အခန်း (၆၀၇-၆၀၉)
Vol. 41 Ch. 607-609
အခန်း (၆၀၇) - ရှုံးနိမ့်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း
~မြေကမ္ဘာအဆင့် သိုင်းကျမ်းများနှင့် မြေကမ္ဘာအဆင့် ဓားသိုင်းများသည် အလွန်တရာ အစွမ်းထက်လှပေသည်။
သို့သော် ဖုန်းဝူချန်သည် ထျန်းရင် ၏ တိုက်ခိုက်မှုများကို စိတ်ကြိုက် ခံယူပြီးသည့်တိုင် ခြစ်ရာတစ်ခုမျှပင် မထင်ကျန်ရစ်ခဲ့ချေ။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဖုန်းဝူချန်၏ စွမ်းအားသည် ထျန်းရင် ထက် အဆမတန် သာလွန်နေကြောင်း ထင်ရှားလှပေသည်။
ထျန်းရင် သည် သူတတ်မြောက်ထားသမျှ သိုင်းပညာအကုန် ထုတ်သုံးခဲ့သော်လည်း ဖုန်းဝူချန်ကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့သည့်အပြင် သူ၏ အစစ်အမှန် ယွမ်စွမ်းအား အမြောက်အမြားကိုသာ ကုန်ဆုံးသွားစေခဲ့သည်။
ထျန်းရင် ၏ မျက်နှာသည် ဖြူဖျော့နေပြီး အသက်ရှူသံများ ပြင်းထန်နေ၏။ သူ့ပုံစံက အတော်လေး ရှက်ရွံ့နေသည့်ပုံ ပေါက်နေသည်။
မိမိဘက်က အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း တစ်ဖက်လူကို ဘာမှမဖြစ်အောင် မလုပ်နိုင်ခဲ့... တဖက်လူက လက်ညှိုးတစ်ချောင်း မလှုပ်ဘဲနှင့် မိမိဘက်က အရင် အားကုန်ပြီး ရှုံးနိမ့်သွားရခြင်းသည် အလွန်အမင်း သိက္ခာကျစရာ ကောင်းလှပေသည်။
“ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်က တကယ်တမ်း ဘယ်လောက်လဲ...”
ထျန်းရင် သည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မေးလိုက်မိသည်။
“ငါလည်း မင်းရဲ့ နောက်ခံကို သိချင်နေတာ... မင်းက ယန်ဟွမ် အင်ပါယာက မဟုတ်ဘူးမလား...”
ဖုန်းဝူချန်က ပြုံးကာ ပြန်မေးလိုက်၏။
ထိုစကားကို ကြားသောအခါ ထျန်းရင် နှုတ်ဆိတ်သွားသည်။
“ဒီမှာတင် ရပ်လိုက်ကြစို့... တိုက်ပွဲ ပြီးသွားပြီ...”ဟု
ဖုန်းဝူချန်က ပြုံးကာ ပြောလိုက်၏။ သူသည် ထျန်းရင် ၏ နောက်ခံအကြောင်းကို ဆက်ပြီး အတင်းအကျပ် မမေးမြန်းတော့ပေ။
စကားဆုံးသည်နှင့် ဖုန်းဝူချန်သည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်၏။
လင်းယို နှင့် သွမ့်ဟုန်ရှီး တို့သည် စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် ဝမ်းသာပီတိများ ဖြာဝေနေ၏။
ဤအချိန်တွင် အကယ်ဒမီမှ မည်သည့်ကျောင်းသားကမျှ ဖုန်းဝူချန်ကို အထင်သေးရဲခြင်း မရှိကြတော့ပေ။ သူတို့၏ မျက်လုံးများထဲတွင် အံ့သြခြင်းနှင့် လေးစားခြင်းများသာ ပြည့်နှက်နေတော့သည်။
စကတည်းက ဆုံးသည်အထိ ဖုန်းဝူချန်သည် တန်ပြန်တိုက်ခိုက်ခြင်း တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ခဲ့ပေ။
ဖုန်းဝူချန်သည် လွယ်ကူသက်သာစွာဖြင့် အနိုင်ယူသွားခဲ့သဖြင့် ကျောင်းအုပ်ကြီး ရှင်းထျန်းဖုန်း နှင့် အခြားသူများ၊ ကျောင်းသားများ အပါအဝင် လူတိုင်းသည် ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့်ကို အလွန် သိချင်နေကြ၏။ ဖုန်းဝူချန်သည် ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်ရှိနေပြီလောဟု တိတ်တဆိတ် ခန့်မှန်းနေကြ၏။
သို့သော် ဖုန်းဝူချန်သည် အစစ်အမှန် ယွမ်စွမ်းအားကို ထုတ်ဖော်ခြင်း မရှိခဲ့သဖြင့် မည်သူမျှ အတိအကျ မပြောနိုင်ကြပေ။
ထျန်းရင် က မေးလိုက်၏။
“ဖုန်းဝူချန်... ခင်ဗျား ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်နေပြီလား...”
“မင်းရဲ့ ပါရမီနဲ့ဆိုရင် ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်ဖို့ သိပ်ခက်ခဲမှာ မဟုတ်ပါဘူး...”
ဟု ဖုန်းဝူချန်က စကားကို လွှဲကာ ပြုံးပြီး ပြောလိုက်၏။
“ဖုန်းဝူချန်... မင်း တကယ်ကြီး ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်သွားပြီလား...”
ရှင်းထျန်းဖုန်း က စိတ်မရှည်စွာဖြင့် ထပ်မေးလိုက်၏။ သူ့ပုံစံက အလွန် သိချင်နေသည့်ပုံ ပေါက်နေပါသည်။
“အဟဲ၊ ခုနက ထျန်းရင် ပြောသွားသလိုပါပဲဗျာ...”
ဖုန်းဝူချန်က ရယ်မောကာ ဖြေလိုက်၏။
“မင်း တကယ်ကြီး ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်သွားတာလား...”
ကျန်းယွင်ထျန်း ကလည်း မယုံနိုင်သလို မေးလိုက်ပြန်သည်။
“...”
ဖုန်းဝူချန် စိတ်ပျက်သွားမိသည်။
ဒါက မေးခွန်းထုတ်စရာ လိုသေးလို့လား...
ထျန်းယွမ်ဘုံ အဆင့် (၉) နှင့် ညီမျှသော တိုက်ခိုက်စွမ်းရည်ရှိသည့် ထျန်းရင် ၏ ကြောက်မက်ဖွယ် သိုင်းကွက်များကို ရုပ်ခန္ဓာသက်သက်ဖြင့် ခံနိုင်ရည်ရှိခဲ့သည်မှာ ကောင်းကင်ဘုံလူသား အဆင့် မရောက်ဘဲ ဖြစ်နိုင်ပါ့မလား...
ရှင်းထျန်းဖုန်း နှင့် ကျန်းယွင်ထျန်း တို့၏ မျှော်လင့်တကြီး ကြည့်နေသော မျက်လုံးများကို မြင်သောအခါ ဖုန်းဝူချန်သည် မတတ်သာတော့ဘဲ ခေါင်းညိတ်ပြလိုက်ရသည်။
“ကျောင်းအုပ်ကြီး... အကြီးအကဲတို့... ကျွန်တော့်မှာ အချိန်သိပ်မရလို့ ကြာကြာမနေတော့ဘူးနော်...”
ဖုန်းဝူချန်က ပြောပြောဆိုဆိုနှင့် ကျမ်းလိပ် (၂) ခုကို ရှင်းထျန်းဖုန်း ထံသို့ ကမ်းပေးလိုက်၏။
ယခုတစ်ခေါက် ဖုန်းဝူချန် ပြန်လာရသည့် ရည်ရွယ်ချက်မှာ လင်းယို ကို နဂါးနတ်ဘုရား နန်းတော်သို့ ခေါ်ဆောင်သွားရန်သာ ဖြစ်သည်။ အခြားရည်ရွယ်ချက် မရှိသလို အချိန်မီ ပြန်သွားပြီး ဆက်လက် ကျင့်ကြံရဦးမည် ဖြစ်သည်။
ရှင်းထျန်းဖုန်း က ခေါင်းညိတ်လိုက်ပြီး...
