အခန်း (၆၄၉-၆၅၁)
Vol. 44 Ch. 649-651
အခန်း ၆၄၉ - ယင်းလီနှင့် ပြန်လည်ဆုံတွေ့ခြင်း၊ ရုတ်တရက် အပြောင်းအလဲ
“ဘုန်း...”
မီတာတစ်ထောင်ခန့် ဝေးကွာသွားပြီးနောက် ယွမ်ထျန်ယန်သည် လေထုကို ခြေဖြင့်နင်းကာ အရှိန်သတ်လိုက်ရပြီး သူ၏ဘယ်ဘက်လက်မှာမူ မထိန်းနိုင်ဘဲ တုန်ရီနေသည်။
လျိုကျွယ်မှာမူ သူ၏ရှေ့တွင် ကာကွယ်ထားသော လက်နှစ်ဖက်စလုံး သွေးချင်းချင်းနီနေပြီး အရိုးနှင့် အသားများမှာ ကြိတ်ခြေခြင်း ခံထားရရုံမက ရင်ဘတ်တစ်ခုလုံးလည်း သွေးသားများ ဗရပွ ဖြစ်နေသည်။ သူ၏ကိုယ်တွင်းသို့ စိမ့်ဝင်သွားသော ဓားချီများကြောင့် သွေးများကို အသည်းအသန် အန်ထုတ်နေရပြီး အသက်ရှူသံမှာလည်း အလွန်ပင် အားနည်းနေတော့သည်။
ဤမြင်ကွင်းကို ကြည့်နေကြသော လူတိုင်းမှာ မျက်လုံးများ ပြူးထွက်သွားကြပြီး အသက်ရှူပင် ရပ်တန့်သွားကြရသည်။
သူတို့အနက် အများစုမှာ လော့ချန်၏ အမည်ကို ကြားဖူးကြသော်လည်းကိုယ်တိုင် မြင်တွေ့ဖူးခြင်း မရှိသဖြင့် လော့ချန်၏ အစွမ်းအပေါ် သံသယရှိနေခဲ့ကြသည်။ အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားသူ၏ အစွမ်းက ဘယ်လိုလုပ်ပြီး ပါရမီရှင်များထက် ပိုမြန်မြန် တိုးတက်နိုင်မည်နည်းဟု ယူဆနေခဲ့ကြသည်။
ယခုအချိန်တွင်မူ မည်သူတစ်ဦးတစ်ယောက်မျှ ထိုသို့ မတွေးဝံ့ကြတော့ပေ။
လော့ချန်၏ အစွမ်းမှာ သတင်းများထက်ပင် ပိုမို၍ သန်မာလှသည်။ လျှပ်ယွမ်ဂိုဏ်း အတွင်းစည်း၏ ဒုတိယတပည့် လျိုကျွယ်ပင်လျှင် ဓားတစ်ချက်ကိုမျှ တောင့်မခံနိုင်ခဲ့ပေ။
“ဓားတစ်ချက်တည်းနဲ့ လျိုကျွယ်ကို ဒဏ်ရာပြင်းထန်သွားစေတာလား... မဖြစ်နိုင်တာ... သူက ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ သန်မာလာရတာလဲ...”
ဖန်ယွဲ့ယန်သည် အံ့ဩတကြီးနှင့် သုံးကြိမ်တိုင်တိုင် ရေရွတ်လိုက်မိသည်။
သူ အသေအချာ မြင်တွေ့လိုက်ရသည်မှာ စောစောက ယွမ်ထျန်ယန်သာ အချိန်မီ ဝင်ရောက်မကယ်တင်ခဲ့လျှင် လျိုကျွယ်မှာ ဓားတစ်ချက်တည်းနှင့်ပင် အသတ်ခံရမှာ သေချာလှသည်။ ယခုအခါကယ်တင်ခြင်း ခံလိုက်ရသော်လည်း လက်နှစ်ဖက်စလုံး ဆုံးရှုံးသွားသော ဓားသမားတစ်ဦးမှာ အသုံးမကျတော့သူတစ်ဦးနှင့် အတူတူပင် ဖြစ်တော့သည်။
လူအုပ်ကြီးအတွင်း၌ ယူလန်ရှင်း တစ်ဦးတည်းသာ တည်ငြိမ်နေပြီး လော့ချန်ကို ကြည့်ကာ အသာအယာ ပြုံးလျက် ဆိုလိုက်သည်။
“သူ့ရဲ့ အစွမ်းက ရှင်ထင်ထားတာထက်တောင် ပိုပြီး သန်မာပါသေးတယ်... ကျွန်မတောင် သူ့ကို မယှဉ်နိုင်ဘူးလေ... အမှန်အတိုင်း ပြောရရင် ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ အတွင်းစည်းထဲမှာ ယွမ်ထျန်ယန် တစ်ယောက်ပဲ သူ့ကို ယှဉ်နိုင်လိမ့်မယ်... အရင်ကတော့ သူတို့နှစ်ယောက် တိုက်ခိုက်ရင် ယွမ်ထျန်ယန်က အနည်းဆုံး ၇၀ ရာခိုင်နှုန်းလောက် အနိုင်ရလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တာ... အခုကြည့်ရတာတော့ သူတို့နှစ်ယောက် အစွမ်းက ငါးဆယ်ငါးဆယ်ပဲ ရှိတော့မှာပါ...”
“ယွမ်ထျန်ယန်နဲ့ အဆင့်တူတယ် ဟုတ်လား...”
ဖန်ယွဲ့ယန် အသက်ရှူမှားသွားရသည်။ ယူလန်ရှင်းသည် ဓားသမားတစ်ဦးဖြစ်သလို ဓားဆန္ဒတစ်ဝက်အဆင့် ဓားသမားလည်း ဖြစ်သည်။ ဓားသမားတစ်ဦး၏ ထောင်ထွှားမှုနှင့်ဆိုလျှင် လုံးဝ အသိအမှတ်မပြုဘဲနှင့် ဤစကားမျိုးကို ပြောလိမ့်မည်မဟုတ်ပေ။
“ဘယ်လိုလဲ... ရှင်ကော သူ့နဲ့ တိုက်ခိုက်ချင်သေးလား...”
ယူလန်ရှင်း၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။
ဖန်ယွဲ့ယန်မှာမူ ခက်ခဲစွာဖြင့် နှုတ်ခမ်းကို တစ်ချက် လှုပ်ရှားလိုက်သော်လည်း သူ၏ မျက်နှာမှာ အတော်ပင် ခါးသက်နေသည်။ ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတွင်းစည်းတပည့်ခေါင်းဆောင် အချင်းချင်း ဖြစ်ကြသော်လည်း သူ၏အစွမ်းမှာ ယူလန်ရှင်းထက်ပင် အနည်းငယ် နိမ့်ကျနေသည်။ ယူလန်ရှင်းကပင် မိမိကိုယ်မိမိ နိမ့်ကျသည်ဟု ဝန်ခံနေမှတော့ သူ၌ မည်သည့်အရည်အချင်း ရှိတော့မည်နည်း။
“ဟဲဟဲ...”
ဟင်းလင်းပြင်ထက်တွင် ယွမ်ထျန်ယန်သည် ရုတ်တရက် အေးစက်စွာ လှောင်ပြုံးလိုက်သည်။
သူသည် အသက်တစ်ဝက်သာ ကျန်တော့ပြီး အသုံးမကျတော့သည့် လျိုကျွယ်ကို ပစ်ချလိုက်ကာ လော့ချန်ကို ကြည့်လျက် အသာအယာ လက်ခုပ်တီးသည်။
“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုး အဆင့်မြင့်ပိုင်း... အထွတ်အထိပ် အဆင့်ကို ရောက်ဖို့ နည်းနည်းပဲ လိုတော့တာပဲ... ငါ ဒီနေ့တော့ အကဲခတ် မှားသွားခဲ့တာပဲ...”
ယွမ်ထျန်ယန်သည် လေထဲ၌ လမ်းလျှောက်လျက် လော့ချန်ထံသို့ တစ်လှမ်းချင်း တိုးကပ်လာပြီး သူ၏ ခြေတစ်လှမ်းတိုင်းတွင်ကိုယ်မှ အရှိန်အဝါမှာ တစ်ဆင့်ချင်း တိုးတက်လာသည်။ နောက်ဆုံးတွင် ယွမ်ထျန်ယန်၏ တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များမှာ လောင်ကျွမ်းလာပြီး တောက်ပလှသော မီးလျှံများမှာ ကောင်းကင်သို့ ထိုးတက်သွားကာ သူ၏ကိုယ်ဟန်မှာ မီးလျှံစစ်နတ်ဘုရားတစ်ပါးအလား ဟင်းလင်းပြင်တွင် မားမားမတ်မတ် ရပ်နေလျက် ကောင်းကင်တစ်ခုလုံးကိုပင် နီရဲသွားစေသည်။
“အရင်က မင်း ငါ့ကို စိန်ခေါ်ပြီး တိုက်ခိုက်ချင်တယ်လို့ ပြောတုန်းကတော့ မင်းက အစွမ်းမရှိဘဲ ရမ်းကားနေတာလို့ ငါ ထင်ခဲ့တာ... အခုကြည့်ရတာတော့ ငါ မှားသွားခဲ့တာပဲ... မင်းက လျိုကျွယ်ကို ဓားတစ်ချက်တည်းနဲ့ ဒဏ်ရာပြင်းထန်အောင် လုပ်နိုင်တယ်ဆိုတော့... ငါ့ကို တိုက်ခိုက်ဖို့အတွက် အစွမ်းတော့ ရှိသားပဲ...”
