အခန်း (၆၀၁-၆၀၃)
Vol. 41 Ch. 601-603
အခန်း (၆၀၁) - ရည်ရွယ်ချက်ဆိုးဖြင့် ရောက်လာသူများ
~ကြယ်တာရာနယ်မြေ...
နဂါးနတ်ဘုရား နန်းတော်၏ အရှိန်အဝါသည် ဝူကျိနယ်မြေ တစ်ခုလုံးကို တုန်လှုပ်စေခဲ့လေသည်။ ကြယ်တာရာနယ်မြေအတွင်းရှိ အင်အားစုအသီးသီးမှ အဆင့်မြင့် ခေါင်းဆောင်များသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ အဆက်မပြတ် ရောက်ရှိလာကြ၏။
လက်ဆောင်ပစ္စည်း အမျိုးမျိုးသည် ရေစီးကမ်းပြိုအလား ဝင်ရောက်လာသည်။ ကြယ်တာရာနယ်မြေမှ အကြီးအကဲအားလုံးနီးပါး ရောက်ရှိလာကြပြီး လက်ဆောင်များ သယ်ဆောင်လာရသဖြင့် လက်မောင်းများပင် ညောင်းညာကိုက်ခဲနေကြတော့၏။
ယနေ့သည် နဂါးနတ်ဘုရား နန်းတော် တည်ထောင်ပြီးချိန်မှစ၍ အစည်ကားဆုံးသော နေ့တစ်နေ့ ဖြစ်ပေသည်။
လာသူအားလုံးသည် ဧည့်သည်များပင်။ နဂါးနတ်ဘုရား နန်းတော်သည် ကြယ်တာရာနယ်မြေရှိ အင်အားစုများနှင့် မိသားစုကြီးအားလုံးကို ခွဲခြားခြင်း မရှိဘဲ ကြိုဆိုလက်ခံခဲ့သည်။
“နဂါးနတ်ဘုရား နန်းတော်သခင်က တကယ့်ကို ပါရမီရှင်ပဲဗျ... ကျုပ်တို့ ကြယ်တာရာနယ်မြေတင်မကဘူး... ဝူကျိနယ်မြေမှာပါ နံပါတ်တစ်ပဲ...”
“ဒါပေါ့ဗျာ... ကောင်းကင်ဘုံလူသား အဆင့် (၆) အင်အားလောက်နဲ့ အဆင့် (၈) ရှိတဲ့ သွမ့်မိုမင်ကို အနိုင်ယူလိုက်တာလေ... သူ့အစွမ်းက ထျန်းကျီဘုံအောက်မှာဆိုရင် ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်တော့ဘူး...”
“နန်းတော်သခင်က ဒီလောက်ငယ်ငယ်လေးနဲ့ ကြောက်စရာကောင်းတဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာ... နဂါးနတ်ဘုရား နန်းတော်က နောင်ကျရင် အင်မော်တယ် လက်နက် စံအိမ်ကိုတောင် ကျော်တက်သွားမှာ သေချာတယ်...”
အင်အားကြီးဂိုဏ်းများမှ ခေါင်းဆောင်များသည် နဂါးနတ်ဘုရား နန်းတော်သခင်ကို မျက်နှာလိုမျက်နှာရဖြင့် အဆက်မပြတ် ချီးကျူးမြှောက်ပင့် ပြောဆိုနေကြတော့သည်။
ဤတိုက်ကြီးတွင် စွမ်းအားသည်သာ အရာရာကို ဖန်တီး၏။ ဒါက တောတွင်းဥပဒေသပင် ဖြစ်ချေသည်။
သင် အားနည်းနေပါက တစ်ဖက်လူသည် သင့်ကို သနားညှာတာမှုမရှိဘဲ နင်းချေလိမ့်မည်။
သင် အားကြီးနေပါက တစ်ဖက်လူသည် သင့်အနားသို့ ကပ်နိုင်ရန် အိပ်မက်မက်ကြလိမ့်မည်။
ဖုန်းဝူချန်သည် အင်အားစုအသီးသီးမှ ခေါင်းဆောင်များကို ကိုယ်တိုင်ကိုယ်ကျ ဧည့်ခံနေသော်လည်း ထိုသူတို့၏ ရည်ရွယ်ချက်ကို ကောင်းစွာ သိရှိထားသည်။
သို့သော် နဂါးနတ်ဘုရား နန်းတော်နှင့် ရန်သူမဖြစ်လာသရွေ့ ဖုန်းဝူချန်သည် သူတို့ကို အခက်တွေ့အောင် လုပ်မည်မဟုတ်ဘဲ မျက်နှာချင်းဆိုင် သာမန်ကာလျှံကာသာ ဆက်ဆံလိုက်၏။
သတင်းများ ပျံ့နှံ့သွားသည်နှင့်အမျှ ဖုန်းဝူချန်ကို ခြေရာခံနေသော နတ်ဆိုးမျိုးနွယ်စု ( ဘီလူး မျိုးနွယ်မှ ခွဲထွက်လာသော အဖွဲ့ ) နှင့် ယင်ယန် မိသားစုတို့သည်လည်း သူ၏ တည်နေရာကို သိရှိသွားကြတော့၏။
ဆေးဧကရာဇ်တောင်အနီးရှိ တောင်ထိပ်တစ်ခုပေါ်တွင် လူရိပ်တစ်ခုသည် လေထုထဲ၌ မတ်မတ်ရပ်နေပြီး နဂါးနတ်ဘုရား နန်းတော်ကို စိုက်ကြည့်နေသည်။
“အင်မော်တယ် လက်နက် စံအိမ်က ကျောထောက်နောက်ခံ ပေးထားလို့ ဒီလောက် မောက်မာနေတာကိုး...”
ထိုလူက မသိမသာ မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
“မင်း ဒီမှာရှိနေမှတော့ နတ်ဘုရားလက်နက်က ဘယ်မှ ပြေးမလွတ်တော့ပါဘူး... လောလောဆယ် ငါ့မှာ လုပ်စရာကိစ္စလေးတွေ ရှိနေသေးလို့... နတ်ဘုရားလက်နက်ကို မင်းဆီမှာ ခဏလောက် အပ်ထားလိုက်ဦးမယ်...”
ထိုလူက တီးတိုးရေရွတ်လိုက်ပြီးနောက် ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေတော့သည်။
တစ်ချိန်တည်းမှာပင်... ဆေးဧကရာဇ်တောင်၏ အခြားတောင်ထိပ်တစ်ခုပေါ်၌ လူအချို့သည်လည်း နဂါးနတ်ဘုရား နန်းတော်ကို စောင့်ကြည့်နေကြ၏။
“နဂါးနတ်ဘုရား နန်းတော်နဲ့ အင်မော်တယ် လက်နက် စံအိမ်က ဆက်ဆံရေး ရှုပ်ထွေးတယ်... ငါတို့ တကယ်ပဲ လှုပ်ရှားကြမလို့လား...”
ဟု လူတစ်ယောက်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
အခြားလူတစ်ယောက်ကလည်း ဝင်ပြောလာသည်။
“ဒီဖုန်းဝူချန်က သာမန်လူ မဟုတ်ဘူး... သူက သွမ့်မိုမင်ကိုတောင် သတ်နိုင်ခဲ့တယ်ဆိုတော့ အင်အားက တော်တော်ကောင်းနေပြီ... ပြီးတော့ သူက ဆေးဧကရာဇ် တစ်ပါးလေ... ငါတို့သာ သူ့ကို မသတ်ရင် နောင်ကျ ဒုက္ခရောက်လိမ့်မယ်...”
ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူမှာမူ မတုန်မလှုပ်ပင် ရှိနေပြီး အေးစက်စွာ ပြောလိုက်လေသည်။
“အမိန့်အတိုင်း ဆောင်ရွက်စမ်း...”
“ဝုန်း... ဝုန်း... ဝုန်း...”