“ငါလည်း မင်းကို အကြာကြီး ဆွဲမထားတော့ပါဘူး... အကယ်ဒမီမှာလည်း ကျောင်းသားသစ် လက်ခံဖို့ ပြင်ဆင်စရာတွေ ရှိနေသေးတယ်... မင်း မှတ်ထားရမှာက လမ်းမှားကို မရောက်စေနဲ့... လမ်းမှားရောက်သွားရင် နောက်ပြန်လှည့်ဖို့ လမ်းမရှိတော့ဘူး...”
“စိတ်မပူပါနဲ့ ကျောင်းအုပ်ကြီး...”
ဖုန်းဝူချန်က ပြုံးကာ အာမခံလိုက်၏။
“ဖုန်းဝူချန်... တိုက်ကြီးရဲ့ နံပါတ်တစ် အကယ်ဒမီက မြောက်ဘက် ဆန်းကြယ် နယ်မြေမှာ ရှိတယ်... သန့်ရှင်းသော ဝိညာဉ် အကယ်ဒမီ လို့ ခေါ်တယ်... အဲ့ဒီနေရာက ပါရမီရှင်တွေ စုဝေးရာ အကယ်ဒမီအစစ်ပဲ... မင်းရဲ့ ပါရမီနဲ့ဆိုရင် အဲ့ဒီကို ဝင်ဖို့ မခက်ခဲလောက်ဘူး...”
ဟု ရှင်းထျန်းဖုန်း က လေးနက်စွာ အကြံပြုလာသည်။
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ပခုံးတွန့်လိုက်ပြီး ရယ်မောကာ ပြောလိုက်၏။
“တော်ပါပြီဗျာ ကျောင်းအုပ်ကြီးရာ... ကျွန်တော့်အကြောင်းလည်း သိရဲ့သားနဲ့... ကျွန်တော်က အဲ့ဒီလိုနေရာမျိုးမှာ ငြိမ်ငြိမ်နေနိုင်မယ့်လူမှ မဟုတ်တာ...”
“မင်းကတော့လေ... ဟင်း...”
ရှင်းထျန်းဖုန်း သည် ဒေါသထွက်သလိုလို ဖြစ်သွားသော်လည်း ဖုန်းဝူချန်ကို မည်သို့မျှ မတတ်နိုင်ပေ။
“ကျောင်းအုပ်ကြီး... အကြီးအကဲတို့... နည်းပြ လီဖုန်း... နောက်မှ တွေ့ကြတာပေါ့... အားရင် ကြယ်တာရာနယ်မြေက နဂါးနတ်ဘုရား နန်းတော်ကို လာလည်ကြပါ...”
ဖုန်းဝူချန်က အရိုအသေပြု နှုတ်ဆက်လိုက်၏။
“ဖုန်းဝူချန်... မင်းရဲ့ ဆေးပညာအဆင့်က အခု ဘယ်လောက် ရောက်နေပြီလဲ...”
ဟု ကျန်းယွင်ထျန်း က အလျင်အမြန် မေးလိုက်၏။
“အဆင့် (၆) ပါ...”
ဖုန်းဝူချန်က ခပ်တိုးတိုး ဖြေလိုက်သည်။
“ဘာ... အဆင့်... အဆင့် (၆) ဟုတ်လား...”
ကျန်းယွင်ထျန်း ၏ မျက်လုံးအိုများ ပြူးကျယ်သွားသည်။
“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကရော...”
ရှင်းထျန်းဖုန်း ကလည်း အသံတိုးတိုးဖြင့် မေးလိုက်ပြန်သည်။
“အဆင့် (၆) ပါ...”
ဖုန်းဝူချန်က တည်ငြိမ်စွာ ဖြေလိုက်ပြန်၏။
“...”
ဖုန်းဝူချန်၏ အဖြေစကားများသည် ရှင်းထျန်းဖုန်း နှင့် အခြားသူများကို ဝိညာဉ်လိပ်ပြာ လွင့်မတတ် ထိတ်လန့်သွားစေသည်။ သူတို့သည် ဖုန်းဝူချန်ကို သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်သော မျက်နှာများဖြင့် ငေးကြည့်နေမိကြတော့သည်။
“ကျောင်းအုပ်ကြီး... အကြီးအကဲတို့... နည်းပြတို့... (၃) နှစ်လုံးလုံး သွန်သင်ဆုံးမပေးခဲ့တာ ကျေးဇူးတင်ပါတယ်... နောက်မှ ပြန်ဆုံကြတာပေါ့...”
လင်းယို ၊ သွမ့်ဟုန်ရှီး နှင့် အခြားသူများသည် ကျေးဇူးတင်စကား ပြောကြားရင်း အရိုအသေ ပြုလိုက်ကြ၏။
ကျောင်းဆင်းပွဲ အခမ်းအနား ပြီးဆုံးသည်အထိပင် မစောင့်တော့ဘဲ ဖုန်းဝူချန်သည် လင်းယို နှင့် သွမ့်ဟုန်ရှီး တို့ကို ခေါ်ဆောင်ကာ အကယ်ဒမီမှ ထွက်ခွာလာခဲ့သည်။
ဖုန်းဝူချန်သည် ထျန်းရင် ၏ နောက်ခံကို သိချင်နေသော်လည်း ကာယကံရှင် ကိုယ်တိုင်က ထုတ်မပြောသဖြင့် သူလည်း ဘာမှမတတ်နိုင်ပေ။
အကယ်ဒမီမှ ထွက်လာသည်နှင့် ဖုန်းဝူချန်က လေးနက်စွာ ပြောလိုက်၏။
“သွမ့်ဟုန်ရှီး... မင်း အခုချက်ချင်း ပြန်ပြီး သွမ့်ဝူချင်း ကို သွားခေါ်လိုက်... အချိန်ခဏလေးနဲ့ ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်နိုင်မယ့် နေရာတစ်ခုကို ငါ မင်းတို့ကို ခေါ်သွားပေးမယ်... ငါတို့မှာ အချိန်သိပ်မရဘူး... မြန်မြန်လုပ်... ငါနဲ့ လင်းယို က လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ ကောင်းကင် ဗိမာန် မှာ ပြန်ဆုံကြမယ်...”
“ကောင်းကင်ဘုံလူသား အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်မယ်တဲ့လား...”
သွမ့်ဟုန်ရှီးသည် ဦးစွာ ကြောင်အသွားပြီးနောက် ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် တုန်လှုပ်သွားသည်။ ထို့နောက် သူ၏ ကိုယ်ဖော့သိုင်းကို အစွမ်းကုန် ထုတ်သုံးကာ တော်ဝင်နန်းတော်ဆီသို့ ဒုံးပျံတစ်စင်းအလား ပျံသန်းထွက်ခွာသွားတော့သည်။
“အစ်ကိုကြီးဖုန်း... ကျွန်တော်ရော ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်နိုင်မှာလား...”
လင်းယို က မေးလိုက်၏။
“ဒါပေါ့ကွ... လာ... လင်းမိသားစုဆီ သွားကြမယ်...”
ဖုန်းဝူချန်က ပြုံးကာ ပြောလိုက်၏။ သူ့သူငယ်ချင်းအပေါ် အထူးဂရုစိုက်ကြောင်း ပေါ်လွင်နေ၏။
...
ထျန်းယန် အကယ်ဒမီ...
ရှုံးနိမ့်ကျန်ရစ်ခဲ့သော ထျန်းရင် သည် ရင်ပြင်ကျယ်မှ ထွက်ခွာလာခဲ့သည်။
သူသည် အကယ်ဒမီ၏ နောက်ဘက်တောင်ကုန်းသို့ တစ်ယောက်တည်း လျှောက်လာခဲ့ပြီး စိတ်ဓာတ်ကျကာ ညှိုးငယ်နေ၏။
ဖုန်းဝူချန်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်းသည် သူ့အတွက် ကြီးမားသော ရိုက်ခတ်မှုကြီး တစ်ခု ဖြစ်နေသည်မှာ ထင်ရှားလှပေသည်။
ဖုန်းဝူချန်နှင့် တိုက်ခိုက်ခဲ့သော မြင်ကွင်းများသည် သူ့ခေါင်းထဲတွင် အကြိမ်ကြိမ် ပေါ်လာနေပြီး ဖုန်းဝူချန်၏ ပြိုင်ဘက်ကင်းသော ပုံရိပ်သည် သူ့ရင်ထဲတွင် အရိပ်မည်းကြီး တစ်ခုအဖြစ် နေရာယူသွားတော့သည်။
ထျန်းရင် သည် သူ့ပါရမီက မည်သူ့ထက်မှ မနိမ့်ကျဟု ယုံကြည်ထားခဲ့ပြီး ယခင်က မည်သည့်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်ခဲ့သူ ဖြစ်သည်။
ယခု ဖုန်းဝူချန်ကို ရှုံးနိမ့်ခဲ့ရသည်မှာ... အထူးသဖြင့် ဤမျှ အရှက်ရဖွယ် ကောင်းလောက်အောင် ရှုံးနိမ့်ခဲ့ရသည်မှာ ပထမဆုံးအကြိမ်ပင်။
“ဖုန်းဝူချန်က ငါ့ထက် (၂) နှစ်ပဲ ပိုကြီးတာပါ... သူက တကယ်ပဲ အဲ့ဒီလောက် သန်မာတာလား...”
