အခန်း (၆၁၀-၆၁၂)
Vol. 41 Ch. 610-612
အခန်း (၆၁၀) - နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်၏ တိုက်ခိုက်မှု
~နဂါးနတ်ဘုရား နန်းတော်...
နန်းတော်အထက် ကောင်းကင်ယံတွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး အားပြင်းသည့် အရှိန်အဝါတစ်ခုသည် နဂါးနတ်ဘုရား နန်းတော်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားလေသည်။
ထိုဧည့်သည်မှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ထျန်းကျီဘုံ ပဉ္စမအလွှာသို့ ရောက်ရှိနေသူ ဖြစ်သည်။ သူ၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလှပေသည်။
“ဟွန်း...”
နဂါးနတ်ဘုရား နန်းတော်ကြီးကို တစ်ချက် ဝေ့ဝဲကြည့်လိုက်ရာ ကျယ်ပြောလှသော နန်းတော်အတွင်းတွင် လူတစ်ယောက်မှ မတွေ့ရသဖြင့် ထိုသူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
“ရွှီး... ရွှီး...”
နဂါးနတ်ဘုရား နန်းတော် ခန်းမဆောင်ကြီး၏ အပြင်ဘက်သို့ လူရိပ်နှစ်ခု ရိပ်ခနဲ ရောက်ရှိလာကြ၏။
ထိုသူနှစ်ဦးမှာ ဆေးပညာရှင်များ ဖြစ်ကြသော ဟန်ခွန်း နှင့် ချိုရွှေရှန်း တို့ပင်။
“ထျန်းဟယ်... နတ်ဘုရား ဘုရင် နန်းတော်က ပညာရှင်ကြီးပါလား...”
ဟန်ခွန်း မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။ ရောက်လာသူမှာ နတ်ဘုရား ဘုရင် နန်းတော်မှ အစွမ်းထက် ပညာရှင်တစ်ဦး ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူ မှတ်မိလိုက်၏။
“လာရင်းကိစ္စ မကောင်းဘူး...”
ချိုရွှေရှန်း က လေးနက်စွာ ပြောလိုက်၏။
“ဒုတိယ နန်းတော်သခင်လေး... နဂါးနတ်ဘုရား နန်းတော်မှာ ဟန်ခွန်းနဲ့ အဘိုးအိုတစ်ယောက်ပဲ ရှိပါတယ်... ကျန်တဲ့လူတွေ ဘယ်ရောက်နေလဲ မသိရသလို သူတို့ရဲ့ အရှိန်အဝါကိုလည်း အာရုံခံလို့ မရပါဘူး...”
ထျန်းဟယ် သည် စိတ်ချင်းဆက်သွယ်ပြီး အစီရင်ခံလိုက်၏။
“နဂါးနတ်ဘုရား နန်းတော်ကို စောင့်ကြည့်ထား... ဖုန်းဝူချန် ဆိုတဲ့ကောင်လေး ဘယ်အချိန်ဖြစ်ဖြစ် ပေါ်လာလိမ့်မယ်... အခွင့်အရေးရတာနဲ့ သူ့ကို ဖမ်းခဲ့...”
လိန်ဟွန်း ၏ အသံသည် ထျန်းဟယ် ၏ စိတ်အာရုံထဲသို့ ရောက်ရှိလာသည်။
ထျန်းဟယ် ပြန်လည် ဖြေကြားပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ထျန်းဟယ် သည် နဂါးနတ်ဘုရား နန်းတော်ကို တစ်ချက်သာ ကြည့်ပြီး ပြန်ထွက်သွားသဖြင့် ဟန်ခွန်း နှင့် ချိုရွှေရှန်း တို့မှာ ကြောင်အသွားကြ၏။ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သူတို့ နားမလည်နိုင် ဖြစ်နေကြ၏။
“ကြည့်ရတာ နတ်ဘုရား ဘုရင် နန်းတော်က ဒီကိစ္စကို လွယ်လွယ်နဲ့ လက်လျှော့မယ့်ပုံ မပေါ်ဘူး...”
ဟန်ခွန်း သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ သူ့စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေသလို စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်နေသည်။
“ထျန်းဟယ် က ဘာလို့ ဒီလို လာလုပ်ပြနေတာလဲ...”
ဟု ချိုရွှေရှန်း က မေးလိုက်၏။
ဟန်ခွန်းလည်း ခေါင်းခပြါလိုက်သည်။ သူလည်း အဖြေမရှိပေ။
အခြားသော အင်အားကြီးဂိုဏ်း တစ်ခုခုသာဆိုလျှင် ဟန်ခွန်း ကြောက်ရွံ့နေမိမည် မဟုတ်ပေ။ သို့သော် နတ်ဘုရား ဘုရင် နန်းတော် ဆိုသည်မှာ သူ အလွန် တုန်လှုပ်ရသော အင်အားစု ဖြစ်နေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် လဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီတည်း။
ကိုးထပ် ချန်ခွင်း မျှော်စင် အတွင်း၌ လေ့ကျင့်နေသော စစ်သည်များသည် နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်၏ သွေးစွမ်းအင် အဆီအနှစ်နှင့် ကောင်းကင်ဘဏ္ဍာများ၏ အကူအညီကြောင့် လျင်မြန်စွာ တိုးတက်လာခဲ့ကြ၏။
ဖုန်းကျန့်ရှုံး နှင့် ရှောင်ချင်းချင်း တို့သည်လည်း ထို့အတူပင်။ ဤမျှ အားပြင်းသည့် ကျင့်ကြံနှုန်းဖြင့် မကြာမီ ကောင်းကင်ဘုံလူသား အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ရန် မျှော်လင့်ချက် ရှိလာပေတော့မည်။
သတ္တမမြောက် အထပ်တွင် ကျင့်ကြံနေသော ဖုန်းဝူချန် အဖို့မူ အချိန်ကာလသည် တစ်လခန့် ရှိပြီ ဖြစ်သည်။ သူသည် ဝါးမြိုထားသော သွေးစွမ်းအင် အဆီအနှစ်များကို အပြည့်အဝ သန့်စင်ပြီး ဖြစ်သော်လည်း ကောင်းကင်ဘုံလူသား အဆင့် (၇) သို့ ရောက်ရှိရန် ခြေတစ်လှမ်းခန့် လိုနေသေးသည်။
ထို ခြေတစ်လှမ်း ဆိုသည်မှာ ဖုန်းဝူချန်အတွက် အချိန်ကာလ အနည်းငယ်သာ လိုအပ်ပေသည်။
ဖုန်းဝူချန် မျက်လုံးများကို ဖွင့်လိုက်ပြီး အကြောဆန့်လိုက်ရာ ကိုယ်ခန္ဓာမှ အရိုးအဆစ် မြည်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သူသည် သက်သောင့်သက်သာ ညည်းတွားလိုက်၏။
“နည်းနည်းလေးပဲ လိုတော့တာ... နှမြောစရာပဲကွာ... ဒါပေမဲ့ ကိစ္စမရှိပါဘူး... နောက်ထပ် (၃) ရက် (၅) ရက်လောက်ဆိုရင် အဆင့်တက်နိုင်လောက်ပါတယ်...”
ဖုန်းဝူချန် တီးတိုး ရေရွတ်လိုက်၏။
ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ အဆင့်တက်ရန် လိုအပ်သော စွမ်းအင် ပမာဏသည်လည်း ပိုမို ကြီးမားလာသလို လိုအပ်သော အချိန်ကာလသည်လည်း ပိုမို ကြာမြင့်လာပေသည်။
မတတ်သာသည့်အဆုံး ခေါင်းခါလိုက်ရင်း ဖုန်းဝူချန်သည် ကိုးထပ် ချန်ခွင်း မျှော်စင်ထဲမှ ထွက်ခွာလာခဲ့သည်။
အဆင့်တက်ရန် သိပ်မလိုတော့သဖြင့် ဖုန်းဝူချန် အလျင်လိုမနေတော့ပေ။
“နန်းတော်သခင် ထွက်လာပြီလား...”
ဟန်ခွန်း နှင့် ချိုရွှေရှန်း တို့က လေးစားစွာ နှုတ်ဆက်လိုက်ကြ၏။
“ခင်ဗျားတို့နှစ်ယောက် ကြည့်ရတာ ပြာပြာသလဲ ဖြစ်နေပါလား... ဘာဖြစ်လို့လဲဗျ...”
