အခန်း (၁၈၉၅-၁၈၉၈)
Vol. 101 Ch. 1895-1898
အခန်း (၁၈၉၅) - ရှေ့ဆက်သွားမည့် လမ်းစဉ်
~ယဲ့ဖန် ခေါင်းညိတ်လိုက်လေသည်။
"မနက်ဖြန် မနက်ကျရင်... ကိုယ် လမ်းကြောင်းအမျိုးမျိုးကနေ ဆက်သွယ်ပြီး... 'သူဌေးဆန့်ကျင်ရေး မဟာမိတ်' ကို လိုက်လံ နှိမ်နင်းရာမှာ ဘယ်အင်အားကြီး အုပ်စုတွေ ပါဝင်ခဲ့လဲ ဆိုတာကို စုံစမ်းလိုက်မယ်..."
"ကောင်းပါပြီ... ဒါဆိုရင်တော့ ဒီလောက်နဲ့ပဲ တော်ကြရအောင်... ရှင့်ရဲ့ အနားယူချိန်ကို မနှောင့်ယှက်တော့ပါဘူး..." ချန်းဖေးအယ်သည် ဖန်ခွက်ထဲမှ ရေကို ကုန်အောင် သောက်လိုက်ပြီး ထွက်ခွာရန် မတ်တပ်ရပ်လိုက်လေသည်။
"တို့လည်း နည်းလမ်းတွေ ဆက်ပြီး စဉ်းစားလိုက်ဦးမယ်... တစ်မိနစ်တောင် အလဟဿ မဖြစ်စေရဘူး..."
ယဲ့ဖန်သည် ဤအမျိုးသမီး အေးဂျင့်၏ လုပ်ဟန်ကို သိရှိပြီး ဖြစ်သဖြင့်၊ ခေါင်းအသာညိတ်ပြကာ သူမ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်တော့၏။
ချန်းဖေးအယ် ထွက်သွားပြီးနောက်တွင်မူ သူ၏ ဦးနှောက်မှာ ဆက်လက် အလုပ်လုပ်နေဆဲပင်။
ဒီကာလအတွင်း သူသည် စနစ်၏ တာဝန်များကို ပြီးမြောက်ရန်နှင့် ဂျယ်ရီဘားရိုး မိသားစု၏ ပြန့်ကျဲနေသော ရတနာများကို စုဆောင်းရန်အတွက်သာ အာရုံစိုက်နေခဲ့ခြင်း ဖြစ်ချေသည်။
ရိုးရိုးသားသား ပြောရလျှင်... နေမဝင်အင်ပါယာ၏ နှစ်ပတ်လည် အလှူပွဲ လေလံပွဲ ကျင်းပရန် (၁၀) ရက်တောင် မလိုတော့သည့် အချက်ကို သူ ခေတ္တ မေ့လျော့နေခဲ့မိသည်။
ချန်းဖေးအယ်၏ ယနေ့ သတိပေးချက်သည် 'ကိုးပြည်ထောင် ဖို' နှင့် ပတ်သက်သည့် သဲလွန်စများကို အမြန်ရှာဖွေရန် သတိပေးလိုက်ရုံတင်မက၊ သူ့ကိုပါ တင်းမာသွားစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ နေမဝင်အင်ပါယာသို့ မလာခင်ကတည်းက ချမှတ်ထားသော ရည်မှန်းချက်တစ်ခု ရှိနေသောကြောင့်ပင်။
'ကိုးပြည်ထောင် ဖို' ကို ရှာဖွေရန်နှင့် အန်းကျူပရင့်စ်ကို အံ့အားသင့်စေရန်အပြင်... နယူးစတန်နှင့် လန်ရှင်းယွဲ့တို့ကဲ့သို့သော မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားသည့် လူသားထူးဆန်းများကို မွေးထုတ်ပေးနေသော လျှို့ဝှက်အဖွဲ့အစည်းကြီးကိုပါ အမြစ်ပြတ် တူးဖော်ရန် သူ ဆုံးဖြတ်ထားခဲ့သည် မဟုတ်ပါလော။
ယခုအခါ အန်းကျူပရင့်စ်သည် သူ၏ ချစ်သူ ဖြစ်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။ နဂါးနိုင်ငံမှ ပြန့်ကျဲနေသော ရတနာ အများအပြားကိုလည်း သူ ရှာဖွေနိုင်ခဲ့သည်။ ချန်းဖေးအယ်သည်လည်း 'ကိုးပြည်ထောင် ဖို' သဲလွန်စကို တက်တက်ကြွကြွ ရှာဖွေနေသည်။ တိုးတက်မှု သိပ်မရှိသေးသည့် တစ်ခုတည်းသော ကိစ္စမှာ... ထို မျိုးရိုးဗီဇ ပြုပြင်ထားသော လူသားများကို ဖန်တီးနေသည့် လျှို့ဝှက်အဖွဲ့အစည်းကြီးပင် ဖြစ်၏။
လောလောဆယ်တွင် ယဲ့ဖန် ရရှိထားသည့် အသုံးဝင်သော သတင်းအချက်အလက်မှာ... သက်ရှိသိပ္ပံ သုတေသန အင်စတီကျု အများအပြားသည် မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှု နည်းပညာများကို သုတေသန ပြုလုပ်နေကြသည်ဟူသော အချက်သာ ဖြစ်သည်။
၎င်းသည် နယူးစတန်တို့ အဖွဲ့အစည်းနှင့် ပတ်သက်နေနိုင်ခြေ အလွန် မြင့်မားလှသည်။
သဘက်ခါကျလျှင် သွားရောက်မည့် 'လေးဖို့ဒ် သက်ရှိသုတေသန အင်စတီကျု' သို့ လည်ပတ်ခြင်းသည် ကောင်းမွန်သော အခွင့်အရေး တစ်ခု ဖြစ်လာပေလိမ့်မည်။
ယဲ့ဖန်သည် အတွေးများကို လျင်မြန်စွာ စီစဉ်လိုက်ပြီးနောက် ရှေ့ဆက်မည့် လမ်းစဉ်ကို ဆုံးဖြတ်လိုက်တော့၏။
