← Chapters

အခန်း (၆၄၆-၆၄၈)

Vol. 44 Ch. 646-648

အခန်း (၆၄၆-၆၄၈)

Vol. 44 Ch. 646-648

အခန်း ၆၄၆ - သေလမ်းပဲရှိတယ်... နင် ငါ့ကို ရှာနေတာလား

ယူလန်ရှင်းနှင့် လော့ချန် အတူရှိနေသည်ကို မြင်သည့်အခါ ယွမ်ထျန်ယန်၏ မျက်နှာမှာ သိသိသာသာ ပျက်သွားခဲ့ပြီး အကြည့်များမှာလည်း ပိုမိုထက်မြက်လာသည်။

ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတွင်းစည်းဘုရင်တစ်ဦးအနေဖြင့် သူ၏မျက်စိထဲ ဝင်သည့် အမျိုးသမီးမှာ အနည်းငယ်မျှသာ ရှိပေသည်။ သူကဲ့သို့ပင် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားပြီး လော့ရှားဂိုဏ်း၏ အတွင်းစည်းတပည့်ခေါင်းဆောင် ဖြစ်သူ ယူလန်ရှင်းမှာမူ အဆင့်အတန်းချင်းကိုက်ညီသူ တစ်ဦးဟု ဆိုနိုင်သည်။

ယွမ်ထျန်ယန်သည် ယူလန်ရှင်းအပေါ် အလွန်အမင်း စိတ်မဝင်စားသော်လည်း သူ သဘောကျသည့် အမျိုးသမီးကိုမူ သူ မလိုချင်လျှင်ပင် အခြားသူတစ်ဦးနှင့် ပတ်သက်မှုရှိသည်ကို လုံးဝ လက်မခံနိုင်ပေ။

အထူးသဖြင့် ယခု မြင်တွေ့နေရသည့် လော့ချန်နှင့် ဖြစ်၏။

“ဟဲဟဲ... လန်ရှင်း... နင်က ဒီကောင်နဲ့ သိနေတာလား... ဘယ်လိုဖြစ်ပြီး သိသွားကြတာလဲ...”

ယွမ်ထျန်ယန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး နူးညံ့လှသော လေသံဖြင့် မေးမြန်းလိုက်သည်။

သို့သော်လည်း သူ၏အကြည့်မှာ လော့ချန်ထံသို့ ရောက်ရှိသွားသည့် တစ်ခဏချင်းမှာပင် အထွတ်အထိပ်အဆင့် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို သူ၏မျက်ဝန်းအစုံအတွင်းသို့ ပေါင်းစပ်လိုက်ရာ ထက်မြက်လှသော အကြည့်များမှာ ကြွေလွင့်လာသော ကြယ်များအလား ဖြစ်ပေါ်လာခဲ့ပြီး ထိုပြင်းထန်လှသော အရှိန်အဝါကြောင့် သာမန်လူတစ်ယောက်ဆိုလျှင် ရူးသွပ်သွားနိုင်လောက်ပေသည်။

“ယွမ်ထျန်ယန်... ငါ့ကိစ္စတွေက နင့်နဲ့ မဆိုင်ပါဘူး...”

ယူလန်ရှင်းသည် ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ပြီး လော့ချန်၏ ရှေ့၌ ကာကွယ်ပေးလိုက်ကာ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကိုလည်း ထုတ်ဖော်လိုက်ရာ သူမ၏လေသံမှာ ယခင်ကထက် ပိုမိုအေးစက်သွားတော့သည်။

ယွမ်ထျန်ယန်၏ မျက်နှာမှာ အနည်းငယ် တောင့်တင်းသွားခဲ့ပြီး မျက်ဝန်းနက်ရှိုင်းသော နေရာ၌ အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည်ရရှိသွားကာ ပြုံးလျက် ဆိုလိုက်သည်။

“ငါက သိချင်ရုံတင်ပါ... ဘာပဲဖြစ်ဖြစ် ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းလို နေရာမျိုးကနေ နာမည်မရှိတဲ့ ကောင်လေးတစ်ယောက်က ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားတယ်ဆိုတာက တကယ်ကို အံ့ဩစရာပဲလေ... ဒါက အစစ်အမှန်လား၊ အတုလား ဆိုတာလည်း မသိရသေးဘူး မဟုတ်လား...”

ယွမ်ထျန်ယန်၏ လေသံမှာ တည်ငြိမ်နေသော်လည်း စကားလုံးတိုင်းမှာ အထင်သေးမှုများ ပြည့်နှက်နေခဲ့ပြီး ရွှမ်ယွမ်ဂိုဏ်းနှင့် လော့ချန်ကို တတ်နိုင်သမျှ နှိမ်ချ၍ ပြောဆိုနေခြင်း ဖြစ်၏။

“ဒီကောင် တော်တော်လေး ရမ်းကားနေတာပဲ...”

ဖန်ယွဲ့ယန်သည် အံကို တင်းတင်းကြိတ်လိုက်မိပြီး ဒေါသများကို အနိုင်နိုင် ထိန်းချုပ်နေရသည်။

သူသည် လော့ချန်နှင့် အဆင်မပြေသော်လည်း အရေးကြီးသည့်အချိန်တွင် အမှားအမှန်ကို ခွဲခြားနိုင်စွမ်း ရှိပေသည်။ ဂိုဏ်းသားချင်းကြား ယှဉ်ပြိုင်မှုမှာ တစ်ပိုင်းဖြစ်သော်လည်း လျှပ်ယွမ်ဂိုဏ်း တပည့်နှင့် ရင်ဆိုင်ရသည့်အခါတွင်မူ သေချာပေါက် ရန်သူကို အတူတူ တိုက်ခိုက်ရမည် ဖြစ်ပေသည်။

“အစစ်လား၊ အတုလား ဆိုတာ... မင်းကိုယ်တိုင် လာစမ်းကြည့်လိုက်ရင် သိရမှာပေါ့...”

လော့ချန်သည် ယူလန်ရှင်း၏ ဘေးမှနေ၍ ရှေ့သို့ ထွက်လာခဲ့ပြီး ယွမ်ထျန်ယန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

တစ်ဖက်လူ၏ စောစောက အပြုအမူငယ်လေးမှာ သူ့ကို ဖုံးကွယ်ထား၍ မရပေ။ အကယ်၍ ယူလန်ရှင်းသာ ဝင်မစွက်ဖက်ခဲ့လျှင် သူသည်လည်း တစ်ဖက်လူ၏ ဓားဆန္ဒကို ယှဉ်ပြိုင်ကြည့်ရန် ဝန်လေးနေမှာ မဟုတ်ပေ။

ယွမ်ထျန်ယန်၏ ဓားဆန္ဒမှာ အဆင့်အတန်းအရဆိုလျှင် သူ့ထက် အဆင့်ငယ်တစ်ခု ပိုမြင့်နေခဲ့ပြီး အထွတ်အထိပ်အဆင့် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်၏။

သို့သော်လည်း ဓားဆန္ဒ၏ အားကောင်းမှု၊ အားနည်းမှုဆိုသည်မှာ အဆင့်တစ်ခုတည်းနှင့် ဆုံးဖြတ်၍ မရနိုင်ပေ။ စိတ်ဝိညာဉ်စွမ်းအား၊ ဒြပ်စင်သဘောတရားနှင့် ကိုယ်ပိုင်စိတ်ဆန္ဒ စသည်တို့မှာလည်း ကြီးမားသော သက်ရောက်မှု ရှိပေသည်။

လော့ချန်သည် ဓားဘုရင်၏ စိတ်ဆန္ဒမှ ဆက်ခံရရှိထားသော သတ်ဖြတ်လိုသည့် ဓားဆန္ဒနှင့် အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအားတို့ကြောင့် ယွမ်ထျန်ယန်၏ ဓားဆန္ဒမှာ သူ့ထက် အဆင့်ငယ်တစ်ခု မြင့်နေပါစေ၊ နှစ်ဆင့်၊ သုံးဆင့် မြင့်နေပါစေဦးတော့၊ စစ်မှန်သော ဓားဆန္ဒနယ်ပယ်သို့ မရောက်သေးသရွေ့ သူ၏ သတ်ဖြတ်လိုသော ဓားဆန္ဒကို တားဆီးနိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်ထားခြင်း ဖြစ်၏။

“အိုး... မင်းက ငါ့ကို တိုက်ခိုက်ချင်တာလား...”

