← Chapters

သာမန်ထက်ထူးကဲခြင်း

Vol. 21 Ch. 209

သာမန်ထက်ထူးကဲခြင်း

Vol. 21 Ch. 209

ပစ္စည်းချင်း ယှဉ်ပြိုင်လျှင် လွှင့်ပစ်ချင်စရာကောင်းပြီး လူချင်းယှဉ်ပြိုင်လျှင် ဒေါသထွက်ပြီး သေဆုံးစေနိုင်သည်ဟူသော ဆိုရိုးစကားအတိုင်းပင်။

လူတချို့သည် သူတို့ကိုယ်သူတို့ ပါရမီရှင်များဟု သတ်မှတ်ထားကြ၏။

သို့သော် ကျုံးချင်နှင့် ယှဉ်လိုက်လျှင်....

သူတို့သည် မည်သည့် ပါရမီရှင်အမျိုးအစားများ ဖြစ်နေကြသနည်း....

ဤအရာသည် လုံးလုံးလျားလျား နှိုင်းယှဉ်၍ မရနိုင်ချေ။

အသက်နှစ်ဆယ် မပြည့်သေးဘဲ ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးကို ချက်ချင်း သတ်ဖြတ်နိုင်ခြင်းက မည်သည့် သဘောတရားမျိုး ဖြစ်သနည်း။

သမိုင်းတလျှောက် ပြန်ကြည့်လျှင် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် တစ်ဦးတည်း မဟုတ်လျှင်တောင်မှ ရှားပါးသော တည်ရှိမှုတစ်ခုပင်။

သူတို့သည် အံ့အားသင့်ဖွယ်ကောင်းသော ကံကြမ္မာကောင်းများနှင့် ကြုံတွေ့ရသူများ ကောင်းကင်ဘုံကို အာခံနိုင်သော အံ့အားသင့်ဖွယ်ကိစ္စများကို ပြုလုပ်သူများ သို့မဟုတ် အထွတ်အထိပ် ဒဏ္ဍာရီများကို ဖန်တီးခဲ့သူများ ဖြစ်ကြသည်။

ဤကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်သည် လမ်းခုလတ်၌ မပျက်စီးခဲ့လျှင် နောင်အနာဂတ်၌ ဧကရာဇ်ပလ္လင်သို့ မတက်လှမ်းနိုင်ဟု မဆိုနိုင်ချေ။

ဧကရာဇ်ဆိုသည်မှာ ပြိုင်ဘက်ကင်းခြင်း၏ ကိုယ်စားပြုမှု ဖြစ်ပြီး အထွတ်အထိပ် အာဏာ၏သင်္ကေတပင်။

ကျုံးချင်သည် ဧကရာဇ်ပလ္လင်သို့ တက်လှမ်းနိုင်လောက်သည်ဟူသော အတွေးသည် လူများအားလုံးကို အသံတိတ်သွားစေပြီး ထိတ်လန့်မှုကြောင့် သူတို့၏ဦးရေပြားများကို ထုံကျင်သွားစေသည်။

အချိန်တိုလေးအတွင်းတွင် ကျုံးချင်သည် ဂိုဏ်းတစ်ဂိုဏ်းလုံး၏ အသည်းအသန် ဆွေးနွေးငြင်းခုံစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်ဟု ဆိုရပေမည်။

မျက်စိတစ်မှိတ်အတွင်း...

နှစ်ရက်တာ ကုန်ဆုံးသွားခဲ့လေပြီ။

ကျုံးချင်သည် ကြေးမုံနှလုံးသားရေကန်၌ နှစ်ရက်တာ အနားယူခဲ့ပြီးဖြစ်သည်။

ယနေ့တွင်...