မနက်ဖြန် မနက်ကျလျှင် သူသည် ဆာမီယာ၊ ယွီကျင်းနမ်၊ အစ္စဘယ်လ်လာ နှင့် ကျန်လူများကို ဆက်သွယ်ကာ... 'သူဌေးဆန့်ကျင်ရေး မဟာမိတ်' ၏ အကြွင်းအကျန်များကို ဝိုင်းရံပိတ်ဆို့ရာတွင် မည်သည့် အင်အားကြီး အုပ်စုများ ပါဝင်ခဲ့သလဲ ဆိုသည်ကို စုံစမ်းရမည်။
ထို့နောက် အစ္စဘယ်လ်လာထံမှ နေမဝင်အင်ပါယာအတွင်းရှိ သက်ရှိသိပ္ပံ သုတေသန အင်စတီကျုများ၏ အခြေအနေကို မေးမြန်းရပေလိမ့်မည်။
ဤအတွေးများနှင့်အတူ ယဲ့ဖန်သည် နက်နဲသော စဉ်းစားခန်းထဲသို့ ရောက်ရှိသွားတော့၏။
သန်းခေါင်ကျော်အချိန်တွင် ဖူမာကျန်းဝူ ပြန်လည် ရောက်ရှိလာပြီး သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာသော အခါမှသာ သူ၏ အတွေးများ ရပ်တန့်သွားတော့သည်။ သူသည် ဖူမာကျန်းဝူကို ဆုလာဘ်အဖြစ် ချော့မြှူရင်း၊ သူမကို ရင်ခွင်ထဲ ထည့်ကာ နှစ်ဦးသား အိပ်စက်ခြင်းသို့ သက်ဆင်းသွားကြလေတော့သည်။
နောက်တစ်နေ့ မနက်တွင်... ဖူမာကျန်းဝူသည် သူ့အတွက် မနက်စာ ပြင်ဆင်ရန် နိုးလာချိန်၌၊ ယဲ့ဖန်သည် ဆာမီယာ၊ ယွီကျင်းနမ် နှင့် ကျန်လူများထံသို့ အမြန်ဆုံး ဖုန်းဆက်လိုက်လေသည်။
ထို့နောက် ထိုအမျိုးသမီး နှစ်ဦးနှင့် ဖုန်းပြောပြီးသွားသောအခါ... သူသည် အစ္စဘယ်လ်လာ၏ ဖုန်းနံပါတ်ကို ရှာဖွေလိုက်ပြီး၊ အခုအချိန်တွင် သူမ ဖုန်းကိုင်ရန် အဆင်ပြေ၊ မပြေကို စာတိုပေးပို့ မေးမြန်းရန် ပြင်လိုက်၏။
ဘာပဲဖြစ်ဖြစ်... သူမသည် နေမဝင်အင်ပါယာ၏ တော်ဝင်အေးဂျင့် တစ်ဦး ဖြစ်သဖြင့်၊ ယဲ့ဖန် အနေဖြင့် သူမ၏ အလုပ်သဘာဝကို ထည့်သွင်း စဉ်းစားပေးရပေမည်။
သို့သော် ယဲ့ဖန် စာရိုက်နေစဉ်မှာပင်... အစ္စဘယ်လ်လာထံမှ ဖုန်းခေါ်ဆိုမှု ဝင်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ဖုန်းဝင်လာသည့် တခဏ၌ပင် သူမ၏ လေသံမှာ အလွန် အရေးကြီးနေသည်မှာ ထင်ရှားလှ၏။ "ယဲ့ဖန်... အခု ရှင် အားလားဟင်... အရမ်း အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့... ရှင့်ရဲ့ အကူအညီ လိုနိုင်တယ်..."
"ဘာဖြစ်လို့လဲ..." ယဲ့ဖန် အနည်းငယ် အံ့အားသင့်သွားသော်လည်း အလိုလိုပင် မေးလိုက်မိသည်။
"အခု ရှင် ဘယ်မှာလဲ... ကျွန်မ လာကြိုမယ်... ကားပေါ်ကျမှပဲ အကျိုးအကြောင်း ပြောပြတော့မယ်..." အစ္စဘယ်လ်လာ စကားပြောနေစဉ်မှာပင် ကားစက်နှိုးသံကို ကြားလိုက်ရလေ၏။
ယဲ့ဖန်သည် ကားသော့ဖွင့်သံနှင့် အင်ဂျင်နိုးသံများကိုပါ ကြားနေရသည်။
"ပဲလေ့စ် ဟိုတယ်မှာ... လာခဲ့လိုက်လေ..."
ယဲ့ဖန်သည် သူမ အမှန်တကယ်ပင် အရေးတကြီး လိုအပ်နေသည်ဟု ခန့်မှန်းလိုက်မိသဖြင့် အများကြီး မမေးတော့ဘဲ လိပ်စာကိုသာ ပြောပြလိုက်တော့သည်။
လိပ်စာ ပြောပြီးနောက် အစ္စဘယ်လ်လာ ဖုန်းချသွားသည်ကို စောင့်ဆိုင်းပြီးမှ... သူသည် ဖူမာကျန်းဝူကို အပို မနက်စာ တစ်ထုတ် ပါဆယ်ထုတ်ခိုင်းလိုက်လေတော့၏။
အခန်း (၁၈၉၆) - အစ္စဘယ်လ်လာ အကူအညီ တောင်းခြင်း
~အစ္စဘယ်လ်လာထံမှ သူမ ပဲလေ့စ် ဟိုတယ်သို့ ရောက်ရှိတော့မည် ဖြစ်ကြောင်း နောက်တစ်ကြိမ် ဖုန်းဝင်လာသောအခါ၊ ယဲ့ဖန်သည် မနက်စာ ပါဆယ်ထုတ်ကို ယူဆောင်ကာ သူမ၏ မာစီးဒီး ကားကြီးဆီသို့ လျှောက်လှမ်းသွားလိုက်လေသည်။
"မင်းအတွက် ပြင်ခိုင်းထားတာ..." သူ ကားပေါ်တက်လိုက်သည်နှင့် မနက်စာထုတ်ကို ကမ်းပေးလိုက်၏။ "ကဲ... ပြောပါဦး... ဘာတွေ အရေးတကြီး ဖြစ်လို့လဲ..."
