပ်လန်... ခင်ဗျားက ခင်ဗျားရဲ့လူတွေကို ဦးဆောင်ပြီးတော့ ဝင်သွားလိုက်ပါ..."

လက်ရှိတွင် ဂိုဏ်းနှစ်ဂိုဏ်းမှလူများသာ ရှိနေခြင်းဖြစ်ပြီး ကျန်းယွဲ့ဂိုဏ်းသည် ယခင်ကတည်းက ကျုံးချင်နှင့် မိတ်ဆွေဖွဲ့ထားပြီးဖြစ်ရာ ဆက်ဆံရေး မဆိုးလှချေ။

ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် စဉ်းစားနေရန်ပင် မလိုဘဲ ကျုံးချင်သာ ရွေးချယ်မည်ဆိုလျှင် သူ၏လူများကို သေချာပေါက် ဝင်ခွင့်ပေးမည်ဟု သိထားပြီးဖြစ်သည်။ သို့သော် သူ တွေးထင်ထားသည့်စကားသံ အမှန်တကယ် ထွက်ပေါ်လာချိန်၌ သူ ဝမ်းသာအားရ ဖြစ်သွားသည်။

ကျုံးချင်သည် ကျန်းယွဲ့ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဝင်ခွင့်ပေးမည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

အလွန်ဝမ်းသာပီတိဖြစ်နေသော ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် သူ၏လက်ကို အလျင်အမြန်ပူးဆုပ်ကာ အရိုအသေပြုပြီး ပြောဆိုသည်။

"သခင်လေးကျုံးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ကျွန်တော်လန်ထျန်းဟယ်နဲ့ ကျန်းယွဲ့ဂိုဏ်း က ဒီကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..."

ကျုံးချင်က ခေါင်းညိတ်ပြပြီး ဂရုမစိုက်သည့်လေသံဖြင့် ပြောဆိုလိုက်၏။

"သွားတော့... ဒီနေရာပိုင်ရှင်ရဲ့ ရုပ်အလောင်းကို မနှောင့်ယှက်မိအောင် သတိထားပါ..."

"ဒါက ဖြစ်သင့်တဲ့ကိစ္စပါ..."

ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် သူ၏လူများကို ဦးဆောင်ပြီး ခန်းမထဲသို့ဝင်ရန် ဟန်ပြင်လိုက်သည်။

"နေအုံး..."

ဂိုဏ်းချုပ်ဟန်မင်ဖုန်းသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

ကျန်းယွဲ့ဂိုဏ်းဝင်များအားလုံး ဝင်ခွင့်ရသွားသော်လည်း ကျုံးချင်သည် သူတို့ ရေခဲဓားဂိုဏ်း ကို လှည့်ပင်မကြည့်သည်အား မြင်တွေ့ချိန်၌ ဟန်မင်ဖုန်းထံတွင် စိုးရိမ်စိတ်နှင့်ဒေါသစိတ်များ တပြိုင်နက်တည်း ဖြစ်ပေါ်လာသည်။

"မင်းက တရားမျှတတဲ့ ရွေးချယ်မှုဖြစ်စေရမယ်လို့ ပြောခဲ့တယ်လေ... အခုကျတော့ ငါတို့ ရေခဲဓားဂိုဏ်းက တစ်ယောက်မှ ဝင်ခွင့်မရဘူး... ဒါက တရားမျှတလို့လား..."

ကျုံးချင်က ခေါင်းညိတ်ပြပြီး လှောင်ပြောင်လိုသည့်လေသံ မပါဘဲ ရိုးရှင်းစွာ ပြောဆိုသည်။

"အမှန်ပဲ... ဒါက အရမ်းတရားမျှတတယ်...ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ စည်းမျဉ်း ကို ထိန်းချုပ်ထားတာက ကျုပ် ဖြစ်နေလို့ပဲ...ဒါကြောင့် ကျုပ် တရားမျှတတယ်လို့ ပြောရင် တရားမျှတတာပဲ..."

