ကျွန်မကို လေ့လာခွင့်ပေးပါ
Vol. 38 Ch. 379
နတ်ဆိုးတစ်ထောင်ဂူ၊ ကျမ်းစာတိုက်
ဆန်းကြယ်ချောက်နက်ပင့်ကူဧကရာဇ်သည် ကျမ်းစာတိုက်အတွင်း၌ လှည့်လည်သွားလာနေသောပုံရိပ်ကို ကြည့်ရင်း နောက်ဆုံး၌ မနေနိုင်တော့ဘဲ ရက်စက်သောလေသံဖြင့် ပြောလိုက်၏။
"ငါမင်းကို ပေးလိုက်တဲ့ ပထမဆုံးအလုပ်ကို မင်းဒီလို ကိုင်တွယ်တာလား။ ဒီအဋ္ဌမမြောက်ဂူထဲမှာပဲ ထာဝရ ပုန်းအောင်းနေဖို့ စိတ်ကူးထားတာလား"
"ဘာပြဿနာ ရှိလို့လဲ"
ရှန်းယီသည် ကျောက်စိမ်းပြား တစ်ခုကို ကောက်ယူလိုက်ပြီးနောက် ပြန်လည် ပစ်ချလိုက်၏။
ပြတ်သားသော အသံကို နားထောင်ရင်း...
ပင့်ကူအိုကြီးသည် တုန်လှုပ်ခြင်းနှင့် ဒေါသတို့ ရောထွေးလျက် အော်ဟစ်လိုက်သည်။
"ဖြည်းဖြည်းလုပ်ပါ သောက်ကျိုးနည်းရာ"
...
ဤကျယ်ပြန့်သော နတ်ဆိုးတစ်ထောင်ဂူကြီးထဲတွင် နန်ယန်ဂိုဏ်း၏ကျင့်ကြံခြင်း နည်းစနစ်များ မည်မျှတန်ဖိုးရှိကြောင်း သူတစ်ဦးတည်းသာ အဘယ်ကြောင့် သဘောပေါက် နားလည်နိုင်သည်ကို စဉ်းစားမရနိုင်အောင် ဖြစ်နေရသည်။
အိုသည်အထိ နေထိုင်ပြီး အိုသည်အထိ လေ့လာသင်ယူရမည်၊ နတ်ဆိုးတစ်ကောင်အနေဖြင့် ထိုပညာရပ်များကို မသင်ယူနိုင်လျှင်ပင် စာအုပ်များများ ဖတ်ရှုခြင်း၌ အန္တရာယ်မရှိနိုင်ပေ။
သို့မဟုတ်ပါက ရေချိုးပုံများကို ကြည့်ရှုခြင်းမှလွဲ၍ဤခြင်္သေ့ကဲ့သို့ ကောင်မျိုးက အခြား မည်သည်ကို နားလည်နိုင်မည်နည်း။ သူသည် အရာရာကို ဖျက်ဆီးပစ်ရန်သာ တတ်ကျွမ်းသည်။
"ဒါပေါ့ ပြဿနာ ရှိတာပေါ့။ ငါမင်းကို ခေါ်ထားတာက အလုပ်တွေလုပ်ဖို့၊ စတုတ္ထမြောက်ဂူမှာ သခင်ကြီးတစ်ယောက်လိုနေဖို့ မဟုတ်ဘူး"
"မင်းသာ ဒီလောက် သတ္တိကြောင်နေမယ်ဆိုရင် တခြားသူတွေမလိုပါဘူး ငါကိုယ်တိုင် မင်းကို အရင်ဆုံး သတ်ပစ်မယ်"
သူ့နားထဲတွင် ဆူညံသော အသံများကို နားထောင်ရင်း ရှန်းယီသည် စိတ်မရှည်သော အမူအရာဖြင့် ပြန်လှည့်ကြည့်လိုက်၏။
"ကောင်းပြီလေ ရက်နည်းနည်းလောက်ပဲ စောင့်ကြည့်ပါဦး၊ အခြေအနေကို လေ့လာနေတာပါ။ ဧကရာဇ်ဆိုတာ သတ္တိနဲ့ မဟာဗျူဟာ ရှိရတယ်၊ မိုက်မဲမှု မဟုတ်ဘူး"
"..."