"ကျေးဇူးတင်ပါတယ်..." အစ္စဘယ်လ်လာ အံ့အားသင့်သွားရသည်။ မနက်စာထုတ်ကို လှမ်းယူလိုက်စဉ် သူမ ခေတ္တမျှ မှင်သက်သွားမိ၏။
"အာရှတိုက်သားတွေက စိတ်သဘောထား နူးညံ့သိမ်မွေ့ပြီး အသေးစိတ် ဂရုစိုက်တတ်တယ်လို့ အများကြီး ကြားဖူးပါတယ်... အစကတော့ တို့ မယုံခဲ့ဘူး... ရှင်နဲ့ ကျွန်မက အရေပြားအရောင်နဲ့ အပြင်ပန်း သွင်ပြင်တွေပဲ ကွဲပြားပြီး ကျန်တာတွေက အတူတူပဲလို့ ထင်ခဲ့တာလေ..."
"အခုတော့... ရှင့်ရဲ့ နောက်ခံ ယဉ်ကျေးမှုက တို့တွေနဲ့ လုံးဝကို ကွဲပြားခြားနားနေတာပဲ..."
ယဲ့ဖန် ဘာမှ ပြန်မပြောခဲ့ပေ။ သူမ ကားစက်နှိုးပြီး စတင် ရှင်းနှင်သည်အထိသာ စောင့်နေလိုက်သည်။ အစ္စဘယ်လ်လာက သူမ၏ မုန့်ကို တစ်ကိုက် အားရပါးရ ကိုက်လိုက်ပြီးနောက်၊ ဝါးမြိုပြီးသည့် အချိန်ကျမှ ယဲ့ဖန်ကို တစ်ချက် ပြန်ကြည့်လိုက်လေ၏။
"ကောင်းပါပြီ... အချိန်မဆွဲတော့ဘဲ လိုရင်းကိုပဲ ပြောပါတော့မယ်..." အစ္စဘယ်လ်လာက မုန့်ကို ဘေးသို့ ခေတ္တ ချထားလိုက်ပြီးနောက်... "ဒီနေ့ ရှင့်ဆီက အကူအညီ တောင်းချင်လို့ပါ... တဆက်တည်းမှာပဲ ရှင့်အတွက် အခွင့်အရေးကောင်း တစ်ခု ဖန်တီးပေးချင်တာလည်း ပါပါတယ်..."
"ဘတ်ကင်ဟမ် မြို့စားကြီးရဲ့ ရင်နှစ်သည်းချာ သူငယ်ချင်းတစ်ယောက် သေအံ့ဆဲဆဲ ဖြစ်နေလို့လေ..."
"ကျွန်မတို့ နေမဝင်အင်ပါယာ တော်ဝင် ဆေးတက္ကသိုလ်က ထိပ်တန်း အထူးကု အဖွဲ့တွေ လာရောက် စမ်းသပ် ကုသပေးခဲ့ကြတယ်... ဒါပေမယ့် ဘယ်လိုမှ ကယ်တင်လို့ မရတော့ဘူးဆိုတာ အတည်ပြုလိုက်ကြပြီ... ဒါတောင် မြို့စားကြီးက စိတ်မလျှော့နိုင်သေးဘဲ... နဂါးနိုင်ငံရဲ့ ထူးခြားတဲ့ တရုတ် တိုင်းရင်းဆေး ပညာရပ်ကို သတိရသွားတာပေါ့..."
"သူက ကျွန်မဆီကို ဆက်သွယ်လာပြီး... ထိပ်တန်း တရုတ် တိုင်းရင်းဆေး ဆရာတစ်ယောက်လောက် ရှာပေးဖို့ အကူအညီ တောင်းလာတယ်လေ..."
ယဲ့ဖန် တစ်စုံတစ်ခုကို ရိပ်မိလိုက်သည်။ "ဒါဆို... မင်းက ကိုယ့်ကို သတိရသွားတာပေါ့လေ..."
အစ္စဘယ်လ်လာ ခပ်ဖွဖွ ခေါင်းညိတ်လိုက်၏။ "ကယ်လီနာ ပြောပြတာ ကြားဖူးတယ်... ရှင်က တရုတ် တိုင်းရင်းဆေး ပညာမှာ အရမ်း ကျွမ်းကျင်တယ်ဆို... ပြီးတော့ ရှင့်ရဲ့ ကုသမှုတွေက အံ့ဖွယ်တွေ ဖြစ်နေတတ်တယ်လို့လည်း သိရတယ်လေ..."
"ဒါက တကယ်တော့ အခွင့်အရေးကောင်း တစ်ခုပါပဲ..."
