ဟင်းလင်းလျှောက်လှမ်းခြင်းအဆင့် နည်းလမ်း
Vol. 38 Ch. 373
ရှန်းယီသည် အရေးမလုပ်သော ပုံစံဖြင့် ဟန်ဆောင်နေပုံရသည်။
ဖောက်ထွင်းခံထားရသော စာအုပ်စင်တစ်ခုကို တွေ့တိုင်း၊ သူသည်လက်လှမ်းပြီး တစ်ချက်ကြည့်ကာ ပြန်ပစ်တင်လိုက်လေ့ရှိသည်။
ကျောက်စိမ်းပြားများပြန်ပြုတ်ကျသံ ဘုန်းကနဲ မြည်သွားတိုင်း ပင့်ကူဧကရာဇ်၏ မျက်လုံးများမှာ လှုပ်ခတ်သွားရလေ၏။
ဤအရာများက သိပ်ပြီးအသုံးမဝင်လှသော်လည်း၊ ၎င်းတို့ကို ဖန်တီးရန်အတွက် ပင့်ကူဧကရာဇ်သည် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရပြီး၊ တစ်ခုစီတိုင်းကို ပုံဖော်ရန် နှစ်ပေါင်းရာနှင့်ချီ၍သော်လည်းကောင်း၊ ထောင်နှင့်ချီ၍သော်လည်းကောင်း အချိန်ယူခဲ့ရသည်။
ဤခြင်္သေ့ကို ၎င်းတို့အား စိတ်ကြိုက်ကိုင်တွယ်ခွင့် ပေးလိုက်ခြင်းသည် ပုလဲကို ဝက်ရှေ့ချသလို နှမြောစရာ ကောင်းလှ၏။
နောက်ဆုံးတွင် ရှန်းယီသည် မောပန်းသွားပုံရပြီး နောက်ဆုံးကျောက်စိမ်းပြားကို ပြန်ထားလိုက်သည်။
...
"ငါကတော့ တန်ဖိုးရှိတဲ့အရာမို့လို့ မင်း ဒီလောက် သတိထားနေတယ် ထင်နေတာ၊ ဒါလေးပဲလား"
သူ လှည့်ကြည့်လိုက်ရာ၊သူ၏မျက်လုံးထဲမှ ရွှေရောင်အလင်းတန်းများသည် အတွေးများ လှုပ်ရှားမှုကြောင့် ပြန့်ကျဲလုနီးပါးဖြစ်သွားသည်။
[ဟင်းလင်းပြင်လျှောက်လှမ်းခြင်း (ရတနာ) - အနန္တ တာအိုအင်ပါယာနန်းတော် - မစတင်ရသေး]
ဤအရာက ရှန်းယီကျောက်စိမ်းပြားများစွာကို လှန်လှောရှာဖွေပြီးနောက် ပထမဆုံးတွေ့ရှိခဲ့သည့်၊ မည်သည့် ကြိုတင်လိုအပ်ချက်မျှ မရှိသော ကျင့်စဉ်ဖြစ်သည်။
ပထမဆုံး စာကြောင်းမှာပင် ထင်ရှားသော သတိပေးချက်တစ်ခု ပါရှိပြီး၊ ၎င်းကို ဂိုဏ်းမှ အကြီးအကဲတစ်ဦး ခရီးသွားနေစဉ် ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို မသိရှိရကြောင်း ဖော်ပြထား၏။
အလွန်တန်ဖိုးရှိသောကြောင့် ဖြစ်မည်၊ ၎င်းကို ကျမ်းစာတိုက်ထဲသို့ ထည့်သွင်းထားပြီး အခြား ကျောက်စိမ်းပြားများနှင့်အတူ သိမ်းဆည်းထားခြင်း ဖြစ်နိုင်သည်။