ဆန်းကြယ်ချောက်နက်ပင့်ကူဧကရာဇ်သည် သူ့နေရာသို့ ပြန်လည် တွားသွားလိုက်၏။
သူသည် စာနာမှု ကင်းမဲ့သူတော့ မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ဝူထုံတောင်မှ တပည့် ထက်ဝက်နီးပါးနှင့် နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ပြီးပြည့်စုံခြင်း ကျင့်ကြံသူတစ်ဦးတို့ ပါဝင်သည့် ဂရုတစိုက် စီစဉ်ထားသော ခြုံခိုတိုက်ခိုက်မှု ဖြစ်သည်။
အကယ်၍ ရွှေတောင်ပံ နတ်ဆိုးဧကရာဇ်သာ ထိုနေရာ၌မရှိခဲ့ပါက ဤခြင်္သေ့သည် ဂူသင်္ချိုင်းအတွင်း၌ သေဆုံးသွားနိုင်ချေ များသည်။
အနည်းငယ် စိုးရိမ်ပူပန်မှု ရှိခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။
သူသည် တစ်ဖက်လူ၏ လက်ရှိ သဘောထားကို မနှစ်သက်ခြင်းသာ ဖြစ်သည်။
"ငါမင်းကို နောက်ထပ်ရက်နည်းနည်းလောက် သည်းခံပေးမယ် ဒါပေမဲ့ ငါ့ရဲ့သည်းခံနိုင်စွမ်းကို အထင်မကြီးနဲ့"
ဆန်းကြယ်ချောက်နက်ပင့်ကူဧကရာဇ်သည် အေးစက်သော စကားတစ်ခွန်းကို ချန်ထားခဲ့သည်။ ဤခြင်္သေ့သည် တစ်တောင် ပေးလိုက်လျှင် တစ်လံ ယူမည့် လူစားမျိုး ဖြစ်ကြောင်း သဘောပေါက်လိုက်၏။
မိမိဘက်က ယဉ်ကျေးလွန်းနေလျှင် တစ်ဖက်လူက ပို၍ ရောင့်တက်လာပေလိမ့်မည်။
မိမိမျိုးနွယ်တူကိုသာ တိုက်ခိုက်ပြီး နတ်ဆိုးတစ်ထောင်ဂူမှ ထွက်ခွာရန်ပင် မဝံ့ရဲသော နတ်ဆိုးတစ်ကောင်သည် မည်မျှပင် သန်မာစေကာမူ တန်ဖိုးမရှိပေ။
"..."
ရှန်းယီသည် သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး လက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်လိုက်၏။
သူသည် ဒုတိယအလွှာ၌ကျင့်ကြံခြင်း နည်းစနစ်ပေါင်း ခြောက်ဆယ်နီးပါးနှင့် ကျောက်စိမ်းပြား နှစ်ဆယ်ခန့်ကို စုဆောင်းခဲ့ပြီးနောက် နောက်ဆုံး၌ သူ လိုချင်သော အရာကို ရှာတွေ့ခဲ့သည်။
[နတ်ဘုရားစိတ်ဝိညာဉ်။ ဆိတ်ငြိမ်သောနက်ရှိုင်းမှုအတွင်းဝိညာဉ်သန့်စင်ခြင်း နည်းစနစ် - မစတင်ရသေး]
အမှန်တကယ်ပင် နန်ယန်ဂိုဏ်း၌ နတ် ဝိညာဉ်ကို ပြုစုပျိုးထောင်ရန်အတွက် ကျင့်ကြံခြင်း နည်းစနစ်များရှိနေသော်လည်း ရှားပါးပြီး စနစ်တကျ မရှိလှပေ။
သူသည် ဤနယ်ပယ်၌ နက်နက်ရှိုင်းရှိုင်း လိုက်စားရန် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ အဆင့်မြင့် အစီအရင်တစ်ခုကို အတင်းအကျပ် လည်ပတ်နိုင်ရန်သာ ဖြစ်သည်။ လောလောဆယ်တွင် ဤအရာက လုံလောက်ပြီ ဖြစ်သည်။
ထိုအတွေးဖြင့် ရှန်းယီသည် ကျောက်စိမ်းပြားကို ပြန်ပစ်လိုက်၏။
"စကားတွေများနေတာ တော်တော့ ခင်ဗျားရဲ့ ဂူသင်္ချိုင်းကို ကျုပ်စိတ်မဝင်စားပါဘူး"
ဆန်းကြယ်ချောက်နက်ခ ပင့်ကူဧကရာဇ်၏ ဒေါသတကြီး စိုက်ကြည့်နေမှုအောက်တွင် သူသည် အဋ္ဌမမြောက်ဂူမှ အေးအေးဆေးဆေးပင် ထွက်ခွာသွားလေသည်။
...
