← Chapters

အခန်း (၆၅၅-၆၅၇)

Vol. 44 Ch. 655-657

အခန်း (၆၅၅-၆၅၇)

Vol. 44 Ch. 655-657

အခန်း ၆၅၅ - စီရင်ချက်နှင့်ရန်ကြွေး

လော့ချန်၏ စိတ်ကူးများမှာ အပြင်းအထန် လှုပ်ရှားနေသည်။

အကယ်၍ အခြေအနေမှာ အလွန်အမင်း ဆိုးရွားလာမည်ဆိုပါက ယင်းလီ ထံသို့သာ သွားရန် သူ ဆုံးဖြတ်လိုက်သည်။

ရောင်စဉ်ခုနစ်သွယ်စဉ်စမ်းရေတွင်းတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စကို တစ်ဖက်လူအနေနှင့် တတိယမြောက်လူအား သိစေချင်မှာ မဟုတ်သဖြင့် မကယ်ချင်လျှင်ပင်ကယ်ရမည်သာ ဖြစ်ပေသည်။

ဤသို့ တွေးလိုက်မိသည့်အခါမှသာ လော့ချန်၏ စိတ်မှာ ပြန်လည်တည်ငြိမ်သွားတော့သည်။

ထိုအချိန်တွင်...

အတွင်းစည်း အဓိက အမျိုးသမီးတပည့်အချို့မှာ လမ်းလျှောက်လာကြသည်။

ထိပ်ဆုံးမှ ရဲရင့်သောအသွင်ရှိသည့် အမျိုးသမီးတပည့်မှာ အသက်ကို ဝဝရှူလိုက်ပြီး ရှေ့သို့ ထွက်လာကာ ရှောင်ပိုင်ဖုန်းကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။

“ရွှယ်လန်က စီနီယာရှောင်ကို ဂါရဝပြုပါတယ်...”

“ဟင်...”

ရှောင်ပိုင်ဖုန်းသည် ထိုသူများကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်သည်။

လော့ချန်မှာလည်း အနည်းငယ် အံ့ဩသွားရသည်။ ထို ရွှယ်လန်ကို သူ မှတ်မိပေသည်။ သူမမှာ တောင်ပေါ်တက်စဉ်က သွေးဝိညာဉ်ဂိုဏ်းဝင်များ၏ လက်မှ သူကယ်တင်ခဲ့သော အဓိကတပည့်များထဲမှ တစ်ဦး ဖြစ်၏။

ရွှယ်လန်က သတ္တိမွေးကာ ဆိုလိုက်သည်။

“စီနီယာလော့ချန်က လျိုခန်းနဲ့ ဝူထိုက်ယွဲ့တို့ကို သတ်တုန်းက ကျွန်မလည်း အဲဒီမှာ ရှိနေခဲ့တာပါ... အဲဒီတုန်းက စီနီယာလျိုခန်းနဲ့ ဝူထိုက်ယွဲ့တို့က စီနီယာလော့ချန်ရဲ့ အသက်ကို ယူဖို့ ကြိုးစားခဲ့ကြတာမလို့ စီနီယာလော့ချန်က မတတ်သာဘဲ ပြန်ခုခံခဲ့ရတာပါ... စီနီယာလော့ချန်က သွေးဝိညာဉ်ဂိုဏ်းဝင်တွေ လက်ထဲကနေ ကျွန်မတို့ရဲ့ အသက်တွေကိုတောင်ကယ်ခဲ့ပါသေးတယ်...”

“ဟုတ်ပါတယ်... ကျွန်မလည်း အဲဒီမှာ ရှိနေခဲ့တာပါ... စီနီယာလော့ချန်အတွက် ကျွန်မ သက်သေခံနိုင်ပါတယ်...”

“စီနီယာလော့ချန်က ကျွန်တော့်ကိုကယ်ခဲ့တာပါ...”

“စီနီယာချီယွီက စီနီယာလော့ချန်ကို နောက်ကနေ တိတ်တဆိတ် လုပ်ကြံခဲ့တာပါ... နောက်ဆုံးတော့မှ စီနီယာလော့ချန်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရတာပါ...”

“ဟုတ်ပါတယ်... စီနီယာလော့ချန်က သွေးဝိညာဉ်ဂိုဏ်းဝင် အမြောက်အမြားကို သတ်ခဲ့တာလေ... သူက သွေးဝိညာဉ်ဂိုဏ်းသူလျှို ဖြစ်စရာ အကြောင်းမရှိဘူး...”

လော့ချန်သည် နက်မှောင်တောင်တန်းသို့ ဝင်ရောက်လာကတည်းက လမ်းတစ်လျှောက်တွင် လူပေါင်း မည်မျှကိုကယ်တင်ခဲ့သည်ကို သူကိုယ်တိုင်ပင် မသိတော့ပေ။

ရွှယ်လန် ရှေ့ဆောင်လိုက်သည်နှင့် လူများမှာ တစ်ဦးပြီးတစ်ဦး ထွက်လာကြကာ လော့ချန်ဘက်မှ ရပ်တည်၍ စကားပြောပေးနေကြတော့သည်။ ထိုအထဲတွင် မင်းသားတန်းဝင် အဖွဲ့ဝင်အချို့ပင် ပါဝင်နေပြီး သူတို့မှာ အတော်ကြာ တွန့်ဆုတ်နေခဲ့သော်လည်း နောက်ဆုံးတွင်မူ ရှေ့သို့ ထွက်လာခဲ့ကြခြင်း ဖြစ်၏။

လော့ချန်သည် ထိုသူများကို လေးနက်စွာ တစ်ချက်ကြည့်လိုက်မိသည်။

“...”

ရှောင်ပိုင်ဖုန်းမှာ ကိစ္စရပ်များမှာ ဤအဆင့်သို့ ရောက်ရှိလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူသည် မိုးကြိုးအလား ပြင်းထန်သော အရှိန်အဝါဖြင့် လော့ချန်ကို အပြစ်ပေးရန်၊ မသတ်လျှင်တောင်မှ အခွင့်အရေးယူကာ အစွမ်းများကို ဖျက်ဆီးပစ်ရန် ကြံစည်ထားသော်လည်း ယခုကဲ့သို့ လူအများအပြား လော့ချန်ဘက်မှ ရပ်တည်ပေးနေကြသည်ကို မြင်ရသည့်အခါ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်သွားတော့သည်။

ထိုအချိန်တွင် တစ်ချိန်လုံး စကားမပြောဘဲ နေခဲ့သည့် ယွမ်ချင်းယင်မှာ ရှေ့သို့ ထွက်လာကာ အသံခပ်ကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။

“လော့ချန် လူသတ်ခဲ့တာကတော့ အမှန်တရားပဲ... သူမှာ အပြစ်ရှိတယ်၊ မရှိဘူး ဆိုတာကိုတော့ ငါတို့ ဘယ်သူမှ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး... သူ့ကို ဂိုဏ်းကို ပြန်ခေါ်သွားပြီးတော့မှ ပြစ်ဒဏ်စီရင်ရေးခန်းမက အကြီးအကဲတွေဆီမှာ စစ်ဆေးခံရမှာပဲ... ဒါပေမဲ့...”

စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး ယွမ်ချင်းယင်သည် လော့ချန်ကို အကဲခတ်သည့် အကြည့်များဖြင့် စိုက်ကြည့်ကာ ဆိုလိုက်သည်။

“အမှားအယွင်း တစ်စုံတစ်ရာ မဖြစ်ရလေအောင် အခုကစပြီး မင်းကို ငါတို့ ထိန်းသိမ်းထားရမှာပဲ... စိတ်ချပါ... ငါ ရှိနေသရွေ့တော့ မင်းကို ဘယ်သူမှ မထိခိုက်စေရဘူး...”

ယွမ်ချင်းယင်မှာ လော့ချန်အတွက် စဉ်းစားပေးနေသကဲ့သို့ ပြောဆိုနေခြင်း ဖြစ်သည်။

သူသည် လော့ချန်၏ အသက်ကို စိတ်မဝင်စားပေ။

သို့သော်လည်း လော့ချန်မှာ အလွန်ပင် မြန်ဆန်စွာ တိုးတက်လာခဲ့သည်မဟုတ်ပါလော။ အတွင်းစည်းသို့ ရောက်ရှိလာသည်မှာ တစ်နှစ်ကျော်မျှသာ ရှိသေးသော်လည်း ယခုကဲ့သို့ အဆင့်သို့ ရောက်ရှိလာခြင်းမှာ ယခင်က ရွှမ်ယွမ်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်ဟု တင်စားခြင်းခံရသည့် ယွမ်မန်လီ ထက်ပင် သာလွန်နေတော့သည်။

အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားသူတစ်ဦးမှာ ဤမျှအထိ အလားအလာ ရှိစရာ အကြောင်းမရှိပေ။

ယွမ်ချင်းယင်သည် လော့ချန်၏ကိုယ်ပေါ်တွင် မည်သည့်လျှို့ဝှက်ချက်များ ရှိနေသနည်းဆိုသည်ကို အခွင့်အရေးယူ၍ စမ်းသပ်ကြည့်လိုခြင်း ဖြစ်၏။

“မင်းရဲ့ကိုယ်ပေါ်မှာ ရှိတဲ့ အရာအားလုံးကို ထုတ်ပေးလိုက်စမ်း... ဂိုဏ်းကို ပြန်ရောက်ရင်တော့ ပြစ်ဒဏ်စီရင်ရေးခန်းမက အကြီးအကဲတွေဆီ ငါ ပေးအပ်ပြီး စစ်ဆေးခိုင်းလိုက်မယ်...”

