← Chapters

အခန်း (၆၅၈-၆၆၀)

Vol. 44 Ch. 658-660

အခန်း (၆၅၈-၆၆၀)

Vol. 44 Ch. 658-660

အခန်း ၆၅၈ - လော့ချန်နှင့် ယင်းလီ

“ရှူး... ရှူး... ရှူး... ရှူး...”

ကောင်းကင်နှင့်မြေပြင်ကြားတွင် နှင်းမုန်တိုင်းမှာ ပိုမိုပြင်းထန်လာပြီး လေထဲ၌ ဓားများအလား ဝဲလှည့်နေတော့သည်။ ဧရာမ ရေခဲမြွေကြီးနှစ်ကောင်မှာ ဦးခေါင်းများကို မြှင့်တင်ထားပြီး အေးစက်လှသော အကြည့်များဖြင့် ဟုန်ကျွမ်းကို စိုက်ကြည့်ကာ လျှာများကို တဖျတ်ဖျတ် ထုတ်ပြနေကြသဖြင့် အချိန်မရွေး ပြေးဝင်တိုက်ခိုက်တော့မည့်အလား ရှိနေသည်။

“အေးလိုက်တာ...”

စောစောက ပူပြင်းလှသော အပူရှိန်ကို ခံစားနေရသည့် လူအုပ်ကြီးမှာ ယခုအခါတွင်မူ အရိုးထဲအထိ စိမ့်ဝင်သွားသော အအေးဒဏ်ကြောင့် တစ်ကိုယ်လုံး မထိန်းနိုင်ဘဲ တုန်ရီနေကြရသည်။

“နင်...”

ဟုန်ကျွမ်း၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေခဲ့ပြီး သူ၏ကိုယ်မှ မီးလျှံချီစွမ်းအင်များမှာလည်း မတည်မငြိမ် ဖြစ်နေသဖြင့် သူ၏စိတ်ထဲတွင် ဒေါသများ မည်မျှအထိ ပြင်းထန်နေသည်ကို သိသာလှပေသည်။ လော့ရှာဂိုဏ်း၏ ထိပ်သီးတိုက်ရိုက်တပည့် ၁၀ ဦးထဲမှ တစ်ဦးဖြစ်သည့် ယင်းလီသည် လော့ချန်နှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိလိမ့်မည်ဟု သူ မယူဆပေ။ ထို့ကြောင့် တစ်ဖက်လူမှာ သူ့ကို တမင်သက်သက် ဦးတည်နေခြင်းဖြစ်သည်ဟုသာ သူ ထင်မှတ်နေတော့သည်။

လော့ချန်မှာမူ အနောက်တွင် ရပ်နေခဲ့ပြီး သူ့ကို သတ်ချင်နေပါလျက်နှင့် ဘာမှမတတ်နိုင်သည့် ဟုန်ကျွမ်းကို ကြည့်ကာ စိတ်ထဲမှ ကျေနပ်နေတော့သည်။ လျှပ်ယွမ်ဂိုဏ်း၏ ထိပ်သီးတိုက်ရိုက်တပည့် ၁၀ ဦး ဖြစ်နေလျှင်ကော ဘာဖြစ်သနည်း။ ကောင်းကင်နယ်ပယ် မဟာသန်မာသူတစ်ဦး ဖြစ်နေလျှင်ကော ဘာဖြစ်သနည်း။ မိမိကို ဘာမှလုပ်၍ မရသည်မှာ အမှန်ပင် ဖြစ်၏။ ရှေ့တွင် မိမိဘက်မှ ကာကွယ်ပေးမည့်သူ ရှိနေခြင်းမှာ တကယ်ကို အဆင်ပြေလှပေသည်။

ထိုအချိန်တွင် ယင်းလီက တည်ငြိမ်လှသော လေသံဖြင့် ထပ်မံ၍ ဆိုလိုက်သည်။

“ဟုန်ကျွမ်း... မင်းက လျှပ်ယွမ်ဂိုဏ်းရဲ့ ထိပ်သီးတိုက်ရိုက်တပည့် ၁၀ ဦး ထဲက တစ်ယောက်ပဲလေ... အတွင်းစည်းတပည့်တစ်ယောက်ကို ဒီလောက်အထိ လိုက်ပြီး အနိုင်ကျင့်နေတာက မင်းရဲ့ အဆင့်အတန်းနဲ့ မလိုက်ဖက်ဘူး ထင်တယ်...”

စကားဆုံးသည်နှင့် ယင်းလီက လော့ချန်ဘက်သို့ လှည့်ကာ ဆိုလိုက်သည်။

“သွားကြရအောင်...”

သူမ၏ စကားအဆုံးတွင် ဧရာမ ရေခဲမြွေကြီးနှစ်ကောင်မှာ နဂါးများအလား ဟိန်းဟောက်လိုက်ကြပြီး နှင်းမှုန်များကို လွင့်ပျံစေလျက် ထိုသူနှစ်ဦးကို ခေါ်ဆောင်ကာ လော့ရှာဂိုဏ်း တပည့်များ အခြေစိုက်ရာ အရပ်မျက်နှာသို့ ပျံသန်းသွားကြတော့သည်။ ဟုန်ကျွမ်းသည် ယင်းလီနှင့် လော့ချန်တို့ကို အကြည့်ဖြင့် လိုက်ကြည့်နေခဲ့ပြီး သူ၏မျက်ဝန်းထဲ၌ အလင်းတန်းများမှာ မတည်မငြိမ် ဖြစ်နေတော့သည်။ နောက်ဆုံးတွင်မူ သူ၏ကိုယ်ပေါ်ရှိ မီးလျှံချီစွမ်းအင်များမှာ တစ်ဖြည်းဖြည်းနှင့် မှိန်ဖျော့သွားရတော့သည်။

ယွမ်ချင်ယင်သည်လည်း တားဆီးခြင်း မပြုပေ။ သူသည် လော့ချန်ထက်စာလျှင် ဟုန်ကျွမ်း အရှက်ရသွားသည်ကို မြင်ရသည်ကို ပို၍ ကျေနပ်နေခဲ့ပြီး အနားသို့ ရောက်ရှိလာသော ရှောင်ပိုင်ဖုန်းကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

“အင်း... စောစောက တစ်စုံတစ်ယောက်က ငါ့ကို မိန်းမတစ်ယောက်ဆီမှာ ရှုံးခဲ့တယ်လို့ ပြောခဲ့သေးတယ်... အခုတော့ သူကိုယ်တိုင်လည်း မိန်းမတစ်ယောက်ရဲ့ စကားတစ်ခွန်းတည်းနဲ့တင် ငြိမ်သွားရတာပဲ...”

ဤကဲ့သို့ တိုက်ရိုက်ပင် လှောင်ပြောင်မှုကို ကြားရသည့်အခါ ဟုန်ကျွမ်း၏ မျက်နှာမှာ ပြာနှမ်းသွားခဲ့ပြီး ဒေါသကြောင့် နားထင်မှ သွေးကြောများပင် ထောင်ထွက်လာသော်လည်း ထိုစကားကို သူ ပြန်လည် မချေပနိုင်ပေ။ အကယ်၍ ယင်းလီနှင့် တကယ် တိုက်ခိုက်မည်ဆိုပါက သူသည် အနိုင်ရရန်အတွက် အနည်းငယ်မျှပင် သေချာမှု မရှိပေ။ ထိုရေခဲမြွေကြီးနှစ်ကောင်မှာ အသိဉာဏ်တစ်စုံတစ်ရာ ရှိနေပြီဖြစ်သဖြင့် သူ့အား အလွန်ပင် ကြီးမားသော အန္တရာယ်အငွေ့အသက်များကို ပေးစွမ်းနေသည်မဟုတ်ပါလော။ ယခုကဲ့သို့ အခြေအနေတွင် အရှက်မကွဲဘဲ ဆုတ်ခွာနိုင်သည်ကပင် ကံကောင်းလှပေသည်။

“ဟွန့်...”

ဟုန်ကျွမ်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မြေပြင်သို့ ဆင်းသက်လိုက်တော့သည်။

“စီနီယာဟုန်... သူ့ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား...”

ယွမ်ထျန်ယန်သည် ရေခဲမြွေပေါ်မှ လော့ချန်ကို ကြည့်ကာ အလွန်ပင် မကျေမနပ် ဖြစ်နေတော့သည်။ ဟုန်ကျွမ်းသည် အသက်ကို ဝဝရှူလိုက်ပြီး သူ၏အကြည့်မှာ အလွန်ပင် အုံ့မှိုင်းနေကာ ဆိုလိုက်သည်။

“နောင်တစ်ချိန် ရှိသေးတာပဲ ယွမ်ထျန်ယန်... နောင်တစ်ချိန် အခွင့်အရေး ရရင်တော့ ဒီကောင်ကို မင်း သေချာပေါက် သတ်ရမယ်... မဟုတ်ဘူး... သူ့ရဲ့ လက်နှစ်ဖက်၊ ခြေနှစ်ဖက်ကို ချိုးပစ်ပြီးတော့မှ အသုံးမကျတဲ့သူ ဖြစ်အောင် လုပ်ပစ်ရမယ်... သူ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးကို နာကျင်မှုတွေ၊ မျှော်လင့်ချက်ကင်းမဲ့မှုတွေနဲ့ပဲ ကုန်ဆုံးသွားအောင် ငါ လုပ်ပြမယ်...”

