← Chapters

တိုက်ဆိုင်မှု

Vol. 21 Ch. 206

တိုက်ဆိုင်မှု

Vol. 21 Ch. 206

"မင်းတို့ ကြားပြီးကြပြီလား... မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူမှာ အစစ်အမှန် နတ်ဆိုးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ ပိုင်လင်း ထွက်ပေါ်လာပြီတဲ့..."

"ရှီး..."

"အစစ်အမှန် နတ်ဆိုးသွေးမျိုးဆက် ဟုတ်လား..."

တစ်စုံတစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်၏။

ဤကြီးမားကျယ်ပြန့်သော ကုန်းမြေပေါ်တွင် ပါရမီရှင်များနှင့် ထူးချွန်သော အရည်အချင်းရှိသူများသည် အဆုံးမရှိ ထွက်ပေါ်လာလေ့ရှိသည်။

လူတချို့သည် မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်နှုန်းဖြင့် ကျင့်ကြံနိုင်ကြပြီး တချို့ကမူ ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားကြကာ သက်တူရွယ်တူများကြားတွင် ပြိုင်ဘက်ကင်းသည်။

အစစ်အမှန်နတ်ဆိုး နတ်ဆိုးသွေးမျိုးဆက်ကို ဆက်ခံထားသူသာ ကြီးထွားခွင့်ရလာမည်ဆိုပါက ကြောက်မက်ဖွယ်ကောင်းပြီး အနာဂတ် အကန့်အသတ်မရှိသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး သေချာပေါက် ဖြစ်လာပေလိမ့်မည်။

သူတို့သည် လူသားများကြားတွင် လျှောက်လှမ်းနေသော နတ်ဘုရားများကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဒဏ္ဍာရီများအဖြစ် တင်စားခေါ်ဝေါ်ခြင်း ခံကြရသည်။

"မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူက ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုကို ဘယ်လောက်တောင် ရထားလိုက်လဲ... သူတို့က မြောက်ပိုင်းဒေသမှာ အင်အားအကြီးဆုံး ဂိုဏ်းအင်အားစုတွေထဲက တစ်ခုဖြစ်နေပြီ... ဒါ့ပြင် မြောက်ပိုင်းဒေသက တောင်ပိုင်းဒေသထက် အများကြီး ပိုပြီးအားကောင်းတယ်...တကယ်လို့များ ဒီပိုင်လင်းသာ အပြည့်အဝ ကြီးထွားလာခဲ့မယ်ဆိုရင် မြောက်ပိုင်းဒေသတစ်ခုလုံးက မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူကို နောင်တစ်ချိန်ကျရင် အရိုအသေပြုကြရတော့မယ့် သဘောပဲ မဟုတ်လား..."

တစ်စုံတစ်ယောက်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုလိုက်၏။

မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူ၏ ရက်စက်ကြမ်းကြုတ်မှုကို လူများအားလုံး သိရှိထားကြသည်။

အကယ်၍ မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူသာ မြောက်ပိုင်းဒေသကို အပြည့်အဝ လွှမ်းမိုးသွားခဲ့မည်ဆိုပါက လူအများ၏အခွင့်အရေးများ ဆုံးရှုံးသွားရုံသာမက အချိန်မရွေး အသက်နှင့်စိတ်ဝိညာဉ်လည်း ဆုံးရှုံးသွားနိုင်သည့် ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ဤဂိုဏ်းသည် တခြားဂိုဏ်းများနှင့် မတူညီပေ။ သွေးဆာခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့သည် သူတို့ဂိုဏ်းအတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်များဖြစ်ပြီး မကောင်းမှုဒုစရိုက်အမျိုးမျိုးကို ကျူးလွန်ခြင်းသည် သူတို့၏သင်္ကေတပင်။

"အစ်ကိုကြီး... ခင်ဗျားရဲ့သတင်းက နောက်ကျလွန်းနေပြီ..."

"အစစ်အမှန် နတ်ဆိုးသွေးမျိုးဆက် ထွက်ပေါ်လာတာက မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူအတွက် ကောင်းတဲ့ကိစ္စ မဟုတ်ဘူး..."

"အမ်... မင်း ဘာကို ဆိုလိုတာလဲ..."

"မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူမှာ သွေးမျိုးဆက်ရှစ်ခု ရှိပေမယ့် အဲ့ဒီသွေးမျိုးဆက်ရှစ်ခုက မညီညွတ်ကြဘူး..."