ယွမ်ချင်းယင်က လက်ဖဝါးကို ဖြန့်ကာ ဆိုလိုက်သည်။

“မပေးနိုင်ဘူး...”

လော့ချန်၏ အကြည့်မှာ ထက်မြက်လှသည်။ သူ၏ကိုယ်ပေါ်တွင် သန်းထောင်ချီသော ဧရာမ ပိုင်ဆိုင်မှုများ ရှိနေသလို သူ ကျင့်ကြံထားသည့် သိုင်းပညာများနှင့် လျှို့ဝှက်ကျင့်စဉ်များကို အခြားသူတစ်ဦး၏ လက်ထဲသို့ မည်သို့လျှင် အလွယ်တကူ ပေးအပ်နိုင်ပါမည်နည်း။

ဘာမှမရှိလျှင်ပင် သူသည် ခေါင်းငုံ့ပြီး ပေးအပ်မှာ မဟုတ်ပေ။ ဤသည်က မိမိကိုယ်ကိုယ် တန်ဖိုးထားမှုနှင့် ဆိုင်ပေသည်။

“ငါက မင်းကို ကူညီပေးနေတာလေ... ဒါမှမဟုတ် မင်းရဲ့ကိုယ်ပေါ်မှာ သူများမသိစေချင်တဲ့ လျှို့ဝှက်ချက်တွေ တကယ်ပဲ ရှိနေလို့လား...”

ယွမ်ချင်းယင်က လေသံကို မြှင့်ကာ ဆိုလိုက်သည်။

“သူနဲ့ အပိုစကားတွေ ပြောမနေနဲ့တော့... သူ့ကို အရင် ထိန်းသိမ်းလိုက်တာပေါ့...”

ရှောင်ပိုင်ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ငါးချောင်းကို ဖြန့်လိုက်သည်။

“ဝုန်း...”

ချီစွမ်းအင် လက်ဝါးကြီးတစ်ခုမှာ လော့ချန်ကို ဖမ်းစီးရန်အတွက် ချက်ချင်းပင် ဆွဲဖမ်းလိုက်တော့သည်။

“ငါ့အတွက် ပွင့်ထွက်စမ်း...”

လော့ချန်မှာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ရာ အကြည့်မှာ အေးစက်သွားခဲ့ပြီး ဟိန်းဟောက်လိုက်ကာ တစ်ကိုယ်လုံးရှိ အင်အားများကို စုစည်းလျက် လက်သီးတစ်ချက် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

“ဘုန်း...”

အိုးပုံသဏ္ဌာန် လက်သီးချီတစ်ခုမှာ ဟင်းလင်းပြင်ကို ခွင်း၍ ထွက်ပေါ်လာတော့သည်။

နဂါးကျင့်စဉ်ကို ထုတ်မသုံးသည်မှလွဲ၍ ဤလက်သီးချက်မှာ လော့ချန်၏ ၁၂ ဆသော အင်အားများ ပါဝင်နေခြင်း ဖြစ်၏။

သို့သော်လည်း ရှောင်ပိုင်ဖုန်းမှာ ကောင်းကင်နယ်ပယ် မဟာသန်မာသူကြီး တစ်ဦး ဖြစ်ရာ သူ သာသာယာယာ ထုတ်ဖော်လိုက်သော လက်ဝါးချက်မှာပင် အလွန်ပင် ပြင်းထန်လှပေသည်။ ချီစွမ်းအင် လက်ဝါးကြီးမှာ အိုးပုံသဏ္ဌာန် လက်သီးချီကို တစ်ခဏချင်းမှာပင် ကြိတ်ခြေပစ်လိုက်ပြီး လော့ချန်ကို ဆက်လက်၍ ဖမ်းဆုပ်လိုက်သည်။

“ပွင့်စမ်း...”

“ပွင့်စမ်း...”

“ပွင့်စမ်း...”

...

လော့ချန်၏ကိုယ်ဟန်မှာ အနောက်သို့ လွင့်စဉ်သွားစဉ် သူသည် သွားကို တင်းတင်းကြိတ်ကာ ခန္ဓာကိုယ်အတွင်းရှိ သွေးကြော ၈၁ ခုလုံးကို အစွမ်းကုန် နှိုးဆွလိုက်ပြီး လက်နှစ်ဖက်ဖြင့် ခုနစ်ချက်၊ ရှစ်ချက်ခန့် ဆက်တိုက် ထိုးနှက်လိုက်သည်။ လက်သီးချက်တိုင်းမှာ တောင်ကြီးတစ်လုံးအလား လေးလံလှသလို မိုးကြိုးအလား ပြင်းထန်လှသဖြင့် လေထုမှာ ရူးသွပ်စွာ တုန်ခါသွားခဲ့ပြီး မြေပြင်များလည်း တစ်လွှာပြီးတစ်လွှာ ပြိုလဲသွားရတော့သည်။

“ခွမ်း...”

နောက်ဆုံးတွင်မူ ချီစွမ်းအင် လက်ဝါးကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

“ဘုန်း...”

လော့ချန်သည် မီတာထောင်ချီ အနောက်သို့ ဆုတ်ခွာသွားခဲ့ပြီး မြေပြင်ပေါ်သို့ ခြေချလိုက်သည့်အခါ သူ၏ အသက်ရှူသံမှာ ပြင်းထန်နေခဲ့ပြီး လက်နှစ်ဖက်စလုံးမှာလည်း ထုံကျဉ်နေတော့သည်။

ယခုအချိန်တွင် သူ၏ကိုယ်ပေါ်ရှိ အဝတ်အစားများမှာ ပြတ်တောက်နေခဲ့ပြီး အတွင်းမှ ကြံ့ခိုင်လှသော ကြွက်သားများမှာ ပေါ်ထွက်နေကာ ထိုအသားစများပေါ်တွင် လျှပ်စစ်လက်ခုပ်သံများ ထွက်ပေါ်နေသဖြင့် ပြင်းထန်လှသော အရှိန်အဝါတစ်ခုကို ဖော်ပြနေတော့သည်။

“မဟာအကြီးအကဲမင်ရဲ့ မိုးကြိုးသုံးဆင့်စွမ်းရည်ပဲ...”

ယွမ်ချင်းယင် အနည်းငယ် အံ့အားသင့်သွားရသည်။

ရွှမ်ယွမ်ဂိုဏ်း၏ အပြင်းထန်ဆုံးသော ကိုယ်ခန္ဓာကျင့်စဉ်ဖြစ်သည့် မိုးကြိုးသုံးဆင့်စွမ်းရည်ကို သူ မသိဘဲ မနေပေ။ သို့သော်လည်း လော့ချန်သည် မဟာအကြီးအကဲမင်၏ တိုက်ရိုက်တပည့် ဖြစ်လာသည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း ဤမျှအမြန် ဤကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

“စိတ်ဝင်စားဖို့ ကောင်းသားပဲ...”

ယွမ်ချင်းယင်သည် လော့ချန်ကို စိုက်ကြည့်လျက် အကြည့်မှာ ပိုမို၍ နက်ရှိုင်းလာကာ တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။ လော့ချန်ကို မဖမ်းဆုပ်နိုင်ခဲ့သဖြင့် ရှောင်ပိုင်ဖုန်း၏ မျက်နှာမှာ ပိုမို၍ ကြည့်ရဆိုးလာခဲ့ပြီး အေးစက်စွာ ဆိုလိုက်သည်။

“မင်းက ငါ့ကို ပြန်ခုခံချင်တာလား... အခု မင်းကို အခွင့်အရေး တစ်ခုပေးမယ်... မင်းဘာသာမင်း အသာတကြည် အဖမ်းခံမလား... မဟုတ်ရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့...”

‘တောက်... တစ်နေ့ကျရင်တော့ မင်းကိုငါ သေချာပေါက် သတ်ပစ်မယ်...’

လော့ချန်သည် ရှောင်ပိုင်ဖုန်းကို စိုက်ကြည့်လျက် စိတ်ထဲမှ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာတော့သည်။

သို့သော်လည်း သူ သိရှိသည်မှာ သူသည် နဂါးကျင့်စဉ်ကို သုံး၍ အထွတ်အထိပ် တိုက်ခိုက်မှုစွမ်းအားကို ထုတ်ဖော်လျှင်ပင် ကောင်းကင်နယ်ပယ် မဟာသန်မာသူကြီး ဖြစ်သော ရှောင်ပိုင်ဖုန်းရှေ့တွင် အခွင့်အရေး လုံးဝ မရှိသည်မှာ အမှန်ပင် ဖြစ်၏။

မဟာသန်မာသူကြီးများသည် ကောင်းကင်နှင့်မြေပြင်၏ ချီစွမ်းအင်များကို မိမိစိတ်ကြိုက် အသုံးပြုနိုင်ကြသူများ ဖြစ်ကြပြီး လှုပ်ရှားမှုတိုင်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများနှင့် ကောင်းကင်နှင့်မြေပြင် ကွာခြားသကဲ့သို့ ရှိနေသည်မဟုတ်ပါလော။

ယခုအချိန်တွင် လမ်းတစ်ခုတည်းသာ ကျန်ရှိတော့သည်။

လော့ချန်သည် လော့ရှားဂိုဏ်း အခြေစိုက်သည့် အရပ်မျက်နှာသို့ လှမ်းကြည့်လိုက်ပြီး ယင်းလီ ထံသို့ အကူအညီတောင်းရန် ပြင်လိုက်သည်။

“စီနီယာဟုန်... ဒီလူက လော့ချန် ပဲ...”