“စီနီယာ စိတ်ချပါ... သူ ဒီထက်ပိုပြီးတော့ မပျော်ရွှင်နိုင်စေရဘူး...”

ယွမ်ထျန်ယန်က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး ရှေ့သို့ တစ်လှမ်း တိုးကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

“လော့ချန်... မင်း ငါ့ကို စိန်ခေါ်ချင်တယ်ဆိုတာ မဟုတ်ဘူးလား... အခု သွေးဝိညာဉ်ဂိုဏ်း ကိစ္စတွေ ပြီးသွားရင်တော့ ငါတို့တွေ ရက်ချိန်းတစ်ခု သတ်မှတ်ပြီးတော့ သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲကြတာပေါ့...”

လော့ချန်၏ ကိုယ်ဟန်မှာ တည်ငြိမ်သွားသည်။ သူသည် ယွမ်ထျန်ယန်ကို မေ့နေခဲ့ခြင်း ဖြစ်၏။ လော့ချန်ဘက်မှ ဘာမှပြန်မပြောသည်ကို မြင်ရသည့်အခါ ယွမ်ထျန်ယန်မှာ တစ်ဖက်လူ ကြောက်သွားပြီဟု ယူဆလိုက်ပြီး အသံကို ပိုမြှင့်ကာ မေးလိုက်သည်။

“မင်း တိုက်ဝံ့သလား၊ မတိုက်ဝံ့ဘူးလား...”

လော့ချန်က ခေါင်းကို လှည့်ကြည့်လိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။

“မင်းက သေချင်နေမှတော့... ငါက ငြင်းစရာ အကြောင်းမရှိပါဘူး...”

ဤစကားကို ကြားလိုက်ရသည်နှင့် ပတ်ဝန်းကျင်ရှိ အသံများအားလုံးမှာ တစ်ခဏချင်း တိတ်ဆိတ်သွားတော့သည်။ ယွမ်ထျန်ယန်၏ သေခြင်းရှင်ခြင်းတိုက်ပွဲ စိန်ခေါ်မှုကို လော့ချန်က ယခုကဲ့သို့ ပြတ်သားစွာ လက်ခံလိမ့်မည်ဟု လူတိုင်းက မထင်မှတ်ထားခဲ့ကြပေ။

“ဟဲဟဲ... မိုက်မဲလိုက်တာ... ငါ့အတွက်တော့ ပိုပြီးတော့တောင် အလုပ်သက်သာသွားတာပေါ့...”

ရှောင်ပိုင်ဖုန်းက မထီမဲ့မြင် ပြုံးလိုက်ပြီး သူ၏အကြည့်မှာ အေးစက်လှပေသည်။ လော့ချန်ကို ယင်းလီက ခေါ်ဆောင်သွားသဖြင့် သူ့အနေနှင့် လော့ချန်ကို အပြစ်ပေးရန် အခွင့်အရေး မရှိတော့မည်ကို စိုးရိမ်နေခဲ့သော်လည်း ယခုမူ ထိုသို့ စိုးရိမ်ရန် မလိုတော့ပေ။ ယွမ်ထျန်ယန် ဆိုသည်မှာ မည်သူနည်း။ ဆယ်ပွင့်အဆင့် စိတ်ဝိညာဉ်အဆင့်သိုင်းဝိညာဉ်ကို နိုးကြားထားပြီး ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို နားလည်ထားသည့် လော့ရှာဂိုဏ်း အတွင်းစည်း၏ ထိပ်သီးတပည့်ဖြစ်သလို နယ်ပယ်အဆင့် စာရင်းဝင်လုနီးပါး ဖြစ်နေသည့် ထိပ်သီးပါရမီရှင်တစ်ဦး မဟုတ်ပါလော။

လော့ရှာဂိုဏ်း အတွင်းစည်း၏ နံပါတ်တစ် တပည့်ဖြစ်သော ယူလန်ရှင်း ပင်လျှင် ယွမ်ထျန်ယန်၏ ရှေ့တွင် နှစ်ကွက်၊ သုံးကွက်ထက် ပို၍ တောင့်မခံနိုင်ပေ။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ယွမ်ထျန်ယန်မှာ ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတွင်းစည်းထဲတွင် အစွမ်းအထက်ဆုံးသူတစ်ဦး ဖြစ်ပေသည်။ ရှောင်ပိုင်ဖုန်း၏ အမြင်တွင်မူ လော့ချန်၏ စိန်ခေါ်မှုမှာ မိမိကိုယ်မိမိ သေတွင်းထဲသို့ ခုန်ဆင်းလိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။

ရေခဲမြွေကြီး၏ ဦးခေါင်းပေါ်တွင်...

လော့ချန်သည် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏မျက်နှာမှာ အလွန်ပင် တည်ငြိမ်နေခဲ့သည်။ ယွမ်ထျန်ယန်နှင့် သေခြင်းရှင်ခြင်းတိုက်ပွဲ လက်ခံလိုက်ခြင်းမှာ သူ၏အတွက်တော့ ဘာမှမဟုတ်သည့် ကိစ္စအသေးအဖွဲလေးတစ်ခုအလား ရှိနေတော့သည်။

ဘေးနားရှိ ယင်းလီက ရုတ်တရက် ဆိုလိုက်သည်။

“ယွမ်ထျန်ယန်က မရိုးရှင်းဘူးနော်... မင်း စိတ်ဓာတ်ကို အပြည့်အဝ ပြင်ဆင်ထားတာ ပိုကောင်းလိမ့်မယ်...”

လော့ချန်က ပြုံးလျက် ဆိုသည်။

“စိတ်ဓာတ်ပြင်ဆင်ထားရမှာက သူပါ... ဘာလို့လဲဆိုတော့ ကျွန်တော်က ပိုပြီးတော့ မရိုးရှင်းလို့လေ...”

ယခုကဲ့သို့ ယုံကြည်မှုအပြည့်နှင့် ပြောဆိုလိုက်သော စကားကြောင့် ယင်းလီမှာ ခဏမျှ မှင်တက်မိသွားခဲ့ပြီး လော့ချန်ကို မနေနိုင်ဘဲ တစ်ချက် လှမ်းကြည့်လိုက်မိသည်။ သူမသည် လော့ချန်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်ဖြင့် ရောင်စဉ်ခုနစ်သွယ်စမ်းရေတွင်း၏ သတ္တမမြောက်အလွှာသို့ ဝင်ရောက်ကာ ဘေးကင်းစွာ ပြန်ထွက်လာနိုင်ခဲ့သည့် ကိစ္စကို သတိရလိုက်မိသည်။ ထိုအချိန်မှ ယခုအထိ အချိန်အနည်းငယ်မျှသာ ရှိသေးသော်လည်း လော့ချန်၏ ကျင့်ကြံဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သို့ ရောက်ရှိနေပြီဖြစ်သလို ဓားဆန္ဒမှာလည်း အကြီးအကျယ် တိုးတက်လာခဲ့ပြီ ဖြစ်၏။

ဤသည်မှာ မရိုးရှင်းရုံတင်မကဘဲ တကယ့်ကို ပါရမီရှင်တစ်ဦး ဖြစ်နေသည်မဟုတ်ပါလော။ ဤကဲ့သို့ တိုးတက်မှု အရှိန်အဟုန်မှာ တာယွဲ့မင်းဆက်အတွင်း၌ပင် အလွန်ပင် ရှားပါးလှပေသည်။

လော့ချန်သည်လည်း ငြင်းဆိုခြင်း မပြုဘဲ တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။

“စီနီယာအစ်မ ယင်းလီ... ခုနက ကူညီခဲ့တဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်...”

“ငါက မင်းကိုကယ်ခဲ့တာ မဟုတ်ဘူး... မင်းကို မေးစရာရှိလို့ ခေါ်လာတာ...”

ယင်းလီက မည်သည့်ခံစားချက်မျှ မရှိဘဲ တည်ငြိမ်စွာ ဆိုလိုက်သည်။ လော့ချန်မှာမူ ဘာကိုမှ ဂရုမစိုက်ဘဲ ဆိုလိုက်သည်။

“ဘာပဲဖြစ်ဖြစ်... စီနီယာအစ်မ ကြောင့်ပဲ ကျွန်တော် အခက်အခဲတွေကြားကနေ လွတ်မြောက်ခဲ့တာပါ...”

သူ၏ ခြေအောက်ရှိ အသက်ဝင်လှပြီး ပြင်းထန်လှသော အရှိန်အဝါရှိသည့် ရေခဲမြွေကြီးကို ကြည့်လျက် လော့ချန်သည် ဟုန်ကျွမ်း၏ စကားကို သတိရလိုက်မိပြီး မေးမြန်းလိုက်သည်။

“ဟုန်ကျွမ်း ပြောတာတော့ စီနီယာအစ်မက အစစ်အမှန်အဖြစ် ပြောင်းလဲခြင်း၊ အသိဉာဏ်ရှိသော ချီစွမ်းအင် အဆင့်ကို ရောက်နေပြီဆိုတော့... စီနီယာအစ်မက တကယ်ပဲ လူသားအမြုတေ အဆင့်ကို ရောက်တော့မှာလား...”