“ငါ မင်းကို နည်းနည်းလောက် သင်ခန်းစာ ပေးရင် ဘယ်လိုလဲ...”
ယွမ်ထျန်ယန်၏ အသံမှာ တည်ငြိမ်နူးညံ့နေပြီး မည်သည့်ခံစားချက်မျှ ပါဝင်နေခြင်း မရှိပေ။ ကြည့်ရသည်မှာ သူသည် ပြိုင်ဘက်ကောင်းကို တွေ့ရှိသဖြင့် ပျော်ရွှင်နေပြီး လော့ချန်နှင့် စမ်းသပ်ယှဉ်ပြိုင်လိုရုံသာ ဖြစ်ပုံရသည်။ သို့သော်လည်း ထိုနေရာရှိ လူတိုင်းမှာ ဤတည်ငြိမ်မှုအောက်၌ ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ခံစားနေကြရသည်။ ၎င်းမှာ နက်ရှိုင်းလှသော ပင်လယ်အောက်မှ ပြင်းထန်လှသော ရေအောက်လှိုင်းလုံးကြီးများအလား၊ အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့် မီးတောင်တစ်ခုအလား ရှိနေသည်။
“ဒါဆိုရင်လည်း... မင်းရဲ့ ဆန္ဒအတိုင်း ဖြစ်စေရမှာပေါ့...”
လော့ချန်၏ မျက်နှာမှာ မပြောင်းလဲပေ။ အခြေအနေများမှာ ဤအဆင့်သို့ ရောက်ရှိလာမှတော့ သူသည်လည်း တိုက်ပွဲကို ကြောက်ရွံ့နေမှာ မဟုတ်ပေ။ ယွမ်ထျန်ယန်သည် နယ်မြေစာရင်း အဆင့် ၁၀၂ နေရာတွင် ရှိနေသူ ဖြစ်ရာ ထိုသူမှတစ်ဆင့် သူ၏အစွမ်းမှာ မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်ကို သူ စမ်းသပ်ကြည့်နိုင်မှာ ဖြစ်သည်။
“ဟွန့်...”
ယွမ်ထျန်ယန်သည် သူ၏ စိတ်ထဲမှ ပြင်းထန်လှသော ဒေါသများကို မထိန်းနိုင်တော့ဘဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထိုပြင်းထန်လှသော ဒေါသများက သူ၏ တိုက်ခိုက်လိုစိတ်များကို ရူးသွပ်စွာ လောင်ကျွမ်းစေပြီး မျက်ဝန်းအစုံမှ မီးအလင်းတန်းများမှာ ဓားများအလား ထက်မြက်လှသည်။
ဤအရှိန်အဝါအောက်တွင် လော့ချန်မှာမူ ပြင်းထန်လှသော လေမုန်တိုင်းကြားရှိ ကျောက်ဆောင်တစ်ခုအလား မလှုပ်မယှက် ရှိနေပြီး သူ၏ကိုယ်မှ ဓားဆန္ဒမှာ အဆက်မပြတ် တိုးတက်လာနေသဖြင့် ကောင်းကင်ယံရှိ ထူထပ်လှသော သတ်ဖြတ်လိုသည့် တိမ်တိုက်ကြီးမှာလည်း တိတ်ဆိတ်စွာပင် အက်ကွဲသွားရသည်။
ကျန်ရှိနေသော သွေးဝိညာဉ်ဂိုဏ်းဝင်များကို သတ်ဖြတ်နေသူများမှလွဲ၍ ကျန်ရှိသူအားလုံး၏ အာရုံစိုက်မှုမှာ ထိုသူနှစ်ဦးထံသို့ ရောက်ရှိသွားကြပြီး လူတိုင်းမှာ အသက်ပင် မရှူဝံ့ကြတော့ပေ။
ဤတိုက်ပွဲမှာ ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတွင်းစည်းမျိုးဆက်သစ်များကြားတွင် အထွတ်အထိပ် တိုက်ပွဲတစ်ခု ဖြစ်လာမှာ သေချာလှသလို၊ တာယွဲ့မင်းဆက်၏ လူငယ်မျိုးဆက်များကြားတွင်လည်း အပြင်းထန်ဆုံးသော တိုက်ပွဲတစ်ခု ဖြစ်လာမှာ သေချာလှသည်။
ပြင်းထန်သော တိုက်ပွဲမှာ စတင်တော့မည့် အချိန်တွင်...
အေးစက်လှသော လေပြေတစ်ခု တိုက်ခတ်လာသည်။ ထိုအေးစက်သော လေပြေ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဆူညံလှုပ်ရှားနေသော စစ်တလင်းမှာပင် တည်ငြိမ်သွားသဖြင့် တကယ့်ကို ထူးဆန်းလှသည်။
လော့ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အနောက်တောင်ဘက်ရှိ ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။
နောက်တစ်ခဏတွင်...
“အားလုံး... ဒီနေရာကနေ အခုချက်ချင်း ထွက်သွားကြ...”
ထိုအသံမှာ ဝေးကွာလှသော ကောင်းကင်ယံမှ ထွက်ပေါ်လာသည်ဟု ခံစားရသော်လည်း နောက်တစ်ခဏတွင်ကိုယ်ဟန်တစ်ခုမှာ နှင်းမှုန်များနှင့်အတူ တောင်ထိပ်ပေါ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
နှင်းမှုန်များကြားတွင် ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ရှိနေပြီး အသက် ၂၀ ခန့်သာ ရှိပုံရကာ အလွန်ပင် လှပတင့်တယ်လှသည်။ သူမ၌ တည်ငြိမ်လှသော အလှတရားတစ်ခု ရှိနေပြီး ဆံနွယ်များမှာ လေထဲ၌ လွင့်ပျံနေကာ လည်တိုင်မှာလည်း သွယ်လျလှသည်။ နီမြဲလှသော နှုတ်ခမ်းအစုံမှာလည်း တောက်ပနေပြီး မျက်ဝန်းအစုံမှာမူ မြူခိုးများ ဖုံးလွှမ်းနေသကဲ့သို့ ရှိနေသဖြင့် ချိုင့်ဝှမ်းအတွင်းရှိ မက်မွန်ပန်းတစ်ပွင့်အလား ရှိနေသည်။
ထိုအမျိုးသမီးကို မြင်ရသည့်အခါ လော့ချန်သည် တံတွေးကို တစ်ချက် မြိုချလိုက်မိပြီး လူအုပ်ကြီး၏ အနောက်သို့ တိတ်တဆိတ် ဆုတ်ခွာလိုက်ကာ သူ၏ အငွေ့အသက်ဖုံးကွယ်ခြင်း ကျင့်စဉ်ကို အစွမ်းကုန် လှည့်ပတ်လိုက်သည်။ ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ လော့ရှားဂိုဏ်း၏ ထိပ်သီး တိုက်ရိုက်တပည့် ၁၀ ဦးအနက် တစ်ဦးဖြစ်သည့် ယင်းလီ ပင် ဖြစ်သည်။
ဤရုတ်တရက် အပြောင်းအလဲကြောင့် လူတိုင်းမှာ အံ့အားသင့်သွားကြပြီး ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေကြသည်။ ယွမ်ထျန်ယန်မှာမူ သူ၏ရင်ဘတ်အတွင်းရှိ ဒေါသများကို ပေါက်ကွဲရန် နေရာမရှိဖြစ်နေစဉ် လော့ချန်ကို သတ်ဖြတ်ရန် ပြင်နေခိုက် တစ်စုံတစ်ဦး၏ ဝင်ရောက်တားဆီးခြင်းကို ခံလိုက်ရသဖြင့် ဆိုလိုက်သည်။
“ငါတို့ ဂိုဏ်းသုံးဂိုဏ်း ပေါင်းပြီး သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို တိုက်နေတာလေ... နင့်ရဲ့ စကားတစ်ခွန်းတည်းနဲ့ ငါတို့အားလုံးကို ထွက်သွားခိုင်းတာလား... ဒါမှမဟုတ် လော့ရှားဂိုဏ်းကပဲ အောင်မြင်မှုအားလုံးကို တစ်ယောက်တည်း သိမ်းပိုက်ချင်နေလို့လား...”
