မကြာခင် ပြန်ဆုံကြတာပေါ့
Vol. 21 Ch. 210
ဤညသည် လူအမြောက်အများအတွက် အိပ်မပျော်နိုင်သော ညတစ်ည ဖြစ်လာရန် ကံကြမ္မာမှ ဖန်တီးထားခြင်း ဖြစ်ပေမည်။
စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များသည် လူအများ၏အာရုံစိုက်မှုကို အမြဲတစေ ခံရစမြဲပင်။
အမျိုးသမီးများအတွက်မူ စွမ်းအားကြီးပြီး လျှို့ဝှက်ဆန်းကြယ်သည့်အပြင် ရုပ်ရည်ချောမောခန့်ညားသော အမျိုးသားတစ်ဦးသည် ယုံမှားသံသယဖြစ်ဖွယ်မလိုဘဲ ဆွဲဆောင်မှု အဆပေါင်းများစွာ တိုးပွားနေတတ်သည်။
"သူက အရမ်းချောတာပဲ..."
လရောင်အောက်တွင် အမျိုးသမီးအမြောက်အများသည် အသည်းစွဲပရိသတ်များအလား အော်ဟစ်ကာ အံ့အားတသင့် ရေရွတ်နေကြ၏။
ဤသည်မှာ အမျိုးသားတပည့်များအတွက်မူ သည်းခံနိုင်စရာကိစ္စ မဟုတ်ချေ။
"ချောတော့ရော ဘာအသုံးဝင်မှာလဲ..."
သူတို့အနက်မှ တချို့က မနာလိုဝန်တိုသော လေသံဖြင့် ပြောဆိုလိုက်ကြသည်။
"ရုပ်ချောတာကို ဟင်းလုပ်စားလို့ ရလို့လား..."
"ဒီလောကကြီးမှာက နောက်ခံနဲ့စွမ်းအားက အဓိကပဲ..."
ထိုသို့ပြောဆိုနေရင်းနှင့်ပင် သူတို့၏အသံများ အလိုအလျောက် တိတ်ဆိတ်သွားသည်။
ရုပ်ရည်ပိုင်းတွင် ယှဉ်ပြိုင်၍မရနိုင်ဟု ဆိုလျှင်...
စွမ်းအားနှင့်နောက်ခံပိုင်း...
ထိုအရာတွင်လည်း သူတို့ ယှဉ်ပြိုင်နိုင်မည့်ပုံ မပေါ်ချေ။
တစ်ဖက်လူသည် အသက်နှစ်ဆယ် မပြည့်သေးဘဲ ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူကို တမဟုတ်ချင်း သတ်ဖြတ်နိုင်သော စွမ်းအားကြီး ပုဂ္ဂိုလ်ပင်။
ထိုကဲ့သို့လူမျိုး၏စွမ်းအားသည် သူတို့နှင့် မိုင်ပေါင်းများစွာ ကွာခြားပေ၏။
သူ၏နောက်ခံအကြောင်းကိုမူ ထည့်သွင်းပြောဆိုရန်ပင် မလိုတော့ချေ။
သူ၏မူရင်းဇစ်မြစ်က မည်သို့ပင် ရှိစေကာမူ သူ၏ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုတည်းဖြင့်ပင် သူတို့ ရန်မစနိုင်သော လူတစ်ယောက် ဖြစ်နေလေပြီ။
ဤသို့ တွေးတောကြည့်မိချိန်၌...
ရုပ်ရည်ချင်းသာ ယှဉ်ပြိုင်လိုက်ခြင်းက ပိုကောင်းနိုင်မလောဟု သူတို့ ထပ်မံ၍ တွေးတောမိကြသည်။
အချိန်တခဏအတွင်းမှာပင် အမျိုးသားတပည့်များ၏စိတ်ဓာတ်များ အလဲလဲအပြိုပြို ဖြစ်သွားကြတော့သည်။
မည်သည့်ရှုထောင့်က ကြည့်သည်ဖြစ်စေ တစ်ဖက်လူသည် သူတို့ကို အပြတ်အသတ် အနိုင်ယူထားသည်ဟု ခံစားမိပေ၏။
ဤသည်မှာ သူတို့ကို အလှမ်းကွာဟသောနေရာတွင် ကျန်ရစ်ခဲ့အောင် ပြုလုပ်ထားသည့်အလားပင်။
သူတော်စင်မိန်းမပျို၏ လှိုဏ်ဂူရှေ့တွင်...