ထိုအချိန်တွင် အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့ရာ ၎င်းမှာ လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းဘုရင် ယွမ်ထျန်ယန်ပင် ဖြစ်၏။

ယွမ်ထျန်ယန်သည် မျက်နှာထောင့်မှန်ပုံစံနှင့် နားရွက်ကြီးသည့် တောင့်တင်းသော လူငယ်တစ်ဦး၏ ဘေးတွင် လိုက်ပါလာခဲ့ပြီး လော့ချန်ကို အေးစက်စွာ စိုက်ကြည့်နေတော့သည်။

သူတို့၏ အနောက်တွင်မူ လျှပ်ယွမ်ဂိုဏ်း တပည့်အုပ်စုတစ်စု ပါဝင်နေခဲ့ပြီး တပည့်နှစ်ဦးမှာ လူတစ်ယောက်ကို ထမ်းပိုးလာကြသည်။

ထိုသူမှာ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေခဲ့ပြီး လက်နှစ်ဖက်စလုံးမှာလည်း အရိုးဖြူဖြူများသာ ကျန်ရှိနေတော့သည့် လျိုကျွယ် မှတစ်ပါး အခြားသူ မဟုတ်ပေ။

‘အခြေအနေ မဟန်တော့ဘူး...’

ထိုသူများကို မြင်လိုက်ရသည့်အခါ လော့ချန်၏ မျက်နှာမှာ တစ်ခဏချင်း ပြောင်းလဲသွားတော့သည်။

လျှပ်ယွမ်ဂိုဏ်းမှ လူများ ဤနေရာသို့ ရောက်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ၎င်းအပြင် သူ လော့ရှားဂိုဏ်းဘက်သို့ သွားမည့်လမ်းကိုလည်း ထိုသူများက ပိတ်ဆို့ထားကြသည်မဟုတ်ပါလော။

ယခုမူ ရှေ့တွင် ကျား၊ နောက်တွင် ခွေး ဆိုသကဲ့သို့ ဖြစ်နေတော့သည်။

မျက်နှာလေးထောင့်ပုံစံနှင့် လူငယ်သည် လော့ချန်ကို အထက်စီးမှ ကြည့်လိုက်ပြီး သူ၏ကိုယ်မှ ပြင်းထန်လှသော အရှိန်အဝါများကို ထုတ်ဖော်ကာ ဆိုလိုက်သည်။

“ကောင်လေး... မင်း တော်တော်လေး သတ္တိကောင်းတာပဲ... ငါတို့ လျှပ်ယွမ်ဂိုဏ်းက လူကို ဒီလောက်အထိ ရက်ရက်စက်စက် လုပ်ဝံ့တယ်ပေါ့... ငါတို့ လျှပ်ယွမ်ဂိုဏ်းမှာ လူမရှိဘူးလို့ မင်း ထင်နေတာလား...”

“စီနီယာဟုန်... အပိုစကားတွေ ပြောမနေပါနဲ့တော့... သူ့ကို လျှပ်ယွမ်ဂိုဏ်းကို ဖမ်းခေါ်သွားပြီးမှပဲ အေးအေးဆေးဆေး စစ်မေးကြတာပေါ့...”

“ဟုတ်တယ်... စီနီယာလျိုကျွယ်ကို အခုလို ဖြစ်အောင် လုပ်ခဲ့တဲ့အတွက် သူ့ကို အဆပေါင်း ထောင်ချီပြီး ပြန်ပေးဆပ်ခိုင်းရမယ်...”

လျှပ်ယွမ်ဂိုဏ်း တပည့်များမှာ သတ်ဖြတ်လိုသော အာရုံများဖြင့် ပြည့်နှက်နေကြသည်။ ဂိုဏ်းနှစ်ခုမှာ အမြဲတမ်း တိုက်ခိုက်နေကြသူများ ဖြစ်ကြသလို ရွှမ်ယွမ်ဂိုဏ်းမှာ ယခင်နှစ်များက အားနည်းနေခဲ့သဖြင့် လျှပ်ယွမ်ဂိုဏ်းအနေနှင့် ယခုကဲ့သို့ အရှုံးမျိုး မကြုံတွေ့ခဲ့ရသည်မှာ ကြာပြီ ဖြစ်ပေသည်။

ယွမ်ထျန်ယန်သည် လော့ချန်ကို နာကျည်းစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဆိုလိုက်သည်။

“စီနီယာဟုန်... သူ့ကို ကျွန်တော့်လက်ထဲပဲ အပ်လိုက်ပါ... စီနီယာလျိုကျွယ် အတွက် ကျွန်တော်ကိုယ်တိုင် ရန်ကြွေး ပြန်တောင်းပေးချင်လို့ပါ...”

လျိုကျွယ်မှာ သူ၏မျက်စိရှေ့တွင်ပင် အစွမ်းများ ပျက်စီးသွားခဲ့ခြင်း ဖြစ်ရာ အကယ်၍ လော့ချန်ကို သူကိုယ်တိုင် မသတ်နိုင်ခဲ့မည်ဆိုပါက သူ၏ ဂိုဏ်းကြီးသုံးဂိုဏ်း အတွင်းစည်းဘုရင် ဆိုသည့် သိက္ခာမှာ မည်သည့်နေရာတွင် ရှိတော့မည်နည်း။

အခန်း ၆၅၅ ပြီးပါပြီ။

အခန်း ၆၅၆ - အဆပေါင်းများစွာ ပေးဆပ်ခိုင်းခြင်း... တိုက်ရိုက်တပည့်ချင်း ထိပ်တိုက်တွေ့ခြင်း...

မျက်နှာလေးထောင့်ပုံစံနှင့်လူငယ်၏ အမည်မှာ ဟုန်ကျွမ်းဖြစ်ပြီး လျှပ်ယွမ်ဂိုဏ်း၏ ထိပ်သီးတိုက်ရိုက်တပည့် ၁၀ ဦးထဲမှတစ်ဦးဖြစ်သလို ကောင်းကင်နယ်ပယ် မဟာသန်မာသူတစ်ဦးလည်း ဖြစ်သည်။ သူသည်လော့ချန်ကို အထက်စီးမှတစ်ချက်ကြည့်လိုက်ပြီး ယွမ်ထျန်ယန်ကို အသာအယာခေါင်းညိတ်ပြလျက် ဆိုသည်။

“မင်းက လျိုကျွယ်အတွက် ရန်ကြွေး ပြန်တောင်းချင်တယ်ဆိုတော့ သူ့ကို မင်းလက်ထဲပဲ အပ်လိုက်မယ်... သူက လျိုကျွယ်ရဲ့ လက်နှစ်ဖက်ကို ဖျက်ဆီးခဲ့တာဆိုတော့ မင်းလည်း သူ့ရဲ့ လက်နှစ်ဖက်ကိုပဲ ပြန်ပြီး ဖျက်ဆီးပစ်လိုက်ပေါ့...”

“အဲဒီလောက်နဲ့တော့ သူ့အတွက် သက်သာလွန်းနေမှာပေါ့... စီနီယာလျိုကျွယ်က ကြယ်ခုနစ်ပွင့် ဓားသိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ ပါရမီရှင်တစ်ယောက်လေ... အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ ဒီလို အသုံးမကျတဲ့ကောင်က ဘာနဲ့ လာယှဉ်မှာလဲ... ငါက သူ့ကို အဆပေါင်းများစွာ ပြန်ပြီး ပေးဆပ်ခိုင်းရမယ်... ငါတို့ လျှပ်ယွမ်ဂိုဏ်းကို လာပြီး ရန်စရင် ဘယ်လို အကျိုးဆက်မျိုး ကြုံရမလဲဆိုတာ လူတိုင်း သိသွားအောင် လုပ်ပြရမှာပဲ...”

ယွမ်ထျန်ယန်၏လေသံမှာ အေးစက်လှပေသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် လော့ချန်ထံသို့ တစ်လှမ်းချင်း လမ်းလျှောက်လာခဲ့ပြီး သူ၏အကြည့်မှာ နတ်ဘုရားတစ်ပါးအလား တည်ငြိမ်အေးစက်နေကာ ဆိုလိုက်သည်။

“လော့ချန်... မင်းရဲ့ လက်နှစ်ဖက်၊ ခြေနှစ်ဖက်ကို မင်းဘာသာမင်း အခုချက်ချင်း ချိုးပစ်လိုက်မယ်ဆိုရင်တော့ ငါ မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်...”