ယွမ်ထျန်ယန်သည် လော့ချန် ရှေ့သို့ ထွက်လာသည်ကို မြင်ရသည့်အခါ မျက်ခုံးပင့်လိုက်ပြီး အေးစက်စွာ ပြုံးလျက် အထက်စီးမှ ကြည့်လိုက်ရာ အစွမ်းမရှိသော ပုရွက်ဆိတ်တစ်ကောင်ကို လှောင်ပြောင်နေသည့်အလား ရှိနေတော့သည်။

ဖန်ယွဲ့ယန်လည်း ထိတ်လန့်သွားရသည်။ လော့ချန်က ယွမ်ထျန်ယန်ကိုကိုယ်တိုင် စိန်ခေါ်ဝံ့လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ယူလန်ရှင်းသည် လော့ချန်က ယွမ်ထျန်ယန်၏ ပြိုင်ဘက် မဟုတ်မှာကို စိုးရိမ်နေသလို ထိုသူနှစ်ဦး ဤနေရာတွင် တိုက်ခိုက်ကြမှာကိုလည်း မလိုလားသဖြင့် အလျင်အမြန်ပင် ကြားဝင်စေ့စပ်ပေးလိုက်သည်။

“ရှင်တို့ နှစ်ယောက်လုံး... ငါတို့ ဒီကို လာရတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မမေ့ကြပါနဲ့ဦး... အခုလောလောဆယ်တော့ တိုက်ပွဲကို ခဏဆိုင်းထားကြရင် မကောင်းဘူးလား...”

ယွမ်ထျန်ယန်သည် တောင်ထိပ်ပေါ်သို့ လူအများအပြား တိုးဝင်လာသည်ကို မြင်ရသည့်အခါ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လော့ချန်ကို ဆိုလိုက်သည်။

“ငါ ယူလန်ရှင်းရဲ့ မျက်နှာကို ထောက်ထားလိုက်မယ်... ဒါပေမဲ့ ငါ့ရဲ့ သည်းခံနိုင်စွမ်းမှာလည်း အကန့်အသတ် ရှိတယ်နော်... နောင်တစ်ခါ မင်းက ငါ့ကို ထပ်ပြီး စိန်ခေါ်ဝံ့မယ်ဆိုရင်တော့ ရလဒ်က ဒီလောက်နဲ့တင် လွယ်လွယ်ကူကူ ပြီးသွားမှာ မဟုတ်ဘူး...”

လော့ချန်ကလည်း အလျှော့မပေးဘဲ ဆိုလိုက်သည်။

“ဘယ်လိုရလဒ် ဖြစ်လာမလဲဆိုတာ ငါလည်း တကယ်ကို သိချင်နေမိတယ်...”

“ဟဲဟဲ... စိတ်ဝင်စားဖို့ ကောင်းသားပဲ...”

ယွမ်ထျန်ယန်သည် ဒေါသကြောင့်ပင် ရယ်မောလိုက်ပြီး သတ်ဖြတ်လိုသော အရှိန်အဝါများနှင့်အတူ ဆိုလိုက်သည်။

“ဒါဆိုရင်လည်း စောင့်ကြည့်ကြတာပေါ့...”

“ဝှစ်...”

စကားအဆုံးတွင် သူသည်ကိုယ်ကို လှည့်ကာ တောင်ထိပ်ပေါ်သို့ ရောက်ရှိလာသော လျှပ်ယွမ်ဂိုဏ်း တပည့်အချို့ထံသို့ ပျံသန်းသွားတော့သည်။

ယူလန်ရှင်းသည် အသက်ကို သာသာယာယာ ရှူထုတ်လိုက်ပြီး လော့ချန်ကို ဆိုလိုက်သည်။

“လော့ချန်... နင် စိတ်လှုပ်ရှားသွားပြီ...”

ဖန်ယွဲ့ယန်လည်း မနေနိုင်ဘဲ ဆိုလိုက်သည်။

“ဟုတ်တယ်... ယွမ်ထျန်ယန် ဆိုတဲ့လူက ဘယ်သူ့ကိုမှ အထင်မကြီးဘဲ ရမ်းကားတတ်တာ မှန်ပေမဲ့ သူက အဲဒီလို ရမ်းကားနိုင်တဲ့ အစွမ်းရှိတာကတော့ အမှန်ပဲ...”

“ဒီလူက ကြယ်ဆယ်ပွင့် မီးဝိညာဉ်ကို နိုးကြားထားသလို အထွတ်အထိပ်အဆင့် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကိုလည်း နားလည်ထားတာလေ... တစ်ဝက် ဓားဆန္ဒအဆင့် ဓားသမား ဖြစ်နေပြီဆိုတော့ ဂိုဏ်းကြီးသုံးဂိုဏ်းလုံးရဲ့ အတွင်းစည်းထဲမှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိသလောက်ပဲ... မင်း မသိသေးတာ တစ်ခုရှိတယ်... သူ မကြာခင်ကမှ နယ်မြေစာရင်းကို ဝင်နိုင်ဖို့ ကြိုးစားခဲ့တာလေ... နံပါတ် ၁၀၂ နေရာအထိ ရောက်ခဲ့တာဆိုတော့ နယ်မြေစာရင်းထဲက သန်မာသူတွေနဲ့ အစွမ်းချင်း တူနေပြီပဲ... သူ့ကို သွားပြီး ရန်စတာက သေလမ်းပဲ ရှိမှာပေါ့...”

“သေလမ်းပဲ ရှိတယ် ဟုတ်လား... ငါကတော့ အဲဒီလို မထင်ဘူး...”

လော့ချန်က ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။

“မင်း...”

ဖန်ယွဲ့ယန် ဘာပြောရမှန်းပင် မသိတော့ပေ။

သူသည်လည်း အတော်ပင် ထောင်ထွှားသူ ဖြစ်သော်လည်း လော့ချန်နှင့် နှိုင်းယှဉ်လျှင်မူ ဘာမှမဟုတ်တော့ပေ။ ယူလန်ရှင်းကမူ တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး လော့ချန်ကို ကြည့်ကာ သူမ၏မျက်ဝန်းထဲ၌ ထူးခြားသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

မကြာမီမှာပင် ကျူးလင်မေ့လည်း ရောက်ရှိလာခဲ့သည်။

လော့ချန်နှင့် ယွမ်ထျန်ယန်တို့ တိုက်ခိုက်လုနီးပါး ဖြစ်ခဲ့သည်ကို သိရှိလိုက်ရသည့်အခါ သူမသည် ချွေးစေးများပင် ထွက်လာခဲ့ပြီး မျက်နှာမှာလည်း ဖြူဖျော့သွားကာ လော့ချန် အသက်ရှင်နေသည်ကိုပင် ကံကောင်းသည်ဟု အထပ်ထပ် ဆိုနေတော့သည်။

ဤသည်က လော့ချန်ကို ဘာပြောရမှန်းမသိအောင် ဖြစ်သွားစေပြီး အခွင့်အရေး ရလျှင်မူ သူ၏အစွမ်းကို အသေအချာ ပြသရမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

“ဒီအောက်မှာ ဘာရှိတာလဲ... တကယ်ကို ထူးဆန်းနေတာပဲ...”

ကျူးလင်မေ့သည် ချောက်နက်ကြီးထဲသို့ ငုံ့ကြည့်လိုက်သည်။

လော့ချန်က ခေါင်းခါယမ်းပြလိုက်သည်။

“မသိဘူး... စောစောက ငါ သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ယောက်ကို မေးကြည့်သေးတယ်... သူတို့လည်း ဘာမှ သိပုံမရဘူး...”

“ဒီနေရာရဲ့ အခြေအနေကိုတော့ ငါ စီနီယာအစ်မ ယင်းလီ ဆီကို သတင်းပို့ခိုင်းထားလိုက်ပြီ... အရင်ဆုံး ဒီလူတွေကို ဖြေရှင်းပြီးမှပဲ အေးအေးဆေးဆေး ပြန်လေ့လာကြတာပေါ့...”

ယူလန်ရှင်းသည် တည်ငြိမ်စွာပင် ဆိုလိုက်သည်။

“ကောင်းပြီ...”

တောင်ထိပ်ပေါ်တွင် သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ထောင်ကျော် ရှိနေဆဲဖြစ်ပြီး ယခုအခါ လူတိုင်းနှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြပြီ ဖြစ်သည်။

ယူလန်ရှင်းတို့ သုံးဦးသည်လည်း တွန့်ဆုတ်မနေဘဲ အနီးဆုံးရှိ သွေးဝိညာဉ်ဂိုဏ်းဝင်များထံသို့ ပြေးဝင်ကာ သတ်ဖြတ်ကြတော့သည်။

လော့ချန် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏အကြည့်မှာ လူအုပ်ကြီးအတွင်းမှ ရင်းနှီးလှသော လူရိပ်တစ်ခုအပေါ်သို့ ကျရောက်သွားသည်။

‘နောက်ဆုံးတော့ ရှာတွေ့ပြီပဲ...’