ထျန်းရင် တစ်ယောက်တည်း တီးတိုး ရေရွတ်လိုက်မိသည်။
“ဘာဖြစ်လို့လဲ... စိတ်ညစ်စရာ ရှိလို့လား...”
ထိုစဉ်မှာပင် အသံတစ်သံ သူ့နားထဲသို့ ဝင်ရောက်လာသည်။
အသံဆုံးသည်နှင့် လူငယ်တစ်ယောက် ဘယ်နေရာကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုလူငယ်သည် ထျန်းရင် ထက် အသက် အနည်းငယ် ပိုကြီးပုံရသည်။
“ကျွန်တော် ရှုံးသွားတယ်... ပြီးတော့ အရမ်း ဆိုးဆိုးရွားရွား ရှုံးသွားတာ...”
ထျန်းရင် က အားငယ်စွာ ဖြေလိုက်၏။
“ဟေ... အကယ်ဒမီထဲမှာ မင်းကို နိုင်တဲ့လူ ရှိသေးတာလား...”
ထိုလူငယ်က အံ့သြစွာ မေးလိုက်၏။
“ရှိတယ်... သူက အရင်တုန်းက အကယ်ဒမီရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ... သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကျွန်တော် မမြင်နိုင်ဘူး... တိုက်တုန်းက သူက ဘာမှ မလုပ်ဘဲ ဒီတိုင်းရပ်ပြီး အထိုးခံနေတာ... ကျွန်တော် အားကုန်သုံးပြီး တိုက်တာတောင် သူ့ကို ခြစ်ရာလေးတစ်ခုတောင် ထင်အောင် မလုပ်နိုင်ခဲ့ဘူး...”
ထျန်းရင် က ခံစားချက်မကောင်းစွာဖြင့် ပြောပြလိုက်၏။
“အစ်ကို... သူက ကျွန်တော့်မှာ မိုးကြိုးဓာတ် စွမ်းအား ရှိတာကိုတောင် သိနေတယ်ဗျ...”
ထျန်းရင် က ရုတ်တရက် လှည့်ကြည့်ပြီး ပြောလိုက်၏။
“ဟေ... ကြည့်ရတာ ဒီလူက သာမန် မဟုတ်ဘူးပဲ...”
ထိုလူငယ်က ထပ်မံ အံ့သြသွားပြီး မျက်မှောင်ကြုတ်လိုက်၏။
“အစ်ကို... ဖုန်းဝူချန်က အစ်ကို့အရွယ်လောက်ပဲ ရှိဦးမယ်... သူက အစ်ကို့ပြိုင်ဘက် မဟုတ်ပေမယ့် ကျွန်တော့်စိတ်ထဲမှာ သူ အရမ်း သန်မာတယ်လို့ ခံစားနေရတယ်... နောက်တစ်နှစ် နှစ်နှစ်လောက်ဆို ကျွန်တော် သူ့ကို နိုင်တော့မှာ မဟုတ်ဘူး...”
ထျန်းရင် က ဆက်ပြောလိုက်၏။
“ယောက်ျားကောင်းဆိုတာ ရှုံးတာကို ဝန်ခံရဲရတယ်... ရှုံးတာက ကိစ္စမရှိဘူး... ကိုယ့်ကိုယ်ကိုယ်တော့ အရှုံးမပေးနဲ့... ငါရော ပါရမီရှင်တွေ အများကြီးကို ရှုံးဖူးတာပဲ မဟုတ်လား... ဒါပေမဲ့ ရှုံးတိုင်း ငါ့ရဲ့ ခွန်အားတွေ ပိုတိုးလာတာပဲ... ပိုသန်မာအောင် ကြိုးစားခဲ့လို့ အခုလို ဖြစ်လာတာပေါ့... မင်းလည်း အဲ့ဒီလို ဖြစ်ရမယ်... သိပ် ခံစားမနေနဲ့...”
ထိုလူငယ်က ပြုံးကာ နှစ်သိမ့်ပေးလိုက်၏။
“မင်းသာ ကြိုးကြိုးစားစား ကျင့်ကြံရင် တစ်နေ့ကျရင် သူ့ကို နိုင်မှာပါ...”
“ကျွန်တော် တကယ် နိုင်ပါ့မလား...”
ထျန်းရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေဆဲပင်။
“ဒါပေါ့... ဘယ်လိုလဲ... အခု ကျင့်ကြံချင်စိတ်တွေ တဖွားဖွား ပေါ်လာပြီ မဟုတ်လား...”
“ဟုတ်တယ်...”
ထျန်းရင် ခေါင်းကို အားပါပါ ညိတ်လိုက်၏။
ထိုလူငယ်က ထျန်းရင် ကို အားပေးစကား ပြောလိုက်တော့သည်။
“ဒါပဲလေ... ဒါက တွန်းအားပဲ... ကျင့်ကြံလိုစိတ် ဆိုတာ ဒါပဲ... ဆက်ပြီး ကြိုးစား... ငါတို့ ပိုင်လီ မျိုးနွယ်စု က ပါရမီရှင်တွေက ဘယ်သူ့ကိုမှ မရှုံးစေရဘူး...”
အခန်း (၆၀၈) - တံခါးပိတ် ကျင့်ကြံခြင်း
~“ဖုန်းဝူချန်...”
လူငယ်လေးသည် တီးတိုး ရေရွတ်လိုက်၏။ ထျန်းရင် ကို အနိုင်ယူနိုင်စွမ်းရှိသော ဖုန်းဝူချန်ဆိုသူအား သူ စိတ်ဝင်စားသွားပုံရသည်။
“အစ်ကို... ကြားတာတော့ သူက ယန်ဟွမ် အင်ပါယာရဲ့ စစ်သူကြီးချုပ် တဲ့... ပြီးတော့ ကောင်းကင် ဗိမာန် ရဲ့ သခင် လို့လည်း ပြောကြတယ်...”
ထျန်းရင် က ဖြည့်စွက် ပြောပြလိုက်၏။
“ယန်ဟွမ် အင်ပါယာရဲ့ စစ်သူကြီးချုပ် ဟုတ်လား...”
လူငယ်လေးသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီးနောက် ခေါင်းခါလိုက်၏။
“တိုင်းပြည်သေးလေး တစ်ခုက ရှေးဦး ကမ္ဘာဦး စွမ်းအားအကြောင်း သိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး... တိုက်ကြီးပေါ်မှာတောင် ရှေးဟောင်း စွမ်းအားတွေ ရှိတယ်ဆိုတာ မသိကြတဲ့ အင်အားစုတွေ အများကြီး ရှိသေးတာ... ဒီဖုန်းဝူချန်က အပေါ်ယံ မြင်ရသလောက်တော့ ရိုးရှင်းမယ့်ပုံ မပေါ်ဘူး...”
“ကျွန်တော်လည်း အဲ့ဒီလို ထင်တယ် အစ်ကို... သူ့ရဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှုက အရမ်း ကြောက်စရာကောင်းတယ်... သာမန် ပါရမီရှင်တွေနဲ့ ယှဉ်လို့မရဘူး...”
ထျန်းရင် က လေးနက်စွာ ပြောလိုက်ပြီးနောက် ထိုလူငယ်ကို ကြည့်ကာ အကြံပြုလိုက်၏။
“အစ်ကို... ဖုန်းဝူချန်အကြောင်း စုံစမ်းကြည့်မလား...”
ထိုစကားကို ကြားသောအခါ လူငယ်လေးက ပြုံးကာ ပြောလိုက်၏။
“အချိန်ရမှပဲ ကြည့်ကြတာပေါ့... အခုတလော ငါ ဆန်းကြယ်တဲ့ စွမ်းအင်တစ်ခုကို လိုက်ရှာရင်း ဒီနားရောက်လာလို့ မင်းအခြေအနေ ဝင်ကြည့်တာ...”