မင်ဆုရှင်း၏ လမ်းပြမှုအောက်၌ ကျုံးချင်သည် နှင်းဝါးတောအုပ်တစ်ခု၏အလယ်သို့ ရောက်ရှိနေသည်။

နှင်းဝါးသည် စိတ်ဝိညာဉ်ဝါး၏မျိုးစိတ်ခွဲတစ်ခု ဖြစ်ပြီး ကြေးမုံနှလုံးသားရေကန်၏အထူးထွက်ကုန်တစ်ခုဟု ယူဆနိုင်ပေ၏။

ထိုဝါးပင်၏ပင်စည်တစ်ခုလုံးသည် နှင်းကဲ့သို့ ဖြူဖွေးနေပြီး သန်စွမ်းသော အကိုင်းအခက်များနှင့် အရွက်များ ရှိကာ ကြည်လင်သော စိတ်ဝိညာဉ်အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။

သူတို့နှစ်ယောက်သား ဝါးတောထဲတွင် အေးဆေးလူလူ လမ်းလျှောက်နေကြပြီး ဟေးပိုင်က သူတို့၏နောက် ခပ်လှမ်းလှမ်းမှ အကွာအဝေးကို ထိန်းသိမ်းပြီး လိုက်ပါလာခဲ့သည်။

"သခင်လေးကျုံး... ဒါက ကျွန်မတို့ ကြေးမုံနှလုံးသားရေကန်ရဲ့ နှင်းဝါးပါ... ဆယ်နှစ်ကြာမှ တစ်ဆစ်တက်ပြီး နှစ်တစ်ရာကြာမှ သုံးပေ ရှည်တယ်... လွန်ခဲ့တဲ့ နှစ်တွေအများကြး အကြာတုန်းက ကျွန်မရဲ့ဆရာက ဒီဝါးတောထဲမှာ ဝါးဝိုင်အရက်ကို ချက်လုပ်ခဲ့တယ်..."

"အချိန်ကို တွက်ချက်ကြည့်မယ်ဆိုရင် အခုက ရိတ်သိမ်းဖို့ အချိန်ကိုက်ပဲ..."

ဤစကားများက ကျုံးချင်၏မျက်လုံးများကို တောက်ပသွားစေသည်။

ဤနှစ်များတလျှောက် သူသည် ဝိုင်အရက်အမျိုးအစားပေါင်းစုံကို သောက်သုံးခဲ့ဖူးပြီး တစ်မျိုးစီတွင် ထူးခြားသော အရသာရှိကြသည်။

သို့သော် သူသည် ဝါးဝိုင်အရက်ကို တစ်ကြိမ်တစ်ခါမျှ မမြည်းစမ်းဖူးချေ။

သူတို့သုံးဦးသည် ဝါးတောအလယ်သို့ ရောက်ရှိလာကြ၏။ မင်ဆုရှင်းသည် လက်သီးဆုပ်အရွယ်အစားခန့် အချင်းရှိပြီး အမြင့်ပေ တရာနီးပါး မြင့်မားသော နှင်းဝါးတစ်ပင်၏ရှေ့တွင် ရပ်တန့်လိုက်သည်။

"သခင်လေးကျုံး... ကျေးဇူးပြုပြီးတော့ ခဏလောက် စောင့်ပေးပါ..."

သူမသည် နူးညံ့ချောမွေ့သောလက်ကို ဝှေ့ယမ်းလိုက်ရာ ဝိုင်ထည့်ရန်ဘူးတစ်ဘူးက သူမ၏လက်ထဲတွင် ထွက်ပေါ်လာသည်။

ထိုဘူးနှင့်အတူ အတွင်းပိုင်းတွင် အခေါင်းပါသော ရှည်လျားသည့် စိတ်ဝိညာဉ်အပ်တစ်ချောင်း ထွက်ပေါ်လာပေ၏။

စိတ်ဝိညာဉ်အပ်ကို နှင်းဝါးပင်ထဲသို့ ထိုးထည့်လိုက်သည်နှင့် ကြည်လင်သော ရေကဲ့သို့ စိတ်ဝိညာဉ်ဝိုင်အရက်များ စီးကျလာပြီး ပြင်းထန်သော မွှေးပျံ့သည့်ရနံ့ကို သယ်ဆောင်လာသည်။