ယဲ့ဖန် အခြေအနေ အားလုံးကို ချက်ချင်း သဘောပေါက်လိုက်သည်။
ဘတ်ကင်ဟမ် မြို့စားကြီး၏ အချစ်ဆုံး သူငယ်ချင်းမှာ သေအံ့ဆဲဆဲ ဖြစ်နေသော်လည်း၊ မြို့စားကြီးက သူငယ်ချင်း၏ အသက်ကို မဆုံးရှုံးလိုသေးပေ။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သူသာ မြို့စားကြီးကို ကူညီနိုင်ခဲ့လျှင်... ရိုးသားဖြောင့်မတ်ပြီး ကြင်နာတတ်သော မြို့စားကြီးမှာ သူ့အပေါ် ပို၍ပင် ကျေးဇူးတင် ကျေနပ်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ထိုအချိန်ကျလျှင်... တစ်အင်ပါယာလုံးရှိ ထိပ်တန်း မိသားစုကြီးများအနက် အနည်းဆုံး မြို့စားကြီး နှစ်ဦး (ဘတ်ကင်ဟမ် နှင့် အန်းကျူ) က သူ့ကို ထောက်ခံလာကြပေလိမ့်မည်။ ထို့အပြင် အာဂျိုင်း မြို့စားကြီး မိသားစုကလည်း သူ့အပေါ် ခင်မင်ရင်းနှီးမှု ရှိနေသည် မဟုတ်ပါလော။
ဒါက သူ၏ နောက်ထပ် လှုပ်ရှားမှုတွေအတွက် အလွန် အကျိုးရှိစေမှာ အသေအချာပါပင်။
"လူနာက လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဘတ်ကင်ဟမ် မြို့စားကြီးနဲ့အတူ စစ်မြေပြင်မှာ အတူဖြတ်သန်းခဲ့တဲ့ ရဲဘော်ဟောင်းကြီးပါ... သူ့မိသားစုကတော့ ဘာနောက်ခံမှ မရှိပါဘူး... ဖော့ခ်စီးတီးက သာမန် အရပ်သား တစ်ယောက်ပါပဲ... ဒါပေမယ့် မြို့စားကြီးအတွက်တော့ အရေးအကြီးဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ပေါ့..."
အစ္စဘယ်လ်လာသည် ကျေးဇူးတင်စကားကို မလိုလားဘဲ၊ ကားရှင်းရင်း အခြေအနေကိုသာ အေးဆေးစွာ ရှင်းပြနေလေသည်။
"စစ်မြေပြင်ကနေ အနားယူပြီးကတည်းက... သူတို့နှစ်ယောက်က အမြဲတမ်း အဆက်အသွယ် ရှိနေခဲ့တာ... နှစ်ရက်၊ သုံးရက်ခြား တစ်ခါလောက်ဆိုရင် အမြဲ သွားတွေ့တတ်ကြတယ်လေ..."
"ဘတ်ကင်ဟမ် မြို့စားကြီးအတွက်တော့... ဒီသူငယ်ချင်းက နှစ်ပေါင်းများစွာ အတူရှိခဲ့တဲ့ ရင်နှစ်သည်းချာထက်မနည်း အဓိပ္ပာယ် ရှိနေတာပါ..."
"နားလည်ပါပြီ..." ယဲ့ဖန်သည် မြို့စားကြီးအတွက် ထိုလူ မည်မျှ အရေးကြီးကြောင်း ခန့်မှန်းမိလိုက်သည်။
နေမဝင်အင်ပါယာ၏ ဩဇာအကြီးဆုံး မြို့စားကြီး တစ်ဦးက သာမန် အရပ်သား တစ်ဦးနှင့် ဆယ်စုနှစ်ပေါင်းများစွာ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားသည်ကို အနည်းငယ် အံ့အားသင့်မိသော်လည်း၊ မြို့စားကြီး၏ ယခင် လုပ်ဟန်များကို ပြန်တွေးကြည့်လျှင် ဖြစ်နိုင်ခြေ ရှိသည်ဟု သူ ယူဆလိုက်မိ၏။
အခြေအနေကို နားလည်ပြီးနောက် သူ တိုက်ရိုက်ပင် မေးလိုက်တော့သည်။
"လူနာက တကယ်တမ်း ဘာဖြစ်နေတာလဲ..."
"ဒီ ဆေးပညာဆိုင်ရာ ဝေါဟာရတွေကိုတော့ ကျွန်မလည်း သိပ်နားမလည်ဘူး... အရမ်း ပညာရပ်ဆန်လွန်းလို့လေ..."
အစ္စဘယ်လ်လာ ခေါင်းခါပြလိုက်သည်။
"မြို့စားကြီးနဲ့ တော်ဝင် ဆရာဝန်တွေ ပြောပုံအရဆိုရင်... သူ့ရဲ့ အင်္ဂါအစိတ်အပိုင်းတွေက ဟောင်းနွမ်းနေတဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေလို ဖြစ်နေပြီတဲ့... အသုံးမဝင်တော့သလိုမျိုး၊ ပြန်ပြင်လို့ မရတော့ဘူးလို့ ဆိုကြတယ်..."
"မြို့စားကြီးက အများကြီး မတောင်းဆိုပါဘူး... သူ့သူငယ်ချင်းရဲ့ မြစ်လေးက နောက်ထပ် လဝက်လောက်ဆို မွေးတော့မယ်လေ... အဲ့ဒါကို သူ့သူငယ်ချင်းက မြင်ချင်နေတာက အကြီးမားဆုံး ဆန္ဒပဲဆိုတာ သိနေတော့... အနည်းဆုံး အဲ့ဒီနေ့အထိ အသက်ရှင်အောင် ဆွဲထားပေးနိုင်ဖို့ပဲ သူ မျှော်လင့်နေရှာတာ..."