“ဘာ...”
ယင်းလီ၏ အကြည့်မှာ ထိုဘက်သို့ ရောက်ရှိလာပြီး အလွန်ပင် အေးစက်လှသည်။ လေထဲ၌ နှင်းပွင့်များမှာ အဆက်မပြတ် ကျဆင်းလာပြီး ယွမ်ထျန်ယန်၏ကိုယ်ပေါ်တွင် တောက်လောင်နေသော မီးလျှံများပင်လျှင် မှိန်ဖျော့သွားရသည်။
လေထုမှာ လေးလံသွားပြီး အလင်းတန်းအချို့ ထပ်မံ၍ ရောက်ရှိလာကြကာ အတွင်းမှ အမျိုးသား၊ အမျိုးသမီးအချို့ ထွက်ပေါ်လာကြသည်။ ထိုသူများမှာ ကောင်းကင်နှင့်မြေပြင်ကြားတွင် တစ်သားတည်း ဖြစ်နေသကဲ့သို့ ရှိနေပြီး တစ်ဦးချင်းစီ၏ အရှိန်အဝါများမှာ အလွန်ပင် သန်မာလှသည်။ လော့ချန်သည် ထိုအထဲတွင် ရင်းနှီးလှသော အနုစိတ်ဓားသမား ယွမ်ချင်းယင်ကိုလည်း မြင်တွေ့လိုက်ရသည်။ ထိုသူများမှာ ဂိုဏ်းကြီးသုံးဂိုဏ်း၏ တိုက်ရိုက်တပည့်များ ဖြစ်ကြသည်မဟုတ်ပါလော။
“ယွမ်ထျန်ယန်... ရမ်းကားမနေနဲ့တော့...”
လျှပ်ယွမ်ဂိုဏ်း တိုက်ရိုက်တပည့် တစ်ဦးက ယွမ်ထျန်ယန်ကို ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီး ဆိုလိုက်သည်။
“ဒီနေရာမှာ သွေးဝိညာဉ်ဂိုဏ်းဝင်တွေက ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီအရင်ကို ခင်းကျင်းထားတာလေ... ကံကောင်းလို့ ယင်းလီက အချိန်မီ သတိပြုမိသွားလို့ပေါ့... မဟုတ်လို့ကတော့ ဒီအစီအရင်ကိုသာ နှိုးဆွလိုက်မယ်ဆိုရင် မင်းတို့အားလုံးရဲ့ အနှစ်သာရသွေးတွေက သန့်စင်ခြင်း ခံရတော့မှာပဲ...”
“ကောင်းပြီ... အချိန်ဆွဲနေလို့ မဖြစ်ဘူး... အခုက ရှင်းပြနေရမယ့် အချိန်မဟုတ်ဘူး...”
ယင်းလီက ထိုသူကို စကားဖြတ်လိုက်ပြီး သူမ၏ အေးစက်လှသော အသံမှာ လေပြေနှင့်အတူ အဝေးသို့ ပျံ့နှံ့သွားသည်။
“အားလုံး... ဒီနေရာကနေ အခုချက်ချင်း ထွက်သွားကြ... ယူလန်ရှင်း... နင်လည်း ငါတို့ လော့ရှားဂိုဏ်း တပည့်တွေကို အမြန်ဆုံး ခေါ်ထုတ်သွားလိုက်... တတ်နိုင်သမျှ ဝေးဝေးကို သွားကြ...”
ယင်းလီသည် ယူလန်ရှင်းကို အမိန့်ပေးလိုက်ပြီးနောက် သူမ၏ အကြည့်မှာ ဘေးနားရှိ အရပ်မျက်နှာတစ်ခုသို့ ရောက်ရှိသွားပြီး အလွန်ပင် အေးစက်လှသည်။
လော့ချန်သည် အရိုးထဲအထိ စိမ့်ဝင်သွားသော အေးစက်မှုကို ခံစားလိုက်ရပြီး ရေခဲတုံးကြီးတစ်ခုအတွင်း ရောက်ရှိသွားသကဲ့သို့ ရှိနေသော်လည်း အများကြီး ဂရုမစိုက်နိုင်တော့ဘဲ ဖန်ယွဲ့ယန်တို့ကို ဆိုလိုက်သည်။
“ငါတို့ မြန်မြန် သွားကြရအောင်...”
သူ၏ စကားမဆုံးမီမှာပင်...
တောင်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာပြီး ပင့်ကူအိမ်ကဲ့သို့သော အက်ကြောင်းများမှာ တောင်ပေါ်တွင် အရှိန်အဟုန်နှင့် ပျံ့နှံ့လာသည်။ ထိုအက်ကြောင်းများအတွင်းမှ ညှီစူးလှသော သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုအလင်းတန်းများမှာ ပွက်ပွက်ဆူနေသော သွေးများအလား ရှိနေကာ လေထုအတွင်း၌လည်း ညှီစူးလှသော သွေးနံ့များ ပြည့်နှက်သွားသည်။
အခန်း ၆၄၉ ပြီးပါပြီ။
အခန်း ၆၅၀ - ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီအရင်
“ဘာဖြစ်တာလဲ...”
တောင်ကြီးတစ်ခုလုံးမှာ မြေငလျင်လှုပ်သကဲ့သို့ တုန်ခါနေပြီး သွေးနံ့များမှာလည်း ထကြွသောင်းကျန်းလာသည်။ ခဏချင်းမှာပင် ထိုနေရာမှာ ထူးဆန်းလှသော သွေးရောင်ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့်မြေပြင်၏ ချီစွမ်းအင်များမှာလည်း အကြီးအကျယ် ရှုပ်ထွေးသွားရသည်။
ထိုအရှိန်ကြောင့် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများပင်လျှင်ကိုယ်ဟန်ကို အနိုင်နိုင် ထိန်းထားရပြီး စိတ်ထဲမှလည်း ထိတ်လန့်နေကြသည်။
“အန္တရာယ်ရှိတယ်...”
လော့ချန်သည် ရုတ်တရက် အလိုလိုသိစိတ်ဖြင့် ခံစားလိုက်ရသဖြင့် လက်ဝါးဖြင့် တွန်းထုတ်လိုက်ကာ သူ၏ဘေးမှ ဖန်ယွဲ့ယန်တို့ကို ခေါ်ဆောင်လျက် ထိုနေရာမှ ရှောင်တိမ်းလိုက်ရာ မူလနေရာတွင် အရိပ်အချို့သာ ကျန်ရစ်ခဲ့တော့သည်။
နောက်တစ်ခဏတွင်...
“ဘုန်း...”
စောစောက သူတို့ ရပ်နေခဲ့သည့် ကျောက်ဆောင်မြေပြင်မှာ ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ အိမ်တစ်လုံးခန့် ကြီးမားသော ညှီစူးလှသည့် သွေးရောင်အလင်းတိုင်ကြီးတစ်ခုမှာ ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီး ဟင်းလင်းပြင်ကိုပင် တုန်ခါသွားစေသည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
တစ်ချိန်တည်းမှာပင် တောင်ပေါ်ရှိ နေရာအနှံ့တွင် သွေးရောင်အလင်းတိုင်များမှာ ဆက်တိုက် ပေါက်ကွဲထွက်ပေါ်လာသည်။ ကြည့်လိုက်မည်ဆိုပါက ကောင်းကင်နှင့်မြေပြင်ကို ဆက်သွယ်ထားသည့် ဧရာမ တိုင်လုံးကြီးများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသကဲ့သို့ရှိရာ လူတို့၏ စိတ်ကို အလွန်ပင် တုန်လှုပ်သွားစေသည်။
“အား... အား...”