ဂိုဏ်းချုပ်ဟန်မင်ဖုန်းသည် ဒေါသကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါနေပြီး သူ၏မျက်လုံးများ မီးဝင်းဝင်းတောက်လုမတတ် ဖြစ်နေသည်။

သို့သော် သူ မည်သို့မျှ မတတ်နိုင်ဘဲ ကျုံးချင်က လက်ဝှေ့ယမ်းလိုက်သည်နှင့် ခန်းမတံခါး ပွင့်သွားပြီး ကျန်းယွဲ့ဂိုဏ်းသားများ အလုအယက် ဝင်ရောက်သွားကြသည်ကိုသာ ကြည့်နေရသည်။

ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် ခန်းမထဲသို့မဝင်မီ တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ကျုံးချင် ကို တီးတိုးသတိပေးလိုက်သည်။

"သခင်လေးကျုံး... သခင်လေးက ကျွန်တော်တို့ကို ရွေးချယ်လိုက်တာကြောင့် ရေခဲဓားဂိုဏ်း က ဒီအတိုင်း နေမှာ မဟုတ်ဘူး... ကျွန်တော်က သခင်လေးတို့နဲ့အတူ နေခဲ့ပေးပြီးတော့ ကျွန်တော်ရဲ့တပည့်တွေကိုပဲ ဝင်ခိုင်းလိုက်မယ်....ဘယ်လိုသဘောရလဲ..."

ကျုံးချင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"မလိုဘူး... ခင်ဗျားတို့အားလုံး ဝင်သွားလိုက်ပါ..."

ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် အနက်ရောင်ဝတ်ရုံဝတ်လူလည်း ကျုံးချင်နှင့်အတူ ရှိနေသည်ကို တွေးတောမိသည်။ သူ၏လူများသည်လည်း ခန်းမထဲသို့ ဝင်ရောက်ပြီးနောက် ပစ္စည်းများယူကာ အလျင်အမြန်ပြန်ထွက်လာမည်ဖြစ်သဖြင့် အချိန်တခဏအတွင်းတွင် စိုးရိမ်ရန်မလိုကြောင်း တွေးတောမိကာ သူ ခေါင်းညိတ်ပြပြီး သဘောတူလိုက်သည်။

ခန်းမတံခါး ပိတ်သွားချိန်၌ ဂိုဏ်းချုပ်ဟန်မင်ဖုန်း ၏မျက်လုံးထဲမှ မျှော်လင့်ချက်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။

သူသည် ကျုံးချင်ကိုကြည့်ပြီး အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"ကောင်လေး... မင်း ရွေးချယ်မှု မှားသွားပြီ..."

ကျန်းယွဲ့ဂိုဏ်းဝင်များ ခန်းမထဲသို့ ဝင်ရောက်သွားပြီဖြစ်ရာ သူတို့ ရေခဲဓားဂိုဏ်းသည် ဤတစ်ခေါက်တွင် လက်ဗလာဖြင့် ပြန်ရတော့မည်မှာ သေချာသလောက်နီးပါး ဖြစ်နေလေပြီ။

ဤအခြေအနေမျိုးသို့ ရောက်နေသဖြင့် ရွေးချယ်ပြီးသား ဖြစ်နေသော ကျုံးချင်ကို သူ မျက်နှာလုပ်နေရန် မလိုတော့ချေ။

ထိုအစား သူသည် သူတို့၏ဒေါသကို ခံယူရပေလိမ့်မည်။

မထင်မှတ်ဘဲ ကျုံးချင်က သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်အထိ ပြုံးလိုက်ပြီး တည်ငြိမ်အေးဆေးစွာ ပြောဆိုသည်။

"ကျန်းယွဲ့ဂိုဏ်းသားတွေအားလုံးကို ဘာလို့ခန်းမထဲ ဝင်ခွင့်ပေးလိုက်လဲဆိုတာ ခင်ဗျား တွေးဖူးလား..."

ဂိုဏ်းချုပ်ဟန်မင်ဖုန်းက မထီမဲ့မြင် ပြောဆိုလိုက်သည်။

"ငါ့ရဲ့ရေခဲဓားဂိုဏ်းကို အရှက်ခွဲချင်လို့ မဟုတ်လား..."