“ကောင်းကောင်း ကျင့်ကြံပါ... မင်း ဒီမနက်တင် အဆင့်တက်ထားတာဆိုတော့ မင်းရဲ့ မိုးကြိုးဓာတ် စွမ်းအား အစစ်အမှန်ကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူး... ငါ သွားတော့မယ်...”
ပြောပြီးသည်နှင့် တပြိုင်နက် လူငယ်လေး၏ ပုံရိပ်သည် လေထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
“ဖုန်းဝူချန်... ငါ မင်းကို လုံးဝ အလွတ်မပေးဘူး...”
ထျန်းရင် လက်သီးကို တင်းတင်းဆုပ်လိုက်၏။ သူ့မျက်လုံးထဲတွင် ရက်စက်သော အလင်းရောင်များ ဝင်းလက်သွား၏။
...
“နန်းတော်သခင်က ဘာလို့ မလာသေးတာလဲ... နာရီဝက်တောင် ကျော်နေပြီ...”
သွမ့်ဟုန်ရှီးသည် ကောင်းကင် ဗိမာန် ခန်းမဆောင်ထဲတွင် စိတ်မရှည်စွာဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။
“စစ်သူကြီးချုပ်က ဖုန်းမိသားစုအိမ်တော်ကို ရောက်နေတာ နေမှာပါ... စိတ်မပူပါနဲ့...”
သွမ့်ဝူချင်း က တည်ငြိမ်စွာ ပြောလိုက်၏။ သူ့ပုံစံက အနည်းငယ်မျှပင် အလျင်လိုပုံမရ။
သို့သော် သွမ့်ဝူချင်း လည်း သိချင်စိတ် ပြင်းပြနေမိသည်။ တိုတောင်းလှသော အချိန်အတွင်း ကောင်းကင်ဘုံလူသား အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်မည့် နေရာဆိုသည်မှာ မည်သည့် နတ်ဘုရားနယ်မြေမျိုး ဖြစ်မည်နည်း။
“ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်နိုင်မယ်ဆိုမှတော့ ငါ ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ...”
ဟု သွမ့်ဟုန်ရှီးက စိုးရိမ်တကြီး ပြောလိုက်၏။
“နန်းတော်သခင်ကို ကြိုဆိုပါတယ်...”
သွမ့်ဟုန်ရှီး စိတ်ပူနေစဉ်မှာပင် အပြင်ဘက်မှ လေးစားသမှုအပြည့်ရှိသော အသံများ ထွက်ပေါ်လာလေသည်။
“ပြန်လာပြီဟေ့...”
သွမ့်ဟုန်ရှီး ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ခန်းမဆောင် အပြင်ဘက်သို့ အရင်ဆုံး ပြေးထွက်သွားသည်။
ခန်းမဆောင် အပြင်ဘက်တွင် ဖုန်းဝူချန်အပြင် ဖုန်းကျန့်ရှုံး ၊ ရှောင်ချင်းချင်း နှင့် အကြီးအကဲ ဖုန်းချန်ယန် တို့ပါ ရောက်ရှိနေကြ၏။
“စစ်သူကြီးချုပ်... မိသားစုခေါင်းဆောင်ဖုန်း... ဖုန်းကတော်... အကြီးအကဲဖုန်း... မင်္ဂလာပါဗျာ...”
သွမ့်ဝူချင်း သည် လေးစားစွာ နှုတ်ဆက်လိုက်၏။ သူ့မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားမှု အနည်းငယ် ပေါ်နေ၏။
“မင်းသားလေး... သိပ် အားနာစရာကြီးဗျာ...”
ဖုန်းကျန့်ရှုံး က ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။ ဖုန်းမိသားစု၏ အင်အားသည် တော်ဝင်နန်းတော်ထက် သာလွန်နေပြီ ဖြစ်သော်လည်း တော်ဝင်မိသားစုအပေါ် အမြဲတမ်း လေးစားသမှု ရှိနေဆဲပင်။
“သွားကြစို့... နဂါးနတ်ဘုရား နန်းတော်ကို ပြန်ကြမယ်... ညီအစ်ကိုတွေ အားရင် နဂါးနတ်ဘုရား နန်းတော်ကို လာလည်ကြနော်...”
ဖုန်းဝူချန်က ကောင်းကင် ဗိမာန်မှ အဖွဲ့ဝင်များကို နှုတ်ဆက်လိုက်တော့၏။
“နန်းတော်သခင်... ဘယ်နေရာကများ အဲ့ဒီလောက် အံ့ဖွယ်ကောင်းနေရတာလဲ... တကယ်ကြီး ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်နိုင်မှာလား...”
သွမ့်ဟုန်ရှီးက စိတ်လှုပ်ရှားစွာ မေးလိုက်၏။ သူ၏ မျက်လုံးများက ဖုန်းဝူချန်ထံမှ မခွာတော့ပေ။
ဖုန်းဝူချန်က ပြုံးလိုက်ပြီး...
“နဂါးနတ်ဘုရား နန်းတော် ရောက်ရင် သိရမှာပါ...”
“သွားမယ်... သွားမယ်...”
သွမ့်ဟုန်ရှီးက စိတ်လှုပ်ရှားစွာဖြင့် ဖုန်းဝူချန်ကို အတင်းဆွဲကာ နေရာကူးပြောင်းခြင်း အခင်းအကျင်းထဲသို့ ခေါ်ဆောင်သွားတော့သည်။
သွမ့်ဟုန်ရှီး၏ အလောတကြီး ဖြစ်နေပုံကို ကြည့်ပြီး ကောင်းကင် ဗိမာန်မှ လူများ ကြောင်အသွားကြ၏။ သွမ့်ဟုန်ရှီး ဒီလောက် အလျင်လိုနေတာကို တစ်ခါမှ မမြင်ဖူးကြပေ။
နဂါးနတ်ဘုရား နန်းတော်သို့ ရောက်သောအခါ ဖုန်းဝူချန်သည် သွမ့်ဝူချင်း နှင့် အခြားသူများကို ကိုးထပ် ချန်ခွင်း မျှော်စင်၏ သတ္တမမြောက် အထပ်သို့ ခေါ်ဆောင်သွားလိုက်၏။
အစပိုင်းတွင် သူတို့က ဖုန်းဝူချန်သည် သန့်စင်သော စွမ်းအင်ခန္ဓာများကို စုပ်ယူစေရန် ခေါ်လာသည်ဟု ထင်မှတ်ခဲ့ကြသော်လည်း အထဲသို့ ရောက်သွားသည်နှင့် တပြိုင်နက် အားလုံး ကြက်သေသေကုန်ကြတော့သည်။
“ဒါ... ဒါ ဘာစွမ်းအားကြီးလဲ...”
လင်းယို သည် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်လိုက်၏။ သူ၏ မျက်နှာ ဖြူဖျော့သွားပြီး ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျလုနီးပါး ဖြစ်သွားသည်။
“ကြောက်စရာ ကောင်းလိုက်တဲ့ စွမ်းအင်... ကောင်းကင်အရိပ် မြင်းစီးတပ်ဖွဲ့ဝင်တွေနဲ့ အလံနက် တပ်ဖွဲ့ဝင်တွေ အကုန်လုံး ဒီရောက်နေကြပါလား...”
သွမ့်ဟုန်ရှီး၏ မျက်နှာတွင် ထိတ်လန့်မှုများ အပြည့်ဖြစ်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။
ဖုန်းချန်ယန် နှင့် ဖုန်းကျန့်ရှုံး တို့ပင်လျှင် ဤမျှ ရိုင်းစိုင်းကြမ်းတမ်းသော စွမ်းအင်များကြောင့် စိတ်လှုပ်ရှား တုန်လှုပ်နေကြ၏။
“ဒီစွမ်းအင်က... ကောင်းကင်နဲ့ မြေကြီးကိုတောင် ဖျက်ဆီးပစ်နိုင်လောက်တယ်...”
သွမ့်ဝူချင်း အံ့သြတကြီး ရေရွတ်လိုက်၏။ ကြောက်မက်ဖွယ် ဖိအားများကြောင့် အသက်ရှူရန်ပင် ခက်ခဲနေကြ၏။
လူစိမ်းများ ရောက်လာသည်ကို သတိထားမိလိုက်သဖြင့် ယီထျန်းချင်း နှင့် အခြားသူများသည် မျက်လုံးဖွင့်ကြည့်လိုက်ကြ၏။ ဖုန်းဝူချန်နှင့် ဖုန်းကျန့်ရှုံး တို့ကို မြင်လိုက်ရသောအခါ ထိုင်ရာမှထပြီး အရိုအသေ ပြုရန် ပြင်လိုက်ကြ၏။
ထိုအခါ၊ ဖုန်းကျန့်ရှုံး က လက်ကာပြလိုက်ပြီး...