လော့ချန်နှင့် မလှမ်းမကမ်းတွင်ရှိသော သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူနှစ်ဦးမှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ သွေးရောင်အလင်းတိုင်အတွင်းသို့ နစ်မြုပ်သွားကြသည်။
စူးရှလှသော အော်ဟစ်သံများနှင့်အတူ သူတို့၏ ကာကွယ်ရေးချီစွမ်းအင်မှာ တစ်ခဏချင်းမှာပင် ပွင့်ထွက်သွားခဲ့ပြီး တစ်ကိုယ်လုံးရှိ အသားစနှင့် အရိုးများမှာ မီးနှင့်တွေ့သော ရေခဲတုံးများအလား အလျင်အမြန် အရည်ပျော်သွားကာ သွေးပုံကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုသူနှစ်ဦးသာမကဘဲ တောင်ပေါ်ရှိ နေရာအနှံ့တွင် လူအများအပြားမှာ သွေးရောင်အလင်းတိုင်များ၏ ဝါးမျိုခြင်းကို ခံနေကြရသည်။ ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များ ဖြစ်စေ၊ အခြားအင်အားစုမှ သန်မာသူများ ဖြစ်စေ၊ သွေးဝိညာဉ်ဂိုဏ်းဝင်များ ဖြစ်စေ မည်သူမဆို ထိုအလင်းတိုင်နှင့် ထိမိသည်နှင့်တစ်ပြိုင်နက် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရရှိခြင်းတို့နှင့် ရင်ဆိုင်နေကြရသည်။
ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်လျက် ဖန်ယွဲ့ယန်တို့မှာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်မိကြပြီး စိတ်ထဲမှလည်း ထိတ်လန့်နေကြသည်။
ဖန်ယွဲ့ယန်သည် လော့ချန်ဘက်သို့ လှည့်ကာ တည်ကြည်သောလေသံဖြင့် ဆိုလိုက်သည်။
“လော့ချန်... ငါ မင်းကို အသက်တစ်ချောင်း ကြွေးတင်သွားပြီ...”
သူ စောစောက ရပ်နေခဲ့သည့် နေရာမှာ သွေးရောင်အလင်းတိုင်၏ အလယ်ဗဟိုတည့်တည့်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အရေးကြီးသည့်အချိန်တွင် လော့ချန်သာ သူ့ကို မတွန်းထုတ်ခဲ့လျှင် အကျိုးဆက်မှာ မတွေးဝံ့စရာပင် ဖြစ်သည်။
ကျူးလင်မေ့နှင့် ယူလန်ရှင်းတို့၏ မျက်နှာတွင်လည်း ကျေးဇူးတင်ရိပ်များ ပြည့်နှက်နေသည်။ လော့ချန်ကမူ ဘာမှမပြောဘဲ သူ၏စိတ်ဝိညာဉ်စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လျက် အခြေအနေကို အကဲခတ်နေပြီးမှ ရုတ်တရက် မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
“သတိထားကြ... မပြီးသေးဘူး...”
သူ၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် အပြောင်းအလဲတစ်ခု ထပ်မံဖြစ်ပေါ်လာပြန်သည်။
ထိုသွေးရောင်အလင်းတိုင်များမှာ ရုတ်တရက် တောက်ပလှသော အနီရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး စီးဆင်းနေသော ရေများအလား အရှိန်အဟုန်နှင့် လည်ပတ်လာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝဲတော့များအဖြစ် ပြောင်းလဲသွားသည်။
“ဝီ...”
သွေးရောင်ဝဲကတော့များ လည်ပတ်လာသည်နှင့်အမျှ ဒြပ်မဲ့လှသော ဆွဲငင်အားတစ်ခုမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး မြေပြင်ပေါ်ရှိ ကျန်ရှိနေသော သွေးများမှာ ထိုနေရာဆီသို့ စုပြုံတိုးဝင်သွားကြတော့သည်။ မြေပြင်ပေါ်ရှိ အလောင်းများပင်လျှင် အသားစနှင့် အရေပြားများမှာ မျက်စိရှေ့တွင်ပင် ခြောက်ကပ်သွားခဲ့ပြီး ခဏချင်းမှာပင် အရိုးပေါ် အရေတင် ဘဝသို့ ရောက်ရှိသွားကြသည်။
“ငါ့သွေးတွေ... ငါ့လက်တွေ...”
“အား... ဒါ ဘာကြီးလဲ...”
ဒဏ်ရာရထားသူများမှာ အော်ဟစ်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အနှစ်သာရသွေးများမှာ ထိန်းချုပ်၍မရဘဲ ဒဏ်ရာများမှတစ်ဆင့် ပန်းထွက်ကုန်ကြပြီး မည်သို့မျှ တားဆီး၍ မရတော့ပေ။ အချို့သူများမှာ မိမိတို့၏ ခြေလက်များမှာ ခြောက်ကပ်နေသော အရိုးစုများအဖြစ် ပြောင်းလဲသွားသည်ကို ဘာမှမလုပ်နိုင်ဘဲ ကြည့်နေကြရသည်။
“ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီအရင်... ဒါက ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီအရင်ပဲ...”
“ဒီနေရာမှာ ဘာလို့ အဲဒီအစီအရင် ရှိနေရတာလဲ... ငါတို့ ဘာလို့ မသိရတာလဲ...”
ကျန်ရှိနေသော သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ရာကျော်မှာ ဒေါသတကြီး အော်ဟစ်နေကြပြီး မျက်နှာတွင်လည်း မျှော်လင့်ချက်ကင်းမဲ့နေသည့် အမူအရာများ ရှိနေသည်။ သူတို့သည် ဤနေရာကို အသေခံစောင့်ရန်သာ အမိန့်ရရှိခဲ့ကြခြင်း ဖြစ်၏။
ဤနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီအရင်ကို စီရင်ထားသည်ကိုမူ သူတို့ လုံးဝ မသိရှိကြပေ။ ဤအစီအရင်ကိုသာ ဖွင့်လှစ်လိုက်မည်ဆိုပါက အတိုင်းအတာအတွင်းရှိ သက်ရှိအားလုံး၏ အနှစ်သာရသွေးများကို ဝါးမျိုသန့်စင်ပစ်မှာဖြစ်ပြီး ရန်သူဖြစ်စေ၊ မိတ်ဆွေဖြစ်စေ ခွဲခြားလိမ့်မည်မဟုတ်ပေ။
လော့ချန်တို့မှာ ဒဏ်ရာရထားခြင်း မရှိသဖြင့် အစီအရင်၏ သက်ရောက်မှုမှာ နည်းပါးသော်လည်း သူတို့၏ ချီစွမ်းအင်များမှာ လှုပ်ရှားနေခဲ့ပြီး အနှစ်သာရသွေးများမှာလည်း ဆူပွက်နေသည်။ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ ဒြပ်မဲ့အင်အားတစ်ခု၏ ဆွဲငင်မှုကို ခံနေရသဖြင့် သူတို့သည် ကာကွယ်ရေးချီစွမ်းအင်ကို အစွမ်းကုန် လှည့်ပတ်ထားမှသာ အနည်းငယ် တည်ငြိမ်သွားတော့သည်။
“ကံကောင်းလို့ ငါတို့ ဒဏ်ရာမရထားတာပေါ့... မဟုတ်ရင်တော့ အန္တရာယ်ရှိမှာပဲ...”
ကျူးလင်မေ့၏ မျက်နှာမှာ ဖြူဖျော့နေသည်။ လော့ချန်ကမူ အနည်းငယ်မျှ စိတ်အေးခြင်း မရှိပေ။ အစီအရင်၏ သက်ရောက်မှုအောက်တွင် သူသည် ဝဲကတော့အတွင်းရှိ ငါးကလေးတစ်ကောင်ကဲ့သို့ ခံစားနေရပြီး ဤနေရာမှ မထွက်ခွာနိုင်သေးသရွေ့ ဘေးကင်းသည်ဟု မဆိုနိုင်ပေ။
ကောင်းကင်ယံထက်တွင်...
ယင်းလီ အပါအဝင် တိုက်ရိုက်တပည့်များ၏ မျက်နှာမှာ ပြောင်းလဲသွားသည်။ ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီအရင်မှာ ဤမျှအမြန် ပေါက်ကွဲလာလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။
“တစ်ယောက်ယောက်က အစီအရင်ကို ထိန်းချုပ်နေတာပဲ... အချိန်ဆွဲနေလို့ မဖြစ်ဘူး... ငါ ဒီအစီအရင်ကို တားဆီးထားမယ်... စီနီယာညီမထျန်... နင် ငါ့ကို ကူညီပြီး အကာအကွယ်ပေးထားစမ်း......”
ယင်းလီက မှာကြားလိုက်ပြီးနောက် ကျန်ရှိသူများကို ဆိုလိုက်သည်။
“နင်တို့တွေ တပည့်တွေကို ခေါ်ပြီး ဒီနေရာကနေ မြန်မြန် ထွက်သွားကြ... တတ်နိုင်သမျှ ဝေးဝေးကို သွားကြစမ်း... နောက်ထပ် အပြောင်းအလဲတွေ ရှိလာနိုင်တယ်...”
“နင် တစ်ယောက်တည်းနဲ့ အစီအရင်ကို တားနိုင်မှာလား...”
