← Chapters

အခန်း (၆၅၂-၆၅၄)

Vol. 44 Ch. 652-654

အခန်း (၆၅၂-၆၅၄)

Vol. 44 Ch. 652-654

အခန်း ၆၅၂ - သွေးမိစ္ဆာ

“ငါတို့ ဆုတ်မယ်...”

အဖော်ဖြစ်သူ၏ အနှစ်သာရသွေးအားလုံးကို စုပ်ယူသန့်စင်ပြီးနောက် အနက်ဝတ်သက်လတ်ပိုင်းလူသည်ကိုယ်ပေါ်ရှိ ဒဏ်ရာများကို ဖိနှိပ်လိုက်ကာ ဤနေရာတွင် ကြာကြာနေရန် မသင့်တော်ကြောင်း သိရှိသွားသဖြင့် အခြားစစ်မျက်နှာပြင်ဆီသို့ အမိန့်ပေးလိုက်သည်။

အခြားသူများကို သွားရောက်တားဆီးနေသည့် သွေးဝိညာဉ်ဂိုဏ်း မဟာသန်မာသူ သုံးဦးမှာမူ ယွမ်ချင်းယင် အပါအဝင် မဟာသန်မာသူကြီး ခြောက်ဦး၏ ဝိုင်းရံမှုကို ရင်ဆိုင်နေရသဖြင့် အခြေအနေမှာ အလွန်ပင် စိုးရိမ်နေရပြီး တစ်ဦးမှာ သေဆုံးသွားခဲ့ပြီဖြစ်သလို ကျန်နှစ်ဦးမှာလည်း ဒဏ်ရာကိုယ်စီ ရရှိထားကြသည်။

“သွားမယ်...”

ဆုတ်ခွာရန် အမိန့်ကို ကြားရသည်နှင့် ကျန်ရှိသူနှစ်ဦးမှာ တိုက်ပွဲကို ဆက်လက်မဆင်နွှဲတော့ဘဲ အစွမ်းကုန် တိုက်ခိုက်ကာ လူအုပ်ကို ဖယ်ရှားလိုက်ပြီး အနက်ဝတ်သက်လတ်ပိုင်းလူ၏ နောက်သို့ တစ်ခဏချင်း လိုက်ပါသွားကြတော့သည်။

“လွတ်မယ် ထင်လို့လား...”

ယင်းလီသည် ကောင်းကင်ယံထက်တွင် မားမားမတ်မတ် ရပ်နေခဲ့ပြီး သူမ၏ ရိုးရှင်းသော ဝတ်စုံမှာ လေထဲ၌ လွင့်ပျံနေကာ မျက်နှာမှာလည်း အေးစက်လှပေသည်။ သူမသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကောင်းကင်တစ်ခုလုံးတွင် အေးစက်လှသော လေပြေများနှင့်အတူ နှင်းမှုန်များ ရောထွေးသွားခဲ့ပြီး ဧရာမ ရေခဲမြွေကြီးတစ်ကောင်မှာ ထိုသူသုံးဦးထံသို့ ပြင်းထန်စွာ ပြေးဝင်သွားတော့သည်။

“အား...”

“အား...”

အနောက်တွင် ကျန်ရစ်ခဲ့သော ကောင်းကင်နယ်ပယ် မဟာသန်မာသူကြီး အဆင့်ရှိ သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦးမှာ ရေခဲမြွေကြီးနှင့် ထိမိသည်နှင့်တစ်ပြိုင်နက် ချီစွမ်းအင်များမှာ အေးခဲလာခဲ့ပြီး တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ်မှာ နှစ်ခြမ်းကွဲသွားခဲ့ကာ အလောင်းများမှာလည်း အေးစက်လှသော အရှိန်အဝါကြောင့် ရေခဲရုပ်ထုများအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ တစ်စစီ ပေါက်ကွဲထွက်သွားတော့သည်။

“ငါ့အတွက် ပွင့်ထွက်စမ်း...”

ဤနှောင့်နှေးမှုမှာ အနက်ဝတ်သက်လတ်ပိုင်းလူအတွက် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး ဖြစ်သွားခဲ့ပြီး သူသည် သွေးရောင်အရှိန်အဝါများ ပြည့်နှက်နေသော လက်ဝါးချက်တစ်ခုကို ရိုက်ထုတ်လိုက်ရာ အရှိန်လျော့နည်းသွားသော ရေခဲမြွေကြီးမှာ အစိတ်စိတ်အမွှာမွှာ ပျောက်ကွယ်သွားတော့သည်။

လိုက်လံတိုက်ခိုက်နေသော ယင်းလီတို့ကို ကြည့်လျက် အနက်ဝတ်သက်လတ်ပိုင်းလူသည် ဤအတိုင်းဆိုလျှင် ထွက်ပြေး၍ ရမည်မဟုတ်ကြောင်း သိရှိသွားသဖြင့် မျက်ဝန်းထဲ၌ ရက်စက်လှသော အရိပ်အယောင်များ ဝင်းလက်သွားကာ ဆိုလိုက်သည်။

“ငါ့ကို သတ်နိုင်မယ်လို့ နင်တို့ တကယ် ထင်နေတာလား... ငါ ပြောပြီးသားပဲ... ဒီနေ့ နင်တို့အားလုံးကို ဒီမှာပဲ မြှုပ်နှံပေးရမယ်... တစ်ယောက်မှ မကျန်စေရဘူး...”

“ရှူး...”

စကားအဆုံးတွင် အနက်ဝတ်သက်လတ်ပိုင်းလူ၏ ဘယ်ဘက်လက်မှ ညှီစူးလှသော သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။

သေဆုံးသွားသော ကောင်းကင်နယ်ပယ် မဟာသန်မာသူကြီး နှစ်ဦး၏ တစ်ကိုယ်လုံးရှိ အနှစ်သာရသွေးများမှာ တစ်ခဏချင်းမှာပင် သွေးမြူတိမ်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ထိုသူ့ထံသို့ တိုးဝင်သွားကာ ညှီစူးလှသော သွေးရောင်အလင်းလုံးတစ်ခုအဖြစ် စုစည်းသွားတော့သည်။

“ရှူး...”

အနက်ဝတ်သက်လတ်ပိုင်းလူသည် အပိုစကားများ မပြောတော့ဘဲ ထိုသွေးရောင်အလင်းလုံးကို တောင်ထိပ်၏ အလယ်ဗဟိုရှိ အောက်ခြေမမြင်ရသော ချောက်နက်ကြီးအတွင်းသို့ ရိုက်သွင်းလိုက်သည်။

နောက်တစ်ခဏတွင်...

“ကလစ်...ကလစ်...”

တောင်ကြီးတစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။

ဆက်လက်၍ ယင်ဓာတ်အနှစ်သာရ သွေးသန့်စင်ခြင်း အစီရင်ခံမှာ အရှိန်အဟုန်နှင့် ပေါက်ကွဲလာပြန်သည်။

တောင်ပေါ်ရှိ အလောင်းများမှာ တစ်ခဏချင်းမှာပင် ခြောက်ကပ်နေသော အရိုးစုများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ပြင်းထန်လှသော သွေးရောင်အရှိန်အဝါများမှာ မီးခိုးတိုင်ကြီးများအလား ချောက်နက်ကြီးအတွင်းသို့ တိုးဝင်သွားကြသည်။

ထို သွေးရောင်မြူတိမ်များမှာ ပိုမို၍ ထူထပ်လာခဲ့ပြီး ပွက်ပွက်ဆူနေသော ချော်ရည်များအလား ဖြစ်ပေါ်လာတော့သည်။

“ဂျိမ်း... ဂျိမ်း... ဂျိမ်း...”

ကောင်းကင်ယံမှ မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်လှသော အသံကြီးများနှင့်အတူ ထိတ်လန့်စရာကောင်းသော အက်ကြောင်းကြီးများမှာ တောင်ပေါ်တွင် အရှိန်အဟုန်နှင့် ပျံ့နှံ့လာတော့သည်။

မီတာထောင်ချီ မြင့်မားသော တောင်ကြီးမှာ ပြိုလဲလာခဲ့ပြီး အက်ကြောင်းများအတွင်းမှ သိသိသာသာ ထင်ရှားလှသော သွေးရောင်အရှိန်အဝါများ ပေါ်ထွက်လာကာ ရင်တုန်စရာကောင်းသော အန္တရာယ်အငွေ့အသက်မှာ ပင်လယ်လှိုင်းလုံးကြီးများအလား အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။

“ဒါက ဘယ်လိုအရှိန်အဝါလဲ...”

မိုင်အနည်းငယ်ဝေးသော နေရာတွင် ရှိနေသည့် လော့ချန်သည် ပြိုလဲနေသော တောင်ကြီးကို ကြည့်လျက် တံတွေးကို တစ်ချက် မြိုချလိုက်မိသည်။

ဤမျှအကွာအဝေးတွင် ရှိနေပါလျက်နှင့် ထိုအရှိန်အဝါကြောင့် သူ၏ ဦးရေပြားများပင် ထုံကျဉ်လာခဲ့ပြီး စိတ်ထဲမှလည်း အလွန်ပင် မသက်မသာ ဖြစ်နေရသည်။

ကြည့်ရသည်မှာ ထိုတောင်ကြီးအတွင်း၌ တစ်စုံတစ်ခုသော ဒဏ္ဍာရီလာ သတ္တဝါဆိုးကြီး ရှိနေသကဲ့သို့ပင်။

“သတိထားကြ...”