လက်နှစ်ဖက်၊ ခြေနှစ်ဖက်ကို ကိုယ်တိုင်ချိုးခိုင်းခြင်းလား... လော့ချန်၏မျက်ဝန်းထဲ၌ အေးစက်လှသော အလင်းတန်းတစ်ခု ဝင်းလက်သွားသည်။

တစ်ဖက်လူက မိမိကိုယ်မိမိ ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတွင်းစည်းဘုရင်အဖြစ် တကယ်ကို သတ်မှတ်ထားပုံရပေသည်။ အကယ်၍သာ သူသည်ယခုကဲ့သို့ အကျပ်အတည်းနှင့် မကြုံတွေ့နေရလျှင် ယွမ်ထျန်ယန်ကို လူဖြစ်အောင် မည်သို့ နေထိုင်ရမည်နည်းဆိုသည်ကို သေချာပေါက် သင်ခန်းစာ ပေးလိုက်မှာဖြစ်သည်။ အတွင်းစည်း၏ စစ်မှန်သော ဘုရင်မှာ မည်သူဖြစ်သည်ကို တစ်ဖက်လူ သိသွားအောင် သူ ပြုလုပ်ချင်နေမိသည်။ သို့သော်လည်း ယခုအချိန်မှာမူ ထိုသို့ ပြုလုပ်ရန် အချိန်မဟုတ်ပေ။

“နေဦး...”

လော့ချန် မည်သို့ ရုန်းထွက်ရမည်နည်းဟု စဉ်းစားနေစဉ်မှာပင် အေးစက်လှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရှောင်ပိုင်ဖုန်းသည် ရှေ့သို့ လမ်းလျှောက်လာခဲ့သည်။ သူသည်ဟုန်ကျွမ်းကို မြင်သည့်အခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဆိုသည်။

“ဟုန်ကျွမ်း... မင်းတို့ လျှပ်ယွမ်ဂိုဏ်းက လက်တွေက တော်တော်လေး ရှည်နေတာပဲလား... လော့ချန်... မင်း ဒီကို လာခဲ့စမ်း...”

နောက်ဆုံးစကားလုံးမှာ လော့ချန်ကို ပြောဆိုခြင်း ဖြစ်သည်။ လော့ချန်မှာမူ မလှုပ်ရှားပေ။ ယခုအချိန်တွင် ထိုသူ့ထံသို့ သွားခြင်းမှာ ကျားတွင်းထဲသို့ မိမိဘာသာ ဝင်သွားခြင်းနှင့် အတူတူပင် မဟုတ်ပါလော။

“ဝှစ်...”

ဟုန်ကျွမ်း၏ကိုယ်ဟန်မှာ ယွမ်ထျန်ယန်၏ဘေးတွင် ဆင်းသက်လိုက်ပြီး ရှောင်ပိုင်ဖုန်းကို ကြည့်ကာ အေးစက်စွာ လှောင်ပြုံးလျက် ဆိုသည်။

“ရှောင်ပိုင်ဖုန်း... လော့ချန်က ငါတို့ ဂိုဏ်းက လျိုကျွယ်ကို အစွမ်းတွေ ပျက်စီးသွားအောင် လုပ်ခဲ့တာလေ... လျိုကျွယ်ရဲ့ ဆရာက ဘယ်သူလဲဆိုတာ မင်းလည်း သိမှာပါ... ဒါကြောင့် သူ့ကို ငါတို့ ဂိုဏ်းကို ဖမ်းခေါ်သွားပြီးမှ စစ်ဆေးမှုတွေ လုပ်ရမှာပဲ...”

“ဘုန်း...”

စကားပြောနေစဉ်မှာပင် ပြင်းထန်လှသော အရှိန်အဝါတစ်ခုမှာ ဟုန်ကျွမ်း၏ကိုယ်ပေါ်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်တွင်လည်း ပူပြင်းလှသော လေပြင်းများ တိုက်ခတ်လာတော့သည်။ ဤအရှိန်အဝါ ရိုက်ခတ်မှုကြောင့် ရှောင်ပိုင်ဖုန်း၏မျက်နှာမှာပင် အနည်းငယ် ပြောင်းလဲသွားရသည်။ သူသည်သာမန် တိုက်ရိုက်တပည့်တစ်ဦးသာ ဖြစ်သလို မြေကမ္ဘာနယ်ပယ် မဟာသန်မာသူတစ်ဦးလည်း ဖြစ်ရာ လျှပ်ယွမ်ဂိုဏ်း၏ ထိပ်သီးတိုက်ရိုက်တပည့် ၁၀ ဦးထဲမှတစ်ဦးဖြစ်သော ဟုန်ကျွမ်းနှင့် ယှဉ်လျှင်မူ အတော်ပင် ကွာခြားနေတော့သည်။

ရှောင်ပိုင်ဖုန်းသည် အသက်ကို ဝဝရှူလိုက်ပြီး ပြတ်သားစွာ ဆိုလိုက်သည်။

“အဲဒါတော့ မဖြစ်နိုင်ဘူး...”

သူသည်လော့ချန်ကို မင်းသားတန်း၏ ဆူးတစ်ချောင်းအဖြစ် သတ်မှတ်ထားသဖြင့် မိမိကိုယ်တိုင်ပင် အစွမ်းများကို ဖျက်ဆီးပစ်ချင်နေမိသော်လည်း မိမိက တိုက်ခိုက်ခြင်းနှင့် လျှပ်ယွမ်ဂိုဏ်းသားများ လက်ထဲသို့ လူအပ်ခြင်းမှာ ကွာခြားလှပေသည်။ ဂိုဏ်းနှစ်ခုမှာ ရာစုနှစ်နှင့်ချီ၍ တိုက်ခိုက်လာခဲ့ကြသူများ ဖြစ်သလို ရန်ငြိုးများမှာလည်း မရေမတွက်နိုင်အောင် ရှိနေသည်မဟုတ်ပါလော။

အကယ်၍သာ လော့ချန်ကို လျှပ်ယွမ်ဂိုဏ်းသားများ လက်ထဲသို့ အပ်လိုက်မည်ဆိုပါက ရွှမ်ယွမ်ဂိုဏ်း၏ သိက္ခာမှာ ဘယ်မှာ ရှိတော့မည်နည်း။ သူကိုယ်တိုင်လည်း မိမိကိုယ်ကိုယ် တန်ဖိုးထားမှုကို ဆုံးရှုံးသွားရမှာဖြစ်သလို ရွှမ်ယွမ်ဂိုဏ်း၏ အပြစ်သားတစ်ဦးလည်း ဖြစ်သွားမှာ သေချာလှပေသည်။

“ဝုန်း...”

ဟုန်ကျွမ်းသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ သူ၏ကိုယ်ပတ်ပတ်လည်တွင် မီးလျှံချီစွမ်းအင်များမှာ လှည့်ပတ်နေခဲ့ပြီး မျက်ဝန်းထဲမှ အလင်းတန်းများမှာလည်း သံအပ်များအလား ထက်မြက်လှပေသည်။

“ဒီကိစ္စကတော့ ညှိနှိုင်းလို့ မရဘူး... ဘယ်သူမှလည်း ငါ့ကို မတားနိုင်ဘူး... ကောင်လေး... ဒီကို လာခဲ့စမ်း...”

“ဝုန်း...”

စကားပြောနေစဉ်မှာပင် ဟုန်ကျွမ်းသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပြင်းထန်လှသော ဆွဲငင်အားတစ်ခု ပေါ်ထွက်လာခဲ့ပြီး လော့ချန်ကို အပြည့်အဝ လွှမ်းခြုံသွားတော့သည်။

“ဖြတ်စမ်း...”

လော့ချန်မှာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ရာ လျှစ်စီးဓားကို ဆွဲထုတ်လိုက်ပြီး အရာအားလုံးကို ဖျက်ဆီးနိုင်သော ဓားဆန္ဒဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။ သို့သော်လည်း ဓားချီမှာ တစ်ခဏချင်းမှာပင် ရွှံ့နွံထဲသို့ ကျရောက်သွားသကဲ့သို့ ပျောက်ကွယ်သွားရတော့သည်။ လော့ချန်သည် မိမိ၏ခန္ဓာကိုယ်မှာ လေးလံမှု မရှိတော့ဘဲ ထိုဆွဲငင်အားနောက်သို့ မတတ်သာဘဲ ပါသွားတော့မည့်အလား ခံစားလိုက်ရသည်။

“ဟွန့်...”

နောက်ထပ် ပြင်းထန်လှသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့ပြီး စိမ်းလဲ့သော ချီစွမ်းအင်တစ်ခုမှာ ဟင်းလင်းပြင်ကို ခွင်း၍ ရောက်ရှိလာခဲ့ကာ ထိုဒြပ်မဲ့လှသော ဆွဲငင်အားကို ဆွဲဖြဲပစ်လိုက်တော့သည်။

“ရှူး...”

“ဖန်း...”