“ဆက်ပြီး ကျင့်ကြံကြပါ... ဟန်ဆောင်နေစရာ မလိုပါဘူး...”
“ချီဟွမ် က ကောင်းကင်ဘုံလူသား အဆင့် (၃) တောင် ရောက်နေပါလား...”
သွမ့်ဝူချင်း အံ့သြတကြီး ပြောလိုက်၏။
သွမ့်ဟုန်ရှီးက ပါးစပ်အဟောင်းသားဖြင့်...
“ဟွမ်ယန် တို့ရော... ကောင်းကင်အရိပ် မြင်းစီးတပ်ဖွဲ့ဝင်တွေရော အကုန်လုံး ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်နေကြပြီပဲ... ငါတို့ကိုတောင် ကျော်တက်သွားကြပြီ... မြန်လွန်းအားကြီး မနေဘူးလား...”
“ဘယ်လိုလဲ... မဆိုးဘူး မဟုတ်လား...”
ဖုန်းဝူချန်က ဂုဏ်ယူစွာ ပြောလိုက်၏။
“သားဝူချန်... ဒါ... ဒါ ဘာစွမ်းအားကြီးလဲ... ဘာလို့ ဒီလောက်တောင် ကြောက်စရာ ကောင်းနေရတာလဲ...”
ရှောင်ချင်းချင်း က ကြောက်ရွံ့စွာ မေးလိုက်၏။ ဖုန်းဝူချန်သာ ပါမလာလျှင် သူမ ငရဲသို့ ရောက်နေသည်ဟုပင် ထင်မှတ်မိပေလိမ့်မည်။
ဖုန်းဝူချန်က အပေါ်ဘက်ရှိ နေရာလပ်ကို ညွှန်ပြရင်း ပြောလိုက်၏။
“မေမေ... ဒါက ရတနာရှာတုန်းက ရခဲ့တဲ့ နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်ရဲ့ နတ်ဘုရား သွေးစက်လေ...”
“နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်ရဲ့ နတ်ဘုရား သွေးစက် ဟုတ်လား...”
သွမ့်ဟုန်ရှီး နှင့် လင်းယို တို့ ပြိုင်တူ အော်ဟစ်လိုက်မိကြ၏။ သူတို့အသံ ကျယ်လွန်းသွားမှန်း သတိထားမိပြီး ပါးစပ်ကို ကမန်းကတန်း ပြန်ပိတ်လိုက်ကြ၏။
“ဒဏ္ဍာရီထဲက နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်...”
သွမ့်ဝူချင်း ကြောက်လွန်းသဖြင့် တောင့်ခဲသွားသည်။
“တကယ်ကြီးတော့ မဟုတ်လောက်ပါဘူးနော်... နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်ရဲ့ နတ်ဘုရား သွေးစက်တဲ့လား...”
လင်းယို လည်း ကြောက်လန့်တကြား ဖြစ်နေရှာသည်။
“ဖေဖေ... မေမေ... မိသားစုခေါင်းဆောင်... မြန်မြန် ကျင့်ကြံကြပါတော့... ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်ဖို့ဆိုတာ လက်တစ်ကမ်း အကွာအဝေးပဲ ရှိပါတော့တယ်...”
ဟု ဖုန်းဝူချန်က တိုက်တွန်းလိုက်၏။
ဖုန်းဝူချန် စကားမဆုံးခင်မှာပင် သွမ့်ဟုန်ရှီး သည် စစ်သည်များ၏ ရှေ့သို့ ပြေးသွားပြီး တင်ပျဉ်ခွေ ထိုင်ချလိုက်တော့၏။
ဖုန်းကျန့်ရှုံး ၊ ရှောင်ချင်းချင်း နှင့် အခြားသူများသည်လည်း နေရာလွတ်များတွင် ဝင်ထိုင်ကာ ကျင့်ကြံခြင်းကို စတင်လိုက်ကြ၏။ ဤမျှ အစွမ်းထက်သော နတ်ဘုရား သွေးစွမ်းအင် ရှိနေမှတော့ ကောင်းကင်ဘုံလူသား အဆင့်ကို ချိုးဖျက်ဝင်ရောက်ရန် မျှော်လင့်ချက် ရောင်ခြည် သန်းလာခဲ့လေပြီ။
ထို့အပြင် သန့်စင်သော စွမ်းအင်ခန္ဓာများလည်း ရှိနေသေးသဖြင့် ကောင်းကင်ဘုံလူသား အဆင့်သို့ ရောက်ရန်မှာ ပြဿနာ မဟုတ်တော့ပေ။
ကနဦး ကြောက်ရွံ့မှုနှင့် တုန်လှုပ်မှုများ ပျောက်ကွယ်သွားပြီးနောက် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့ အစားထိုး ဝင်ရောက်လာကြ၏။
နတ်ဘုရား သွေးစွမ်းအင်၏ အကူအညီဖြင့် စစ်သည်များ၏ ကျင့်ကြံနှုန်းသည် အလွန်အမင်း မြန်ဆန်နေပြီး ပါရမီရှင်များကိုပင် ဖြူဖျော့သွားစေနိုင်လောက်သည်။
ဖုန်းဝူချန်သည်လည်း အချိန်ဖြုန်းမနေပေ။ ရွှေနဂါး တံဆိပ်တော်ကို အသုံးပြုကာ နတ်ဘုရား သွေးစွမ်းအင်ကို စုပ်ယူပြီး သတ္တမမြောက် အထပ်တွင် ဆက်လက် ကျင့်ကြံလိုက်တော့သည်။
နတ်ဘုရား ဘုရင် နန်းတော်သည် တံခါးဝသို့ ရောက်နေပြီ ဖြစ်သဖြင့် ဖုန်းဝူချန်သည် မိမိ၏ ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံး မြှင့်တင်ရန် လိုအပ်နေသည်။ စွမ်းအားပိုင်ဆိုင်လိုစိတ်သည် သူ့ရင်ထဲတွင် ပြင်းထန်နေ၏။
‘ငါ့ရဲ့ လက်ရှိ အစွမ်းနဲ့ဆိုရင် ကောင်းကင်ဘုံလူသား အဆင့် (၇) ကို ရောက်သွားတာနဲ့ ထျန်းကျီဘုံအောက်မှာ ငါ့ကို ယှဉ်နိုင်မယ့်လူ ရှိတော့မှာ မဟုတ်ဘူး...’
ဖုန်းဝူချန်သည် ကျင့်ကြံရင်း တွက်ဆလိုက်မိသည်။ သူ့စွမ်းအားအပေါ် သူ အတော်လေး ယုံကြည်မှု ရှိနေသည်။
...
*
နတ်ဘုရား ဘုရင် နန်းတော်... လိန်ဟွန်း ၏ သီးသန့် နန်းဆောင်ဝယ်...
“အခင်းအကျင်း ဟုတ်လား...”
လိန်ဟွန်း မျက်မှောင်ကြုတ်လိုက်၏။ သူ့မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး...
“အခင်းအကျင်းလေး တစ်ခုကို ထျန်းကျီဘုံ (၃) ယောက်ပေါင်းတာတောင် မဖြိုနိုင်ဘူးတဲ့လား...”
ပြောရင်းဖြင့် လိန်ဟွန်း က ညာလက်ကို ဆန့်ထုတ်လိုက်၏။ အလွန် အားပြင်းသည့် စွမ်းအင် တစ်ခု ထွက်ပေါ်လာပြီး ထိုလူ (၃) ယောက်ကို လေထဲသို့ မ ပင့်တင်လိုက်လေသည်။
တာဝန်မကျေပါက သေဒဏ်ပေးမည့် ပုံစံပင်။
ထို (၃) ယောက်သည် ကြောက်လွန်းသဖြင့် ဝိညာဉ်လိပ်ပြာ လွင့်မတတ် ဖြစ်ကုန်ကြ၏။
လူတစ်ယောက်က ကြောက်လန့်တကြား ပြောလိုက်၏။
“နန်းတော်သခင်လေး... နဂါးနတ်ဘုရား နန်းတော်ရဲ့ အခင်းအကျင်းက အရမ်း အစွမ်းထက်ပါတယ်... ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပေမယ့် မဖြိုနိုင်ခဲ့ပါဘူး... ကာကွယ်ရေး ကောင်းရုံတင် မကဘူး... တိုက်ခိုက်နိုင်စွမ်းကလည်း ထျန်းကျီဘုံ ဒုတိယအလွှာနဲ့ တန်းတူ ရှိပါတယ်...”