မကြာမီမှာပင် မင်ဆုရှင်းသည် ဝိုင်အရက်တစ်ခွက်ကို ငှဲ့ယူလိုက်ပြီး ကျုံးချင်ထံသို့ လက်ကမ်းပေးလိုက်သည်။

"သခင်လေးကျုံး... ဒီတစ်ကြိမ် ကျွန်မတို့ဂိုဏ်း ကပ်ဘေးကြီးနဲ့ ကြုံတွေ့ခဲ့ရတဲ့အချိန်မှာ.... သခင်လေးရဲ့ အကူအညီကြောင့်သာ ကျွန်မတို့ ကြေးမုံနှလုံးသားရေကန်က ဒီကပ်ဘေးကို ကျော်လွှားနိုင်ခဲ့တာပါ... ဆုရှင်းက သခင်လေးကို ဂုဏ်ပြုပါရစေ..."

ကျုံးချင်က ထိုဝိုင်အရက်ခွက်ကို လှမ်းယူကာ ရယ်မောပြီး ပြောဆိုသည်။

"ငါ ပြောခဲ့သားပဲ... ဒီတစ်ခေါက် ငါ လာတာက ဝိုင်အရက်တစ်ခွက်သောက်ဖို့ သက်သက်ပဲလို့... ဒါက အသေးအဖွဲ ကိစ္စလေးပါ... ကျေးဇူးတင်နေဖို့ မလိုပါဘူး..."

ထိုစကားကိုပြောဆိုရင်း သူသည် ဝိုင်အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။

ဝိုင်အရက်သည် သူ၏လျှာပေါ်တွင် ချိုမြိန်သော်လည်း ပြင်းရှမှု မလျော့နည်းချေ။

ထိုအရသာသည် ဖျော့တော့တော့ဝါးရနံ့နှင့် ရောနှောနေသည်။

"ဝိုင်အရက်ကောင်းပဲ..."

ကျုံးချင်သည် ဝိုင်အရက်ကို အမျိုးအစားအနည်းငယ်မျှသာ သောက်ခဲ့ဖူးသည် မဟုတ်ပေ။

သို့သော် ဤဝါးဝိုင်အရက်သည် ပထမတန်းစားစာရင်းဝင်နိုင်သည့် ဝိုင်အရက်ကောင်းတစ်မျိုး ဖြစ်သည်မှာ သေချာပေါက်ပင်။

ကျုံးချင် သဘောကျနှစ်သက်သည်ကို မြင်လိုက်ရသောအခါ မင်ဆုရှင်းသည်လည်း သူမ၏စိတ်ထဲတွင် ပျော်ရွှင်သွားခဲ့သည်။

"သခင်လေးကျုံးသာ ကြိုက်နှစ်သက်မယ်ဆိုရင် ကြေးမုံနှလုံးသားရေကန်မှာ နောက်ထပ်အချိန်အတိုင်းအတာတစ်ခုထိ ဘာလို့ ဆက်မနေတာလဲ...သခင်လေး ပြန်ခါနီးကျရင် ဆုရှင်းက နောက်ထပ် ဝိုင်အရက်အိုးနည်းနည်းလောက် ပြင်ဆင်ပေးပါ့မယ်..."

"ဒါဆိုရင်တော့ မိန်းကလေးဆုရှင်းကို ဒုက္ခပေးရတော့မယ်..."