ယင်းလီ၏ မျက်နှာမှာလည်း ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပင် ရပ်တန့်လိုက်ကာ အေးစက်လှသော ချီစွမ်းအင်များကို တစ်ကိုယ်လုံးတွင် လွှမ်းခြုံလျက် နှင်းမှုန်များကြားမှ အနောက်သို့ အသည်းအသန် ဆုတ်ခွာလိုက်သည်။

တစ်ချိန်တည်းမှာပင်...

“ဘုန်း...”

မည်သည့် အရိပ်အယောင်မျှ မရှိဘဲ ညှီစူးလှသော သွေးရောင်အလင်းတိုင်တစ်ခုမှာ တောင်ကြီးအတွင်းမှ ပြင်းထန်စွာ ထွက်ပေါ်လာသည်။

ထိုသွေးရောင်အလင်းတိုင်မှာ တောင်ကုန်းငယ်တစ်ခုအလား ကြီးမားလှပြီး အရှိန်မှာလည်း လျှပ်စီးတန်းတစ်ခုအလား မြန်ဆန်လှသဖြင့် မိုင်အနည်းငယ် အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းသွားခဲ့ရာ တော်ဝင်နန်းတော်မှ ကောင်းကင်နယ်ပယ် မဟာသန်မာသူကြီးမှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ သွေးရောင်အလင်းတန်း၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး သူ၏ ကာကွယ်ရေးချီစွမ်းအင်နှင့် ခန္ဓာကိုယ်မှာ တစ်ခဏချင်းမှာပင် ပြာအဖြစ် ပြောင်းလဲသွားခဲ့ကာ အရိုးပင် မကျန်တော့ပေ။

“ဖူး...”

လျှပ်ယွမ်ဂိုဏ်း တိုက်ရိုက်တပည့် တစ်ဦးမှာ ထိုသွေးရောင်အလင်းတန်းနှင့် အနည်းငယ် ထိမိသွားသဖြင့် သွေးများကို အမြောက်အမြား အန်ထုတ်လိုက်ရပြီး အနောက်သို့ မီတာထောင်ချီ လွင့်စဉ်သွားတော့သည်။

“ဟင်...”

“ဒါ ဘာကြီးလဲ...”

ကျန်ရှိသူများအားလုံးမှာ အကြီးအကျယ် ထိတ်လန့်သွားကြပြီး အရှိန်ကို အထွတ်အထိပ်သို့ မြှင့်တင်ကာ တောင်ကြီးနှင့် ဝေးရာသို့ အသည်းအသန် ပြေးထွက်ကြတော့သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

တောင်ကြီးမှာ အပြည့်အဝ ပြိုလဲသွားခဲ့ပြီ ဖြစ်၏။ ထို အောက်ခြေမမြင်ရသော ချောက်နက်ကြီးအတွင်းမှ ညှီစူးလှသော သွေးရောင်အရှိန်အဝါများမှာ ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီးနောက် အလယ်ဗဟိုတည့်တည့်သို့ ပြန်လည်စုစည်းသွားရာ အတွင်း၌ တစ်ဖြည်းဖြည်းနှင့် လူပုံသဏ္ဌာန် သွေးရောင်အရိပ်တစ်ခု ပေါ်ထွက်လာတော့သည်။

ထိုအရိပ်မှာ ညှီစူးလှသော သွေးများအတွင်း ဖုံးကွယ်နေခဲ့ပြီး ဝေဝါးလှသဖြင့် အမျိုးသားလား၊ အမျိုးသမီးလား ခွဲခြား၍ မရနိုင်ပေ။ သွေးနီရောင် ဆံနွယ်ရှည်များမှာမူ ဧရာမ မြွေကြီးများအလား ကောင်းကင်ယံတွင်ကခုန်နေကြပြီး အထူးသဖြင့် အထက်၌ ရှိနေသော မျက်ဝန်းအစုံမှာ သွေးရောင်ဝဲကတော့နှစ်ခုအလား ရှိနေသဖြင့် လူတို့၏ အသားစများနှင့် ဝိညာဉ်များကိုပါ ဝါးမျိုတော့မည့်အလား အလွန်ပင် မိစ္ဆာဆန်လှပေသည်။

“သွေးမိစ္ဆာ... ပြီးတော့ လူပုံသဏ္ဌာန်အထိ ဖြစ်ပေါ်လုနီးပါး ဖြစ်နေတဲ့ သွေးမိစ္ဆာပဲ...”

ကောင်းကင်နယ်ပယ် မဟာသန်မာသူကြီး ဖြစ်သော ဓားသမားသည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိပြီး အသံမှာလည်း ကြောက်ရွံ့မှုကြောင့် တုန်ရီနေတော့သည်။

သွေးမိစ္ဆာဆိုသည်မှာ အမှန်စစ်စစ်တွင် အနှစ်သာရသွေးများ စုစည်းနေသော အရှိန်အဝါတစ်ခုမျှသာ ဖြစ်ရမည်ဖြစ်ပြီး တိကျသော ပုံသဏ္ဌာန် မရှိသင့်ပေ။

ယခုကဲ့သို့ လူပုံသဏ္ဌာန်အဖြစ် ပြောင်းလဲလာခြင်းမှာမူ ထိုသွေးမိစ္ဆာသည် စစ်မှန်သော နယ်ပယ်ကျော်လွန်သူတစ်ဦးနှင့် အစွမ်းချင်း တူညီနေပြီဖြစ်ပြီး မြို့တစ်မြို့လုံးကို အလွယ်တကူ သတ်ဖြတ်နိုင်သည့် ဒဏ္ဍာရီလာ သတ္တဝါဆိုးကြီး ဖြစ်လာခြင်းပင် ဖြစ်ပေသည်။

ယင်းလီသည် ထိုသွေးမိစ္ဆာကို စိုက်ကြည့်လျက် သူမ၏အကြည့်မှာလည်း တည်ကြည်သွားခဲ့သည်။

“သွေးဝိညာဉ်ဂိုဏ်းဝင်တွေက ဒီနေရာမှာ ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီရင်ခံကို စီရင်ထားတာဟာ ဒီသွေးမိစ္ဆာကို အားဖြည့်ပေးဖို့အတွက် အနှစ်သာရသွေး အမြောက်အမြား စုပ်ယူဖို့ပဲ ဖြစ်ရမယ်...”

ဘေးနားရှိ ထျန်ယွီရွှမ်းသည် မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။

“အခြေစိုက်စခန်းထဲမှာ အဲဒီအစီရင်ခံကို စီရင်ထားတာလား... ဒါဆိုရင် သူတို့ကကိုယ့်ဂိုဏ်းသားတွေရဲ့ အသက်ကိုတောင် ဂရုမစိုက်ကြတော့ဘူးလား... တပည့်တွေရဲ့ အသက်နဲ့ ဒီသွေးမိစ္ဆာကို မွေးမြူနေကြတာပေါ့...”

ယင်းလီက တည်ငြိမ်စွာ ဆိုလိုက်သည်။

“သွေးဝိညာဉ်ဂိုဏ်းသားတွေက စွမ်းအားကိုပဲ မက်မောကြတဲ့သူတွေဆိုတော့ စိတ်ဓာတ်တွေကလည်း ပျက်စီးကုန်ကြပြီလေ... လူသားဆန်မှု မရှိတော့တာကလည်း မဆန်းပါဘူး... သတိထားကြ... အခု ဒီနေရာမှာ သွေးရောင်အရှိန်အဝါတွေက အရမ်းကို ပြင်းထန်နေတာဆိုတော့... ဒီသွေးမိစ္ဆာရဲ့ အစွမ်းကလည်း အများကြီး တိုးတက်လာလိမ့်မယ်...”

သူမ၏ စကားမဆုံးမီမှာပင်...

“ကျွီ...”

သွေးမိစ္ဆာသည် ကောင်းကင်သို့ မော့ကြည့်ကာ ဟိန်းဟောက်လိုက်သည်။ ပြင်းထန်လှသော အသံကြီးကြောင့် လေထုမှာ ပွက်ပွက်ဆူလာခဲ့ပြီး သွေးရောင် လှိုင်းတွန့်များ ပေါ်ထွက်လာကာ သွေးချင်းချင်းနီနေသော မျက်ဝန်းများဖြင့် ယင်းလီတို့ကို စိုက်ကြည့်လိုက်တော့သည်။

နောက်တစ်ခဏတွင်...

“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...”

၎င်း၏ ခန္ဓာကိုယ်အတွင်းမှ သွေးရောင်ဝဲကတော့များ ပေါ်ထွက်လာခဲ့ပြီး အတွင်းမှ သွေးရောင်အလင်းတိုင်များစွာ ပြေးထွက်လာကာ ယင်းလီတို့ကို လွှမ်းခြုံသွားတော့သည်။

“ညီမထျန်... နင် ငါ့အနောက်ကို လာခဲ့စမ်း......”