သူတို့၏ စိုးရိမ်နေသော မျက်နှာထားများကို ကြည့်ပြီး ဖုန်းဝူချန် မေးလိုက်၏။
“နန်းတော်သခင်ကို တင်ပြပါရစေ... လွန်ခဲ့တဲ့ လဝက်လောက်ကတည်းက နတ်ဘုရား ဘုရင် နန်းတော်က ထျန်းဟယ် ဆိုတဲ့လူဟာ နဂါးနတ်ဘုရား နန်းတော်ကို ရက်ပိုင်းခြားတစ်ခါ လာလာကြည့်နေပါတယ်... သူက ဘာမှတော့ မလုပ်ပါဘူး... ဒီအတိုင်း လာကြည့်ပြီး ပြန်ပြန်သွားတာပါ... ကျွန်တော် ထင်တာကတော့ သူ နန်းတော်သခင် ထွက်လာမှာကို စောင့်နေတာ ဖြစ်မယ်...”
ဟန်ခွန်း က အလျင်အမြန် ရှင်းပြလိုက်၏။
“ထျန်းဟယ် ဟုတ်လား...”
ဖုန်းဝူချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
“သူက နတ်ဘုရား ဘုရင် နန်းတော်က လိန်ဟွန်း ရဲ့ လက်ရုံးပါ... ထျန်းကျီဘုံ ပဉ္စမအလွှာ ရှိပါတယ်...”
ဟန်ခွန်း က ဖြည့်စွက် ပြောပြလာသည်။
“သြော်... သိပြီ...”
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ခန်းမဆောင်ကြီး အတွင်းသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။ သူ့ပုံစံက ဂရုမစိုက်သည့်ပုံပင်။
ဟန်ခွန်း နှင့် ချိုရွှေရှန်း တို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ နှစ်ယောက်စလုံး၏ မျက်လုံးထဲတွင် အံ့သြမှုများ ရှိနေကြသော်လည်း ဘာမှ မပြောကြပေ။
ခန်းမဆောင်ကြီးထဲတွင် ဖုန်းဝူချန်သည် မြေပုံတစ်ခုကို ထုတ်ပြီး ဖြန့်ခင်းလိုက်၏။
“အချိန် စွမ်းအား ရှိတဲ့နေရာက မြောက်ဘက် ဆန်းကြယ် နယ်မြေ မှာ ရှိတာ... ဝူကျိနယ်မြေနဲ့ အရမ်းဝေးလွန်းတယ်... လောလောဆယ် ထည့်တွက်လို့ မရသေးဘူး... အခု သိထားတာက မြောက်ဘက် နယ်နိမိတ်ချောက်နက် တစ်ခုပဲ ရှိတယ်...”
မြေပုံကို ကြည့်ရင်း ဖုန်းဝူချန် တီးတိုး ရေရွတ်လိုက်၏။
ဖုန်းဝူချန်၏ စိတ်အာရုံ တစ်ခုလုံးသည် ရှေးဦး ကမ္ဘာဦး စွမ်းအားများနှင့် ဝူမီးတောက်ကို ရှာဖွေချင်စိတ်ဖြင့် ပြည့်နှက်နေသည်။
ဖုန်းဝူချန်သည် ရှေးဦး ကမ္ဘာဦး စွမ်းအား (၂) မျိုးကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ နောက်ထပ် (၈) မျိုးသာ လိုတော့သည်။
“မြောက်ဘက် နယ်နိမိတ်ချောက်နက်ထဲမှာ ဝူမီးတောက်က တကယ်ရော ရှိပါ့မလား...”
ဖုန်းဝူချန်၏ မျက်လုံးများတွင် ပြင်းပြသော ဆန္ဒများ တောက်လောင်နေသည်။ မြောက်ဘက် နယ်နိမိတ်ချောက်နက်ဆီသို့ အခုချက်ချင်း မသွားနိုင်သည်ကိုပင် မကျေမနပ် ဖြစ်နေမိ၏။
သို့သော် လင်ရှောင်ရှောင် နှင့် အခြားသူများမှာ တံခါးပိတ် ကျင့်ကြံရာမှ မထွက်လာကြသေးသဖြင့် ဖုန်းဝူချန် တစ်ယောက်တည်း သွားမည် မဟုတ်ပေ။
အန္တရာယ် များလွန်းသည်။ ဝူမီးတောက်ကို မျက်စိကျနေသော ကြောက်မက်ဖွယ် အင်အားစုများ မည်မျှ ရှိနေမည်ကို မည်သူ သိနိုင်ပါမည်နည်း။
“ဟို လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတွေလည်း လိုက်ရှာနေကြမှာ သေချာတယ်...”
ဖုန်းဝူချန် စိတ်ပူပန်စွာ ရေရွတ်လိုက်၏။ ရှေးဦး ကမ္ဘာဦး စွမ်းအားများနှင့် ဝူမီးတောက်ကို ရယူရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ကြောင်း သူ သိထားသည်။
“ကိုးထပ် ချန်ခွင်း နတ်ဘုရား သတ်ဖြတ်ခြင်း အခင်းအကျင်း... ပွင့်စမ်း...”
ရုတ်တရက် ခန်းမဆောင် အပြင်ဘက်မှ ဟန်ခွန်း ၏ အောင်မြင်သော အော်ဟစ်သံ ထွက်ပေါ်လာသည်။
“နန်းတော်သခင်... နန်းတော်သခင်... ထျန်းဟယ် ရောက်လာပါပြီ...”
ထိုအချိန်တွင် ချိုရွှေရှန်း သည် ခန်းမဆောင်ထဲသို့ ထိတ်လန့်တကြား ပြေးဝင်လာသည်။ သူ့မျက်နှာမှာ ဖြူဖျော့နေ၏။
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။ သူ့မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။
မြေပုံကို သိမ်းဆည်းလိုက်ပြီးနောက် သူသည် ခန်းမဆောင် အပြင်ဘက်သို့ ထွက်လာခဲ့သည်။
“မင်းတို့က ငါ့ကို ခုခံနိုင်မယ်များ ထင်နေကြတာလား...”
ထျန်းဟယ် က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။ သူ၏ မောက်မာမှုသည် ဟန်ဆောင်ထားခြင်း မဟုတ်ဘဲ မွေးရာပါ ပင်ကိုယ်စရိုက်ကဲ့သို့ ဖြစ်နေသည်။
“ဝူး... ဝူး...”
ထျန်းကျီဘုံ ပဉ္စမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများသည် လေထုထဲတွင် ချက်ချင်း ရိုက်ခတ်သွားသည်။ ကြီးမားသော အရှိန်အဝါများ လှိုင်းထလာပြီး အစစ်အမှန် ယွမ်စွမ်းအားများသည် အလွန်တရာ ခမ်းနားကြီးကျယ်ပြီး ကြမ်းတမ်းလှသည်။ ကိုက်ရာပေါင်းများစွာ ရှိသော နေရာလပ်ကြီးသည် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာတော့သည်။
ထျန်းကျီဘုံ ပဉ္စမအလွှာသာ ရှိသော်လည်း ထျန်းဟယ် ၏ အရှိန်အဝါသည် ဆဋ္ဌမအလွှာနှင့်ပင် ယှဉ်နိုင်နေသည်။
“ဘယ်သူက ပြောလဲ... ခင်ဗျားက နဂါးနတ်ဘုရား နန်းတော်ရဲ့ အခင်းအကျင်းကြီးကို ဖြိုခွင်းနိုင်တယ်လို့...”
ဖုန်းဝူချန်၏ အသံသည် ခန်းမဆောင်ထဲမှ ထွက်လာသည်နှင့် တပြိုင်နက် ထွက်ပေါ်လာသည်။
ကမ္ဘာပျက် စွမ်းအားကို စုစည်းလိုက်ပြီး ထိုလွှမ်းမိုးနိုင်စွမ်း ရှိသော စွမ်းအားများကို အခင်းအကျင်းထဲသို့ ထည့်သွင်းကာ သူကိုယ်တိုင် အခင်းအကျင်းကို ထိန်းချုပ်လိုက်၏။
“ဘုန်း...”