လော့ချန် အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ကိုယ်ဟန်မှာ အရှိန်အဟုန်နှင့် ပြေးထွက်သွားတော့သည်။

“ဟင်...”

ကျူးလင်မေ့သည် ဤမြင်ကွင်းကို သတိပြုမိသွားပြီး လော့ချန် ပြေးဝင်သွားသည့် အရပ်မျက်နှာသို့ ကြည့်ကာ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

“ကျိုးယွမ်ချင်း...”

တောင်ထိပ်ပေါ်သို့ ရောက်ရှိလာသော လူအုပ်ကြီးအတွင်းမှ ရွှမ်ယွမ်ဂိုဏ်း အမျိုးသမီးတပည့်တစ်ဦးမှာ အလွန်ပင် ထင်ရှားလှပေသည်။

သူမသည်ကိုယ်လုံးကိုယ်ပေါက် လှပသလို ရုပ်ရည်မှာလည်း တင့်တယ်လှကာ ခါးတွင် ဓားတိုတစ်စင်းကို ချိတ်ဆွဲထားပြီးကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာလည်း အလွန်ပင် သန်မာလှသဖြင့် သွေးကြောနိုးကြားမှုနယ်ပယ် ထိပ်သီးသန်မာသူ တစ်ဦး ဖြစ်ကာ ရွှမ်ဟယ်စာရင်း အဆင့် ၈ ရှိ ကျိုးယွမ်ချင်းပင် ဖြစ်၏။

ကျိုးယွမ်ချင်းသည် တောင်ထိပ်သို့ ရောက်ရှိလာသော်လည်း အခြားသူများကဲ့သို့ သွေးဝိညာဉ်ဂိုဏ်းဝင်များကို သတ်ဖြတ်ခြင်း မရှိဘဲ သူမ၏ မျက်ဝန်းအစုံဖြင့် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုနေပြီး တစ်စုံတစ်ခုကို ရှာဖွေနေပုံရသည်။

‘ချီယွီက ဘာလို့ အခုထိ ရောက်မလာသေးတာလဲ...’

ကျိုးယွမ်ချင်းသည် နှုတ်ခမ်းလေးကို အသာအယာကိုက်လိုက်မိပြီး မျက်ဝန်းထဲ၌ စိုးရိမ်စိတ်များ ပေါ်ထွက်နေသည်။

မြေကမ္ဘာဝိညာဉ်ဆေးလုံးကို ချီယွီထံသို့ ပေးအပ်ပြီးသည်နှင့် ကျိုးယွမ်ချင်းသည် ထိုနေရာ၌ပင် စောင့်ဆိုင်းနေခဲ့ပြီး လော့ချန်၏ ဦးခေါင်းကို အမြန်ဆုံး မြင်တွေ့လိုနေခဲ့၏။ အမွှေးတိုင် တစ်တိုင်စာ အချိန်အထိ စောင့်ဆိုင်းခဲ့သော်လည်း မည်သည့် သတင်းမျှ ရောက်မလာခဲ့ပေ။

ကျိုးယွမ်ချင်းသည် တောင်အောက်ဘက်သို့ပင် ဆင်း၍ကိုယ်တိုင် ရှာဖွေခဲ့သေးသော်လည်း ယခုကဲ့သို့ ရှုပ်ထွေးလှသော စစ်တလင်းအတွင်း၌ ရှာဖွေရသည်မှာ သမုဒ္ဒရာအတွင်း အပ်ရှာသကဲ့သို့ပင် ဖြစ်နေတော့သည်။

အခြားနည်းလမ်း မရှိတော့သဖြင့် ကျိုးယွမ်ချင်းသည် တောင်ထိပ်ပေါ်သို့ အရင်တက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပြီး ဤနေရာတွင် ချီယွီကို တွေ့နိုင်လိမ့်မည်ဟု မျှော်လင့်နေခြင်း ဖြစ်၏။

သို့သော်လည်း အခြေအနေမှာ သူမ ထင်သလို ဖြစ်မလာခဲ့ပေ။

‘ဒါမှမဟုတ်... သူက လော့ချန်ကို ရှာမတွေ့သေးတာလား... ဒါမှမဟုတ်ရင်လည်း သတ္တိတွေ အရမ်းကောင်းပြီး အဋ္ဌမ မင်းသားကျင်းမင်ရဲ့ ပစ္စည်းကို အလစ်သုတ်ပြီး မြေကမ္ဘာဝိညာဉ်ဆေးလုံးနဲ့အတူ ထွက်ပြေးသွားတာလား... ဒါမှမဟုတ်ရင်လည်း...’

ကျိုးယွမ်ချင်း၏ အကြည့်မှာ ဝေဝါးသွားခဲ့သော်လည်း တတိယမြောက် ဖြစ်နိုင်ခြေကိုမူ သူမ စိတ်ထဲမှပင် ချက်ချင်း ပယ်ဖျက်လိုက်သည်။

ချီယွီ၏ အစွမ်းနှင့်ဆိုလျှင် အမှားအယွင်း ရှိစရာ အကြောင်းမရှိပေ။

“နင် ငါ့ကို ရှာနေတာလား...”

ကျိုးယွမ်ချင်း အမျိုးမျိုး တွေးတောနေစဉ်မှာပင် မည်သည့်ခံစားချက်မျှ မပါဝင်သော အသံတစ်ခုမှာ သူမ၏ဘေးမှ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

အခန်း ၆၄၆ ပြီးပါပြီ။

အခန်း ၆၄၇ - ဓားအိမ်ထဲကထွက်ရင် မင်းသေမှာပဲ

အသံကို ကြားလိုက်ရသည်နှင့် ကျိုးယွမ်ချင်းသည် နောက်သို့ လှည့်ကြည့်လိုက်ရာ သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားတော့သည်။

“လော့... လော့ချန်... နင် အသက်ရှင်နေသေးတာလား...”

လော့ချန်၏ အကြည့်မှာ တည်ငြိမ်နေခဲ့၏။

“ဘာလဲ... ငါ အသက်ရှင်နေတာကို မြင်ရတော့ အဲဒီလောက်တောင် အံ့သြသွားတာလား...”

“မ... မဟုတ်ပါဘူး...”

ကျိုးယွမ်ချင်းသည် ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်ပြီး လူအုပ်ကြားထဲတွင် သူမ၏ အကြည့်များကို လှည့်ပတ်လိုက်ရင်း စိတ်ထဲမှ ကြောက်ရွံ့မှုများကို အတင်းအကျပ် ဖိနှိပ်ကာ ချောမောလှပသော မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။

“နင် ချီဖေးယုကို အနိုင်ယူပြီး ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲ ပါဝင်လာတယ်လို့ ငါ ကြားပါတယ်... မဟာအကြီးအကဲမင်ရဲ့ တိုက်ရိုက်တပည့်တောင် ဖြစ်သွားပြီဆိုတော့ နင့်အတွက် အနာဂတ်က အများကြီး သာယာသွားပြီပေါ့... ဂုဏ်ယူပါတယ်နော်...”

လျိုခန်း အသတ်ခံရစဉ်က သူမသည် အဝေးကြီးတွင် ရှိနေခဲ့သဖြင့် လော့ချန်သည် သူမ၏ မျက်နှာကို သေချာမြင်လိုက်မည်မဟုတ်ဟုကိုယ့်ဘာသာကိုယ် ယုံကြည်နေခြင်း ဖြစ်၏။ မြင်သွားခဲ့လျှင်ပင် လျိုခန်းမှာ သေဆုံးသွားခဲ့ပြီဖြစ်ရာ သက်သေပြစရာမရှိသဖြင့် သူမကသာ ငြင်းဆိုနေမည်ဆိုပါက ကိစ္စပြီးသွားလိမ့်မည်ဟု ထင်မှတ်နေခြင်း ဖြစ်ပေသည်။

“အပိုစကားတွေ ပြောမနေပါနဲ့တော့...”

လော့ချန်က ခေါင်းခါယမ်းလိုက်ပြီး လက်ဖဝါးကို ဖြန့်ကာ တောင်းဆိုလိုက်သည်။

“မြေကမ္ဘာဝိညာဉ်ဆေးလုံးကို ထုတ်ပေးလိုက်စမ်းပါ... ဒါဆိုရင်တော့ ဒဏ်ရာဒဏ်ချက် မရဘဲ အေးအေးဆေးဆေး ပြီးသွားမှာပေါ့...”

မြေကမ္ဘာဝိညာဉ်ဆေးလုံး...