လူသားအမြုတေ အဆင့်သို့ ရောက်ရှိခြင်းမှာ ဂိုဏ်း၏ အကြီးအကဲများနှင့် အဆင့်တူသွားခြင်းဖြစ်ပြီး တာယွဲ့မင်းဆက်၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်ပေသည်။

“အစစ်အမှန်အဖြစ် ပြောင်းလဲခြင်း၊ အသိဉာဏ်ရှိသော ချီစွမ်းအင် ဆိုတာက... သိုင်းဝိညာဉ်နဲ့ ကောင်းကင်နဲ့မြေပြင်ရဲ့ အရှိန်အဝါကို ဆက်သွယ်ပြီးတော့ ‘တောင်ကို တောင်လို့ မြင်၊ ရေကို ရေလို့ မြင်’ တဲ့ အဆင့်ကို ရောက်ဖို့ လိုအပ်တာလေ... ငါကတော့ အစွန်းအဖျားလေးကိုပဲ ထိတွေ့ရသေးတာပါ...”

ယင်းလီက အသာအယာ ခေါင်းခါပြလိုက်ပြီး တစ်စုံတစ်ခုကို သတိရလိုက်သဖြင့် လော့ချန်ကို လေးနက်စွာ လှမ်းကြည့်လိုက်သည်။ သူမသည် ယခုတလော မိမိ၏ ကျင့်ကြံအဆင့်များ တစ်ဟုန်ထိုး တိုးတက်လာသည့် ကိစ္စကို သတိရလိုက်မိခြင်း ဖြစ်၏။ မူလက သူမသည် ရောင်စဉ်ခုနစ်သွယ်စမ်းရေတွင်း သတ္တမမြောက်အလွှာသို့ ဝင်ရောက်ခဲ့သဖြင့် စိတ်ဝိညာဉ်များ ပြောင်းလဲသွားခြင်းကြောင့်ဟု ထင်မှတ်နေခဲ့သော်လည်း လော့ချန်နှင့် ပြန်လည်ဆုံတွေ့ရသည့် အခါတွင်မူ ဤအရာများမှာ ထင်သလောက် မရိုးရှင်းမှန်း ခံစားလိုက်ရသည်။

လော့ချန်မှာမူ စိုက်ကြည့်ခံနေရသဖြင့် စိတ်ထဲမှ မသက်မသာ ဖြစ်လာရသည်။ ယခင်တစ်ခေါက်က ဆုံတွေ့စဉ်က ဤ လော့ရှာဂိုဏ်း ထိပ်သီးတိုက်ရိုက်တပည့် ဖြစ်သူမှာ သူ့ကို ရေခဲရုပ်ထုဖြစ်အောင် လုပ်ရန် ကြိုးစားခဲ့သည်မဟုတ်ပါလော။

“ဆင်းကြရအောင်...”

ယင်းလီသည် ရုတ်တရက် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ရေခဲမြွေကြီးနှစ်ကောင်မှာ အောက်သို့ ထိုးဆင်းသွားခဲ့ကာ လော့ရှာဂိုဏ်း တပည့်များ အခြေစိုက်ရာသို့ ရောက်ရှိသွားတော့သည်။

“ဝှစ်...”

အေးစက်လှသော ချီစွမ်းအင်များနှင့်အတူ ရေခဲမြွေကြီးများမှာ ပျောက်ကွယ်သွားခဲ့ပြီး ယင်းလီ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။

“လော့ချန်...”

“မင်း ဘာမှမဖြစ်ဘူး မဟုတ်လား...”

မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် လှပသော လူရိပ်နှစ်ခုမှာ ပြေးဝင်လာကြရာ ၎င်းတို့မှာ ယူလန်ရှင်းနှင့် နဝမမင်းသမီး ဖြစ်သူ ကျင်းယွီရှီး ဖြစ်ကြသည်။ လော့ချန်ကို လျှပ်ယွမ်ဂိုဏ်း၏ ထိပ်သီးတိုက်ရိုက်တပည့် ၁၀ ဦး ဖြစ်သူ ဟုန်ကျွမ်းက ရန်စနေသည်ကို မြင်ရသည့်အခါ သူတို့နှစ်ဦးစလုံးမှာ အလွန်ပင် စိုးရိမ်နေခဲ့ကြသည်။

“ဘာမှမဖြစ်ပါဘူး...”

လော့ချန်က ခေါင်းခါပြလိုက်ပြီး ကျင်းယွီရှီးပါ ရောက်နေသည်ကို အံ့ဩနေသဖြင့် မေးမြန်းရန် ပြင်လိုက်စဉ်...

“နင်တို့ အရင်သွားနားကြတော့... လော့ချန်... မင်း ငါ့နောက်ကို လိုက်ခဲ့စမ်း...”

ယင်းလီက ထိုသူသုံးဦးကို စကားဖြတ်လိုက်ပြီး ဘေးနားရှိ လူမရှိသော တောင်ကုန်းတစ်ခုဆီသို့ လမ်းလျှောက်သွားတော့သည်။

“ခဏနေမှ ပြန်ပြောကြတာပေါ့...”

လော့ချန်က ပခုံးတွန့်ပြလိုက်ပြီး ယင်းလီက ဘာမေးချင်သည်ကို မသိသော်လည်း သူမ၏ အမိန့်ကို မဖီဆန်ဝံ့သဖြင့် အနောက်မှ အမြန် လိုက်ပါသွားတော့သည်။

ကျင်းယွီရှီးသည် ထိုသူနှစ်ဦး၏ ကျောပြင်ကို ကြည့်လျက် အလွန်ပင် ထူးဆန်းနေတော့သည်။

“စီနီယာအစ်မ ယင်းလီက လော့ချန်နဲ့ တော်တော်လေး ရင်းနှီးတာလား...”

ယူလန်ရှင်းက ခေါင်းခါပြလိုက်သည်။

“မဖြစ်နိုင်ပါဘူး... အရင်တစ်ခေါက် လော့ချန် ငါတို့ ဂိုဏ်းကို လာတုန်းက စီနီယာအစ်မ ယင်းလီက သူ့ကို မသိဘူးလေ...”

“ဒါဆိုရင်တော့ တကယ်ကို ထူးဆန်းတာပဲ... စီနီယာအစ်မ ယင်းလီက လော့ချန်ကို ကူညီဖို့အတွက် အခုလိုမျိုး ကိုယ်တိုင် ဝင်ပါလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

ကျင်းယွီရှီးသည် ပိုမို၍ စိတ်ဝင်စားသွားတော့သည်။ ဟုန်ကျွမ်းက လော့ချန်ကို ရန်စနေစဉ်က သူမတို့သည် ယင်းလီအား ကူညီပေးရန် အကူအညီတောင်းရန် ပြင်နေခဲ့သော်လည်း သူမတို့ စကားမပြောရသေးမီမှာပင် ယင်းလီက ကိုယ်တိုင် ဝင်ရောက်ကူညီခဲ့ခြင်း ဖြစ်ပေသည်။

အခန်း ၆၅၈ ပြီးပါပြီ။

အခန်း ၆၅၉ - ယင်းလီ၏ မေးခွန်းထုတ်မှု၊ အခြေစိုက်စခန်းအတု

“ရှူး... ရှူး... ရှူး...”

လော့ချန်သည် ယင်းလီ၏ နောက်သို့ လိုက်ပါကာ တောင်ကုန်းပေါ်သို့ တက်လိုက်သည့် တစ်ခဏချင်းမှာပင် ပတ်ဝန်းကျင်ရှိ အပူချိန်မှာ ရုတ်တရက် အကြီးအကျယ် ကျဆင်းသွားတော့သည်။

လေထုအတွင်းရှိ ရေငွေ့များမှာ နှင်းပွင့်များအဖြစ် ခဲသွားခဲ့ပြီး ဖြည်းညင်းစွာ ကျဆင်းလာသော်လည်း တောင်ကုန်း၏ အပြင်ဘက်တွင်မူ နေမင်းကြီးမှာ တောက်ပစွာ သာယာနေဆဲဖြစ်ရာကမ္ဘာနှစ်ခုအလား ထင်ရှားစွာ ကွဲပြားနေတော့သည်။

ဤသည်မှာ ယင်းလီ၏ အေးစက်လှသော အငွေ့အသက်နယ်ပယ်ဖြစ်ပြီး အသံများ အပြင်သို့ မပေါက်ကြားအောင် တားဆီးပေးနိုင်သလို စိတ်ဝိညာဉ်စွမ်းအင်ဖြင့် စုံစမ်းစစ်ဆေးမှုများကိုလည်း ဖြတ်တောက်ထားနိုင်ကြောင်း လော့ချန် သိရှိလိုက်သည်။

ထို့ကြောင့် လော့ချန်၏ စိတ်ထဲတွင် အနည်းငယ်မျှ တုန်လှုပ်သွားခဲ့ပြီး ဘာမှမပြောဘဲ တိတ်ဆိတ်နေတော့သည်။

တောင်ထိပ်သို့ ရောက်ရှိသည့်အခါ ယင်းလီက ရပ်တန့်လိုက်ပြီး သူမ၏ ရိုးရှင်းသော ဝတ်စုံမှာ မြေပြင်သို့ ထိစပ်နေကာ ကိုယ်ဟန်မှာလည်း လှပတင့်တယ်လှပေသည်။ သူမက တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။

“မင်းကကတိတည်တဲ့သူပဲ...”