“ဝူး... ဝူး...”
ထျန်းဟယ် သည် ဖုန်းဝူချန်ကို ဂရုမစိုက်သလို တစ်ချက်သာ ကြည့်လိုက်ပြီး စကားတစ်ခွန်းမှ မဆိုဘဲ လက်ဝါးကို ရိုက်ချလိုက်၏။ ဧရာမ လက်ဝါးရာကြီးသည် အခင်းအကျင်းကို ဝင်ဆောင့်လိုက်သည်။ ပေါက်ကွဲသံသည် နားကွဲမတတ် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အခင်းအကျင်းကြီးသည် ပြင်းထန်စွာ တုန်ခါသွားကာ အက်ကွဲကြောင်းများ ဆက်တိုက်.. ဖြစ်ပေါ်လာတော့သည်။
ထျန်းဟယ် ၏ စွမ်းအား မည်မျှ ကြောက်စရာ ကောင်းကြောင်း ဤလက်ဝါးချက် တစ်ချက်တည်းနှင့်ပင် သိသာလှပေသည်။
“အခင်းအကျင်းက ခံနိုင်မှာ မဟုတ်တော့ဘူး...”
ဟန်ခွန်း ၏ အိုမင်းသော မျက်နှာသည် အလွန် လေးနက်နေပြီး သူ၏ အစစ်အမှန် ယွမ်စွမ်းအား အကုန်လုံးကို အခင်းအကျင်းထဲသို့ အသည်းအသန် ထည့်သွင်းလိုက်၏။
သို့သော် ဟန်ခွန်း ၏ စွမ်းအားသည် သမုဒ္ဒရာထဲ ရေတစ်စက် ကျသကဲ့သို့ မပြောပလောက်ပေ။
“ဝူး... ဝူး...”
ဖုန်းဝူချန်သည် အထွတ်အထိပ် ရုပ်ခန္ဓာ ဒုတိယအဆင့် စွမ်းအားကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး ချီလင် ချပ်ဝတ်နှင့် လက်အိတ်တို့ကို ဆင့်ခေါ်လိုက်၏။ သူ၏ အရှိန်အဝါသည် ရူးသွပ်ဖွယ် ကောင်းလောက်အောင် မြင့်တက်သွားပြီး ကောင်းကင်ဘုံလူသား အဆင့် (၆) အထွတ်အထိပ်မှ အဆင့် (၉) အထွတ်အထိပ်သို့ တန်းတန်းမတ်မတ် ထိုးတက်သွားတော့သည်။
ဖုန်းဝူချန်၏ စွမ်းအားများ မြင့်တက်လာသည်နှင့်အမျှ အခင်းအကျင်းသည် ပိုမိုကြီးမားသော အထောက်အပံ့ကို ရရှိသွားပြီး ဖြစ်ပေါ်နေသော အက်ကွဲကြောင်းများ လုံးဝ ပျောက်ကွယ်သွားလေသည်။
“အဆင့် (၃) ဆင့်တောင် တက်သွားတာလား... အခင်းအကျင်းရဲ့ စွမ်းအားက ထျန်းကျီဘုံ ဆဋ္ဌမအလွှာရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည် ရှိနေပြီပဲ...”
ထျန်းဟယ် သည် ဖုန်းဝူချန်ကို ကြည့်ရင်း အံ့သြမှင်သက်သွားသည်။
“နဂါးနတ်ဘုရား နန်းတော်ရဲ့ အခင်းအကျင်းကြီးကို လျှော့မတွက်နဲ့...”
ဖုန်းဝူချန်သည် ယုံကြည်မှု အပြည့်ရှိနေသည်။ သူကိုယ်တိုင် တည်ဆောက်ထားသော အခင်းအကျင်း၏ စွမ်းအားကို သူ အသိဆုံးပင်။
“ကောင်လေး... နဂါးနတ်ဘုရား နန်းတော်ရဲ့ အခင်းအကျင်းက တကယ်ပဲ အဲ့ဒီလောက် စွမ်းလို့လား...”
ထိုစဉ်မှာပင် ဖုန်းဝူချန် အလွန် ရင်းနှီးပြီး ထိတ်လန့်သွားစေသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ဘုန်း...”
“အ... အ...”
“ကျွီ...”
စကားဆုံးသည်နှင့် တပြိုင်နက် ကမ္ဘာပျက်မတတ် ပေါက်ကွဲသံကြီး ရုတ်တရက် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုသည် အခင်းအကျင်းကို ရိုက်ခတ်လိုက်ရာ ဖုန်းဝူချန်နှင့် ဟန်ခွန်း တို့မှာ နေရာမှာတင် သွေးအန်ထွက်သွားကြ၏။ အခင်းအကျင်းကြီးသည် တစ်ချက်တည်းနှင့်ပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။
အခင်းအကျင်းကို အပြည့်အဝ ထိန်းချုပ်ထားသော ဖုန်းဝူချန်သည် အခင်းအကျင်း ပျက်စီးသွားသည့် ခဏ၌ ပြင်းထန်သော ဒဏ်ရာကို ရရှိသွားလေသည်။
“သူပဲ...”
ဖုန်းဝူချန်၏ မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖျော့သွားပြီး ကြည့်ရဆိုးသွားသည်။
“နတ်ဘုရား အသွင်ပြောင်းဘုံ...”
ထျန်းဟယ် ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။
အခန်း (၆၁၁) - ကံကြမ္မာ သခင်မ
~နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်များသည် မိုးမြေကို ဖျက်ဆီးနိုင်စွမ်း ရှိကြပြီး ဤတိုက်ကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။
နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် တစ်ဦး၏ ရှေ့မှောက်တွင် အခြားသူအားလုံးသည် ပုရွက်ဆိတ်ကလေးများ သဖွယ်သာ ဖြစ်ချေသည်။
“ကောင်လေး... ငါတို့ ပြန်တွေ့ကြပြန်ပြီ...”
လူလတ်ပိုင်းအရွယ် အမျိုးသားကြီး တစ်ဦးသည် နဂါးနတ်ဘုရား နန်းတော် အထက် ကောင်းကင်ယံတွင် ပေါ်လာပြီး ရက်စက်သော မျက်လုံးများဖြင့် ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း ပြောလိုက်၏။
ဖုန်းဝူချန်၏ မျက်နှာထားသည် အလွန်အမင်း သုန်မှုန်သွားပြီး ဆေးလုံးတစ်လုံးကို အားယူကာ ထုတ်ယူ မျိုချလိုက်၏။
ရောက်လာသူသည် ဖုန်းဝူချန်နှင့် ယန်ဟွမ် သဲကန္တာရတွင် တွေ့ဆုံခဲ့ဖူးသော နတ်ဆိုးမျိုးနွယ်မှ ပုဂ္ဂိုလ်ကြီးပင် ဖြစ်သည်။
“နန်းတော်သခင်... အဆင်ပြေရဲ့လား...”
ဟန်ခွန်း က စိုးရိမ်တကြီး မေးလိုက်၏။ သူ၏ မျက်နှာပေါ်တွင် အလွန်အမင်း ကြောက်ရွံ့ခြင်းများ ပြည့်နှက်နေ၏။
နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်တစ်ဦး၏ ရှေ့မှောက်တွင် အဆင့် (၆) ဆေးပညာရှင် တစ်ဦးသည် ဘာမှမဟုတ်ပေ။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက စိတ်ထင်တိုင်း သတ်ဖြတ်နိုင်စွမ်း ရှိသည်။
ဖုန်းဝူချန်က ခေါင်းကို မနည်းခါလိုက်ပြီး...
“ငါ... ငါ ဘာမှမဖြစ်ပါဘူး...”
ပြောရင်းဖြင့် ဖုန်းဝူချန်သည် အင်မော်တယ် လက်နက် စံအိမ် တံဆိပ်ပြားကို ထုတ်ယူကာ စံအိမ်မှ ပညာရှင်များကို ဆင့်ခေါ်ရန် ပြင်လိုက်၏။
သို့သော် နတ်ဆိုးမျိုးနွယ်မှ ပညာရှင်ကြီးက သူ့ကို အခွင့်အရေး မပေးခဲ့ပေ။
လေထဲသို့ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အားပြင်းသည့် စွမ်းအားတစ်ခုသည် ဖုန်းဝူချန်ကို ချက်ချင်း ချုပ်နှောင်လိုက်ပြီး လက်ထဲမှ တံဆိပ်ပြားကို လွတ်ကျသွားစေသည်။
“နန်းတော်သခင်...”