ယခင်က စကားပြောခဲ့သော လျှပ်ယွမ်ဂိုဏ်း တိုက်ရိုက်တပည့်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။ ယင်းလီ တစ်ဦးတည်းသော အစွမ်းနှင့် ဤအစီအရင်ကြီးကို တားဆီးနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
ယင်းလီကမူ အပိုစကားများ မပြောတော့ဘဲ လေထဲ၌ မားမားမတ်မတ် ရပ်လျက် သူမ၏ ရိုးရှင်းသော ဝတ်စုံမှာ လေထဲတွင် လွင့်ပျံနေကာ ဆံနွယ်များလည်း လှုပ်ရှားနေသည်။ သူမ၏ လက်ဖဝါးကို ဖြန့်လိုက်ရာ လက်ချောင်းများကြားတွင် အလွန်ပင် ကျစ်လျစ်လှသော ဖြူလွလွ အလင်းလုံးတစ်ခု စုစည်းလာတော့သည်။
သေချာစွာ ကြည့်လိုက်မည်ဆိုပါက ထိုအလင်းလုံးအတွင်း၌ ပြင်းထန်လှသော မိုးကြိုးလျှပ်စီးများနှင့် ဓားများအလား ထက်မြက်လှသော နှင်းမှုန်များ ရှိနေတော့သည်။
“ဝီ...”
ညာဘက်လက်ဝါးဖြင့် အောက်သို့ ဖိနှိပ်လိုက်ရာ ထိုဖြူလွလွ အလင်းလုံးမှာ တစ်ဟုန်ထိုး ကြီးမားလာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကိုပင် ဖုံးလွှမ်းသွားတော့သည်။
ခဏချင်းမှာပင် ကောင်းကင်ယံမှ လက်ဖဝါးခန့် ကြီးမားသော နှင်းပွင့်ကြီးများမှာ အရပ်မျက်နှာအနှံ့ ကျဆင်းလာခဲ့ပြီး တောင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ မူလက သွေးညှီနံ့များဖြင့် ပြည့်နှက်နေသောကမ္ဘာကြီးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြူဖွေးသောကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
“ချောက်... ချောက်...”
နှင်းပွင့်များ ကျဆင်းလာသည်နှင့်အမျှ အရှိန်အဟုန်နှင့် လည်ပတ်နေသော သွေးရောင်ဝဲကတော့များမှာ ပိုမို၍ နှေးကွေးသွားခဲ့ပြီး နောက်ဆုံးတွင် ရပ်တန့်လုနီးပါး ဖြစ်သွားသည်။
ထိုနှင်းပွင့်များမှာ အသိဉာဏ်ရှိနေသကဲ့သို့ ထိုနေရာရှိ လူများ၏ကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ သာမန်နှင်းပွင့်များအလား ရှိနေခဲ့ပြီး အနည်းငယ် အေးစက်သည်မှလွဲ၍ ထူးခြားမှု မရှိပေ။ ၎င်းအပြင် ထိုနှင်းပွင့်များမှာ ဒဏ်ရာရထားသူများ၏ ဒဏ်ရာများကို ပိတ်ဆို့ပေးလိုက်သဖြင့် အနှစ်သာရသွေးများ ဆုံးရှုံးမှုကိုပါ တားဆီးပေးလိုက်တော့သည်။
“စီနီယာအစ်မ ယင်းလီရဲ့ အေးစက်လှတဲ့ ချီစွမ်းအင်ပဲ...”
ယူလန်ရှင်း၏ မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်ထွက်လာသည်။
‘လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ အစီအရင်ရဲ့ လည်ပတ်မှုကို တားဆီးနိုင်ပြီးကမ္ဘာကြီးကို အေးခဲသွားစေတာလား... ယင်းလီက ပိုပိုပြီးတော့ သန်မာလာတာပဲ...’
လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်မိသည်။ ယခင်က ဆုံတွေ့ခဲ့စဉ်ကထက် ယင်းလီ၏ အစွမ်းမှာ အဆပေါင်းများစွာ တိုးတက်လာသည်ဟု သူ ခံစားလိုက်ရသည်။
“တကယ်ကို သန်မာလှတဲ့ ချီစွမ်းအင်ပဲ... နင်က ဒီလောက်အထိ ယုံကြည်မှု ရှိနေတာ မဆန်းပါဘူး... နင့်ရဲ့ ကျင့်ကြံဆင့်က ထပ်ပြီး ချိုးဖျက်နိုင်ခဲ့တာကိုး... ဒါက အနည်းဆုံးတော့ ကောင်းကင်နယ်ပယ် အဆင့်မြင့် မဟာသန်မာသူကြီးရဲ့ အဆင့်ပဲ... မဟုတ်ဘူး... ချီစွမ်းအင်တွေက အသိဉာဏ် ရှိနေပြီဆိုတော့ သာမန် ကောင်းကင်နယ်ပယ် အဆင့်မြင့် မဟာသန်မာသူကြီးတွေတောင် ဒီလောက်အထိ မလုပ်နိုင်ဘူး...”
ယခင်က ယင်းလီကို သံသယဖြစ်ခဲ့သော လျှပ်ယွမ်ဂိုဏ်း တပည့်မှာ အံ့ဩတကြီးနှင့် အော်ဟစ်လိုက်မိသည်။ အခြားသူများလည်း ထိတ်လန့်သွားကြရသည်။ ယခင်က ယင်းလီသည် ကောင်းကင်နယ်ပယ် မဟာသန်မာသူကြီးများကြားတွင် သာမန်မျှသာ ဖြစ်သော်လည်း အချိန်အနည်းငယ်အတွင်းမှာပင် ဤမျှအစွမ်းထက်သည့် အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။ စောစောက အစွမ်းမျိုးကို သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ မလုပ်ဆောင်နိုင်ကြပေ။
“မြန်မြန် လူတွေကိုကယ်ကြစမ်း......”
“ရှူး... ရှူး... ရှူး...”
တိုက်ရိုက်တပည့်များမှာ တစ်ဦးပြီးတစ်ဦး အောက်သို့ ဆင်းသက်သွားကြသည်။
“လျှပ်ယွမ်ဂိုဏ်း တပည့်တွေ ငါ့နောက်ကို လိုက်ခဲ့ကြစမ်း......”
“လော့ရှားဂိုဏ်း တပည့်တွေ ဒီကို လာကြ... ဘေးနားက ဒဏ်ရာရနေတဲ့သူတွေကိုပါ တစ်ခါတည်း ခေါ်ခဲ့ကြစမ်း......”
တိုက်ရိုက်တပည့်များသည် မိမိတို့ ဂိုဏ်းမှ တပည့်များကို လိုက်လံရှာဖွေနေကြတော့သည်။
“ဝှစ်...”
ကိုယ်ဟန်တစ်ခုမှာ တောင်ထိပ်ပေါ်သို့ ဆင်းသက်လာခဲ့ရာ ၎င်းမှာ ယွမ်ချင်းယင်ပင် ဖြစ်၏။ သူသည် လော့ချန်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းထဲ၌ အလင်းတန်းတစ်ခု ဝင်းလက်သွားကာ အသံကျယ်ကြီးဖြင့် ဆိုလိုက်သည်။
“ရွှမ်ယွမ်ဂိုဏ်းက လူတွေ အားလုံး ဒီကို လာကြစမ်း......”
လော့ချန်တို့ကဲ့သို့ လွတ်လပ်စွာ လှုပ်ရှားနိုင်သူ အနည်းငယ်မှလွဲ၍ လူအများစုမှာ ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီအရင်ကြောင့် အနှစ်သာရသွေးများ ဆုံးရှုံးကာကိုယ်ဟန်ပျက်စီးနေကြသဖြင့် လှုပ်ရှားရန် ခက်ခဲနေကြသည်။ ထို့ကြောင့် ကောင်းကင်သို့ ပျံသန်းရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
ယွမ်ချင်းယင်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ စိမ်းလဲ့သော ချီစွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုသူများအားလုံးကို လွှမ်းခြုံကာ မယူ သယ်ဆောင်သွားတော့သည်။ တိုက်ရိုက်တပည့်များ၏ ကာကွယ်မှုအောက်တွင် ဂိုဏ်းအသီးသီးမှ လူများမှာ စုရုံးလျက် ကောင်းကင်သို့ ပျံသန်းသွားကြတော့သည်။
ကျန်ရှိနေသော သွေးဝိညာဉ်ဂိုဏ်းဝင်များမှာမူ ဖြတ်သွားဖြတ်လာ တိုက်ရိုက်တပည့်များ၏ လက်ဝါးချက်ဖြင့် မြေပြင်ပေါ်၌ အသားစများအဖြစ် ပြတ်တောက်ကုန်ကြရသည်။
မကြာမီမှာပင် တောင်ပေါ်ရှိ လူအများစုမှာ ထွက်ခွာသွားကြပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင်...
“ရှူး... ရှူး... ရှူး... ရှူး... ရှူး...”