"တချို့က မြင့်မြတ်ပြီး အာဏာကြီးမားတဲ့နေရာမှာ နေသားကျနေကြပြီဆိုတော့ သူတို့ရဲ့ခေါင်းပေါ်မှာ တောင်ကြီးတစ်လုံး လာဖိထားတာကို မလိုလားကြဘူး..."

"အစစ်အမှန် နတ်ဆိုးသွေးမျိုးဆက် ပိုင်ဆိုင်ထားတဲ့ ပိုင်လင်းက ဒီနှစ်တွေတလျှောက်လုံး မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူတစ်ခုလုံးရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံနေရတာ..."

ဤသတင်းသည် စိတ်လှုပ်ရှားဖွယ် ကောင်းပေ၏။

အကယ်၍ မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူသည် ဤအစစ်အမှန် နတ်ဆိုးမျိုးဆက်ကို အပြည့်အဝ ပြုစုပျိုးထောင်ပေးမည် ဆိုပါက လူအများအတွက် စိုးရိမ်ဖွယ်ရာ ကိစ္စတစ်ရပ် ဖြစ်လာပေလိမ့်မည်။

သို့သော် အကယ်၍ နှစ်ဖက်လုံး ရန်သူများ ဖြစ်သွားကြမည်ဆိုပါက သူတို့ ကြိုဆိုရမည့် မြင်ကွင်းတစ်ခုပင်။

သို့သော် အလွန်လျှင်မြန်စွာဖြင့် မေးခွန်းထုတ်သံတစ်သံက ထပ်မံ၍ ထွက်ပေါ်လာသည်။

"ခင်ဗျားပြောတဲ့အတိုင်းဆိုရင် ဒီပိုင်လင်းက အပြည့်အဝ မကြီးထွားသေးဘူး... မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူရဲ့ လိုက်လံဖမ်းဆီးမှုကို ရင်ဆိုင်နေရရင် သူက သတိထားပြီး ပုန်းအောင်းနေသင့်တာ... ဘယ်လိုလုပ်ပြီးတော့ လူသိရှင်ကြား ဖြစ်သွားရတာလဲ..."

"ဒါက ပြောရရင် ဇာတ်လမ်းရှည်တယ်...အစစ်အမှန် နတ်ဆိုးသွေးမျိုးဆက်ကို ဆက်ခံသူတွေက ကြီးထွားဖို့ အလားအလာ ကောင်းမွန်ပေမယ့်....သူတို့ရဲ့ အလားအလာကို အမြင့်ဆုံးရောက်အောင် လုပ်ဖို့အတွက် အစစ်အမှန် နတ်ဆိုးအမွေအနှစ်ကို လိုအပ်နေသေးတယ်..."

"မြောက်ပိုင်းဒေသမှာ ရှိတဲ့ အစစ်အမှန်နတ်ဆိုးသင်္ချိုင်းတစ်ခုက ဂဏာမငြိမ် ဖြစ်လာတယ်လို့ လူတွေ ပြောနေကြတယ်... အဲ့ဒါက အစစ်အမှန် နတ်ဆိုးသွေးမျိုးဆက် ပိုင်ဆိုင်ထားတဲ့ ပိုင်လင်းကို အဲ့ဒီနေရာဆီ သွားဖို့ လှုံ့ဆော်ပေးလိုက်တာပဲ..."

"မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူကလည်း သူ ထွက်ပေါ်လာတာကို အာရုံခံမိပြီးတော့ ဘာညှာတာမှုမပြဘဲနဲ့ လိုက်လံဖမ်းဆီးဖို့ လူတွေ လွှတ်လိုက်ပြီ..."

"တကယ်လို့ သူသာ အစစ်အမှန် နတ်ဆိုးအမွေအနှစ်ကို ရရှိပြီးတော့ တစ်နေရာရာမှာ တိတ်တဆိတ် တံခါးပိတ်ကျင့်ကြံပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ်ဆိုရင် မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူကို ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရှိကောင်းရှိလာနိုင်တယ်... ဒါပေမဲ့ အခုတော့ မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူရဲ့ အခွင့်အာဏာနဲ့ အင်အားအရ သူက အစစ်အမှန်နတ်ဆိုးသင်္ချိုင်းနားကို မကပ်နိုင်မှာခင် အသတ်ခံရမယ့်ပုံပဲ..."