စကားဆုံးသည်နှင့် တပြိုင်နက် ထိုလူ (၃) ယောက် ပျောက်ကွယ်သွားပြီး နဂါးနတ်ဘုရား နန်းတော်အထက် ကောင်းကင်ယံ၌ ဘွားခနဲ ပြန်ပေါ်လာကြ၏။
ထိတ်လန့်ဖွယ် ကောင်းလှသော အရှိန်အဝါတစ်ခု ချက်ချင်း ဖြာထွက်လာပြီး နဂါးနတ်ဘုရား နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
သူတို့၏ အရှိန်အဝါသည် ကြီးမားလွန်းလှပြီး လူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေ၏။
ဒါက ထျန်းကျီဘုံ ပညာရှင်တွေရဲ့ အရှိန်အဝါပဲ။
နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်များသည် ရင်ပြင်ပေါ်သို့ လျင်မြန်စွာ ရောက်ရှိလာကြပြီး ကောင်းကင်ထက်မှ လူ (၃) ယောက်ကို သတိကြီးစွာဖြင့် မော့ကြည့်လိုက်ကြ၏။
“ဆန်းကြယ်လိုက်တဲ့ ကိုယ်ဖော့သိုင်းပဲ...”
ကောင်းကင်ပေါ်မှ လူ (၃) ယောက်က အနည်းငယ် အံ့အားသင့်စွာ ရေရွတ်လိုက်၏။
“ခင်ဗျားတို့က ဘယ်သူတွေလဲ...”
ဟွမ်ယန်က အေးစက်စွာ လှမ်းမေးလိုက်၏။ သူ၏ မျက်နှာထားက အလွန်လေးနက် တည်ကြည်နေ၏။
ထိုလူ (၃) ယောက်က ပြန်မဖြေပေ။ သူတို့၏ အေးစက်သော အမူအရာကို ကြည့်ရုံဖြင့် ရည်ရွယ်ချက်ကောင်းနှင့် လာသူများ မဟုတ်ကြောင်း သိသာနေသည်။
ခန်းမဆောင်ကြီးထဲတွင် ရှိနေသော ဖုန်းဝူချန်နှင့် အခြားသူများသည်လည်း ဧည့်သည်များ ရောက်လာကြောင်း သိလိုက်ကြ၏။ ဖုန်းဝူချန်က ရိသဲ့သဲ့ ပြုံးလိုက်၏။
“ဧည့်သည် ရောက်နေတာပဲ...”
“နန်းတော်သခင်... သူတို့က ထျန်းကျီဘုံ ပညာရှင်တွေဗျ...”
ဧည့်သည်တစ်ယောက်က ထိတ်လန့်တကြား အော်ပြောလိုက်၏။ သူ့မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်နေ၏။
“ရန်သူတွေများလား... တကယ်လို့ ရန်သူတွေသာဆိုရင် အင်မော်တယ် လက်နက် စံအိမ်က လူတွေ မရောက်လာသရွေ့ နဂါးနတ်ဘုရား နန်းတော်က...”
“သွားပြီ... သွားပြီ... ဒီလိုမှန်းသိရင် နောက်နေ့မှ လာပါတယ်... ဘာလို့ ဒီနေ့မှ လာမိရတာလဲ...”
“သုံးယောက်စလုံးက ထျန်းကျီဘုံတွေချည်းပဲ... သူတို့က အင်အားကြီးဂိုဏ်း တစ်ခုခုက ဖြစ်ရမယ်... သေပါပြီ... အကုန် သွားပါပြီ...”
လာရောက်လည်ပတ်ကြသော အင်အားစုအသီးသီးမှ ခေါင်းဆောင်များသည် ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်နေကြပြီး ယနေ့မှ လာရောက်လည်ပတ်မိသော သူတို့အဖြစ်ကို နောင်တရနေကြလေသည်။
“အပြင်ထွက်ပြီး ဧည့်သည် ကြိုလိုက်ကြတာပေါ့...”
ဖုန်းဝူချန်က ဘာမှမဖြစ်သလို ပေါ့ပါးစွာ ပြောလိုက်ပြီး ပြုံးလိုက်၏။ သူ့ပုံစံက ထိတ်လန့်သည့် အရိပ်အယောင် လုံးဝမရှိပေ။
ခန်းမဆောင်ကြီး အပြင်ဘက်သို့ ဖုန်းဝူချန်၊ လင်ရှောင်ရှောင်နှင့် အခြားသူများ ထွက်လာကြသလို ကြယ်တာရာနယ်မြေမှ ခေါင်းဆောင်များလည်း နောက်မှ လိုက်ပါလာကြ၏။
“နဂါးနတ်ဘုရား နန်းတော်က ကြိုဆိုပါတယ်... ကျွန်တော်က ဖုန်းဝူချန်ပါ... ခင်ဗျားတို့က ဘယ်သူတွေလဲ ဆိုတာ သိခွင့်ရမလား...”
“နတ်ဘုရား ဘုရင် နန်းတော်...”
ဟု ခေါင်းဆောင်ဖြစ်သူက အေးစက်စွာ ပြောလိုက်ပြီး ဖုန်းဝူချန်ကို အကဲခတ်သလို ကြည့်လိုက်၏။
“နတ်ဘုရား ဘုရင် နန်းတော်...”
ဖုန်းဝူချန် အာမေဋိတ်သံ ပြုလိုက်မိသည်။ သူ အနည်းငယ် အံ့သြသွားပုံရသည်။
“လိန်ဟွန်း လွှတ်လိုက်တာပဲ ဖြစ်ရမယ်...”
လင်ရှောင်ရှောင်၏ ချောမောလှပသော မျက်နှာလေးသည် ချက်ချင်း ရေခဲတမျှ အေးစက်သွားတော့သည်။
“လိန်ဟွန်းက သိသွားပြီနဲ့ တူတယ်...”
ကျန်းကျွင့်လန် မျက်မှောင်ကြုတ်လိုက်၏။
“နဂါးနတ်ဘုရား နန်းတော်က ဝင်္ကပါ ပင်လယ်နယ်မြေက ဂိုဏ်း (၁၂) ဂိုဏ်းကို ဖျက်ဆီးပစ်လိုက်တာက တကယ့်သတင်းကြီးလေ... နတ်ဘုရား ဘုရင် နန်းတော်က မသိဘဲ နေပါ့မလား... ဖုန်းဝူချန် ဘယ်သူလဲဆိုတာ စုံစမ်းဖို့က သိပ်ခက်တဲ့ကိစ္စမှ မဟုတ်တာ...”
သူတို့ ရည်ရွယ်ချက်ကောင်းမရှိကြောင်း ဖုန်းဝူချန် သိလိုက်သော်လည်း နတ်ဘုရား ဘုရင် နန်းတော်မှ လူများ ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
“နတ်ဘုရား ဘုရင် နန်းတော်...”
ထိုလူ၏ အဖြေကို ကြားလိုက်ရသောအခါ နဂါးနတ်ဘုရား နန်းတော်သို့ ရောက်နေကြသော ဧည့်သည်တော်ကြီးများမှာ ကြောက်လွန်းသဖြင့် ဝိညာဉ်လိပ်ပြာ လွင့်မတတ် ဖြစ်ကုန်ကြ၏။
“နန်းတော်သခင်... ကျုပ်... ကျုပ်ဂိုဏ်းမှာ အရေးကြီးကိစ္စလေး ရှိနေလို့ ခွင့်ပြုပါဦးဗျာ...”
ဂိုဏ်းချုပ်တစ်ယောက်က ပျာပျာသလဲ ပြောလိုက်၏။ ဖုန်းဝူချန် ပြန်မပြောနိုင်ခင်မှာပင် လူအချို့ ကမန်းကတန်း ထွက်ခွာသွားကြတော့၏။
“နန်းတော်သခင်... ကျုပ်မိန်းမ မီးဖွားတော့မှာမို့လို့ပါ... သွားကြည့်လိုက်ဦးမယ်... နောက်မှပဲ လာလည်တော့မယ်နော်...”
“နန်းတော်သခင်... တကယ်ကို တောင်းပန်ပါတယ်ဗျာ... ကျုပ်တို့က နတ်ဘုရား ဘုရင် နန်းတော်ကို ရန်စဖို့ မတတ်နိုင်လို့ပါ... ပြန်ခွင့်ပြုပါဦး...”
“နန်းတော်သခင်...”
အင်အားစုအသီးသီးမှ ခေါင်းဆောင်များသည် ဆင်ခြေအမျိုးမျိုးပေးကာ လစ်ပြေးကြတော့သည်။ တချို့ဆိုလျှင် ကြောက်လွန်းသဖြင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ သုတ်ခြေတင်နေကြလေ၏။ မည်သူမျှ ဆက်မနေရဲကြတော့ပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် စည်ကားနေသော နဂါးနတ်ဘုရား နန်းတော်သည် ခြောက်ကပ်သွားတော့သည်။
“ခင်ဗျား အသက်အရွယ်ကြီးနဲ့ ကလေးမွေးနိုင်သေးတာလားဗျ... ဟားဟား...”