ပိုင်လင်း၏ ကိစ္စသည် အချိန်တိုအတွင်း မဖြေရှင်းနိုင်သေးကြောင်း ကျုံးချင် တွေးတောမိသည်။

ထို့ပြင် ဤမြောက်ပိုင်းဒေသ၏ ရာသီဥတုသည် အေးစက်သော လေပြင်းများနှင့် နှင်းထူထပ်မှုများသာ အများဆုံး ဖြစ်သည်။ ဤဒေသသို့ ပထမဆုံး ရောက်လာချိန်တွင် ဆန်းသစ်သည်ဟု ခံစားရနိုင်သော်လည်း အချိန်ကြာမြင့်စွာ နေထိုင်ပါက အမြင်အာရုံမလန်းဆန်းမှုကို မလွဲမသွေ ဖြစ်ပေါ်စေနိုင်သည်။

ဤနေရာတွင် ရက်အနည်းငယ်ကြာ ဆက်နေထိုင်ခြင်းက သူ့အတွက် အကျိုးယုတ်စရာ မရှိချေ။

ယနေ့ည၌...

လေနှင့်နှင်းများ ရုတ်တရက် ရပ်တန့်သွားပြီး ကြယ်တာရာများ ထွက်ပေါ်လာခဲ့သည်။

နှင်းဖြူရောင် ကျောက်ကမ်းပါးများကြားတွင် ကျုံးချင်သည် ကျောက်တုံးတစ်တုံးပေါ်၌ မတ်တတ်ရပ်ကာ ကျယ်ပြန့်သောသော ကြယ်တာရာ ကောင်းကင်ယံကို မော့ကြည့်နေပြီး ရံဖန်ရံခါ၌ ဝိုင်အရက်တစ်ငုံ သောက်နေသည်။

တောက်ပသော ကြယ်ရောင်များသည် အကန့်အသတ်မရှိသော နှင်းပြင်ပေါ်သို့ ကျရောက်နေပြီး နှင်းတောင်ဒေသတစ်ခုလုံးကို မြင့်မြတ်ခြင်းနှင့်လင်းလက်ခြင်း အရှိန်အဝါအား ပေါင်းစပ်ပေးနေသည်။

ကျုံးချင်၏စိတ်နှလုံးသားသည် အလွန်တည်ငြိမ်နေပေ၏။

သူ ဝိုင်အရက်သောက်ရင်း ရှုခင်းကို ခံစားနေသည်။

ကြေးမုံနှလုံးသားရေကန်သည် လက်ရှိ အတိုင်းအတာအထိ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်းမှာ ဂိုဏ်း၏တည်နေရာသည် အမှန်တကယ်ကို ရှားပါးသော ကောင်းချီးမင်္ဂလာမြေ ဖြစ်နေသောကြောင့်ဟု ဆိုရပေမည်။

ဂိုဏ်းတစ်ဂိုဏ်းလုံးကို တောင်သုံးလုံးနှင့် တောင်ထွတ်ငါးခုပေါ်တွင် တည်ဆောက်ထားပြီး ထိုတောင်များနှင့်တောင်ထွတ်များ၏အောက်ခြေသည် ကြီးမားသော ရေခဲကန်ကြီးထဲတွင် နှစ်မြှုပ်နေကြသည်။

အကယ်၍ တောင်သုံးလုံးနှင့် တောင်ထွတ်ငါးခုသည် ကြေးမုံနှလုံးသားရေကန်ရှိ တပည့်များ၏ နေထိုင်ရာ ဖြစ်ပါက.....

ဤရေကန်သည် ဂိုဏ်းတစ်ဂိုဏ်းလုံးကို တည်ဆောက်ထားသည့် အခြေခံအုတ်မြစ်ပင်။

ရေခဲကန်အတွင်းတွင် ကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအားများ ရှိနေသည်။

အကယ်၍ ကျုံးချင် အမြင်မမှားပါက ရေကန်၏ နက်ရှိုင်းသောနေရာတွင် စိတ်ဝိညာဥ်ကျောက်တုံးမိုင်းတွင်းတစ်ခု ရှိနေပေမည်။

ထိုအချိန်တွင် ငါးအုပ်တစ်အုပ်သည် ရေခဲကန်တစ်ခုလုံးအတွင်းတွင် ပျော်ရွှင်စွာ ကူးခတ်သွားလာနေကြသည်။