တောင်ကြီး၏ အောက်ခြေမမြင်ရသော ချောက်နက်ကြီးအတွင်းမှ လူရိပ် ၅ ခုမှာ မြူခိုးများကို ဖောက်ထွက်ကာ ပျံသန်းထွက်ပေါ်လာကြသည်။
ထို ၅ ဦးလုံးမှာ ရွှေရောင်အနားသတ်များပါဝင်သော အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ဝတ်စုံပေါ်တွင် သွေးချင်းချင်းနီနေသော လက်သည်းကိုးချောင်းပါ သွေးရောင်လက်သည်းပုံရိပ်တစ်ခုကို ရေးထိုးထားကြသည်။ သူတို့၏ အရှိန်အဝါများမှာ သွေးကြောနိုးကြားမှုနယ်ပယ်ထက် အဆပေါင်းများစွာ သာလွန်နေသဖြင့် မဟာသန်မာသူကြီးများ ဖြစ်သည်မှာ သေချာလှပေသည်။
ထိပ်ဆုံးမှ သက်လတ်ပိုင်း အနက်ရောင် ဝတ်စုံဝတ်လူသည် ယင်းလီတို့ကို အေးစက်စွာ ကြည့်လျက် ဆိုလိုက်သည်။
“ဟဲဟဲ... နင်တို့ အနည်းငယ်လောက်နဲ့ ငါတို့ သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို လာတိုက်ဝံ့တယ်ပေါ့... ဒီနေ့တော့ နင်တို့အားလုံးကို ပြန်လမ်းမရှိအောင် ငါ လုပ်ပေးရမှာပေါ့...”
အခန်း ၆၅၀ ပြီးပါပြီ။
အခန်း ၆၅၁ - ယင်းလီ၏အစွမ်း... သေချာပေါက် ရယူရမည်
နှုတ်ခမ်းမှ ရက်စက်ယုတ်မာသော ရယ်သံများ ထွက်ပေါ်လာစဉ် အနက်ဝတ်သက်လတ်ပိုင်းလူသည် လက်ညှိုးဖြင့် ညွှန်ပြကာ အမိန့်ပေးလိုက်သည်။
“မင်းတို့ သုံးယောက်က တခြားသူတွေကို သွားတားကြစမ်း... စီနီယာညီမမော့... နင်က ငါနဲ့အတူ ဒီမိန်းမကို အရင်သတ်မယ်...”
အကူအညီပေးရန် ရောက်ရှိလာသော မဟာသန်မာသူကြီးများထဲတွင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ တိုက်ရိုက်တပည့် ခြောက်ဦးအပြင် တော်ဝင်နန်းတော်မှ သန်မာသူတစ်ဦးနှင့် တစ်ကိုယ်တော် ဓားသမားတစ်ဦးတို့ ပါဝင်နေသည်။
သွေးဝိညာဉ်ဂိုဏ်းဘက်တွင်မူ သန်မာသူ ငါးဦးသာ ရှိသဖြင့် အရေအတွက်အရ သေချာပေါက် အသာစီးမရပေ။
အနက်ဝတ်သက်လတ်ပိုင်းလူသည် ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီအရင်ကို အမြန်ဆုံး ပြန်လည်ကောင်းမွန်လာအောင် ပြုလုပ်ပြီး အစီအရင်မှ အနှစ်သာရသွေးများကို စုပ်ယူကာ အတွင်း၌ ရှိသောအရာကို အားဖြည့်ပေးမှသာ အနိုင်ရနိုင်ခြေ ရှိမည်ဟု သိထားသည်။ ထို့ကြောင့် သူသည် လူတစ်ဦးကို ခေါ်ဆောင်ကာ ယင်းလီထံသို့ ဦးဆောင်၍ တိုက်ခိုက်လိုက်တော့သည်။
ယင်းလီသည် တောင်ပေါ်မှ မထွက်ခွာနိုင်သေးသော တပည့်အချို့ကို မြင်သည့်အခါ အတော်ပင် မျက်မှောင်ကြုတ်လိုက်မိသည်။
သူမသာ ယခုအချိန်တွင် အေးစက်လှသော ချီစွမ်းအင်ကို ရုပ်သိမ်းလိုက်မည်ဆိုပါက ထိုသူများမှာ သေချာပေါက် သေဆုံးကြရမှာ ဖြစ်သည်။
“စီနီယာညီမထျန်... သူတို့ကို ခဏလောက် တားထားပေးပါ... အသက်ရှူအကြိမ် နှစ်ခါ၊ သုံးခါလောက်ပဲ လိုတယ်...”
“ကောင်းပြီ...”
ထျန်ယွီရွှမ်းသည် အသာအယာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှေ့သို့ ထွက်လာခဲ့သည်။ သူမ၏ကိုယ်မှ ချီစွမ်းအင်များ လှုပ်ရှားလာကာ ဝဲကတော့ပုံသဏ္ဌာန် ကြယ်ရှစ်ပွင့် သိုင်းဝိညာဉ်မှာ ပေါ်ထွက်လာပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ သူမ၏ရှေ့တွင် ရေလှိုင်းများမှာ ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ပြင်းထန်လှသော ရေစွမ်းအင်များသည် ရေစီးကြောင်း ၁၀၈ ခုအဖြစ် ပြောင်းလဲသွားပြီး ရှုပ်ထွေးစွာဖြင့် သွေးဝိညာဉ်ဂိုဏ်း သန်မာသူနှစ်ဦးထံသို့ ဝိုင်းရံတိုက်ခိုက်လိုက်ရာ ထိုအရှိန်အဝါကြောင့် ကောင်းကင်နှင့်မြေပြင်မှာ အဆက်မပြတ် တုန်ခါနေတော့သည်။
“ကောင်းကင်နယ်ပယ် မဟာသန်မာသူ အဆင့်လေးလောက်နဲ့ ငါ့ကို လာတားတာလား... အစွမ်းမရှိဘဲ ရမ်းကားဝံ့တယ်ပေါ့... သွေးတိမ်တိုက်လက်သည်း...”
အနက်ဝတ်သက်လတ်ပိုင်းလူက အေးစက်စွာ လှောင်ပြုံးလိုက်ပြီးနောက် သူ၏ကိုယ်မှ သွေးရောင်အရှိန်အဝါများမှာ ဒီရေအလား တိုးဝင်လာကာ ညာဘက်လက်ဖဝါးမှာ ပူပြင်းလှသော သံပူခဲကြီးတစ်ခုအလား နီမြန်းလာပြီး ဟင်းလင်းပြင်ကို လှမ်း၍ ဆွဲကုတ်လိုက်သည်။
“ဖန်း... ဖန်း... ဖန်း... ဖန်း...”
တောင်ကုန်းငယ်တစ်ခုအလား ကြီးမားသော သွေးရောင်လက်ဝါးကြီးမှာ ဟင်းလင်းပြင်တွင် ပေါ်ထွက်လာခဲ့ပြီး ကောင်းကင်တစ်ခုလုံးတွင် သွေးညှီနံ့များ ပြည့်နှက်သွားသည်။
ထို ဧရာမလက်ဝါးကြီးက ဖိနှိပ်လိုက်သည်နှင့် ရေစီးကြောင်း ၁၀၈ ခုစလုံးမှာ တစ်ပြိုင်တည်း ပွင့်ထွက်သွားခဲ့ပြီး စစ်မှန်သော ချီစွမ်းအင်များအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံထက်တွင် လှိုင်းလုံးကြီးများအလား ပျံ့နှံ့သွားတော့သည်။
ထျန်ယွီရွှမ်းသည် ထိုရိုက်ခတ်မှုကို ခံလိုက်ရသဖြင့် ညည်းတွားသံနှင့်အတူ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရပြီး မျက်နှာမှာလည်း ပုံမှန်မဟုတ်ဘဲ ဖြူဖျော့သွားကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သို့သော်လည်း သူမသည် ယင်းလီ၏ရှေ့တွင် မားမားမတ်မတ် ကာကွယ်ပေးထားဆဲ ဖြစ်၏။
တစ်ချိန်တည်းမှာပင်...
အခြား သွေးဝိညာဉ်ဂိုဏ်း သန်မာသူတစ်ဦးမှာ သူမ၏ ဘယ်ဘက်ခြမ်းတွင် ပေါ်ထွက်လာသည်။
“သေစမ်း...”
ရက်စက်စွာ ရယ်မောလိုက်ပြီးနောက် ထိုသူသည် ဓားရှည်ကို ဆွဲထုတ်ကာ ခုတ်ပိုင်းလိုက်သည်။
“ဝှစ်...”
တိမ်တိုက်များမှာ ပြတ်တောက်သွားခဲ့ပြီး မီတာရာချီ ရှည်လျားသော ဧရာမ သွေးရောင်ဓားချီကြီးမှာ ကောင်းကင်ယံကို ခွင်း၍ ထျန်ယွီရွှမ်း၏ရှေ့သို့ တစ်ခဏချင်း ရောက်ရှိလာသည်။
“ဖူး...”