ယင်းလီ၏ မျက်ဝန်းများမှာ တည်ငြိမ်သွားခဲ့ပြီး အသံမှာလည်း နှစ်ပေါင်းသောင်းချီ အေးခဲနေသော ရေခဲတစ်ခုအလား ရှိနေတော့သည်။ သူမ၏ကိုယ်ပေါ်ရှိ ဝတ်စုံမှာ လေထဲ၌ လွင့်ပျံနေခဲ့ပြီး နှင်းမှုန်များမှာလည်း ပိုမို၍ ရူးသွပ်စွာကခုန်လာကြကာ လက်ဝါးဖြင့် အောက်သို့ ဖိနှိပ်လိုက်ရာ ရေခဲမြွေကြီး နှစ်ကောင်မှာ ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး ပြင်းထန်လှသော အရှိန်အဟုန်နှင့် ရှေ့မှ သွေးရောင်အလင်းတိုင်များကို တိုက်ခိုက်လိုက်တော့သည်။

“ဘုန်း...”

စွမ်းအားနှစ်ခု တိုးတိုက်မိသည့် တစ်ခဏအတွင်း ကောင်းကင်နှင့်မြေပြင်မှာ သွေးရောင်များ ဖုံးလွှမ်းသွားခဲ့ပြီး လေထုအတွင်း၌လည်း ညှီစူးလှသော သွေးနံ့များ ပြည့်နှက်သွားတော့သည်။

ရေခဲမြွေကြီး နှစ်ကောင်မှာ ပူပြင်းလှသော မီးဖိုကြီးအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ရှိနေခဲ့ပြီး အဆက်မပြတ် အရည်ပျော်နေသော်လည်း သွေးရောင်အလင်းတိုင်များ၏ တိုက်ခိုက်မှုကိုမူ တားဆီးထားနိုင်ခဲ့ပေသည်။

“ဝှစ်...”

ယင်းလီသည် ထျန်ယွီရွှမ်းကို ခေါ်ဆောင်လျက် သွေးရောင်အလင်းတန်းများကို ဖောက်ထွက်ကာ ထွက်ပေါ်လာခဲ့သော်လည်း မျက်နှာမှာမူ အနည်းငယ် ဖြူဖျော့နေတော့သည်။

တစ်ချိန်တည်းမှာပင် အခြား မဟာသန်မာသူကြီးများလည်း မိမိတို့၏ နည်းလမ်းအသီးသီးဖြင့် အသည်းအသန် ရှောင်တိမ်းနေကြသည်။ ကောင်းကင်နယ်ပယ် မဟာသန်မာသူကြီး ဖြစ်သော ဓားသမားမှာမူ ကျင့်ကြံဆင့် အနိမ့်ဆုံးဖြစ်သဖြင့် အနည်းငယ် နှေးကွေးသွားခဲ့ရာ သွေးရောင်အလင်းတိုင်၏ ထိမှန်ခြင်းကို ခံလိုက်ရပြီး လက်မောင်းမှာ ပေါက်ကွဲထွက်သွားသဖြင့် အသားစများမှာ ညှီစူးလှသော အသံများနှင့်အတူ အမြှုပ်ထွက်လာတော့သည်။ သူသည် အသည်းအသန်ပင် ဆေးလုံးတစ်လုံးကို ထုတ်ယူသုံးစွဲလိုက်ပြီး ဒဏ်ရာကို တည်ငြိမ်အောင် ပြုလုပ်လိုက်ရတော့သည်။

“ဒီလောက်အထိ အစွမ်းထက်တဲ့ သွေးမိစ္ဆာကို ငါတို့တွေ ဘယ်လိုမှ တားနိုင်မှာ မဟုတ်ဘူး......”

လျှပ်ယွမ်ဂိုဏ်း တိုက်ရိုက်တပည့် တစ်ဦးက ဆိုလိုက်သည်။

ယင်းလီ ခေါင်းညိတ်ပြလိုက်ပြီး လော့ချန်တို့ ရှိရာ အရပ်မျက်နှာသို့ လှမ်းကြည့်လျက် ဆိုလိုက်သည်။

“ငါတို့ အရင်ဆုံး သူတို့ကို ခေါ်ပြီး ဒီနေရာကနေ ထွက်သွားကြရအောင်... တစ်ခုခု ဖြစ်လာမှာ စိုးရိမ်ရတယ်... ဒီသွေးမိစ္ဆာကိုတော့ မဟာအကြီးအကဲတို့ ရောက်လာမှပဲ ဖြေရှင်းကြတာပေါ့...”

ထိုသူများ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင်...

ရုတ်တရက်...

ထိုသွေးမိစ္ဆာသည် ဝေးကွာလှသော နေရာရှိ တပည့်များ၏ ပြည့်လျှံနေသော အနှစ်သာရသွေး အရှိန်အဝါများကို အာရုံခံမိသွားပုံရပြီး လော့ချန်တို့ ရှိရာ အရပ်မျက်နှာသို့ လှည့်ကြည့်လိုက်ကာ ညှီစူးလှသော ပါးစပ်အဟောင်းသားကြီးကို ဖွင့်ဟလိုက်ရာ အတွင်း၌ အဆုံးမရှိသော သွေးရောင်အလင်းတန်းများမှာ ရူးသွပ်စွာ လှုပ်ရှားနေတော့သည်။

ထို့နောက်တွင်မူ...

“ဘုန်း...”

တောင်ကုန်းငယ်တစ်ခုအလား ကြီးမားသော သွေးရောင်အလင်းလုံးကြီးတစ်ခုမှာ ပန်းထွက်လာခဲ့ပြီး လော့ချန်တို့ဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

သွေးရောင်အလင်းလုံး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဟင်းလင်းပြင်မှာ တုန်ခါသွားခဲ့ပြီး မြေပြင်များလည်း ပြိုလဲကုန်ကာ ကောင်းကင်နှင့်မြေပြင်ကြားတွင် မှောင်မိုက်လှသော လေဟာနယ် လမ်းကြောင်းကြီးတစ်ခုကို တိုက်ရိုက် ဆွဲဖြဲပစ်လိုက်တော့သည်။

“မကောင်းတော့ဘူး......”

ယင်းလီတို့မှာ အကြီးအကျယ် ထိတ်လန့်သွားကြသော်လည်း တားဆီးရန်အတွက်မူ အချိန်မမီတော့ပေ။

“အား... ငါတို့ဆီကို လာနေပြီ......”

“သွားပြီ......”

ထို သွေးရောင်အလင်းလုံးကို ကြည့်လျက် ဂိုဏ်းသားအများအပြားမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်မိကြသည်။

ယူလန်ရှင်း၊ ဖန်ယွဲ့ယန်တို့မှာလည်း မျက်နှာများ တစ်ခဏချင်း ပြောင်းလဲသွားခဲ့ပြီး တစ်ကိုယ်လုံး အေးစက်သွားရသည်။ ထို သွေးရောင်အလင်းလုံးအတွင်း၌ ပါဝင်နေသော စွမ်းအားမှာ နေ့လယ်ခေါင်တွင် ထွက်ပေါ်လာသော နေမင်းတစ်စင်းအလား၊ ပြင်းထန်လှသော လေမုန်တိုင်းတစ်ခုအလား ရှိနေသဖြင့် သူတို့အနေဖြင့် မည်သို့မျှ တားဆီးနိုင်စွမ်း မရှိပေ။ ၎င်းသာ ပေါက်ကွဲသွားခဲ့မည်ဆိုလျှင် သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင်နိုင်မှာ မဟုတ်ဘဲ ထွက်ပြေးရန်ပင် အချိန်မရှိတော့ပေ။

လော့ချန်၏ အကြည့်မှာမူ တည်ကြည်နေခဲ့ပြီး အတော်ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် ထွက်ပြေး၍ မရနိုင်တော့သည်ကို သိရှိလိုက်သည်နှင့်တစ်ပြိုင်နက် လက်ဖဝါးကို လှန်လိုက်ရာ ဖန်သားလုံးတစ်ခုမှာ သူ၏ လက်ဖဝါးပေါ်သို့ ကျရောက်လာတော့သည်။

အခန်း ၆၅၂ ပြီးပါပြီ။

အခန်း ၆၅၃ - နယ်ပယ်ကျော်လွန်သူ မဟာသန်မာသူကြီးများ... မင်းက လော့ချန်လား

လော့ချန်၏ လက်ဝါးပေါ်ရှိ ဖန်သားလုံးမှာ နဂါးမျက်စိခန့် ကြီးမားပြီး ကြည်လင်တောက်ပနေသည်။ အတွင်း၌ အပြာရောင် အလင်းတန်းများ လှုပ်ရှားနေပြီး ရံဖန်ရံခါ လျှပ်စစ်လက်ခုပ်သံများ ထွက်ပေါ်နေသဖြင့် အသက်ဝင်လှပေသည်။

၎င်းမှာ ခရီးမထွက်မီက ဆရာဖြစ်သူ မဟာအကြီးအကဲ ပေးအပ်ခဲ့သော ကျောက်စိမ်းဝိညာဉ်လုံး ပင် ဖြစ်၏။

မဟာအကြီးအကဲမင်၏ အဆိုအရ ဤလုံးကို အသုံးပြုလိုက်မည်ဆိုပါက နယ်ပယ်ကျော်လွန်သူ အဆင့်အောက် မည်သည့် တိုက်ခိုက်မှုကိုမဆို တစ်ကြိမ် တားဆီးနိုင်သည် ဟူ၍ ဖြစ်သည်။

လော့ချန်သည် ကျောက်စိမ်းဝိညာဉ်လုံးကို အသက်ဘေးမှကယ်တင်ပေးမည့် ရတနာအဖြစ် သတ်မှတ်ထားခဲ့သော်လည်း ဤမျှအမြန် သုံးစွဲရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

‘တားနိုင်ပါ့မလား မသိဘူး...’