ထိုငါးများသည် လက်မအရွယ်အစားခန့်သာရှိကြပြီး အမြှီးများမှနေ၍ မှိန်ဖျော့သော အပြာရောင်အလင်းတန်းကို ထုတ်လွှတ်နေကြ၏။

ထိုငါးများ ကူးခတ်သွားလာနေစဉ် ပိုးစုန်းကြူးများကဲ့သို့ တဖျတ်ဖျတ် လင်းလက်နေသည်။

ဤမြင်ကွင်းသည် အမှန်တကယ်ကို မျက်စိပသာဒ ဖြစ်ဖွယ်ရာပင်။

ဤသည်မှာ...

တံတားပေါ်တွင် ရပ်ပြီး ရှုခင်းကို ကြည့်နေသူအား တခြားတစ်နေရာရှိ ရှုခင်းကြည့်နေသူက အဝေးမှ ပြန်လည်၍ ကြည့်ရှုနေသည်....

လမင်းသည် သင်၏ပုံရိပ်ကို တန်ဆာဆင်ပေးပြီး သင်က တခြားသူများ၏ အိပ်မက်များကို တန်ဆာဆင်ပေးနေသည်ဟူသော ကဗျာအတိုင်းပင်။

ကျုံးချင် ရှိနေသော တောင်ထွတ်တွင် ကြေးမုံနှလုံးသားရေကန်မှ တပည့်အမြောက်အများ နေထိုင်ကြသည်။

အမျိုးသမီးတပည့်များသည် သုံးယောက်တစ်ဖွဲ့ ငါးယောက်တစ်ဖွဲ့ စုဝေးကာ ကျောက်ကမ်းပါးပေါ်ရှိ ပုံရိပ်ကို ကြည့်ရင်း မရပ်မနား တီးတိုးပြောဆိုနေကြ၏။

"စီနီယာအစ်မ... အဲ့ဒါက သခင်လေးကျုံးလား..."

မင်ဆုရှင်း၏လိုဏ်ဂူနေအိမ်ရှေ့တွင် သူမအပါအဝင် အဓိကတပည့်ငါးဦး စုဝေးနေကြသည်။

အမျိုးသမီးတပည့်တစ်ဦးက အလျင်အမြန် မေးမြန်းသည်။

"ဟုတ်တယ်..."

မင်ဆုရှင်းက အတည်ပြုပေးလိုက်သည်။

"စီနီယာအစ်မ... သခင်လေးကျုံးရဲ့ စွမ်းအားအတိအကျကို သိလား..."

"ယင်သုံးပါးနယ်ပယ် အဆင့်ရှိတဲ့ မဟာအကြီးအကဲက သူရဲ့ လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတယ်... အခုထိ ကျွန်မ ဒါကို မယုံနိုင်သေးဘူး..."

မင်ဆုရှင်းက ခေါင်းခါယမ်းပြပြီး ပြောဆိုသည်။

"မဟာအကြီးအကဲကို သတ်တာက သူ့အတွက် ဘာမှမဟုတ်ဘူး... သူ့ရဲ့စွမ်းအားအတိအကျနဲ့ ပတ်သက်ရင်တော့... ငါက သခင်လေးကျုံးနဲ့အတူ ပိုင်ဖုန်းလွင်ပြင်မှာ အချိန်အတော်ကြာ ရှိနေခဲ့ပေမယ့်...သူ့ရဲ့ စွမ်းအားအတိအကျက ဒီနေ့အထိ ငါ့အတွက် ပဟေဠိတစ်ခု ဖြစ်နေတုန်းပဲ..."

ဤအရာက လူအများကို မှင်သက်သွားစေသည်။

"စီနီယာအစ်မ... မဖြစ်နိုင်ဘူး..."

"စီနီယာအစ်မနဲ့ သခင်လေးကျုံးက ပိုင်ဖုန်းလွင်ပြင်မှာ အတူတူ ရှိနေခဲ့ကြတာ အကြာကြီးပဲ... အဲ့ဒီလိုဆိုရင် ပတ်သက်မှုတစ်ခုခု ရှိသင့်နေပြီ မဟုတ်လား..."