"ဟမ့် ဒီဧကရာဇ်ကလွဲရင်၊မင်းက ဒီအရာတွေကို မြင်ဖူးတဲ့ ဒုတိယမြောက်လူပဲ။ ကျေးဇူးမကန်းနဲ့"
ဆန်းကြယ်ချောက်နက်ပင့်ကူဧကရာဇ်သည် ကျောက်စိမ်းပြားများကို ပြန်လည်စီစဉ်လိုက်ပြီး အေးစက်စွာ ပြစ်တင်ပြောဆိုလိုက်၏။
၎င်းသည် ဤခြင်္သေ့ကို အထူးအခွင့်အရေးအချို့ ပေးနိုင်သော်လည်း၊ အဆင့်အတန်းနှင့် ကျင့်ကြံခြင်းကို လေးစားမှုမရှိခြင်းအားသည်းခံမည်ဟု မဆိုလိုပေ။
"ဒါဆို တခြားတစ်ယောက်က ဘယ်သူလဲ" ရှန်းယီက ဘေးတိုက် ကြည့်လိုက်၏။
"တခြားတစ်ယောက်က... မင်းနဲ့ ဘာဆိုင်လို့လဲ"
ပင့်ကူဧကရာဇ်သည် အလိုအလျောက် အော်ဟစ်လိုက်ပြီးနောက်၊ စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် စိုက်ကြည့်လိုက်သည်။
၎င်း၏စိတ်ထဲတွင် အကြောင်းပြချက်မရှိဘဲ အပြာရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်ပုံရိပ်တစ်ခု ပေါ်လာသည်။
နတ်ဘုရားစိတ်ဝိညာဥ်အဆင့်မှာတင်၊ ထိုသူသည် သေခြင်းရှင်ခြင်းအခိုက်အတန့်တွင် တာအိုနန်းတော်၏သန္ဓေသားပုံစံကို စိတ်ကူးပုံဖော်နိုင်ခဲ့သည်။ သူ့ကို ပြင်းထန်စွာဒဏ်ရာရစေခဲ့ရုံသာမက၊ ရန်သူခြောက်ယောက်လက်မှလည်း လွတ်မြောက်သွားခဲ့သည်။
ထိုအချိန်က နီကျွင်းယူဆောင်သွားသော ကျင့်စဉ် ကျောက်စိမ်းပြားအများအပြားကို ပင့်ကူဧကရာဇ်သည် နှစ်ပေါင်းများစွာအစီအရင်များကို ဖောက်ထွင်းပြီးမှ ရရှိခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်ရပ်ကြောင့်ပင်...
ခွေးအိုကြီးထံမှ ကျမ်းစာတိုက်ရှိ ရတနာများကို နောက်ထပ် မထိပါးရန် အမိန့်ပေးခံခဲ့ရခြင်း ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ်၊ အဲဒီလူသာ နောက်တစ်ခေါက် ထပ်ဝင်လာရဲရင်သေချာပေါက် သေလမ်းပဲရှိတယ်"
"..."
ပင့်ကူဧကရာဇ်၏ဒေါသကို မြင်လိုက်ရသောအခါ၊ ရှန်းယီသည် ထိုလူ၏ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
ထိပ်တန်း နတ်ဆိုးဧကရာဇ် ၁၀ ပါးကို ရန်စပြီး ယနေ့အထိ အသက်ရှင်နေနိုင်သူဆိုလျှင်...
