← Chapters

ဒီလောကမှာ ဒီလိုတိုက်ဆိုင်မှုမျိုး ရှိတယ်ဆိုတာ ငါယုံဘူး

Vol. 38 Ch. 378

ဒီလောကမှာ ဒီလိုတိုက်ဆိုင်မှုမျိုး ရှိတယ်ဆိုတာ ငါယုံဘူး

Vol. 38 Ch. 378

နတ်ဆိုးဖိနှိပ်ခြင်းမြို့တော်၏ ထောင့်တစ်နေရာတွင်

အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်း သည် ဆေးလုံးများကို ကမန်းကတန်းထုတ်ယူပြီး သူ၏ စီနီယာအစ်ကို၊ အစ်မများထံ ဝေငှပေးလိုက်သည်။

သူ၏ နုပျိုသော မျက်နှာထက်တွင် ထိတ်လန့်မှုများ ဖုံးလွှမ်းနေ၏။

"သီသီလေးပဲကွ အနည်းဆုံးတော့ ငါတို့ အသက်ရှင်ရက် ထွက်လာနိုင်ခဲ့တယ်"

သူ စကားပြောနေစဉ်တွင် မြို့ရိုးကို မှီထားသော ထုံရှင်းချွမ်းဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် အပြစ်ရှိစိတ်များ ပြည့်နှက်နေ၏။

"အစ်ကိုကြီးထုံရဲ့ ကျေးဇူးကြောင့်ပါပဲ..."

အကယ်၍ တစ်ဖက်လူသာ ရွှေတောင်ပံနတ်ဆိုးဧကရာဇ်ကို အသည်းအသန် တားဆီးမပေးခဲ့ပါက သူတို့တွင် အသက်ရှင်ရန် အခွင့်အရေးအနည်းငယ်မျှပင် ရှိလာမည် မဟုတ်ချေ။

...

ယခုအချိန်တွင် တစ်ဖက်လူအမြတ်တနိုး ဝတ်ဆင်လေ့ရှိသော အနီရောင်ဝတ်ရုံမှာ ညစ်ပေနေပြီး ရွှံ့များ ပေကျံနေ၏။ သူ၏ အရေပြားများမှာ နေရာအနှံ့ အက်ကွဲနေပြီး ဝိညာဉ်စွမ်းအင်များမှာ ထိုအက်ကြောင်းများကြားမှ မရပ်မနား စီးဆင်းထွက်ပေါ်နေသည်။

ဤအတိုင်းသာ ဆက်သွားနေပါက သူ၏ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားမည့် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်။

သို့သော် ထုံရှင်းချွမ်းသည် တိတ်ဆိတ်စွာ ထိုင်နေရုံသာ ရှိသည်။ သူ၏ မျက်လုံးများမှာ ဝိညာဉ်ကင်းမဲ့နေပြီး ယခုလေးတင် ဖြစ်ပျက်ခဲ့သော အရာများထဲ၌ နစ်မြုပ်နေဆဲဖြစ်ပုံရသည်။

သူသည် အတွေးထဲတွင် နစ်မြုပ်လွန်းနေသဖြင့် သူ၏နှုတ်ခမ်းနားသို့ ရောက်လာသော ဆေးလုံးကိုပင် သောက်သုံးရန် သတိမရတော့ပေ။

"အစ်ကိုကြီးထုံ"

အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်း သည် ခေတ္တမျှရပ်တန့်သွားပြီးနောက် သူ့ကို ပြန်လည် ခေါ်ဆောင်လာခဲ့သော အစ်မကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။

"သူ ဘာဖြစ်သွားတာလဲ ရွှေတောင်ပံနတ်ဆိုးဧကရာဇ်က သူ့အပေါ် တစ်ခုခုများ လုပ်လိုက်တာလား"

"အစ်ကိုကြီးထုံက သတ္တိရှိပြီးဉာဏ်ရည်ထက်မြက်ပေမယ့် ဒီနေ့နတ်ဆိုးတစ်ထောင်ဂူကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တာက တကယ်တော့ ကံကောင်းလို့ပါပဲ"