"ဘယ်လို ပတ်သက်မှုမျိုးလဲ..."

မင်ဆုရှင်း ထိတ်လန့်သွားပြီး မည်သည့်အရာအား ဆိုလိုသည်ကို နားမလည်နိုင် ဖြစ်သွားသည်။

"အဲ့ဒါက... အဲ့ဒါက..."

"သခင်လေးကျုံးက စီနီယာအစ်မကို သဘောကျနေတာ မဟုတ်လား..."

"အဲ့ဒီလို မဟုတ်ရင် ဘာလို့ စီနီယာအစ်မဘက်ကနေ ရပ်တည်ပေးမှာလဲ...ဘာလို့ အဲ့ဒီလောက် အစွမ်းထက်တဲ့ အမွေအနှစ်ကို စီနီယာအစ်မဆီ ပေးမှာလဲ..."

နီလာကျောက်ကဲ့သို့ စူးရှသည့် မျက်လုံးဝိုင်းကြီးများ ရှိသော မိန်းကလေးငယ်တစ်ဦးက မေးမြန်းလိုက်သည်။

သို့သော် သူမ ပြန်ရလိုက်သည်မှာ မင်ဆုရှင်း၏ လက်ညှိုးဖြင့် သူမ၏နဖူးကို အတောက်ခံလိုက်ရခြင်းပင်။

"နင် ဘာတွေ တွေးနေတာလဲ..."

"ဒီလိုလူမျိုးက တာအိုလမ်းစဉ်အပေါ် ခိုင်မာတဲ့ စိတ်နှလုံး မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ အောင်မြင်နိုင်မှာလဲ..."

"သူ့မှာ အချစ်စိတ်တွေ ဘယ်လိုလုပ်ပြီးတော့ ဖြစ်ပေါ်လာနိုင်မှာလဲ..."

နောက်မိန်းကလေးတစ်ယောက်က ချက်ချင်းဆိုသလိုပင် ထပ်မံ၍ ပြောဆိုသည်။

"စီနီယာအစ်မ... အဲ့ဒီလောက်ထိ သေချာမနေပါနဲ့..."

"စီနီယာအစ်မရဲ့ ပါရမီက အရမ်းမြင့်မားတယ်... ပြီးတော့ အရမ်းချောမောလှပပြီး ကျက်သရေရှိတယ်လေ..."

"စီနီယာအစ်မကိုမြင်တဲ့ ဘယ်ယောကျ်ားမဆို စိတ်လှုပ်ရှားသွားမှာပဲ..."

"ကျွန်မကို မေးရင်တော့ စီနီယာအစ်မအနေနဲ့ ပိုကြိုးစားပြီးတော့ သူ့ကို အရယူသင့်တယ်..."

"ဒီလိုလူမျိုးနဲ့ တာအိုလက်တွဲဖော် ဖြစ်လာနိုင်ရင် ကျွန်မတို့ ကြေးမုံနှလုံးသားရေကန်က အနာဂတ်မှာ ကြီးမားတဲ့ ကျောထောက်နောက်ခံ ရပြီပေါ့..."

ဤစကားများက မင်ဆုရှင်း၏မျက်ခုံးများကို တွန့်ကွေးသွားစေပြီး သူမ၏မျက်နှာကို သုန်မှုန်သွားစေသည်။

"နင်တို့တွေက တဖြည်းဖြည်းနဲ့ ပိုဆိုးလာပြီ... သခင်လေးကျုံးရဲ့ကိစ္စက နင်တို့ အတင်းပြောစရာ မဟုတ်ဘူး..."

"မြန်မြန်ကျင့်ကြံဖို့ သွားကြတော့... တခြားသူကို အားကိုးတာက ကိုယ့်ကိုယ်ကိုယ် အားကိုးတာလောက် မကောင်းဘူး..."