ကျိုးယွမ်ချင်း၏ မျက်ဝန်းအစုံ တုန်ခါသွားခဲ့ပြီး ချီယွီတစ်ယောက် လော့ချန်နှင့် လွဲသွားခဲ့ပြီဆိုသည်ကို သေချာပေါက် သိရှိလိုက်ရသည်။ သူမသည် စိတ်ထဲမှ ဒေါသထွက်နေသော်လည်း အပြုံးတစ်ခုကို အနိုင်နိုင် ဖန်တီးလိုက်ပြီး ခေါင်းခါယမ်းကာ ဆိုလိုက်သည်။

“ဘာ မြေကမ္ဘာဝိညာဉ်ဆေးလုံးလဲ... လော့ချန်... နင် လျိုခန်းရဲ့ စကားတွေကို လိုက်ပြီး ယုံမနေပါနဲ့... မြေကမ္ဘာဝိညာဉ်ဆေးလုံး ဆိုတာက စတုတ္ထနယ်ပယ်ကို တက်လှမ်းဖို့ ကူညီပေးနိုင်တဲ့ ရတနာဆေးလုံးလေ... ဘယ်သူက ဒီလောက်အဖိုးတန်တဲ့ ဆေးလုံးကို ဆုလာဘ်အဖြစ် ထုတ်ပေးမှာလဲ... ရူးနေတဲ့သူမှပဲ လုပ်မှာပေါ့...”

သူမသည် အချိန်ကို တတ်နိုင်သမျှ ဆွဲထားလိုခြင်း ဖြစ်၏။

ချီယွီ ရောက်လာသည်နှင့် အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဟု မျှော်လင့်နေခြင်းပင်။

ကျိုးယွမ်ချင်း၏ စကားမဆုံးမီမှာပင် လော့ချန်က ခေါင်းခါယမ်းလိုက်ပြီး လက်ညှိုးဖြင့် တစ်ချက် တောက်လိုက်သည်။

“ဝှစ်...”

ဓားချီတစ်ခု ပြေးထွက်သွားတော့သည်။

“ဖူး...”

ကျိုးယွမ်ချင်းသည် တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ သူမ၏ ဘယ်ဘက်ပုခုံးမှာ ဓားချီ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး သွေးများ အန်ထုတ်လျက် အနောက်သို့ လွင့်စဉ်သွားတော့သည်။ သူမ၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့ပြီး တစ်လှမ်းချင်း တိုးကပ်လာသော လော့ချန်ကို မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။

လော့ချန်သည် စကားတစ်ခွန်းမျှ မပြောဘဲ ဤမျှအထိ တိကျပြတ်သားစွာ တိုက်ခိုက်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ သူမသည် သွားကို တင်းတင်းကြိတ်လျက် ဆိုလိုက်သည်။

“လော့ချန်... နင် လျိုခန်းနဲ့ ဝူထိုက်ယွဲ့တို့ကို သတ်ပြီးပြီပဲ... အခု ငါ့ကိုပါ သတ်ချင်နေတာလား... အတွင်းစည်း ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲက သုံးယောက်လုံးကို ဆက်တိုက်သတ်တာက ဂိုဏ်းအတွက် ဘယ်လောက်အထိ ဆုံးရှုံးမှုကြီးလဲဆိုတာ နင် သိရဲ့လား... ဘယ်လောက်အထိ အကျိုးဆက်တွေ ပြင်းထန်မလဲဆိုတာကော... နင်က မဟာအကြီးအကဲရဲ့ တိုက်ရိုက်တပည့် ဖြစ်နေရင်တောင် ဒီအပြစ်ကနေ လွတ်မှာ မဟုတ်ဘူး...”

လော့ချန်က အေးစက်စွာ လှောင်ပြုံးလိုက်သည်။

“ဘာလဲ... ငါက နင်တို့ကို မသတ်ဘဲနဲ့ ငါ့ကို နင်တို့ လာသတ်တာကိုပဲ စောင့်နေရမှာလား... နင် ငါ့ကို သတ်ဖို့ လူလွှတ်လိုက်ကတည်းက နင့်အတွက် အသက်ရှင်ဖို့လမ်း မရှိတော့ဘူး...”

“ဖူး...”

စကားပြောနေစဉ်မှာပင် လော့ချန်သည် နောက်ထပ်တစ်ကြိမ် လက်ညှိုးဖြင့် တောက်လိုက်ပြန်သည်။

“အား...”

ကျိုးယွမ်ချင်း၏ ညာဘက်ပုခုံးမှာလည်း ထိုးဖောက်ခြင်း ခံလိုက်ရသဖြင့် သူမသည် မအောင့်နိုင်တော့ဘဲ အော်ဟစ်လိုက်ရတော့သည်။ လော့ချန်ကို ကြည့်နေသော သူမ၏ မျက်ဝန်းထဲ၌ ထိတ်လန့်မှုများ ပြည့်နှက်လာခဲ့ပြီး အလျင်အမြန်ပင် ဆိုလိုက်သည်။

“မြေကမ္ဘာဝိညာဉ်ဆေးလုံးက ငါ့ဆီမှာ မရှိတော့ဘူး...”

“ဘယ်မှာလဲ...”

ကျိုးယွမ်ချင်း ခံစားနေရသည်မှာ သူမသာ မြေကမ္ဘာဝိညာဉ်ဆေးလုံး ရှိသည့်နေရာကို ပြောပြလိုက်မည်ဆိုလျှင် သူမ သေချာပေါက် သေရမှာ ဖြစ်သော်လည်း၊ မပြောလျှင်လည်း အသက်ရှင်ဖို့ လမ်းစ မရှိသည်မှာ အမှန်ပင် ဖြစ်၏။

သူမ တွန့်ဆုတ်နေစဉ်မှာပင် လူရိပ်တစ်ခုကို သတိပြုမိသွားခဲ့ပြီး အားကိုးရာ ရရှိသွားသကဲ့သို့ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

“လင်းချီချန်... နင်က ဘယ်အချိန်အထိ ဒီအတိုင်း ကြည့်နေဦးမှာလဲ...”

လူအုပ်ကြီးအတွင်းမှ ခါးတွင် ဓားချိတ်ဆွဲထားပြီး စိမ်းလဲ့သော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးမှာ မှင်တက်မိသွားခဲ့ပြီး နောက်ဆုံးတွင်မူ မဖြစ်သည့်အဆုံး၌ ရှေ့သို့ ထွက်လာခဲ့ရတော့သည်။

၎င်းမှာ ရွှမ်ဟယ်စာရင်း အဆင့် ၄ ရှိ လင်းချီချန် ဖြစ်၏။

သူသည် လျိုခန်းနှင့် ဝူထိုက်ယွဲ့တို့ လော့ချန်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သတင်းကို သိရှိထားပြီး ဖြစ်၏။ လော့ချန်ကို ယှဉ်ပြိုင်နိုင်ရန်အတွက် ယုံကြည်မှု မရှိသဖြင့် ယခုအထိ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ သူ ထွက်မလာ၍ မရတော့ပေ။

မဟုတ်ပါက နောင်တစ်ချိန်တွင် သူသည် မင်းသားတန်း၌ မည်သို့ ဆက်လက် ရပ်တည်နိုင်တော့မည်နည်း။

လင်းချီချန်သည် လေသံကို အတတ်နိုင်ဆုံး ထိန်းညှိလိုက်ပြီး ဆိုလိုက်သည်။

“လော့ချန်... မင်း လျိုခန်းနဲ့ ဝူထိုက်ယွဲ့တို့ကိုလည်း သတ်ပြီးပြီ... ကျိုးယွမ်ချင်းလည်း သင်ခန်းစာ ရသင့်သလောက် ရနေပါပြီ... ဒါက လုံလောက်နေပြီ မဟုတ်လား... ကိစ္စတွေကို ဒီလောက်အထိ အစွန်းရောက်အောင် မလုပ်ပါနဲ့... ငါ့ရဲ့ မျက်နှာကို ထောက်ထားပြီး ကျိုးယွမ်ချင်းရဲ့ အသက်ကို တစ်ခါလောက် ချမ်းသာပေးပါလား... ဘယ်လိုလဲ...”

လော့ချန်သည် လင်းချီချန်ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး ဆိုလိုက်သည်။

“မင်းရဲ့ မျက်နှာကို ထောက်ထားရအောင်... မင်းက ဘာကောင်မို့လို့လဲ... ငါ ပြောပြီးသားပဲ... သူက ဒီနေ့ သေကို သေရမယ်... မင်းကသာ ငါ့ကို လာတားမယ်ဆိုရင်တော့ ငါ နောက်ထပ် လူတစ်ယောက် ထပ်သတ်ဖို့လည်း ဝန်မလေးဘူးနော်...”