“နန်းတော်သခင်လေး... ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ... ပြီးတော့ ဖုန်းဝူချန်က ပြောသေးတယ်... နဂါးနတ်ဘုရား နန်းတော်ရဲ့ အခင်းအကျင်းက ထျန်းကျီဘုံ ပဉ္စမအလွှာကိုတောင် သတ်နိုင်တယ်တဲ့...”
နောက်လူ တစ်ယောက်က တုန်ရီစွာဖြင့် တောင်းပန်လိုက်၏။
“အသုံးမကျတဲ့ ကောင်တွေက အသက်ချမ်းသာပေးဖို့ တောင်းဆိုရဲသေးတယ်လား...”
လိန်ဟွန်း က ရက်စက်စွာ ပြောလိုက်၏။ သတ်ဖြတ်လိုသော အရှိန်အဝါများ ခန်းမဆောင်တစ်ခုလုံး လွှမ်းခြုံသွား၏။
လိန်ဟွန်း ၏ လက်ဝါးသည် တဖြည်းဖြည်း ပိတ်သွားပြီး သူ၏ လက်ဆုပ်အတွင်းမှ နေရာလပ်သည် ကျုံ့ဝင်သွားသည်။
“နန်းတော်သခင်လေး... ကျေးဇူးပြုပြီး...”
ထို (၃) ယောက်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
လိန်ဟွန်း ၏ လက်သည် ရုတ်တရက် လက်သီးဆုပ်အဖြစ် ပြောင်းလဲသွားသည်။ ထိုခဏ၌ ထျန်းကျီဘုံ ပညာရှင် (၃) ယောက်စလုံးသည် မည်သို့မျှ ခုခံနိုင်စွမ်းမရှိဘဲ သွေးအိုင်အဖြစ်သို့ ချေမွခံလိုက်ရတော့သည်။
“နတ်ဘုရား ဘုရင် နန်းတော်မှာ အသုံးမကျတဲ့ကောင်တွေ မလိုဘူး... ဒီလောက် ကိစ္စလေးတောင် မပြီးမြောက်နိုင်တဲ့ကောင်တွေ... ထားပြီး ဘာလုပ်ရမှာလဲ...”
လိန်ဟွန်း ၏ မျက်နှာသည် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်နေတော့သည်။
အခန်း (၆၀၉) - ပိုင်လီယွီဖုန်း
~မြောက်ဘက် နယ်နိမိတ် ချောက်နက်ဝယ် ....
ရုတ်တရက်ဆိုသလို လူရိပ်တစ်ခု ပေါ်လာပြီး လေထုထဲတွင် မတ်မတ်ရပ်ကာ ဝင့်ကြွားစွာ ကြည့်ရှုနေသည်။
ဆန်းကြယ်သော ထိုလူထံမှ ရက်စက်ကြမ်းကြုတ်ပြီး အားပြင်းသည့် အရှိန်အဝါများ ဖြာထွက်နေ၏။ သူသည် ထျန်းကျီဘုံ အဋ္ဌမအလွှာသို့ ရောက်ရှိနေသူ ဖြစ်ပေသည်။
“ဝူမီးတောက်က တကယ်ပဲ မြောက်ဘက် နယ်နိမိတ်ချောက်နက်ထဲမှာ ရှိနေတာလား...”
ထိုလူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူ့စိတ်ထဲတွင် သံသယ အရိပ်အယောင်များ ဖြစ်ပေါ်နေလေသည်။
လက်ကို တစ်ချက် လှန်လိုက်သောအခါ ဆန်းကြယ်သော အနက်ရောင် ကျောက်တုံးတစ်တုံး သူ့လက်ထဲသို့ ရောက်ရှိလာသည်။
“ဒီလောက် ကျယ်ပြောလှတဲ့ မြောက်ဘက် နယ်နိမိတ်ချောက်နက်ကြီးထဲမှာ ငါ ဘယ်ကနေ စရှာရမလဲ...”
သူ့ပုံစံက အနည်းငယ် ညည်းတွားနေသလိုပင်။
ထူးခြားသော အငွေ့အသက် တစ်စုံတစ်ရာကို အာရုံခံမိလို ခံမိငြား မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်၏။ သဲလွန်စလေး တစ်ခုလောက်ဖြစ်ဖြစ် ရလိုရငြား...
မကြာမီ ထိုလူ လက်လျှော့လိုက်၏။ မြောက်ဘက် နယ်နိမိတ်ချောက်နက် တစ်ခုလုံးတွင် မည်သည့် အငွေ့အသက်ကိုမှ အာရုံခံမရပေ။ လူသားများ၏ အငွေ့အသက်ပင် မရှိချေ။
“အရင်လိုပဲ... ဘာမှ အာရုံခံလို့ မရဘူး...”
ထိုလူက ခေါင်းခါရင်း သက်ပြင်းချလိုက်၏။
“ခင်ဗျား အဲ့ဒီလို ရှာနေရင် နောက်ထပ် နှစ်တစ်သောင်းလောက် ကြာရင်တောင် ဝူမီးတောက်ကို ရှာတွေ့မှာ မဟုတ်ဘူး...”
ထိုလူ စိတ်ပျက်အားလျော့နေချိန်တွင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော အသံ တစ်သံ ထွက်ပေါ်လာသည်။
“ကောင်လေး... မင်း ငါ့နောက်ကို လိုက်နေတာ တော်တော်ကြာပြီပဲ... ဝူမီးတောက်ကို လိုချင်လို့ မင်း လိုက်နေတာကို ငါ မသိဘူးလို့ ထင်နေတာလား...”
ထိုလူက မျက်မှောင်ကြုတ်ကာ အေးစက်စွာ အော်ဟစ်လိုက်ပြီး အသံလာရာသို့ လှမ်းကြည့်လိုက်၏။
ထိုနေရာတွင် လူငယ် တစ်ယောက် ဘယ်ကနေ ရောက်လာမှန်းမသိ ရပ်နေသည်။
“မင်း ဖြစ်နေတာကိုး... ပိုင်လီ မျိုးနွယ်စုရဲ့ သခင်လေး ပိုင်လီယွီဖုန်း...”
ထိုလူက အေးစက်စွာ ရယ်မောလိုက်၏။ သူ့နှုတ်ခမ်းထောင့်တွင် မောက်မာသော အပြုံးတစ်ခု ချိတ်ဆွဲထား၏။
ပိုင်လီယွီဖုန်း... ပိုင်လီ မျိုးနွယ်စု၏ သခင်လေး ဖြစ်ပြီး နှစ်တစ်ထောင်အတွင်း တစ်ယောက်သာ ပေါ်ထွက်လေ့ရှိသော ပါရမီရှင်အဖြစ် မိသားစုက သတ်မှတ်ထားသူ ဖြစ်သည်။
ပိုင်လီယွီဖုန်းသည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ရုပ်ရည်ချောမောကာ မင်းမျိုးမင်းနွယ် ဆန်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။
ပြီးတော့ သူသည် ထျန်းယန် အကယ်ဒမီမှ ထျန်းရင် ၏ အစ်ကိုအရင်းလည်း ဖြစ်ပေသည်။
“နတ်ဆိုးမျိုးနွယ် မှာ သတင်းအချက်အလက်တွေ တော်တော်စုံတာပဲ...”
ပိုင်လီယွီဖုန်းက ပြုံးကာ ပြောလိုက်၏။ သူ့ကျင့်ကြံခြင်း အဆင့်သည် နတ်ဆိုးမျိုးနွယ်မှ ထိုလူလောက် မမြင့်မားသော်လည်း ကြောက်ရွံ့သည့် ပုံစံ လုံးဝ မပြပေ။
နတ်ဆိုးမျိုးနွယ်မှ ထိုလူသည် အခြားသူမဟုတ်... ဖန်ရွှီဟွိုင် ပင် ဖြစ်သည်။
“သခင်လေးပိုင်လီ ကလည်း ဝူမီးတောက်ကို လိုက်ရှာနေတာလား...”