“ဘာရယ်...”

ရုတ်တရက် ချီးကျူးခံလိုက်ရသဖြင့် လော့ချန်မှာ ခဏမျှ မှင်တက်မိသွားရသည်။

ယင်းလီက လော့ချန်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ လှပလှသော မျက်နှာမှာ တည်ကြည်နေသော်လည်း တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိနေခဲ့ပြီး အေးစက်စွာ ဆိုလိုက်သည်။

“ဒီကာလအတွင်းမှာ ဘာသတင်းဆိုးမှ ထွက်မလာခဲ့ဘူးလေ... ကြည့်ရတာ ငါတို့ကြားက ကိစ္စတွေကို မင်းက အပြင်မှာ လျှောက်မပြောခဲ့ဘူး ထင်တယ်...”

လော့ချန်က အလျင်အမြန်ပင် ပြန်လည် ပြောလိုက်၏။

“လော့ချန်က ဘယ်လိုလုပ်ပြီး ပြောဝံ့ပါ့မလဲ... ကျွန်တော် ပြောခဲ့သလိုပါပဲ... ဒီကိစ္စကို မိုးသိတယ်၊ မြေသိတယ်၊ မင်းသိတယ်၊ ငါသိတယ်... တတိယမြောက်လူ လုံးဝ သိစေမှာ မဟုတ်ပါဘူး...”

“အဲဒီလိုပဲ မျှော်လင့်ပါတယ်... တကယ်လို့ တစ်ခုခု ကြားလိုက်ရမယ်ဆိုရင်တော့ အကျိုးဆက်ကို မင်း သိမှာပါ...”

ယင်းလီ၏ လေသံမှာ တည်ငြိမ်လှသော်လည်း ပတ်ဝန်းကျင်ရှိ နှင်းမှုန်များမှာ ရုတ်တရက် ပြင်းထန်လာခဲ့ပြီး အရာအားလုံးကို အေးခဲပစ်တော့မည့် အလား ရှိနေတော့သည်။

လော့ချန်၏ စိတ်ဝိညာဉ်မှာ အေးစက်လှသော အငွေ့အသက်ကို ခံစားလိုက်ရပြီး ရေခဲကမ္ဘာကြီးထဲတွင် အဝတ်အစားမပါဘဲ ရပ်နေရသကဲ့သို့ ခံစားလိုက်ရသည်။

လော့ချန်သည် ချက်ချင်းပင် ဓားဆန္ဒကို နှိုးဆွလိုက်ပြီး တစ်ကိုယ်လုံးသို့ လွှမ်းခြုံစေကာ စိတ်ဝိညာဉ်ဆိုင်ရာ ထင်ယောင်ထင်မှားမှု အားလုံးကို ဖျက်ဆီးပစ်လိုက်သည့်အခါမှသာ ထိုပြင်းထန်လှသော အအေးဒဏ်မှာ ဒီရေအလား ပြန်လည်ဆုတ်ခွာသွားတော့သည်။

“ဟင်... ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ မင်းရဲ့ ဓားဆန္ဒက ဒီလောက်အထိ တိုးတက်လာတာလား... ဓားဆန္ဒအစပျိုးအဆင့် အထွတ်အထိပ်ကိုတောင် ရောက်တော့မှာပဲ...”

ယင်းလီသည် လော့ချန်ကို စိုက်ကြည့်လျက် အနည်းငယ်မျှ အံ့ဩသွားရသည်။

လော့ချန်သည် ဤအကြောင်းအရာကို အများကြီး မပြောလိုသဖြင့် မေးမြန်းလိုက်သည်။

“စီနီယာအစ်မက ကျွန်တော့်ကို ဘာပြောချင်လို့လဲ...”

ယင်းလီက ခဏမျှ တိတ်ဆိတ်သွားပြီး လော့ချန်၏ မျက်ဝန်းများကို စိုက်ကြည့်ကာ လေသံကို မြှင့်၍ မေးမြန်းလိုက်သည်။

“မင်းက အဲဒီနေရာမှာ ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီရင် ရှိနေတာကို ဘယ်လိုဖြစ်ပြီး သိတာလဲ...”

အသံမှာ အလွန်ပင် ကျယ်လောင်ခြင်း မရှိသော်လည်း လော့ချန်၏ နားထဲတွင်မူ စိတ်ဝိညာဉ်ကို ထိခိုက်စေသည့် ထိုးနှက်ချက်တစ်ခုအလား ရှိနေတော့သည်။

လော့ချန်၏ စိတ်ဝိညာဉ်ပင်လယ်အတွင်း ရွှေရောင်လှိုင်းလုံးများမှာ ပြင်းထန်စွာ လှုပ်ရှားသွားခဲ့ပြီးမှ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထားလိုက်ကာ ခေါင်းခါပြလိုက်သည်။

“အဲဒီမှာ ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီရင် ရှိနေတာကို ကျွန်တော် မသိပါဘူး... သေဆုံးသွားတဲ့သူတွေရဲ့ အနှစ်သာရသွေးတွေက ပုံမှန်မဟုတ်တဲ့ အရှိန်နဲ့ ဆုံးရှုံးနေပြီး တောင်ထိပ်ရဲ့ အတွင်းပိုင်းဆီကို စီးဝင်နေတာကို မတော်တဆ သိလိုက်ရရုံပါ...”

“ဟွန်း... မတော်တဆ သိလိုက်ရတာ ဟုတ်လား...”

ယင်းလီက သူမ၏ မျက်ခုံးလေးများကို အသာအယာ ပင့်လိုက်ကာ ဆိုလိုက်သည်။

“ငါက အစစ်အမှန် စွမ်းအားတစ်စုံတစ်ရာကို နားလည်ထားပြီးပြီလေ... မင်းက ငါ့ရဲ့ အရှိန်အဝါ ဖိနှိပ်မှုကို ရင်ဆိုင်ရတာတောင် မျက်နှာမပျက်ဘူး... သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ မပြောနဲ့၊ သာမန်ကမ္ဘာမြေနယ်ပယ် မဟာသန်မာသူတွေတောင် ဒီလို လုပ်ဖို့ ခက်ခဲတယ်... ဒါကလည်း မတော်တဆပဲလား...”

ယင်းလီသည် စောစောက စကားပြောနေစဉ် စိတ်ဝိညာဉ်ဆိုင်ရာ ဖိအားတစ်ခုကို ထည့်သွင်းခဲ့ခြင်းဖြစ်သော်လည်း လော့ချန်ကမူ ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သဖြင့် သူမ၏ ယူဆချက်အချို့မှာ မှန်ကန်ကြောင်း သေချာသွားတော့သည်။

လော့ချန်မှာမူ ခဏမျှ ဘာပြန်ပြောရမှန်း မသိဖြစ်နေတော့သည်။

ယင်းလီ၏ မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး အေးအေးဆေးဆေးပင် ထပ်မံ၍ ဆိုလိုက်သည်။

“မင်း ငါ့ကို ဖုံးကွယ်ထားစရာ မလိုပါဘူး... မင်းက ရောင်စဉ်ခုနစ်သွယ်စမ်းရေတွင်းရဲ့ သတ္တမမြောက်အလွှာကို ဖြတ်ကျော်နိုင်ခဲ့တာကတင် အဖြေအများကြီး ပေးပြီးသားပဲ... ငါက အခု စမ်းသပ်ကြည့်ရုံပါ... ငါ မင်းကို မေးမယ်... မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်က ဘယ်အဆင့်မှာ ရှိနေတာလဲ...”

လော့ချန်သည် ခဏမျှ စဉ်းစားလိုက်ပြီး တစ်ဖက်လူကို လိမ်ညာ၍ မရနိုင်တော့မှန်း သိရှိလိုက်သည်။

ဘာပဲဖြစ်ဖြစ် တစ်ဖက်လူတွင်လည်း သူ၏ အားနည်းချက် ရှိနေသည်မဟုတ်ပါလော။ ထို့ကြောင့် သူက ဆိုလိုက်သည်။

“ကျွန်တော် စိတ်ဝိညာဉ်စွမ်းအင်ကို မစမ်းသပ်ရသေးတော့ အဆင့်အတိအကျကို မသိပါဘူး... ဒါပေမဲ့ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်က သာမန် လူသားအမြုတေ အဆင့်ရှိသူတွေထက် မနိမ့်ဘူးလို့တော့ ခန့်မှန်းရတာပဲ...”