လျိုချင်းယန်က ထွက်ပြေးသွားသူများကို ကြည့်ပြီး မုန်းတီးရွံရှာစွာဖြင့် လှောင်ပြောင်လိုက်၏။
“သေမှာ ကြောက်တဲ့ အဲ့ဒီလူတွေ...”
ပေတိုယန်က ခေါင်းခါလိုက်၏။
ကျန်းကျွင့်လန်က လက်ကာပြလိုက်ပြီး...
“ဒီလို..လူမျိုးတွေကို ကျွန်တော် မြင်ဖူးလွန်းလို့ ရိုးနေပါပြီဗျာ...”
“သူတို့ ပြန်သွားကြတာ ပိုကောင်းပါတယ်... နဂါးနတ်ဘုရား နန်းတော်လည်း အေးဆေးသွားတာပေါ့... သူတို့နဲ့ စကားပြောနေရတာ အချိန်ကုန်တယ်... အဲ့ဒီအချိန်မှာ ကျင့်ကြံနေတာကမှ ပိုကောင်းဦးမယ်...”
ဖုန်းဝူချန်က ဂရုမစိုက်သလို ပြောလိုက်၏။ ဒီလူတွေကို အချိန်ပေးပြီး ဧည့်ခံနေဖို့ စိတ်ကူးမရှိပေ။
“ဖုန်းဝူချန်... တချို့အရာတွေက မင်းပိုင်တဲ့အရာ မဟုတ်ဘူး... ဘယ်တော့မှလည်း ဖြစ်လာမှာ မဟုတ်ဘူး... မင်းပိုင်တာ မဟုတ်တာကို ယူထားရင် ကိုယ့်သေတွင်း ကိုယ်တူးတာပဲ ဖြစ်လိမ့်မယ်...”
ခေါင်းဆောင်ဖြစ်သူက အေးစက်စွာ ပြောလိုက်၏။
“ခင်ဗျားပြောတာ မှန်တယ်... လိန်ဟွန်းပိုင်တဲ့အရာ မဟုတ်ရင် သူ ဘယ်တော့မှ ပိုင်ဆိုင်ရမှာ မဟုတ်ဘူး... နေရာလပ်စွမ်းအားကို လုယူထားတဲ့ လူ... နောက်ဆုံးတော့ သူလည်း အသတ်ခံရမှာပဲ...”
ဖုန်းဝူချန်က ပခုံးတွန့်ပြရင်း မဲ့ရွဲ့လိုက်၏။
“မင်း တော်တော် ရဲတင်းနေပါလား...”
နောက်ထပ်လူတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး အားပြင်းသည့် သတ်ဖြတ်လိုစိတ်ဖြင့် ဖုန်းဝူချန်ကို ချိန်ရွယ်လိုက်၏။
“ငါတို့က ဒီနေ့ မင်းကို ဖမ်းဖို့ အမိန့်ရထားတယ်... ပြီးတော့ ဒုတိယ နန်းတော်သခင်လေးက မှာလိုက်သေးတယ်... မင်းရဲ့ နဂါးနတ်ဘုရား နန်းတော်ကိုပါ အမြစ်ပြတ် သုတ်သင်ပစ်ရမယ်တဲ့...”
ခေါင်းဆောင်ဖြစ်သူက ရက်စက်စွာ ပြောလိုက်၏။ စကားဆုံးသည်နှင့် တပြိုင်နက် ထျန်းကျီဘုံ၏ ကြောက်မက်ဖွယ် စွမ်းအားများ ဖြာထွက်လာတော့သည်။
မြင်ကွင်းမရသော အရှိန်အဝါ တစ်ခုသည် နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံးကို ဖိနှိပ်ထားလိုက်၏။
“လိန်ဟွန်းက ခင်ဗျားတို့ (၃) ယောက်တည်းကိုပဲ လွှတ်လိုက်တာလား... ငါ့ရဲ့ နဂါးနတ်ဘုရား နန်းတော်ကို သိပ်လျှော့တွက်လွန်းနေပြီ...”
ဖုန်းဝူချန်က လှောင်ပြောင်လိုက်၏။ သူ၏ ကမ္ဘာပျက် စွမ်းအားများ စတင် လှုပ်ရှားလာပြီး ကြီးမားသော စွမ်းအားလှိုင်းများ ထွက်ပေါ်လာတော့သည်။
“မောက်မာလှချည်လား...”
ခေါင်းဆောင်ဖြစ်သူက အထင်သေးစွာ ပြောလိုက်၏။
“ကိုးထပ် ချန်ခွင်း နတ်ဘုရား အခင်းအကျင်း... ပွင့်စမ်း...”
ဖုန်းဝူချန်၏ လက်နှစ်ဖက်သည် လက်သင်္ကေတများ လျင်မြန်စွာ ပြောင်းလဲလိုက်ပြီးနောက် ရုတ်တရက် ပူးကပ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ဝုန်း...”
နဂါးနတ်ဘုရား နန်းတော်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ကြီးမားသော အခင်းအကျင်းကြီးတစ်ခု ထွက်ပေါ်လာပြီး နန်းတော်တစ်ခုလုံးကို စက်ဝိုင်းခြမ်းပုံစံ စွမ်းအင်အကာအကွယ်ဖြင့် လွှမ်းခြုံထားလိုက်တော့သည်။
“ဒီလောက် အခင်းအကျင်းလေးက ငါတို့ကို တားချင်နေတာလား...”
ခေါင်းဆောင်ဖြစ်သူက မထီမဲ့မြင် ပြုလိုက်ပြီး သုံးယောက်သား တပြိုင်နက်တည်း အောက်သို့ ထိုးဆင်းလာကြ၏။ သူတို့က အခင်းအကျင်းကို အတင်းအဓမ္မ ဖြိုခွင်းရန် ရည်ရွယ်ထားပုံ ရသည်။
“ဒီလောက် အခင်းအကျင်းလေး ဟုတ်လား...”
ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ တစ်ဖက်လူ၏ ကံဆိုးမိုးမှောင်ကျမှုကို အရသာခံ ကြည့်ရှုနေသည့်အလား...
“ခင်ဗျားတို့ (၃) ယောက်က ကျုပ်ရဲ့ နဂါးနတ်ဘုရား နန်းတော်က အခင်းအကျင်းကို ဖြိုခွင်းနိုင်မယ် ထင်နေကြတာလား…”
အခန်း (၆၀၂) - ထျန်းကျီဘုံကို ဖိအားပေးခြင်း
~“ဝုန်း... ဝုန်း... ဝုန်း...”
“အုန်း...”
ထျန်းကျီဘုံ ပညာရှင် (၃) ယောက်သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။ သူတို့သည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာကြပြီး အစစ်အမှန် ယွမ်စွမ်းအားများကို လက်ဝါးချက်များအဖြစ် ထုတ်ဖော်ကာ အခင်းအကျင်းကို ရိုက်နှက်လိုက်ကြ၏။
ပေါက်ကွဲသံကြီးများသည် ဆေးဧကရာဇ်တောင်ကြီးတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။ ကြောက်မက်ဖွယ် စွမ်းအားများ ဖြာထွက်လာမှုကြောင့် အခင်းအကျင်းကြီးမှာ ပြင်းထန်စွာ တုန်ခါသွားရသည်။
သို့သော်လည်း... ထျန်းကျီဘုံ ပညာရှင် (၃) ယောက်၏ တိုက်ခိုက်မှုသည် အခင်းအကျင်းကို တုန်ခါသွားစေရုံသာ တတ်နိုင်ခဲ့သည်။
‘ကိုးထပ် ချန်ခွင်း နတ်ဘုရား သတ်ဖြတ်ခြင်း အခင်းအကျင်း’ သည် အက်ကွဲသည့် အရိပ်အယောင်မျှပင် မပြချေ။
“ဘာ...”