မြောင်ချင်းဟွေ့သည် ခါးသီးစွာ ပြုံးလိုက်ပြီး ဆေးလုံးကို ဆွဲယူကာ ထုံရှင်းချွမ်း၏ ပါးစပ်ကို ဟခိုင်းပြီးဆေးလုံးကို အတင်း မျိုချစေလိုက်၏။

"ဒီကောင်လေး ဒီလိုပုံစံဖြစ်သွားတာက ရွှေတောင်ပံ နတ်ဆိုးဧကရာဇ်နဲ့ ဘာမှမဆိုင်ပါဘူး"

"ကံကောင်းလို့..."

ချင်းဖုန်းက အံ့သြတကြီး မော့ကြည့်လိုက်၏။

"ငါတို့ ရှန်းယီကို တွေ့ခဲ့တယ်"

မြောင်ချင်းဟွေ့က သက်ပြင်းချလိုက်သည်။ သူမ၏မျက်ဝန်းများမှာ မသေချာမရေရာမှုများဖြင့် တုန်ခါနေ၏။

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်ကို ပိတ်လှောင်ထားသည့် အစီအရင်သည် ထုံရှင်းချွမ်းမြင်လိုက်ရသည့်အချိန်တွင် သူ့နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

ထိုအစီအရင်ကို အလွန်ရိုင်းစိုင်းပြီး ရိုးရှင်းသော စစ်သည်တော်တစ်ဦးက ဖန်တီးခဲ့သည်ဟု ဆိုကြသည်။

"သူ အသက်ရှင်နေသေးတယ်လား"

ချင်းဖုန်းက ထိတ်လန့်တကြား အာမေဋိတ် ပြုလိုက်၏။

"ဘာ ဒီကောင်လေးလဲ နင် အပြောအဆို ဆင်ခြင်စမ်း"

မြောင်ချင်းဟွေ့က သူ့ကို စူးရဲစွာ ကြည့်ပြီး သတိပေးလိုက်၏။

"ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း မင်း ကြက်ဖ နတ်ဆိုးဧကရာဇ်ကြောင့် အကျပ်ရိုက်နေတုန်း မိတ်ဆွေရှန်းရဲ့အကူအညီကြောင့် လွတ်မြောက်ခဲ့တာပဲ ဒီတစ်ခါလည်း သူ့ကျေးဇူးကြောင့်ပဲ မင်းပါးစပ်က မလေးမစားပြောတာ ထပ်ကြားရင် သတိထားနေ ငါ ပါးနှစ်ချက်လောက် ရိုက်မိလိမ့်မယ်"

၎င်းကိုကြားလိုက်ရသည့်အခါ ချင်းဖုန်းသည် သူ၏ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်၏။

သူ၏မျက်လုံးများသာ ဟိုဟိုဒီဒီ လည်နေပြီး သူ့စိတ်ထဲမှ ထိတ်လန့်မှုကို ဖော်ပြနေ၏။

နားထောင်ရသလောက်ဆိုရင် ရွှေတောင်ပံနတ်ဆိုးဧကရာဇ်ကို တားဆီးခဲ့တာ ရှန်းယီလား။ သူ နားကြားမှားတာလား။ ဒါမှမဟုတ် အစ်မကြီး ပြောနေတဲ့သူနဲ့ သူ့စိတ်ထဲက လူက တစ်ယောက်တည်း ဖြစ်နေတာ သေချာလို့လား။

ထို... မိတ်ဆွေရှန်းသည် ပြီးခဲ့သည့်အကြိမ် ချင်းချိုဘိုးဘေးနှင့် တိုက်ခိုက်စဉ်က နတ်ဘုရားစိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သေးသည်။

နောက်ပိုင်းတွင် သူ တိုးတက်လာခဲ့လျှင်ပင် သူ၏ ယိုဝေလှံကို ခြင်္သေ့ဧကရာဇ်က ခိုးယူသွားခဲ့ပြီ ဖြစ်သည်။