လော့ချန်၏ခန္ဓာကိုယ်မှာ ပေါ့ပါးသွားခဲ့ပြီး မြေပြင်ပေါ်သို့ ခြေချလိုက်သည့်အခါ မဟာသန်မာသူကြီးများ၏ အစွမ်းမှာ တကယ်ကို သန်မာလှကြောင်းနှင့် မိမိအနေနှင့် ယခုအချိန်တွင် မည်သို့မျှ မယှဉ်နိုင်ကြောင်းကို စိတ်ထဲမှ တုန်လှုပ်စွာ သိရှိလိုက်ရသည်။ ယွမ်ချင်ယင်သည် ဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့ပြီး ရှောင်ပိုင်ဖုန်း၏ဘေးတွင် ရပ်လျက် ဟုန်ကျွမ်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ဟုန်ကျွမ်း... မင်း တော်တော်လေးကို လွန်လာပြီနော်... ငါတို့ ရွှမ်ယွမ်ဂိုဏ်းက မင်း စိတ်ကြိုက် နှိပ်စက်လို့ရတဲ့ နေရာ မဟုတ်ဘူး...”

ဟုန်ကျွမ်းသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ယွမ်ချင်ယင်ကို မြင်ရသည့်အခါ တစ်ချက် မျက်မှောင်ကြုတ်လိုက်ကာ မထီမဲ့မြင် ပြုံးလျက် ဆိုသည်။

“ဟဲဟဲ... ဘယ်သူလဲလို့ ကြည့်လိုက်တာ... ရွှမ်ယွမ်ဂိုဏ်းရဲ့ ထိပ်သီးတိုက်ရိုက်တပည့် ၁၀ ဦး ဟောင်း ဖြစ်တဲ့ ယွမ်ချင်ယင် ပါလား... ယွမ်ချင်ယင်... ယွမ်မန်လီနဲ့ ကျိတော့ဂိုဏ်းက ယဲ့ထျန်ရှင်းတို့ တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ သူမက အခုထိ သတင်းအစအန မရှိဘဲ ပျောက်ဆုံးနေတာလေ... ဒါက မင်းအတွက်တော့ အခွင့်အရေးကောင်းပေါ့... တိုက်ရိုက်တပည့် ၁၀ ဦး ထဲကို ပြန်ဝင်ဖို့ လွယ်သွားတာပေါ့... ဂုဏ်ယူပါတယ်... ဂုဏ်ယူပါတယ်......”

“မင်း သေချင်နေတာပဲ...”

ယွမ်ချင်ယင်၏မျက်မှောင်များမှာ လှုပ်ရှားသွားခဲ့ပြီး မျက်ဝန်းအစုံတွင်လည်း အဆုံးမရှိသော ဒေါသများ ပြည့်နှက်နေကာ မျက်နှာမှာလည်း အတော်ပင် ရက်စက်လှပေသည်။ ယွမ်မန်လီကို ရှုံးနိမ့်ခဲ့ပြီး တိုက်ရိုက်တပည့် ၁၀ ဦး အဆင့်အတန်းကို ဆုံးရှုံးခဲ့ရခြင်းမှာ ယွမ်ချင်ယင်၏စိတ်ထဲမှ ဆူးတစ်ချောင်းအလား အမြဲတမ်း ရှိနေခဲ့ခြင်းဖြစ်သည်။ သူသည်ယွမ်မန်လီကို မိမိကိုယ်တိုင် ပြန်လည်အနိုင်ယူပြီး မိမိပိုင်ဆိုင်ခဲ့သမျှကို ပြန်လယူရန်အတွက် အမြဲတမ်း အိပ်မက်မက်နေခဲ့သူဖြစ်သည်။ ယခုအခါ ထိုကိစ္စကို လူအများရှေ့တွင် ဟုန်ကျွမ်းက လာရောက်လှောင်ပြောင်နေသဖြင့် ယွမ်ချင်ယင်၏ရင်ဘတ်မှာ ပေါက်ကွဲထွက်တော့မည့်အလား ဒေါသထွက်နေတော့သည်။

“ဟုန်ကျွမ်း... ဒီနေ့တော့ မင်းလိုမျိုး တိုက်ရိုက်တပည့် ၁၀ ဦး ထဲက တစ်ယောက်ရဲ့ အစွမ်းကို ငါ သေချာပေါက် သင်ခန်းစာ ပေးရမှာပဲ...”

အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်ပြီးနောက် ယွမ်ချင်ယင်၏ကိုယ်ဟန်မှာ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။

“ဘုန်း...”

ကောင်းကင်ယံထက်တွင် သူ၏ကိုယ်ပတ်ပတ်လည်၌ စိမ်းလဲ့သော မီးလျှံ ခြောက်ခုမှာ ရူးသွပ်စွာ လောင်ကျွမ်းလာခဲ့ပြီးကမ္ဘာကြီးတစ်ခုလုံးကိုပင် စိမ်းဖန့်ဖန့် အရောင်များ ဖုံးလွှမ်းသွားစေတော့သည်။

“ဒါဆိုရင်လည်း... ဒီနေ့တော့ မင်းကိုပါ တစ်ခါတည်း ရှင်းပစ်ရမှာပေါ့...”

ဟုန်ကျွမ်းက အေးစက်စွာ လှောင်ပြုံးလိုက်ပြီး သူ၏ကိုယ်ဟန်မှာ မီးလျှံအလင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ လေထုကို ကြိတ်ခြေလျက် အနောက်သို့ လိုက်ပါသွားတော့သည်။

“မြန်မြန် ကြည့်ကြစမ်း... လျှပ်ယွမ်ဂိုဏ်းက ဟုန်ကျွမ်းနဲ့ ရွှမ်ယွမ်ဂိုဏ်းက ယွမ်ချင်ယင်တို့ တိုက်ခိုက်တော့မယ်......”

“လျှပ်ယွမ်ဂိုဏ်းနဲ့ ရွှမ်ယွမ်ဂိုဏ်းက ရေနဲ့မီးလိုပဲလေ... ဒီတစ်ခေါက် လျှပ်ယွမ်ဂိုဏ်းရဲ့ ဒုတိယတပည့် လျိုကျွယ်က လော့ချန်ရဲ့ လက်ချက်နဲ့ အသုံးမကျတဲ့သူ ဖြစ်သွားရတာဆိုတော့... အမြဲတမ်း ရမ်းကားတတ်တဲ့ လျှပ်ယွမ်ဂိုဏ်းက ဘယ်လိုလုပ်ပြီး ဒီအတိုင်း ငြိမ်ခံနေပါ့မလဲ......”

“အမှန်အတိုင်း ပြောရရင်... လော့ချန်ရဲ့ အစွမ်းက ငါ့ကိုတောင် မနာလိုဖြစ်စေတယ်... အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားပါလျက်နဲ့ အစွမ်းတွေက ဒီလောက်အထိ မြန်မြန် တိုးတက်လာတာလေ... ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းကို ဝင်တာ တစ်နှစ်ကျော်ပဲ ရှိသေးတာကို ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦး အဆင့်အထိ ရောက်လာတာလေ... ဒီအတိုင်းသာ ဆက်ပြီး တိုးတက်နေမယ်ဆိုရင်တော့ မတွေးဝံ့စရာပဲ......”

“ဟုတ်တယ်... ဟုန်ကျွမ်းက လော့ချန်ကို လျှပ်ယွမ်ဂိုဏ်းကို ဖမ်းခေါ်သွားချင်တာက လျိုကျွယ်အတွက် ရန်ကြွေး တောင်းချင်တာ တစ်ခုတည်းကြောင့် မဟုတ်လောက်ဘူး... လော့ချန်ကို အဖူးအငုံဘဝမှာတင် အမြစ်ပြတ် သတ်ပစ်ချင်နေတာလည်း ပါမှာပဲ... ဒါမှ နောင်မှာ ရန်ငြိုးတွေ မကျန်တော့မှာလေ......”

“တကယ်လို့ ယွမ်ချင်ယင်သာ ဟုန်ကျွမ်းကို မတားနိုင်ဘူးဆိုရင်တော့ လော့ချန်က ဒီနေ့တော့...”

တိုက်ရိုက်တပည့် နှစ်ဦး၏တိုက်ပွဲဆိုသည်မှာ တစ်သက်တွင် တစ်ခါ မြင်တွေ့ရန် ခက်ခဲလှသဖြင့် လူတိုင်း၏အာရုံစိုက်မှုမှာ ထိုဘက်သို့ ရောက်ရှိသွားကြတော့သည်။ ဤသည်မှာ လော့ချန်အတွက်တော့ အခွင့်အရေးကောင်းတစ်ခုပင် ဖြစ်သည်။ သူသည်မည်သူမှ မိမိကို အာရုံမစိုက်တော့သည်ကို မြင်ရသည့်အခါ လော့ရှားဂိုဏ်း အခြေစိုက်ရာသို့ သွားရန် ပြင်လိုက်စဉ်မှာပင် အနောက်တောင်ဘက်ရှိ ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်မိပြီး ရပ်တန့်သွားရတော့သည်။

“ဝှစ်...”

“ဝှစ်...”

တစ်ဖက်လူများကို မထိခိုက်စေရန်အတွက် ဟုန်ကျွမ်းနှင့် ယွမ်ချင်ယင်တို့သည် မီတာထောင်ချီ မြင့်မားသော ကောင်းကင်ယံသို့ ပျံသန်းသွားကြတော့သည်။

“ဘုန်း...”