ဤစကားကို ကြားရသည့်အခါ ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။

လင်းချန်ချီသည် ရွှမ်ဟယ်စာရင်း အဆင့် ၄ ရှိ သန်မာသူတစ်ဦး ဖြစ်၏။ သူက ယခုကဲ့သို့ အောက်ကျနောက်ကျနှင့် တောင်းပန်နေသည်မှာ သိက္ခာကို အတော်ပင် ချပေးထားခြင်း ဖြစ်သော်လည်း၊ လော့ချန်ကမူ မျက်နှာပေးဖို့ နေနေသာသာ "မင်းက ဘာကောင်လဲ" ဆိုသည့် စကားဖြင့် လင်းချီချန်၏ မျက်နှာကို တိုက်ရိုက် ရိုက်ချလိုက်ခြင်းပင်။

လော့ချန်သည် ချီယွီကို ပြတ်ပြတ်သားသား သတ်ဖြတ်လိုက်သည်ကိုကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် လူတစ်ဦး၊ နှစ်ဦးသာလျှင် အခြေအနေမှန်ကို သိရှိနေကြသည်။

သို့သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် သူတို့လည်း ဝင်ရောက်မစွက်ဖက်ဝံ့ကြပေ။

“မင်း......”

လင်းချီချန်သည် အကြီးအကျယ် ဒေါသထွက်သွားခဲ့ပြီး မျက်နှာတစ်ခုလုံး နီမြန်းလာကာ အသက်ရှူများလည်း မြန်လာတော့သည်။ သူ၏ လည်ပင်းမှ အကြောများပင် ထောင်ထလာခဲ့ပြီး ဓားရိုးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

“ချောက်...”

အေးစက်လှသော ဓားသွားမှာ အိမ်အတွင်းမှ သုံးလက်မခန့် ထွက်ပေါ်လာခဲ့ပြီး ရှေးဟောင်းအငွေ့အသက်များ ပါဝင်နေသော ဓားအရှိန်အဝါမှာ ပျံ့နှံ့သွားသဖြင့် လေထုမှာပင် တိတ်ဆိတ်စွာ အက်ကွဲသွားတော့သည်။

ကျိုးယွမ်ချင်းသည်ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ မြေပြင်ပေါ်မှ အသည်းအသန် ထရပ်လိုက်ပြီး သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်ကို လင်းချီချန်အပေါ်တွင် ထားရှိလိုက်တော့သည်။

“လင်းချီချန်... အပိုတွေ ပြောမနေနဲ့တော့... သူ့ကို မြန်မြန် သတ်လိုက်စမ်းပါ...”

လော့ချန်သည် လင်းချီချန်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။

“ဓားအိမ်ထဲကထွက်တာနဲ့ မင်းသေပြီသာမှတ်...”

ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်း ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲမှ လျိုခန်း၊ ဝူထိုက်ယွဲ့၊ ချီယွီနှင့် ကျိုးယွမ်ချင်း အပါအဝင် ထက်ဝက်နီးပါးမှာ သူ၏လက်ချက်ဖြင့် သေဆုံးရတော့မှာ ဖြစ်၏။

ဒါက တကယ်ကို မသေးလှသော ကိစ္စဖြစ်သလို ဂိုဏ်းအတွက်လည်း ကြီးမားသော ဆုံးရှုံးမှု ဖြစ်သဖြင့် လော့ချန်သည် အကျိုးဆက်ကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပေသည်။ မလိုအပ်သော သတ်ဖြတ်မှုများကို သူလည်း တတ်နိုင်သမျှ ရှောင်ရှားလိုခြင်း ဖြစ်၏။

သို့သော်လည်း ၎င်းမှာ လင်းချီချန်၏ အသိဉာဏ်အပေါ်တွင်သာ မူတည်ပေသည်။ အကယ်၍ တစ်ဖက်လူကသာကိုယ့်သေတွင်းကိုယ် တူးချင်နေမည်ဆိုပါက လော့ချန်လည်း အလိုဆန္ဒကို ဖြည့်ဆည်းပေးရုံသာ ရှိတော့သည်။

“ဂလု...”

တိုတောင်းလှသော ထိုစကားလုံးများသည် လင်းချီချန်၏ နားထဲတွင်မူ မိုးကြိုးပစ်လိုက်သကဲ့သို့ ပြင်းထန်လှပေသည်။ လော့ချန်၏ အကြည့်မှာ ထက်မြက်လှသော ဒဏ္ဍာရီလာ ဓားတစ်စင်း သူ၏ ရင်ဘတ်ကို ထိုးစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့် သူသည် တံတွေးကို အားယူကာ မြိုချလိုက်မိပြီး ဓားဆွဲထုတ်နေသော ညာဘက်လက်မှာလည်း ထိုနေရာမှာတင် တောင့်တင်းသွားတော့သည်။

“လင်းချီချန်... နင် ဘာလုပ်နေတာလဲ... သူ့ကို မြန်မြန် သတ်လိုက်စမ်းပါဦး... နင်သာ လော့ချန်ကို သတ်နိုင်မယ်ဆိုရင် ဒါက အကြီးအကျယ် အောင်မြင်မှုပဲလေ... ကျင်းမင်က နင့်ကို သေချာပေါက် ဆုအကြီးကြီး ပေးမှာပဲ...”

ကျိုးယွမ်ချင်းက အသည်းအသန် တိုက်တွန်းနေတော့သည်။

နောက်တစ်ခဏတွင်...

“ဒီကိစ္စက ငါ့နဲ့ မဆိုင်ဘူး...”

“ချောက်...”

လင်းချီချန်သည် ဓားကို အိမ်အတွင်းသို့ ပြန်ထည့်လိုက်ပြီး ချက်ချင်းပင်ကိုယ်ကိုလှည့်ကာ ထွက်ခွာသွားတော့သည်။ အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်း မရှိပေ။

“ဟင်...”

လူတိုင်းမှာ မှင်တက်မိသွားကြရသည်။

ရွှမ်ဟယ်စာရင်း အဆင့် ၄ မှာ ရှိနေပြီး နာမည်ကျော်ကြားလှသော လင်းချီချန်သည် အဆင့် ၁၀ နေရာသာ ရှိပြီး အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားသည့် လော့ချန်၏ စကားတစ်ခွန်းတည်းနှင့် ထွက်ပြေးသွားသည်ပေါ့။ လောကကြီးမှာ ဤမျှအထိ အဓိပ္ပာယ်မရှိသည့် ကိစ္စမျိုး ရှိသေးသည်လား။

“လင်းချီချန်... နင် ဘာလုပ်တာလဲ... နင်... နင်... နင် ကျင်းမင်ရဲ့ အပြစ်ပေးတာကို မကြောက်ဘူးလား... နင့်ကို မင်းသားတန်းကနေ နှင်ထုတ်လိမ့်မယ်နော်...”

ကျိုးယွမ်ချင်း ခေတ္တမျှ မှင်တက်မိသွားခဲ့ပြီးနောက် အော်ဟစ်လိုက်သော်လည်း လင်းချီချန်၏ ခြေလှမ်းများမှာမူ ပိုမို၍ပင် မြန်ဆန်လာတော့သည်။

“ငါ ပြောပြီးသားပဲ... ဒီနေ့တော့ နင် မဖြစ်မနေ သေရမှာပဲ... နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်... မြေကမ္ဘာဝိညာဉ်ဆေးလုံး ဘယ်မှာလဲ...”

လော့ချန်သည် မျက်နှာတွင် မည်သည့်ခံစားချက်မျှ မရှိဘဲ ကျိုးယွမ်ချင်းထံသို့ တစ်လှမ်းချင်း တိုးကပ်သွားတော့သည်။

ကျိုးယွမ်ချင်းသည် တစ်ကိုယ်လုံး အေးစက်သွားရသည်။ မြေကမ္ဘာဝိညာဉ်ဆေးလုံးမှာ ချီယွီ၏ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်ရာ သူမ အသက်ရှင်ခွင့်ရဖို့အတွက် ဆေးလုံးနှင့် လဲလှယ်လိုလျှင်ပင် ထုတ်ပေးစရာ မရှိတော့ပေ။

သူမ စဉ်းစားနေရင်း မျက်ဝန်းထဲ၌ ရက်စက်လှသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။

“အားလုံးပဲ နားထောင်ကြစမ်းပါ... ကျင်းမင်က ငါ့ကို မြေကမ္ဘာဝိညာဉ်ဆေးလုံး တစ်လုံး ပေးထားတယ်... ဘယ်သူကများ ငါ့ကို ကူညီပြီး လော့ချန်ကို သတ်ပေးမလဲ... အဲဒီလူက ဒီ မြေကမ္ဘာဝိညာဉ်ဆေးလုံးကို ရမှာပဲ... ဒါ့အပြင် တခြား ဆုလာဘ်တွေလည်း ရှိသေးတယ်... ချီဆေးလုံးတွေ၊ ဝိညာဉ်ကျောက်တွေ၊ ဝိညာဉ်ဆေးတွေနဲ့ ရတနာတွေ... နင်တို့ တောင်းဆိုသမျှ အားလုံးကို ငါ သဘောတူတယ်...”