သူသည် ရွှေတောင်ပံ နတ်ဆိုးဧကရာဇ်၏ ပြိုင်ဘက် ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။ သို့မဟုတ်ပါက ထိုကောင်လေး၏ စိတ်နေသဘောထားအရ ရွှေမျက်လုံးခြင်္သေ့ကို ဆက်လက် အသက်ရှင်ခွင့် ပေးထားခြင်းကသာ အမှန်တကယ် ထိတ်လန့်စရာ ကောင်းနေလိမ့်မည်။

ချင်းဖုန်း၏ အတွေးများကို ရိပ်မိသည့်အလား...မြောင်ချင်းဟွေ့သည် ခေါင်းခါလိုက်ပြီး သက်ပြင်းချကာ မှတ်ချက်ပြုလိုက်၏။

"သူ့ရဲ့အဆင့်က အတူတူပါပဲ ပြောင်းလဲသွားတာက သူ့ရဲ့နည်းလမ်းတွေပါ"

ကျယ်ပြန့်စွာ လေ့လာခြင်းသည် နက်ရှိုင်းစွာ လေ့လာခြင်းကို မယှဉ်နိုင်ဟု ဆိုကြသည်။

အရာရာကိုလေ့လာပြီး အားလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သည် ဆိုသည်မှာ လူသားတစ်ယောက်အနေဖြင့် ဖြစ်နိုင်ပါသေးသည်လော။

"ဒါနဲ့ အစ်မကြီးက ဘာလို့ အခုထိထွက်မလာသေးတာလဲ"

ချင်းဖုန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီးကောင်းကင်ယံရှိ ပျံသန်းနေသော လှေပျံများဘက်သို့ လှမ်းကြည့်လိုက်သည်။

သူ လွှတ်တင်လိုက်သော လမ်းပြလှေပျံသည် ပြန်ရောက်လာပြီ ဖြစ်သော်လည်း အစ်မတော်ကြီး၏ အရိပ်အယောင်ကို ယခုထိ မတွေ့ရသေးပေ။

"သူ ဘာမှဖြစ်မှာ မဟုတ်ပါဘူး"

မြောင်ချင်းဟွေ့က ဂရုမစိုက်သလို ပြောလိုက်၏။ သူမသည် လင်းရှီအပေါ် အနည်းငယ် မကျေနပ်ချက်များ ရှိနေသည်။

သို့သော် သူမထိတ်လန့်မှုမှ ပြန်လည် တည်ငြိမ်လာသည်နှင့် တပြိုင်နက် သူမသည် နတ်ဘုရားစိတ်ဝိညာဉ် ပြီးပြည့်သုံခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲပင်။ သူမ၏ သတ္တိနှင့်ဆိုလျှင် နတ်ဆိုးတစ်ထောင်ဂူ အတွင်းပိုင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားရန်မှာ မဖြစ်နိုင်ပေ။

သူမ၏စရိုက်အရ တစ်ခုခု ဖြစ်ပွားခဲ့လျှင် သူမ၏ ပထမဆုံးတုံ့ပြန်မှုမှာ ပြန်လှည့်ပြီး ဆရာထံမှ အကူအညီ တောင်းခံရန်သာ ဖြစ်လိမ့်မည်။

ထိုအချိန်တွင်တည်ငြိမ်သော အသံတစ်ခုသည် ထောင့်တစ်နေရာမှ နောက်ဆုံး၌ ထွက်ပေါ်လာ၏။

"ငါ မယုံဘူး"

ထုံရှင်းချွမ်း၏ မျက်လုံးများ ပြန်လည် ကြည်လင်လာပြီးဒယိမ်းဒယိုင်ဖြင့် မတ်တတ်ထရပ်လိုက်သည်။

သူသည် ဘာကို မယုံကြည်ကြောင်း အတိအကျ ရှင်းပြခြင်း မရှိပေ။

သူသည် မင်္ဂလာတိမ်တိုက်ကို ဆင့်ခေါ်ပြီး ဝူထုံတောင် ရှိရာဘက်သို့ ပျံသန်းသွားလေသည်။

အခြားသူများမှာ ခေတ္တမျှ ကြောင်အသွားကြသော်လည်း မကြာမီတွင် သူ့နောက်သို့ လိုက်ပါသွားကြသည်။

သူတို့၏ကျင့်ကြံခြင်း အဆင့်နှင့်ဆိုလျှင် ထိုခရီးရှည်ကြီးမှာ နှစ်ရက် သုံးရက်မျှသာ ကြာမြင့်ပေလိမ့်မည်။

ညနေစောင်းအချိန်၌...