ထျန်းကျီဘုံ ပညာရှင် (၃) ယောက်၏ မျက်နှာထားများ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြ၏။
သူတို့ (၃) ယောက်လုံး မယုံကြည်နိုင် ဖြစ်နေကြ၏။ သူတို့လို ထျန်းကျီဘုံ အဆင့်ရှိသူများက နဂါးနတ်ဘုရား နန်းတော်၏ အခင်းအကျင်းတစ်ခုကို မဖြိုခွင်းနိုင်ဘူးတဲ့လား။
‘ကိုးထပ် ချန်ခွင်း နတ်ဘုရား သတ်ဖြတ်ခြင်း အခင်းအကျင်း’ သည် ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့်အမျှ ပိုမို စွမ်းအားကြီးလာခဲ့ပြီ ဖြစ်သည်။
သူတို့ (၃) ယောက်သည် ထျန်းကျီဘုံ ပညာရှင်များ ဖြစ်ကြသော်လည်း အသန်မာဆုံးလူသည် ထျန်းကျီဘုံ တတိယအလွှာသာ ရှိသေးသည်။ သူတို့ (၃) ယောက် ပေါင်းစည်း တိုက်ခိုက်လျှင်ပင် ဤအခင်းအကျင်းကို အတင်းအဓမ္မ ဖြိုခွင်းနိုင်လောက်အောင် စွမ်းအားမလုံလောက်ပေ။
အခင်းအကျင်း၏ ကာကွယ်နိုင်စွမ်းသည် သူတို့ ထင်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့တော့၏။
“ဟွန်း... ဒီအခင်းအကျင်းကို မဖြိုနိုင်ဘူးဆိုတာ ငါ လုံးဝ မယုံဘူးကွ...”
လူတစ်ယောက်က ဒေါသတကြီး ကြိမ်းဝါးလိုက်၏။ သူ၏ အစစ်အမှန် ယွမ်စွမ်းအားများကို အစွမ်းကုန် ပို့လွှတ်လိုက်ပြီး ရူးသွပ်စွာ တိုက်ခိုက်လေတော့သည်။
“ဝုန်း... ဝုန်း... ဝုန်း...”
“ရွှီ... ရွှီ...”
စွမ်းအားပြင်းထန်သော လက်ဝါးရိပ်များသည် အခင်းအကျင်းပေါ်သို့ မိုးစက်မိုးပေါက်များအလား ကျရောက်လာသည်။ ကျန်နှစ်ယောက်ကလည်း လက်ပိုက်ကြည့်မနေဘဲ ဝင်ရောက် တိုက်ခိုက်ကြပြန်၏။
နားကွဲမတတ် ပေါက်ကွဲသံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပြီး အားလှိုင်းများက ပင်လယ်လှိုင်းတံပိုးကြီးများသဖွယ် တစ်လိမ့်ပြီးတစ်လိမ့် လွင့်ပျံ့လာသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
သူတို့ (၃) ယောက် အံ့အားသင့်ရပြန်သည်။ အစွမ်းကုန် တိုက်ခိုက်နေသော်လည်း အခင်းအကျင်းကြီးသည် တုန်ခါရုံသာ တုန်ခါနေပြီး အက်ကွဲမည့် အရိပ်အယောင် လုံးဝ မတွေ့ရပေ။
သူတို့ (၃) ယောက်ပေါင်းပြီး လက်ဝါးချက်ပေါင်း (၁၀၀) ကျော် ရိုက်ထုတ်ခဲ့ပြီးပြီ ဖြစ်သည်။ သူတို့၏ စုစည်းထားသော စွမ်းအားသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း အခင်းအကျင်းကို ခြစ်ရာတစ်ခုပင် ထင်အောင် မလုပ်နိုင်ခဲ့ချေ။
နဂါးနတ်ဘုရား နန်းတော်သည် သံတံတိုင်း၊ ကြေးတံတိုင်းကဲ့သို့ ခိုင်ခံ့လွန်းလှပေသည်။
“ငါတို့ (၃) ယောက် ပေါင်းတိုက်တာတောင် မကွဲဘူးဆိုတော့... ဒါ ဘယ်လို အခင်းအကျင်းမျိုးလဲ...”
လူတစ်ယောက်က အံ့သြမှင်သက်စွာ ရေရွတ်လိုက်၏။ သူ့မျက်နှာပေါ်တွင် မယုံနိုင်မှုများ အထင်းသား ပေါ်နေ၏။
ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာသည်လည်း တင်းမာခက်ထန်နေပြီး အမူအရာများ ပျက်ယွင်းနေသည်။
“ခင်ဗျားတို့ စမ်းလို့ ဝပြီလား... အခု ကျွန်တော့်အလှည့် ရောက်ပြီ...”
ဖုန်းဝူချန်က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ သူ၏ လက်နှစ်ဖက်သည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး အခင်းအကျင်း၏ စွမ်းအင်များကို ထိန်းချုပ်လိုက်လေသည်။
လျိုချင်းယန်က အချိုးမပြေသော မျက်နှာပေးဖြင့် လှောင်ပြောင်လိုက်၏။
“ထျန်းကျီဘုံ (၃) ယောက်တောင် ငါတို့ နဂါးနတ်ဘုရား နန်းတော်ရဲ့ အခင်းအကျင်းကို မဖြိုနိုင်ဘူးတဲ့လား... ကျွတ်... ကျွတ်... ရှက်စရာကြီးကွာ...”
“ခင်ဗျားတို့ အားတွေ အကုန်ထုတ်မသုံးနဲ့ဦးလေ... ပြေးဖို့ အားမကျန်ဘဲ နေဦးမယ်...”
ဟု လွမ်ရှန်းကလည်း အေးစက်စွာ ရယ်မောရင်း ဝင်ပြောလိုက်၏။
နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်များသည် တစ်ဖက်လူ၏ အဖြစ်ကို ကြည့်ပြီး သဘောကျနေကြလေသည်။
သူတို့၏ လှောင်ပြောင်သံများကို ကြားလိုက်ရသောအခါ ထိုလူ (၃) ယောက်၏ မျက်နှာများ မည်းမှောင်သွားပြီး ဒေါသကို မနည်း ထိန်းချုပ်ထားရသည်။
“နဂါးနတ်ဘုရား နန်းတော်ရဲ့ ကိုးထပ် ချန်ခွင်း နတ်ဘုရား သတ်ဖြတ်ခြင်း အခင်းအကျင်း စွမ်းအားကို မြည်းစမ်းကြည့်ကြစမ်း...”
ဖုန်းဝူချန်က ရက်စက်သော အမူအရာဖြင့် အော်ဟစ်လိုက်၏။
ဧရာမ အခင်းအကျင်းကြီးမှ ရိုင်းစိုင်းကြမ်းတမ်းသော အရှိန်အဝါများ စတင် ထွက်ပေါ်လာသည်။ မျက်စိကျိန်းမတတ် အလင်းရောင်များ လင်းလက်လာပြီး ကြောက်မက်ဖွယ် စွမ်းအင်များ ဖြာထွက်လာတော့သည်။
“ဒီအခင်းအကျင်းက ရိုးရှင်းမနေဘူး... စွမ်းအားက တော်တော် ကြောက်စရာကောင်းတယ်...”
ခေါင်းဆောင်ဖြစ်သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ အခြေအနေ မဟန်ကြောင်း သူ သတိထားမိလိုက်ပြီ။
“ရွှီး... ရွှီး... ရွှီး...”
“ဝူး... ဝူး...”
ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင် အခင်းအကျင်းထဲမှ စွမ်းအင်အလင်းတန်း (၃) ခု ပစ်ထွက်လာသည်။ လေထုကို ခွဲဖြတ်သွားသော အသံများနှင့်အတူ အလင်းတန်းများသည် ထျန်းကျီဘုံ ပညာရှင် (၃) ယောက်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
“ဒီစွမ်းအားက... ထျန်းကျီဘုံ ဒုတိယအလွှာနဲ့တောင် ယှဉ်နိုင်နေပြီပဲ...”
လူတစ်ယောက်က ထိတ်လန့်တကြား အော်ပြောလိုက်၏။
“ကာကွယ်ရေးရော တိုက်ခိုက်ရေးပါ ပေါင်းစပ်ထားတဲ့ အခင်းအကျင်းပဲ...”
ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာထားက အလွန် လေးနက်နေ၏။
“ရေခဲ ဒိုင်းကာ...”
ရေခဲဓာတ် အစစ်အမှန် ယွမ်စွမ်းအားများကို လှုံ့ဆော်လိုက်ပြီးနောက် ခေါင်းဆောင်ဖြစ်သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ကိုက်ပေါင်းများစွာ ရှည်လျားသော ဧရာမ ရေခဲနံရံကြီးတစ်ခု သူ့ရှေ့တွင် ဖြစ်ပေါ်လာသည်။
“ဝုန်း... ဝုန်း... ဝုန်း...”