ဝူထုံတောင်မှ ကျင့်ကြံသူများသာ ဖြစ်နိုင်ပေသည်။
ဘိုးဘေးတော့ မဖြစ်နိုင်လောက်ပေ။ မည်သို့ပင်ဖြစ်စေ နတ်ဆိုးတစ်ထောင်ဂူကို တိုက်ခိုက်ရန်အတွက် သုံးပွင့်ဆိုင်မဟာမိတ်ဖွဲ့နိုင်သူဖြစ်ရာ၊ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ဖို့များလေ၏။ နတ်ဆိုးများသာ သူ့ကို သတ်နိုင်ခဲ့လျှင်အချိန်ကြာမြင့်စွာကတည်းက သတ်ပြီးလောက်လေပြီဖြစ်လေ၏။ ယခုအချိန်ထိ စောင့်နေမည် မဟုတ်ပေ။
နီကျွင်းသည် သူထင်ထားသည်ထက် ပိုသန်မာပုံရလေ၏။ သူသာ နတ်ဆိုးတစ်ထောင်ဂူထဲ မလာသရွေ့၊ ဤနတ်ဆိုးဧကရာဇ်အဖွဲ့ကြီးပင် သူ့အား မည်သည့်အရာမှ လုပ်နိုင်မည် မဟုတ်ပေ။
မလိုအပ်လျှင်၊ အနာဂတ်တွင် နတ်ဆိုးအသွင်ဖြင့် အပြင်ထွက်မသွားသည်မှာ အကောင်းဆုံးပင်။ ထိုမှသာလျှင် ပစ်မှတ်ဖြစ်မသွားခြင်းနှင့် လူသတ်သမား၏အာရုံစိုက်မှုကို မခံရမည်ဖြစ်သည်။
"ကဲ... မင်း ကြည့်ချင်တယ်ဆိုလို့ ငါ ကြည့်ခွင့်ပေးပြီးပြီ"
ပင့်ကူဧကရာဇ်သည် ကိုယ်ကို ပြန်ကွေးလိုက်ပြီး စားပွဲထောင့်မှ စာလိပ်တစ်ခုကို ဆွဲထုတ်ကာ ခြင်္သေ့ထံသို့ ပစ်ပေးလိုက်၏။ "မင်းအတွက် ဆုလာဘ်ပဲ။ မင်းဦးနှောက်နဲ့ဆိုရင် ဒါမျိုးတွေကိုပဲ ကြည့်သင့်တာ"
ရှန်းယီ လက်ထဲသို့ ဖမ်းယူလိုက်သည်။
စာလိပ်ပေါ်တွင် နတ်သမီးကျစ်လန် ရေချိုးနေသည်ကို ချောင်းကြည့်ခြင်း အမှတ်တရ ဟူသော စာသားကိုထွင်းထုထား၏။
"..."
သံသယမဖြစ်စေရန်၊ သူသည် အတင်းအကျပ် စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ပြီး သူ၏နတ်ဝိညာဉ်ကို ထိုအထဲသို့ စိမ့်ဝင်စေလိုက်သည်။
ယခင်ကကဲ့သို့ပင် မြင်ကွင်းတစ်ခု သူ၏ စိတ်ထဲတွင် ပေါ်လာ၏။
မြူခိုးများ ကင်းစင်သွားသည်နှင့် တောက်ပသော အပြာရောင် ရေကန်တစ်ခု မြင်ကွင်းထဲသို့ ရောက်လာသည်။ ရေကန်ပတ်လည်တွင် ဝတ်စားဆင်ယင်မှုအမျိုးမျိုးဖြင့် ကျင့်ကြံသူများ ဝိုင်းရံနေကြပြီး၊ အားလုံးထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
အချို့က ရတနာလှေများပေါ်တွင် ရပ်နေကြပြီး၊ အချို့က ရွှေကြေးခွံပါသော ရက်စက်သည့် သားရဲများကို စီးနင်းထားကြ၏။
အားလုံးက ရေကန်ကို စူးစိုက်ကြည့်နေကြသည်။
ဤအရာက ရှန်းယီကို အတော်လေး ဇဝေဇဝါ ဖြစ်စေသည်။
ဘယ်လို နတ်သမီးမျိုးက ရေချိုးတာကို ဒီလောက်များတဲ့ လူအုပ်ကြီးက လာကြည့်ရတာလဲ။
ခဏချင်းမှာပင်၊ကြည်လင်သော ရေကန်မျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များ ပေါ်လာ၏။