ဟုန်ကျွမ်း၏တစ်ကိုယ်လုံးတွင် ရွှေရောင်မီးလျှံများ ဖုံးလွှမ်းနေခဲ့ပြီး သူဖြတ်သန်းသွားသည့် နေရာတိုင်းရှိ လေထုမှာ အရည်ပျော်သွားရသည်။

“ဟားဟားဟား... ယွမ်ချင်ယင်... မင်းရဲ့ စိမ်းလဲ့မီးလျှံခုနစ်ဆင့်စွမ်းရည်က ငါ့ရဲ့ နေမင်းစွမ်းအင်မီးလျှံကို တားနိုင်ပါ့မလားဆိုတာ ကြည့်ရသေးတာပေါ့...”

ယွမ်ချင်ယင် ရပ်တန့်ရန် အချိန်မရမီမှာပင် ဟုန်ကျွမ်း၏ကိုယ်မှ အရှိန်အဝါမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး တစ်ကိုယ်လုံးမှာ ဧရာမ ရွှေရောင်မီးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ တိုက်ရိုက်ပင် တိုးဝင်တိုက်ခိုက်လိုက်တော့သည်။ မီးလျှံများမှာ လေထုကို ကြိတ်ခြေပစ်လိုက်သဖြင့် မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်လှသော အသံကြီးများ ထွက်ပေါ်လာခဲ့ပြီး ထိုအရှိန်အဝါမှာ ကြောက်စရာကောင်းလှသဖြင့် နေမင်းကြီး ကြွေကျလာသကဲ့သို့ ရှိနေကာ လူတိုင်းမှာလည်း အလိုလို ထိတ်လန့်သွားကြရသည်။

“ဒီနေ့တော့ မင်းရဲ့ နေမင်းစွမ်းအင်မီးလျှံကို ငါ သေချာပေါက် ငြှိမ်းသတ်ပေးရမှာပဲ...”

ယွမ်ချင်ယင်၏မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး သူ၏ကိုယ်ပတ်ပတ်လည်ရှိ စိမ်းလဲ့သော မီးလျှံ ခြောက်ခုမှာ နတ်ဘုရားအလင်းတန်းများအလား ပိုမို၍ တောက်ပလာတော့သည်။

“ဝှစ်...”

သူသည်လက်ငါးချောင်းဖြင့် ဟင်းလင်းပြင်ကို လှမ်း၍ ဖမ်းဆုပ်လိုက်ရာ ထိုမီးလျှံများထဲမှ တစ်ခုမှာ အရှိန်အဝါ ထူးခြားလှသော စိမ်းလဲ့သော လင်းယုန်လက်သည်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲလျက် ဟုန်ကျွမ်း၏တိုက်ခိုက်မှုကို ခုခံလိုက်တော့သည်။

“ဘုန်း...”

ကောင်းကင်တစ်ခုလုံးမှာ တုန်ခါသွားခဲ့ပြီဖြစ်သည်။ ထိုသူနှစ်ဦး တိုက်မိသည့် တစ်ခဏအတွင်း ထွက်ပေါ်လာသော ရိုက်ခတ်မှုကြောင့် ကောင်းကင်ယံရှိ တိမ်တိုက်များမှာလည်း အကုန်အစင် ပျောက်ကွယ်သွားခဲ့ပြီး လူတိုင်း၏မျက်ဝန်းထဲတွင်မူ ရွှေရောင်နှင့် အစိမ်းရောင် အရောင်နှစ်မျိုးသာ ထင်ရှားစွာ ကျန်ရစ်တော့သည်။

အခန်း ၆၅၆ ပြီးပါပြီ။

အခန်း ၆၅၇ - အစစ်အမှန်အဖြစ် ပြောင်းလဲခြင်း... အသိဉာဏ်ရှိသော ချီစွမ်းအင်

“ဝှစ်...”

ပြင်းထန်လှသော ချီစွမ်းအင် မုန်တိုင်းကြားမှ လူရိပ်တစ်ခုမှာ အနောက်သို့ လွင့်စဉ်သွားခဲ့ပြီး မီတာထောင်ချီ ရောက်မှသာ ရပ်တန့်သွားတော့သည်။

ထိုသူမှာ ယွမ်ချင်ယင်ပင် ဖြစ်၏။ သူ၏ကိုယ်ပေါ်တွင် မီးလျှံ ချီစွမ်းအင်အချို့မှာ လောင်ကျွမ်းနေခဲ့ပြီး အသက်ရှူသံမှာလည်း မမှန်တော့ဘဲ ဝတ်စုံ၏ အောက်နားတွင်လည်း မီးလောင်ရာ အနည်းငယ် ရှိနေတော့သည်။

တစ်ဖက်တွင်မူ ဟုန်ကျွမ်းမှာမူ ခြေလှမ်းအနည်းငယ်မျှသာ အနောက်သို့ ဆုတ်ခွာသွားရသည်။

“ဘုန်း...”

ဟုန်ကျွမ်းသည် လက်ကို ဝှေ့ယမ်းလိုက်ကာ ပတ်ဝန်းကျင်ရှိ ပြင်းထန်လှသော လေပြင်းများကို ချေမှုန်းပစ်လိုက်ပြီးနောက် ယွမ်ချင်ယင်ကို ကြည့်လျက် ပြုံးကာ ဆိုလိုက်သည်။

“ယွမ်ချင်ယင်... မင်းရဲ့ စိမ်းလဲ့မီးလျှံခုနစ်ဆင့်စွမ်းရည်က အဆင့်မမီသေးဘူး ထင်တယ်... စိမ်းလဲ့မီးလျှံ ခြောက်ခုပဲ ထုတ်နိုင်တာက အပေါ်ယံသက်သက်ပဲ ရှိသေးတာပေါ့... အဲဒါကြောင့်လည်း အရင်က မိန်းမတစ်ယောက်ကိုတောင် မနိုင်ခဲ့တာ မဆန်းပါဘူး... ငါသာ စောစောက အလေးအနက်ထားလိုက်ရင် မင်း ဒီတစ်ကွက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး...”

ယွမ်ချင်ယင်၏ မျက်လုံးများမှာ ပြင်းထန်စွာ လှုပ်ရှားသွားခဲ့ပြီး စိတ်ထဲမှ ခံစားချက်များကို အတတ်နိုင်ဆုံး ဖိနှိပ်ထားလိုက်ရသည်။

ဟုန်ကျွမ်း ပြောသည်မှာ မမှားပေ။ စိမ်းလဲ့မီးလျှံခုနစ်ဆင့်စွမ်းရည်ကို ကြီးကျယ်သော အောင်မြင်မှုအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်မည်ဆိုပါက စိမ်းလဲ့မီးလျှံ ခုနစ်ခုအထိ ထုတ်ဖော်နိုင်မှာ ဖြစ်သည်။

နှမြောစရာကောင်းသည်မှာ သူသည် ကျင့်ကြံမှု အနည်းငယ် လိုအပ်နေသေးသဖြင့် မီးလျှံ ခြောက်ခုသာ ထုတ်ဖော်နိုင်ခဲ့ပြီး ထိုကျင့်စဉ်၏ အနှစ်သာရကို အပြည့်အဝ မထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ဤအချက်ကို သူက မည်သို့လျှင် ဝန်ခံပါမည်နည်း။

“စိမ်းလဲ့မီးလျှံ ခြောက်ခုပဲ ရှိရင်တောင် ဘာဖြစ်လဲ... မင်းကို အနိုင်ယူဖို့အတွက်တော့ လုံလောက်တာထက်တောင် ပိုသေးတယ်...”

ယွမ်ချင်ယင်၏ ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ သူ၏ အနောက်ရှိ စိမ်းလဲ့သော မီးလျှံ ခြောက်ခုမှာ အရှိန်အဝါများ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး ဧရာမ စိမ်းလဲ့မီးလျှံ လေဆင်နှာမောင်းကြီးများအဖြစ် ပြောင်းလဲသွားတော့သည်။

“ကျွီ...”

မီးလျှံ လေဆင်နှာမောင်းကြီးများမှာ ပြင်းထန်စွာ လောင်ကျွမ်းနေခဲ့ပြီး အတွင်းမှ ရက်စက်လှသော ဟိန်းဟောက်သံများ ထွက်ပေါ်နေကာ ရှေးဟောင်းအငွေ့အသက်များမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသဖြင့် လူတိုင်းမှာ နတ်ဆိုးများ သောင်းကျန်းနေခဲ့သည့် ရှေးဟောင်းခေတ်ဦးကာလသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ကြရသည်။

“ဟဲဟဲ... အိပ်မက်မက်နေတာပဲ... ဒါဆိုရင်လည်း မင်းကို အမှန်တရား သိသွားအောင် ငါ လုပ်ပေးရမှာပေါ့...”

ဟုန်ကျွမ်းက အေးစက်စွာ လှောင်ပြုံးလိုက်ပြီး သူ၏ကိုယ်မှ မီးလျှံအရှိန်အဝါများမှာ အဆက်မပြတ် မြင့်တက်လာသဖြင့် ကောင်းကင်ယံရှိ လေထုမှာ ပွက်ပွက်ဆူနေသော ရေနွေးအိုးအလား ပြင်းထန်စွာ လှုပ်ရှားလာခဲ့ပြီး ကောင်းကင်ယံတွင် နေမင်းတစ်စင်း ထွက်ပေါ်လာသကဲ့သို့ ရှိနေသဖြင့် မည်သူမျှ တည့်တည့်မကြည့်ဝံ့ကြတော့ပေ။

“စီ... စီ... စီ... စီ...”