"စီနီယာအစ်မ... အဲ့ဒီလို ထူးခြားပြီးတော့ လောကီနဲ့ ကင်းကွာနေတဲ့ အစွမ်းထက်ပုဂ္ဂိုလ်က တကယ်ကြီး အစ်မနဲ့ ဘာပတ်သက်မှုမှ မရှိဘူးဆိုတာ ဟုတ်ရဲ့လား..."
"တကယ်သာဆိုရင် ဒီဂျူနီယာညီမလေးက ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ကိုယ်တိုင်ပဲ သွားရှာတော့မယ်..."
ဂျူနီယာညီမလေးတစ်ဦးသည် တောင်ပေါ်မှ ပုံရိပ်ကို လေးစားအားကျသော အကြည့်များဖြင့် ကြည့်ရှုရင်း တတွတ်တွတ် ပြောဆိုနေသည်။
သူမ၏မျက်လုံးများထဲမှ အလင်းရောင်များ လျှံကျလာလုမတတ် ဖြစ်နေပေ၏။
မင်ဆုရှင်းက စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးလှန်ကြည့်လိုက်သည်။
သူမသည် သူမ၏စိတ်နှလုံးသားထဲမှ ထူးဆန်းသော ခံစားချက်ကို ချိုးနှိမ်ထားပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။
"ညီမလေး... အစ်မက တားချင်လို့ တားနေတာ မဟုတ်ပါဘူး...ညီမလေးကို ဂိုဏ်းထဲက စီနီယာအစ်ကိုတွေနဲ့ ဂျူနီယာမောင်လေးတွေ အများကြီးက ချစ်ကြိုက်ကြတာ အမှန်ပဲ..."
"ညီမလေးရဲ့ရုပ်ရည်ကလည်း တကယ့်ကို ချောမောလှပတယ်..."
"ဒါပေမဲ့ စီနီယာကျုံးချင်နဲ့ ပတ်သက်တဲ့ အရာတွေက နက်နဲလွန်းတယ်... ညီမလေး ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး..."
"သူနဲ့ ငါတို့က ကမ္ဘာမတူဘူး..."
ထိုသို့ပြောဆိုရင်းနှင့် သူမ၏စိတ်ထဲတွင် လွမ်းဆွေးမှု အရိပ်အယောင်တချို့ မလွှဲမရှောင်သာ ပေါက်ဖွားလာသည်။
ဤစကားများသည် သူမ၏ ဂျူနီယာညီမလေးများအတွက် ပြောဆိုနေခြင်းဖြစ်သော်လည်း သူမကိုယ်သူမ ပြောဆိုနေခြင်းလည်း ဖြစ်သည်။
ဂိုဏ်း၏သူတော်စင်မိန်းမပျိုဖြစ်သော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး အနေဖြင့်...