အလျားပေပေါင်း ရာချီရှိသော နဂါးဖြူတစ်ကောင်သည် ရေကန်ထဲမှ ခုန်ထွက်လာသည်။ ၎င်း၏ နှုတ်ခမ်းမွေးများမှာ ခရမ်းရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။ ၎င်း၏ခန္ဓာကိုယ် တွန့်လိမ်လှုပ်ရှားလိုက်သောအခါ၊ ထူးဆန်းသော အလှတရားတစ်ခု ဖြာထွက်လာသည်။
၎င်းသည် ပတ်ဝန်းကျင်ရှိလူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက်၊ ကြည်လင်သောမျက်လုံးထဲ၌ အထင်သေးမှုနှင့် နာကျင်မှုအရိပ်အယောင်များ ပါဝင်နေသော မျက်လုံးများဖြင့် တိမ်တိုက်များကြားသို့ ပြန်လည် တိုးဝင်သွားတော့သည်။
ထို့နောက် ပုံရိပ်သည် ရပ်တန့်သွားပြီး၊ မြူခိုးများ ဖုံးလွှမ်းသွား၏။
ရှန်းယီသည် သူ၏ နတ်ဝိညာဉ်ကို ပြန်ရုတ်သိမ်းလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်၊ စနစ်ဘောင်ကွက်တစ်ခု ပေါ်လာသည်။
[ဟင်းလင်းပြင်လျှောက်လှမ်းခြင်း - ကောင်းကင်ဘုံသို့နဂါးကခုန်ခြင်း- မစတင်ရသေး]
သူ၏မျက်ခွံများ လှုပ်ခတ်သွား၏။
ဒါက ရေချိုးတဲ့မြင်ကွင်း မဟုတ်ဘူး၊ သောက်ကျိုးနည်း ကျင့်စဉ်တစ်ခုပဲ။
နန်ယန်ဂိုဏ်းမှ ကျင့်ကြံသူသည် ခရမ်းရောင်နှုတ်ခမ်းမွေးနဂါးဖြူရေချိုးသည်ကို ကြည့်ရုံဖြင့်၊ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် တည်နေရာရွေ့ပြောင်းခြင်းနည်းစနစ်တစ်ခုကို သဘောပေါက် နားလည်သွားခဲ့ခြင်း ဖြစ်သည်။
"ကျွတ်"
ပင့်ကူဧကရာဇ်သည် ခြင်္သေ့၏မျက်လုံးများထဲမှ ပျော်ရွှင်မှု အရိပ်အယောင်ကို ဖမ်းမိလိုက်သည်။
၎င်း၏စိတ်နှလုံးထဲတွင် အနည်းငယ် အထင်သေးသွား၏။
သို့သော် ၎င်း၏ ခံစားချက်များကို လျင်မြန်စွာ ဖုံးကွယ်လိုက်သည်။
အပြစ်အနာအဆာရှိခြင်းက မကောင်းသည်တော့ မဟုတ်ပေ။ အကယ်၍ တစ်ဖက်လူက မည်သည့်ဆန္ဒ၊ မည်သည့်လိုအပ်ချက်မှ မရှိပါက၊ ထိုအရာကမှပို၍ စိတ်မသိုးမသန့်ဖြစ်စရာ ကောင်းနေမည်။
"မင်းရဲ့ အတွေးတွေကို ထိန်းချုပ်လိုက်၊ အလုပ်ကိစ္စ လုပ်ရမယ့်အချိန် ရောက်ပြီ"
ပင့်ကူဧကရာဇ်က ပိုမိုနူးညံ့သော လေသံဖြင့် သတိပေးလိုက်၏။ "ယိုဝေကို မင်း မောင်းထုတ်လိုက်ပြီ၊ မိုးကြိုးခွါက မင်းလက်ချက်နဲ့ သေသွားပြီ။ သူတို့ရဲ့နယ်မြေတွေက အစောင့်အရှောက် မရှိတော့လို့ ကျင့်ကြံသူတွေရဲ့အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်လိမ့်မယ်။ မမေ့နဲ့... နတ်ဆိုးတစ်ထောင်ဂူထဲမှာ ပုန်းအောင်းနေတဲ့ ဝူထုံတောင်တပည့်တွေ ရှိသေးတယ်ဆိုတာကို"
"သွား... သူတို့ကို ဒီခေါ်လာခဲ့"
သက်ညှာမှုဆိုသည်မှာ လုံလောက်သော တန်ဖိုးရှိမှ ရသည်အရာဖြစ်လေ၏။
"..."