ဟန်ခွန်း နှင့် ချိုရွှေရှန်း တို့၏ မျက်နှာထားများ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြ၏။
“ဒီကို မလာကြနဲ့...”
ဖုန်းဝူချန်က အော်ဟစ် တားဆီးလိုက်၏။
“မင်းမှာ ဘာဉာဏ်နီဉာဏ်နက်တွေ ကျန်သေးလဲ ကြည့်ရသေးတာပေါ့...”
နတ်ဆိုးမျိုးနွယ် ပညာရှင်ကြီးက လှောင်ပြောင်လိုက်၏။
သူ၏ ရက်စက်သော အကြည့်များက ထျန်းဟယ် ဆီသို့ ရောက်သွားသည်။ ထျန်းဟယ် မှာ ကြောက်လွန်းသဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။ ဝိညာဉ်လိပ်ပြာ လွင့်မတတ် ခံစားနေရ၏။
“မသေချင်ရင် ထွက်သွားစမ်း...”
နတ်ဆိုးမျိုးနွယ် ပညာရှင်ကြီးက အေးစက်စွာ ပြောလိုက်၏။
“ဂလု...”
ထျန်းဟယ် သည် အလွန်အမင်း ကြောက်ရွံ့စွာဖြင့် တံတွေးတစ်ချက် မျိုချလိုက်ပြီး တစ်ခဏမျှပင် တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ တစ်စက္ကန့်လောက် နောက်ကျသွားလျှင် တစ်ဖက်လူ စိတ်ပြောင်းသွားမှာကို စိုးရိမ်နေသည့်အလား...
“ကောင်လေး... သဲကန္တာရတုန်းက မင်း ငါ့ကို ကစားခဲ့တယ်နော်... အဲ့ဒီတုန်းကတည်းက မင်းကို သတ်ပစ်ခဲ့သင့်တာ... ဒါပေမဲ့ မင်း ကံကောင်းပါတယ်... ငါတို့ နတ်ဆိုးမျိုးနွယ် ခေါင်းဆောင်ကြီးက မင်းနဲ့ တွေ့ချင်နေတယ်...”
နတ်ဆိုးမျိုးနွယ် ပညာရှင်ကြီးက အေးစက်စွာ ရယ်မောလိုက်၏။ ရုတ်တရက်၊ သူ့လက်ကို ကုတ်ကွေးလိုက်ပြီး ဖုန်းဝူချန်ကို လေထဲသို့ ဆွဲတင်လိုက်ကာ ခေါ်ဆောင်သွားရန် ပြင်လိုက်တော့၏။
သို့သော် သူ့စကားဆုံးသည်နှင့် တပြိုင်နက် နတ်ဆိုးမျိုးနွယ် ပညာရှင်ကြီး၏ မျက်နှာထား ရုတ်တရက် တင်းမာသွားပြီး လေထုထဲသို့ ချက်ချင်း လှည့်ကြည့်လိုက်၏။
လေထုထဲမှ အလွန် အားပြင်းသည့် လွှမ်းမိုးမှု အရှိန်အဝါတစ်ခု ဆင်းသက်လာသည်။ ထိုအရှိန်အဝါ၏ ကြီးမားမှုသည် နတ်ဆိုးမျိုးနွယ် ပညာရှင်ကြီးကိုပင် လေးနက်သွားစေသည်။
“ယင်ယန် မိသားစုရဲ့ ဒုတိယ သခင်လေး...”
နတ်ဆိုးမျိုးနွယ် ပညာရှင်ကြီး မျက်မှောင်ကြုတ်လိုက်၏။
နဂါးနတ်ဘုရား နန်းတော်အထက် ကောင်းကင်ယံတွင် အရပ်ပုပု လူငယ်တစ်ယောက် ဘယ်နေရာက ရောက်လာမှန်းမသိ ပေါ်လာသည်။
ထိုလူငယ်သည် အရပ် တစ်မီတာ ခြောက်ဆယ်ခန့်သာ ရှိပြီး တန်ဖိုးကြီးသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ကလေးဆန်သော မျက်နှာပေါက် ရှိသော်လည်း ရုပ်ရည်ချောမောသည်။
သူ့ကို မသိသူများ အနေဖြင့် ကလေးတစ်ယောက်ဟုသာ ထင်မှတ်ကြပေလိမ့်မည်။
သို့သော် သူ့ကို သိသူများ အဖို့မူ ထိုမြင်ကွင်းသည် ဝိညာဉ်လိပ်ပြာ လွင့်မတတ် ကြောက်စရာကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယင်ယန် မိသားစု၏ ဒုတိယ သခင်လေး ဖြစ်ပြီး နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာသို့ ရောက်ရှိနေသော ကြောက်မက်ဖွယ် ပညာရှင်ကြီး ဖြစ်နေသောကြောင့်ပင်။
“သူ့ရဲ့ အရှိန်အဝါက ပိုတောင် ကြောက်စရာ ကောင်းနေပါလား...”
ဟန်ခွန်း တစ်ကိုယ်လုံး တုန်ယင်နေသည်။ ဤမျှ ကြောက်စရာကောင်းသော ပညာရှင်မျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
“ယင်ယန် မိသားစုရဲ့ ဒုတိယ သခင်လေး ဟုတ်လား...”
ဖုန်းဝူချန်က ထိုလူငယ်ကို လှမ်းကြည့်လိုက်၏။
နဂါးနတ်ဘုရား နန်းတော်သည် ယနေ့မှပင် အစည်ကားဆုံး ဖြစ်နေတော့သည်။ နတ်ဘုရား ဘုရင် နန်းတော်မှ ပညာရှင် ရောက်လာလိုက်... နတ်ဆိုးမျိုးနွယ်မှ လူ ရောက်လာလိုက်နှင့် ယခုဆိုလျှင် ယင်ယန် မိသားစု၏ ဒုတိယ သခင်လေး ဆိုသူပါ ရောက်လာခဲ့တော့၏။
“နတ်ဘုရား အသွင်ပြောင်းဘုံ တတိယအလွှာ... ဘယ်သူများလဲလို့... နတ်ဆိုးမျိုးနွယ်က အတုံးဆုံး ခေါင်းဆောင် ဖူရန် ဖြစ်နေတာကိုး...”
ဒုတိယ သခင်လေးက တည်ငြိမ်သော်လည်း ခြိမ်းခြောက်မှုပါသော အကြည့်ဖြင့် ပြောလိုက်၏။ သူ၏ အသံထဲတွင် အေးစက်သော မောက်မာမှုများ ပါဝင်နေသည်။
ထိုစကားကို ကြားသောအခါ ဖူရန် ၏ မျက်နှာသည် မည်းမှောင်သွားပြီး ရင်ထဲတွင် ဒေါသအိုး ပေါက်ကွဲမတတ် ဖြစ်သွားသော်လည်း ပြန်လည် တုံ့ပြန်ရဲခြင်း မရှိပေ။
အင်အားကွာခြားချက်က ကြီးမားလွန်းလှသည်။ ယင်ယန် မိသားစု၏ အဆင့်မြင့် ခေါင်းဆောင် တစ်ဦး ဖြစ်သော ဒုတိယ သခင်လေး၏ စွမ်းအားသည် ငြင်း၍ မရနိုင်အောင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
“ငါ ဘယ်လောက်ပဲ တုံးတုံး... မင်းလို နို့နံ့မစင်သေးတဲ့ ကလေးထက်တော့ သာပါသေးတယ်ကွာ...”