ထုံရှင်းချွမ်းသည် ဝူထုံတောင်၏ ပုံရိပ်ကို လှမ်းမြင်လိုက်ရပြီ ဖြစ်သည်။

သူသည် ဂိုဏ်းတူကျင့်ကြံသူ အများအပြားကို ခါထုတ်လိုက်ပြီး သူတို့၏ နားမလည်နိုင်သော အကြည့်များအောက်တွင် သစ်သားတဲအိမ်လေး တစ်လုံးရှေ့သို့ ရောက်ရှိသွားသည်။

ချက်ချင်းပင် လက်ကို ဆန့်ထုတ်လိုက်ပြီး ရွှေရောင်ကြိုးမျှင်များကို ထုတ်လွှတ်ကာ လက်ရာမြောက်သော တားမြစ်ခြင်း အစီအရင် တစ်ခုကို ထိုနေရာတစ်ဝိုက်၌ လွှမ်းခြုံလိုက်သည်။

ထုံရှင်းချွမ်းသည် တံခါးနားသို့ ကပ်သွားပြီး ညင်သာစွာ သုံးချက် ခေါက်လိုက်သည်။

"ဒီထုံမှာ မေးစရာ အရေးကြီးကိစ္စ တစ်ခု ရှိလို့ပါ"

ခဏအကြာတွင် သစ်သားတံခါးသည် ဖြည်းညှင်းစွာ ပွင့်ဟသွား၏။

ကျန်းချိုလန်သည် တည်ငြိမ်သော မျက်နှာထားဖြင့် တံခါးဝ၌ ရပ်နေ၏။

"စီနီယာထုံ ကျွန်မကို ဘာများ ညွှန်ကြားစရာ ရှိပါသလဲရှင်"

ထုံရှင်းချွမ်းသည် အနည်းငယ် အေးစက်နေသော နတ်သမီးကဲ့သို့ မျက်နှာထားကို စိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်များမှာ တဖြည်းဖြည်း ပိုမို အေးစက်လာ၏။

"‌ဒီထုံမှာ မေးစရာတစ်ခုတည်း ရှိပါတယ်"

"..."

ကျန်းချိုလန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး သူမ၏ခန္ဓာကိုယ်မှာ သိသိသာသာ တင်းမာသွား၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သူမသည် ယခင်က တည်ငြိမ်နေသော အခြေအနေမှ အသွားများထောင်နေသော ထက်မြက်သည့် ဓားတစ်လက်အသွင်သို့ ပြောင်းလဲသွားသည်။

သူမ၏ အဆင့်နှင့် အင်အားအရ နတ်ဘုရားစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦး၏ အာရုံကို ဖမ်းစားနိုင်ရန် မဖြစ်နိုင်ပေ။

အကယ်၍ ထူးခြားချက် တစ်စုံတစ်ခု ရှိနေလျှင်...