ထို သွေးရောင်အလင်းလုံးကြီးကို ကြည့်လျက် လော့ချန်၏ စိတ်ထဲတွင် သေချာရေရာမှု မရှိပေ။ ဘာပဲဖြစ်ဖြစ် ဤသွေးမိစ္ဆာ၏ အရှိန်အဝါမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်မဟုတ်ပါလော။ သူသည်လည်း ကျောက်စိမ်းဝိညာဉ်လုံးကို တစ်ခါမှ မသုံးဖူးသေးပေ။

“ဝှစ်...”

သွေးရောင်အလင်းလုံး၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှပြီး မိုင်အနည်းငယ် အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းလာခဲ့ရာ လူတိုင်းမှာ မိမိတို့ဆီသို့ တိုးဝင်လာသော ပြင်းထန်လှသည့် သွေးရောင်အရှိန်အဝါများကို ခံစားနေကြရသည်။

လော့ချန်သည် ကျောက်စိမ်းဝိညာဉ်လုံးကို အသုံးပြုရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။

ကောင်းကင်ယံရှိ ထူထပ်လှသော သတ်ဖြတ်လိုသည့် တိမ်တိုက်ကြီးမှာ ရုတ်တရက် လောင်ကျွမ်းလာခဲ့ပြီး မီးတောက်တစ်ခုမှာ အရှိန်အဟုန်နှင့် ကြီးမားလာသည်။ ဧရာမ မီးလုံးကြီးတစ်လုံးမှာ ကောင်းကင်မှ ကျဆင်းလာခဲ့ပြီး အတွင်း၌ လူရိပ်တစ်ခုကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။

“အကြီးအကဲ ရှီဟွမ်... မဟာအကြီးအကဲ ရောက်လာပြီ...”

ဖန်ယွဲ့ယန်သည် ထိုလူရိပ်ကို မြင်ရသည့်အခါ အတိုင်းထက်အလွန် ဝမ်းသာသွားတော့သည်။

ဘုန်း... ဘုန်း... ဘုန်း...”

မီးလုံးကြီး၏ အရှိန်အဝါမှာ အလွန်ပင် ကြီးမားလှပြီး ကြွေလွင့်လာသော နေမင်းတစ်စင်းအလား ရှိနေကာ လူတိုင်းမှာ ပြင်းထန်လှသော အရှိန်အဝါနှင့် ပူပြင်းလှသော အပူရှိန်ကို ခံစားလိုက်ကြရသည်။

“ငါ့ရှေ့ကနေ ဖယ်စမ်း...”

မဟာအကြီးအကဲ ရှီဟွမ်သည် သွေးရောင်အလင်းလုံး၏ ရှေ့တွင် ပိတ်ဆို့လိုက်ပြီး မျက်ဝန်းကို ဖွင့်လိုက်ရာ ကျောပြင်ထက်တွင် တောက်ပလှသော ရွှေရောင်မီးကွင်းကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုမီးကွင်းမှာ ကြည်လင်တောက်ပနေခဲ့ပြီး သူ၏ အရှိန်အဝါကို အဆက်မပြတ် မြှင့်တင်ပေးနေကာ လက်ဖဝါးမှာလည်း ရွှေရောင်များ ဝင်းလက်နေပြီး သွေးရောင်အလင်းလုံးအပေါ်သို့ ပြင်းထန်စွာ ဖိနှိပ်လိုက်တော့သည်။

“ဘုန်း...”

သွေးရောင်အလင်းလုံးမှာ တိုက်ရိုက်ပင် လွင့်စဉ်သွားခဲ့ပြီး မိုင်ပေါင်းများစွာ ဝေးသော တောင်ကုန်းတစ်ခုပေါ်သို့ ကျရောက်သွားတော့သည်။

နောက်တစ်ခဏတွင်...

သွေးရောင်အလင်းလုံးမှာ တစ်ဟုန်ထိုး ကြီးမားလာခဲ့ပြီး ကောင်းကင်ယံမှ မိုးကြိုးပစ်လိုက်သကဲ့သို့ ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ပွင့်ထွက်သွားတော့သည်။

ကမ္ဘာကြီးတစ်ခုလုံးမှာ သွေးနီရောင်များ ဖုံးလွှမ်းသွားခဲ့ပြီး ကောင်းကင်နှင့်မြေပြင်မှာ ပြင်းထန်လှသော လှိုင်းလုံးကြီးများ ထွက်ပေါ်လာကာ မီတာထောင်ချီ မြင့်မားသော ထိုတောင်ကြီးမှာ အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီး မူလနေရာတွင် ထိတ်လန့်စရာကောင်းသော ကျင်းကြီးတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်းကို မြင်တွေ့လိုက်ရသည့်အခါ လူအများအပြားမှာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်မိကြသည်။

အကယ်၍သာ စောစောက သွေးရောင်အလင်းလုံးသည် သူတို့ကြားတွင် ပေါက်ကွဲခဲ့မည်ဆိုလျှင် သူတို့အားလုံးမှာ အသက်ရှင်နိုင်စရာ အကြောင်းမရှိဘဲ အရိုးပင် ရှာတွေ့တော့မှာ မဟုတ်ပေ။

ထိုအချိန်တွင် ကောင်းကင်ယံထက်၌ နောက်ထပ် လူရိပ်နှစ်ခု ဆင်းသက်လာပြန်သည်။

ဘယ်ဘက်ခြမ်းရှိ လူမှာ မျက်နှာမှာ နီမြန်းနေပြီး ဆံပင်များ ဖြူဖွေးနေသည့် တောင့်တင်းသော ဓားသမားတစ်ဦး ဖြစ်ပြီး၊ ညာဘက်ခြမ်းရှိ လူမှာမူ အပြာရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသမီး လှလှတစ်ဦး ဖြစ်၏။

ထိုသူနှစ်ဦးစလုံးမှာ ဝေဝါးလှသော အလင်းတန်းများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး အရှိန်အဝါမှာ အဆုံးမရှိသော ပင်လယ်ကြီးအလား ရှိနေကာ ကောင်းကင်ကိုပင် တုန်ခါစေတော့သည်။

“မဟာအကြီးအကဲ ဆွေ့ယန့်...”

“မဟာအကြီးအကဲ ယွမ်လန်...”

ရောက်လာသူများမှာ လျှပ်ယွမ်ဂိုဏ်း၏ မဟာအကြီးအကဲနှင့် လော့ရှားဂိုဏ်း၏ မဟာအကြီးအကဲတို့ ဖြစ်ကြသည်။

သွေးမိစ္ဆာသည်လည်း ထိုသူသုံးဦးကို သတိပြုမိသွားခဲ့ပြီး မျက်ဝန်းထဲ၌ ရက်စက်လှသော အလင်းတန်းတစ်ခု ဝင်းလက်သွားကာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော သွေးရောင်ဝဲဂယက်များ ဝင်းလက်လာတော့သည်။

နောက်တစ်ခဏတွင်...

“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...”

မရေမတွက်နိုင်သော သွေးရောင်အလင်းတိုင်များမှာ ထိုသူသုံးဦးထံသို့ လွှမ်းခြုံသွားတော့သည်။

“ဟားဟားဟား... လာစမ်းပါ...”

တောင့်တင်းသော ဓားသမားမှာ အားရပါးရ ရယ်မောလိုက်ပြီးနောက် ဓားကို ဆွဲထုတ်ကာ ခုတ်ပိုင်းလိုက်သည်။

“ဘုန်း...”

ဟင်းလင်းပြင်တွင် တောင်ကြီးတစ်လုံးအလား ကြီးမားသော ဓားအလင်းတန်းတစ်ခု ဝင်းလက်သွားခဲ့ပြီး အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှပေသည်။ မရေမတွက်နိုင်သော သွေးရောင်အလင်းတိုင်များမှာ ထိုဓားချက်အောက်တွင် တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

သက်လတ်ပိုင်း အမျိုးသမီးမှာမူ ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး သူမ၏ အင်္ကျီလက်မောင်းစကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။

ခဏချင်းမှာပင် ကောင်းကင်နှင့်မြေပြင်ကြားရှိ ရေငွေ့များမှာ ထိုနေရာဆီသို့ စုစည်းသွားခဲ့ပြီး စီးဆင်းနေသော ရေလှိုင်းသံများနှင့်အတူ ထင်ရှားသော ရေနံရံကြီးတစ်ခုမှာ သူမ၏ရှေ့တွင် ပေါ်ထွက်လာခဲ့ရာ သွေးရောင်အလင်းတိုင်များအားလုံးကို တိုက်ရိုက်ပင် ပြန်လည်ကန်ထုတ်ပစ်လိုက်တော့သည်။

‘တကယ်ကို သန်မာတာပဲ...’