အလားတူ ဆွေးနွေးမှုမျိုးများသည် မြောက်ပိုင်းဒေသ၏နေရာအနှံ့အပြား၌ ဖြစ်ပွားနေကြသည်။

လူတချို့က နှမြောတသ ဖြစ်နေကြသည်။

အနာဂတ်တွင် နတ်ဘုရားများကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ် တည်ရှိမှုတစ်ခုသည် ပျက်စီးတော့မည့်အလား ဖြစ်နေသည်။

လူတချို့ကမူ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြ၏။

ရှေးဟောင်းစာအုပ်များထဲမှ မှတ်တမ်းအပိုင်းအစများအရ အစစ်အမှန်နတ်ဆိုးသည် အလွန်စွမ်းအားကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းကြောင်း ဖော်ပြနေသည်။

ထိုကဲ့သို့ ရှေ့အလားအလာမြင့်မားသည့် တည်ရှိမှုတစ်ခု သေဆုံးခြင်းသည် အင်အားစုများစွာအတွက် သတင်းကောင်းပင်။

'ငါနဲ့ မဆိုင်ဘူး' ဟူသော သဘောထားကို ခံယူကာ ပွဲကြည့်ရန် စောင့်ဆိုင်းနေသူများလည်း ရှိကြသည်။

ရလဒ်သည် မည်သို့ပင် ဖြစ်စေကာမူ မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူ၏ အတွင်းရေးပဋိပက္ခသည် ခွေးအချင်းချင်း ကိုက်ကြသည့် ပွဲသာဖြစ်ပြီး သူတို့ မြင်ချင်သည့် အခြေအနေပင်။

ကျုံးချင်သည် စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်ကာ အရက်သောက်နေရင်း ဤသတင်းများကို ကြားသိလိုက်ရသည်။

ဤသည်က သူ့ကို မျက်မှောင်အနည်းငယ် ကြုတ်သွားစေသည်။

သူ၏အနာဂတ် တပည့်ဖြစ်လာမည့်သူသည် လူအများကို ဤမျှထိ ဂယက်ရိုက်သွားစေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိချေ။

ဤသတင်းသည် အမှန်တကယ်ကို မြောက်ပိုင်းဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေပြီ။

"ဟေးပိုင်... သွားကြစို့..."

သူ၏ အနာဂတ်တပည့် ဖြစ်လာမည့်သူသည် ကြီးမားသောကပ်ဘေးနှင့် ရင်ဆိုင်နေရရာ သူ လက်ပိုက်ကြည့်မနေနိုင်သည်မှာ သဘာဝပင်။

"ဟုတ်ကဲ့ပါ သခင်..."

ဟေးပိုင်သည် သူ၏နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာခဲ့သည်။

သူတို့နှစ်ယောက်သား မြောက်ဘက်သို့ တောက်လျှောက်ပျံသန်းသွားကြ၏။

ကျုံးချင်၏စိတ်ထဲတွင် ဤတန်ဖိုးရှိသော တပည့်မလေးကို စောင့်ရှောက်ရန် ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သည်။

သူမသည် ထိုအမွေအနှစ်ကို ရရှိစေရန် သူ ကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးရပေမည်။

သို့သော် သူ လေထဲ၌ ပျံသန်းပြီး မကြာမီမှာပင် စနစ်၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

"လက်ခံသူက စာခြောက်ရုပ်ကို ပိုင်လင်းရဲ့နောက် လိုက်ခိုင်းထားတဲ့အတွက် သူ့ရဲ့ ကံတရားလမ်းကြောင်းက လှုပ်ခတ်နေပါပြီ..."

"လက်ခံသူ... ကျေးဇူးပြုပြီး မှတ်သားထားပါ... ပိုင်လင်းရဲ့ ကံကြမ္မာလမ်းကြောင်းကို အလွန်အကျွံ ဝင်မစွက်ဖက်ပါနှင့်..."

"တကယ်လို့ လက်ခံသူက အတင်းအကြပ် ဝင်ရောက်စွက်ဖက်မယ်ဆိုရင် ပိုင်လင်း ရရှိမယ့် အထူးရုပ်ခန္ဓာကိုယ်ကို ထိခိုက်စေပါလိမ့်မယ်..."

"ဒီအထူးရုပ်ခန္ဓာကိုယ်က လက်ခံသူအတွက် အရမ်းအရေးကြီးပါတယ်... ကျေးဇူးပြုပြီးတော့ မလုပ်ဆောင်မီ နှစ်ခါပြန်စဉ်းစားပါ..."

စနစ်၏သတိပေးချက်က ကျုံးချင်ကို လေထု၏အလယ်တွင် တွေဝေတုံ့ဆိုင်းသွားစေသည်။

သူသည် စနစ်နှင့် ဆက်သွယ်လိုက်၏။

"ဒါဆိုရင် ငါက ငုတ်တုတ်ထိုင် စောင့်နေရမှာလား..."