ဤစကားကြောင့် တောင်ထိပ်ပေါ်တွင် ဆူညံသွားတော့သည်။ လူအများအပြားမှာ စိတ်လှုပ်ရှားသွားကြသည်မှာ အမှန်ပင် ဖြစ်၏။

သို့သော်လည်း လော့ချန်၏ တစ်ပိုင်းတစ်စ ဓားဆန္ဒအဆင့် ဓားသမား ဆိုသည့် ဂုဏ်ပုဒ်နှင့် ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦး ဆိုသည့် နာမည်ကြောင့် လူအများစုမှာမူ မလှုပ်ဝံ့ကြပေ။

“မင်း သေချင်နေတာပဲ...”

လော့ချန်၏ အကြည့်မှာ အေးစက်သွားခဲ့ပြီး လက်ငါးချောင်းကို ဖြန့်လိုက်ရာ ထက်မြက်လှသော ချီစွမ်းအင်များမှာ ကျိုးယွမ်ချင်းထံသို့ အရှိန်အဟုန်နှင့် ပြေးထွက်သွားတော့သည်။

သူမထံမှ မြေကမ္ဘာဝိညာဉ်ဆေးလုံး အကြောင်းကို မမေးနိုင်တော့မှတော့ အချိန်ဖြုန်းနေရန် မလိုအပ်ပေ။

မြေကမ္ဘာဝိညာဉ်ဆေးလုံး မရှိလျှင်ပင် သူ စတုတ္ထနယ်ပယ်သို့ တက်လှမ်းရန်မှာ အခက်အခဲ မရှိပေ။ အချိန်အနည်းငယ် ပိုပေးရုံသာ ရှိတော့သည်။

ကျိုးယွမ်ချင်းသည် ထိုလက်သီးချီများအောက်တွင် သေဆုံးတော့မည့်အလား ရှိနေစဉ်...

ရုတ်တရက်...

“ဘုန်း...”

ထက်မြက်လှသော ဓားချီတစ်ခုမှာ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး လော့ချန်၏ တိုက်ကွက်များကို တစ်ခဏချင်းမှာပင် ချေမှုန်းပစ်လိုက်တော့သည်။

အခန်း ၆၄၇ ပြီးပါပြီ။

အခန်း ၆၄၈ - အခွင့်အရေးနှင့် စတင်ပြသလာသော အစွမ်း

ဤရုတ်တရက် အပြောင်းအလဲကြောင့် ထိုနေရာရှိ လူတိုင်းမှာ အံ့အားသင့်သွားကြရသည်။

လော့ချန်သည် ဓားချီရောက်ရှိလာရာ အရပ်မျက်နှာသို့ လှမ်းကြည့်လိုက်ရာ သူ၏အကြည့်မှာ တစ်ခဏချင်းမှာပင် အေးစက်သွားတော့သည်။

“ယွမ်ထျန်ယန်...”

ဝင်ရောက်စွက်ဖက်လိုက်သူမှာ အခြားသူမဟုတ်ဘဲ လျှပ်ယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့်ခေါင်းဆောင် ယွမ်ထျန်ယန်ပင် ဖြစ်၏။

“ယွမ်ထျန်ယန် ပဲ... ကြည့်ရတာ သူလည်း မြေကမ္ဘာဝိညာဉ်ဆေးလုံးကို စိတ်ဝင်စားနေပုံရတယ်...”

“ဒါကတော့ ဟုတ်တာပေါ့... မြေကမ္ဘာဝိညာဉ်ဆေးလုံး ဆိုတာက စတုတ္ထနယ်ပယ်ကို တက်လှမ်းဖို့ ကူညီပေးနိုင်တဲ့ ရတနာဆေးလုံးလေ... ဘယ်လို သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူကမှ ဒီလိုဆွဲဆောင်မှုကို ငြင်းပယ်နိုင်မှာ မဟုတ်ဘူး...”

“ယွမ်ထျန်ယန်က ဝင်ပါလာပြီဆိုတော့ လော့ချန် အတွက်တော့ အခြေအနေ မဟန်တော့ဘူး...”

ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတွင်းစည်းဘုရင်တစ်ဦးအနေဖြင့် ယွမ်ထျန်ယန်၏ နာမည်မှာ အလွန်ပင် ကြီးမားလှသဖြင့် လူအများအပြားက သူ့ကို မှတ်မိနေကြခြင်း ဖြစ်၏။

သေမင်းတံခါးဝမှ အသက်ရှင်ခွင့် ရရှိသွားသော ကျိုးယွမ်ချင်းသည် သွေးတစ်ချက် အန်ထုတ်လိုက်ပြီး အသည်းအသန် အော်ဟစ်လိုက်သည်။

“ယွမ်ထျန်ယန်... သူ့ကို မြန်မြန် သတ်ပေးပါ...”

ယခုအချိန်တွင် သူမသည် သူမ၏ တစ်ခုတည်းသောကယ်တင်ရှင်ဖြစ်သည့် ယွမ်ထျန်ယန်ကိုသာ အားကိုးရတော့မည် ဖြစ်သည်။

ကျန်ရှိသော ကိစ္စများကိုမူ လော့ချန် သေဆုံးပြီးမှသာ စဉ်းစားတော့မည်ဟု ဆုံးဖြတ်လိုက်ပေသည်။

“ဝှစ်...”

စကားပြောနေစဉ်မှာပင် ကျိုးယွမ်ချင်းသည် သူမ၏ ဒဏ်ရာများကို ဂရုမစိုက်ဘဲ ယွမ်ထျန်ယန် ရှိရာ အရပ်မျက်နှာသို့ အစွမ်းကုန် ပြေးထွက်သွားတော့သည်။

လော့ချန်ကလည်း တစ်ဖက်လူ၏ အလိုဆန္ဒကို အောင်မြင်ခွင့်ပေးမှာ မဟုတ်ပေ။ သူသည် လက်ညှိုးကို ဓားအလား ပြုလုပ်ကာ ချီစွမ်းအင်များကို အစွမ်းကုန် စုစည်းလိုက်ပြီး ကျိုးယွမ်ချင်း၏ ကျောပြင်အလယ်သို့ ထောက်လိုက်သည်။

“ဘုန်း...”

ပြင်းထန်လှသော ဓားချီတစ်ခု ထပ်မံရောက်ရှိလာခဲ့ပြီး လော့ချန်၏ တိုက်ကွက်ကို ဖျက်ဆီးပစ်လိုက်ပြန်သည်။ ထွက်ပေါ်လာသော ပြင်းထန်လှသော လှိုင်းလုံးကြီးများကြောင့် ကျိုးယွမ်ချင်းမှာ လွင့်စဉ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ ညစ်ထေးလှသော သွေးများကို အန်ထုတ်လိုက်ရတော့သည်။

လော့ချန်သည် အကြည့်ကို မြှင့်လိုက်ပြီး ယွမ်ထျန်ယန်ကို စိုက်ကြည့်လျက် မေးမြန်းလိုက်သည်။

“မင်းက ငါ့ကို လာတားတာလား...”

ယွမ်ထျန်ယန်ကမူ ဂရုမစိုက်ဘဲ သူ၏ဘေးတွင် ရှိနေသော ခါးတွင် ဓားချိတ်ဆွဲထားပြီး သုံးမြောင့်ပုံစံ မျက်ဝန်းများရှိသည့် အေးစက်လှသော လူငယ်တစ်ဦးကို လှည့်ကြည့်လျက် ပြုံးကာ ဆိုလိုက်သည်။

“လျိုကျွယ်... မင်းက မြေကမ္ဘာဝိညာဉ်ဆေးလုံး တစ်လုံးကို အမြဲတမ်း လိုချင်နေခဲ့တာ မဟုတ်လား... အခု အခွင့်အရေးက မင်းရှေ့ကို ရောက်နေပြီလေ...”