ကျုံးချင်က ခေါင်းခါယမ်းလိုက်၏။

"ဒါက လုံးဝမှားနေတာတော့ မဟုတ်ပေမဲ့ တခြားအကြောင်းအရင်းတစ်ခု ရှိနေသေးတယ်..."

"သူတို့အားလုံး မရှိတော့မှ မတော်တဆ ထိခိုက်မိမှာကို စိတ်ပူစရာ မလိုတော့မှာလေ..."

"ဘာ..."

ဟန်မင်ဖုန်း အနည်းငယ်ကြောင်အသွားသည်။

ထိုအချိန်တွင် ဟေးပိုင်သည် ကျုံးချင်၏နောက်မှ ဖြည်းညှင်းစွာ ထွက်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။

ကျုံးချင်က တိုးညှင်းသောလေသံဖြင့် ပြောဆိုသည်။

"ငါ အရင်က ပြောဖူးတာကို မှတ်ထားအုံး..."

ဟေးပိုင်က ခေါင်းငုံ့ပြီး ပြောဆိုလိုက်၏။

"သခင်ရဲ့အမိန့်ကို နာခံပါ့မယ်..."

လျှို့ဝှက်နယ်မြေဝင်ပေါက်၏ရှေ့တွင် ကျုံးချင် ပြောခဲ့သော စကားကို သူ မှတ်မိနေဆဲပင်။

'နောက်တစ်ခါ လှုပ်ရှားရင် ပိုပြီးသပ်ရပ်သန့်ရှင်းပါစေ...'

ဟေးပိုင်က သူ၏လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ချိန်၌ ရေခဲဓားဂိုဏ်းမှလူများ၏ မျက်လုံးများထဲမှ ဒေါသများသည် တဖြည်းဖြည်းနှင့် ထိတ်လန့်ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် အရောင်မျိုးစုံနှင့်ပုံစံမျိုးစုံရှိသော ကြောက်မက်ဖွယ်ကောင်းသည့် ဆန်းကြယ်စွမ်းရည်များသည် တစ်ခုပြီးတစ်ခု ဟေးပိုင်၏ ခေါင်းပေါ်တွင် စုဝေးလာကြပြီး အကန့်အသတ်မဲ့သော စွမ်းအားများကို ထုတ်လွှတ်နေသည်အား သူတို့ မြင်တွေ့လိုက်ရသည်။

ထိုအရာများသည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ဖုံးလွှမ်းသွားပြီး တစ်ခုချင်းစီတိုင်းတွင် ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် တောင့်ခံနိုင်မည်မဟုတ်သော ကြီးမားသည့် စွမ်းအားများ ပါဝင်နေသည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးသည် စိတ်ကူးယဥ်ကြည့်၍ပင် မရနိုင်သော ဖိအားများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။ ဤနေရာတွင် ရှိနေခြင်းက ကြီးမားသောတောင်ကြီးများသည် အရပ်မျက်နှာအဘက်ဘက်မှ သူတို့၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို ဖိနှိပ်နေသကဲ့သို့ ခံစားရစေသည်။

"ဧ... ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်..."

ဂိုဏ်းချုပ်ဟန်မင်ဖုန်းသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားသည်ဟု ခံစားမိပေ၏။

သူသည် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်များကို အမြောက်အများ မမြင်တွေ့ဖူးသော်လည်း ဤစွမ်းအားနှင့် အံ့အားသင့်ဖွယ်ကောင်းသော ဥပဒေသအရှိန်အဝါကို ကြည့်ရုံဖြင့် တစ်စုံတစ်ခုကို အတပ်ပြောနိုင်သည်။

ဤအနက်ရောင်ဝတ်ရုံဝတ်လူ ထုတ်လွှတ်လိုက်သော ဆန်းကြယ်စွမ်းရည်တစ်ခုချင်းစီတိုင်းသည် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်များပင်။

ဤအချိန်တွင် အကန့်အသတ်မဲ့သော ကြောက်ရွံ့မှုနှင့်ထိတ်လန့်မှုများသည် သူ၏စိတ်နှလုံးသားထဲသို့ တိုးဝင်လာပေ၏။