ကံတရားလမ်းကြောင်းနှင့် ကံကြမ္မာလမ်းကြောင်းကဲ့သို့သော စိတ်ကူးယဉ်သဘောတရားများကို သူ သိပ်နားမလည်ချေ။

သို့သော် စနစ်၏ တည်ကြည်လေးနက်သော သတိပေးချက်နှင့် ထိုက်တန်သော မည်သည့်အရာကိုမဆို သူ အလေးအနက် ထားရပေမည်။

"ဟုတ်ကဲ့ပါ..."

"လက်ခံသူ... ကျေးဇူးပြုပြီးတော့ စိတ်ရှည်ပါ... ပိုင်လင်းရဲ့ ရုပ်ခန္ဓာကိုယ်က လက်ခံသူကို သေချာပေါက် အမြင်သစ်နဲ့ ကြည့်စေပါလိမ့်မယ်..."

"ဒါတင်မကပါဘူး... တကယ်လို့ လက်ခံသူက သူ့ကို တပည့်အဖြစ် အောင်မြင်အောင် လက်ခံနိုင်ခဲ့ရင် သူ့ရဲ့ရုပ်ခန္ဓာကိုယ်ကို တိုက်ရိုက်ကူးယူနိုင်မှာပါ..."

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ကျုံးချင်သည် ပိုင်လင်းအား သွားရောက်ကူညီမည့် အစီအစဉ်ကို လက်လျှော့လိုက်သည်။

စနစ်သည် ဤကဲ့သို့ ပြောလာသဖြင့် အကြောင်းပြချက် ရှိနေရပေမည်။

ထို့ပြင် ပိုင်လင်းတွင် သူမကို ကာကွယ်ပေးနေသော စာခြောက်ရုပ်လည်း ရှိနေသည်။

စာခြောက်ရုပ် ပြသခဲ့သော စွမ်းအားအရ ပိုင်လင်းကို ကာကွယ်ရန်မှာ ပြဿနာ မရှိနိုင်ချေ။

ထိုကြောင့် သူ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရပေမည်။

ရုတ်ချည်းဆိုသလိုပင် ကျုံးချင်သည် အလျင်လိုခြင်း မရှိတော့ပေ။

သူ သွားမည့် ဦးတည်ချက်မှာ မြောက်ပိုင်းဒေသ ဖြစ်နေဆဲသာ ဖြစ်သော်လည်း ယခင်ကဲ့သို့ အလျင်လိုခြင်း မရှိတော့ချေ။

လမ်းတလျှောက်တွင် ကျုံးချင်သည် စနစ်ကို ထပ်မံ၍ မေးမြန်းလိုက်၏။

"အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်အတွက် ညွှန်ကြားချက်တွေများ ရှိလား..."

ဤအုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ် အမွေအနှစ်နှင့် ပတ်သက်၍ သူ အလွန်အာရုံစိုက်နေဆဲပင်။

"အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ် အမွေအနှစ်ကို အထူးသတ်မှတ်ထားတဲ့ လူတစ်ဦးတစ်ယောက်က ဆက်ခံရမှာ မဟုတ်ပါဘူး... လက်ခံသူ ဆန္ဒရှိတဲ့ ဘယ်သူ့ကိုမဆို ပေးနိုင်တယ်..."

"ဒါပေမဲ့ စနစ်က လက်ခံသူကို အရိပ်အမြွက်တစ်ခု ပေးနိုင်ပါတယ်... အဲဒါကတော့ လူနဲ့အမွေအနှစ် ကိုက်ညီမှု ရှိဖို့ပါပဲ..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် ကျုံးချင်၏စိတ်နှလုံသား ရုတ်တရက် လှုပ်ရှားသွားပေ၏။

အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်သည် စည်းမျဉ်းများကို ခံနိုင်ရည်ရှိသဖြင့် ဤှသည်မှာ မှော်တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိခြင်းနှင့် ညီမျှသည်။ အကယ်၍ သူသာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသော တပည့်တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး အားဖြည့်မှုများအားလုံးကို ပေါင်းစပ်လိုက်လျှင် မှော်နှင့်ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးကို ခံနိုင်ရည်ရှိသွားမည် ဖြစ်ရာ သူ၏ တပည့်သည် လောကကြီးတွင် ပြိုင်ဘက်ကင်း ဖြစ်သွားမည် မဟုတ်လော။