ဤအရှိန်အဝါအောက်တွင် မြေပြင်ပေါ်ရှိ သစ်ပင်များမှာ စတင်၍ ခြောက်သွေ့လာခဲ့ပြီး ခဏချင်းမှာပင် စိမ်းလန်းစိုပြည်နေသော တောင်တန်းကြီးမှ အသက်ဇီဝကင်းမဲ့နေသည့် သဲကန္တာရကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

“တကယ်ကို ပြင်းထန်လှတဲ့ အရှိန်အဝါပဲ... ကာကွယ်ရေးချီစွမ်းအင်နဲ့တောင် အပြည့်အဝ မတားနိုင်ဘူး...”

“ကံကောင်းလို့ ငါတို့က အဝေးမှာ ရှိနေတာလေ... မဟုတ်လို့ကတော့ ဒီအရှိန်အဝါကိုတင် ငါတို့ တောင့်ခံနိုင်မှာ မဟုတ်ဘူး...”

“ဒါက မဟာသန်မာသူကြီးတွေရဲ့ အစွမ်းပေါ့... သိုင်းဝိညာဉ်နဲ့ ကောင်းကင်နဲ့မြေပြင်ရဲ့ အရှိန်အဝါကို ဆက်သွယ်ပြီးတော့ လှုပ်ရှားမှုတိုင်းက ကောင်းကင်ကို တုန်ခါစေတာပဲ...”

လူတိုင်းမှာ အကြီးအကျယ် ထိတ်လန့်သွားကြရပြီး မိမိတို့ဆီသို့ တိုးဝင်လာသော ပြင်းထန်လှသည့် အရှိန်အဝါများကို ကာကွယ်ရန်အတွက် ကာကွယ်ရေးချီစွမ်းအင်များကို အသီးသီး နှိုးဆွလိုက်ကြတော့သည်။

လော့ချန်၏ မျက်နှာမှာမူ အလွန်ပင် တည်ငြိမ်နေခဲ့သည်။ မိုးကြိုးသုံးဆင့်စွမ်းရည်ကို ကျင့်ကြံစဉ်က မိုးကြိုးလျှပ်စီးများဖြင့် ခန္ဓာကိုယ်ကို သန့်စင်သည့်ဒဏ်ကိုပင် သူ တောင့်ခံခဲ့သည်မဟုတ်ပါလော။ ဤအရှိန်အဝါမှာ သူ၏အတွက်တော့ ဘာမှမဟုတ်ပေ။

တိုက်ရိုက်တပည့် နှစ်ဦးစလုံးမှာ ဒေါသထွက်နေကြပြီး ပြင်းထန်စွာ တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင်...

“ဝှစ်...”

အေးစက်လှသော လေပြေတစ်ခု တိုက်ခတ်လာခဲ့ပြီး ပူပြင်းလှသော အရှိန်အဝါများကို လွင့်စဉ်သွားစေသဖြင့်ကမ္ဘာကြီးတစ်ခုလုံးမှာ ပြန်လည်ကြည်လင်သွားသကဲ့သို့ ဖြစ်သွားတော့သည်။

နှင်းမှုန်များကြားတွင် လှပတင့်တယ်လှသော လူရိပ်တစ်ခုမှာ ဟုန်ကျွမ်းနှင့် ယွမ်ချင်ယင်တို့၏ အလယ်တွင် ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ ယင်းလီပင် ဖြစ်၏။

“ရှင်တို့နှစ်ယောက် သွေးဝိညာဉ်ဂိုဏ်းနဲ့ တိုက်ခိုက်ခဲ့တာ အားမရသေးလို့လား... ဒီနေ့ ငါတို့ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ဆုံးရှုံးမှုက တော်တော်လေးကို ကြီးမားနေပြီလေ... ဒါကြောင့် ထပ်ပြီးတော့ ရန်ဖြစ်နေစရာ အကြောင်းမရှိဘူး... နောက်ပြီး သွေးဝိညာဉ်ဂိုဏ်းရဲ့ ကိစ္စကလည်း မပြီးသေးဘူးလေ... ငါတို့အချင်းချင်း အခုလိုမျိုး တိုက်ခိုက်နေတာက ရန်သူတွေကိုပဲ အားရစေမှာ... ဒါကြောင့် အခုပဲ ရပ်လိုက်ကြပါတော့...”

ယင်းလီက ကြားဝင်ဖျန်ဖြေလိုက်သည်။

ယွမ်ချင်ယင်မှာ ဒေါသထွက်နေဆဲ ဖြစ်သဖြင့် ဟိန်းဟောက်လိုက်သည်။

“ယင်းလီ... ဒါက နင်နဲ့ မဆိုင်ဘူး... ဖယ်စမ်း...”

ဟုန်ကျွမ်းကလည်း အေးစက်စွာ လှောင်ပြုံးလိုက်သည်။

“ငါတို့ လျှပ်ယွမ်ဂိုဏ်းရဲ့ ကိစ္စကို နင် ဝင်ပါစရာ မလိုဘူး...”

“ဟုတ်လား...”

ယင်းလီ၏ လေသံမှာ အေးစက်သွားခဲ့ပြီး သူမ၏ ကိုယ်ပတ်ပတ်လည်ရှိ နှင်းမှုန်များမှာ ပိုမို၍ ရူးသွပ်စွာကခုန်လာကြကာ ရုတ်တရက် ဧရာမ ရေခဲမြွေကြီး နှစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။

ထိုရေခဲမြွေကြီး နှစ်ကောင်မှာ မီတာရာချီ ရှည်လျားပြီး ခန္ဓာကိုယ်မှာလည်း အလွန်ပင် ကြီးမားလှကာ ကိုယ်ပေါ်ရှိ အကြေးခွံများမှာလည်း တကယ့်အစစ်အလား ရှိနေပြီး ပါးစပ်မှလည်း လျှာများကို ထုတ်ပြနေသဖြင့် တကယ့်သက်ရှိ သတ္တဝါကြီးများအလား ရှိနေတော့သည်။

“ဝှစ်...”

ဧရာမမြွေကြီး နှစ်ကောင်မှာ ယင်းလီကို အလယ်ဗဟိုတွင် ထားလျက် ဝိုင်းရံကာကွယ်လိုက်ကြပြီး အေးစက်လှသော မျက်ဝန်းများဖြင့် ဟုန်ကျွမ်းနှင့် ယွမ်ချင်ယင်တို့ကို အသီးသီး စိုက်ကြည့်လိုက်ကြတော့သည်။

“အစစ်အမှန်အဖြစ် ပြောင်းလဲခြင်း... အသိဉာဏ်ရှိသော ချီစွမ်းအင်... ယင်းလီ... နင်က တကယ့်အနှစ်သာရကို တစ်စုံတစ်ရာ နားလည်သွားပြီးတော့ သိုင်းဝိညာဉ် ချီစွမ်းအင်တွေက အသိဉာဏ် ရှိလာတာလား... နင့်ရဲ့ ကျင့်ကြံဆင့်က ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ မြန်မြန် တိုးတက်လာရတာလဲ...”

ဟုန်ကျွမ်းသည် မယုံကြည်နိုင်စွာဖြင့် အဆက်မပြတ် အော်ဟစ်လိုက်မိတော့သည်။

လွန်ခဲ့သော လအနည်းငယ်ကပင် သူသည် ယင်းလီနှင့် ဆုံတွေ့ခဲ့သေးပြီး ထိုစဉ်က ယင်းလီ၏ အစွမ်းမှာ သူနှင့် မတိမ်းမယိမ်းသာ ရှိခဲ့သည်မဟုတ်ပါလော။ ယခုမူ သူမ၏အစွမ်းမှာ သူ့ထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်၏။

ထို ရေခဲမြွေကြီး နှစ်ကောင်က သူ့အား အလွန်ပင် ကြီးမားလှသော အန္တရာယ်အငွေ့အသက်များကို ပေးစွမ်းနေတော့သည်။

ယွမ်ချင်ယင်၏ မျက်နှာတွင်လည်း ထိတ်လန့်ရိပ်များ ပြည့်နှက်နေခဲ့ပြီး ယင်းလီ ပြသလိုက်သော အစွမ်းကြောင့် သူလည်း တုန်လှုပ်သွားရသည်မှာ သေချာလှပေသည်။

ယင်းလီသည် နှင်းမှုန်များကြားတွင် ရေခဲမြွေကြီးများ၏ ကာကွယ်မှုအောက်၌ ရပ်နေခဲ့ပြီး နှင်းနတ်သမီးတစ်ပါးအလား ရှိနေသည်။ သူမသည် ပြန်လည်မဖြေကြားဘဲ လော့ချန် ရှိရာ အရပ်မျက်နှာသို့ မသိမသာ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အေးစက်စွာ ဆိုလိုက်သည်။

“ရှင်တို့နှစ်ယောက် တိုက်ခိုက်လို့ မဝသေးဘူးဆိုရင်လည်း ငါကပဲ ရှင်တို့နဲ့အတူ တိုက်ပေးရမှာပေါ့...”