လော့ချန်သည် ထိုသူတို့၏ အစွမ်းကို ခံစားလိုက်ရသည်။

သွေးရောင်အလင်းတိုင်များကို တားဆီးပြီးနောက် ထိုသက်လတ်ပိုင်း အမျိုးသမီးသည် ဝေးကွာလှသော ယင်းလီတို့ကို လှမ်း၍ ဆိုလိုက်သည်။

“ဒီ သွေးမိစ္ဆာကို ငါတို့ ဖြေရှင်းလိုက်မယ်... နင်တို့တွေ တပည့်တွေကို ခေါ်ပြီး ဒီနေရာကနေ မြန်မြန် ထွက်သွားကြစမ်း...”

“ဟုတ်ကဲ့...”

ယင်းလီတို့မှာ တွန့်ဆုတ်မနေဝံ့ကြပေ။

နယ်ပယ်ကျော်လွန်သူ အဆင့်ရှိသူများ၏ တိုက်ပွဲမှာ ဖျက်ဆီးနိုင်စွမ်း အလွန်ကြီးမားလှသဖြင့် ဤနေရာတွင် ဆက်နေမည်ဆိုပါက တစ်ချက်ကလေး အမှားအယွင်းရှိသည်နှင့် ထိခိုက်မှာ သေချာလှသည်။

သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများကို မဆိုထားနှင့်၊ သူတို့ကိုယ်တိုင်ပင်လျှင် ဘေးကင်းစွာ ဆုတ်ခွာနိုင်ရန် မသေချာလှပေ။

“ငါတို့ သွားကြမယ်...”

ယွမ်ချင်းယင်နှင့် အရှိန်အဝါ ထူးခြားလှသော အပြာရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးမှာ ပြေးဝင်လာကြပြီး လော့ချန် အပါအဝင် ရွှမ်ယွမ်ဂိုဏ်း တပည့်များကို ခေါ်ဆောင်ကာ အရှိန်အဟုန်နှင့် ထွက်ခွာကြတော့သည်။

“သွားမယ်...”

လော့ရှားဂိုဏ်းနှင့် လျှပ်ယွမ်ဂိုဏ်း၊ အခြားအင်အားစုမှ လူများသည်လည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြပြီး အဖျက်စီးခံရမည်ကို အားလုံးက စိုးရိမ်နေကြခြင်း ဖြစ်၏။

လူအုပ်ကြီးမှာ မိုင် နှစ်ဆယ်၊ သုံးဆယ်ခန့် ရောက်ရှိပြီးသည့်အခါ...

ရုတ်တရက်...

ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည့် အသံကြီးတစ်ခုမှာ အနောက်ဘက်မှ ထွက်ပေါ်လာသည်။

လော့ချန် လှည့်ကြည့်လိုက်ရာ ထိုဘက်ရှိ ကောင်းကင်ယံတွင် တောက်ပလှသော အလင်းတန်းများမှာကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့ပြီး တစ်ခါတစ်ရံ လင်းထိန်သွားကာ တစ်ခါတစ်ရံ မှောင်မိုက်သွားပြီး တောင်ကုန်းများမှာလည်းကစားစရာအရုပ်များအလား တစ်ခုပြီးတစ်ခု ပြိုလဲနေကာကမ္ဘာကြီးတစ်ခုလုံးမှာ အကြီးအကျယ် ရှုပ်ထွေးနေသော ဟင်းလင်းပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

မိုင်ပေါင်းများစွာ ဝေးကွာနေပါလျက်နှင့် လော့ချန်သည် တစ်လှိုင်းပြီးတစ်လှိုင်း ရောက်ရှိလာသော ပြင်းထန်လှသည့် ရိုက်ခတ်မှုများကို ရှင်းလင်းစွာ ခံစားနေရခြင်း ဖြစ်၏။

ဤသည်မှာ သေချာပေါက် တိုက်ပွဲကြီးမှာ အပြည့်အဝ စတင်သွားခဲ့ပြီ ဖြစ်ပေသည်။

“ဒါက နယ်ပယ်ကျော်လွန်သူ အဆင့်ရှိသူတွေရဲ့ တိုက်ပွဲပေါ့... တောင်ကြီးတွေတောင် သူတို့ရှေ့မှာ တို့ဟူးတွေလိုပဲ... တကယ်ကို ကြောက်စရာကောင်းလိုက်တာ...”

ဖန်ယွဲ့ယန် မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

အခြားသူများမှာမူ စိတ်လှုပ်ရှားနေကြသလို စိတ်ထဲမှလည်း ထိတ်လန့်နေကြဆဲ ဖြစ်၏။ စောစောက သူတို့မှာ သေမင်းတံခါးဝသို့ ရောက်ရှိခဲ့သည်မဟုတ်ပါလော။

တိုက်ရိုက်တပည့်များ ဦးဆောင်နေသဖြင့် လူအုပ်ကြီး၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှပြီး နာရီဝက်အတွင်းမှာတင် မိုင်ထောင်ချီ ခရီးနှင်ခဲ့ကြပြီ ဖြစ်သည်။

ယခုအခါမှသာ လူတိုင်း စိတ်အေးသွားကြသော်လည်း အားလုံး၏ မျက်နှာမှာမူ အတော်ပင် ကြည့်ရဆိုးနေတော့သည်။

ဤတစ်ကြိမ် သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို တိုက်ခိုက်ခြင်းမှာ ဂိုဏ်းကြီးသုံးဂိုဏ်းအတွက် ဆုံးရှုံးမှု ကြီးမားလွန်းလှပေသည်။ အထူးသဖြင့် ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီရင်ခံကို စတင်လိုက်သဖြင့် တောင်ပေါ်သို့ တက်ခဲ့သော တပည့်များ၏ ၃၀၊ ၄၀ ရာခိုင်နှုန်းခန့်မှာ သေဆုံးဒဏ်ရာရခဲ့ကြသည် မဟုတ်ပါလော။

ထိုသူများအနက် အများစုမှာ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်သန်မာသူများ ဖြစ်ကြပြီး အင်အားစုအသီးသီးမှ ထိပ်သီးများ ဖြစ်ကြရာ တစ်ယောက်သေဆုံးတိုင်း အင်အားစုတစ်ခုအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေသည်။

မကြာမီမှာပင် လူအုပ်ကြီးမှာ နက်မှောင်တောင်တန်းမှ ထွက်ခွာလာနိုင်ခဲ့ကြပြီး ပြင်ပမှ တောက်ပလှသော နေရောင်ခြည်နှင့် သန့်ရှင်းသော လေထုကို နောက်ဆုံးတွင် ခံစားလိုက်ကြရသည်။

လူအများအပြားမှာ ဒဏ်ရာရထားကြသဖြင့် လူအုပ်ကြီးမှာ ဟင်းလင်းပြင် တစ်နေရာ၌ ရပ်တန့်ကာ အနားယူကြတော့သည်။

မိမိတို့နှင့် သက်ဆိုင်သော ဂိုဏ်းအသီးသီးအလိုက် သီးခြားစီ ခွဲထွက်လိုက်ကြပြီး ချီစွမ်းအင်ဆေးလုံးများနှင့် ဒဏ်ရာကုသဆေးလုံးများကို ထုတ်ယူသုံးစွဲကြတော့သည်။

ဖန်ယွဲ့ယန်နှင့် ကျူးလင်မေ့တို့လည်း ဆေးလုံးများကို သုံးစွဲလိုက်ကြပြီး မျက်ဝန်းများကို မှိတ်ကာ ချီစွမ်းအင်များကို ပြန်လည်ထိန်းညှိနေကြသည်။ သူတို့သည် ဒဏ်ရာရခြင်း မရှိသော်လည်း တစ်နေ့လုံး ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရသဖြင့် ချီစွမ်းအင်ရော စိတ်ဓာတ်ပါ အကြီးအကျယ် ပင်ပန်းနေခဲ့ပြီး လက်ရှိအခြေအနေမှာမူ အထွတ်အထိပ်အချိန်၏ ၇၀ ရာခိုင်နှုန်းပင် မရှိတော့ပေ။

လော့ချန်မှာမူ သစ်ပင်တစ်ပင်၏ အရိပ်အောက်တွင် ထိုင်လိုက်သည်။

သူသည် ဒဏ်ရာရခြင်း မရှိသလို ချီစွမ်းအင် သုံးစွဲမှုမှာလည်း အများကြီး မဟုတ်ပေ။ သူသည် ဤအချိန်ကို အသုံးချကာ ခန္ဓာကိုယ်အတွင်း ဝါးမျိုထားသော သိုင်းဝိညာဉ်အနှစ်သာရများကို သန့်စင်ရန် ဆုံးဖြတ်လိုက်သည်။ အဆင်ပြေမည်ဆိုပါက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့်သို့ ချိုးဖျက်နိုင်မည် ဖြစ်ပေသည်။

ထိုအချိန်တွင် ခြေသံအချို့ ထွက်ပေါ်လာခဲ့ပြီး လူအုပ်စုတစ်စုမှာ ဤဘက်သို့ လမ်းလျှောက်လာကြရာ ထိပ်ဆုံးမှလူမှာ ယခင် အပြာရောင်ဝတ်စုံဝတ် လူငယ်ပင် ဖြစ်၏။ လော့ချန်သည် ထိုသူ၏ အထောက်အထားကို စောစောကပင် သိရှိထားပြီး ဖြစ်၏။ ရွှမ်ယွမ်ဂိုဏ်း တိုက်ရိုက်တပည့် ရှောင်ပိုင်ဖုန်းပင် ဖြစ်သည်။

ရှောင်ပိုင်ဖုန်း၏ ဘေးတွင်မူ ရွှမ်ဟယ်စာရင်း အဆင့် ၄ ရှိ လင်းချီချန်နှင့် တိုက်ရိုက်တပည့် ယွမ်ချင်းယင်၊ ထို့ပြင် အဓိကတပည့် အချို့လည်း ပါဝင်နေပြီး အားလုံးမှာ မင်းသားတန်းက လူများ ဖြစ်ကြသည်။

လော့ချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး ကျင့်ကြံရန် အစီအစဉ်ကို လက်လျှော့လိုက်သည်။

ထိုသူများမှာ သူ့ထံသို့ ဦးတည်လာနေခြင်း ဖြစ်သလို ရည်ရွယ်ချက်မှာလည်း မကောင်းနိုင်မှန်း သူ ခံစားလိုက်ရသည်။

“စီနီယာရှောင်ကို ဂါရဝပြုပါတယ်... စီနီယာယွမ်ကို ဂါရဝပြုပါတယ်...”