သို့သော် အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ် အမွေအနှစ်ကဲ့သို့သော နတ်ဘုရားရတနာသည် အမှန်တကယ်ကို ရှားပါးသောအရာပင်။

ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသော တပည့်တစ်ဦးကို ရှာဖွေရန်မှာ ထိုမျှထိ မလွယ်ကူသည့်အပြင် ထိုကဲ့သို့လူစားမျိုး ရှိမရှိကိုပင် သူ မသိချေ။

မည်သို့ပင်ဆိုစေကာမူ ဤသည်က ကံတရားအပေါ်၌လည်း မူတည်နေပြီး အတင်းအကြပ် လုပ်ယူ၍ မရနိုင်ပေ။

အချိန်များ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ကြာမြင့်သွားခဲ့သည်။

ကောင်းကင်နှင့် မြေပြင်ကြားတွင် ထူထပ်သိပ်သည်းသော နှင်းများက အဆုံးမရှိ ဖုံးလွှမ်းနေပြီး အေးစက်သော လေပြင်းများ တိုက်ခတ်နေကာ အရာအားလုံးကို ငွေရောင်ကမ္ဘာအဖြစ် ဖုံးလွှမ်းထားသည်။

ကျုံးချင်သည် မသိစိတ်ဖြင့် သူ၏လက်ထဲရှိ ဝိုင်ဘူးသီးခြောက်ကို မော့လိုက်ရာ ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူ နှုတ်ခမ်းကို သပ်လိုက်မိသည်။ ဤဝိုင်အရက်သည် သူသောက်သော နှုန်းကို မမီနိုင်ချေ။

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရှေ့မလှမ်းမကမ်းရှိ နှင်းဖုံးနေသော တောင်တစ်လုံးပေါ်တွင် ဂိုဏ်းတစ်ဂိုဏ်းကို မြင်တွေ့မိပေ၏။

ထိုဂိုဏ်းသည် တောင်သုံးလုံး၏မြင့်မားသော တောင်ထိပ်များပေါ်တွင် တည်ဆောက်ထားပြီး နှင်းများဖုံးလွှမ်းနေသည်။

ဂိုဏ်းတစ်ဂိုဏ်းလုံးသည် ခမ်းနားထည်ဝါပြီး ရှေးကျကာ ကြီးမားကျယ်ပြန့်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုဂိုဏ်းသည် လောကီလောကနှင့်ကင်းကွာသော ခံစားချက်ကို ပေးစွမ်းနေပေ၏။

ပင်မတံခါးပေါက်သည် ပေတစ်ရာနီးပါး မြင့်မားပြီး ရေခဲများဖြင့် တည်ဆောက်ထားကာ တိမ်တိုက်များကြားသို့ မြင့်တက်နေသည်။

ပတ်ဝန်းကျင်ရှိ တောင်တန်းများတဝိုက်တွင် ဝင်္ကပါများရှိနေသည့် ထင်ရှားသော အမှတ်အသားများ ရှိနေသည်။

ဤသည်မှာ အတော်အသင့် အင်အားကြီးမားသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်ကြောင်း သိသာထင်ရှားသည်။

"ကြေးမုံနှလုံးသားရေကန်" ဟူသော စာလုံးများကို ပင်မတံခါးမကြီး၏အထက်တွင် ရေးထွင်းထားသည်။

ဤသည်က ကျုံးချင်ကို အနည်းငယ် မှင်သက်သွားစေပေ၏။

အမှန်တကယ်ကို တိုက်ဆိုင်မှုတစ်ခုပင်။

ယခင်က ပိုင်ဖုန်းလွင်ပြင်၌ သူသည် သူတို့နှင့် ထိတွေ့ဆက်ဆံမှု အနည်းငယ် ရှိခဲ့ဖူးသည်။

ယခုအချိန်၌ သူသည် သူတို့ထံသို့ အလည်အပတ်သွားပြီး ဝိုင်အရက်တစ်ခွက်တောင်းရန် အချိန်ကောင်းပင်။

ဤသည်ကို တွေးတောမိသဖြင့် ကျုံးချင်သည် ဟေးပိုင်ကို ခေါ်ဆောင်ကာ ကြေးမုံနှလုံးသားရေကန်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။

သို့သော် ယခုအချိန်တွင် ကြေးမုံနှလုံးသားရေကန်သည် အေးချမ်းမနေပေ။ ကြီးမားသော လှိုင်းဂယက်တစ်ခုသည် လက်ရှိအချိန်တွင် ဂိုဏ်းအတွင်း၌ ဖြစ်ပေါ်နေပေ၏။

All Chapters