မှောင်မိုက်ပြီးအနံ့ဆိုးထွက်နေသော ဂူအတွင်း၌
အင်္ကျီရှည်ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးသည် သမင်နတ်ဆိုးတစ်ကောင်၏ လည်ပင်းကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး သူမ၏ လက်ချောင်းများသည် အသားထဲသို့ နစ်ဝင်နေကာ သူမ၏ဝိညာဉ် ဖိအားသည် ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို ချေမွနေသည်။
"မအော်နဲ့... ငါတောင်းပန်ပါတယ်... ကျေးဇူးပြုပြီး မအော်ပါနဲ့..."
လင်းရှီ၏ မျက်နှာသည် မျက်ရည်များဖြင့် ပေကျံနေပြီး သူမ၏အသံမှာ ခြင်တစ်ကောင်ကဲ့သို့ တိုးညှင်းကာရှိုက်သံများဖြင့် တုန်ရီနေ၏။
သူမသည် မျက်လုံးများကို မှိတ်ထားပြီး သမင်နတ်ဆိုး၏အမွေးများထဲတွင် ခေါင်းကို မြှုပ်ကာ ပခုံးများညင်သာစွာ တုန်ခါနေသည်။
လင်းရှီ၏ တောင်ပေါ်မှ ပထမဆုံး အကြိမ် ထွက်ခွာလာခြင်းဖြစ်ပြီး နှစ်ပေါင်းများစွာ သူမ ဂုဏ်ယူခဲ့သောမာနများသည် ထိုကျားနတ်ဆိုး၏ ပါးရိုက်ချက် တစ်ချက်တည်းဖြင့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ယခု သူမအသက်ရှင်ချင်ရုံသာ ရှိတော့သည်...