လော့ချန်၏ ယခင်က စိတ်ဝိညာဉ်စွမ်းအင်မှာ မိုးကောင်းကင်နယ်ပယ် မဟာသန်မာသူများနှင့် အစွမ်းချင်း တူညီနေခဲ့ပြီ ဖြစ်သည်။

ဤကာလအတွင်း သူသည် သိုင်းဝိညာဉ်အနှစ်သာရသွေး အမြောက်အမြားကို ဝါးမျိုခဲ့သလို ဓားဘုရင်၏ ဆန္ဒဖြင့် ဓားဆန္ဒကို သန့်စင်ခဲ့ခြင်းကြောင့် စိတ်ဝိညာဉ်စွမ်းအင်မှာလည်း ပိုမို၍ အားကောင်းလာခဲ့မှာ သေချာလှပေသည်။ ထို့ကြောင့် လူသားအမြုတေ အဆင့်သို့ မရောက်ရှိသေးလျှင်ပင် အလွန်ပင် နီးကပ်နေပြီဖြစ်ကြောင်း သေချာလှပေသည်။

“လူသားအမြုတေ အဆင့်နဲ့ တူတယ်... ဟုတ်လား...”

ယင်းလီသည် ကြိုတင်ပြင်ဆင်ထားသော်လည်း ယခုကဲ့သို့ အခြေအနေကို ကြားရသည့်အခါ အလွန်ပင် အံ့ဩသွားရသည်။

ရှေးယခင်ကတည်းက စိတ်ဝိညာဉ်စွမ်းအင် ပါရမီရှင်များမှာ အလွန်ပင် ရှားပါးလှပြီး ဓားသိုင်းပါရမီရှင်များထက်ပင် ပိုမို၍ နည်းပါးလှပေသည်။ ဤကဲ့သို့သော လူများမှာ များသောအားဖြင့်ကမ္ဘာကြီးကို တုန်လှုပ်စေမည့် ပုဂ္ဂိုလ်ကြီးများ ဖြစ်လာတတ်ကြသည်မဟုတ်ပါလော။

သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံဆင့်မျှဖြင့် လူသားအမြုတေ အဆင့်ရှိ စိတ်ဝိညာဉ်စွမ်းအင် အစွမ်းကို ပိုင်ဆိုင်ထားခြင်းမှာမူ တစ်ခုလုံးသော ယွမ်လန်နယ်မြေအုပ်စု သို့မဟုတ် အရှေ့ကုန်းမြေကြီး တစ်ခုလုံးတွင်ပင် အလွန်ပင် ရှားပါးလှသော အခြေအနေ ဖြစ်ပေသည်။

သို့သော်လည်း အခြားသော စိတ်ဝိညာဉ်စွမ်းအင် ပါရမီရှင်များမှာ အဆင့်မြင့်သိုင်းဝိညာဉ်များကို နိုးကြားထားကြသူများ ဖြစ်သလို ကြယ်ဆယ်ပွင့်ထက် သာလွန်သော ထိပ်သီးသိုင်းဝိညာဉ်များကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။

လော့ချန်ကဲ့သို့ စိတ်ဝိညာဉ်စွမ်းအားမှာ ထူးချွန်ထက်မြက်လှသော်လည်း အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားသူမျိုးကိုမူ ယင်းလီ တစ်ခါမှ မကြားဖူးပေ။ သူသည် တကယ့် စိတ်ဝိညာဉ်စွမ်းအင် ပါရမီရှင် ဟုတ်မဟုတ် ဆိုသည်မှာ နောင်တစ်ချိန် စမ်းသပ်ကြည့်သည့်အခါမှသာ သိရှိနိုင်မှာ ဖြစ်ပေသည်။

ယင်းလီက ခဏမျှ စဉ်းစားလိုက်ပြီးမှ ဆိုလိုက်သည်။

“မင်းရဲ့ အခု ကျင့်ကြံဆင့်က နိမ့်လွန်းသေးသလို ရန်သူတွေကလည်း များလွန်းတယ်... မင်းတို့ ရွှမ်ယွမ်ဂိုဏ်းက မင်းသားတန်းကို အသာထားဦး၊ ဒီတိုက်ပွဲကြီးပြီးသွားရင် လျှပ်ယွမ်ဂိုဏ်းကလည်း မင်းကို သူတို့ရဲ့ ဆူးတစ်ချောင်းအဖြစ် သတ်မှတ်ထားကြမှာပဲ... သူတို့က မင်းမှာ အသုံးမကျတဲ့သိုင်းဝိညာဉ် ရှိနေလို့သာ မင်းကို မျက်စိထဲ မထည့်ကြတာ...”

“တကယ်လို့ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင် ပါရမီက ဒီလောက်အထိ ကြောက်စရာကောင်းမှန်း သူတို့သာ သိသွားရင်တော့ လျှပ်ယွမ်ဂိုဏ်းက မင်းကို ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး... ဒါကြောင့် မင်းရဲ့ အစွမ်းတွေကို အများကြီး ထုတ်မပြတာက ပိုကောင်းလိမ့်မယ်... မဟုတ်ရင်တော့ မင်းအတွက် ဘေးဒုက္ခတွေပဲ ဖြစ်လာမှာပဲ...”

“မင်း တစ်နေ့မှာ စတုတ္ထနယ်ပယ်ကို ချိုးဖျက်ပြီး မဟာသန်မာသူတစ်ဦး ဖြစ်လာတဲ့အထိပေါ့...”

“စီနီယာအစ်မ ယင်းလီကို ကျေးဇူးတင်ပါတယ်... လော့ချန် အမြဲတမ်း မှတ်သားထားပါ့မယ်...”

ယင်းလီနှင့် ဟုန်ကျွမ်းတို့၏ အစွမ်းကို မြင်တွေ့ခဲ့ရပြီးနောက် လော့ချန် အသေအချာ သိရှိသည်မှာ သူ၏ အစွမ်းသည် ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတွင်းစည်းထဲတွင် အစွမ်းအထက်ဆုံး ဖြစ်နေလျှင်ပင် မဟာသန်မာသူများနှင့် ယှဉ်လျှင်မူ အဝေးကြီး လိုအပ်နေသေးသည်မှာ အမှန်ပင် ဖြစ်သည်။

ယင်းလီက ခဏမျှ စဉ်းစားလိုက်ပြီးမှ ဆက်လက်၍ ဆိုလိုက်သည်။

“နောက်ပြီး မင်းက ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီရင်ကို ရှာတွေ့ခဲ့တဲ့ ကိစ္စကိုလည်း အပြင်မှာ လျှောက်မပြောနဲ့... ယူလန်ရှင်းကိုတော့ ငါကိုယ်တိုင် သွားပြီး မှာထားလိုက်မယ်...”

“ဒီတစ်ခေါက် သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို တိုက်တဲ့အခါ ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီရင်ကြောင့် ဂိုဏ်းကြီးတွေရဲ့ ဆုံးရှုံးမှုက မနည်းဘူးလေ... တကယ်လို့ တစ်စုံတစ်ယောက်ကသာ ဒါကို စုံစမ်းစစ်ဆေးမယ်ဆိုရင် မင်းက အခက်အခဲတွေနဲ့ ကြုံတွေ့ရမှာပဲ... တချို့သော တာဝန်တွေကို မင်းလိုမျိုး သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူလေးတစ်ယောက်က ထမ်းဆောင်နိုင်မှာ မဟုတ်ဘူး...”

လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပါပြီ...”

ယင်းလီက တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။

“အဆုံးသတ်မှာတော့ သန်မာသူဦးစားပေးမှုပဲလေ... အစွမ်းကသာ အခြေခံပဲ... မင်း အစွမ်းနည်းနေတဲ့ အချိန်မှာတော့ သူများက မင်းကို နှိပ်စက်စော်ကားမှာပဲ... ဒါပေမဲ့ မင်းရဲ့ အစွမ်းက လူတိုင်း လေးစားရမယ့်အဆင့်ကို ရောက်သွားတဲ့ အခါမှာတော့ လူတိုင်းက မင်းကို ကြောက်ရွံ့လေးစားကြမှာပဲ... မင်းရဲ့ လမ်းတစ်လျှောက်မှာ ဒါတွေကို မင်းလည်း ခံစားခဲ့ရမှာပါ...”

လော့ချန်မှာ တိတ်ဆိတ်နေတော့သည်။

အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားကတည်းက ကြုံတွေ့ခဲ့ရသည့် အနိမ့်အမြင့်များကို သူကိုယ်တိုင်ထက် ပိုသိမည့်သူ မရှိပေ။

ယင်းလီ၏ မိမိအပေါ် ထားရှိသော သဘောထားကို သိရှိလိုက်သည့်အခါ လော့ချန်က ခဏမျှ စဉ်းစားလိုက်ပြီးမှ ဆိုလိုက်သည်။

“ဒါနဲ့ စီနီယာအစ်မ... ဒီတစ်ခေါက် သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို တိုက်တဲ့အခါ လူသားအမြုတေ အဆင့်ရှိသူတွေ ပေါ်လာခဲ့သေးလား...”

“မရှိပါဘူး...”

ယင်းလီက ခေါင်းခါပြလိုက်သည်။

“သွေးဝိညာဉ်ဂိုဏ်းရဲ့ အင်အားက လက်ရှိမှာ ယွမ်လန်နယ်မြေအုပ်စုရဲ့ တောင်ဘက်ပိုင်းမှာပဲ ရှိတာလေ... သူတို့တွေက အရင်းအမြစ်တွေကို သုံးပြီး သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေ၊ မဟာသန်မာသူတွေကို အများကြီး ပျိုးထောင်နိုင်ပေမဲ့ လူသားအမြုတေ အဆင့်ရှိသူတွေကတော့ အရင်းအမြစ်တွေ ရှိရုံနဲ့ ဖြစ်မလာနိုင်ဘူးလေ... ဒီနေရာမှာ လူသားအမြုတေ အဆင့်ရှိသူတွေ မရှိတာကလည်း ပုံမှန်ပါပဲ...”