သူမသည် လူငယ်ပါရမီရှင် အမြောက်အများကို တွေ့မြင်ခဲ့ဖူးသည်။
သူမကို လိုက်လံပိုးပန်းသူများမှာလည်း ရေတွက်၍ မကုန်နိုင်အောင်ပင်။
ကျုံးချင်နှင့် မတွေ့ဆုံမီက မင်ဆုရှင်းသည် မည်သူ့ကြောင့်မျှ သူမ စိတ်လှုပ်ရှားရမည်ဟု တွေးထင်မထားခဲ့မိချေ။
သူမ၏နှလုံးသားနှင့် ထိုက်တန်သူ ရှိသည်ဟုလည်း သူမ မယုံကြည်ခဲ့ပေ။
သို့သော် ကျုံးချင်နှင့် တွေ့ဆုံပြီးနောက်တွင်မူ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
သူမတို့အကြားရှိ တွေ့ဆုံမှုသည် သာမန်ဖြစ်ပြီး ထူးခြားသည်တော့ မဟုတ်ချေ။
သို့သော် တစ်ဖက်လူ ပြသခဲ့သော အံ့အားသင့်ဖွယ် နည်းလမ်းများသည် သူမ၏ကြိုတင်ထင်မြင်ယူဆချက်များကို တစ်ကြိမ်ပြီးတစ်ကြိမ် ရိုက်ချိုးခဲ့သည်။
ဤသည်က သူမ၏ လောကအမြင်ကို အမြဲတစေ စိန်ခေါ်နေပြီး သူမ၏သိမြင်နားလည်နိုင်စွမ်း အကန့်အသတ်များကို အသစ်ပြန်လည် ဖြစ်ပေါ်စေခဲ့သည်။
အထူးသဖြင့် မည်သည့်ကိစ္စမျိုး ဖြစ်နေပါစေ တစ်ဖက်လူထံ၌ အမြဲတစေ တည်ငြိမ်အေးဆေးသောအမူအယာ ရှိနေခြင်းပင်။
ဤသည်က နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်လှ၏။
လူအများကို မသိစိတ်မှနေ၍ သူနှင့်နီးစပ်ချင်အောင် သူ့အကြောင်း သိချင်အောင် ဆွဲဆောင်နေတတ်သည်။
သို့သော် ထိုနူးညံ့သိမ်မွေ့သော အသွင်အပြင်အောက်တွင် လူအများကို အကွာအဝေးတစ်ခုခြားပြီး ဆက်ဆံတတ်သည့် အေးစက်မှုမျိုး ရှိနေသည်။
ရိုးရိုးသားသား ဝန်ခံရလျှင်...
ကျုံးချင်နှင့် မတွေ့ဆုံမီက သူမသည် ဂိုဏ်း၏ သူတော်စင်မိန်းမပျိုဖြစ်သော ပါရမီရှင်ဆိုသော ဂုဏ်ပုဒ်များဖြင့် အမြဲတစေ ဂုဏ်ယူဝင့်ကြွားခဲ့သည်။
သို့သော် ကျုံးချင်ကို သိရှိပြီးနောက်တွင် သူမ၏ သူတော်စင်မိန်းမပျိုဆိုသော ဂုဏ်ပုဒ်သည် သူမကို အလိုအလျောက် နိမ့်ကျလာသကဲ့သို့ ခံစားမိပေ၏။
သို့သော် မင်ဆုရှင်းက သူမ၏စိုးရိမ်ပူပန်မှုများကို အလျင်အမြန် ဘေးဖယ်လိုက်သည်။
သူ့ကို သိကျွမ်းခွင့်ရသည်ကပင် သူမအတွက် ကြီးမားသော ကံကောင်းမှုတစ်ခု ဖြစ်နေလေပြီ။
သူမသည် မည်သည့်အရာများကို ထပ်မံ၍ တောင်းဆိုနေရအုံးမည်နည်း...
ရှည်လျားသောညတာသည် မိန်းကလေးအမြောက်အများ၏ အတွေးများနှင့်လွမ်းဆွေးမှုများကို သယ်ဆောင်သွားခဲ့သည်။
နောက်တစ်နေ့ နံနက်ခင်း၌...
ဤနေ့သည် ကျုံးချင်အတွက် အနည်းငယ် ထူးခြားသော နေ့တစ်နေ့ ဖြစ်နေပေ၏။
နံနက်စောစောစီးစီးတွင်...
တစ်စုံတစ်ယောက်က သူ့အတွက် နံနက်စာကို ဖွယ်ဖွယ်ရာရာ ပြင်ဆင်ပေးထားသည်။
ကျုံးချင်က ဟေးပိုင်ကို အတူစားသုံးရန် ဖိတ်ခေါ်လိုက်ချိန်တွင်...
အမျိုးသမီး တပည့်တချို့က သူ့ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်။
"စီနီယာ... ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား..."
"စီနီယာအစ်မက တကယ်ပါပဲ.. စီနီယာက ကျွန်မတို့ဂိုဏ်းကို ဒီလောက်ထိ ကြီးမားတဲ့ ကျေးဇူး ပြုထားတာတောင် အိပ်ရာနွေးပေးမယ့် အစေခံတစ်ယောက်တောင် စီစဉ်မပေးဘူး..."