သူမ၏ဆရာသခင် သူမရှေ့၌ ပေါ်လာစေချင်လှ၏။
လင်းရှီသည် ထုံရှင်းချွမ်း၏ အစီအရင်သည် ထိုကျားနတ်ဆိုးကို မဆိုထားနှင့် သူမကိုပင် မပိတ်လှောင်နိုင်ကြောင်း အခြားသူများထက် ပိုမို သိရှိနားလည်သည်။
အားလုံးသေကုန်ပြီ။ သူမ၏ ညီမလေးများ၊ မောင်လေးများ အားလုံး သေကုန်ကြပြီ လွတ်မြောက်လမ်း မရှိတော့ပေ။
မျက်ရည်ကျခြင်းမှလွဲ၍ နောက်ထပ် ဘာလုပ်ရမည်ကို သူမ အမှန်တကယ် မသိတော့ချေ။
ဝူထုံတောင်သို့ ခိုးပြန်ရမည်လော။ သူမ၏ဂိုဏ်းတူများကို မည်သို့မျက်နှာပြရမည်၊ နတ်ဆိုးတစ်ထောင်ဂူ၌ ဖြစ်ပျက်ခဲ့သမျှကို မည်သို့ ရှင်းပြရမည်ကို သူမ မသိပေ။
ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပြီး အပြစ်အားလုံးကို နတ်ဆိုးများအပေါ် ပုံချလိုက်ရမည်လော။
ထိုအတွေးဖြင့် လင်းရှီသည် မျက်လုံးများကို ဖွင့်လိုက်ရာထိတ်လန့်မှုနှင့် တွန့်ဆုတ်မှုများ ပြည့်နှက်နေသည်။
ခဏအကြာတွင် သူမသည် ကိုယ့်မျက်နှာကိုယ် ရုတ်တရက် ပြင်းထန်စွာ ရိုက်ချလိုက်၏။
ဖြန်း
ဂျူနီယာမောင်လေးထုံ ပြောခဲ့သော အသုံးမကျတဲ့ အမှိုက်ဆိုသည့် စကားလုံးများသည် သူမ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။
လင်းရှီကို စိတ်ပျက်အားငယ်စေသည့် အရာမှာ တစ်ဖက်လူ ပြောခဲ့သော စကားများသည် တကယ်တမ်း၌ မှန်ကန်နေခြင်းကြောင့်ဖြစ်သည်။ သူမသည် အမှန်တကယ်ပင် လုံးဝ တန်ဖိုးမရှိသူ ဖြစ်နေသည်။
ယခုအချိန်အထိ သူမသည် သူမ၏သိက္ခာနှင့် မျက်နှာကို မည်သို့ ပြန်လည် ဆယ်ယူရမည်ကို တွေးတောနေဆဲပင်။
"စိတ်ကို တည်ငြိမ်အောင် ထား... တစ်ခုခု လုပ်စမ်း..."
လင်းရှီသည် တံတွေးကို မျိုချလိုက်ပြီး သူမ၏ အသံမှာ ပိုမိုပြင်းထန်စွာ တုန်ရီလာ၏။
သူမသည် သူမ၏လက်ဝါးများကို ငုံ့ကြည့်လိုက်ပြီး နှစ်များတစ်လျှောက် သူမ လေ့ကျင့်ခဲ့သော ကျင့်ကြံခြင်းနည်းစနစ်များကို အတင်းအကျပ် ပြန်လည်အမှတ်ရရန် ကြိုးစားကာ လက်သင်္ကေတများကို ထပ်ခါတလဲလဲ ဖော်ထုတ်နေသည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူမ မသိလိုက်ပေ။
လင်းရှီသည် လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး ဂူထဲမှသတိထားကာ တွားသွား ထွက်လာခဲ့သည်။ ကောင်းကင်ယံကို ကြောက်ရွံ့စွာ မော့ကြည့်လိုက်၏။