လော့ချန်က ဆိုလိုက်သည်။

“တကယ်တော့... လွန်ခဲ့တဲ့ အချိန်အနည်းငယ်က ကျွန်တော် တာယွဲ့မင်းဆက် အတွင်းမှာ သွေးဝိညာဉ်ဂိုဏ်းက လူသားအမြုတေ အဆင့်ရှိသူ နှစ်ယောက်ကို မြင်ခဲ့ဖူးတယ်...”

ယင်းလီသည် မိမိအပေါ်တွင် မကောင်းသော ရည်ရွယ်ချက် မရှိသည်ကို သိရှိရသဖြင့် လော့ချန်သည် မိမိသိရှိထားသော သတင်းများကို ပြောပြရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အပြန်အလှန်အားဖြင့် ယင်းလီသည် စောစောက စကားများကို မပြောခဲ့လျှင် လော့ချန်အနေနှင့် ဘေးဒုက္ခများ မကြုံတွေ့ရလေအောင် ဤအကြောင်းအရာများကို ပြောပြမှာ မဟုတ်ပေ။

“နင်က သွေးဝိညာဉ်ဂိုဏ်းရဲ့ လူသားအမြုတေ အဆင့်ရှိသူတွေကို မြင်ခဲ့ဖူးတယ် ဟုတ်လား...”

ယင်းလီ၏ တည်ငြိမ်လှပလှသော မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်သည့် အမူအရာမှာ ရှားရှားပါးပါး ပေါ်ထွက်လာခဲ့ပြီး သူမ၏ မျက်ဝန်းအစုံဖြင့် လော့ချန်ကို စိုက်ကြည့်လိုက်တော့သည်။

လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်... တစ်ယောက်က ထူးသခင်လို့ ခေါ်ပြီး နောက်တစ်ယောက်ကတော့ သွေးကျီးကန်းလူသားအမြုတေလို့ ခေါ်တယ်... နတ်ဆိုးတောအုပ် ထဲမှာ မတော်တဆ သိလိုက်ရတာပါ...”

“သွေးကျီးကန်းလူသားအမြုတေ ဟုတ်လား... အဲဒီလူအကြောင်းကို ငါ ကြားဖူးတယ်... သူက သွေးဝိညာဉ်ဂိုဏ်းရဲ့ ထိပ်သီး လူသားအမြုတေ အဆင့်ရှိသူတွေထဲက တစ်ယောက်ပဲလေ... အဲဒီတုန်းက သွေးဝိညာဉ်ဂိုဏ်း အမြစ်ပြတ်သွားတုန်းက သူလည်း ပျောက်ကွယ်သွားခဲ့တာဆိုတော့ လူတိုင်းက သူ သေသွားပြီလို့ ထင်နေကြတာ... သူက ငါတို့ တာယွဲ့မင်းဆက် ထဲမှာ ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

ယင်းလီသည် ဤသတင်းကြောင့် အကြီးအကျယ် စိတ်ဝင်စားသွားခဲ့ပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

“သူတို့တွေက တာယွဲ့မင်းဆက် ထဲမှာ ရှိနေပါလျက်နဲ့ အခု သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်း ဖျက်ဆီးခံရတဲ့ အထိ ဘာလို့ ပေါ်မလာကြတာလဲ... ဘာသဲလွန်စမှလည်း မရှိဘူး... အခြေစိုက်စခန်း တစ်ခုလုံးမှာ ယင်ဓာတ်အနှစ်သာရသွေး သန့်စင်ခြင်း အစီရင်ကို ခင်းကျင်းထားပြီး ဒီတိုက်ပွဲက ရတဲ့ အနှစ်သာရသွေးတွေနဲ့ သွေးမိစ္ဆာကို အားဖြည့်ပေးနေတယ်ဆိုတာက... တကယ်ကို ထူးဆန်းနေတာပဲ...”

လော့ချန်က ခဏမျှ တွန့်ဆုတ်နေပြီးမှ ဆိုလိုက်သည်။

“စီနီယာအစ်မ... ကျွန်တော့်မှာ ခန့်မှန်းချက် တစ်ခု ရှိတယ်... ဒီ အခြေစိုက်စခန်းက သွေးဝိညာဉ်ဂိုဏ်းရဲ့ စစ်မှန်တဲ့ အခြေစိုက်စခန်း မဟုတ်လောက်ဘူး ထင်တယ်...”

အခန်း ၆၅၉ ပြီးပါပြီ။

အခန်း ၆၆၀ - သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်ပိုင်း၊ သွေးမိစ္ဆာဘေးဒုက္ခ

“ဟင်... မင်းပြောတာက ဒီအခြေစိုက်စခန်းက အတုပေါ့... လူတွေကို လှည့်စားဖို့အတွက်ပဲ သုံးတာလို့ ပြောချင်တာလား...”

ယင်းလီသည် လော့ချန်၏စကားများကို စဉ်းစားနေပြီးနောက် အသာအယာခေါင်းညိတ်ပြလိုက်သည်။

“အဲဒီလိုသာဆိုရင်တော့ ခုနက သံသယဖြစ်စရာတွေက အဖြေထွက်သွားတာပဲ...”

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယင်းလီက လော့ချန်ကို ဆိုလိုက်သည်။

“ဒီကိစ္စက တော်တော်လေး အရေးကြီးတယ်... အခုက ခန့်မှန်းခြေပဲ ရှိသေးတာဆိုတော့ မင်း အပြင်မှာ လျှောက်မပြောနဲ့ဦး... ငါ ဂိုဏ်းထဲက စီနီယာအကြီးအကဲတွေနဲ့ အရင်တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချမယ်...”

“ပြီးတော့ မင်း သွေးကျီးကန်းလူသားအမြုတေကို မြင်ခဲ့တဲ့ကိစ္စကိုလည်း တခြားသူတွေကို မပြောနဲ့... မဟုတ်ရင် လူတွေကြားထဲမှာ ရှုပ်ထွေးကုန်ပြီးတော့ ရန်သူကို သတိပေးသလို ဖြစ်သွားလိမ့်မယ်... အဲဒါက မင်းအတွက်လည်း မကောင်းဘူး...”

“ကျွန်တော် သိပါတယ်... စီနီယာအစ်မကို မဟုတ်ရင် ကျွန်တော်လည်း ဒီကိစ္စကို တခြားဘယ်သူ့ကိုမှ ပြောပြမှာ မဟုတ်ပါဘူး...”

ယင်းလီ၏ကြည်လင်လှသော မျက်ဝန်းများက လှုပ်ရှားသွားပြီး လော့ချန်ကို တစ်ချက်ကြည့်လိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။

ခဏချင်းမှာပင် ကောင်းကင်ယံမှ နှင်းမှုန်များမှာ ရပ်တန့်သွားခဲ့ပြီး ယင်းလီ၏ကိုယ်ဟန်မှာလည်း နှင်းမုန်တိုင်းနှင့်အတူ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။ ကြည်လင်လှပသော အသံလေးမှာမူ လေထဲ၌ ကျန်ရစ်ခဲ့တော့၏။

“မင်း ဒီနေရာမှာ စိတ်အေးလက်အေး အနားယူနိုင်ပါတယ်... ဘယ်သူမှ မင်းကို ဘာမှလုပ်ဝံ့မှာ မဟုတ်ဘူး... နောက်ပြီး မင်း ငါ့ကို လုပ်ပေးရမယ့် ကိစ္စသုံးခု ကျန်နေသေးတာကိုလည်း မမေ့နဲ့ဦး...”

“ကျေးဇူးတင်ပါတယ်...”