"ဒီည ကျွန်မရဲ့လှိုဏ်ဂူ ကို လာခဲ့ပါလား..."
"စီနီယာသာ စိတ်မရှိဘူးဆိုရင် ကျွန်မက စီနီယာ့ရဲ့အိပ်ရာကို နွေးပေးဖို့ ဆန္ဒရှိပါတယ်..."
ဤစကားကိုကြားချိန်၌ ကျုံးချင် သောက်လက်စ ဟင်းရည်ပူပူများ ပါးစပ်ထဲမှ ပြန်အန်ထွက်လုနီးပါး ဖြစ်သွားသည်။
ဤစကားများသည် အမှန်တကယ်ကို အနည်းငယ်ပေါက်ကွဲအား ပြင်းထန်ပေ၏။
နေပါအုံး...ဒီနေရာက အခြေအနေတွေက တကယ်ပဲ ဒီလောက်ထိတောင် ပွင့်လင်းနေတာလား...
သူ့ကို နေရာမှာပင် အရည်ပျော်သွားစေချင်သကဲ့သို့ စူးရှလွန်းသော အမျိုးသမီး တပည့်များ၏အကြည့်များကို မြင်တွေ့မိသဖြင့် ကျုံးချင်က အလျင်အမြန် ငြင်းပယ်လိုက်သည်။
"မလိုဘူး... ငါက တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေရတာကို ပိုကြိုက်တယ်..."
ဟေးပိုင်ကမူ စကားပြောဆိုရန် တွေဝေတုံ့ဆိုင်းနေပေ၏။
သို့သော် ကျုံးချင်ကမူ ဤကိစ္စကို သတိမထားမိပေ။
ထူးခြားသော နေ့တစ်နေ့သည် တစ်စုံတစ်ယောက်က အိပ်ရာနွေးပေးရန် ကမ်းလှမ်းခြင်းဖြင့် စတင်ခဲ့လေပြီ။
ကျုံးချင်သည် ထိုစူးရှသော အကြည့်များကို အမှန်တကယ် မခံနိုင်တော့ချေ။
နံနက်စာကို အမြန်စားပြီးသည်နှင့် သူသည် ဟေးပိုင်နှင့်အတူ ချက်ချင်းအပြင်ထွက်လာခဲ့သည်။
သို့သော် ဤအချိန်တွင် ကြေးမုံနှလုံးသားရေကန် တစ်ခုလုံး၌ သူ မည်မျှထိ ရေပန်းစားနေသည်ကို သူ မသိရှိလိုက်ချေ။
သူတို့နှစ်ယောက်သား ထွက်လာပြီး မကြာမီမှာပင် မိန်းကလေးငယ်တစ်ဦးက သူ့ထံသို့ အပြေးအလွှားရောက်ရှိလာသည်။
"ရှင်က... စီနီယာကျုံးချင် လား..."
"ကျွန်မ ကူညီပေးလို့ရမယ့် ကိစ္စများ ရှိလား..."
တစ်ဖက်လူ၏ စိတ်အားထက်သန်သော မျက်နှာထားကို မြင်လိုက်ရသဖြင့် ကျုံးချင်က ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး သူ၏မျက်နှာထားသည် အနည်းငယ်အဆင်မပြေ ဖြစ်သွားလေ၏။
"စီနီယာ... ကြေးမုံနှလုံးသားရေကန် ကို ဒုက္ခတွင်းထဲက ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..."
"စီနီယာ့ရဲ့ ကျေးဇူးတရားကို တုံ့ပြန်တဲ့အနေနဲ့ ကျွန်မက စီနီယာ့အတွက် ကျွဲလို မြင်းလို အလုပ်အကျွေးပြုဖို့ ရေနွေးကြမ်း ငှဲ့ပေးဖို့ အဝတ်လျှော် အဝတ်ခေါက်ပေးဖို့နဲ့ အိပ်ရာနွေးပေးမယ့် အစေခံ အဖြစ်တောင် လုပ်ပေးဖို့ ဆန္ဒရှိပါတယ်..."