ယွမ်ထျန်ယန်သည် ကြယ်ဆယ်ပွင့် ဝိညာဉ်ကို နိုးကြားထားသူဖြစ်သဖြင့် စတုတ္ထနယ်ပယ်သို့ တက်လှမ်းရန်အတွက် မိမိကိုယ်မိမိ အပြည့်အဝ ယုံကြည်မှု ရှိနေသူ ဖြစ်၏။ မြေကမ္ဘာဝိညာဉ်ဆေးလုံး၏ ဆွဲဆောင်မှုမှာ သူ့အတွက် မကြီးမားလှပေ။

သူ ဝင်ရောက်စွက်ဖက်လိုက်ခြင်းမှာ သူ့ကို ရန်စဝံ့သည့် လော့ချန်ကို သင်ခန်းစာ ပေးလိုသောကြောင့်သာ ဖြစ်ပေသည်။

သို့သော်လည်း ပြန်လည်စဉ်းစားကြည့်လျှင်မူ သူကိုယ်တိုင် လက်လှမ်းရန် မသင့်တော်ဟု ယူဆလိုက်ပြန်သည်။

တစ်ဖက်လူမှာ နာမည်ကြီးလာသည်မှာ မကြာသေးသည့်အပြင် အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားသူ ဖြစ်ပေသည်။ သူသည် ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတွင်းစည်းဘုရင်တစ်ဦး ဖြစ်ပါလျက်နှင့်ကိုယ်တိုင် လက်လှမ်းမည်ဆိုပါက သိက္ခာကျစရာ ဖြစ်လိမ့်မည်ဟု ယူဆလိုက်ခြင်း ဖြစ်၏။ သတ်ဖြတ်လိုက်လျှင်ပင် အများ၏ ကဲ့ရဲ့ခြင်းကို ခံရနိုင်သဖြင့် လျှပ်ယွမ်ဂိုဏ်း၏ ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးအနက် အဆင့် ၂ ရှိသည့် လျိုကျွယ်ကို တိုက်ခိုက်ခိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

လျိုကျွယ်သည် ကြယ်ခုနစ်ပွင့် ဓားဝိညာဉ်ကို နိုးကြားထားသူဖြစ်ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို နားလည်ထားနိုင်ခဲ့သူ ဖြစ်၏။ သူ၏အစွမ်းမှာ ယွမ်ထျန်ယန်နှင့် ကွာခြားလှသော်လည်း ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတွင်းစည်းတပည့်များကြားတွင် ထိပ်ဆုံး လေးယောက်စာရင်းဝင်သူ ဖြစ်ရာ လော့ချန်ကို သတ်ရန်အတွက် လုံလောက်လိမ့်မည်ဟု ယူဆလိုက်ခြင်းပင်။

သုံးမြောင့်ပုံစံ မျက်ဝန်းများနှင့် အေးစက်လှသော အငွေ့အသက်များရှိသည့် လျိုကျွယ်သည် လော့ချန်ကို ကြည့်လျက် ပြုံးကာ ပြန်လည်ဖြေကြားလိုက်သည်။

“စီနီယာယွမ်ရဲ့ စီစဉ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်...”

စကားအဆုံးတွင် လျိုကျွယ်သည် ကျိုးယွမ်ချင်း၏ အနားသို့ လမ်းလျှောက်သွားခဲ့ပြီး မျက်နှာတွင် ရက်စက်လှသော အပြုံးတစ်ခုနှင့်အတူ ဆိုလိုက်သည်။

“ငါ နင့်အတွက် သူ့ကို သတ်ပေးမယ်... ဒါပေမဲ့ အခကြေးငွေက မြေကမ္ဘာဝိညာဉ်ဆေးလုံး တစ်ခုတည်းနဲ့ မရဘူးနော်... နင့်ရဲ့ကိုယ်ပေါ်မှာ ရှိတဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးအပြင်... နင့်ကိုယ်တိုင်လည်း ငါ့အတွက် ဖြစ်ရမယ်...”

ကျိုးယွမ်ချင်း၏ မျက်နှာမှာ တစ်ခဏချင်း ပြောင်းလဲသွားသည်။ လျှပ်ယွမ်ဂိုဏ်း၏ ဒုတိယတပည့် လျိုကျွယ်သည် စိတ်ထားကောက်ကျစ်သူတစ်ဦးဖြစ်ကြောင်း သူမ ကြားဖူးသော်လည်း လူသိရှင်ကြား ယခုကဲ့သို့ အရှက်မရှိ တောင်းဆိုလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူမသည် လော့ချန်ကို နာကျည်းစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သွားကို တင်းတင်းကြိတ်ကာ ဆိုလိုက်သည်။

“နင်သာ သူ့ကို သတ်နိုင်မယ်ဆိုရင်... နင် တောင်းဆိုတာ မှန်သမျှကို ငါ သဘောတူတယ်...”

“ဒါဆိုရင်လည်း ကောင်းတာပေါ့...”

လျိုကျွယ်သည် ရက်စက်စွာ ရယ်မောလိုက်ပြီး သူ၏အကြည့်မှာ လော့ချန်ထံသို့ ကျရောက်သွားခဲ့ကာ ထက်မြက်လှသော ဓားအရှိန်အဝါတစ်ခုမှာ လော့ချန်ထံသို့ လွှမ်းခြုံသွားတော့သည်။

“မင်းဘာသာ မင်းပဲ အဆုံးစီရင်မလား... ဒါမှမဟုတ် ငါကပဲ ကူညီပေးရမလား...”

တစ်ဖက်လူ၏ ဓားအရှိန်အဝါ၏ ဖိနှိပ်မှုအောက်တွင် လော့ချန်၏ကိုယ်ပေါ်ရှိ အဝတ်အစားများမှာ လေထဲ၌ တဖျတ်ဖျတ် လွင့်ပျံနေတော့သည်။ သူ၏မျက်နှာတွင် မည်သည့်ခံစားချက်မျှ မပါဝင်ဘဲ လျှပ်စီးဓားကို ဖြည်းညင်းစွာ ဆုပ်ကိုင်လိုက်ရင်း ဆိုလိုက်သည်။

“ငါ ပြောပြီးသားပဲ... ဒီနေ့တော့ သူ သေကို သေရမယ်... မင်းကမှ ဝင်ပါချင်နေတယ်ဆိုရင်တော့... မင်းတို့ကို အတူတူပဲ သေလမ်းဆီ ပို့ပေးရမှာပေါ့...”

“ဟားဟား...”

လျိုကျွယ်သည်ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ အားရပါးရ လှောင်ပြောင်လိုက်သည်။

“ငါတို့ကို အတူတူ သေလမ်းဆီ ပို့ပေးမယ် ဟုတ်လား... လေသံကတော့ မသေးလှဘူးပဲ... အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ အမှိုက်ကောင်တစ်ယောက်က ကံကောင်းလို့ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်သွားရုံနဲ့ကိုယ့်ကိုယ်ကိုယ် သန်မာလှပြီလို့ ထင်နေတာလား...”

“ငါ့ရှေ့မှာ လာပြီး ရမ်းကားဝံ့တယ်ပေါ့... အရင်ဆုံး ငါ့ရဲ့ ဓားကို အရင် မေးကြည့်လိုက်ဦး...”

“ဘုန်း...”

စကားမဆုံးသေးမီမှာပင် လျိုကျွယ်သည် ဓားကို အိမ်အတွင်းမှ ဆွဲထုတ်လိုက်ပြီး လော့ချန်ထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

“ဝှစ်...”

လေထုအတွင်း၌ ဧရာမ ဓားပုံသဏ္ဌာန် အက်ကြောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ထိုအက်ကြောင်းမှာ လျှပ်စီးတန်းတစ်ခုအလား တစ်ဟုန်ထိုး ပျံ့နှံ့သွားကာ ထက်မြက်လှသော ဓားအရှိန်အဝါမှာ အရာအားလုံးကို ဖျက်ဆီးတော့မည့်အလား ရှိနေတော့သည်။

လျိုကျွယ်၏ ဓားသိုင်းမှာ သူ၏အမည်ကဲ့သို့ပင် သတ်ဖြတ်ခြင်းအရှိန်အဝါများ ပြည့်နှက်နေခဲ့ပြီး မိုးကြိုးတစ်ခုအလား လျင်မြန်လှပေသည်။ ဓားမထုတ်လျှင်သာ နေမည်၊ ထုတ်လိုက်သည်နှင့် တစ်ဖက်လူ၏ အသက်ကို ခြွေယူမှာ သေချာလှပေသည်။

“သတိထားပါ...”

ကျူးလင်မေ့သည် ဤပြင်းထန်လှသော ဓားအရှိန်အဝါကြောင့် တစ်ကိုယ်လုံး အေးစက်သွားခဲ့ပြီး နောက်တစ်ခဏတွင် သေဆုံးရတော့မည့်အလား ခံစားလိုက်ရသဖြင့် မနေနိုင်ဘဲ သတိပေးလိုက်မိသည်။

“မင်းကိုယ့်သေတွင်းကိုယ်တူးချင်နေမှတော့... ငါလည်း ဖြည့်ဆည်းပေးရမှာပေါ့...”

လော့ချန်သည် အနည်းငယ်မျှ လှုပ်ခတ်ခြင်း မရှိဘဲ လျှပ်စီးဓားကို အိမ်အတွင်းမှ ရုတ်တရက် ဆွဲထုတ်လိုက်ရာ အလွန်ပင် ကျစ်လျစ်လှသော ဓားချီတစ်ခုမှာ မျဉ်းဖြောင့်တစ်ခုအလား ပြေးထွက်သွားခဲ့ပြီး ဓားပုံသဏ္ဌာန်အက်ကြောင်း၏ ထိပ်ဖျားသို့ တိကျစွာ ထိမှန်သွားတော့သည်။

“ဘုန်း...”

ဓားချီနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ဖိနှိပ်နေခဲ့ကြပြီး လျိုကျွယ်၏ ဓားချီမှာ အရင်ဆုံး ပေါက်ကွဲသွားတော့သည်။ ပြင်းထန်လှသော စွမ်းအားများကြောင့် ပတ်ဝန်းကျင်ရှိ လေထုမှာ တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားခဲ့ပြီး ထက်မြက်လှသော ချီစွမ်းအင်များမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားရာ လေထဲ၌ ပွင့်အာလာသော ဧရာမ ပန်းကြီးတစ်ပွင့်အလား ရှိနေတော့သည်။

ဓားချီများ ပြန်လည်ရိုက်ခတ်လာသဖြင့် လျိုကျွယ်မှာ အငိုက်မိသွားခဲ့ပြီး ထွက်ပေါ်လာသော ချီစွမ်းအင် လှိုင်းလုံးကြီးများကြောင့် အနောက်သို့ ဆက်တိုက် ဆုတ်ခွာသွားရတော့သည်။ ခြေလှမ်း နှစ်ဆယ်၊ သုံးဆယ်ခန့် ရောက်မှသာ ရပ်တန့်နိုင်ခဲ့သော်လည်း သူ၏ဝတ်စုံပေါ်တွင် အက်ကြောင်းများစွာ ထင်ကျန်နေခဲ့ပြီး မျက်နှာမှာလည်း ပုံမှန်မဟုတ်ဘဲ နီမြန်းလာကာ သွေးများပင် အန်ထုတ်ရတော့မည့်အလား ရှိနေတော့သည်။

ကျိုးယွမ်ချင်းမှာမူ ဒဏ်ရာပြင်းထန်နေသဖြင့် ယခုကဲ့သို့ ပြင်းထန်လှသော တိုက်ပွဲ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုကို တောင့်မခံနိုင်တော့ဘဲ သူမ၏ ခန္ဓာကိုယ်မှာ စုတ်ပြဲနေသော အိတ်တစ်လုံးအလား အပေါက်များစွာ ဖြစ်ပေါ်သွားခဲ့ပြီး သွေးအိုင်ထဲတွင် လဲကျကာ အသက်ပျောက်သွားတော့သည်။

“ဝှစ်...”

လော့ချန်သည် လက်ကို ဝေ့ယမ်းကာ ကျိုးယွမ်ချင်း၏ ဝိညာဉ်သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားဖြင့် အသေအချာ စစ်ဆေးလိုက်ရာ အခြား ကျန်ရှိသည့်အရာ မရှိတော့သည်ကို တွေ့ရှိမှသာ စိတ်ချလက်ချ ရှိတော့သည်။

“မင်း သေချင်နေတာပဲ...”

လျိုကျွယ်၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေတော့သည်။ သူက ကျိုးယွမ်ချင်းအတွက် လော့ချန်ကို သတ်ပေးမည်ဟု အခုတင် ပြောလိုက်သော်လည်း ကျိုးယွမ်ချင်းမှာ သူ၏မျက်စိရှေ့တွင်ပင် သေဆုံးသွားခဲ့ရရုံတင်မကဘဲ သူကိုယ်တိုင်ပင် ဒဏ်ရာရလုနီးပါး ဖြစ်သွားခဲ့သည်မဟုတ်ပါလော။ ဤသည်က လူသိရှင်ကြား သူ၏ပါးကို ဖြတ်ရိုက်ခံလိုက်ရခြင်းပင် မဟုတ်ပါလား။

“သေစမ်း...”

လျိုကျွယ်သည် အပိုစကားများ မပြောတော့ဘဲ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်ကာ လက်နှစ်ဖက်ဖြင့် ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် လော့ချန်ထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

ထိုအခိုက်အတန့်တွင် လူတိုင်းမှာ အသက်ရှူရပ်မတတ် ဖိနှိပ်မှုကို ခံလိုက်ရပြီး မီတာတစ်ရာကျော် ရှည်လျားသော ဧရာမ ဓားချီကြီးတစ်ခုမှာ ပြိုင်ဘက်ကင်း အရှိန်အဝါများနှင့်အတူ လော့ချန်အပေါ်သို့ ဖိနှိပ်ကျရောက်သွားတော့သည်။

“သေလိုက်စမ်း...”

လျှပ်ယွမ်ဂိုဏ်း တပည့်တစ်ဦးကို ရင်ဆိုင်ရသည့်အခါ လော့ချန်သည် သနားညှာတာနေမှာ မဟုတ်ပေ။ ဓားဆန္ဒများမှာ လျှပ်စီးဓားအတွင်းသို့ ရေလှိုင်းများအလား တိုးဝင်သွားခဲ့ပြီး ဓားသွားပေါ်တွင် ထက်မြက်လှသော ဓားချီများစွာမှာ ဝင်းလက်လာကာ ဓားဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်သည်။

“လေခွင်းသတ်ဖြတ်ခြင်း...”

ဓားတစ်ချက် ထုတ်လိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်ကြားရှိ လေထုမှာ ရူးသွပ်စွာ တုန်ခါသွားခဲ့ပြီး ရေလှိုင်းများအလား ရှိနေကာ နဂါးတစ်ကောင်အသွင်ဆောင်သော ဓားချီလေမုန်တိုင်းမှာ ဟင်းလင်းပြင်ကို ခွင်း၍ ထွက်ပေါ်လာတော့သည်။

“ဖူး... ဖူး... ဖူး...”

လျိုကျွယ်၏ မီတာရာချီ ရှည်လျားသော ထိုဧရာမ ဓားချီကြီးမှာ တစ်ခဏချင်းမှာပင် အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားခဲ့ပြီး ဓားချီလေမုန်တိုင်းမှာ အရှိန်အဟုန် မလျော့ဘဲ လျိုကျွယ်ထံသို့ ဆက်လက်၍ တိုးဝင်သွားတော့သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

လျိုကျွယ် အကြီးအကျယ် ထိတ်လန့်သွားခဲ့ပြီး အစွမ်းကုန် ကာကွယ်ရန် ကြိုးစားလိုက်သည်။

“ဘုန်း...”

ဓားချီလေမုန်တိုင်း၏ ရှေ့တွင် လျိုကျွယ်မှာ သစ်ပင်ကြီးကို တွန်းလှန်ရန် ကြိုးစားနေသည့် ပုရွက်ဆိတ်တစ်ကောင်အလား ရှိနေခဲ့ပြီး ရက်စက်လှသော အသံများနှင့်အတူ သူ၏ ခြေထောက်များမှာ မြေပြင်ပေါ်တွင် တရွတ်တိုက်ပါလျက် နောက်သို့ ဆုတ်ခွာနေရပြီး ပါးစပ်မှလည်း သွေးများကို အဆက်မပြတ် အန်ထုတ်လျက် ခဏအကြာတွင် အနောက်သို့ လွင့်စဉ်သွားတော့သည်။ လမ်းတစ်လျှောက်တွင် သူနှင့် ထိမိသမျှ အရာအားလုံးမှာလည်း တစ်ခဏချင်းမှာပင် ပေါက်ကွဲထွက်သွားတော့သည်။

“ဟင်...”

အမြဲတမ်း တည်ငြိမ်နေသော ယွမ်ထျန်ယန်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့ပြီး လျိုကျွယ်သည် ဤဓားချက်ကို တောင့်မခံနိုင်မှန်း သိရှိလိုက်သဖြင့်ကိုယ်ဟန်ကို တစ်ချက် လှုပ်ရှားလိုက်ကာ လျိုကျွယ်၏ အနောက်သို့ တစ်ခဏချင်း ရောက်ရှိသွားခဲ့ပြီး တစ်ဖက်လူကို ထိန်းကျောင်းပေးလိုက်သလို လက်ဖဝါးဖြင့် ဓားချီလေမုန်တိုင်းကို ပြင်းထန်စွာ ဖိနှိပ်လိုက်တော့သည်။

“ဘုန်း...”

ချီစွမ်းအင်များ ပေါက်ကွဲသွားခဲ့ပြီး လူတိုင်း၏ တုန်လှုပ်နေသော အကြည့်အောက်တွင် လူရိပ်နှစ်ခုမှာ အနောက်သို့ တစ်ပြိုင်တည်း လွင့်စဉ်သွားတော့သည်။

အခန်း ၆၄၈ ပြီးပါပြီ။

All Chapters