ယခင်က သူမ ရှိခဲ့ဖူးသော တည်ငြိမ်ရင့်ကျက်မှုမျိုး လုံးဝ မရှိတော့ပေ။
သူမသည် မြေပြင်ပေါ်၌ တွားသွားရင်း သူမ၏ အသက်ရှူသံကို ဖုံးကွယ်ရန်အစွမ်းကုန် ကြိုးစားကာ ဂါထာများကို ရွတ်ဆိုနေသည်။ သူမ၏ နားများသည် အနည်းငယ်လှုပ်ခတ်နေပြီး ပတ်ဝန်းကျင်မှ အသံတိုင်းကို ဖမ်းယူနေသည်။
နာရီအနည်းငယ် ကြာပြီးနောက် ငှက်နတ်ဆိုး နှစ်ကောင်သည် သူမ၏ခေါင်းပေါ်မှ ဖြတ်ပျံသွားကြပြီး သူတို့၏ တိုးညှင်းသော စကားပြောသံများသည် သူမ၏ နားထဲသို့ ရောက်ရှိလာ၏။
မဟာနတ်ဆိုးဧကရာဇ် ၁၀ ပါးနှင့် အင်အားချင်း ယှဉ်နိုင်သော ကျင့်ကြံသူ တစ်ဦးသည် သူမအတွက်ခြိမ်းခြောက်မှု မရှိသော နေရာတစ်ခု၌ ဤကဲ့သို့အရှက်မဲ့စွာ ပုန်းအောင်းနေလိမ့်မည်ဟု မည်သည့် နတ်ဆိုးကမျှ ထင်မှတ်ထားမည် မဟုတ်ပေ။
"ရွှေမျက်လုံးခြင်္သေ့၊ မိုးကြိုးစွမ်းအင်ရေကန်"
ထိုရင်းနှီးသောအမည်နာမ နှစ်ခုကို ကြားလိုက်ရသဖြင့် လင်းရှီသည် နောက်ဆုံး၌ မြေပြင်မှ ဖြည်းညှင်းစွာ ထရပ်လိုက်၏။
နောက်တစ်ကြိမ် သူမ လက်သင်္ကေတများကို ဖော်ထုတ်လိုက်ပြန်သည်။ သူမ၏ ပုံရိပ်သည် ချက်ချင်းပင် ပိုမို ဝါးတားတားနှင့် ဒြပ်စင်မဲ့ ဖြစ်သွားလေသည်။
ယခု သူမဘာလုပ်သင့်သည်ကို မသိသော်လည်း နတ်ဆိုးတစ်ထောင်ဂူထဲ ရောက်နေသည့်အတွက်... နတ်ဆိုးများကို သတ်ဖြတ်ခြင်းသည် အမှားတစ်ခု မဖြစ်နိုင်ပေ။
လင်းရှီသည် ကြောက်ရွံ့နေသော မျက်နှာထားဖြင့် ဂူဝနှင့် ဝေးရာသို့ ရွေ့လျားသွားသည်။ သူမ၏ စိတ်ထဲရှိ ဂိုဏ်းတူများ၏ ဖော်ပြချက်များအရ မိုးကြိုးစွမ်းအင်ရေကန် ရှိရာသို့ ဦးတည်လိုက်သည်။
"ဒီတိုင်း... ခြင်္သေ့ကနေ စလိုက်မယ်..."
သူမသည် သတ္တိမွေးရန် ကိုယ့်ကိုယ်ကိုယ် ထစ်အအဖြင့် ပြောလိုက်၏။
သူမသည် မြင့်မားသော ချောက်ကမ်းပါး ဆီသို့ အလွန်သတိထားကာ သွားရောက်ခဲ့သည်။ အောက်သို့ ငုံ့ကြည့်ရန် ပြင်လိုက်စဉ်မှာပင် ထူထပ်သော ခြုံပုတ်များကြားသို့ ပြန်လည် တိုးဝင်လိုက်ပြီး ထိုဧရိယာကို သူမ၏ဝိညာဉ်အာရုံဖြင့် ညင်သာစွာ လွှမ်းခြုံလိုက်သည်။
ထို့နောက် မိုးကြိုးရေကန်အနီးတွင် ထိုင်နေသော ထိုအရပ်ရှည်ရှည် ပုံရိပ်ကို သူမ အာရုံခံမိလိုက်၏။
"..."