ရှန်းယီသည် အဝေးမှ စာအုပ်စင်ကို တစ်ချက်ကြည့်လိုက်၏။
သူသည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း ကျင့်စဉ်ကို ယခုမှထိတွေ့ခွင့် ရခြင်းဖြစ်ပြီး၊တည်နေရာရွေ့ပြောင်းနည်းစနစ် တစ်ခုနှင့် ပေါင်းစပ်လိုက်လျှင်၊ ဤနေရာတွင် နောက်ထပ် နည်းလမ်းကောင်းများစွာ ရှိမှာသေချာလေသည်။
သို့သော်လည်း သူ ယခုဆက်ပြီး ရှုပ်ရှုပ်ရှက်ရှက် လုပ်နေလျှင်၊ အလွန်သိသာနေပေလိမ့်မည်။
"နားလည်ပါပြီ"
ရှန်းယီ လှည့်ထွက်လိုက်ပြီး အလင်းအကာ၏ ထွက်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။
သူ အခြားနည်းလမ်းများ စဉ်းစားရမည်။
ဝူထုံတောင် တပည့်များကို ဖမ်းစီးရန်အတွက်တော့... ထိုလူများကအရူးမဟုတ်သရွေ့၊ ပြီးခဲ့သည့်တိုက်ပွဲအပြီးတွင် သူတို့ နတ်ဆိုးတစ်ထောင်ဂူမှ ထွက်ခွာသွားလောက်ပြီဖြစ်ဖို့ များပေ၏။
ရှန်းယီသည် ကျမ်းစာတိုက်မှ ထွက်ခွာလာပြီး ကျပန်းတိတ်ဆိတ်သော နေရာတစ်ခုကို ရှာတွေ့လိုက်သည်။
သူ စနစ်ဘောင်ကွက်ကို ပြန်ဖွင့်လိုက်သည်။
ကောင်းကင်နတ်ပိုးချည်သန့်စင်ခြင်းကို ဆင်ခြင်တွက်ချက်ရန်အချက်ပြမှုမှာ ရပ်တန့်သွားပြီ ဖြစ်သည်။
[နှစ်ပေါင်း ၂၄၀၀၀ ပြည့်မြောက်ချိန်: သင်သည် ကျင့်စဉ်တစ်ခုလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ခဲ့ပြီ ဖြစ်သော်လည်း၊ နောက်ဆုံး စစ်ဆေးမှုကိုမအောင်မြင်နိုင်သေးပါ။ ငွေချိတ်ဖြင့် ရေးဆွဲထားသောသံပန်းချီ အစီအရင်သည် အစိတ်အပိုင်းများစွာဖြင့် ဖွဲ့စည်းထားသော ကြာပန်းတစ်ပွင့်နှင့် တူညီပြီး၊ သင်၏လက်ရှိ နတ်ဝိညာဉ် အင်အားဖြင့်ဆိုလျှင် အများဆုံး ၃၀ ရာခိုင်နှုန်းခန့်သာ ပြီးမြောက်နိုင်မည်။]
ရှန်းယီ အချက်ပြမှုကို ပိတ်လိုက်၏။
ဤကိစ္စနှင့် ပတ်သက်လျှင် သူများစွာသောယှဥ်ပြိုင်လိုစိတ်မရှိပေ။ မည်သို့ပင်ဖြစ်စေ ဤအရာက စမ်းသပ်မှုတစ်ခုသာဖြစ်လေသည်။
သူသည် နန်ယန်ဂိုဏ်း၏တပည့်လည်း မဟုတ်ရာဤအရာကို မလိုအပ်ပေ။
ငွေချိတ်ဖြင့်ရေးဆွဲထားသော သံပန်းချီကို ထောင်ချောက်ဆင်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် တံဆိပ်ခတ်ခြင်းဟူ၍ သုံးပိုင်း ခွဲခြားထားသည်။
စုစုပေါင်း နည်းစနစ် သုံးခုပင်။
အစိတ်အပိုင်းတစ်ခုချင်းစီကို ခွဲထုတ်လိုက်လျှင်ပင် အတော်လေးထိရောက်မှုရှိနိုင်ပြီး ရှုပ်ထွေးမှုလည်း သက်သာသွားလိမ့်မည်။
[ကျန်ရှိသော နတ်ဆိုးသက်တမ်း: ၉၄၀၀၀ နှစ်]