“အုန်း...”
အခင်းအကျင်း၏ စွမ်းအင်အလင်းတန်းများသည် ရေခဲနံရံကို ဝင်ဆောင့်လိုက်၏။ ပေါက်ကွဲသံများသည် ဆေးဧကရာဇ်တောင်ကြီးကို ထပ်မံ တုန်ခါသွားစေပြန်၏။ အားလှိုင်းများ ပြန့်ကားသွားပြီး လေထုထဲတွင် နက်မှောင်သော အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာစေသည်။
သို့သော်... အခင်းအကျင်း၏ စွမ်းအားသည် ပြင်းထန်သော်လည်း ထျန်းကျီဘုံ ပညာရှင် (၃) ယောက်ကို ချေမှုန်းနိုင်လောက်သည်အထိ မစွမ်းဆောင်နိုင်သေးပေ။
ရေခဲနံရံကြီးသည် အခင်းအကျင်း၏ စွမ်းအင်များကို လွယ်ကူစွာပင် တားဆီးလိုက်နိုင်သည်။
“ဘယ်လိုလဲ... နဂါးနတ်ဘုရား နန်းတော်ရဲ့ အခင်းအကျင်းက ခင်ဗျားတို့ကို စိတ်ပျက်အောင် မလုပ်ဘူး မဟုတ်လား...”
ဖုန်းဝူချန်က ထိုလူ (၃) ယောက်ကို ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်၏။
“ဒါပဲလား...”
ခေါင်းဆောင်ဖြစ်သူက လှောင်ပြောင်လိုက်၏။
“ဒါပဲလား ဟုတ်လား...”
ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။
“ဒါက အခင်းအကျင်း စွမ်းအားရဲ့ (၇၀) ရာခိုင်နှုန်းပဲ ရှိသေးတယ်... ခင်ဗျားတို့ ပိုကြမ်းတာကို စမ်းချင်သေးလား... ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင်တော့ ခံနိုင်မယ် မထင်ဘူးနော်...”
ဖုန်းဝူချန်၏ စကားကို ကြားလိုက်ရသောအခါ ထိုလူ (၃) ယောက်၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြ၏။
“စမ်းကြည့်ချင်လား...”
ဖုန်းဝူချန်က ဖဲချပ်တစ်ချပ် ဝှက်ထားပုံစံဖြင့် ယုံကြည်မှုရှိစွာ မေးလိုက်၏။
ခေါင်းဆောင်ဖြစ်သူက ဖုန်းဝူချန်ကို စူးစိုက်ကြည့်နေသည်။ ဖုန်းဝူချန်၏ ယုံကြည်မှုအပြည့်ရှိနေသော ပုံစံကို မြင်သောအခါ သူ တွေးတောလိုက်မိသည်။
‘ဒီကောင်လေး လိမ်နေပုံ မရဘူး... တကယ်လို့ ဒီအခင်းအကျင်းက ပိုကြမ်းတဲ့ စွမ်းအားတွေ ရှိနေသေးရင်... ဒီကောင်လေးကို ဖမ်းဖို့ မပြောနဲ့... ငါတို့ပါ အသက်ဆုံးရှုံးသွားနိုင်တယ်...’
အခင်းအကျင်း၏ စွမ်းအားကို သူတို့ ခံနိုင်မခံနိုင်ဆိုသည်ကို ခဏထားဦး... လောလောဆယ် သူတို့က အခင်းအကျင်းကိုတောင် မဖြိုခွင်းနိုင်ကြပေ။ ထို့ကြောင့် ကျန်တာ ဆက်ပြောနေစရာ အကြောင်းမရှိတော့။
“ငါတို့ (၃) ယောက်ပေါင်းတာတောင် အခင်းအကျင်းကို မဖြိုနိုင်ဘူး... ဒီကောင်လေးက ခြိမ်းခြောက်နေတာ မဟုတ်လောက်ဘူး...”
နောက်လူတစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းဆောင်ဖြစ်သူက လေးနက်စွာ ပြောလိုက်၏။
“ဖုန်းဝူချန်... မင်း ကံကောင်းသွားတယ်လို့ပဲ မှတ်လိုက်ပါ...”
“အာပေါင်အာရင်း သန်မနေနဲ့... ခင်ဗျားတို့ အကုန်လုံးကို ပြာဖြစ်အောင် လုပ်ပစ်လိုက်မယ်...”
ကျန်းကျွင့်လန်က အေးစက်စွာ အော်ဟစ်လိုက်၏။ ယန်ရန်၏ ကိစ္စကြောင့် နတ်ဘုရား ဘုရင် နန်းတော်အပေါ် သူ အကြီးအကျယ် နာကျည်းမုန်းတီးနေလေသည်။
ထိုစကားကို ကြားသောအခါ ခေါင်းဆောင်ဖြစ်သူက ကျန်းကျွင့်လန်ကို အေးစက်စွာ ကြည့်လိုက်၏။
“သခင်လေးကျန်း... မင်းတို့ ကျန်းမိသားစုက နတ်ဘုရား ဘုရင် နန်းတော်ကို ရန်သူအဖြစ် သတ်မှတ်ရဲလို့လား... မင်းတို့က တိုက်ကြီးရဲ့ နံပါတ်တစ် လက်နက်သွန်းလုပ်ရေး မိသားစု ဖြစ်နေရုံနဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးမနေနဲ့...”
ထိုအခါ၊ လင်ရှောင်ရှောင်က အထင်သေးစွာ ပြန်ပြောလိုက်၏။
“နတ်ဘုရား ဘုရင် နန်းတော်က အဲ့ဒီလောက်တောင် အစွမ်းထက်လို့လား... ကျွန်မတော့ မထင်ဘူး... နတ်ဘုရား ဘုရင် နန်းတော်ကို ကိုယ်စားပြုသလိုမျိုး ခဏခဏ ထည့်မပြောစမ်းပါနဲ့...”
ထိုလူ၏ ရက်စက်သော အကြည့်များက လင်ရှောင်ရှောင်ထံ ရောက်ရှိလာသည်။
“ကောင်မလေး... ဆင်ခြင်ပြီး ပြောစမ်း... နတ်ဘုရား ဘုရင် နန်းတော်ကို စော်ကားရဲတယ်ဆိုတော့ မင်းက သေချင်နေတာလား...”
“ကျွန်မကို သတ်ချင်ရင် ရှင်တို့ရဲ့ ဒုတိယ အကြီးအကဲကို အရင်ပြန်မေးကြည့်လိုက်... ဘယ်သူက သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်တာလဲလို့... ပြီးတော့ ရှင်တို့ရဲ့ နန်းတော်သခင်လေးကိုပါ မေးကြည့်လိုက်ဦး... ဘယ်သူက သူ့ကို ကြောက်လန့်တကြား ထွက်ပြေးသွားအောင် လုပ်လိုက်တာလဲလို့...”
လင်ရှောင်ရှောင်က အေးစက်စွာ တုံ့ပြန်လိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ သူတို့ (၃) ယောက်စလုံး၏ မျက်နှာများ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြ၏။ တစ်စုံတစ်ခုကို သတိရလိုက်သည့်အလား...
“အင်မော်တယ် လက်နက် စံအိမ်ကိုပါ ထည့်တွက်လိုက်မယ်ဆိုရင်ရော... နတ်ဘုရား ဘုရင် နန်းတော်က ဘယ်လောက်ပဲ အစွမ်းထက်ထက် မဆင်မခြင်တော့ မလုပ်ရဲလောက်ဘူး ထင်တယ်နော်...”
ဖုန်းဝူချန်က ယုံကြည်မှုရှိစွာဖြင့် ဖြည့်စွက်ပြောလိုက်၏။
“ဟွန်း...”