ဖူရန် က အံကြိတ်လိုက်၏။ သူ့မျက်နှာသည် ရက်စက်စွာ တွန့်လိမ်နေသည်။
ဖူရန် ၏ စကားကြောင့် ဒုတိယ သခင်လေး၏ မျက်နှာထားသည် ပိုမို အေးစက်သွားသည်။ ထိုအေးစက်မှုသည် လူတစ်ယောက်၏ နှလုံးသားကိုပင် တုန်ခါသွားစေနိုင်သည်။
သို့သော် ဒုတိယ သခင်လေးသည် ချက်ချင်း တိုက်ခိုက်ခြင်း မပြုဘဲ သည်းခံလိုက်၏။
“ကောင်လေး... မင်းက ဖုန်းဝူချန် ဆိုတာလား... ငါတို့ ယင်ယန် မိသားစုဝင်ကို သတ်ရဲတယ်ဆိုတော့ မင်းမှာ သတ္တိတော့ ရှိသားပဲ...”
ဒုတိယ သခင်လေးက အေးစက်စွာ ပြောလိုက်ပြီး ဖုန်းဝူချန်ကို စိုက်ကြည့်လိုက်သည်။
“မင်းက နဂါးမျိုးနွယ် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ငါ ဂရုမစိုက်ဘူး... နတ်ဘုရား လက်နက်ကို လွှဲပေးမယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်...”
“ဒါဆို သူ့ကို အရင် သတ်ပြလေ... မဟုတ်ရင် ခင်ဗျားကို ကျွန်တော် ဘယ်လို ယုံရမှာလဲ...”
ဖုန်းဝူချန်က မနည်း အားယူပြီး ပြောလိုက်၏။
“မင်းက ငါနဲ့ ဈေးဆစ်ဖို့ အဆင့်အတန်း မမီသေးဘူး...”
ဒုတိယ သခင်လေးက အေးစက်စွာ တုံ့ပြန်လိုက်၏။
“ဒါဆိုလည်း ခင်ဗျားတို့ဘာသာ ရှင်းကြလေ...”
ဖုန်းဝူချန်က ပခုံးတွန့်ပြရင်း ပြောလိုက်၏။ ဖြူဖျော့နေသော သူ့မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
“ဖူရန်... လူကို ထားခဲ့ပြီး မင်း ထွက်သွားတော့...”
ဒုတိယ သခင်လေးက အမိန့်ပေးသံဖြင့် ပြောလိုက်၏။ ခြိမ်းခြောက်မှုများလည်း ပါဝင်နေသည်။
ဖူရန် က ချက်ချင်း ငြင်းဆန်လိုက်၏။ ဖုန်းဝူချန်ကို မနည်း ဖမ်းမိထားရကာမှ ဘာကိစ္စ သူများလက်ထဲ ထည့်ပေးရမည်နည်း။
“စိတ်ကူးယဉ်မနေနဲ့...”
“မင်းက သေချင်နေတာပဲ...”
ဒုတိယ သခင်လေး မျက်မှောင်ကြုတ်လိုက်ပြီး အော်ဟစ်လိုက်၏။ အေးစက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော သတ်ဖြတ်လိုစိတ်များ ရူးသွပ်စွာ ဖြာထွက်လာတော့သည်။
ထိုသတ်ဖြတ်လိုစိတ်၏ အရှိန်အဝါကြောင့် အသက်ရှူရ ခက်ခဲလာသည်။
“နတ်ဆိုးမျိုးနွယ်က မင်းတို့ ယင်ယန် မိသားစုကို ကြောက်နေမယ် မထင်နဲ့... နတ်ဘုရား လက်နက်ကို လိုချင်ရင် ငါ့ကို အရင်သတ်လိုက်...”
ဖူရန် က ဒေါသတကြီး အော်ဟစ်လိုက်၏။ သူသည် မိုက်မဲပုံရသော်လည်း မည်သည့် အစွမ်းထက် ရန်သူကိုမျှ ကြောက်ရွံ့ခြင်း မရှိပေ။
“ကောင်းကင် နတ်ဘုရား သံကြိုး...”
ဖူရန် က အေးစက်စွာ အော်ဟစ်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် သံကြိုးတစ်ချောင်း ထွက်ပေါ်လာပြီး ဖုန်းဝူချန်ကို ချက်ချင်း ချည်နှောင်လိုက်၏။
“အဆင့်မြင့် အင်မော်တယ် လက်နက်...”
ဖုန်းဝူချန် စိတ်ထဲတွင် ချီးကျူးလိုက်မိသည်။ နတ်ဆိုးမျိုးနွယ်၏ အဆင့်မြင့် ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အတိုင်း လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အဆင့်မြင့် အင်မော်တယ် လက်နက်ကို ထုတ်သုံးနိုင်ပေသည်။
“ခင်ဗျား တကယ် တုံးတာပဲ... သူ့ကို မနိုင်မှန်းသိလျက်နဲ့ ကျွန်တော့်ကို ချည်နှောင်ထားတော့... ခင်ဗျားရဲ့ အင်မော်တယ် လက်နက်ကို သူ့လက်ထဲ အပ်လိုက်တာနဲ့ ဘာထူးလို့လဲ...”
ဖုန်းဝူချန်က လှောင်ပြောင်လိုက်၏။
“ပါးစပ်ပိတ်ထားစမ်း...”
ဖူရန် က ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုသည် ဖုန်းဝူချန်ကို ကာကွယ်ပေးလိုက်ပြီး နဂါးနတ်ဘုရား နန်းတော် ရင်ပြင်ပေါ်သို့ ပြန်လည် ပို့ဆောင်လိုက်၏။
ဖူရန် ၏ အရှိန်အဝါသည် ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာပြီး နတ်ဘုရား အသွင်ပြောင်းဘုံ တတိယအလွှာ၏ စွမ်းအားများကို အစွမ်းကုန် ပို့လွှတ်လိုက်လေသည်။
“ဝူး... ဝူး...”
အလွန်အမင်း အားပြင်းသည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး မျက်စိကျိန်းမတတ် အပြာရောင် အလင်းတန်းများ ဝင်းလက်သွားသည်။ ခဏအတွင်းမှာပင် ကိုက်ပေါင်း သောင်းချီရှိသော နေရာလပ်ကြီး ပြိုကျသွားပြီး နေ့ခင်းကြောင်တောင်မှ ချက်ချင်း အမှောင်တိကျသွားသည်။
ကိုက်ပေါင်း သောင်းချီ ပတ်လည်ရှိ မြေပြင်ကြီးသည် ပြင်းထန်စွာ တုန်ခါသွားသည်။
နဂါးနတ်ဘုရား နန်းတော်ကြီးသည် ကိုးထပ် ချန်ခွင်း မျှော်စင်၏ ကာကွယ်မှု ရှိနေသော်လည်း အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာပြီး ပြိုကျလုနီးပါး ဖြစ်သွားသည်။
“နန်းတော်ကြီး သွားပါပြီ...”
ချိုရွှေရှန်း သည် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ သူသည် ကြောက်လွန်းသဖြင့် မလှုပ်ရှားနိုင်တော့ပေ။
“ဟန်ခွန်း... ရှောင်ရှောင် ကို မြန်မြန်ခေါ်ပါ... နဂါးနတ်ဘုရား နန်းတော်ကို ကာကွယ်ကြ...”
ဖုန်းဝူချန်က အော်ဟစ် အမိန့်ပေးလိုက်၏။
နန်းတော်ကြီး မည်မျှပင် ခိုင်ခံ့ပါစေ... ဤမျှ အားပြင်းသည့် စွမ်းအားကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
ကြောက်မက်ဖွယ် စွမ်းအင်များသည် ဝူကျိနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံလုနီးပါး ဖြစ်သွားပြီး ကျင့်ကြံသူပေါင်းများစွာကို ဝိညာဉ်လိပ်ပြာ လွင့်မတတ် ခြောက်ခြားသွားစေသည်။
“နတ်ဘုရား အသွင်ပြောင်းဘုံ တတိယအလွှာ...”
အင်မော်တယ် လက်နက် စံအိမ် နန်းဆောင်ထဲတွင် ချီယွမ် သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“မကောင်းတော့ဘူး... ဆရာ.. အန္တရာယ် ရှိနေပြီ...”
“နတ်ဆိုးမျိုးနွယ်ရဲ့ အရှိန်အဝါပဲ...”