မိုးကြိုးခွါနတ်ဆိုးဧကရာဇ်မှ ရရှိခဲ့သော သက်တမ်း ၃၂၀၀၀ ကြောင့်၊ လက်ကျန်ပမာဏသည် ကောင်းကင်နတ်ပိုးချည်သန့်စင်ခြင်းကို မလေ့ကျင့်မီကထက် အတော်လေး ပိုများနေသေးသည်။
ရှန်းယီသည် သူအခုလေးတင် ရရှိခဲ့သော ကျင့်စဉ်အသစ် နှစ်ခုကို ကြည့်လိုက်ရာ၊ သူ၏မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။
နောက်တစ်ခဏတွင်၊ သူသည် များပြားလှသော နတ်ဆိုးသက်တမ်းကို တာအိုနန်းတော် ကျင့်စဉ်ထဲသို့ သွန်းလောင်းလိုက်၏။
[ပထမနှစ်တွင်၊ သင်သည် အနန္တအင်ပါယာတာအိုနန်းတော်စာသားကို လေ့လာရန် ချင်းချိုဘိုးဘေးကို ဆင့်ခေါ်ခဲ့သည်။ ၎င်းသည် အလွန် ခက်ခဲလှပြီး၊သင် မော့ကြည့်လိုက်သောအခါ မြေခွေးအိုကြီးလည်း ချွေးများဖြင့် ရွှဲနစ်နေသည်ကို တွေ့ရသည်။ သင်တို့ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ကြောင်တောင်တောင် ကြည့်နေမိကြသည်။]
"..."
ရှန်းယီ ဤကဲ့သို့သော အချက်ပြမှုကို ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်သည်။
သူ့ ကိုယ့်ကန့်သတ်ချက်ကို သူ သိသော်လည်း၊ မြေခွေးအိုကြီး၏တုံ့ပြန်မှုကတော့ အတော်လေး လွန်လွန်းပေ၏။
အတွေ့အကြုံရှိပြီး ဗဟုသုတကြွယ်ဝတယ်ဆိုတာ ဘယ်ရောက်သွားပြီလဲ။
အရင်က အစီအရင်ဗဟုသုတတွေ သင်ပေးတုန်းကလို တည်ငြိမ်အေးဆေးတဲ့ပုံစံက ဘယ်ရောက်သွားတာလဲ။
ရှန်းယီ အချိန်အတော်ကြာ တိတ်ဆိတ်နေမိ၏။
သူလုပ်နိုင်သည်မှာ နတ်ဆိုးသက်တမ်းများစွာ မျက်စိရှေ့မှာတင် လျင်မြန်စွာပျောက်ကွယ်သွားခြင်းကို ထိုင်ကြည့်နေရုံသာဖြစ်၏။
…
နတ်ဆိုးတစ်ထောင်ဂူ အတွင်း
အတောင်ပံလေးခုပါသော ပျံလွှားလင်းယုန်တစ်ကောင်သည် ရုတ်တရက်တက်ခနဲ တုန်သွားပြီး၊ တိတ်တဆိတ်အောက်သို့ ဆွဲချခံလိုက်ရသည်။
၎င်းသည် ရူးသွပ်စွာရုန်းကန်နေစဉ်မှာပင်၊ အနီးနားရှိ လူအချို့၏မျက်နှာများကို မြင်လိုက်ရပြီး ချက်ချင်းပင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်သွား၏။
လူရိပ် လေးခုသည် လက်များကို အောက်သို့ ချထားလျက်ရပ်နေကြပြီး၊ တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် တူညီသော အေးစက်သည့် အမူအရာများ ရှိနေသည်။
"ငါ မင်းကို အခွင့်အရေးတစ်ကြိမ်ပဲ ပေးမယ်"
ခေါင်းဆောင်ဖြစ်ပုံရသော အမျိုးသမီးသည် ဖြည်းညှင်းစွာရှေ့သို့ တက်လာသည်။ "ရွှေမျက်လုံးခြင်္သေ့အသက်ရှင်နေသေးလား၊ ပြီးတော့ သူ ဘယ်မှာလဲ"
ထိုအမျိုးသမီး၏ နောက်တွင်...