"ဒါဆို... အသက်ကို ခေတ္တ ဆွဲဆန့်ပေးစေချင်တာပေါ့... ဟုတ်လား..." ယဲ့ဖန်က အခြား ဘာမှ မမေးတော့ဘဲ အစ္စဘယ်လ်လာကိုသာ မနက်စာ အရင် ကုန်အောင် စားရန် အချက်ပြလိုက်လေသည်။
သူမ မနက်စာ စားပြီးသွားသောအခါ... သူတို့နှစ်ဦးသည် ဖော့ခ်စီးတီးရှိ ‘ဗာဂျင်မေရီ ဆေးရုံ’ သို့ ရောက်ရှိလာခဲ့ကြသည်။ ထို့နောက် အပ်စိုက်ကုသရန် လိုအပ်သော အပ်အစုံကို တောင်းယူကာ အထူးကြပ်မတ် ကုသဆောင် ဆီသို့ ဦးတည် လျှောက်လှမ်းသွားကြတော့၏။
---
အခန်း (၁၈၉၇) - မထင်မှတ်ထားသော ဆုံစည်းမှု
~ထိုအချိန်တွင် အထူးကြပ်မတ် ကုသဆောင်၏ တံခါးဝ၌ ထူးခြားသော အရှိန်အဝါရှိသည့် ကိုယ်ရံတော် အနည်းငယ်က စောင့်ကြပ်နေကြလေသည်။
ကိုယ်ရံတော်များသည် ယဲ့ဖန်ကို မှတ်မိပုံ ရသည်။ သူတို့သည် ယဲ့ဖန်နှင့် အစ္စဘယ်လ်လာကို မြင်လိုက်ရသောအခါ ကပျာကယာ ဦးညွှတ် နှုတ်ဆက်ကြတော့၏။
"မစ္စစ် အစ္စဘယ်လ်လာ... မစ္စတာယဲ့..."
အစ္စဘယ်လ်လာသည်လည်း သူတို့နှင့် ရင်းနှီးပုံရသည်။ သူမ ခေါင်းညိတ်ပြလိုက်ပြီး... "အထဲမှာ အခြေအနေ ဘယ်လိုရှိလဲ..." ဟု အေးအေးဆေးဆေးပင် မေးလိုက်လေသည်။
ကိုယ်ရံတော်က ခေါင်းခါလျက် အစီရင်ခံလိုက်၏။ "မကောင်းသေးဘူးဗျ..."
"တော်ဝင် ဆရာဝန် အဖွဲ့ကတော့ လက်လျှော့ပြီး ပြန်သွားကြပြီ... အခုတော့ မြို့စားကြီး ဖိတ်ထားတဲ့ ထိပ်တန်း သက်ရှိသိပ္ပံ သုတေသန အင်စတီကျုက သူငယ်ချင်း တစ်ယောက် ရောက်နေပြီး အခြေအနေကို ကြည့်ပေးနေပါတယ်..."
ပြောပြောဆိုဆိုနှင့်ပင် သူသည် အထူးကြပ်မတ် ကုသဆောင်၏ တံခါးကို ဖွင့်ပေးလိုက်ပြီး ယဲ့ဖန်တို့ နှစ်ဦးကို အထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်လေသည်။
သူတို့နှစ်ဦး အထဲသို့ ဝင်ရောက်သွားသောအခါ... မျက်နှာတွင် ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်များဖြင့် ဘတ်ကင်ဟမ် မြို့စားကြီးသည် အားအင် ပြည့်ဝပုံရသော အဘ်ိုးအို တစ်ဦးနှင့် အငြင်းပွားနေသည်ကို တွေ့လိုက်ရ၏။
"ပရော်ဖက်ဆာ 'ဒတ်ချ်တို'... ခင်ဗျားက သက်ရှိသိပ္ပံ နယ်ပယ်မှာ ဩဇာအရှိဆုံး ပညာရှင်တွေထဲက တစ်ယောက်ပဲလေ... ခင်ဗျားတို့ရဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို သုံးပြီး...ကျုပ် သူငယ်ချင်းရဲ့ အသက်ကို တစ်ခဏလောက် ဆွဲဆန့်ပေးဖို့တောင် မအာမခံနိုင်ဘူးလား..."
" 'လေးဖို့ဒ် သက်ရှိသုတေသန အင်စတီကျု' အကြောင်းကို ကျုပ် ကောင်းကောင်း သိပါတယ်... လူသား ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ သုတေသန နယ်ပယ်မှာ ခင်ဗျားတို့က ထိပ်ဆုံးကပဲ မဟုတ်လား..."
"ကျုပ်တို့ နေမဝင်အင်ပါယာရဲ့ တော်ဝင်မိသားစုဝင် အချို့တောင်မှ... အိုမင်းရင့်ရော်မှုကို နှေးကွေးအောင်လုပ်ဖို့ ခင်ဗျားတို့ရဲ့ သုတေသန ရလဒ်တွေကို သုံးနေကြတာပဲဟာ..."
ပရော်ဖက်ဆာ ဒတ်ချ်တို၏ မျက်ဝန်းများမှာ တောက်ပလွန်းလှသည်။ သူ၏ ဆံပင်နှင့် မုတ်ဆိတ်များမှာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော်လည်း၊ သူ၏ တစ်ကိုယ်လုံးမှ တက်ကြွ လန်းဆန်းသော အရှိန်အဝါများ ထွက်ပေါ်နေ၏။
သူသည် သေသပ်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ဆေးရုံ ခုတင်ပေါ်တွင် သတိလစ် မေ့မျောနေသော လူကြီးကို ကြည့်ကာ ယဉ်ကျေးသိမ်မွေ့စွာပင် ပြန်လည် ဖြေကြားလိုက်လေသည်။
"တောင်းပန်ပါတယ် မြို့စားကြီး... ကျွန်တော် တကယ်ပဲ ခင်ဗျားရဲ့ သူငယ်ချင်းအတွက် ဘာမှ မလုပ်ပေးနိုင်တော့လို့ပါ..."
"တကယ်လို့ သူ ကျန်းမာရေး ကောင်းနေသေးတဲ့ အချိန်မှာသာ ကျွန်တော်တို့ဆီ ရောက်လာခဲ့ရင်... သူ့ရဲ့ အိုမင်းမှုကို နှောင့်နှေးအောင် လုပ်ပေးဖို့ ကျွန်တော်တို့မှာ ယုံကြည်ချက် အပြည့်ရှိပါတယ်... ဒါပေမယ့် အခုတော့ သူက အတိုင်းအတာ တစ်ခုအထိ အိုမင်း ပျက်စီးနေပြီလေ... အချိန်ကလည်း အရမ်း နည်းလွန်းနေပြီ..."