သူ ဤှကိစ္စကို စိတ်ကူးယဥ်၍ပင် မရနိုင်သည့်အပြင် နားလည်နိုင်ခြင်းလည်း မရှိတော့ချေ။

အသက်နှစ်ဆယ်ကျော်သာ ရှိသေးပုံရသော ဤလူငယ်လေး၏အစွမ်းအစသည် သူ စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ ကျော်လွန်နေသည်။

လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် ရာနှင့်ချီသော ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်များ ထွက်ပေါ်လာသည့် ထိုကဲ့သို့ တည်ရှိမှုမျိုးက သူ့ကို သခင်ဟု ခေါ်သလော....

ထိုအချိန်ကျမှသာ လျှို့ဝှက်နယ်မြေသခင်ပင်လျှင် မည်သည်ကြောင့် ကျုံးချင်ကို ဤမျှထိ လေးစားနေခဲ့သည်ကို သူ နားလည်သဘောပေါက်သွားတော့သည်။

ဂိုဏ်းချုပ်ဟန်မင်ဖုန်းသည် အလွန်ထိတ်လန့်ကြောက်ရွံနေသဖြင့် သူ၏ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"အသက်ချမ်းသာပေးပါ... ကျွ..."

သို့သော် ဟေးပိုင်သည် သူ့ကို စကားဆုံးအောင် ပြောခွင့်မပေးတော့ဘဲ ရေခဲဓားဂိုဏ်းမှလူများ ရှိရာဘက်သို့ လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။

ရေတံခွန်တစ်ခုကဲ့သို့ မရေမတွက်နိုင်သော ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်များသည် ဤအချိန်အခိုက်အတန့်တွင် တပြိုင်နက်တည်း ကျရောက်လာခဲ့သည်။

အချိန်တခဏတာအတွင်းမှာပင် ရေခဲဓားဂိုဏ်း တစ်ဂိုဏ်းလုံးမှလူများသည် ဤစွမ်းအားများအောက်တွင် နစ်မြုပ်သွားကြ၏။

အလွန်အမင်းအားကောင်းသော ဥပဒေသစွမ်းအားရေစီးကြောင်းကြီး၏ ရိုက်ခတ်မှုအောက်တွင် ဂိုဏ်းချုပ်ဟန်မင်ဖုန်းမှအစ ရေခဲဓားဂိုဏ်း၏ သာမန်တပည့်များအထိ သူတို့အားလုံး ချက်ချင်းကြေမွှပျက်စီးသွားကြပြီး အစအနပင် မကျန်တော့ချေ။

ဤနေရာသည် အတိုင်းထက်အလွန် သန့်ရှင်းသွားခဲ့သည်။

ကျုံးချင်သည် ဤမြင်ကွင်းကို ကြည့်နေပြီး သူ၏အကြည့်များ တည်ငြိမ်အေးဆေးနေကာ မည်သည့်ပြောင်းလဲမှုမျိုးမျှ မရှိချေ။

ရေခဲဓားဂိုဏ်းမှ လူများသည် တောင်ကြားလမ်းတွင်ကတည်းက သူ့ကို သတ်ဖြတ်လိုသော စိတ်ဆန္ဒကို ပြသခဲ့ပြီးဖြစ်သည်။

သို့သော် သူတို့သည် နဂါးနက်ဂိုဏ်းကဲ့သို့ လွင်ပြင်ထဲတွင် သူနှင့် မတွေ့ခဲ့ရသဖြင့် ကံကောင်းခဲ့သည်ဟု ဆိုရပေမည်။

မည်သို့ပင်ဆိုစေကာမူ ကျုံးချင် သည် သူတို့ကို ဤနေရာမှ အသက်ရှင်ရက် ထွက်ခွာခွင့်ပေးရန် ရည်ရွယ်ချက် မရှိချေ။

ရေခဲဓားဂိုဏ်းသည် ဤနေရာတွင် လုံးလုံးလျားလျား ပြိုလဲပျက်စီးသွားခဲ့လေပြီ။

All Chapters