"စီနီယာ အနေနဲ့ ကျွန်မကို ခေါ်သွားဖို့ ဆန္ဒရှိမရှိ မေးပါရစေ..."
သူမ၏မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တချို့ ထင်ဟပ်နေကာ သူမ၏ဆန္ဒအလျောက် ကမ်းလှမ်းလာခြင်း ဖြစ်သည်။
"ရှီး..."
ဤအခြေအနေက ကျုံးချင်၏သွားများကို ကျင်တက်သွားစေသည်။
နောက်ထပ် အိပ်ရာနွေးပေးမည့် အစေခံတစ်ဦး ဖြစ်နေသလော...
ကျုံးချင်သည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ငြင်းပယ်လိုက်၏။
ဤသည်က သူသည် စိတ်ဓာတ်ကြံ့ခိုင်ပြီး ဖြောင့်မတ်သော လူကြီးလူကောင်းတစ်ဦး ဖြစ်နေခြင်းကြောင့် မဟုတ်ပေ။
သို့သော် အချိန်တခဏအတွင်းမှာပင် အရပ်မျက်နှာအဘက်ဘက်မှ လူအမြောက်အများ ရောက်ရှိလာကြသည်။
ထိုလူများအနက် အမျိုးသားများနှင့် အမျိုးသမီးများ နှစ်မျိုးလုံး ပါဝင်နေသည်။
လူတချို့က သူ၏တပည့် ဖြစ်လိုကြပြီး တချို့က အိပ်ရာနွေးပေးချင်ကြသည်။
တချို့ဆိုလျှင် သူ့အတွက် ကလေးမွေးပေးချင်သည်ဟုပင် အော်ဟစ်ပြောဆိုနေကြ၏။
မြင်ကွင်းသည် ရှုပ်ထွေးပွေလီနေပြီး ဆူညံသံမျိုးစုံ ထွက်ပေါ်နေသည်။
အကယ်၍ သူသည် တစ်စုံတစ်ယောက်ကို လက်ခံလိုက်မိပါက...
ဤည သူ အိပ်ရမည်မှာ မွေ့ယာပေါ်တွင် မဟုတ်ဘဲ အရည်အသွေးမြင့် ပေါင်တံများပေါ်တွင် ဖြစ်သွားလိမ့်မည်ကို ကျုံးချင် သံသယမရှိချေ။
အမျိုးသားများသည် မိန်းမလှလေးများကို ကြိုက်နှစ်သက်တတ်ကြသည်မှာ မှန်သော်လည်း မိန်းမကိစ္စကြောင့် ခလုတ်တိုက်ပြီး အပျော်အပါးလိုက်စားသူဟု သတ်မှတ်ခံရကာ နာမည်ပျက်သွားမည်ဆိုလျှင် ဆုံးရှုံးမှုက အလွန်ကြီးမားပေမည်။
"နင်တို့ ဘာလုပ်နေကြတာလဲ..."
အရေးကြီးသောအချိန်တွင် မင်ဆုရှင်း ထွက်ပေါ်လာပြီး ဝိုင်းအုံနေသော လူအုပ်ကြီးကို လူစုခွဲလိုက်မှသာ ကျုံးချင် သက်ပြင်းချနိုင်တော့သည်။
"သခင်လေးကျုံး... သူတို့ကို ခွင့်လွှတ်ပေးပါ... သူတို့က သိပ်နားမလည်ကြတော့ သခင်လေးကို ပြစ်မှားမိကြတယ်... ဆုရှင်း တောင်းပန်ပါတယ်... သခင်လေးအနေနဲ့ အပြစ်မယူဖို့ မျှော်လင့်ပါတယ်..."
မင်ဆုရှင်းက ဦးညွှတ်ပြီး သူမ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး တောင်းပန်လိုက်သည်။
"ရပါတယ်..."
ကျုံးချင်က လက်ကာပြလိုက်၏။
"ငါ သွားဖို့ ပြင်နေတာ..."
သူက နာကျင်ကြေကွဲသော မျက်နှာထားဖြင့် မင်ဆုရှင်းကို ကြည့်လိုက်သည်။
သူ သည်းမခံနိုင်တော့ချေ...
သူ အမှန်တကယ်ကို သည်းမခံနိုင်တော့ပေ...