ဖန်ရွှီဟွိုင်က ဟန်ဆောင် အံ့သြပြလိုက်ပြီး သူ့ခေါင်းသူ ရိုက်ကာ ပြောလိုက်၏။
“ကျုပ်မှတ်ဉာဏ်ကို ကြည့်စမ်း... သခင်လေးပိုင်လီက ဆေးပညာရှင် တစ်ယောက်ဆိုတာ မေ့နေလိုက်တာ... ဝူမီးတောက်ကို လိုချင်တာ မဆန်းပါဘူးလေ...”
“ငါတို့နှစ်ယောက်စလုံး ဝူမီးတောက်ကို လိုချင်နေကြတာဆိုတော့ ပူးပေါင်းလိုက်ရင် မကောင်းဘူးလား... ရှာတွေ့တဲ့အချိန်ကျမှ ကိုယ့်အရည်အချင်းနဲ့ကိုယ် လုယူကြတာပေါ့...”
ပိုင်လီယွီဖုန်းက အေးဆေးစွာ ပြောလိုက်၏။
ဖန်ရွှီဟွိုင်က လက်ကာပြလိုက်ပြီး...
“သခင်လေးပိုင်လီ လိုချင်ရင် ယူလိုက်ပါဗျာ... ကျုပ်က ဒီလို ငှက်မနား ရေမသောက်တဲ့ နေရာမျိုးမှာ အချိန်မကုန်ချင်ဘူး... ခွင့်ပြုပါဦး...”
ပြောပြီးသည်နှင့် ဖန်ရွှီဟွိုင်သည် ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ပိုင်လီယွီဖုန်းက အေးစက်စွာ ရယ်မောလိုက်ပြီး တားဆီးရန် လုံးဝ မကြိုးစားပေ။
နောက်တစ်စက္ကန့်တွင် ပိုင်လီယွီဖုန်းသည် လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်၏။ အားပြင်းသည့် စွမ်းအင်တစ်ခုသည် လေထုထဲမှ နေရာတစ်နေရာသို့ ပြင်းထန်စွာ တိုးဝင်သွားသည်။
“သွားပြီ...”
အရိပ်ထဲတွင် ပုန်းခိုနေသော လူတစ်ယောက်၏ မျက်နှာထား ပြောင်းလဲသွားသည်။
“ဝုန်း...”
“ဂျိန်း...”
လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် လေထုသည် အက်ကွဲကာ ပြိုကျသွားသည်။ ပြင်းထန်သော တုန်ခါမှုများသည် မြောက်ဘက် နယ်နိမိတ်ချောက်နက် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကမ္ဘာပျက်မတတ် ဆူညံသွားစေသည်။
ဤမျှ ကြီးမားသော စွမ်းအားသည် တကယ့်ကို ကြောက်စရာကောင်းလှပေသည်။
“သီသီလေး လွတ်သွားတယ်... ငါ့ရဲ့ အရိပ်မဲ့ သိုင်းကွက် ကိုတောင် မြင်အောင် ကြည့်နိုင်တယ်ဆိုတော့ ပိုင်လီ မျိုးနွယ်စုရဲ့ နံပါတ်တစ် ပါရမီရှင် ဆိုတာ အလကား မဟုတ်ဘူးပဲ...”
အရိပ်ထဲတွင် ပုန်းခိုနေသော ဖန်ရွှီဟွိုင် သည် မျက်မှောင်ကြုတ်ကာ တီးတိုး ရေရွတ်လိုက်၏။ သူ့မျက်နှာထား အလွန် လေးနက်နေပြီး မျက်လုံးထဲတွင် သတိထားမှုများ အပြည့်ရှိနေ၏။
သူသည် အရိပ်ထဲတွင် ပုန်းခိုပြီး ပိုင်လီယွီဖုန်း ဝူမီးတောက်ကို ရှာတွေ့မည့်အချိန်ကို စောင့်ဆိုင်းကာ လုယူရန် ကြံစည်ထားသော်လည်း ပိုင်လီယွီဖုန်းကို လှည့်စား၍ မရခဲ့ပေ။
ထျန်းကျီဘုံ အဋ္ဌမအလွှာ ရှိသော ဖန်ရွှီဟွိုင် ကိုယ်တိုင် သတိထားနေရသည်ကို ကြည့်လျှင် ပိုင်လီယွီဖုန်း၏ စွမ်းအား မည်မျှ ကြီးမားကြောင်း ခန့်မှန်းကြည့်နိုင်လေသည်။
“ပူးပေါင်းမလား... ထွက်သွားမလား... ဒါမှမဟုတ် အသတ်ခံမလား... တစ်ခု ရွေးလိုက်...”
ပိုင်လီယွီဖုန်းက အေးစက်စွာ ပြောလိုက်၏။
ဖန်ရွှီဟွိုင် သည် ပြန်လည် ထွက်ပေါ်လာပြီး မဲ့ပြုံး ပြုံးကာ ပြောလိုက်သည်။
“ကျုပ်ရဲ့ အရိပ်မဲ့ သိုင်းကွက်ကိုတောင် မြင်အောင် ကြည့်နိုင်တယ်ဆိုတော့ ခင်ဗျားက တကယ်ပဲ နာမည်နဲ့လိုက်အောင် စွမ်းတာပဲဗျာ...”
“ဝူး... ဝူး...”
စကားဆုံးသည်နှင့် တပြိုင်နက် ထျန်းကျီဘုံ အဋ္ဌမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ ရူးသွပ်စွာ ပေါက်ကွဲထွက်ပေါ်လာသည်။ မျက်စိကျိန်းမတတ် စိမ်းပြာရောင် အလင်းတန်းများသည် မြောက်ဘက် နယ်နိမိတ်ချောက်နက် တစ်ခုလုံးကို လွှမ်းခြုံသွား၏။ လေထုသည် ပြင်းထန်စွာ တုန်ခါပြီး ပြိုကျလာကာ အလွန် အားပြင်းသည့် အရှိန်အဝါများ ထွက်ပေါ်လာသည်။
“သခင်လေးပိုင်လီ က ကျုပ်ကို သတ်ချင်တာလား... ဟားဟား... ကောင်းပြီလေ... ခင်ဗျားမှာ ဘာအစွမ်းတွေ ရှိလဲ ကြည့်ရသေးတာပေါ့... ပိုင်လီ မျိုးနွယ်စုရဲ့ နံပါတ်တစ် ပါရမီရှင် ဆိုတာ နာမည်ပဲ ကြီးတာလား လက်တွေ့မှာရော စွမ်းရဲ့လား ဆိုတာ စမ်းသပ်ကြည့်ဖို့ အခွင့်ကောင်းပဲ...”
ဖန်ရွှီဟွိုင် က အဆိပ်ပြင်းသော စကားလုံးများဖြင့် တုံ့ပြန်လိုက်၏။ သူ၏ အေးစက်သော သတ်ဖြတ်လိုစိတ်သည် ကျောချမ်းဖွယ် ကောင်းလှပေသည်။
ထိုစကားကို ကြားသောအခါ ပိုင်လီယွီဖုန်းက နှာခေါင်းရှုံ့လိုက်ပြီး...
“မကြာခင် မင်း သိရမှာပါ...”
စကားဆုံးသည်နှင့် ပိုင်လီယွီဖုန်း၏ ပုံရိပ်သည် ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်။ အသံမထွက်၊ ခြေရာမကျန်၊ လေထုလှုပ်ရှားမှု လုံးဝမရှိဘဲ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
“ဟွန်း... ငါ့ကို လျှော့မတွက်နဲ့...”
ဖန်ရွှီဟွိုင် က ကြိမ်းဝါးလိုက်ပြီး ရုတ်တရက် နောက်လှည့်ကာ ခြေဖြင့် ဝင့်ကန်လိုက်၏။
“ဘယ်သူ့ကို ကန်နေတာလဲ... ငါက မင်းရဲ့ အနောက်မှာ...”
ဖန်ရွှီဟွိုင် ခြေဖြင့် ကန်လိုက်ချိန်မှာပင် ပိုင်လီယွီဖုန်း၏ အသံသည် သူ့ကျောဘက်မှ ထွက်ပေါ်လာတော့၏။
“ဘာ...”
ဖန်ရွှီဟွိုင် ၏ မျက်နှာထား ချက်ချင်း ပျက်ယွင်းသွားသည်။
“ဘုန်း...”
“အ...”