ထျန်ယွီရွှမ်း၏ ကာကွယ်ရေးချီစွမ်းအင်မှာ တစ်ချက်တည်းနှင့်ပင် ပွင့်ထွက်သွားခဲ့ပြီး သွေးများကို အန်ထုတ်လိုက်ရသည်။ ဓားချီ၏ အရှိန်မှာ မလျော့ဘဲ သူမ၏ကိုယ်ပေါ်သို့ ကျရောက်တော့မည့်အလား ရှိနေစဉ်...
ဖြူစင်လှသော လက်ဖဝါးတစ်ဖက်မှာ အနောက်မှ ထွက်ပေါ်လာခဲ့ပြီး လက်ချောင်းငါးချောင်းကို စုစည်းကာ ဓားချီကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။
“ချောက်... ချောက်... ချောက်...”
မျက်စိတစ်မှိတ်အတွင်းမှာပင် သတ်ဖြတ်လိုသော အာရုံများ ပြည့်နှက်နေသည့် ဓားချီမှာ နှင်းများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး ဓားချီတစ်လျှောက် ပျံ့နှံ့သွားရာ အနက်ဝတ်ဓားသမား၏ လက်ထဲရှိ ဓားရှည်မှာလည်း ခဏချင်းမှာပင် ကြည်လင်လှသော ရေခဲဓားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
“ဟင်...”
အနက်ဝတ်ဓားသမားသည် အကြီးအကျယ် ထိတ်လန့်သွားခဲ့ပြီး ဓားရှည်ကို ချက်ချင်းပင် လွှတ်ချလိုက်ရသည်။
ဤတိုတောင်းလှသော အချိန်အတွင်း သူ၏ လက်နှစ်ဖက်မှာ နှင်းမှုန်များ ဖုံးလွှမ်းနေခဲ့ပြီး အေးစက်လှသော အငွေ့အသက်များမှာ ထွက်ပေါ်နေသည်။ သူသာ အနည်းငယ် နှေးကွေးသွားခဲ့မည်ဆိုလျှင် သူကိုယ်တိုင်လည်း တစ်ကိုယ်လုံး အေးခဲသွားမှာ သေချာလှပေသည်။
“စီနီယာအစ်မ ယင်းလီ...”
ထျန်ယွီရွှမ်းသည် သက်ပြင်းတစ်ချက် ချလိုက်သည်။
“နင် ဖယ်တော့...”
ယင်းလီသည် တည်ငြိမ်စွာဖြင့် လမ်းလျှောက်ထွက်လာခဲ့သည်။ တောင်ပေါ်ရှိ တပည့်အများစုမှာ ထွက်ခွာသွားကြပြီ ဖြစ်သော်လည်း ကျန်ရှိနေသော လူနည်းစုကိုမူ သူမလည်း ဘာမှမတတ်နိုင်တော့ပေ။
“ဝီ...”
အေးစက်လှသော ချီစွမ်းအင်များ ပျောက်ကွယ်သွားသည်နှင့်အမျှ ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီအရင်မှာ အရှိန်အဟုန်နှင့် ပြန်လည်လည်ပတ်လာပြန်သည်။
“အား... အား... အား...”
တောင်ပေါ်မှ မထွက်ခွာနိုင်သေးသူများ၏ တစ်ကိုယ်လုံးရှိ အနှစ်သာရသွေးများမှာ ခဏချင်းမှာပင် အကုန်အစင် စုပ်ယူခြင်း ခံလိုက်ရပြီး ပြင်းထန်လှသော သွေးရောင်အရှိန်အဝါများမှာ စမ်းချောင်းလေးများအလား တောင်ကြီး၏ အတွင်းပိုင်းဆီသို့ စီးဝင်သွားတော့သည်။
အနက်ဝတ်သက်လတ်ပိုင်းလူသည် ယင်းလီကို သတိထား၍ စိုက်ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ဆိုလိုက်သည်။
“ကိုယ့်ရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ အစီအရင်ကို တားဆီးနိုင်တယ်ဆိုတော့ နင့်ရဲ့ အစွမ်းက မဆိုးပါဘူး... နင်က တကယ့် ပါရမီရှင်တစ်ယောက်ပဲ...”
“ငါတို့ သွေးဝိညာဉ်ဂိုဏ်းက ပါရမီရှင်တွေကို အမြဲတမ်း တန်ဖိုးထားတယ်... နင်သာ ငါတို့ သွေးဝိညာဉ်ဂိုဏ်းကို ဝင်မယ်ဆိုရင် နင့်ကို အဓိကထားပြီး ပျိုးထောင်ပေးမယ်လို့ ငါ အာမခံတယ်... ကျင့်ကြံခြင်း အရင်းအမြစ်တွေဆိုရင်လည်း နင် လိုချင်တာ အကုန်ရစေရမယ်... ဒါဆိုရင် နင်က မဟာသန်မာသူကြီးကနေ နယ်ပယ်ကျော်လွန်သူတစ်ဦးအထိ ဖြစ်လာနိုင်တာပေါ့... ဘယ်လိုလဲ...”
အနက်ဝတ်သက်လတ်ပိုင်းလူသည် ဆွဲဆောင်မှုရှိသောကတိများစွာကို တစ်ခုပြီးတစ်ခု ပေးနေတော့သည်။
“နားထောင်လို့တော့ ကောင်းသားပဲ...”
ယင်းလီ၏ မျက်ခုံးတန်းလေးများမှာ အနည်းငယ် လှုပ်ရှားသွားသည်။ အနက်ဝတ်သက်လတ်ပိုင်းလူက ဆက်လက်ဆွဲဆောင်ရန် ပြင်လိုက်စဉ်မှာပင် သူမ၏ နီမြဲလှသော နှုတ်ခမ်းအစုံမှာ ဟသွားခဲ့ပြီး အေးစက်စွာ ဆိုလိုက်သည်။
“နှမြောစရာကောင်းတာကတော့... ဒီအရာတွေထက် မင်းရဲ့ အသက်ကို ယူရတာက ငါ့အတွက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေတာပဲ...”
“ဝုန်း...”
စကားပြောနေစဉ်မှာပင် ယင်းလီ၏ကိုယ်မှ အေးစက်လှသော အငွေ့အသက်များမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး မြင်သာထင်သာရှိလှသော အေးစက်လှသော ချီစွမ်းအင်များကြောင့် သူမ၏ မျက်ခုံးနှင့် ဆံနွယ်များပေါ်တွင် နှင်းမှုန်များပင် စုစည်းလာကာ နှင်းနတ်သမီးတစ်ပါးအလား ဖြစ်သွားတော့သည်။ ကောင်းကင်တစ်ခုလုံးတွင်လည်း ဧရာမ နှင်းပွင့်ကြီးများ ကျဆင်းလာခဲ့ပြီး မြင်ကွင်းများမှာလည်း ဝေဝါးလာတော့သည်။
“အား...”
အနက်ဝတ်ဓားသမားမှာ ကျင့်ကြံဆင့် နိမ့်ကျသဖြင့် ထိုနှင်းမှုန်များ၏ ထိမိခြင်းကို ခံလိုက်ရသည့်အခါ သူ၏ ကာကွယ်ရေးချီစွမ်းအင်မှာ ချက်ချင်း အေးခဲကာ ပွင့်ထွက်သွားသည်။ အရိုးထဲအထိ စိမ့်ဝင်သွားသော အေးစက်မှုမှာ ဓားများအလား သူ၏ အသားစများကို လှီးဖြတ်နေသဖြင့် လက်ချောင်းများပင် ပြုတ်ထွက်ကုန်ကာ စူးရှလှသော အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။
“အေးစက်လှတဲ့ ချီစွမ်းအင်...”
ယင်းလီသည် အနက်ဝတ်သက်လတ်ပိုင်းလူကို အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။
“ချောက်... ချောက်... ချောက်...”
ကောင်းကင်နှင့်မြေပြင်ကြားရှိ နှင်းမှုန်များမှာ ရူးသွပ်စွာကခုန်လာကြပြီး ခဏချင်းမှာပင် ဧရာမ ရေခဲမြွေကြီးတစ်ကောင်အဖြစ် စုစည်းသွားတော့သည်။ မြွေ၏ခန္ဓာကိုယ်မှာ မီတာရာချီ ရှည်လျားပြီး ခေါင်းမှာလည်း ဧရာမ စပါးအုံးကြီးအလား ကြီးမားလှကာ အနက်ဝတ်သက်လတ်ပိုင်းလူထံသို့ အရှိန်အဟုန်နှင့် ပြေးဝင်သွားတော့သည်။ လမ်းတစ်လျှောက်ရှိ လေထုမှာလည်း အေးခဲသွားခဲ့ပြီး ရေခဲကမ္ဘာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ရှိနေတော့သည်။
“နင် သေချင်နေတာပဲ...”