ခေါင်းဆောင်ဖြစ်သူက နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ ဆက်မပြောတော့ဘဲ လှည့်ထွက်သွားတော့သည်။ ကျန်နှစ်ယောက်လည်း သူ့နောက်မှ လိုက်သွားကြ၏။
ကျန်းမိသားစု၏ အင်အားက နတ်ဘုရား ဘုရင် နန်းတော်နှင့် ယှဉ်လျှင် ဘာမှမဟုတ်သော်လည်း အင်မော်တယ် လက်နက် စံအိမ်၏ ထောက်ခံမှု ပါလာလျှင်တော့ အခြေအနေက လုံးဝ ကွာခြားသွားပေသည်။
အင်မော်တယ် လက်နက် စံအိမ်သည် တိုက်ကြီး၏ ထိပ်တန်း လက်နက်သွန်းလုပ်ရေး ဂိုဏ်းဖြစ်ပြီး ၎င်း၏ ကွန်ရက်သည် တိုက်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည်။ နတ်ဘုရား ဘုရင် နန်းတော်ပင်လျှင် သူတို့ကို ဆက်ဆံရာ၌ သတိထားရသည်။
သူတို့ (၃) ယောက်၏ အဆင့်အတန်းဖြင့် အင်မော်တယ် လက်နက် စံအိမ်ကို သွားရောက် ရန်စရန် အရည်အချင်း မမီသေးပေ။
အင်မော်တယ် လက်နက် စံအိမ်ကို ပြစ်မှားခြင်းသည် သေလမ်းရှာခြင်း သို့မဟုတ် တစ်သက်လုံး နတ်ဘုရား လက်နက်များကို ဘယ်တော့မှ မရရှိနိုင်တော့ခြင်းပင် ဖြစ်သည်။
ဖုန်းဝူချန်နှင့် အပေါင်းအပါများသည် စကားလုံး အနည်းငယ်ဖြင့် ထျန်းကျီဘုံ ပညာရှင် (၃) ယောက်ကို မောင်းထုတ်နိုင်ခဲ့သဖြင့် နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်များ ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။
ထိုလူ (၃) ယောက် ထွက်ခွာသွားသည်နှင့် ဖုန်းဝူချန်၏ မျက်နှာထား လေးနက်သွားပြီး ပြောလိုက်၏။
“နတ်ဘုရား ဘုရင် နန်းတော်က ကျွန်တော်တို့ကို မျက်စိကျနေပြီ... သတိထားမှ ဖြစ်မယ်... အရေးအကြီးဆုံးက ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့ပဲ... မလိုအပ်ဘဲ ဘယ်သူမှ အပြင်မထွက်ကြနဲ့...”
“ဟုတ်ကဲ့ပါ...”
လူအုပ်ကြီးက လေးစားစွာ ပြန်လည်ဖြေကြားလိုက်၏။
“ဟန်ခွန်း... ချိုရွှေရှန်း... ခင်ဗျားတို့နှစ်ယောက်က နဂါးနတ်ဘုရား နန်းတော်ကို စောင့်ကြပ်နေခဲ့ပါ.. ကျန်တဲ့လူတွေ ကျွန်တော့်နောက်လိုက်ခဲ့... ကိုးထပ် ချန်ခွင်း မျှော်စင်ထဲ ဝင်ကြမယ်... ခင်ဗျားတို့ကို ကောင်းကင်ဘုံလူသား အဆင့်ရောက်အောင် ကျွန်တော် အမြန်ဆုံး ကူညီပေးမယ်...”
ဖုန်းဝူချန်က လေးနက်သော လေသံဖြင့် ပြောလိုက်တော့သည်။
အခန်း (၆၀၃) - အကယ်ဒမီသို့ ပြန်လည်ရောက်ရှိခြင်း
~ကိုးထပ် ချန်ခွင်း မျှော်စင်... ပဉ္စမထပ်...
နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်များသည် လေးစားသမှုအပြည့်ဖြင့် စီတန်းရပ်နေကြ၏။ သူတို့၏ မျက်နှာထားများသည် တည်ကြည်လေးနက်နေသည်။
“မင်းတို့ လေ့ကျင့်နေတဲ့ ကိုးပါးစစ်သည်တော် ကောင်းကင်လှည့်ပတ်ခြင်း ကျင့်စဉ်က မြေကမ္ဘာအဆင့် အလယ်အလတ်တန်းစား ကျင့်စဉ်ပဲ... ဒီကျင့်စဉ်ကြောင့် မင်းတို့ရဲ့ ကျင့်ကြံနှုန်းက သာမန်လူတွေထက် ပိုမြန်နေသလို ပါရမီရှင်တွေနဲ့တောင် ယှဉ်နိုင်နေပြီ...”
“ဒါ့အပြင် မင်းတို့က အထွတ်အထိပ် ရုပ်ခန္ဓာကိုလည်း ကျင့်ကြံထားကြတယ်... ခန္ဓာကိုယ် ကြံ့ခိုင်သလို ကျင့်ကြံနှုန်းလည်း မြန်ဆန်တယ်... မင်းတို့ လေ့ကျင့်ထားတဲ့ သိုင်းကွက်တွေကလည်း အစွမ်းထက်တယ်... ချပ်ဝတ်တွေ... ဝိညာဉ်လက်နက်တွေလည်း ပိုင်ဆိုင်ထားကြတယ်... ဒါကြောင့် မင်းတို့ရဲ့ တိုက်ခိုက်စွမ်းရည်က အလွန် ကြောက်စရာကောင်းနေပြီ... အဆင့်တူချင်း ယှဉ်တိုက်ရင် ဘယ်သူမှ မင်းတို့ကို မနိုင်ဘူး...”
“ဒါပေမဲ့... ဒီလောက်နဲ့ မလုံလောက်သေးဘူး... မင်းတို့ ဒီထက်ပိုပြီး သန်မာလာဖို့ လိုသေးတယ်...”
ဖုန်းဝူချန်သည် နန်းတော်သခင် တစ်ပါး၏ ခန့်ညားထည်ဝါသော ဟန်ပန်ဖြင့် လေးနက်စွာ မိန့်ကြားလိုက်၏။
“ပိုပြီး သန်မာရမယ်... ပိုပြီး သန်မာရမယ်...”
စစ်သည်များ၏ သွေးကြောထဲတွင် စိတ်ဓာတ်ခွန်အားများ ဆူပွက်လာပြီး ပြိုင်တူ ဟစ်ကြွေးလိုက်ကြ၏။
“ကိုးထပ် ချန်ခွင်း မျှော်စင်က မင်းတို့အတွက် အကောင်းဆုံး လေ့ကျင့်ရေးကွင်းပဲ... ဒုတိယထပ်မှာ ဝိညာဉ်ရေကန် ရှိတယ်... ပဉ္စမထပ်မှာ သန့်စင်တဲ့ စွမ်းအင်ခန္ဓာတွေ ရှိတယ်... ဆေးလုံးတွေနဲ့ ကောင်းကင်ရတနာတွေပါ ပေါင်းစပ်လိုက်မယ်ဆိုရင် မင်းတို့ရဲ့ ကျင့်ကြံမှုက တစ်ဟုန်ထိုး တိုးတက်လာမှာ သေချာတယ်... သာမန် ပါရမီရှင်လောက်က မင်းတို့ပြိုင်ဘက် မဟုတ်ဘူး... ဒါပေမဲ့ တိုတောင်းလှတဲ့ အချိန်ကာလအတွင်းမှာ ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်ဖို့ဆိုတာကတော့ မလွယ်ကူလှဘူး...”
ပြောရင်းဖြင့် ဖုန်းဝူချန်က လက်ကို ဝှေ့ယမ်းလိုက်၏။ လက်သီးဆုပ်အရွယ်အစားခန့်ရှိသော သွေးစက်တစ်စက် လွင့်ပျံထွက်လာပြီး သူ့လက်ဖဝါးထက်တွင် ဝဲပျံနေတော့သည်။ ထိုသွေးစက်မှ အလွန်တရာ အားပြင်းသည့် အရှိန်အဝါများ ဖြာထွက်နေ၏။
“ရှီး...”
စစ်သည်အားလုံး ကြောက်လန့်တကြား ဖြစ်သွားကြပြီး ဝိညာဉ်လိပ်ပြာ လွင့်မတတ် ခံစားလိုက်ကြရသည်။ သူတို့၏ မျက်နှာများ ဖြူဖျော့ကုန်ကြတော့၏။
“ဒါက နတ်ဘုရား ဘုရင်အဆင့် ဝိညာဉ်အဆီအနှစ် သွေးပဲ... တိုတောင်းလှတဲ့ အချိန်အတွင်းမှာ ကောင်းကင်ဘုံလူသား အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့အတွက် မင်းတို့ ဒါကို လိုအပ်လိမ့်မယ်...”