ပတ်ဝန်းကျင်ရှိ အတွင်းစည်းတပည့်များမှာ ထိုသူတို့ကို မြင်သည့်အခါ ချက်ချင်းပင် ဦးညွှတ်နှုတ်ဆက်ကြတော့သည်။ ဘာပဲဖြစ်ဖြစ် တိုက်ရိုက်တပည့် ဆိုသည့် အဆင့်အတန်းမှာ အတွင်းစည်းတပည့်များထက် အများကြီး ပိုမို မြင့်မားလှသလို ဂိုဏ်း၏ အဓိက ကျောရိုးများလည်း ဖြစ်ကြသည်မဟုတ်ပါလော။

“မင်းတို့ ဒီတစ်ခေါက် သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို တိုက်ခိုက်ပြီး ဒီတိုက်ပွဲကြီးကနေ အသက်ရှင်နိုင်ခဲ့တာဟာ တကယ်ကို ကောင်းပါတယ်... ဒီလို ကျင့်ကြံမှုတွေ ရှိခဲ့မှတော့ နောင်တစ်ချိန်မှာ မင်းတို့ရဲ့ ကျင့်ကြံဆင့်က တစ်ဟုန်ထိုး တိုးတက်လာမှာဖြစ်သလို ပိုပြီးတော့ မြင့်မားတဲ့ အောင်မြင်မှုတွေလည်း ရရှိမှာပါ...”

ရှောင်ပိုင်ဖုန်းသည် လူတိုင်းကို ပြုံးပြလျက် ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏အကြည့်မှာ ရုတ်တရက် လော့ချန်ထံသို့ ရောက်ရှိသွားတော့သည်။

“မင်းက... ဟို လော့ချန် ဆိုတဲ့လူလား...”

အခန်း ၆၅၃ ပြီးပါပြီ။

အခန်း ၆၅၄ - သွေးဝိညာဉ်ဂိုဏ်းသူလျှို... တစ်ရက်တာ

“ဝှစ်...”

အသံကို ကြားလိုက်ရသည်နှင့် ပတ်ဝန်းကျင်ရှိ ရွှမ်ယွမ်ဂိုဏ်း တပည့်များ၏ အကြည့်များမှာ ထိုနေရာဆီသို့ စုပြုံရောက်ရှိလာကြသည်။

ဤတစ်ကြိမ် သွေးဝိညာဉ်ဂိုဏ်း အစီရင်ကို ဝိုင်းတိုက်သည့် တိုက်ပွဲတွင် လော့ချန်မှာ တစ်ပွဲတည်းနှင့် နာမည်ကျော်ကြားသွားခဲ့သည်ဟု ဆိုရပေမည်။

အထူးသဖြင့် တောင်ထိပ်ပေါ်၌ လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းဘုရင် ယွမ်ထျန်ယန်ကို ရင်ဆိုင်ခဲ့ပုံနှင့် လျှပ်ယွမ်ဂိုဏ်း ဒုတိယတပည့် လျိုကျွယ်ကို ဓားတစ်ချက်တည်းနှင့် လွင့်စဉ်သွားစေခဲ့သည့် မြင်ကွင်းမှာ တိုက်ပွဲဝင်ခဲ့ကြသော တပည့်တိုင်း၏ စိတ်ထဲတွင် စွဲထင်နေခဲ့ပြီး လူတိုင်းက ဤ အသစ်တက်လာသည့် ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးစာရင်းကို အသစ်တစ်ဖန် ပြန်လည်အသိအမှတ်ပြုလိုက်ကြရသည်။

ဖန်ယွဲ့ယန်နှင့် ကျူးလင်မေ့တို့လည်း မျက်ဝန်းများကို ဖွင့်လိုက်ကြပြီး ရှေ့မှ မြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ နှစ်ဦးသား၏ မျက်နှာမှာ တည်ကြည်သွားကြသည်။

ရှောင်ပိုင်ဖုန်းသည် တိုက်ရိုက်တပည့်တစ်ဦးဖြစ်သလို ကောင်းကင်နယ်ပယ် မဟာသန်မာသူကြီးလည်း ဖြစ်ရာ ယခုကဲ့သို့ မင်းသားတန်း တပည့်အမြောက်အမြားကို ခေါ်ဆောင်လျက် လော့ချန်ကို လာရောက်ရှာဖွေခြင်းမှာ သေချာပေါက် ကောင်းသောကိစ္စ မဟုတ်ပေ။

လော့ချန်၏ အကြည့်မှာလည်း တည်ငြိမ်သွားခဲ့သည်။ သူသည် စိတ်နှင့်ခန္ဓာကို အလျင်အမြန်ပင် ပြန်လည်ထိန်းညှိလိုက်ပြီးနောက် မားမားမတ်မတ် ထရပ်လိုက်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။

“ကျွန်တော်က လော့ချန် ပါပဲ... စီနီယာရှောင် ကျွန်တော့်ကို ဘာကိစ္စရှိလို့ ရှာတာလဲ......”

ရှောင်ပိုင်ဖုန်းက အေးစက်စွာ လှောင်ပြုံးလိုက်သည်။

“ဘာကိစ္စလဲ ဟုတ်လား... မင်းကိုယ်တိုင် ဒီလောက်အထိ ကြီးမားတဲ့ အမှားကို လုပ်ထားတာတောင် မင်းကိုယ်မင်း မသိဘူးလား......”

လော့ချန် စိတ်ထဲမှ မကောင်းသော ခံစားချက်တစ်ခု ရရှိလိုက်သဖြင့် သက်ပြင်းတစ်ချက် ချလိုက်ကာ ဆိုလိုက်သည်။

“ကျွန်တော် ဘာအမှားတွေ လုပ်မိလို့လဲ... စီနီယာရှောင် ဘာကိုပြောချင်တာလဲ မသိပါဘူး......”

“အိုး... ငါ့ရှေ့မှာ လာပြီး ဟန်ဆောင်နေတာလား... မင်းက ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦး ထဲက တစ်ယောက်ပဲလေ... အတွင်းစည်းတပည့်တွေရဲ့ စံပြဖြစ်သင့်သလို ဂိုဏ်းတူညီအစ်ကို မောင်နှမတွေအတွက်လည်း ပုံစံကောင်း ပြရမှာပေါ့......”

“ဒါပေမဲ့ မင်းကတော့ သွေးဝိညာဉ်ဂိုဏ်းဝင်တွေကို သွားမသတ်ဘဲနဲ့ကိုယ့်ရဲ့ ဂိုဏ်းတူညီအစ်ကို မောင်နှမတွေကိုပဲ ရက်ရက်စက်စက် သတ်ဖြတ်နေတယ်ပေါ့... မင်းက အစွမ်းနည်းနည်းရှိတာနဲ့ပဲ စိတ်ကြိုက် သောင်းကျန်းလို့ ရမယ် ထင်နေတာလား......”

ရှောင်ပိုင်ဖုန်း၏ လေသံမှာ ရုတ်တရက် ပြင်းထန်လာခဲ့ပြီး သူ၏အကြည့်မှာ ကြယ်တံခွန်တစ်လုံးအလား ရှိနေကာ ကောင်းကင်နယ်ပယ် မဟာသန်မာသူကြီး တစ်ဦး၏ အရှိန်အဝါဖြင့် လော့ချန်ကို ပင်လယ်လှိုင်းလုံးကြီးများအလား ဖိနှိပ်လိုက်တော့သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ အသက်ရှူပင် မဝံ့ကြတော့ဘဲ တိုက်ရိုက်တပည့်တစ်ဦး၏ အရှိန်အဝါကို ထိတ်လန့်စွာ ခံစားနေကြရသည်။

လော့ချန်၏ နဖူးပေါ်မှ ဆံနွယ်များမှာ လေထဲ၌ လွင့်ပျံနေခဲ့ပြီး သူ၏မျက်ဝန်းအစုံမှာမူ ကြယ်တာရာများအလား တောက်ပနေဆဲ ဖြစ်၏။

“စီနီယာရှောင် ဘာတွေပြောနေတာလဲ... လော့ချန်မသိပါဘူး...”