ထုံရှင်းချွမ်း၊ မြောင်ချင်းဟွေ့ နှင့် လူငယ်ပုံစံ ပေါက်နေသော အစစ်အမှန်ပုဂ္ဂိုလ် ချင်းဖုန်း တို့ အားလုံး၏မျက်လုံးများတွင် ဤအချိန်၌ပြင်းထန်သောသတ်ဖြတ်လိုစိတ်များ ရှိနေ၏။
"ယိုဝေ... ယိုဝေ နတ်ဆိုးဧကရာဇ်ရဲ့ဂူအိမ်ရာပါ"
အတောင်ပံလေးခုပါပျံလွှားလင်းယုန်၏ စကားဆုံးခါနီးတွင်၊ အမျိုးသမီးသည် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် ဝိညာဉ်ဖိအားတစ်ခုသည် ၎င်း၏မျက်လုံးများထဲသို့ တိုးဝင်သွားပြီး၊ ဦးခေါင်းခွံအတွင်း ဖောင်းပွလာကာ လင်းယုန်၏ခေါင်းသည် ဖောက်ကနဲ ပေါက်ကွဲသွားတော့သည်။
အစစ်အမှန်ပုဂ္ဂိုလ် ချင်းဖုန်းသည် အသက်ပြင်းပြင်း ရှူလိုက်၏။ "ကျွန်တော် နတ်ဆိုးတစ်ထောင်ဂူ အပြင်ဘက်မှာ သတင်းစကားတွေအများကြီး ထားခဲ့ပေမဲ့၊ ဘာအကြောင်းပြန်ချက်မှ မရဘူး။ ဟို ရွှေကိုယ်ခန္ဓာဓမ္မကိုယ်ထည်တောင် ထွက်သွားပြီလားလို့ စိုးရိမ်မိတယ်..."
"ခြင်္သေ့က အသက်ရှင်ရက်ရှိနေသေးပေမဲ့ လက်စားချေဖို့တောင် စိတ်ကူးမရှိတော့ဘူး။ ရှန်းယီဆိုတဲ့ကောင်လေး တကယ်ပဲ ဒုက္ခရောက်နေပြီ ထင်တယ်" ဟု ချင်းဖုန်းက ဘေးတစ်ဖက်သို့ ကြည့်ရင်း ပြောလိုက်၏။
ဤစကားများ ထွက်ပေါ်လာသည်နှင့် မြောင်ချင်းဟွေ့ တစ်ဦးတည်းသာ သိသိသာသာ စိတ်လှုပ်ရှားသွားပြီး၊နောင်တရသော အကြည့်တစ်ခု သူမ၏ မျက်လုံးများတွင် ဖြတ်သန်းသွားသည်။ "ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက မင်းကိုကယ်ခဲ့တာ အဲဒီ ရွှေကိုယ်ခန္ဓာပဲ"
"ဒါကြောင့် ကျွန်တော်တစ်ခုခု လုပ်ရမယ်" လီချင်းဖုန်းသည် သွားကိုစေ့လိုက်ပြီး အားယူပြုံးလိုက်၏။ "ကျေးဇူးတင်ပါတယ် စီနီယာအစ်မ"
"မင်းဘယ်သူ့အကြောင်း ပြောနေလဲဆိုတာ ငါ ဂရုမစိုက်ဘူး"
အစစ်အမှန်ပုဂ္ဂိုလ် လင်းရှီသည် လက်ကို ဂရုမစိုက်သလိုပြန်ရုတ်သိမ်းလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "ငါက ဆရာ့ကိုဝူထုံတောင်မှာ လင်းရှီဆိုတဲ့ လူတစ်ယောက်ရှိတယ်ဆိုတာ ပြချင်ရုံသက်သက်ပဲ"
သူမသည် ရှေ့သို့ ထပ်မံလှမ်းလိုက်သည်။
"ကျွန်မ မှတ်မိသလောက်ဆိုရင်၊ ဒါ စီနီယာအစ်မကြီးတောင်ပေါ်ကနေ ပထမဆုံးအကြိမ် ဆင်းလာတာပဲ။သူ ဒီလောက် ပြတ်သားလိမ့်မယ်လို့ မထင်ထားဘူး"
မြောင်ချင်းဟွေ့သည် ချင်းဖုန်း၏ရှက်ရွံ့မှုကို သက်သာစေရန် ပြောလိုက်၏။
"..."