လော့ချန်က ပြန်လည်ဖြေကြားလိုက်ပြီး အဝေးသို့ ရောက်ရှိသွားသော ယင်းလီ၏ကျောပြင်ကို ကြည့်ကာ ပြုံးလိုက်မိသည်။ ကြွေးတင်နေရသည့် ခံစားချက်မှာ မဆိုးလှဟု သူ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းဖြစ်ပြီး အဓိကမှာ ကြွေးရှင်က မဆိုးသောကြောင့်ပင် ဖြစ်ပေသည်။

စိတ်အေးသွားသည့်အခါ လော့ချန်သည် သန့်ရှင်းသော ဝတ်စုံတစ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး ယူလန်ရှင်းနှင့် ကျင်းယွီရှီးတို့ထံသို့ သွားရောက်တွေ့ဆုံလိုက်သည်။

ကျင်းယွီရှီး၏ ပြောပြချက်အရ ပထမမင်းသား ကျင်းထျန်တူမှာ အလုပ်ကိစ္စတစ်ခု ပေါ်လာသဖြင့် ယခုတစ်ခေါက် နတ်ဆိုးတောအုပ်သို့ မလာနိုင်ခဲ့ခြင်း ဖြစ်၏။

ကျင်းယွီရှီး ကိုယ်တိုင်မှာမူ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၃ မျှသာ ရှိသေးသဖြင့် အစွမ်းမှာ နိမ့်လွန်းလှပေသည်။ သူမသည် တောင်အောက်တွင် ဂိုဏ်းတူညီအစ်မများနှင့်အတူ လူစုကွဲနေသော သွေးဝိညာဉ်ဂိုဏ်းဝင်များကိုသာ လိုက်လံသတ်ဖြတ်နေခဲ့ခြင်းဖြစ်ရာ ကံကောင်းထောက်မစွာဖြင့် ယင်ဓာတ်အနှစ်သာရ သွေးသန့်စင်ခြင်း အစီရင်ဘေးဒုက္ခမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်ပေသည်။

သူတို့နှစ်ဦးနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် လော့ချန်သည် ဆိတ်ငြိမ်သော နေရာတစ်ခုသို့ သွားရောက်ကာ ထိုင်လိုက်တော့သည်။

သူ၏ကျင့်ကြံဆင့်မှာ ပိတ်ဆို့အဆင့်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သလို ယခုတိုက်ပွဲတွင်လည်း လူပေါင်း ရာနှင့်ချီသော သိုင်းဝိညာဉ်အနှစ်သာရများကို ဝါးမျိုခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ကျင့်ကြံဆင့်မှာ အချိန်မရွေး အဆင့်တက်လှမ်းတော့မည့် အရိပ်အယောင်များ ပေါ်ထွက်နေပြီ ဖြစ်၏။

ယခုအချိန်တွင် ထွက်ခွာ၍ မရနိုင်သေးသဖြင့် လော့ချန်သည် အဆင့်တက်လှမ်းရန် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ယခုတိုက်ပွဲနှင့် ယင်းလီ၏စကားများကြောင့် သူ၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာရသည်။

ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတွင်းစည်းထဲတွင် သူသည် ပြိုင်ဘက်မရှိတော့ဟု ဆိုနိုင်သော်လည်း ၎င်းမှာ အတွင်းစည်းထဲတွင်သာ ဖြစ်ပေသည်။

တိုက်ရိုက်တပည့်တစ်ဦးကိုပင် သူ မယှဉ်နိုင်သေးသလို ဟုန်ကျွမ်းနှင့် ယွမ်ချင်ယင်တို့ကဲ့သို့သော မဟာသန်မာသူကြီးများနှင့်ဆိုလျှင်မူ အဝေးကြီး လိုအပ်နေသေးသည်မဟုတ်ပါလော။

၎င်းအပြင် သွေးဝိညာဉ်ဂိုဏ်း၏ ခြိမ်းခြောက်မှုကိုလည်း လျစ်လျူရှု၍ မရပေ။ ယင်းလီ၏စကားအရ သွေးကျီးကန်းလူသားအမြုတေမှာ တာယွဲ့မင်းဆက်အတွင်း ပေါ်လာခြင်းမှာ သေချာပေါက် ကောင်းသည့်ကိစ္စမဟုတ်ပေ။

ဖြစ်နိုင်သည်မှာ သွေးဝိညာဉ်ဂိုဏ်း တစ်ဖန်ပြန်လည်သောင်းကျန်းလာမည့် အချိန်မှာ ဝေးတော့မည် မဟုတ်ပေ။

“စတုတ္ထနယ်ပယ်ကို အမြန်ဆုံး ချိုးဖျက်နိုင်မှ ဖြစ်မယ်...”

သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် လော့ချန်သည် စိတ်ကို စုစည်းလိုက်ကာ သိုလှောင်လက်စွပ်အတွင်းမှ စိမ်းလဲ့သော ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

၎င်းမှာ မဟာအကြီးအကဲချင်းချိုင် ပေးအပ်ထားသော ဝိညာဉ်ဆေးလုံးငယ်ဖြစ်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများအတွက် ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးနိုင်သော ဆေးလုံးဖြစ်၏။

ဆေးလုံးကို မြိုချလိုက်ပြီးနောက် လော့ချန်သည် စိတ်အေးလက်အေး ကျင့်ကြံလိုက်ကာ ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်လှသော သိုင်းဝိညာဉ်အနှစ်သာရများကို စတင်သန့်စင်တော့သည်။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးကြော ၈၁ ခုမှာ ပိုမိုတောင့်တင်းပြီး ကြည်လင်လာခဲ့ကာ ချီစွမ်းအင်များကြားတွင် နတ်ဘုရားတံတားများအလား တည်ရှိနေပြီး သူ၏ဒျန်တန်၊ နှလုံးသွေးကြောနှင့် သိုင်းဝိညာဉ်တို့ကို ဆက်သွယ်ထားတော့သည်။

ချီစွမ်းအင်များမှာ သွေးကြောများအတွင်း၌ လှည့်ပတ်နေခဲ့ပြီး အကြိမ်ကြိမ် အဖန်ဖန် စီးဆင်းနေတော့သည်။

မကြာမီမှာပင်...

“ဝူး...”

ထူးဆန်းလှသော လှိုင်းတွန့်တစ်ခုမှာ လော့ချန်၏ကိုယ်တွင်းမှ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ မိုးမြေချီစွမ်းအင်များမှာ ကိုယ်တွင်းသို့ ပြန်လည်စီးဝင်လာတော့သည်။ ပြင်းထန်လှသော အရှိန်အဝါကြောင့် လေပြင်းများ တိုက်ခတ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် ကျောက်ခဲများမှာလည်း လွင့်စဉ်သွားရတော့သည်။

“ဟင်... ဘာတွေ ဖြစ်နေတာလဲ...”

“တစ်ယောက်ယောက် အဆင့်တက်သွားပြီ...”

ဤလှုပ်ရှားမှုကြောင့် လူအများအပြား သတိပြုမိသွားကြပြီး လော့ချန်ထံသို့ လှမ်းကြည့်လိုက်ကြသည်။

ကျင်းယွီရှီးက အံ့ဩတကြီး ဆိုလိုက်သည်။

“လော့ချန်က ထပ်ပြီးတော့ အဆင့်တက်သွားပြန်ပြီ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်ပိုင်း... သူ့ရဲ့ ကျင့်ကြံမှုမှာ ပိတ်ဆို့အဆင့်ဆိုတာရော ရှိရဲ့လား...”

သူမ ဤမျှအထိ ထိတ်လန့်နေရခြင်းမှာလည်း မဆန်းပေ။ သူတို့နှစ်ဦး ကျိတော့ဂိုဏ်းမှ မူချင်းလျန်၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်မှာ လွန်ခဲ့သော လအနည်းငယ်ကသာ ရှိသေးသည်မဟုတ်ပါလော။ ထိုစဉ်က လော့ချန်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်သို့ ရောက်ကာစသာ ရှိသေးရာ ယခုကဲ့သို့ တိုတောင်းလှသော အချိန်အတွင်း အဆင့် ၉ အလယ်အလတ်ပိုင်းသို့ ရောက်ရှိသွားခြင်းမှာမူ ကျင်းယွီရှီး တစ်ခါမှ မကြားဖူးသော ကိစ္စပင် ဖြစ်၏။

ယူလန်ရှင်းသည်လည်း ခဏမျှ မှင်တက်မိသွားသော်လည်း သူမကမူ ပို၍ တည်ငြိမ်လှပေသည်။ ဘာပဲဖြစ်ဖြစ် သူမသည် လော့ချန်က တိုက်ပွဲအတွင်း၌ ဓားဆန္ဒကို မည်သို့ သန့်စင်ခဲ့ပြီး အရှိန်အဟုန်နှင့် တိုးတက်လာခဲ့သည်ကို မြင်တွေ့ခဲ့ဖူးသည်မဟုတ်ပါလော။

ဓားဆန္ဒမှာ ဓားသမားတစ်ဦး၏ ကဏ္ဍအသီးသီးနှင့် ဆက်စပ်နေသဖြင့် ဓားဆန္ဒ တိုးတက်လာသည်နှင့်အမျှ ကျင့်ကြံဆင့်မှာလည်း တစ်ဟုန်ထိုး တိုးတက်လာမှာ ဖြစ်ပေသည်။

သို့သော်လည်း လော့ချန်၏ တိုးတက်မှုမှာမူ တကယ်ကို မြန်လွန်းလှပေသည်။

“ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ မြန်နေရတာလဲ...”

ယွမ်ချင်းယင်သည် လော့ချန်ကို တစ်ချိန်လုံး သတိထားကြည့်နေခြင်းဖြစ်ရာ ဤမြင်ကွင်းကိုလည်း မြင်တွေ့လိုက်ရသဖြင့် သူ၏အကြည့်မှာ ထက်မြက်သွားခဲ့ပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

“ဟဲဟဲ... ထင်ထားတာထက်တောင် ပိုပြီးတော့ လွယ်ကူနေပါသေးလား...”

လော့ချန်သည် မျက်ဝန်းများကို ဖွင့်လိုက်သည့်အခါ တစ်ကိုယ်လုံးတွင် စွမ်းအားများ ပြည့်ဝနေသည်ကို ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်မှာလည်း အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိနေကာ ယခင်ကထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်၏။

ကျင့်ကြံဆင့် ချိုးဖျက်နိုင်ခြင်းက သူ့အတွက်တော့ကဏ္ဍအစုံမှ တိုးတက်လာခြင်းပင် ဖြစ်ပေသည်။

“တကယ်ပဲ ကျင့်ကြံဆင့်ကသာ အဓိကပဲ... ကျန်တာတွေကတော့ အပိုဆောင်းတွေပဲပေါ့...”