သူသည် ဘဝနှစ်ခုကို ဖြတ်သန်းဖူးပြီး မုန်တိုင်းများစွာ ကြုံတွေ့ခဲ့ဖူးသူဟု ဆိုနိုင်ပေ၏။
သို့သော် ယနေ့ အခြေအနေကမူ သူ့ကို အမှန်တကယ်ပင် အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။
သူ သံသယဖြစ်ရန် မလိုချေ။
ဤမိန်းကလေးများ ပြသနေသော စိတ်အားထက်သန်မှုနှင့်ဆိုလျှင် ယနေ့ညတွင် တစ်စုံတစ်ယောက်က သူ၏အိပ်ယာပေါ်သို့ တက်လာရန်မှာ ဖြစ်နိုင်ချေ ရှိနေသည်။
ဤအခြေအနေမျိုးကို ရင်ဆိုင်ရတွင်မူ သူ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။
ဤစကားများသည် မင်ဆုရှင်းကို စိုးရိမ်ပူပန်သွားစေပေ၏။
"သခင်လေးကျုံး... ကျွန်မတို့ ကြေးမုံနှလုံးသားရေကန်မှာ သခင်လေးကို မပြရသေးတဲ့ ထူးခြားတဲ့ ရှုခင်းနေရာတွေ အများကြီး ကျန်ပါသေးတယ်...သခင်လေးက ဘာလို့ ဒီလောက်ထိ အလျင်စလို ပြန်ချင်ရတာလဲ..."
"သခင်လေး အနေနဲ့ သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်တယ် ဆူညံတယ်လို့ ခံစားရရင် ကျွန်မ အခုချက်ချင်း သူတို့ကို ပြင်းပြင်းထန်ထန် ဆူပူလိုက်ပါ့မယ်..."
သို့သော် ကျုံးချင်က သူ၏လက်ကို ထပ်ခါတလဲလဲ ခါယမ်းပြလေသည်။
"မိန်းကလေးဆုရှင်း... ဘာမှ ထပ်ပြောမနေပါနဲ့တော့...ငါ အစောက ပြောခဲ့သလိုပဲ... အခု ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က လူတစ်ယောက်ကို ရှာဖို့ပါ..."
"ဒီနေရာမှာ ရက်အတော်ကြာ နှောင့်နှေးခဲ့ပြီးပြီ... ခရီးထွက်ဖို့ အချိန်တန်ပါပြီ... ဂိုဏ်းထဲက တခြားဘယ်သူ့ကိုမှ ပြောမနေပါနဲ့တော့... ငါ ဒီအတိုင်းပဲ သွားလိုက်ပါ့မယ်..."
ကျုံးချင်၏ ဆုံးဖြတ်ချက်ခိုင်မာမှုကို မြင်လိုက်ရသဖြင့် မင်ဆုရှင်းသည် မည်သည့်စကားမျှ ထပ်မပြောနိုင်တော့ချေ။
သူမသည် ဂိုဏ်းအပြင်ဘက် ရောက်သည်အထိသာ လိုက်ပါပို့ဆောင်ပေးနိုင်ခဲ့သည်။
ဝိုင်အရက်ကောင်းနှစ်အိုးကို လက်ဆောင်အဖြစ် ပေးပြီးနောက် ကျုံးချင် ထွက်ခွာတော့မည့် အချိန်တွင်...
မင်ဆုရှင်းသည် မေးခွန်းတစ်ခု မမေးမြန်းဘဲ မနေနိုင်တော့ပေ။
"သခင်လေးကျုံး... ကျွန်မတို့ ပြန်ဆုံနိုင်ကြအုံးမလား..."
"ကံတရားသာ ပါလာရင်...ငါတို့ ပြန်ဆုံကြတာပေါ့..."
သူ၏အသံသည် အဝေးဆီသို့ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
လေပြင်းနှင့်နှင်းများကြားတွင် ကျုံးချင်နှင့် ဟေးပိုင်တို့သည် မိုးကုပ်စက်ဝိုင်းအတွင်းသို့ တိုးဝင်ပြီး ပျောက်ကွယ်သွားခဲ့ကြလေပြီ။