ပိုင်လီယွီဖုန်းက လက်သီးဖြင့် ထိုးချလိုက်ရာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထိုလက်သီးချက် တစ်ချက်တည်းဖြင့် ဖန်ရွှီဟွိုင် သွေးအန်ထွက်သွားရသည်။
ဖန်ရွှီဟွိုင် ဒေါသထွက်သွားသော်လည်း ပြန်လည် တိုက်ခိုက်ရန် ကြိုးစားချိန်တွင် သူ့ခန္ဓာကိုယ် လှုပ်မရတော့သည်ကို တွေ့လိုက်ရသည်။
“ဒါ...”
ဖန်ရွှီဟွိုင် မှင်သက်သွားသည်။ သူ့မျက်နှာပေါ်တွင် တုန်လှုပ်မှုများ အထင်းသား ပေါ်နေ၏။
“ထျန်းကျီဘုံ အဋ္ဌမအလွှာ ဆိုတာ ဒီလောက်ပါပဲလား... ဟွန်း...”
ပိုင်လီယွီဖုန်းက လှောင်ပြောင်လိုက်၏။
ဖန်ရွှီဟွိုင် ၏ စိတ်ထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။ ပိုင်လီယွီဖုန်းနှင့် ရင်ဆိုင်ရာတွင် သူ ဤမျှ လွယ်လွယ်ကူကူ ရှုံးနိမ့်သွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
စိတ်ထဲမှ ကြောက်ရွံ့မှုကို မြိုသိပ်လိုက်ပြီး ဖန်ရွှီဟွိုင် က အလျင်အမြန် ပြောလိုက်၏။
“လေးစားပါတယ် သခင်လေးပိုင်လီ... ကြည့်ရတာ ကျုပ်တို့ ပူးပေါင်းမှ ဖြစ်တော့မယ် ထင်တယ်...”
ပိုင်လီယွီဖုန်းက ဖန်ရွှီဟွိုင် ကို တစ်ချက်ကြည့်လိုက်ပြီး လှောင်ပြောင်သော အပြုံးဖြင့် ၊
“မင်း ဉာဏ်မများတာ ကောင်းလိမ့်မယ်... မဟုတ်ရင် ငါ မင်းကို သတ်ပစ်မယ်...”
“သခင်လေးပိုင်လီ ရှေ့မှာ ကျုပ်က ဘယ်လိုလုပ် ဉာဏ်များရဲပါ့မလဲဗျာ...”
ဖန်ရွှီဟွိုင် က ပခုံးတွန့်ပြရင်း ရယ်မောလိုက်၏။ သူ့ပုံစံက လုံးဝ ယုံကြည်ရမည့် ပုံ မပေါက်ပေ။
ပိုင်လီယွီဖုန်းက သူ့ကို ဂရုမစိုက်တော့ပေ။ ဖန်ရွှီဟွိုင် ဉာဏ်များမည်ကို သူ မပူပန်ပါ။
ဖန်ရွှီဟွိုင် ၏ ကျင့်ကြံခြင်းအဆင့်သည် ပိုင်လီယွီဖုန်းထက် မြင့်မားသော်လည်း တိုက်ခိုက်စွမ်းရည်တွင်မူ ကွာခြားမှု ကြီးမားလှသည်။ နှစ်ယောက်စလုံး ဝူမီးတောက်ကို လိုချင်နေကြသဖြင့် ဖန်ရွှီဟွိုင် အနေဖြင့် ပူးပေါင်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။
ဖန်ရွှီဟွိုင် သည် နတ်ဆိုးမျိုးနွယ်မှ အစွမ်းထက်သော အဖွဲ့ဝင် တစ်ဦး ဖြစ်သော်လည်း ပိုင်လီ မျိုးနွယ်စု၏ အင်အားသည်လည်း နတ်ဆိုးမျိုးနွယ်ထက် မနိမ့်ကျပေ။ ပိုင်လီယွီဖုန်းက ဖန်ရွှီဟွိုင် ကို သတ်လိုက်လျှင်ပင် နတ်ဆိုးမျိုးနွယ်က ဤကိစ္စကို အကြီးကြီး ဖြစ်အောင် လုပ်လိမ့်မည် မဟုတ်ပေ။
ဝူမီးတောက်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဖလှယ်ပြီးနောက် သူတို့သည် မြောက်ဘက် နယ်နိမိတ်ချောက်နက်ကို စတင် ရှာဖွေကြလေသည်။
‘ပိုင်လီယွီဖုန်းက အဆင့် (၆) ဆေးပညာရှင် ဖြစ်လို့ မီးတောက်ကို ထိန်းချုပ်ရာမှာ ငါ့ထက် သာတယ်... ပြီးတော့ သူ့အစွမ်းကလည်း ငါ့ထက် ကြီးတယ်... ဝူမီးတောက်ကို ရှာတွေ့ရင်တောင် ငါ သူ့ဆီက လုယူနိုင်မှာ မဟုတ်ဘူး... သူနဲ့ ပူးပေါင်းတယ် ဆိုတာက သူ့ကို ကူရှာပေးနေသလို ဖြစ်နေတာပဲ... ဟွန်း... မင်း အောင်မြင်ပါစေလို့ ငါ ဆုတောင်းမပေးနိုင်ဘူးကွာ...’
ဖန်ရွှီဟွိုင် သည် တစ်ယောက်တည်း ရှာဖွေရင်း မကျေမနပ် တွေးတောနေမိသည်။
ဝူမီးတောက်သည် ရှေးဦး ကမ္ဘာဦး ခေတ်မှ အစွမ်းအထက်ဆုံး မီးတောက်ဖြစ်ပြီး လူတိုင်း လိုချင်တပ်မက်သော ရတနာဖြစ်သည်။ ဘယ်သူကများ မလိုချင်ဘဲ နေမည်နည်း။
ပိုင်လီယွီဖုန်းက ဝူမီးတောက်ကို လိုချင်သလို ဖန်ရွှီဟွိုင် ကလည်း လိုချင်၏။
ထို့ကြောင့် သတင်းအချက်အလက် ဖလှယ်ရာတွင် နှစ်ဖက်စလုံးက အချက်အလက် အချို့ကို ချန်လှပ်ထားခဲ့ကြသည်မှာ သေချာသည်။
“ရွှီး...”
နက်ရှိုင်းသော တောင်တန်းများမှ ထိုးထွက်နေသော မြင့်မားသည့် ကျောက်ကမ်းပါး ထိပ်တစ်ခုပေါ်တွင် ပိုင်လီယွီဖုန်း ရုတ်တရက် ပေါ်လာသည်။ သူသည် တောင်ထိပ်ပေါင်းများစွာကို ရှာဖွေခဲ့ပြီးသော်လည်း သဲလွန်စ တစ်ခုမျှ မရရှိခဲ့ပေ။
“ဝူမီးတောက်က လောကမှာ အစွမ်းအထက်ဆုံးလို့ တင်စားကြတဲ့ ရှေးဦး မီးတောက်ပဲ... တကယ်လို့ သူသာ ဒီ မြောက်ဘက် နယ်နိမိတ်ချောက်နက်ထဲမှာ ရှိနေရင်... ငါ ဘာလို့ မီးဓာတ် စွမ်းအင် အငွေ့အသက်လေးတောင် အာရုံခံမရ ဖြစ်နေရတာလဲ... အပူချိန် အပြောင်းအလဲလေးတောင် မရှိဘူး...”
ပိုင်လီယွီဖုန်း စိတ်ရှုပ်ထွေးစွာ တွေးတောနေမိသည်။
လက်ထဲမှ အနက်ရောင် ကျောက်တုံးကို ကြည့်ရင်း သူ တီးတိုး ရေရွတ်လိုက်၏။
“ဝူမီးတောက်ကို ရှာရတာ လွယ်တဲ့ ကိစ္စ မဟုတ်ဘူးပဲ... နတ်ဆိုးမျိုးနွယ်က နှစ်ပေါင်းများစွာ ရှာတာတောင် သဲလွန်စ မတွေ့ခဲ့ဘူး... တခြားလူများ အရင် ရသွားကြပြီလား... ဒါမှမဟုတ် ချိပ်ပိတ်ခံထားရတာများလား...”
မြောက်ဘက် နယ်နိမိတ်ချောက်နက်သည် သက်ရှိဟူ၍ လုံးဝ မရှိဘဲ သဲလွန်စလည်း မပေးသဖြင့် ရှာဖွေရသည်မှာ ပိုမို ခက်ခဲစေသည်မှာ အမှန်ပင်။