“ဆက်သွားကြတာပေါ့...”

လော့ချန်သည် အချိန်အကြာကြီး စိတ်လှုပ်ရှားမနေဘဲ မျက်ဝန်းများကို ထပ်မံမှိတ်ကာ ကျင့်ကြံလိုက်ပြန်သည်။

သူ၏ကျင့်ကြံဆင့်မှာ ဆက်လက်၍ မြင့်တက်နေဆဲဖြစ်သလို တားဆီး၍မရနိုင်သော အရှိန်အဝါလည်း ရှိနေသဖြင့် ဤအတိုင်းဆိုလျှင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အဆင့်မြင့်ပိုင်းသို့ ရောက်ရှိရန်မှာ အချိန်အများကြီး လိုအပ်တော့မည် မဟုတ်ပေ။

သို့သော်လည်း တိတ်ဆိတ်မှုမှာ ကြာကြာမခံလိုက်ပေ။

“ရှူး...”

“ရှူး...”

“ရှူး...”

အလင်းတန်းအချို့မှာ ကောင်းကင်ယံကို ဖြတ်သန်းလာခဲ့ပြီး လူရိပ် ၃ ခုမှာ နတ်ဆိုးတောအုပ်ရှိရာ အရပ်မျက်နှာဆီမှ ရောက်ရှိလာကြသည်။

ရောက်လာသူများမှာ သွေးမိစ္ဆာနှင့် တိုက်ခိုက်ခဲ့ကြသော ဂိုဏ်းကြီးသုံးဂိုဏ်း၏ စီနီယာအကြီးအကဲများ ဖြစ်ကြသည်။

“သွေးမိစ္ဆာ ဆိုတာ တကယ့်ကိုကမ္ဘာပေါ်မှာ အယုတ်ညံ့ဆုံး မိစ္ဆာတစ်ကောင်ပဲ... အပြည့်အဝ ပုံသဏ္ဌာန် မပေါ်သေးတာတောင်မှ သူ့ရဲ့ တိုက်ခိုက်မှုစွမ်းအားက ဒီလောက်အထိ ပြင်းထန်နေတာလား... ငါတို့ သုံးယောက် ပူးပေါင်းတာတောင် သူ့ကို မဖမ်းနိုင်ဘဲနဲ့ ထွက်ပြေးသွားစေခဲ့တာကတော့... တကယ်ကို နာကျင်ဖို့ ကောင်းလိုက်တာ...”

ဆံပင်ဖြူဖြူနှင့် မျက်နှာနီမြန်းသော သန်မာသော ဓားသမားမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သူတို့ သုံးဦး ပူးပေါင်း၍ သွေးမိစ္ဆာကို ဝိုင်းရံတိုက်ခိုက်ခဲ့သော်လည်း အရေးကြီးသည့် အချိန်တွင် ထိုမိစ္ဆာမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်ပေသည်။

အလယ်ရှိ လော့ရှာဂိုဏ်းမှ မဟာအကြီးအကဲယွမ်လန်က ဆိုလိုက်သည်။

“တကယ်လို့ အခြားနေရာမှာသာဆိုရင်တော့ သူ လွတ်စရာ အကြောင်းမရှိပါဘူး... နှမြောစရာကောင်းတာကတော့ အဲဒီနေရာမှာ ယင်ဓာတ်အနှစ်သာရ သွေးသန့်စင်ခြင်း အစီရင် ရှိနေတာရယ်၊ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းထန်လှတဲ့ သွေးအရှိန်အဝါတွေက သူ့အတွက် သွေးစွမ်းအင်နဲ့ ထွက်ပြေးဖို့အတွက် အခွင့်အရေးကောင်းတွေ ပေးလိုက်သလို ဖြစ်သွားတာလေ... ငါတို့ သူ့ကို မတားနိုင်တာကလည်း ပုံမှန်ပါပဲ...”

စီနီယာအကြီးအကဲရှီဟွမ်က မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။

“ဒီတစ်ခေါက် သူ လွတ်သွားပြီဆိုတော့... တကယ်လို့ သူသာ အောင်မြင်အောင် ပုံသဏ္ဌာန် ဖော်နိုင်သွားမယ်ဆိုရင်တော့ ဖြေရှင်းရတာ ခက်ခဲသွားမှာပဲ... ငါတို့ သူ့ကို သတ်ဖို့တောင် မလွယ်တော့ဘူး... အဲဒါက ငါတို့ တာယွဲ့မင်းဆက် တစ်ခုလုံးအတွက် ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ဖြစ်လာတော့မှာပဲ...”

စီနီယာအကြီးအကဲယွမ်လန်က ခေါင်းခါပြလိုက်သည်။

“သွေးမိစ္ဆာ တစ်ကောင်က ပုံသဏ္ဌာန်ဖော်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ ရှင်လည်း သိတာပဲ... နောက်ပြီး အခု သူ ဒဏ်ရာအပြင်းအထန် ရသွားတာလေ... သူ အစွမ်းတွေ ပြန်ကောင်းလာဖို့ဆိုရင်တော့ အနှစ်သာရသွေး အမြောက်အမြားကို သေချာပေါက် လိုအပ်လိမ့်မယ်... ဒါကြောင့် ငါတို့က ဘယ်နေရာမှာ လူသတ်မှုတွေ အများကြီး ဖြစ်နေသလဲဆိုတာကို သတိထားကြည့်နေရုံနဲ့ သူ့ရဲ့ သဲလွန်စကို ရှာတွေ့နိုင်မှာပါ...”

“ပြီးတော့... သွေးမိစ္ဆာ နတ်ဆိုးတောအုပ်မှာ ပေါ်လာတဲ့အကြောင်းကို အိမ်နီးချင်း မင်းဆက်နိုင်ငံတွေဆီကို သတင်းပို့ပြီးတော့ သူတို့ကို ကြိုတင်ပြင်ဆင်ထားခိုင်းရမယ်... ကူးယွမ်မြို့မှာ သွေးမိစ္ဆာအကြောင်း စုံစမ်းဖို့ ရောက်နေတဲ့ သန်မာသူတွေ အများကြီး ရှိတယ်မဟုတ်လား... သူတို့ကို သတင်းပို့လိုက်ရင် ငါတို့အတွက် အကူအညီ ရနိုင်တာပေါ့... သူ့ကို အမြန်ဆုံး ရှင်းပစ်မှ ဖြစ်မယ်...”

စီနီယာအကြီးအကဲ သုံးဦးစလုံး၏ မျက်နှာမှာ တည်ကြည်လေးနက်နေကြသည်။

သွေးမိစ္ဆာဆိုသည်မှာ သတ်ဖြတ်ခြင်းနှင့် သွေးများကြားမှ မွေးဖွားလာခဲ့ခြင်းဖြစ်သလို ကမ္ဘာပေါ်ရှိ ယုတ်ညံ့လှသော အငြိုးအတေးများ စုစည်းနေခြင်းလည်း ဖြစ်ရာ ၎င်း ပေါ်ထွက်လာသည့် နေရာတိုင်းတွင် သွေးချောင်းစီး တိုက်ပွဲများမှာ မလွဲမသွေ ဖြစ်ပေါ်လာတတ်သည်မဟုတ်ပါလော။

အထူးသဖြင့် ပုံသဏ္ဌာန် ဖော်နိုင်သွားသော သွေးမိစ္ဆာမှာ အစွမ်းမှာ အဆပေါင်းများစွာ တိုးတက်လာမှာဖြစ်သလို မြို့တစ်မြို့ သို့မဟုတ် ဂိုဏ်းတစ်ခုလုံးကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။ ၎င်းကိုသာ ဒီအတိုင်း ဆက်ပြီး ကြီးထွားခွင့်ပေးမည်ဆိုပါက နိုင်ငံတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် ဧရာမ ဘေးဒုက္ခကြီး ဖြစ်လာမှာ သေချာလှပေသည်။

ရှေးယခင်က သွေးမိစ္ဆာတစ်ကောင်မှာ အစွမ်းထက်လာခဲ့သဖြင့် နိုင်ငံပေါင်း ဆယ်ဂဏန်းခန့်မှာ ငရဲကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားခဲ့ဖူးသည် မဟုတ်ပါလော။

ထို့ကြောင့် သွေးမိစ္ဆာ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အင်အားစုအားလုံးမှာ စုပေါင်း၍ အစွမ်းကုန် သတ်ဖြတ်ကြရမည်ဆိုသည့် စည်းကမ်းတစ်ခုမှာလည်း အလိုလို ရှိနေခဲ့ပြီ ဖြစ်၏။

“ရောက်ပြီ...”

စကားပြောနေစဉ်မှာပင် မဟာအကြီးအကဲ သုံးဦးမှာ အောက်ခြေတွင် အနားယူနေကြသော ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များကို မြင်တွေ့လိုက်ကြရတော့သည်။

အခန်း ၆၆၀ ပြီးပါပြီ။

All Chapters