“အခုထိ ဝန်မခံသေးဘူးလား......”

ရှောင်ပိုင်ဖုန်းက အေးစက်စွာ ပြုံးလိုက်ပြီး ဘေးနားရှိ လင်းချီချန်ကို လှမ်းကြည့်လိုက်သည်။

“ညီငယ်လင်း... ဒီကို လာခဲ့စမ်း......”

ရွှမ်ဟယ်စာရင်း အဆင့် ၄ ရှိ လင်းချီချန် ရှေ့သို့ ထွက်လာခဲ့သည်။

“ညီငယ်လင်း... မင်း ပြောစမ်းပါဦး... ကျိုးယွမ်ချင်းကို ဘယ်သူ သတ်လိုက်တာလဲ......”

ရှောင်ပိုင်ဖုန်းက မေးမြန်းလိုက်သည်။

လင်းချီချန်သည် လော့ချန်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ မျက်ဝန်းထဲ၌ ကြောက်ရွံ့ရိပ်များ ဖြတ်ပြေးသွားသော်လည်း ရှောင်ပိုင်ဖုန်း ရှိနေသည်ကို သတိရသည့်အခါမှသာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ဆိုလိုက်သည်။

“စီနီယာရှောင်ကို တင်ပြပါတယ်... လော့ချန်ကပဲ ကျိုးယွမ်ချင်းကို သတ်လိုက်တာပါ... ကျိုးယွမ်ချင်းက တောင်ထိပ်ပေါ် ရောက်ကတည်းက သွေးဝိညာဉ်ဂိုဏ်းဝင်တွေကို သတ်ဖြတ်နေတာပါ... ဒါပေမဲ့ လော့ချန်က ရုတ်တရက် ရှေ့ထွက်လာပြီး သူမကို ရက်ရက်စက်စက် သတ်ပစ်လိုက်တာပါပဲ... ကျွန်တော်က ဝင်တားဖို့ လုပ်ပေမဲ့ သူက အရမ်းသန်မာနေတော့ ကျွန်တော့်ကိုပါ သတ်ဖို့အထိ ကြိုးစားခဲ့တာပါ......”

“ဟုတ်ပါတယ်... ကျွန်တော်လည်း မြင်လိုက်ရတယ်... လော့ချန်က စီနီယာအစ်မ ကျိုးယွမ်ချင်းကို သတ်လိုက်တာပါ......”

“စီနီယာအစ်မ ကျိုးယွမ်ချင်း မှာဆိုရင် အလောင်းတောင် အဖတ်မတင်ဘူး... ဒါတွေ အားလုံးက သူ့ကြောင့်ပဲ... ဂိုဏ်းတူအချင်းချင်း သတ်ဖြတ်တာကတော့ သေဒဏ်ပဲ ရှိရမယ်......”

အခြား မင်းသားတန်း တပည့်နှစ်ဦးလည်း တစ်ပြိုင်တည်း ဝင်ပြောကြပြီး လော့ချန်ကိုသာ အပြစ်တင်နေကြတော့သည်။ လော့ချန်၏ အကြည့်မှာ အေးစက်သွားခဲ့ပြီး ထိုသူများကို လက်ဝါးတစ်ချက်တည်းနှင့်ပင် ကြိတ်ခြေပစ်ချင်စိတ် ပေါက်နေတော့သည်။

သို့သော်လည်း ယခုအချိန်တွင်မူ ၎င်းမှာ မဖြစ်နိုင်သည်မှာ သိသာလှပေသည်။

“မင်းမှာ ဘာပြောစရာ ကျန်သေးလဲ...”

ရှောင်ပိုင်ဖုန်း၏ အကြည့်မှာ လော့ချန်၏ကိုယ်ပေါ်သို့ ထက်မြက်စွာ ကျရောက်လာခဲ့ပြီး တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား ရှိနေတော့သည်။

လော့ချန်သည် ငြင်းဆို၍ မရနိုင်တော့မှန်း သိရှိလိုက်သဖြင့် ဆိုလိုက်သည်။

“ကျိုးယွမ်ချင်းကို ကျွန်တော် သတ်လိုက်တာ အမှန်ပါပဲ... ဒါပေမဲ့ သူက မြေကမ္ဘာဝိညာဉ်ဆေးလုံးနဲ့ ကျွန်တော့်ရဲ့ အသက်ကို အရင် ဆုငွေထုတ်ခဲ့တာလေ... ကျွန်တော့်ကို လူငှားသတ်ဖို့ ကြိုးစားခဲ့တာပဲ... သူများက ကျွန်တော့်ကို သတ်ဖို့ ကြိုးစားနေတာကို ကျွန်တော်က ငြိမ်ခံနေရမှာလား... စီနီယာရှောင်... ဒါက တရားမျှတမှု ရှိရဲ့လား......”

“ဟိတ်... မင်းက ဆင်ခြေတွေ ပေးနေသေးတာလား...”

မင်းသားတန်း တပည့်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် လူရိပ်တစ်ခု လမ်းလျှောက်လာခဲ့ရာ ၎င်းမှာ ဖန်ယွဲ့ယန်ပင် ဖြစ်၏။

သူသည် ရှောင်ပိုင်ဖုန်းကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး ဆိုလိုက်သည်။

“စီနီယာရှောင်... ကျွန်တော် သက်သေခံနိုင်ပါတယ်... လော့ချန် ပြောတာတွေက အမှန်တွေချည်းပါပဲ... ကျိုးယွမ်ချင်းက မြေကမ္ဘာဝိညာဉ်ဆေးလုံးနဲ့ လော့ချန်ရဲ့ အသက်ကို ဆုထုတ်ခဲ့တာပါ... သူက လျှပ်ယွမ်ဂိုဏ်းက လူတွေနဲ့တောင် ပူးပေါင်းပြီး လော့ချန်ကို သတ်ဖို့ ကြိုးစားခဲ့တာပါ......”

ဖန်ယွဲ့ယန်သည် လျှပ်ယွမ်ဂိုဏ်းကိုပါ ထည့်သွင်းပြောဆိုလိုက်သည်။

ဂိုဏ်းနှစ်ခုမှာ ရန်သူများဖြစ်ကြရာ ဂိုဏ်းတူအချင်းချင်း သတ်ရန်အတွက် ပြိုင်ဘက်ဂိုဏ်းနှင့် ပူးပေါင်းခြင်းမှာ ဂိုဏ်းကို သစ္စာဖောက်ခြင်းနှင့် အတူတူပင် ဖြစ်သဖြင့် ရွှမ်ယွမ်ဂိုဏ်း တပည့်အများစုအတွက်မူ လက်ခံနိုင်စရာ မရှိပေ။

ထင်ထားသည့်အတိုင်းပင် ဤစကားကို ကြားရသည့်အခါ လူအုပ်ကြီးအတွင်းမှ မကျေနပ်သံများ ထွက်ပေါ်လာတော့သည်။

“ကျွန်မလည်း သက်သေခံနိုင်ပါတယ်......”

စကားပြောလိုက်သူမှာ ကျူးလင်မေ့ ဖြစ်၏။

“ပါးစပ်ပိတ်ထားစမ်း......”

ရှောင်ပိုင်ဖုန်းသည် လက်ကို ဝှေ့ယမ်းကာ ထိုသူနှစ်ဦးကို စကားဖြတ်လိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။

“နင်တို့က ငါ ဒီကိစ္စတစ်ခုတည်းအတွက် သူ့ကို လာရှာတယ်လို့ ထင်နေတာလား......”

ရှောင်ပိုင်ဖုန်းသည် လော့ချန်ကို စိုက်ကြည့်လျက် ဟိန်းဟောက်လိုက်သည်။

“ငါ မင်းကို မေးမယ်... ချီယွီ... ပြီးတော့ ဝူထိုက်ယွဲ့နဲ့ လျိုခန်း တို့ကိုရော... မင်း သတ်လိုက်တာလား......”

“ဘာ... လော့ချန်က ချီယွီ၊ ဝူထိုက်ယွဲ့နဲ့ လျိုခန်း တို့ကိုပါ သတ်လိုက်တာ ဟုတ်လား......”

“ဒါဆိုရင် သူ တစ်ယောက်တည်းနဲ့တင် ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦး ထဲက လေးယောက်ကို သတ်ပစ်လိုက်တာပေါ့......”

လူအများအပြားမှာ စောစောကတည်းက ထူးဆန်းနေခဲ့ကြခြင်း ဖြစ်၏။ ဘာကြောင့် ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးအနက် အများစုမှာ ပျောက်ကွယ်နေရသနည်း။ ဖန်ယွဲ့ယန်၊ လင်းချီချန်၊ အဆင့် ၅ ရှိ ကျော်ယန် နှင့် လော့ချန် တို့သာ ကျန်ရှိနေသည်မဟုတ်ပါလော။

လော့ချန် တစ်ယောက်တည်းနှင့်တင် လေးယောက်လုံးကို သတ်ပစ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။

အတွင်းစည်း ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦး ဆိုသည်မှာ ဂိုဏ်း၏ ထိပ်သီးပါရမီရှင်များ ဖြစ်ကြရာ ဤမျှအထိ လူအများအပြား ဆုံးရှုံးသွားရခြင်းမှာ ဂိုဏ်းအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ပေသည်။

ဖန်ယွဲ့ယန်နှင့် ကျူးလင်မေ့တို့ပင်လျှင် အကြီးအကျယ် ထိတ်လန့်သွားကြရသည်။

သို့သော်လည်း ကျိုးယွမ်ချင်းက လော့ချန်ကို သတ်ရန် လူရှာနေခဲ့သည်ကို သတိရသည့်အခါ အဓိက အချက်ကို သူတို့ ချက်ချင်း နားလည်သွားကြတော့သည်။

“ဟုတ်တယ်... ငါ သတ်လိုက်တာပဲ......”