အင်မော်တယ် လက်နက် စံအိမ်၏ အစောင့်အရှောက် ပညာရှင်ကြီး၏ မျက်နှာထား ပြောင်းလဲသွားပြီး မျက်လုံးထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။
ထိုအချိန်တွင် ကျန်းမိသားစု နန်းဆောင်ထဲ၌ အဘိုးအို ကျန်းဝူဟန် နှင့် ခေါင်းဆောင် ကျန်းယွင်ထျန်း အပါအဝင် အဆင့်မြင့် ခေါင်းဆောင်များသည်လည်း ဤကြောက်မက်ဖွယ် စွမ်းအားကို အာရုံခံမိလိုက်ကြ၏။
“နတ်ဆိုးမျိုးနွယ်က ပညာရှင်ပဲ... ဒီစွမ်းအားက နဂါးနတ်ဘုရား နန်းတော်ဆီက လာတာ... ဆေးဧကရာဇ်နဲ့ လန်အာ တို့ အန္တရာယ် ရှိနေပြီ...”
ကျန်းဝူဟန် ထိတ်လန့်သွားပြီး နဂါးနတ်ဘုရား နန်းတော်သို့ ချက်ချင်း ပြေးထွက်သွားတော့သည်။
“နတ်ဘုရား အသွင်ပြောင်းဘုံ တတိယအလွှာ... ဒါ ပြဿနာကြီးပဲ...”
အကြီးအကဲ ကျန်းဝူဖုန်း နှင့် အခြားသူများသည်လည်း ချက်ချင်း ပျောက်ကွယ်သွားကြ၏။ သူတို့၏ မျက်နှာထားများ အလွန် လေးနက်နေကြ၏။
နတ်ဘုရား အသွင်ပြောင်းဘုံ တတိယအလွှာ၏ စွမ်းအားသည် ဝူကျိနယ်မြေရှိ ပညာရှင်အားလုံးကို တပ်လှန့်လိုက်သလို ဖြစ်သွားသည်။
သို့သော် ယင်ယန် မိသားစု၏ ဒုတိယ သခင်လေး မှာမူ မတုန်မလှုပ်ပင် ရှိနေသည်။
“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ...”
ဟု ဒုတိယ သခင်လေးက ခံစားချက်ကင်းမဲ့စွာ ကဲ့ရဲ့လိုက်၏။
ဖူရန် ၏ ကမ္ဘာပျက်မတတ် စွမ်းအားကို အနည်းငယ်မျှပင် ဂရုစိုက်ပုံ မရပေ။
အခန်း (၆၁၂) - ကြောက်မက်ဖွယ် ဒုတိယ သခင်လေး
~“လာစမ်း... တိုက်ကြမယ်...”
ဖူရန် သည် ကောင်းကင်ယံသို့ မော့ကြည့်ကာ ဒေါသတကြီး ဟစ်ကြွေးလိုက်၏။ သူ၏ တိုက်ခိုက်လိုစိတ်များ မိုးထိအောင် မြင့်တက်နေပြီး ရေစီးကမ်းပြိုအလား ကြီးမားသော အရှိန်အဝါများ လိမ့်တက်လာတော့သည်။
“ဘုန်း...”
ဖူရန် သည် ဦးစွာပထမ ရန်လိုစွာ စတင် တိုက်ခိုက်လိုက်၏။ လေထုကို ဆောင့်နင်းလိုက်ပြီး မိုးခြိမ်းသံကဲ့သို့ အော်ဟစ်ကာ မျက်စိတစ်မှိတ်အတွင်း အနားသို့ ကပ်သွားသည်။ သူဖြတ်သန်းသွားသော လမ်းကြောင်းတစ်လျှောက်တွင် ကြောက်မက်ဖွယ် လေပွေမုန်တိုင်းကြီး ကျန်ရစ်ခဲ့သည်။
လေပွေမုန်တိုင်း တစ်ခုသာ ဖြစ်သော်လည်း ထျန်းကျီဘုံ အဆင့် (၈) သို့မဟုတ် (၉) ရှိသော ပညာရှင် တစ်ဦးကို ချက်ချင်း သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။
ကောင်းကင်ယံသည် မည်းမှောင်သွားပြီး ကမ္ဘာပျက်မတတ် စွမ်းအင်များ ပြည့်နှက်နေ၏။ လောကကြီး အဆုံးသတ်တော့မည့်အလား ထင်မှတ်ရသည်။
အဝေးမှ လှမ်းကြည့်လျှင် နဂါးနတ်ဘုရား နန်းတော်အထက် ကောင်းကင်ယံသည် လုံးဝ အမှောင်ကျသွားသည်ကို မြင်တွေ့ရပေမည်။
“ဘုန်း...”
“ဝူး... ဝူး...”
ဖူရန် သည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး ဖျက်ဆီးအားပြင်းသော စွမ်းအင်များ ပါဝင်သည့် လက်သီးဖြင့် ဒုတိယ သခင်လေးဆီသို့ ရက်စက်စွာ ထိုးနှက်လိုက်၏။ ထိုအချိန်တွင် ဒုတိယ သခင်လေး၏ ရှေ့၌ တိတ်ဆိတ်ငြိမ်သက်ပြီး ကြီးမားကျယ်ပြန့်သော ယင်ယန် ပါ့ကွား ပုံရိပ် တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။
နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ လေထုနှင့် မြေပြင်ကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး ပေါက်ကွဲမှု ဗဟိုချက်သည် ဘာမျှ မကျန်အောင် ပျက်စီးသွားတော့သည်။
“ယင်ယန် ပါ့ကွား...”
ဖူရန် ၏ မျက်နှာထား မည်းမှောင်သွားသည်။
ဒီလက်သီးချက်မှာ ဖူရန် သည် ရှိသမျှ အားအကုန် ထုတ်သုံးထားခြင်း ဖြစ်သည်။
သို့သော် သူသည် ဒုတိယ သခင်လေးကို အနည်းငယ်မျှပင် တုန်လှုပ်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ သူ့ရှေ့ရှိ ပါ့ကွားပုံရိပ်သည်ပင်လျှင် ပျက်စီးမည့် အရိပ်အယောင် မပြချေ။
သန်မာလိုက်တာ... ယုံနိုင်စရာ မရှိလောက်အောင် သန်မာလွန်းသည်...။
“ဖူရန်... မင်းတို့ နတ်ဆိုးမျိုးနွယ်က ခေါင်းဆောင် နေရာ လုချင်လို့ နတ်ဘုရား လက်နက်ကို လိုက်ရှာနေတာ... ယင်ယန် မျိုးဆက်က မင်းတို့ နတ်ဆိုးမျိုးနွယ်ကို ဘယ်အချိန်မဆို ကူညီပေးနိုင်ရဲ့သားနဲ့... ဘာလို့ နတ်ဘုရား လက်နက်ကို ငါ့ဆီကနေ လုချင်နေရတာလဲ...”
ဒုတိယ သခင်လေးက အေးစက်သော လေသံဖြင့် မေးလိုက်၏။
“စကားများမနေနဲ့...”
ဖူရန် က ရက်စက်စွာ အော်ဟစ်လိုက်ပြီးနောက် ရူးသွပ်စွာ ဆက်လက် တိုက်ခိုက်လေတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
“ဝူး... ဝူး...”
လက်သီးချက်များ တစ်ချက်ပြီးတစ်ချက် ပါ့ကွားပုံရိပ်ကို ဝင်ဆောင့်နေကြ၏။ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေပြီး ဖျက်ဆီးအားပြင်းသော စွမ်းအင်များသည် အတားအဆီးမဲ့စွာ သောင်းကျန်းနေကြသဖြင့် လေထုကြီး ပျက်စီးနေရသည်။
သို့သော် ဖူရန် ဘယ်လိုပင် တိုက်ခိုက်ပါစေ... ဒုတိယ သခင်လေး၏ ယင်ယန် ပါ့ကွားကို ဖြိုခွင်းနိုင်ခြင်း မရှိပေ။
“အကြိမ် တစ်သန်းလောက် ထပ်စမ်းကြည့်ရင်လည်း ရလဒ်က အတူတူပဲ ဖြစ်နေမှာ... ငါ့ရဲ့ စွမ်းအားက မင်းထက် အများကြီး သာလွန်တယ်...”