၎င်းမှာ မဟာချန်မှ သူမ၏ကိုယ်ပိုင်လက္ခဏာပင် ဖြစ်သည်... တိတိကျကျ ပြောရလျှင် ရှန်းယီနှင့် သူမ၏ ပတ်သက်ဆက်နွယ်မှု ဖြစ်သည်။

ပြင်းထန်စွာဒဏ်ရာရထားသော လူတစ်ယောက်က သူမကို လာရှာသည်ဆိုကတည်းက သက်သေအထောက်အထား တစ်စုံတစ်ရာ ရရှိထားပြီး ဖြစ်ရပေမည်။

ကျန်းချိုလန်သည် နတ်ဘုရားစိတ်ဝိညာဉ် အဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူတစ်ဦးကို လှည့်စားနိုင်မည်ဟု ယုံကြည်မှု မရှိချေ။ ထို့ကြောင့် ဆက်လက် ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။

သူမ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူမ၏ကိုယ်ပိုင် အသက်ကို ထိန်းချုပ်ထားပြီး အခြားသူများ အသုံးပြုမည့် ကိရိယာတစ်ခု မဖြစ်လာစေရန်သာ ဖြစ်သည်။

"ဟွန့်"

ထုံရှင်းချွမ်းသည် သူ၏ ရှေ့မှ အမျိုးသမီး၏ ပြောင်းလဲမှုကို အာရုံခံမိပြီး သူမသည် အသက်လုတိုက်ပွဲဝင်မည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

သူ တဲ့တိုးပင် မေးလိုက်၏။

"မင်း ရှန်းယီကို သိလား"

"မသိပါဘူး"

ကျန်းချိုလန်သည် တွန့်ဆုတ်ခြင်း မရှိပေ။

ဤကဲ့သို့ အလွန်ဟန်ဆောင်ကောင်းသော အဖြေကို တုံ့ပြန်ရာ၌...ထုံရှင်းချွမ်းသည် အံ့သြစရာကောင်းလောက်အောင် ဒေါသမထွက်ခဲ့ပေ။ ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် ဖြည်းညှင်းစွာ လှည့်ထွက်သွားသည်။

"ငါ နားလည်ပါပြီ"

သူ ခြေလှမ်းနှစ်လှမ်းလှမ်းပြီးနောက် နောက်ပြန်လှည့်ကြည့်ကာ မဲမှောင်သော အပြုံးတစ်ခုကို အတင်းအဓမ္မ ဖော်ဆောင်လိုက်၏။

"နောက်ဆိုရင် ငါ့ကို စီနီယာထုံလို့ ခေါ်စရာ မလိုတော့ပါဘူးအစ်ကိုကြီးလို့ပဲ ခေါ်ပါ အကူအညီ တစ်စုံတစ်ရာ လိုအပ်ရင် လွတ်လွတ်လပ်လပ် ပြောပါ ‌ဒီထုံက အကောင်းဆုံး ကူညီပေးပါ့မယ်"

ထိုသို့ ပြောပြီးနောက် သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး အစီအရင်ကို ဖျက်သိမ်းရန် လက်ဝှေ့ယမ်းလိုက်၏။

ထင်ထားသည့် အတိုင်းပင်။

ပါရမီရှင်အစီအရင် ပညာရှင်နှစ်ဦးသည် တစ်ချိန်တည်းတစ်ပြိုင်တည်း ကမ္ဘာပေါ်၌ မည်သို့ ပေါ်ပေါက်လာနိုင်မည်နည်း။ နှစ်ဦးစလုံးသည် နတ်ဆိုးတစ်ထောင်ဂူ၌ တိုက်ဆိုင်စွာ ပေါ်လာပြီး ယိုဝေလှံနှင့် ဆက်စပ်မှု ရှိနေကြသည်။

ကျန်းချိုလန်သည် မဟာချန်မှ ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက် ရှန်းယီကို မသိဘူးလော။

နေမင်းကြီးကဲ့သို့ တောက်ပသော ဖြစ်တည်မှုမျိုးကို သူမ မသိဘဲ နေပါ့မည်‌လား။

သူမ သူ့ကိုသိနေသည်မှာ ထင်ရှားပြီး ဆက်ဆံရေးမှာလည်း အတော်လေး ရင်းနှီးပုံရသည်... သို့သော် ပြီးခဲ့သည့်အကြိမ်က ရှန်းယီသည် ရွှေမျက်လုံး ခြင်္သေ့ဧကရာဇ်၏လက်ချက်ဖြင့် သေဆုံးသွားနိုင်ကြောင်းကြားသိရသည့်အခါ သူမသည် မည်သည့် ခံစားမှုကိုမျှ မပြသခဲ့ပေ။ ဝူထုံတောင်မှ တပည့်များလောက်ပင် စိုးရိမ်ပူပန်မှု မရှိခဲ့ချေ။