ဖုန်းဝူချန်က အနည်းငယ် ပြုံးကာ ပြောလိုက်၏။
ဖုန်းဝူချန်၏ လက်ထဲမှ ဝိညာဉ်အဆီအနှစ် သွေးသည် ရှေးဟောင်းအုတ်ဂူထဲမှ ရရှိခဲ့သော ရှေးဟောင်း ဘုရင့် ဝိညာဉ်အဆီအနှစ် သွေးပင် ဖြစ်ပေသည်။
“နတ်ဘုရား အသွင်ပြောင်းဘုံ အဆင့် ဝိညာဉ်အဆီအနှစ် သွေး...”
စစ်သည်များ ထပ်မံ တုန်လှုပ်သွားကြပြန်သည်။ သူတို့၏ မျက်လုံးများ ပြူးကျယ်ကုန်ကြပြီး အဆုံးမဲ့ ထိတ်လန့်မှုများဖြင့် ငေးကြည့်နေမိကြတော့သည်။
“နတ်ဘုရား ဘုရင် နန်းတော်က ငါတို့ကို မျက်စိကျနေပြီ... နတ်ဆိုးမျိုးနွယ်စုကလည်း ငါ့ကို ရှာတွေ့လောက်ပြီ... ပိုပြီး သန်မာလာမှသာ နဂါးနတ်ဘုရား နန်းတော်က ခရီးဆက်နိုင်မှာ... အခုပဲ စတင် ကျင့်ကြံကြတော့...”
ဖုန်းဝူချန်က လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်အဆီအနှစ် သွေးသည် လေထုထဲသို့ ပျံတက်သွားသည်။ သူက ထိုသွေးစက်ကို စစ်သည်များနှင့် မျှဝေသုံးစွဲရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ပိုမို အင်အားကြီးမားသော ရန်သူများနှင့် ရင်ဆိုင်နေရချိန်တွင် ဖုန်းဝူချန်သည် သူ၏ စစ်သည်များကို စွမ်းအားရှင်များ ဖြစ်လာစေရန် ရည်မှန်းထားသည်။ လုံလောက်သော အင်အားရှိမှသာလျှင် ကြောက်မက်ဖွယ် ရန်သူများကို ရင်ဆိုင်နိုင်မည် မဟုတ်ပါလော။
စစ်သည်များ၏ ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရသည်။ သူတို့ ဤအဆင့်ထိ ရောက်လာနိုင်ခြင်းမှာ ဖုန်းဝူချန်ကြောင့်ပင်။ ဖုန်းဝူချန်သာ မရှိလျှင် သူတို့သည် အင်ပါယာ၏ သာမန် စစ်သည်ကောင်းများ အဆင့်သာ ရှိနေဦးမည် ဖြစ်ပြီး ယခုကဲ့သို့ အောင်မြင်မှုမျိုး ရရှိနိုင်မည် မဟုတ်ပေ။
နဂါးနတ်ဘုရား နန်းတော်မှ စစ်သည် တစ်ယောက်၏ ကျင့်ကြံခြင်း အဆင့်သည် ထျန်းယန် အင်ပါယာ တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
“နန်းတော်သခင်ရဲ့ ကျေးဇူးတော်ကြောင့်ပါ... ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်... နန်းတော်သခင်ရဲ့ မျှော်လင့်ချက်ကို အပျက်မခံပါဘူး...”
ဟွမ်ယန်က ကျေးဇူးတင်စွာဖြင့် ဒူးထောက်လိုက်၏။ သူ့မျက်ဝန်းအိမ်တွင် မျက်ရည်စများ သီနေ၏။
“နန်းတော်သခင်ရဲ့ ကျေးဇူးတော်ကြောင့်ပါ... ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်...”
စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြ၏။ သူတို့၏ စိတ်ဓာတ်ခွန်အားများ တောက်လောင်လာကြတော့သည်။
ဖုန်းဝူချန်က အမိန့်ပေးလိုက်၏။
“ရှေးဟောင်း ဘုရင့် ဝိညာဉ်အဆီအနှစ် သွေးက စွမ်းအား အရမ်းကြီးမားသလို အရမ်းလည်း ကြမ်းတမ်းတယ်... ကျင့်ကြံတဲ့အခါ သတိထားကြ... ယီထျန်းချင်း... သူတို့ကို သေချာ ကြပ်မတ်ပေးထား... ပျင်းတဲ့ လူ...တွေ့ရင် ခြေထောက်ကို ရိုက်ချိုးပစ်လိုက်...”
“စိတ်ချပါ နန်းတော်သခင်...”
ယီထျန်းချင်းက ခေါင်းညိတ်လိုက်၏။
“အစ်ကိုကြီးဖုန်း... အတူတူ မကျင့်ကြံတော့ဘူးလား...”
လင်ရှောင်ရှောင်က မေးလိုက်ခြင်းပါ။
“လင်းယိုက ဒီအချိန်ဆို ထျန်းယန် အကယ်ဒမီကနေ ထွက်ခွာတော့မှာ...အစ်ကို သွားပြီး သူ့ကို နဂါးနတ်ဘုရား နန်းတော်ဆီ ခေါ်လာမှ ဖြစ်မယ်... သူ့ကျင့်ကြံခြင်းအဆင့် ဘယ်လောက် တိုးတက်လာလဲတော့ မသိဘူး... အရင် သွားခေါ်လိုက်ဦးမယ်...”
ဖုန်းဝူချန်က ပေါ့ပါးစွာ ပြောလိုက်၏။
လင်းယိုသည် ဖုန်းဝူချန်၏ ငယ်ပေါင်းကြီးဖော် ကစားဖော် ဖြစ်သည်။ (၃) နှစ်တာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၍ လင်းယို ကျောင်းဆင်းချိန် တန်လောက်ပြီပင်။
မျှော်စင်ထဲမှ ထွက်လာပြီးနောက် ဖုန်းဝူချန်သည် နေရာကူးပြောင်းခြင်း အခင်းအကျင်းထဲသို့ ဝင်ရောက်လိုက်ပြီး ထျန်းယန် အင်ပါယာရှိ ကောင်းကင် ဗိမာန် သို့ ပြန်သွားလိုက်၏။
နေရာကူးပြောင်းခြင်း အခင်းအကျင်း လှုပ်ရှားသွားသဖြင့် ကောင်းကင် ဗိမာန်ရှိ လူများ သတိထားမိသွားကြပြီး အကြည့်များက ထိုနေရာသို့ ရောက်ရှိလာကြ၏။
“နန်းတော်သခင်...”
ထိုအချိန်တွင် ခန်းမဆောင်ထဲမှ ထွက်လာသော သွမ့်ဟုန်ရှီး သည် လှမ်းကြည့်လိုက်မိသည်။ ဖုန်းဝူချန်ကို မြင်လိုက်ရသောအခါ သူ ကြက်သေသေသွားရှာသည်။
“နန်းတော်သခင်... နန်းတော်သခင် ပြန်ရောက်လာပြီဟေ့...”
ကောင်းကင် ဗိမာန်မှ လူများ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြ၏။
“နန်းတော်သခင်ကို ကြိုဆိုပါတယ်...”
လူအုပ်ကြီးက ဒူးတစ်ဖက် ထောက်ကာ အရိုအသေ ပေးလိုက်ကြ၏။ သူတို့၏ အသံများက ကောင်းကင် ဗိမာန်တစ်ခုလုံးကို ဟိန်းထွက်သွားစေ၏။
ကောင်းကင် ဗိမာန်သည် ဖုန်းဝူချန် ပထမဆုံး တည်ထောင်ခဲ့သော အင်အားစု ဖြစ်သည်။ နဂါးနတ်ဘုရား နန်းတော်လောက် နာမည်မကြီးသော်လည်း ယခုအခါ ထျန်းယန် အင်ပါယာအတွင်း အစွမ်းအထက်ဆုံး အင်အားစု ဖြစ်လာခဲ့ပေပြီ။
ယခုဆိုလျှင် ကောင်းကင် ဗိမာန်၌ အဖွဲ့ဝင် (၇၀၀) ကျော် ရှိနေပြီး ထျန်းယွမ်ဘုံ အဆင့်ရှိသူ (၁၀၀) ကျော် ရှိနေပြီ ဖြစ်သည်။ အင်ပါယာအတွင်းတွင်တော့ ဧရာမ အင်အားကြီး ဂိုဏ်းကြီး တစ်ခုပင်။
“ထကြပါ...”