"ကျောထောက်နောက်ခံ ရှာပြီးတော့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို တွယ်ကပ်ဖို့ စဉ်းစားနေမယ့်အစား ကိုယ့်ရဲ့ ကိုယ်ပိုင်စွမ်းအားကို တိုးတက်အောင် အရင်လုပ်တာက ပိုကောင်းတယ်..."

ဤစကားများက ညည်းတွားသံများကို ထွက်ပေါ်လာစေသည်။

တချို့သော ကျင့်ကြံဆင့်နယ်ပယ်များသည် ဝီရိယရှိရှိ ကျင့်ကြံရုံဖြင့် ထိုးဖောက်၍ မရနိုင်ပေ။

သူမတို့၏ အရည်အချင်းအရ ကောင်းကင်ဘုံကို အာခံနိုင်သော ကံကြမ္မာကောင်းခြင်းများနှင့် မကြုံတွေ့ရလျှင် ဤဘဝတွင် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်၌သာ အဆုံးသတ်သွားကြပေလိမ့်မည်။

သို့ရာတွင် သူမတို့၏နောက်ပြောင်ခြင်းများကြောင့် စီနီယာအစ်မ၏မျက်နှာပေါ်၌ စိတ်အနှောင့်အယှက်ဖြစ်မှု အရိပ်အယောင်တချို့ကို မြင်တွေ့လိုက်ရသည်။ ထိုကြောင့် သူမတို့သည် သင့်တော်သော အခြေအနေတစ်ခုတွင် ရပ်တန့်လိုက်ကြပြီး ဤခေါင်းစဉ်ကို ဆက်လက်၍ မဆွေးနွေးကြတော့ချေ။

သူမတို့သည် မိန်းကလေးအချင်းချင်းကြားရှိ ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ကိုသာ ပြောဆိုကြတော့သည်။

မင်ဆုရှင်းသာလျှင် အနည်းငယ် စိတ်အာရုံ လွင့်ပါးနေပုံရပေ၏။

သူမ၏စိတ်မှလုံးသားရေကန်ထဲတွင် မသိမသာ လှိုင်းဂယက်များ ပေါက်ဖွားလာခဲ့သည်။

သူမ၏မျက်လုံးအကြည့်သည် တောင်ထိပ်ပေါ်ရှိ ပုံရိပ်ဆီသို့ အမှတ်မထင် ရောက်ရှိသွားသည်။

လရောင်အောက်တွင်....

နှင်းတောင်ထိပ်ပေါ်၌...

ကျုံးချင်၏ခန္ဓာကိုယ်ပေါ်တွင် တောက်ပသော လရောင်လွှာတစ်လွှာဖြင့် လွှမ်းခြုံနေပြီး ငြိမ်းချမ်းမှုနှင့်တည်ငြိမ်မှု အရှိန်အဝါကို ထုတ်လွှတ်ထားသည်။

လေပြင်းတစ်ချက်က သူ၏ဆံပင်ရှည်များကို လူးလွန့်သွားစေပြီး ပြီးပြည့်စုံသော အပြစ်အနာအဆာကင်းမဲ့သည့် မျက်နှာတစ်ခြမ်းကို ပေါ်လွင်လာစေသည်။

သူသည် ယောကျ်ားပီသပြီး ချောမောခန့်ညားကာ တိတ်ဆိတ်ငြိမ်သက်သော်လည်း နက်ရှိုင်းလှသည်။

ဤသည်မှာ လောကီလောကသို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးအလားပင်။

သူ့ကိုကြည့်ရသည်မှာ သာမန်ထက် ထူးကဲပြီး မွန်မြတ်သန့်စင်လှ၏။

ဤမြင်ကွင်းသည် သူမ၏နှလုံးခုန်သံကို ရုတ်တရက် သုံးဆမျှ ပို၍မြန်ဆန်သွားစေခဲ့သည်။

All Chapters