ဒုတိယ သခင်လေးက ပြောလိုက်၏။ သူ့မျက်နှာပေါ်တွင် အထင်သေးသော အရိပ်အယောင်များ ပေါ်လာ၏။
ပြောရင်းဖြင့် ဒုတိယ သခင်လေးသည် လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး လက်ဖဝါးကို ဖူရန် ဘက်သို့ လှည့်လိုက်၏။ ကြောက်မက်ဖွယ် စွမ်းအင်များ ထိုနေရာတွင် စုစည်းလာပြီး မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းများ တောက်ပသွားသည်။
“မင်းကို နောက်ဆုံး အခွင့်အရေး ပေးမယ်... ထွက်သွားစမ်း...”
ဒုတိယ သခင်လေးက လေးနက်စွာ ပြောလိုက်၏။ သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သတ်ဖြတ်လိုစိတ်များ လှိုင်းထလာသည်။
“အရမ်း မောက်မာမနေနဲ့...”
ဖူရန် သည် မိုးခြိမ်းသံပမာ ဒေါသတကြီး ဟစ်ကြွေးလိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ် စွမ်းအင်များ ရူးသွပ်စွာ ပေါက်ကွဲထွက်လာတော့သည်။
ဖူရန် ၏ ခန္ဓာကိုယ် စတင် ပြောင်းလဲလာသည်။
သူ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ကြီးထွားလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပေပေါင်း (၁၀၀) ကျော် မြင့်မားသော ဧရာမ ဘီလူးကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
ဒါက ဘီလူးမျိုးနွယ် ရဲ့ မူလပုံစံအစစ်ပင်။
ဘီလူးမျိုးနွယ်၏ မူလပုံစံအဖြစ် ပြောင်းလဲလိုက်သောအခါ ဖူရန် ၏ အရှိန်အဝါသည် နတ်ဘုရား အသွင်ပြောင်းဘုံ စတုတ္ထအလွှာ အထွတ်အထိပ်သို့ ထိုးတက်သွားပြီး သူ၏ စွမ်းအားသည် ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။
“သေစမ်း...”
ဖူရန် အော်ဟစ်လိုက်ပြီး သူ၏ ဧရာမ လက်သီးကြီးဖြင့် ဒုတိယ သခင်လေးကို ထုချလိုက်၏။ မြင့်မားသော တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ အရှိန်အဟုန် ပြင်းထန်လှပြီး တိုက်ခိုက်မှုသည် ယုံနိုင်စရာမရှိလောက်အောင် ရက်စက်လှသည်။
“ပြိုင်ဘက် မဟုတ်မှန်း သိလျက်နဲ့ တိုက်ခိုက်နေသေးတယ်... အတုံးဆုံးလူပဲ...”
ဒုတိယ သခင်လေးသည် တုန်လှုပ်ခြင်း မရှိပေ။ သူ၏ လက်ကို ဓားပုံစံ လက်ညှိုးထောင်လိုက်ရာ အဖြူရောင် အလင်းတန်းများ စူးရှစွာ ပေါက်ကွဲထွက်လာသည်။ မည်းမှောင်နေသော နေရာလပ်ကြီးသည် ရုတ်တရက် လင်းထိန်သွားပြီး အသက်ရှူမှားလောက်အောင် အားပြင်းသည့် စွမ်းအင်များ ပြန့်ကားသွားတော့သည်။
“ကိုးပါး လည်ပတ် ကမ္ဘာဖျက် လက်ချောင်း...”
ဒုတိယ သခင်လေးက ခပ်တိုးတိုး ကြွေးကြော်လိုက်ပြီး ဓားပုံစံ လက်ညှိုးဖြင့် ရက်စက်စွာ ကျဆင်းလာသော ဧရာမ လက်သီးကြီးကို တန်းတန်းမတ်မတ် ထိုးလိုက်၏။
“ရွှီး...”
“အ...”
ဓားလက်ညှိုးနှင့် ဧရာမ လက်သီးကြီး ထိတွေ့လိုက်သည့် ခဏ၌ ဖျက်ဆီးအားပြင်းသော စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းသည် ဖူရန် ၏ ဧရာမ လက်သီးကြီးနှင့် ပခုံးတို့ကို ဖောက်ထွက်သွားတော့သည်။ ဖူရန် ပါးစပ်မှ သွေးများ အန်ထွက်လာပြီး ပြင်းထန်သော နာကျင်မှုကြောင့် သွေးပျက်ဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာကာ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီး နောက်သို့ လဲကျသွားလေသည်။
တည်ငြိမ်အေးဆေးနေသော ဒုတိယ သခင်လေး၏ လက်ညှိုးတစ်ချောင်းတည်းမှ ထွက်ပေါ်လာသော စွမ်းအားသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သိုင်းကွက် တစ်ကွက်တည်းဖြင့် နတ်ဘုရား အသွင်ပြောင်းဘုံ တတိယအလွှာ ပညာရှင်ကြီးကို အနိုင်ယူလိုက်ခြင်းပင်။
“ကိုယ့်သေတွင်း ကိုယ်တူးတာပဲ...”
ဒုတိယ သခင်လေးက အထင်သေးစွာ ပြောလိုက်၏။ ဖူရန် ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် သူ ဘယ်တုန်းကမှ သဘောမထားခဲ့ပေ။
“နတ်ဆိုးမျိုးနွယ်က ငါတို့ ယင်ယန် မိသားစုရဲ့ ရန်သူပဲ... ဒီကိစ္စကို မိသားစုခေါင်းဆောင်ဆီ အမှန်အတိုင်း ပြန်တင်ပြရမယ်...”
ဒုတိယ သခင်လေးက ဆက်ပြောလိုက်၏။
“ရွှီး... ရွှီး... ရွှီး...”
ကိုးထပ် ချန်ခွင်း မျှော်စင်ထဲမှ လင်ရှောင်ရှောင် နှင့် အဖွဲ့သားများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြ၏။ အဆင့်တက်ရန် အရေးကြီးနေသော အချိန်ဖြစ်သော်လည်း စစ်သည်များသည် တုံ့ဆိုင်းခြင်း မရှိခဲ့ကြပေ။
ကိုးထပ် ချန်ခွင်း မျှော်စင်ထဲမှ ထွက်လာသည်နှင့် တပြိုင်နက် သူတို့ကို ဝင်ရောက် ရိုက်ခတ်လာသော ကြောက်မက်ဖွယ် စွမ်းအင်များကြောင့် လူတိုင်း ကြောက်လန့်တကြား ဖြစ်ကုန်ကြ၏။ နဂါးနတ်ဘုရား နန်းတော်မှ လူများသည် ကြောက်လွန်းသဖြင့် ကျောက်ရုပ်များသဖွယ် တောင့်ခဲသွားကြ၏။
ဒါက နဂါးနတ်ဘုရား နန်းတော် ကြုံတွေ့ဖူးသမျှ အန္တရာယ်အရှိဆုံး အချိန်ကာလ ဖြစ်ပြီး အစွမ်းအထက်ဆုံး ရန်သူနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
“နတ်ဆိုးမျိုးနွယ်... ယင်ယန် မိသားစု...”
လင်ရှောင်ရှောင် ၏ ချောမောသော မျက်နှာလေးတွင် တုန်လှုပ်မှုများ ဖုံးလွှမ်းသွားသည်။
“သူပဲ... နတ်ဆိုးမျိုးနွယ်ပဲ...”
ယီထျန်းချင်း နှင့် ပေတိုယန် တို့သည် ဖူရန် ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
ကျန်းကျွင့်လန် ၏ မျက်နှာတွင်လည်း ထိတ်လန့်မှု အရိပ်အယောင်များ ယှက်သန်းနေ၏။
“ယင်ယန် မိသားစုက လက်စားချေဖို့ လာတာပဲ...”
“ရှောင်ရှောင်... နဂါးနတ်ဘုရား နန်းတော်ကို ရအောင် ကာကွယ်...”