"ဒါကြောင့်... ကျွန်တော် တကယ်ပဲ အားနာလှပါတယ်ဗျာ..."
ထိုစကားကို ကြားလိုက်ရသောအခါ ဘတ်ကင်ဟမ် မြို့စားကြီး၏ မျက်နှာသည် ပို၍ပင် ညှိုးငယ်သွားရရှာသည်။ သူ၏ အသံထဲတွင်လည်း ပင်ပန်းနွမ်းနယ်မှုနှင့် အားကိုးရာမဲ့မှုများ လွှမ်းခြုံနေလေ၏။
"ဘယ်လိုလုပ်ပြီး လက်မှိုင်ချနေရတာလဲ..."
"ပရော်ဖက်ဆာ ဒတ်ချ်တို... အကြောင်းရင်းကို ကျုပ်ကို ပြောပြပါဦး... တကယ်လို့ ငွေကြေး ကိစ္စကြောင့်လား၊ ဒါမှမဟုတ် တခြား အခက်အခဲ တစ်ခုခုကြောင့်လား... ခင်ဗျား လိုအပ်တာမှန်သမျှ ရအောင် စီစဉ်ပေးပါ့မယ်..."
"မဟုတ်ပါဘူး... မဟုတ်ပါဘူး မြို့စားကြီး... ခင်ဗျား အထင်လွဲနေပါပြီ..."
ပရော်ဖက်ဆာ ဒတ်ချ်တိုက ကပျာကယာ လက်ယမ်းကာ ငြင်းဆိုလိုက်သည်။
"မြို့စားကြီးရဲ့ မျက်နှာကို ထောက်ပြီး... ကျွန်တော်တို့ လုပ်ပေးနိုင်မယ်ဆိုရင် အစွမ်းကုန် ကြိုးစားပေးမှာပါ..."
"ကျွန်တော်တို့ ဘာမှ မလုပ်ပေးနိုင်တော့ဘူးလို့ ပြောရတဲ့ အကြောင်းရင်းက... ခင်ဗျား သူငယ်ချင်းရဲ့ ခန္ဓာကိုယ်ဟာ အခုအချိန်မှာ လုံးဝ ပြိုလဲပျက်စီးတော့မယ့် အခြေအနေကို ရောက်နေလို့ပါ..."
"ကျွန်တော်တင် မကပါဘူး... လေးဖို့ဒ် သုတေသန အင်စတီကျုရဲ့ အကျော်ကြားဆုံး ပရော်ဖက်ဆာ 'လေးဖို့ဒ်' ကိုယ်တိုင်တောင်မှ ဒီကိစ္စကို ကူညီနိုင်မှာ မဟုတ်ပါဘူး..."
"ဒါက ခေတ်သစ် ဆေးပညာနဲ့ ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာ တစ်ခု ဖြစ်နေပြီ... ပြီးတော့ ကျွန်တော်တို့ သုတေသန အင်စတီကျုကလည်း ဒီလို အခြေအနေမျိုးကို တစ်ခါမှ လေ့လာခဲ့ဖူးတာ မရှိပါဘူး..."
ပရော်ဖက်ဆာ ဒတ်ချ်တိုက ဆက်လက် ရှင်းပြလေသည်။
"ခေတ်သစ် ဆေးပညာမှာတော့... ကျွန်တော်တို့က လူသား ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေကို အပိုင်းပိုင်း ခွဲထုတ်ပြီး၊ ပြန်လည် တည်ဆောက် ကုသခြင်းအားဖြင့် ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေကို ထိန်းသိမ်းတတ်ကြတယ်..."
"ဒါပေမယ့် ခင်ဗျား သူငယ်ချင်းရဲ့ ခန္ဓာကိုယ်ကတော့... အရမ်းကို အိုမင်းနေပြီ ဖြစ်တဲ့အတွက်၊ သူ့ရဲ့ အစိတ်အပိုင်း တိုင်းဟာ အဆုံးစွန်ဆုံး အခြေအနေကို ရောက်နေပြီလေ... ဒီလို အခြေအနေမျိုးမှာ သူ့ရဲ့ ခန္ဓာကိုယ် ဆက်လက် လည်ပတ်နိုင်အောင် လုပ်ချင်တယ် ဆိုရင်တော့... အစိတ်အပိုင်း အားလုံးနီးပါးကို အသစ် ပြန်လဲမှ ရတော့မယ်..."
"ဒါကတော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ မဟုတ်လား..."
"..."
"လေးဖို့ဒ် သက်ရှိသုတေသန အင်စတီကျု အနေနဲ့ကတော့... ကျွန်တော်တို့ရဲ့ အဓိက အာရုံစိုက်မှုက လူသား ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်တွေကို လှုံ့ဆော်ပေးဖို့ပဲလေ... ချမ်းသာတဲ့ သူဌေးတွေနဲ့ မြို့စားမျိုးနွယ်တွေရဲ့ အသက်ကို ဆွဲဆန့်ပေးတယ် ဆိုတာလည်း... ကျန်းမာရေး ကောင်းမွန်နေသေးတဲ့ သူတွေကိုပဲ ပစ်မှတ်ထားတာပါ..."
"အခုလို ရှင်သန်နိုင်စွမ်း အင်အားတွေ ကုန်ခမ်းတော့မယ့် သူတွေကို ကုသပေးဖို့ကျတော့... ကျွန်တော်တို့ အင်စတီကျုက တစ်ခါမှ သုတေသန မလုပ်ခဲ့ဖူးပါဘူး..."