လော့ချန်သည် ဤကိစ္စမှာ အေးအေးဆေးဆေး ပြီးသွားမှာ မဟုတ်မှန်း သိရှိလိုက်သဖြင့် တစ်ဖက်လူကလည်း သူ့ကို တမင်တကာ ဦးတည်နေမှတော့ ဖုံးကွယ်မထားတော့ဘဲ တိုက်ရိုက်ပင် ဆိုလိုက်သည်။

“ဒီလူတွေက မြေကမ္ဘာဝိညာဉ်ဆေးလုံး အတွက်နဲ့ ငါ့အသက်ကို ယူဖို့ ကြိုးစားခဲ့ကြတာပဲ... နှမြောစရာကောင်းတာကတော့ သူတို့ရဲ့ အစွမ်းက မလုံလောက်ခဲ့လို့ ငါ့ရဲ့ ဓားအောက်မှာ သေသွားကြတာပဲ......”

“ဟဲဟဲ...”

ရှောင်ပိုင်ဖုန်းက အေးစက်စွာ လှောင်ပြုံးလိုက်သည်။

“မင်းက တော်တော်လေး သတ္တိကောင်းတာပဲ... သူတို့ကို ပျိုးထောင်ပေးဖို့အတွက် ဂိုဏ်းကနေ ဘယ်လောက်အထိ အရင်းအမြစ်တွေ၊ ဘယ်လောက်အထိ အားစိုက်ထုတ်ခဲ့ရလဲဆိုတာ မင်း သိရဲ့လား... မင်းက သတ်ချင်တိုင်း သတ်နေတာ... ဂိုဏ်းရဲ့ စည်းကမ်းတွေကိုရော မင်း မျက်စိထဲ ထည့်ရဲ့လား......”

“ငါ ကြည့်ရတာတော့... မင်းက အဲဒီ သွေးဝိညာဉ်ဂိုဏ်းဝင်တွေနဲ့ အတူတူပဲ... သွေးဆာနေပြီးတော့ ဘာစည်းကမ်းမှ မရှိတဲ့ကောင်ပဲ... ဒါမှမဟုတ်... မင်းက သွေးဝိညာဉ်ဂိုဏ်း ဆီကို အရင်ကတည်းက ဝင်ထားပြီးတော့... ငါတို့ ရွှမ်ယွမ်ဂိုဏ်း ရဲ့ အင်အားကို လျှော့ချဖို့အတွက် သူလျှိုအဖြစ်နဲ့ လုပ်ဆောင်နေတာလား......”

သွေးဝိညာဉ်ဂိုဏ်းသူလျှို...

တကယ်ကို ရက်စက်လှသော စွပ်စွဲချက်ပင် ဖြစ်၏။

လော့ချန်သည် တစ်ဖက်လူက မိမိကို ယခုကဲ့သို့ အကြီးအကျယ် စွပ်စွဲလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် အေးစက်စွာ ဆိုလိုက်သည်။

“ငါ ပြောပြီးသားပဲ... သူများက ငါ့ကို မရန်စရင် ငါလည်း မရန်စဘူး... သူတို့က ငါ့ကို သတ်ဖို့ ကြိုးစားနေမှတော့ သေကို သေရမယ်... ဘယ်သူက မှန်တယ်၊ ဘယ်သူက မှားတယ်... ငါက သွေးဝိညာဉ်ဂိုဏ်းသူလျှို ဟုတ်မဟုတ် ဆိုတာကိုတော့... မင်းရဲ့ ပါးစပ်တစ်ပေါက်တည်းနဲ့ ဆုံးဖြတ်လို့ မရဘူး...”

စကားပြောနေစဉ်မှာပင် လော့ချန်သည် လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ မဟာအကြီးအကဲမင် ပေးအပ်ခဲ့သော တံဆိပ်ပြား ထွက်ပေါ်လာခဲ့ပြီး ချီစွမ်းအင်များကို နှိုးဆွလိုက်သည်။

“စီ... စီ......”

တံဆိပ်ပြားပေါ်ရှိ "အကြီးအကဲမင်" ဆိုသည့် စာလုံးနှစ်လုံးမှာ တောက်ပလှသော မိုးကြိုးအလင်းတန်းများကို ထုတ်လွှတ်လိုက်ရာ မိုးကြိုးလျှပ်စီးသံများနှင့်အတူ အလွန်ပင် ခန့်ညားထည်ဝါလှပေသည်။

“အကြီးအကဲမင်ရဲ့ တံဆိပ်ပြားပဲ......”

လူအချို့ ထိတ်လန့်တကြား အော်ဟစ်လိုက်မိကြပြီး မင်းသားတန်း တပည့်အချို့မှာလည်း မျက်နှာများ ပျက်သွားကြရသည်။

လော့ချန်သည် တံဆိပ်ပြားကိုကိုင်ဆောင်လျက် ရှောင်ပိုင်ဖုန်းကို စိုက်ကြည့်ကာ ဆိုလိုက်သည်။

“ငါက မဟာအကြီးအကဲမင်ရဲ့ တိုက်ရိုက်တပည့်ပဲ... အဆင့်အတန်းအရ ဆိုရင် ငါက မင်းနဲ့ အတူတူပဲ... မင်းက ငါ့ကို စစ်ဆေးချင်တယ်ဆိုရင်တော့... အဲဒီလို အရည်အချင်း မရှိသေးဘူး ထင်တယ်......”

ရှောင်ပိုင်ဖုန်း၏ မျက်နှာမှာ အလွန်ပင် အုံ့မှိုင်းသွားခဲ့ပြီး သူ၏ကိုယ်မှ အရှိန်အဝါမှာ ပိုမို၍ ပြင်းထန်လာတော့သည်။ ပြင်းထန်လှသော ချီစွမ်းအင်များကြောင့် လေပြင်းများပင် တိုက်ခတ်လာခဲ့ပြီး သတ်ဖြတ်လိုသော အမူအရာဖြင့် ဆိုလိုက်သည်။

“မင်းက မဟာအကြီးအကဲမင်ကို သုံးပြီး ငါ့ကို လာဖိအားပေးနေတာလား......”

“ငါက အမှန်တရားကိုပဲ ပြောတာပါ... မဟုတ်ဘူးလား...”

လော့ချန်၏ မျက်နှာမှာ မပြောင်းလဲသော်လည်း သူသည် စိတ်ကို အပြည့်အဝ စုစည်းထားခဲ့ပြီး အချိန်မရွေး ထွက်ပြေးရန် ပြင်ဆင်ထားလိုက်သည်။

သူ အသေအချာ သိရှိသည်မှာ အစွမ်းကသာ အဓိကဖြစ်ပြီး စစ်မှန်သော အစွမ်းအစရှေ့တွင် အခြားအရာများမှာ အားကိုး၍ မရနိုင်ပေ။ အကယ်၍ ရှောင်ပိုင်ဖုန်းသာ ဘာကိုမှ ဂရုမစိုက်ဘဲ သူ့ကို တိုက်ခိုက်မည်ဆိုပါက သူလည်း ဘာမှတတ်နိုင်မှာ မဟုတ်ပေ။

ကံကောင်းသည်မှာ သူ့၌ ကျောက်စိမ်းဝိညာဉ်လုံး ဆိုသည့် ဝှက်ဖဲ ရှိနေသေးသဖြင့် နက်မှောင်တောင်တန်းအတွင်းသို့သာ ထွက်ပြေးနိုင်မည်ဆိုပါက သူ၏ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအားဖြင့် အသက်ရှင်ရန် အခွင့်အရေး ရှိနိုင်ပေသည်။

၎င်းအပြင် အခြား လမ်းစတစ်ခုလည်း ရှိသေးသည်။ ယင်းလီ ထံသို့ သွားရန် ဖြစ်၏။

‘အဲဒါက မတော်တဆ ဖြစ်ရပ်တစ်ခုဆိုပေမဲ့... ငါတို့က လင်မယားတစ်ရက် တော်စပ်ခဲ့ဖူးတာပဲလေ... သူက ငါ သေတာကိုတော့ ဒီအတိုင်း ကြည့်နေမှာ မဟုတ်လောက်ပါဘူး... နောက်ပြီး ငါက သူ့အတွက် ကိစ္စသုံးခု လုပ်ပေးမယ်လို့ကတိပေးထားတာဆိုတော့... ငါ့ကိုကယ်တာက သူ့အတွက်လည်း အကျိုးရှိတာပဲ......’

အခန်း ၆၅၄ ပြီးပါပြီ။

All Chapters