ရှန်းယီသည် မျက်လုံးများကို မှိတ်ထားဆဲပင်။
သူ၏ဝတ်ရုံ အကူအညီဖြင့် အားကောင်းသော အသက်ရှူသံတစ်ခု ချဉ်းကပ်လာသည်ကို သူ စောစီးစွာကပင် သတိပြုမိခဲ့သည်။
ဤအသက်ရှူသံ၏ အင်အားအဆင့်သည် သူ တွေ့ကြုံဖူးသမျှ ကျင့်ကြံသူများထဲတွင် အသန်မာဆုံး တစ်ခု ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ထိုစွမ်းအားကြီးသော ပုံရိပ်၏လုပ်ရပ်များသည် ရှန်းယီ၏ စိတ်နှလုံးထဲ၌ ထူးဆန်းမှု တစ်ခုကို ဖြစ်ပေါ်စေ၏။
သူမ ဘာလုပ်နေတာလဲ။
နတ်ဘုရားစိတ်ဝိညာဉ် ပြီးပြည်စုံခြင်းအဆင့်ရှိသူ တစ်ဦးသည် ခြင်္သေ့တစ်ကောင်ကို ခြုံခိုတိုက်ခိုက်ရန် ဤမျှသတိထားနေဖို့ လိုအပ်သည်လော။
ရှန်းယီသည် ချက်ချင်း မလှုပ်ရှားပေ။
ဤကဲ့သို့သော ဖြစ်တည်မှုမျိုးနှင့် ရင်ဆိုင်ရသည့်အခါ အနည်းငယ် ပေါ့ဆလိုက်ရုံဖြင့် ကပ်ဘေးဆိုးကြီး ကျရောက်လာနိုင်သည်။
သူသည် ရှေ့ရှိ ဘောင်ကွက်ကို ကြည့်လိုက်၏။
[နှစ်ပေါင်း နှစ်ရာ့သုံးဆယ်မြောက်တွင် ချင်းချိုးဘိုးဘေး၏ အကူအညီဖြင့် သင်သည် မိုးကြိုးစွမ်းအင်ရေကန်ကို အသုံးပြုကာ သင့်ဝိညာဉ်နှင့် မိုးကြိုးစွမ်းအင်ကြား၌ ဆိတ်ငြိမ်သောမိုးကြိုး နတ်ဝိညာဉ်ခန်းမကို အောင်မြင်စွာဖန်တီးနိုင်ခဲ့သည်။ ၎င်းသည် ကောင်းကင်မိုးကြိုးကပ်ဘေး ရေတွက်မှုကို ကိုးကားပြီး သင်၏ နတ်ဝိညာဉ်ကို ထိုနည်းတူ သန့်စင်ပေးသည်။]
ရှန်းယီသည် အကြည့်ကို ရုပ်သိမ်းလိုက်ရာ သူ၏ လက်ချောင်းထိပ်များ အနည်းငယ်တုန်ရီနေသည်။
အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းထားသော ပိုးချည်မျှင် အများအပြားသည် ဖြည်းညှင်းစွာ ကျဆင်းလာပြီး သံမဏိငွေချိတ်မဟာအစီအရင်ကြီးကို စတင် တည်ဆောက်လိုက်သည်။
ပိတ်လှောင်ခြင်း အစီအရင်သည် အကာအကွယ် အစီအရင်အဖြစ်လည်း အသုံးပြုနိုင်သည် မဟုတ်ပါလော။
မဟာအစီအရင်ကြီး ပြီးမြောက်သွားသည့် တိုင်အောင် ရှန်းယီ၏ မျက်လုံးများတွင် ပိုမို ထူးဆန်းမှုများ ပြည့်နှက်လာ၏။ ဤမျှ ကြာမြင့်ချိန်အထိ ထိုအမျိုးသမီးသည် လှုပ်ရှားမှု တစ်ခုမျှ ပြုလုပ်ခြင်း မရှိပေ။
ထားလိုက်ပါတော့၊ ဆိတ်ငြိမ်သောနက်ရှိုင်းမှုအတွင်းဝိညာဉ်သန့်စင်ခြင်း နည်းစနစ်ကို အရင် ပြီးမြောက်အောင် ကောက်ချက်ချလိုက်မည်။
"..."
လင်းရှီသည် အသက်ကို အောင့်ထားလိုက်၏။
နတ်ဆိုးကို မတိုက်ခိုက်မီ အမြဲတမ်းလေ့လာစောင့်ကြည့်သင့်သည်ဟု သူမ၏ဂိုဏ်းတူများက ပြောခဲ့ဖူးသည်။
မည်သည့်အရာကိုလေ့လာစောင့်ကြည့်ရမည်ကို သူမ မသိသော်လည်း အကြံဉာဏ်အတိုင်း လိုက်နာသရွေ့အမှားမရှိနိုင်ဟု သူမ ယူဆလိုက်၏။