အနက်ဝတ်သက်လတ်ပိုင်းလူသည် မိမိကိုယ်မိမိ လှည့်စားခြင်း ခံလိုက်ရသည်ဟု သိရှိသွားသဖြင့် မျက်နှာမှာ တစ်ခဏချင်းမှာပင် ပြာနှမ်းသွားခဲ့ပြီး ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။
“သွေးမီးလျှံလက်ဝါး...”
သူ၏ တိုက်ခိုက်မှုစွမ်းအားကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်ပြီးနောက် အနက်ဝတ်သက်လတ်ပိုင်းလူသည် သူ၏သိုင်းဝိညာဉ်ကို လှည့်ပတ်လိုက်ရာကိုယ်မှ အဆုံးမရှိသော သွေးရောင်အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး လက်ဝါးတစ်ချက် ပြင်းထန်စွာ ရိုက်ထုတ်လိုက်သည်။
“ဘုန်း...”
တောင်ကုန်းငယ်တစ်ခုအလား ကြီးမားသော သွေးရောင်လက်ဖဝါးကြီး ပေါ်ထွက်လာခဲ့ပြီး လက်ဖဝါးရာများမှာ အထင်အရှား ရှိနေကာ ပတ်ဝန်းကျင်တွင်လည်း မီတာရာချီ မြင့်မားသော သွေးရောင်မီးလျှံများ တောက်လောင်နေသဖြင့် ထိုပြင်းထန်လှသော အရှိန်အဝါကြောင့် ဟင်းလင်းပြင်မှာ တုန်ခါနေတော့သည်။
“ဘုန်း...”
စွမ်းအားနှစ်ခုမှာ တစ်ခဏချင်းမှာပင် တိုက်မိသွားခဲ့ပြီး ကောင်းကင်ယံမှာ အရောင်နှစ်မျိုးအဖြစ် တိုက်ရိုက် ကွဲပြားသွားတော့သည်။
“ချောက်... ချောက်... ချောက်...”
ထိုရေခဲမြွေကြီးအတွင်း၌ ပါဝင်နေသော အေးစက်မှုမှာ ပိုမို၍ ကြောက်စရာကောင်းလှပေသည်။ ၎င်းမှာ ညှီစူးလှသော သွေးမီးလျှံများကို ချေမှုန်းပစ်လိုက်ရုံတင်မကဘဲ ဧရာမ သွေးရောင်လက်ဖဝါးကြီးတစ်ခုလုံးကိုပါ အပြည့်အဝ အေးခဲသွားစေပြီး တစ်စစီ ပေါက်ကွဲထွက်သွားစေတော့သည်။
“ဘုန်း...”
ရေခဲမြွေကြီးမှာ အနက်ဝတ်သက်လတ်ပိုင်းလူ၏ကိုယ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်ရာ သူ၏ ညာဘက်လက်မှာ နေရာမှာတင် ပေါက်ကွဲသွားခဲ့ပြီး အနောက်သို့ မီတာထောင်ချီ လွင့်စဉ်သွားကာ အေးစက်လှသော သွေးများကို အသည်းအသန် အန်ထုတ်လိုက်ရတော့သည်။
“ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ...”
အနက်ဝတ်သက်လတ်ပိုင်းလူ၏ တစ်ကိုယ်လုံးတွင် နှင်းမှုန်များ ဖုံးလွှမ်းနေခဲ့ပြီး ယင်းလီကို အလွန်ပင် တုန်လှုပ်စွာ ကြည့်နေမိသည်။
ထိုသူနှစ်ဦးမှာ ကျင့်ကြံဆင့်အရဆိုလျှင် မတိမ်းမယိမ်း ရှိနေသော်လည်း တစ်ဖက်လူ၏ တိုက်ခိုက်မှုစွမ်းအားမှာမူ သူ့ထက် အဆပေါင်းများစွာ သာလွန်နေသည်မဟုတ်ပါလော။
“ဒီမိန်းမက သန်မာလွန်းတယ်... ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီအရင်က စုပ်ယူထားတဲ့ အနှစ်သာရသွေးတွေကလည်း လုံလောက်နေပြီပဲ... ငါတို့ရဲ့ တာဝန်က အောင်မြင်သွားပြီ... မြန်မြန် ဆုတ်ကြစမ်း...”
အနက်ဝတ်ဓားသမားမှာ အနားသို့ကပ်လာရင်း ဆိုလိုက်သည်။
‘ဆုတ်ရမယ် ဟုတ်လား...’
‘ဆုတ်လို့ရမယ် ထင်လို့လား...’
အနက်ဝတ်သက်လတ်ပိုင်းလူ၏ မျက်နှာမှာ အေးစက်နေခဲ့ပြီး ဘေးနားရှိ အနက်ဝတ်ဓားသမားကို ရုတ်တရက် လှည့်ကြည့်ကာ မျက်ဝန်းထဲ၌ ရက်စက်လှသော အရိပ်အယောင်များ ဝင်းလက်သွားပြီး ဘယ်ဘက်လက်ဖြင့် တစ်ချက် ရိုက်ထုတ်လိုက်သည်။
“ဘုန်း...”
အနည်းငယ်မျှ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသော အနက်ဝတ်ဓားသမားမှာ ဦးခေါင်းမှာ တိုက်ရိုက်ပင် ကြိတ်ခြေခြင်း ခံလိုက်ရပြီး ခန္ဓာကိုယ်မှာလည်း အက်ကွဲသွားကာ အသားစနှင့်ကိုယ်တွင်းအင်္ဂါများမှာ နေရာအနှံ့သို့ လွင့်စဉ်သွားတော့သည်။
“ငါ့အတွက် သန့်စင်စမ်း...”
အနက်ဝတ်သက်လတ်ပိုင်းလူသည် လက်ချောင်းငါးချောင်းကို ဖြန့်လိုက်ရာ ဒြပ်မဲ့လှသော ဆွဲငင်အားတစ်ခု ပေါ်ထွက်လာခဲ့ပြီး အနက်ဝတ်ဓားသမား၏ တစ်ကိုယ်လုံးရှိ အနှစ်သာရသွေးများမှာ ချက်ချင်း စုပ်ယူခြင်း ခံလိုက်ရကာ သူ၏ကိုယ်တွင်းသို့ ရူးသွပ်စွာ စီးဝင်သွားတော့သည်။
ခဏချင်းမှာပင် အနက်ဝတ်သက်လတ်ပိုင်းလူ၏ မူလက ဖြူဖျော့နေသော မျက်နှာမှာ ပြန်လည်နီမြန်းလာခဲ့ပြီး သူ၏အရှိန်အဝါမှာလည်း အထွတ်အထိပ်အဆင့်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။
“ဟင်...”
လော့ချန်သည် ၅ မိုင်ခန့် ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူသည် ယင်းလီကို အမြဲတမ်း သတိထားကြည့်နေခဲ့သည်။ ယခုအခါ အနက်ဝတ်သက်လတ်ပိုင်းလူ၏ အပြောင်းအလဲကို မြင်တွေ့လိုက်ရသည့်အခါ သူ၏မျက်ဝန်းများမှာ တစ်ခဏချင်း တောက်ပသွားတော့သည်။
‘ဒါက ဘယ်လိုကျင့်စဉ်လဲ... လူတစ်ယောက်ရဲ့ အနှစ်သာရသွေးတွေကို အဝေးကနေ စုပ်ယူပြီး သန့်စင်နိုင်တာလား...’
လော့ချန်သည် ထိုကျင့်စဉ်ကိုယ်တိုင်ကို စိတ်ဝင်စားနေခြင်း မဟုတ်ပေ။
သို့သော်လည်း ဤကဲ့သို့သော နည်းလမ်းမှာ သူ၏ ဝါးမျိုခြင်းစွမ်းအားကို ဖုံးကွယ်ရန်အတွက် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်နေသည်မဟုတ်ပါလော။
အကယ်၍သာ ထိုကျင့်စဉ်ကို ရရှိမည်ဆိုလျှင် သူသည် ဝါးမျိုခြင်းစွမ်းအားကို မိမိစိတ်ကြိုက် အသုံးပြုနိုင်မှာဖြစ်ပြီး ယခုကဲ့သို့ အမြဲတမ်း ဖုံးကွယ်နေစရာ မလိုတော့ပေ။
‘ဘာပဲဖြစ်ဖြစ်... ဒီကျင့်စဉ်ကို ငါ သေချာပေါက် ရအောင် ယူရမယ်...’
လော့ချန်၏ အကြည့်မှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေတော့သည်။
အခန်း ၆၅၁ ပြီးပါပြီ။