"ဒီလို အခြေအနေမျိုးမှာ... ကျွန်တော်တို့လည်း မဆင်မခြင် စမ်းသပ်ကြည့်ဖို့ မဝံ့သလို... တခြား ကုသမှုတွေကိုလည်း မျက်စိမှိတ်ပြီး အတုမယူရဲပါဘူးဗျာ..."
“...”
အခန်း (၁၈၉၈) - ကျွန်တော် တကယ် စိတ်မကောင်းပါဘူး
~"ဒါဆို ခင်ဗျားရဲ့ အတွေ့အကြုံအရဆိုရင်... တခြား သက်ရှိသိပ္ပံ သုတေသန အင်စတီကျုတွေမှာရော ဒီကိစ္စနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ အဖွဲ့တွေ ရှိနိုင်မလား..." ဘတ်ကင်ဟမ် မြို့စားကြီးမှာ စိတ်မလျှော့နိုင်သေးဘဲ ဆက်လက် မေးမြန်းနေရှာ၏။
"ကျုပ် တောင်းဆိုချက်က အရမ်းကြီး မဟုတ်ပါဘူး... ကျုပ် ရဲဘော်ဟောင်းကြီးရဲ့ အသက်ကို နောက်ထပ် လဝက်လောက်ပဲ ဆွဲထားပေးစေချင်တာပါ... သူ့ရဲ့ မြစ်လေး မွေးလာတာကို သူ မြင်သွားစေချင်ရုံလေးတင်ပါ..."
"ဒီပန်းတိုင်ကို အကောင်အထည် ဖော်ပေးနိုင်မယ့် အဖွဲ့သာ ရှိမယ်ဆိုရင်... သူတို့ သုတေသန လုပ်ငန်းတွေအတွက် ဒေါ်လာ သန်း (၁၀၀) ပံ့ပိုးပေးမယ့်အပြင်... ကျုပ်ဘက်ကလည်း ကျေးဇူးကြွေး တစ်ခု တင်စေရပါမယ်..."
သူ ကမ်းလှမ်းလိုက်သော အချက်မှာ အမှန်တကယ်ပင် တုန်လှုပ်ခြောက်ခြားစရာ ကောင်းလှပေသည်။
ပရော်ဖက်ဆာ ဒတ်ချ်တိုသည်ပင် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားရ၏။ သူ ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ခါးသက်သက် ပြုံးလိုက်လေသည်။
"ပြောရမယ်ဆိုရင်တော့ မြို့စားကြီးရယ်... ခင်ဗျားရဲ့ ကမ်းလှမ်းချက်ကို ကျွန်တော်ကိုယ်တိုင်တောင် မက်မောမိပါတယ်..."
"ဒါပေမယ့် ဝမ်းနည်းစရာ ကောင်းတာကတော့... ကျွန်တော် အရင် ပြောခဲ့သလိုပါပဲ... ကျွန်တော် သိသလောက်တော့ နေမဝင်အင်ပါယာမှာရှိတဲ့ ဘယ် သုတေသန အင်စတီကျုမှ ဒီလို အခြေအနေမျိုးကို အထူးပြုပြီး လေ့လာနေတာမျိုး မရှိပါဘူး..."
"ကျွန်တော်တို့အားလုံးက သက်ရှိသိပ္ပံ သုတေသနကို လုပ်ဆောင်နေကြတာ မှန်ပါတယ်... လူသား ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်တွေကို လှုံ့ဆော်ဖို့၊ အအသက်ရှည်ဖို့ ဆိုတာတွေကို အဓိကထား လေ့လာကြတာပါ... ဒါပေမယ့် ခင်ဗျား သိထားရမှာက လူသား ခန္ဓာကိုယ်ဆိုတာ အရမ်းကို ရှုပ်ထွေးပြီး တိကျလွန်းတဲ့ စက်ပစ္စည်းကြီး တစ်ခုလိုပဲလေ... အသေးစိတ် အချက်တိုင်းကို သုတေသန ခေါင်းစဉ်ပေါင်း များစွာ ခွဲထုတ်လို့ ရပါတယ်..."
"အပေါ်ယံ ကြည့်လိုက်ရင်တော့ ကျွန်တော် လုပ်နေတဲ့ သုတေသနက လူသားရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတာ ဖြစ်တဲ့အတွက်၊ ခင်ဗျား လိုအပ်ချက်နဲ့ နီးစပ်တယ်လို့ ထင်ရပေမယ့်... တကယ်တမ်းကျတော့ လုံးဝကို မသက်ဆိုင်ပါဘူးဗျာ..."
"ကျွန်တော် လေ့လာနေတာက ကျန်းမာရေး ကောင်းနေသေးတဲ့ လူတစ်ယောက်ရဲ့ အသက်ကို ပိုပြီး ရှည်အောင် ဘယ်လို လုပ်မလဲ ဆိုတာပါ... အခု ခင်ဗျားက ကျွန်တော့်ကို ဖြေရှင်းခိုင်းနေတာက အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အားလုံးက အိုမင်းပျက်စီးပြီး မလည်ပတ်နိုင်တော့တဲ့ လူတစ်ယောက်ရဲ့ အသက်ကို ဆွဲဆန့်ပေးဖို့ ဖြစ်နေတယ်လေ..."
"ဒါကြောင့်... ကျွန်တော် ဘာမှ မတတ်နိုင်တာကို ခွင့်လွှတ်ပေးပါဦး မြို့စားကြီး..."
"ဟူး..."