ဤအရာက သိပ်ကိုပုံမှန် မဟုတ်လွန်းနေပေ၏။

ဖြစ်နိုင်ခြေ အရှိဆုံး အချက်မှာ ရှန်းယီသည် ရွှေမျက်လုံး ခြင်္သေ့ဧကရာဇ် ဖြစ်နေခြင်းပင်။

ဤအချက်ကသာ သူသည် နတ်ဆိုးတစ်ထောင်ဂူမှ နှစ်ကြိမ်တိုင်တိုင် ဆက်တိုက်လွတ်မြောက်လာနိုင်ခြင်းကို ရှင်းပြနိုင်လိမ့်မည်။

ကောင်းကင်ဘုံ၏မျက်နှာသာပေး ဝင်ရောက်စွက်ဖက်မှုမျိုး မရှိခဲ့ပေ။ နှစ်ကြိမ်စလုံး ရှန်းယီနှင့် သက်ဆိုင်နေခြင်းမှာ တိုက်ဆိုင်မှု သက်သက်သာ ဖြစ်သည်။

ထုံရှင်းချွမ်းသည် တစ်ဖက်လူက သူ၏ကိုယ်ပိုင်လက္ခဏာကို အဘယ်ကြောင့် ဖုံးကွယ်ထားသည်ကို အပြည့်အဝ နားမလည်သော်လည်း နားလည်ရန် မလိုအပ်ပေ။

သူ သိထားရန် လိုအပ်သည်မှာ ရှန်းယီသည် အခြားသူများ သိရှိသွားမည်ကို လောလောဆယ် မလိုလားကြောင်းနှင့် ထိုအချက်ကို သိရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။

"..."

ကျန်းချိုလန်သည် ထိုလူဝေးရာသို့ ရောက်သွားသည်အထိ အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့၏။

ထုံရှင်းချွမ်းသည် သူမထံမှ မည်သည့် သတင်းအချက်အလက် ရရှိသွားသည်ကို သူမ သိပ်မရှင်းလင်းပေ။

သူမ ကောက်ချက်ချနိုင်သည့် တစ်ခုတည်းသော အရာမှာ ဝူထုံတောင်၌ တိတ်ဆိတ်စွာ နေထိုင်ခြင်းဖြင့် သူမသည် ရှန်းယီ၏ကျေးဇူးကို နောက်တစ်ကြိမ် ခံစားလိုက်ရခြင်းပင် ဖြစ်သည်။

ဤအကြောင်းကို တွေးမိရင်း ရှုပ်ထွေးသော အပြုံးတစ်ခု သူမ၏နှုတ်ခမ်းထက်၌ ပေါ်လာသည်။

ရှန်းယီတွင် ရည်ရွယ်ချက် မရှိခဲ့လျှင်ပင်၊ သူမကိုယ်တိုင်လည်း ထိုကဲ့သို့သော အတွေးမျိုး မရှိခဲ့လျှင်ပင် မြို့သူမြို့သားချင်း ဆက်ဆံရေး ရှိနေသရွေ့ သူ၏လက်ကျန် အလင်းရောင်သည် သူမကဲ့သို့ သာမန်လူများကို သဘာဝအလျောက် ကာကွယ်ပေးနေလိမ့်မည်။

သူမသည် ဘဝတစ်ဝက်နီးပါး လိုက်လံ ရှာဖွေခဲ့ရသည်။

သို့သော် ယခုအခါတွင်မူ သူမ သဘောပေါက်လိုက်ပြီ ဖြစ်သည်။

ဤလောကတွင် အချိန်ထက်ပင် လိုက်မီရန်ခက်ခဲသည့်အရာများ ရှိနေပါသေးသည်မဟုတ်လော။

All Chapters