ဟုန်ကျွမ်းသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ကာ ယွမ်ချင်ယင်ကို ဆိုလိုက်သည်။

“ကောင်းပြီ... ဒီနေ့တော့ ယင်းလီရဲ့ မျက်နှာကို ထောက်ပြီး မင်းကို ငါ လွှတ်ပေးလိုက်မယ်... ဒါပေမဲ့...”

စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး ဟုန်ကျွမ်းသည် လော့ချန်ကို လက်ညှိုးထိုးပြလျက် အော်ဟစ်လိုက်သည်။

“ဒီကောင်က ငါတို့ ဂိုဏ်းသား လျိုကျွယ်ကို စွမ်းရည်တွေ ပျက်စီးသွားအောင် လုပ်ခဲ့တာလေ... ဒါကြောင့် ဒီနေ့ သူ့ကို ငါ သေချာပေါက် ဖမ်းခေါ်သွားရမယ်...”

လူတိုင်း၏ အကြည့်များမှာ လော့ချန်၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားကြတော့သည်။

“အိပ်မက်မက်နေလိုက်စမ်းပါ...”

ယွမ်ချင်ယင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ဂိုဏ်းအတွက် ဖြစ်စေ၊ မိမိအတွက် ဖြစ်စေ လော့ချန်ကို ဟုန်ကျွမ်း၏ လက်ထဲသို့ အပ်လိုက်မှာ မဟုတ်ပေ။

ဟုန်ကျွမ်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ဆိုလိုက်သည်။

“ဒီကိစ္စကတော့ ညှိနှိုင်းလို့ မရဘူး...”

“ဝှစ်...”

ထိုအချိန်တွင် ယင်းလီ၏ ဘေးတွင် လှည့်ပတ်နေသော ရေခဲမြွေကြီး တစ်ကောင်မှာ ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့ပြီး လူတိုင်း၏ အံ့ဩနေသော အကြည့်များကြားတွင် လော့ချန်၏ ရှေ့သို့ ဖြည်းညှင်းစွာ ဆင်းသက်သွားတော့သည်။

“လော့ချန်... ဒီပေါ်ကို တက်ခဲ့စမ်း... ငါ မင်းကို ပြောစရာ ရှိတယ်...”

ယင်းလီက ဆိုလိုက်သည်။

ဤစကားကို ကြားရသည့်အခါ ဟုန်ကျွမ်းနှင့် ယွမ်ချင်ယင် အပါအဝင် လူတိုင်း၏ မျက်နှာမှာ ပြောင်းလဲသွားကြတော့သည်။

ယင်းလီသည် လော့ချန်ကို ရုတ်တရက် အမည်တပ်၍ ခေါ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။ တစ်ဦးမှာ ရွှမ်ယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့် ဖြစ်ပြီး၊ နောက်တစ်ဦးမှာမူ လော့ရှားဂိုဏ်း၏ ထိပ်သီး တိုက်ရိုက်တပည့် ဖြစ်ရာ ထိုသူနှစ်ဦး၏ အဆင့်အတန်းမှာ ကောင်းကင်နှင့်မြေပြင် ကွာခြားသကဲ့သို့ ရှိနေသည်မဟုတ်ပါလော။

“ဟုတ်ကဲ့...”

လော့ချန်သည် ဘာကိုမှ ဂရုမစိုက်တော့ပေ။ သူသည် ဤအကျပ်အတည်းကြားမှ အမြန်ဆုံး ထွက်ခွာချင်နေသဖြင့် ရေခဲမြွေကြီး၏ ဦးခေါင်းပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်တော့သည်။

မြွေ၏ကိုယ်ပေါ်သို့ ခြေချလိုက်သည့်အခါ တကယ့်အစစ်အလား ခံစားလိုက်ရသဖြင့် လော့ချန်၏ စိတ်ထဲတွင် အလွန်ပင် အံ့ဩသွားရသည်။

“ဝှစ်...”

ရေခဲမြွေကြီးမှာ ကောင်းကင်သို့ ပျံတက်သွားခဲ့ပြီး လော့ချန်ကို ခေါ်ဆောင်ကာ ယင်းလီ၏ ဘေးသို့ ရောက်ရှိသွားတော့သည်။

ယင်းလီသည် လော့ချန်ကို ခေါ်ဆောင်သွားရန် ပြင်နေသည်ကို မြင်ရသည့်အခါ ဟုန်ကျွမ်းသည် အသံကို နှိမ့်ကာ ဆိုလိုက်သည်။

“ယင်းလီ... နင် ဘာလုပ်တာလဲ... ဒီကိစ္စကို နင်က ဝင်ပါတော့မှာလား...”

ယင်းလီက ဆိုလိုက်သည်။

“လျိုကျွယ်ရဲ့ ကိစ္စကို ငါ ကြားပြီးပြီ... အဲဒါက လျိုကျွယ်က မြေကမ္ဘာဝိညာဉ်ဆေးလုံး အတွက်နဲ့ လော့ချန်ရဲ့ အသက်ကို ယူဖို့ ကြိုးစားခဲ့တာလေ... ဒါကြောင့် ဒီကိစ္စမှာ လော့ချန်မှာ အပြစ်မရှိဘူး...”

ဟုန်ကျွမ်းက ဒေါသတကြီး ဆိုလိုက်သည်။

“ဘယ်သူက မှန်တယ်၊ ဘယ်သူက မှားတယ်ဆိုတာ ငါ ဂရုမစိုက်ဘူး... သူက ငါတို့ လျှပ်ယွမ်ဂိုဏ်းသားကို အသုံးမကျတဲ့သူ ဖြစ်အောင် လုပ်ခဲ့မှတော့ အဲဒီအတွက် ပြန်ပြီး ပေးဆပ်ရမှာပဲ...”

ဤစကားကို ကြားရသည့်အခါ ယွမ်ချင်ယင်က အေးစက်စွာ လှောင်ပြုံးလိုက်သည်။

“ပြန်ပြီး ပေးဆပ်ရမယ် ဟုတ်လား... မင်းတို့ လျှပ်ယွမ်ဂိုဏ်းသားတွေ ငါတို့ ရွှမ်ယွမ်ဂိုဏ်းသားတွေကို သတ်ခဲ့တာတွေကရော နည်းနေလို့လား... စာရင်းရှင်းချင်တယ်ဆိုရင်တော့ ဒီနေ့ ငါတို့တွေ သေချာပေါက် စာရင်းရှင်းကြတာပေါ့...”

“ဟုတ်တယ်... စီနီယာမော့က စောစောကတင် လျှပ်ယွမ်ဂိုဏ်းသားတွေရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရတာလေ...”

“စီနီယာအစ်မယွီ ဆိုရင်လည်း သွေးဝိညာဉ်ဂိုဏ်းဝင်တွေကို သတ်နေတုန်းမှာ လျှပ်ယွမ်ဂိုဏ်းက လူတွေရဲ့ နောက်ကနေ တိတ်တဆိတ် တိုက်ခိုက်တာကို ခံလိုက်ရလို့ လက်တစ်ဖက် ဆုံးရှုံးသွားရတာလေ... စီနီယာအစ်မယွီရဲ့ လက်တစ်ဖက်ကိုရော ဘယ်သူက ပြန်ပေးမှာလဲ...”

ရွှမ်ယွမ်ဂိုဏ်း တပည့်များမှာ တစ်ဦးပြီးတစ်ဦး ထွက်လာကြတော့သည်။

“ဟဲဟဲ... ဒီလို အသုံးမကျတဲ့သူတွေက လျိုကျွယ်နဲ့ ဘယ်လိုလုပ်ပြီး တူမှာလဲ...”

ဟုန်ကျွမ်းက ဘာကိုမှ ဂရုမစိုက်ဘဲ အေးစက်စွာ လှောင်ပြုံးလျက် ယင်းလီကို ဆိုလိုက်သည်။

“ယင်းလီ... ဒါက ငါတို့ လျှပ်ယွမ်ဂိုဏ်းနဲ့ ရွှမ်ယွမ်ဂိုဏ်း ကြားက ရန်ငြိုးတွေလေ... ဒီကောင့်ကို ဒီနေ့ ငါ သေချာပေါက် ခေါ်သွားရမယ်... နင်က မဆိုင်တဲ့ကိစ္စကို ဝင်မပါရင် ပိုကောင်းလိမ့်မယ်... မဟုတ်လို့ကတော့ နင်တို့ လော့ရှားဂိုဏ်းလည်း အေးအေးဆေးဆေး နေရမှာ မဟုတ်ဘူး...”

“နင် ငါ့ကို ခြိမ်းခြောက်နေတာလား...”

ယင်းလီ၏ လှပလှသော မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ မရှိသော်လည်း သူမ၏ လေသံမှာမူ ငြင်းဆို၍မရနိုင်သော အရှိန်အဝါတစ်ခု ပါဝင်နေတော့သည်။

“ငါ ဒီနေ့ သူ့ကို သေချာပေါက် ခေါ်သွားမှာပဲ...”

အခန်း ၆၅၇ ပြီးပါပြီ။

All Chapters