ဖုန်းဝူချန်က ပြုံးကာ ပြောလိုက်၏။ ကောင်းကင် ဗိမာန်မှ အဖွဲ့ဝင်များကို ကြည့်ပြီး သူ အလွန် ကျေနပ်အားရသွားသည်။ ခေါင်းကို တငြိမ့်ငြိမ့် လုပ်လိုက်မိ၏။
“ထျန်းယွမ်ဘုံ အဆင့် (၈) တောင် ရောက်နေပြီပဲ... မဆိုးဘူး... မင်းရဲ့ ကျင့်ကြံနှုန်းက တော်တော် မြန်လာသားပဲ...”
သွမ့်ဟုန်ရှီးကို ကြည့်ရင်း ဖုန်းဝူချန်က ချီးကျူးလိုက်၏။
သွမ့်ဟုန်ရှီးသည် ရုတ်တရက် သတိဝင်လာပြီး အပြေးအလွှား ရောက်ရှိလာကာ ဖုန်းဝူချန်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်တော့သည်။
“ဒီကောင်စုတ်... မင်း ပြန်လာတတ်သေးတယ်ပေါ့ကွာ...”
သွမ့်ဟုန်ရှီးမှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် စီးကျလာပြီး ပါးစပ်မှလည်း တဖွဖွ ညည်းတွားနေလေသည်။
“ယောက်ျားတန်မဲ့ ဘာလို့ ငိုနေတာလဲကွာ... ငါ ပြန်ရောက်တော့ မင်းက တံခါးပိတ် ကျင့်ကြံနေတာကိုး... ငါ့ကို ဘယ်လိုလုပ် အပြစ်တင်လို့ ရမလဲ... ပြီးတော့ နေရာကူးပြောင်းခြင်း အခင်းအကျင်းက ဘေးနားလေးတင် ရှိတာ... မင်းဘာသာ နဂါးနတ်ဘုရား နန်းတော်ကို လာလည်လို့ ရသားနဲ့...”
ဖုန်းဝူချန်က လက်ကာပြရင်း ရယ်မောကာ ပြောလိုက်၏။
“နန်းတော်သခင်... ဒုတိယ မင်းသားလေးက လွန်ခဲ့တဲ့ ရက်ပိုင်းလေးကမှ ထွက်လာတာပါ...”
တစ်ယောက်က ဝင်ပြောလိုက်၏။
“သွမ့်ဝူချင်း ရော...”
ဖုန်းဝူချန်က မေးလိုက်၏။
“ငါ့အစ်ကိုက မနေ့ကမှ တံခါးပိတ် ကျင့်ကြံဖို့ ဝင်သွားတာ... ကောင်းကင်ဘုံလူသား အဆင့်ကို ချိုးဖျက်ဝင်ရောက်မယ်တဲ့...”
သွမ့်ဟုန်ရှီးက မျက်ရည်စများကို သုတ်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ သူ့မျက်နှာပေါ်တွင် ဝင်းပသော အပြုံးတစ်ခု ပေါ်နေ၏။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး...
“လင်းယိုရော... အချိန်အရဆိုရင် သူ ကျောင်းဆင်းတော့မယ် မဟုတ်လား...”
“ဒီနေ့ပဲ... မင်း ပြန်ရောက်လာတဲ့အချိန်မှာ ငါက အကယ်ဒမီကို သွားမလို့ ပြင်နေတာ... ကျောင်းအုပ်ကြီးနဲ့ အကြီးအကဲတွေက မင်းကို ပွစိပွစိ ပြောနေကြတယ်... နှစ်တိုင်း ပြန်လာမယ်လို့ ကျောင်းအုပ်ကြီးကို ကတိပေးထားပြီး ပျောက်သွားလိုက်တာ တစ်ခါမှ ပြန်မလာတော့ဘူးတဲ့...”
သွမ့်ဟုန်ရှီးက ပြောပြလိုက်၏။
“ဒီနေ့ ဟုတ်လား...”
ဖုန်းဝူချန် အံ့သြသွားသည်။ သူ့ပြန်လာချိန်က ကွက်တိပင် ဖြစ်နေလောက်ပြီပင်။
“သွားကြစို့... အကယ်ဒမီကို သွားရင်း လမ်းကျမှ ပြောကြတာပေါ့... ငါတို့ အကယ်ဒမီမှာ ပါရမီရှင် အစစ် တစ်ယောက် ရောက်နေတယ်... အဆင့် (၈) သိုင်းဝိညာဉ် ပိုင်ရှင်တဲ့... အရမ်းလည်း မောက်မာတယ်... ထျန်းယွမ်ဘုံ အဆင့် (၇) ပဲ ရှိသေးပေမယ့် သူ့အစွမ်းက ကြောက်စရာကြီး... ငါတောင် သူ့ကို မနိုင်ဘူး...”
သွမ့်ဟုန်ရှီးက ပြောပြောဆိုဆိုနှင့် ဖုန်းဝူချန်ကို ဆွဲခေါ်ပြီး ထျန်းယန် အကယ်ဒမီသို့ ထွက်လာခဲ့ကြ၏။
“ပါရမီရှင် အစစ် ဟုတ်လား...”
ဖုန်းဝူချန် အနည်းငယ် အံ့သြသွားသည်။
ထျန်းယွမ်ဘုံ အဆင့် (၈) ရှိပြီး အဆင့် (၉) ကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော သွမ့်ဟုန်ရှီး၏ အစွမ်းကို သူ ကောင်းကောင်း သိသည်။ ထျန်းယွမ်ဘုံ အဆင့် (၇) မျှဖြင့် သွမ့်ဟုန်ရှီးကို အနိုင်ယူနိုင်သည် ဆိုကတည်းက ထိုပါရမီရှင် မည်မျှ အစွမ်းထက်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။
“အကယ်ဒမီရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ...”
သွမ့်ဟုန်ရှီးက အလေးအနက် ပြောလိုက်၏။
“အဆင့် (၈) သိုင်းဝိညာဉ်ဆိုတော့ ရိုးရှင်းမယ် မထင်ဘူး...”
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး စိတ်ဝင်စားသွားပုံရသည်။
ထျန်းယန် အကယ်ဒမီ...
အကယ်ဒမီ၏ အမြင့်ဆုံးတန်း ကျောင်းဆင်းပွဲ အခမ်းအနားကို ယနေ့ ကျင်းပနေခြင်း ဖြစ်သည်။
ကျောင်းသားအားလုံးသည် အကယ်ဒမီ ရင်ပြင်ကျယ်ကြီးတွင် စုဝေးရောက်ရှိနေကြပြီး ဆူညံပွက်လောရိုက်နေကြ၏။
ကျောင်းဆင်းတော့မည့် ကျောင်းသားများအနေဖြင့် အကယ်ဒမီတွင် ဆက်လက်နေထိုင်ပြီး နောင်တစ်ချိန်တွင် နည်းပြ သို့မဟုတ် အကြီးအကဲ ဖြစ်လာရန် ကျင့်ကြံနိုင်သလို၊ အကယ်ဒမီမှ ထွက်ခွာပြီး မိမိတို့ လမ်းကို လျှောက်လှမ်းခွင့်လည်း ရှိကြ၏။
“ရွှီး... ရွှီး...”
ဆူညံနေသော အကယ်ဒမီ၏ ကောင်းကင်ယံတွင် ရုတ်တရက် လူရိပ်နှစ်ခု ပေါ်လာသည်။
ဖုန်းဝူချန် နှင့် သွမ့်ဟုန်ရှီး တို့ပင်။
“ကျောင်းအုပ်ကြီး... အကြီးအကဲတို့... ဘယ်သူ့ကို ခေါ်လာလဲ ကြည့်လိုက်ကြပါဦး...”
သွမ့်ဟုန်ရှီးက အောင်နိုင်သူ အပြုံးဖြင့် အော်ပြောလိုက်၏။
“ဖုန်းဝူချန်...”
ကျောင်းအုပ်ကြီးနှင့် အကြီးအကဲများ အံ့အားသင့်သွားကြ၏။
အကယ်ဒမီမှ ကျောင်းသားများသည်လည်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြ၏။
“အစ်ကိုကြီးဖုန်း...”
လင်းယိုက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
“အင်ပါယာရဲ့ စစ်သူကြီးချုပ်...”
“ငါတို့ အကယ်ဒမီရဲ့ နံပါတ်တစ် ပါရမီရှင်...”
ကျောင်းဆင်းတော့မည့် ကျောင်းသားများသည် ဖုန်းဝူချန်ကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားစွာဖြင့် ပွဲကျသွားကြတော့သည်။