ဖုန်းဝူချန်က အရေးတကြီး အော်ဟစ်လာ၏။
ထိုအခါ၊ လင်ရှောင်ရှောင် သည် လေးနက်သော မျက်နှာထားဖြင့် သူမ၏ အစစ်အမှန် ယွမ်စွမ်းအားများကို လျင်မြန်စွာ ပို့လွှတ်လိုက်၏။
“နတ်ဘုရား အသွင်ပြောင်း အကာအကွယ်…”
ကြီးမားကျယ်ပြန့်သော အပြာရောင် အကာအကွယ်ကြီး တစ်ခု ဖွဲ့တည်လာပြီး နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ဖုန်းဝူချန် သက်ပြင်းချလိုက်မိသည်။ အချိန်မီသည် ဆိုသော်လည်း နန်းတော် အဆောက်အအုံ အများအပြားမှာ အက်ကွဲကုန်ကြပြီ ဖြစ်သည်။
သို့သော် မြေလှန်ခံလိုက်ရသည်ထက်တော့ သာပါသေးသည်။
“သားဝူချန်... သား အဆင်ပြေရဲ့လား...”
ရှောင်ချင်းချင်း သည် ပြာပြာသလဲ ပြေးလာပြီး ဖုန်းဝူချန်ကို တွဲထူကာ စိုးရိမ်တကြီး မေးလိုက်၏။ သူမ၏ မျက်နှာပေါ်တွင် ပူပန်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
“မေမေ... သား ဘာမှ မဖြစ်ပါဘူး...”
ဖုန်းဝူချန်က အားယူပြီး ခေါင်းခါပြလိုက်၏။
“နတ်ဘုရား အသွင်ပြောင်း အကာအကွယ်...”
ဒုတိယ သခင်လေးသည် အနည်းငယ် အံ့အားသင့်သွားပြီး လင်ရှောင်ရှောင် ကို လှမ်းကြည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် အံ့သြမှုများ ပိုမို များပြားလာသည်။
“ကောင်းကင် နတ်ဆိုး သူတော်စင်မ ဖြစ်နေတာကိုး... ဒီလောက် ခိုင်မာတဲ့ နတ်ဘုရား အသွင်ပြောင်း အကာအကွယ်ကို ဖန်တီးနိုင်တာ မဆန်းပါဘူးလေ...”
ဒုတိယ သခင်လေးက မောက်မာစွာ လှောင်ပြောင်လိုက်၏။ သူက ဂရုမစိုက်သလို ပုံစံပေါက်နေသော်လည်း သူ့မျက်လုံး၏ နက်ရှိုင်းသော နေရာတွင် လေးနက်မှု အရိပ်အယောင် အနည်းငယ်ကို တွေ့မြင်နိုင်သည်။
“ဒုတိယ သခင်လေး...”
လင်ရှောင်ရှောင် ၏ မျက်နှာလေးသည် ရေခဲတမျှ အေးစက်နေသည်။
“ငါ့ထက် ငယ်တဲ့သူက နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာ ရောက်နေတာလား... နတ်ဆိုးမျိုးနွယ်တောင် သူ့လက်ချက်နဲ့ ရှုံးသွားတယ်...”
လျိုချင်းယန် သည် မနေနိုင်တော့ဘဲ အံ့သြတကြီး အော်ဟစ်လိုက်၏။ ဒုတိယ သခင်လေးကို ကြည့်နေသော သူ့မျက်လုံးများ ပြူးကျယ်နေရသည်။
“သူက ဘီလူးအိုကြီးပဲ...”
ဟု လင်ရှောင်ရှောင် က အေးစက်စွာ ပြောပြလိုက်၏။
“နတ်ဘုရား အသွင်ပြောင်း အကာအကွယ်က ငါ့ကို တားနိုင်မှာ မဟုတ်ဘူး...”
ဒုတိယ သခင်လေးက လှောင်ပြုံး ပြုံးလာသည်။ သူ့စွမ်းအားအပေါ် သူ အတော်လေး ယုံကြည်မှု ရှိနေလေသည်။
“ဟုတ်လို့လား...”
လင်ရှောင်ရှောင် က အေးစက်စွာ တုံ့ပြန်လိုက်ပြီး လက်နှစ်ဖက်ကို ပူးကပ်ကာ သွေးမျိုးဆက် စွမ်းအားကို ပို့လွှတ်လိုက်၏။
“ရှင် ဒီစကားကို ကျွန်မ အဘိုးရှေ့မှာ ပြောရဲပါ့မလား... ယင်ယန် မိသားစု ခေါင်းဆောင်တောင် ပြောရဲမယ် မထင်ဘူးနော်...”
ထိုအပြုအမူဖြင့် လင်ရှောင်ရှောင် သည် နေရာလပ်ကို စုတ်ဖြဲပြီး အစွမ်းထက်သော စစ်ကူများကို ဘယ်အချိန်မဆို ဆင့်ခေါ်ရန် အသင့်ပြင်လိုက်ခြင်း ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ဒုတိယ သခင်လေး၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
လင်ရှောင်ရှောင် ၏ စကားတစ်ခွန်းတည်းနှင့်ပင် ဒုတိယ သခင်လေး တုန်လှုပ်သွားခဲ့သည်။ သူမ၏ နောက်ကွယ်မှ အင်အားသည် ယင်ယန် မိသားစုပင်လျှင် ကြောက်ရွံ့ရသော အရာဖြစ်ကြောင်း သက်သေပြနေသည်။
“ရွှီး... ရွှီး... ရွှီး...”
ဒုတိယ သခင်လေးနှင့် ဖူရန် တို့၏ တိုက်ပွဲ ပြီးဆုံးပြီး မကြာမီမှာပင် နဂါးနတ်ဘုရား နန်းတော် အထက် ကောင်းကင်ယံတွင် အစွမ်းထက် ပုဂ္ဂိုလ် (၁၀) ယောက်ကျော် ရုတ်တရက် ပေါ်ထွက်လာကြ၏။
ရောက်လာသူများမှာ အင်မော်တယ် လက်နက် စံအိမ်မှ စံအိမ်သခင်နှင့် အဆင့်မြင့် ခေါင်းဆောင်များ၊ ကျန်းမိသားစုမှ အဆင့်မြင့် ခေါင်းဆောင်များ ဖြစ်ကြပြီး အဆင့် (၈) ဆေးပညာရှင် ထျန်းရှန်းဇီ ပင်လျှင် ရောက်ရှိလာခဲ့သည်။
“ဒုတိယ သခင်လေး... ဖူရန်...”
ချီယွမ် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ထိုနှစ်ယောက်ကို ချက်ချင်း မှတ်မိလိုက်၏။
“အင်မော်တယ် လက်နက် စံအိမ်နဲ့ ကျန်းမိသားစုက လူကြီးတွေ ရောက်လာပြီဟေ့...”
နဂါးနတ်ဘုရား နန်းတော်မှ လူများသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြ၏။
“ဆေးဧကရာဇ်... လန်အာ... အဆင်ပြေကြရဲ့လား...”
ကျန်းဝူဟန် က စိုးရိမ်တကြီး မေးလိုက်၏။ ဖုန်းဝူချန်နှင့် အခြားသူများ ဘေးကင်းသည်ကို တွေ့ရမှ သူတို့ စိတ်သက်သာရာ ရသွားကြ၏။
ဖုန်းဝူချန်က ခေါင်းအနည်းငယ် ခါပြလိုက်သော်လည်း စကားမပြောပေ။ သူ၏ အကြည့်များက ကောင်းကင်ယံမှ ဒုတိယ သခင်လေး ထံတွင်သာ စူးစိုက်နေသည်။
“အဘိုး... ဖေဖေ...”
ကျန်းကျွင့်လန် ဝမ်းသာအားရ အော်ခေါ်လိုက်၏။
“ယင်ယန် မိသားစုရဲ့ ဒုတိယ သခင်လေး...”
ကျန်းထျန်းယွမ် မျက်မှောင်ကြုတ်လိုက်၏။ သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
ကျန်းမိသားစုသည် တိုက်ကြီး၏ အင်အားကြီး မိသားစုများထဲမှ တစ်ခု ဖြစ်သော်လည်း ယင်ယန် မိသားစုနှင့် ယှဉ်လျှင်တော့ အများကြီး ကွာခြားနေပါသေးသည်။
“အင်မော်တယ် လက်နက် စံအိမ်က စံအိမ်သခင်ချီယွမ် နဲ့ အဘိုးအို ကျန်းဝူဟန် ပါလား... မတွေ့တာ ကြာပြီနော်...”
ဒုတိယ သခင်လေးက မောက်မာစွာ ပြောလိုက်ပြီး ချီယွမ် နှင့် အခြားသူများထံ အကြည့်ပို့လွှတ်လိုက်၏။