ဘတ်ကင်ဟမ် မြို့စားကြီးသည် ပရော်ဖက်ဆာ ဒတ်ချ်တို၏ အသေးစိတ် ရှင်းပြချက်ကို နားထောင်ပြီးနောက်၊ အမှန်တကယ်ပင် မျှော်လင့်ချက် မရှိတော့ကြောင်း နားလည်သွားပုံ ရသည်။ သူသည် သက်ပြင်းတစ်ချက်ကို အကြိမ်ကြိမ် ချလိုက်ပြီးနောက်၊ ဆေးရုံခုတင်ပေါ်တွင် မျက်လုံးမှိတ်ကာ သစ်ကိုင်းခြောက်တစ်ခုပမာ ညှိုးရော်နေသော အဘိုးအို၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေ၏။
"မာတင်... ငါ့ရဲဘော်ဟောင်းကြီးရာ..."
ခုတင်ပေါ်တွင် လဲလျောင်းနေသော အဘိုးအို မာတင်မှာ သတိတော့ ရှိနေပုံ ရသည်။ သူ မျက်လုံး မဖွင့်နိုင်သော်လည်း မြို့စားကြီး၏ နာကျင်နေသော အသံကို ကြားရသောအခါ သူ၏ မျက်ဝန်းအိမ်မှ မျက်ရည်စက်နှစ်စက် စီးကျလာရှာ၏။
သူ၏ တောင့်တင်း ခြောက်သွေ့နေသော လက်ချောင်းလေးများသည် မြို့စားကြီး၏ လက်ကို ပြန်လည် ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးချင်သယောင် မသိမသာ လှုပ်ရှားသွားလေသည်။
"မြို့စားကြီး..." ထိုအချိန်တွင် အစ္စဘယ်လ်လာက စကားစလိုက်၏။
"မစ္စတာယဲ့ ရောက်နေပါပြီ..."
ထိုအခါမှ ဘတ်ကင်ဟမ် မြို့စားကြီး သတိဝင်လာပြီး ယဲ့ဖန်ဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်လေသည်။
"ယဲ့ဖန်... ဆောရီးနော်... မင်း ရောက်လာတာကို ငါ သတိမထားမိလိုက်ဘူး... အခုလို လူပျက်ကြီးလို ဖြစ်နေတာကိုလည်း ခွင့်လွှတ်ပါဦး..."
"မြို့စားကြီးကလည်း ဘာတွေ ပြောနေတာလဲဗျာ..."
ယဲ့ဖန်က ဖော့ခ်စီးတီး လေယူလေသိမ်းဖြင့် ပြေပြစ်စွာ ပြောလိုက်လေသည်။
"မြို့စားကြီးက သူငယ်ချင်းအပေါ်မှာ ဒီလောက်အထိ တန်ဖိုးထားတာကို မြင်ရတော့... ကျွန်တော် ပိုပြီးတောင် လေးစားမိသွားပါသေးတယ်..."
"ဒါ... အစ္စဘယ်လ်လာ ပြောတဲ့ မြို့စားကြီး အသက်ဆွဲဆန့်ပေးစေချင်တဲ့ သူငယ်ချင်း ဆိုတာလားခင်ဗျာ..."
ဘတ်ကင်ဟမ် မြို့စားကြီးသည် သူ၏ ရဲဘော်ဟောင်းကြီး၏ မျက်ရည်များကို သုတ်ပေးလိုက်ပြီးနောက်၊ မိမိ၏ မျက်ဝန်းအိမ်တွင် ဝေ့သီနေသော မျက်ရည်များကိုလည်း ကပျာကယာ သုတ်လိုက်လေသည်။ သူက ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်၏။
"ဟုတ်တယ်... ဒါ ငါ့ရဲ့ သူငယ်ချင်း အရင်းကြီး မာတင်ပဲ..."
"တို့တွေက ဆယ်စုနှစ်ပေါင်းများစွာ တစ်ယောက်ကိုတစ်ယောက် ဖေးမလာခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေလေ..."
"ယဲ့ဖန်... မင်းက နဂါးနိုင်ငံရဲ့ တရုတ် တိုင်းရင်းဆေး ပညာမှာ အရမ်း ကျွမ်းကျင်တယ်လို့ တို့ သူငယ်ချင်းတွေဆီက ကြားဖူးတယ်... မာတင် အတွက် တစ်ခုခုများ လုပ်ပေးလို့ ရမလားဆိုတာ တစ်ချက်လောက် ကြည့်ပေးပါဦးလား..."
ယခုအချိန်တွင် သူသည် ဂုဏ်သရေရှိလှသော မြို့စားကြီး တစ်ဦးနှင့်ပင် မတူတော့ပေ။ အားကိုးရာမဲ့နေသော အဘိုးအို တစ်ဦးနှင့်သာ ပို၍ တူနေတော့သည်။
သူ စကားပြောနေသော လေသံမှာလည်း တောင်းပန် တိုးလျှိုးမှုများဖြင့် ပြည့်နှက်နေလေ၏။
ယဲ့ဖန်သည် မြို့စားကြီးက ဤအဘိုးအို မာတင်ကို မည်မျှအထိ အလေးထားကြောင်း ချက်ချင်း ခံစားမိလိုက်သည်။ သူ ခုတင်ပေါ်ရှိ မာတင်ကို တစ်ချက်မျှ အကဲခတ်လိုက်ပြီး တည်ကြည်စွာ ပြောလိုက်၏။
"အသေးစိတ်ကိုတော့ ကျွန်တော် အခုချက်ချင်း ကတိမပေးနိုင်သေးပါဘူး မြို့စားကြီး... မြို့စားကြီးရဲ့ သူငယ်ချင်းကို အရင် စမ်းသပ်ကြည့်ဖို့ လိုပါလိမ့်မယ်ခင်ဗျာ..."
"မြို့စားကြီး... ကျွန်တော့်ကို အရင် စမ်းသပ်ခွင့် ပေးပါဦးခင်ဗျာ..."
"ရတာပေါ့... လာပါ..."
ဘတ်ကင်ဟမ် မြို့စားကြီးက ကပျာကယာ လမ်းဖယ်ပေးလိုက်သည်။
"မင်းအပေါ်မှာပဲ ပုံအပ်ထားပါတော့မယ်..."