ထုံရှင်းချွမ်း ဘာမှ မပြောခဲ့ပေ။
အကြောင်းရင်း တစ်စုံတစ်ရာကြောင့်၊ စီနီယာအစ်မကြီးသည် ပြီးပြည့်စုံသော နတ်ဘုရားစိတ်ဝိညာဉ်ကျင့်ကြံခြင်း ရှိပြီး၊ အဆင့်အတန်းအရဆိုလျှင် သူတို့ဆရာပြီးလျှင် ပထမဆုံးဟုသတ်မှတ်နိုင်သော်လည်း၊သူ သူမကို ယုံကြည်ရန် ခဲယဉ်းနေသည်။
တိကျသောအကြောင်းပြချက် မရှိပါ၊ သူ၏ နှလုံးသားထဲမှ အလိုအလျောက် တုံ့ပြန်မှုသာ ဖြစ်သည်။
သူ့အထင်၊သူတို့ အနည်းဆုံးတော့ ပြင်ဆင်မှုများ ပိုလုပ်သင့်လေ၏။
ဥပမာ မဟာချန်ကို ဆက်သွယ်ပြီး ယင်ဝိညာဉ်ကျင့်ကြံသူ၏တည်နေရာကို စုံစမ်းခြင်းမျိုးပင်။
သို့သော် စီနီယာအစ်မကြီး၏စိတ်ဆိုးဒေါသထွက်လာလျှင် မည်သူက ဖျောင်းဖျနိုင်မည်နည်း။
ကျန်းချိုလန် နဲ့ နီကျွင်းတို့၏ ကိစ္စကြောင့် သူမ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့သည်မှာ ထင်ရှားပေ၏။
"ဘာပဲဖြစ်ဖြစ်၊အနည်းဆုံးတော့ သူမရဲ့ ကျင့်ကြံခြင်းက အစစ်အမှန်ပဲ။ ဘာမှ အမှားအယွင်း မရှိပါစေနဲ့လို့ပဲ မျှော်လင့်ရတာပေါ့"
ထုံရှင်းချွမ်းသည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး သူတို့နောက်သို့ လိုက်ပါသွားသည်။
သူတို့အဖွဲ့သည် ယိုဝေ နတ်ဆိုးဧကရာဇ်၏ ဂူအိမ်ရာသို့ ချဉ်းကပ်လာစဉ်...
ဂူအတွင်း၌ဆွဲဆောင်မှုရှိသော အရိပ်တစ်ခု လဲလျောင်းနေသည်။
"ကျွတ်"
ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် သူမ၏ခေါင်းကို လက်ဖြင့်ထောက်လိုက်၏။ သူမ စဉ်းစားလေလေ၊တစ်ခုခု လွဲနေသလို ခံစားရလေလေ ဖြစ်သည်။
အစောပိုင်းက ထိုခြင်္သေ့၏ စကားနည်းနည်းလေးဖြင့် သူမအရူးလုပ်ခံလိုက်ရလေ၏။
ပြန်စဉ်းစားကြည့်လျှင်၊ထိုခြင်္သေ့က မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်းမပြောခဲ့ပေ။ ဤတစ်ခါတော့ သူမအမှန်တရား ပေါ်ပေါက်အောင် လုပ်ရမည်။